← Chapters

ကျင်ရုတုံရဲ့ နောက်ထပ်ရှုံးပွဲ

Vol. 23 Ch. 311

ကျင်ရုတုံရဲ့ နောက်ထပ်ရှုံးပွဲ

Vol. 23 Ch. 311

၈၄ … ၈၅ … ၈၆ … ၈၇ ... ။

သူတို့ရဲ့  ဆက်တိုက် နိုင်ပွဲတွေကို ထိန်းထားနိုင်သူတွေ ကတော့ ၅ ယောက်သာ ရှိပါတော့တယ်။ သူတို့ကတော့ မိုးကြိုးကြယ်ဘုရင် စီးတုလေ့၊ မရွေ့လျားသော ကြယ်ဘုရင် ချီဟန်၊ မိုးနဂါးဓား သခင်လေးချုးယီ၊ သုံးပါး ပရမတ်  ကျင်းရိုလုနဲ့ လီဖူချန်း တို့ပါပဲ။

တန်ကျင်းယွန်ကို အနိုင်ယူပြီး ကတည်းက  လီဖူချန်းဟာ အစွမ်းထက်တဲ့ ပြိုင်ဘက်တွေနဲ့ ကြုံတွေ့ရခြင်း မရှိတော့ပါဘူး။

ချုးယီကတော့ နောက်ထပ် အစွမ်းထက်တဲ့ ပြိုင်ဘက် တစ်ယောက်နဲ့ တွေ့ပြန်ပါတယ်။ သည်တစ်ခါ သူ့ရဲ့ ပြိုင်ဘက်ကတော့ သုံးပါးပရမတ် နတ်မိမယ် ကျင်းရိုလုပါပဲ။

သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲကတော့ လူတွေအားလုံးကို စိတ်ဝင်စားမှု ပေးစွမ်းနိုင်မယ် ဆိုတာတော့ ယုံမှား သံသယ ဝင်စရာ မရှိပါဘူး။

ချူးယီရဲ့ ဓားသိုင်းက ထက်မြက်ပါတယ်။ ဒါပေမဲ့ ကျင်းရိုလုရဲ့ စိတ်လှည့်စားခြင်း သိုင်းပညာကလည်း အလှပြသက်သက် မဟုတ်ပါဘူး။ ပြိုင်ဘက်ရဲ့ စိတ်ဝိညာဉ်ကသာ တောင့်ခံနိုင်ခြင်း မရှိခဲ့ရင်တော့ ကျင်းရိုလုဟာ  ဘယ်လောက် အစွမ်းထက်တဲ့ ပြိုင်ဘက်ကို ဖြစ်ဖြစ် အနိုင်ယူနိုင်ပါတယ်။

ကျင်းရိုလုနဲ့ ရင်ဆိုင်ရမှာ ဖြစ်တဲ့အတွက် ချူးယီဟာ လေးနက် တည်ကြည် သွားခဲ့ပါပြီ။

စိတ်လှည့်စားခြင်း သိုင်းပညာ ဆိုတာက ကာကွယ်ဖို့ မဖြစ်နိုင်ပါဘူး။ ကိုယ်တိုင်ကိုယ်ကျသာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

တကယ်လို့ ချူးယီသာ ကျင်းရိုလုရဲ့ ပုံရိပ်ယောင် ကမ္ဘာထဲမှာ ကျရောက်သွားခဲ့ပြီ ဆိုရင်တော့ သူ့အနေနဲ့ စွမ်းရည် တစ်ဝက်လောက် ကိုတောင် ထုတ်သုံးနိုင်တော့မယ် မထင်ပါဘူး။  အဲသည်လို ဖြစ်သွားခဲ့ရင်တော့ ချူးယီ အနေနဲ့ ကျင်းရိုလုကို သေချာပေါက် ရှုံးပါပြီ။

ဒါပေမဲ့ တော်ပါသေးတယ်လေ။ ချူးယီက  စိတ်လှည့်စားခြင်း သိုင်းပညာကို တန်ပြန် တိုက်ခိုက်နိုင်တဲ့ နည်းစနစ် အချို့ကို သိထားသည် မဟုတ်ပါလား။

ဝုန်း …

စင်ပေါ်မှာ ရှိနေတဲ့ ကျင်းရိုလုကတော့ သူမရဲ့ ချီအရှိန်အဝါတွေကို ထုတ်ဖော်လိုက်ပါပြီ။

ထူးဆန်းပြီးတော့ မှိန်းမောဖွယ် ကောင်းတဲ့  အရှိန်အဝါတစ်ခု ... ။

အဲသည် အရှိန်အဝါက စက်ဝိုင်းပုံ  စင်မြင့်ပေါ်မှာ သီးသန့်ကမ္ဘာ တစ်ခုကို တည်ဆောက်လိုက်ပုံ ရပါတယ်။ စင်မြင့်ပေါ်ကို ရောက်လာတဲ့ လူတိုင်းဟာ ကျင်းရိုလုရဲ့ စိတ်လှည့်စားခြင်း သိုင်းပညာထဲကို ကျရောက် သွားမှာပါ။

ချူးယီရဲ့ စိတ်တွေဟာ မွန်းကျပ် သွားခဲ့ပါပြီ။ ဘာဖြစ်လို့လည်း ဆိုတော့  သူမြင်နေရတဲ့ အရာတွေ အားလုံးဟာ အတုလား အစစ်လား ဆိုတာကို ခွဲခြားလို့ မရတော့လို့ပါပဲ။ ပြီးတော့ သူက ဘာမှန်းမသိတဲ့ ပုံရိပ်ယောင်တွေကိုလည်း မြင်နေရပါသေးတယ်။

ကံကောင်းစွာနဲ့ပဲ သည်ပုံရိပ်တွေက သူ့အပေါ်မှာ သိပ်ပြီး အကျိုးသက်ရောက်မှု မရှိခဲ့ပါဘူး။  ချူးယီက  ကောင်းကင်နဂါး ဓားကွက် တစ်ကွက် ထုတ်လိုက်တာနဲ့တင် ထို ပုံရိပ်ယောက်တွေက ပျောက်ကွယ် သွားခဲ့ပါတယ်။

“ကောင်းကင်ဘုံ ကကြိုး”

ကျင်းရိုလုက  ခပ်ယဲ့ယဲ့လေး ပြုံးလိုက်ပြီး သူမရဲ့ ထူးဆန်းတဲ့ ကကြိုးကို ထုတ်ဖော်လိုက်ပါပြီ။

သူမရဲ့ ကကွက်တွေထဲမှာတော့ အမျိုးအမည်မသိတဲ့ ညှို့ယူနိုင်စွမ်းတွေ ခိုဝင် ကိန်းအောင်း နေပါတယ်။

ချူးယီရဲ့ မျက်လုံးထဲမှာတော့  ကပြအသုံးတော်ခံနေတဲ့ ကျင်းရိုလုရဲ့ ပုံရိပ်တွေကလွဲပြီး ဘာကိုမှ မမြင်ရတော့ပါဘူး။ သူ့ရဲ့ စိတ်ဝိညာဉ်က ကျင်းရိုလုရဲ့ ဆွဲဆောင်ရာ နောက်ကို  အတင်းကာရော လိုက်သွားချင်နေတဲ့ ပုံပင်။ ချူးယီက သူ့ရဲ့ စိတ်ဝိညာဉ်ကို အားတင်းပြီး ခုခံထားပေမဲ့လည်း သူဟာ  တဖြည်းဖြည်းနဲ့ ကျင်းရိုလုရဲ့ ပုံရိပ်ယောင် ကမ္ဘာထဲကို ကျရောက်နေပြီ ဆိုတာကို သတိပြုမိပါတယ်။

“ကြောက်ဖို့ ကောင်းလိုက်တဲ့ စိတ်လှည့်စားခြင်း သိုင်းပညာ”

ချူးယီက မေးကြောကြီးများ ထောင်ထလာတဲ့အထိ အားစိုက်ပြီး တောင့်ခံနေရပါပြီ။

ကျင်းရိုလုရဲ့ စိတ်လှည့်စားခြင်း သိုင်းပညာက သူထင်ထားတာထက်ကို ပို၍ ကြောက်စရာ ကောင်းနေပါတယ်။ ချူးယီအနေနဲ့ ကျင်းရိုလုကို တန်ပြန်တိုက်စစ် ဆင်ဖို့ လိုအပ်နေပါပြီ။ သည်အတိုင်းသာ ဘာမှ ပြန်မလုပ်ဘဲ ငြိမ်ခံနေမယ် ဆိုရင်တော့ သူ့အနေနဲ့ ကျင်းရိုလုကို သေချာပေါက် အရှုံးပေးလိုက် ရတော့မှာပါ။

ချူးယီက သူ့ရဲ့ ဓားကို ပြန်သိမ်းလိုက်ပြီး ညာဘက်ခါးပေါ်က ပုလွေကို ဖြုတ်ယူကာ မှုတ်လိုက်ပါတယ်။

ထွက်ပေါ်လာတဲ့ ပုလွေသံက လုံးဝကို  စိတ်အားတက်ကြွ စေပါတယ်။ ပုလွေသံကို နားထောင်လိုက်မိတဲ့ လူတိုင်းဟာ  စစ်မြေပြင် တစ်ခုကို ရောက်သွားခဲ့ သလိုပါပဲ။ လုံးဝကို တိုက်ခိုက်ချင်စိတ်တွေ နိုးကြားလာခဲ့ပါပြီ။

စင်မြင့်ပေါ်မှာ ရှိနေတဲ့ ချူးယီကတော့ ဘယ်အချိန် ကတည်းက သူ့ရဲ့ ဓားကို ပြန်ဆွဲထုတ်ထားသလည်း မသိပါဘူး။ ဘယ်ဘက်လက်က ပုလွေ၊  ညာဘက်လက်က ရွှေရောင်ဓားကြီးကို ကိုင်ဆွဲထားတဲ့ ချူးယီဟာ စစ်ပွဲတစ်ပွဲကို ဦးဆောင် တိုက်ခိုက်တော့မဲ့ စစ်သူကြီး တစ်ယောက်နဲ့တောင် ဆင်တူ နေပါသေးတယ်။ အခုချိန်မှာတော့ ချူးယီရဲ့ အရှိန်အဝါတွေက  ဓားဘုရင် တစ်ယောက်တင် မဟုတ်တော့ပါဘူး။ သူက သူ့ရှေ့မှာ ရှိနေတဲ့ အရာအားလုံးကို   ဖျက်ဆီးပစ်မဲ့ သတ်ဖြတ်ခြင်း နတ်ဘုရားတစ်ပါး ဖြစ်နေပါပြီ။

ဖောက်…ဖောက် ... ဖောက် ...

စက်ဝိုင်းစင်မြင့်ပေါ်မှာ ရှိနေတဲ့ ကျင်းရိုလုရဲ့ ပုံရိပ်ယောင် ချီအရှိန်အဝါ တစ်ဝက်လောက်က ဖျက်ဆီးခံလိုက် ရပါတယ်။ ကျင်းရိုလုရဲ့ ကကြိုးကလည်း အနည်းငယ် နှေးကွေး သွားခဲ့ပါပြီ။

“အသံလှိုင်း သိုင်းပညာလား ...”

ကျင်းရိုလုက မသဲမကွဲ ရေရွတ်လိုက်ပါတယ်။

ကျင်ကြံခြင်း လောကမှာတော့ အသံလှိုင်း သိုင်းပညာတွေက အမျိုးမျိုး ရှိပါတယ်။ အချို့ကတော့  ဖျက်ဆီးခြင်း သီးသန့်ပါပဲ။ အချို့ကတော့ သွေးလည်ပတ်မှုနဲ့ အတွင်းအား လမ်းကြောင်းကို အနှောင့်အယှက် ပေးတာပါ။ ချူးယီ အသုံးပြုတဲ့ အသံလှိုင်း သိုင်းပညာကတော့  စိတ်ဝိညာဉ်ကို တိုက်ခိုက်တဲ့ အမျိုးအစား  ဖြစ်ပုံရပါတယ်။ ဒါကြောင့်လည်း အစောပိုင်းက ပုလွေသံက  သူမရဲ့ ပုံရိပ်ယောင်တွေကို ပျက်စီးစေခဲ့တာပါ။

“ အရှုံးပေးစမ်း”

ကောင်းကင်ကကြိုး ပညာရပ်ဟာ ပုံရိပ်ယောင်တွေ ရှိတဲ့နေရာတိုင်းကို အစစ်အမှန် ခန္ဓာကိုယ်က လိုက်သွားလို့ ရပါတယ်။ ကျင်းရိုလုရဲ့ ခန္ဓာကိုယ်က ပုံရိပ်ယောင် တစ်ခုကနေ ထွက်ပေါ်လာပြီး ချူးယီကို ရိုက်ချလိုက်ပါတယ်။

သူမရဲ့ လက်ဝါး ရိုက်ချက်က စိတ်လှည့်စားခြင်း သိုင်းပညာရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ လက်ဝါးရိုက်ချက်က တစ်ဖက်လူကို  စိတ်ရှုပ်ထွေးပြီး မိန်းမော သွားစေနိုင်ပါတယ်။

ရွှမ်း ...

ချူးယီက သူ့ရဲ့ ရွှေဓားကြီးဖြင့် ကျင်းရိုလုရဲ့ လက်ဝါးရိုက်ချက်ကို ခုခံလိုက်ပါတယ်။

“မကောင်းတော့ဘူး”

ကျင်းရိုလုက လက်ဝါးရိုက်ချက်ကို ရုပ်သိမ်းပြီး  အနောက်ကို ခုန်ဆုတ် သွားခဲ့ပါပြီ။

“ကျင်းရိုလု ... အခြားသူတွေကတော့ မင်းရဲ့ စိတ်လှည့်စားခြင်း သိုင်းပညာကို ကြောက်လိမ့်မယ်။ ဒါပေမဲ့ ငါကတော့ မကြောက်ဘူး”

“ကောင်းကင်နဂါး ဟိန်းသံ”

ချူးယီက ပုလွေကို မှုတ်နေရင်းနဲ့ ကျင်းရိုလုကို တိုက်ခိုက် လိုက်ပါတယ်။ သူ့ရဲ့ ညာဘက်လက်မှာ ရှိတဲ့  ရွှေရောင်ဓားကြီးကနေ ထွက်ပေါ်လာတဲ့ ဓားအလင်းတန်းတွေဟာ စုစည်းသွားပြီး ရွှေရောင်နဂါးကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားကာ ကျင်းရိုလုဆီကို လူးကာလွန့်ကာဖြင့် တိုးဝင်သွားခဲ့ပါပြီ။

ဖောင်း ... ဖောင်း ...

ကျင်းရိုလုကတော့  ချုးယီရဲ့ ဓားကွက်ကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။ သူမရဲ့ ခံစစ်က  ကောင်းကင်နဂါး ဟိန်းသံကြောင့်   ပျက်စီး သွားခဲ့ရပါပြီ။

ရွှပ် ... ရွှပ် ... ရွှီး ...

ချူးယီရဲ့ နောက်ထပ် ဓားချက်အချို့ ထပ်မံဝင်ရောက်လာတဲ့ အခါမှာတော့ ကျင်းရိုလုဟာ ဘာမှ မတတ်နိုင်ဘဲ အရှုံးပေးလိုက် ရပါတော့တယ်။

ကျင်းရိုလုကို  အနိုင်ယူပြီးတဲ့ နောက်မှာတော့ ချူးယီရဲ့ ယုံကြည်မှုတွေက အမြင့်ဆုံးကို ရောက်ရှိ သွားခဲ့ပါပြီ။  လူတွေ အားလုံးကလည်း ချူးယီကို ကြယ်ဘုရင် တစ်ပါး ဖြစ်လာလိမ့်မယ်ဟု ထင်ကြေး ပေးနေကြပါတယ်။

ကျားနဂါးပြိုင်ပွဲရဲ့ ထုံးစံအရ ဆိုရင်တော့ ကြယ်ဘုရင်ဟာ သုံးပါးသာ ဖြစ်ခွင့်ရှိတာပါ။

311b

လီဖူချန်း ...

ချူးယီ ပေါ်ထွက်လာပြီးတဲ့ နောက်မှာတော့ လူတွေ အားလုံးဟာ လီဖူချန်းကို မေ့ပစ်လိုက်ကြပါပြီ။ သူတို့ရဲ့ အမြင်မှာတော့ လီဖူချန်းဟာ ကျင်ရုတုံကို ယှဉ်နိုင်ဖို့ အကြောင်း မရှိပါဘူး။

ကျားနဂါးပြိုင်ပွဲရဲ့ အခြေအနေကလည်း အမြင့်ဆုံးကို ရောက်ရှိလာခဲ့ပါပြီ။

စွမ်းဆောင်ပြခဲ့တဲ့ စွမ်းရည်တွေ အပေါ်မှာ မူတည်ပြီး သခင်လေး ၆ယောက်ရဲ့  အဆင့်သတ်မှတ်ချက် ကလည်း ပြောင်းသွားခဲ့ပါတယ်။

အခုဆိုရင်တော့ သခင်လေးတွေရဲ့ အဆင့်က …

၁။ နဂါးဓားသခင်လေး ချူးယီ

၂။ နတ်စမ်းရေသခင်လေး တန်ကျင်းယွန်

၃။ဓားပျံသခင်လေး လျိုဖေးယွင်

၄။ လေပြင်းသခင်လေး ဟန်ရိမင်

၅။ တုံလင်သခင်လေး ရှဟိုချောင်

၆။ နက္ခတ်တာရာ သခင်လေး မုယုံဒီး ဆိုပြီး အစဉ်လိုက် ဖြစ်သွားပါပြီ။

နတ်မိမယ် ၄ ဖော်ရဲ့ အဆင့်သတ်မှတ်ချက်တွေ ကတော့ …

၁။ သုံးပါးပရမတ် နတ်မိမယ် ကျင်းရိုလု

၂။ နှင်းရေခဲ နတ်မိမယ် စုလင်း

၃။ မိုးနတ်မိမယ် စုမုယူနဲ့

၄။ အလင်းကကြိုး နတ်မိမယ် ရန်ချင်းဟူ တို့ဖြစ်ပါတယ်။

နောက်ထပ်တစ်ပွဲမှာ ထိပ်တိုက်တွေ့ကြ သူတွေကတော့ ရွှေကျာပွတ် ကြယ်ဘုရင် ကျင်ရုတုံနဲ့ ကျင်းရိုလု တို့ပါပဲ။

သည်တိုက်ပွဲကတော့ အတော်လေးကို ကြာသွားခဲ့ပါတယ်။

တကယ်တမ်း   ထိပ်တိုက် ရင်ဆိုင်မယ် ဆိုရင်တော့ ကျင်ရုတုံက အသာကြီးပါပဲ။ ဒါပေမဲ့ သူ့မှာက ချူးယီလို စိတ်လှည့်စားခြင်း သိုင်းပညာကို ရင်ဆိုင်နိုင်တဲ့ အသံလှိုင်းပညာရပ် ရှိမနေခဲ့ပါဘူး။

အဲသည်အတွက် တိုက်ပွဲအချိန် ကျင်ရုတုံဟာ ကြာမြင့်လာတာနဲ့ အမျှ ကျင်းရိုလုရဲ့ ပုံရိပ်ယောင် ကမ္ဘာထဲကို နစ်မြုပ်သွားပြီး နောက်ဆုံးမှာ အရှုံးပေးလိုက်ရတော့တာပါပဲ။

လီဖူချန်းရဲ့ ၉၅ပွဲမြောက် တိုက်ပွဲမှာတော့  လီဖူချန်းဟာ ကျင်ရုတုံနဲ့  တွေ့ဆုံခဲ့ပါတယ်။

ကျင်ရုတုံက အတော်လေးကို မျက်နှာ ပျက်နေပါပြီ။ ကြယ်ဘုရင် တစ်ပါးဖြစ်တဲ့ သူဟာ ချူးယီနဲ့ ကျင်းရိုလုကို ဆက်တိုက်ဆိုသလို ရှုံးနိမ့်ခဲ့ပါတယ်။

ဒါဟာ သူ့လို့ကြယ်ဘုရင် တစ်ပါး အတွက်တော့ တကယ့်ကို အရှက်ရစရာပါပဲ။ လူအချို့ကလည်း သူ့ကို ကြယ်ဘုရင် နေရာနဲ့ မထိုက်တန်ဘူးလို့ မှတ်ချက် ပေးနေကြပါပြီ။

ကြယ်ဘုရင်တွေ ဆိုတာက အောင်မြင်မှုရဲ့ သင်္ကေတ တစ်ခုပါ။ အဲသည်အတွက် သူတို့တွေရဲ့ အရှုံးနဲ့ အနိုင်က အခြားသူတွေထက်ကို အများကြီး အရေးပါပါတယ်။

ကျင်ရုတုံအနေနဲ့   ချူးယီနဲ့ ကျင်းရိုလုကို ရှုံးသွားတာက  ဖြေသာပါသေးတယ်။ ဘာဖြစ်လို့လည်းဆိုတော့  ချူးယီဟာ ပင်ကိုပါရမီ အရှိဆုံး လူငယ် တစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူတစ်ဦး ဖြစ်သလိုဘကျင်းရိုလုကလည်း ကျားနဂါးစာရင်းရဲ့ အဆင့်၇ မှာ ရပ်တည်ထားသူတစ်ဦး ဖြစ်ပါတယ်။

ဒါပေမဲ့ ကျင်ရုတုံက လီဖူချန်းကို ရှုံးနိမ့်လို့တော့ လုံးဝ မဖြစ်ပါဘူး။ လီဖူချန်းဟာ ကျားနဂါးပြိုင်ပွဲကို သည်နှစ်မှ စတင်ဝင်ပြိုင်တဲ့ လူသစ်တစ်ဦး ဖြစ်သလို ကြယ်၁ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်လည်း ဖြစ်ပါတယ်။

ကျင်ရုတုံဟာ လီဖူချန်းကို ရှုံးသွားပြီ ဆိုရင်တော့ ဇာတ်လမ်းက ပြီးသွားပါပြီ။ သူရဲ့ ဂုဏ်သိက္ခာတွေဟာ လူတကာရဲ့ တံတွေးအောက်မှာ ရေစုန်မျှောတော့မှာပါ။ ပြီးတော့ သူဟာ ကျားနဂါးပြိုင်ပွဲရဲ့ ရယ်စရာအကောင်းဆုံး ကြယ်ဘုရင်တစ်ပါး ဖြစ်လာနိုင်ပါသေးတယ်။

“ကျင်ရုတုံရဲ့ အခြေအနေကတော့ တော်တော်ဆိုးနေပြီပဲ”

ချီဟန်က ခေါင်းခါလိုက်ပါတယ်။

စီးတုလေ့ကတော့ နှာခေါင်းရှုံ့လိုက်ပြီး

“သည်လောက်အထိ ပျော့ညံ့တဲ့ သူ့ကိုယ်သူပဲ အပြစ်တင်ရမယ်။ဒါက ဘယ်သူမပြု မိမိမှုပဲ။”

ချီဟန်က ဘာမှ ပြန်မပြောဘဲ စင်မြင့်ပေါ်ကိုသာ အာရုံစိုက်လိုက်ပါတော့တယ်။

အမှန်တော့ ဒါက ကျင်ရုတုံရဲ့ အမှားလို့တော့ ပြောလို့မရပါဘူး။ ချူးယီနဲ့ ကျင်းရိုလုတို့က ထင်မှတ်မထားလောက်အောင်ကို တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။

“ကျင်ရုတုံ ... ကျင်ရုတုံ ... ။မင်းရဲ့ အစွမ်းအစကို သည်တစ်ပွဲမှာ ကြည့်ရတော့မှာပဲ။”

ချီဟန်က  ခပ်တိုးတိုးလေး ညည်းနေမိပါတယ်။

စင်မြင်ပေါ်မှာတော့ ... …

ကျင်ရုတုံက ရွှေရောင် ကျာပွတ်ကို ကိုင်ထားပြီး လီဖူချန်းကို အေးစက်စက် သတိပေးလိုက်ပါတယ်။

“လီဖူချန်း ... မင်းဘာသာမင်း အလိုက်တသိနဲ့ အရှုံးပေးသွားလိုက်။ မဟုတ်ရင် ငါ့ရဲ့  ဒေါသတွေက မင်းအပေါ်ကို ကျလာလိမ့်မယ်။”

လီဖူချန်းက တန်ကျင်းယွန်ထက် မဆိုစလောက်သာ အစွမ်းထက်တဲ့အတွက် သူနဲ့ တိုက်ခိုက်ဖို့ အဆင့်မမီသေးဘူးလို့ ကျင်ရုတုံက ယူဆထားပါတယ်။

“တောင်းပန်ပါတယ်။ မတိုက်ခင်မှာ အရှုံးပေးတာက ငါ့ရဲ့ အမူအကျင့် မဟုတ်လို့ပါ။”

လီဖူချန်းက အသက်ကို တဝကြီး ရှူလိုက်တဲ့ အခါမှာတော့ သူ့ရဲ့ ကျောရိုးပေါ်မှာ ရေးထိုးထားတဲ့ ကြေးဝါဓား အဆီအနှစ် အင်းကွက်က အရောင်တောက်ပ လာခဲ့ပါပြီ။

***

All Chapters