ဓားသခင်
Vol. 7 Ch. 41
ကျိုင်းကောင်အုပ်ကြီးက ကောင်းကင်မှာ မိုးသားတိမ်လိပ်တွေလိုမျိုး စုစည်းနေပြီးတော့ ဒိုင်းနဲ့ကာကွယ်ခံမထားရတဲ့ ပတ်ဝန်းကျင်မြို့လေးဆီကို ကျဆင်းလာတယ်။ လူတွေအားလုံး ကျိုင်းကောင်အုပ်နဲ့ဝေးရာကို ထွက်ပြေးနေကြပေမဲ့ သူတို့က တိမ်လိပ်မည်းကြီးထက် သိသိသာသာပိုနှေးနေပါတယ်။
ဂျိန်း... ဂျလိန်း...
အားလုံးစိုးရိမ်ထိတ်လန့်နေချိန်မှာပဲ ကောင်းကင်ပေါ်ကနေ တောင်ပံနက်နဲ့ စစ်သည်တော် ဆင်းသက်လာပြီး တိမ်လိပ်ကြီးဆီကို လက်ညိုးညွန်လိုက်ပါပြီ။ သူ့ကျောနောက်မှာတော့ မိုးကြိုးလျှပ်စီးဓားသွားတွေက
ထောင်နဲ့ချီစုစည်းလာနေပြီး ဖရက်မစမ်းသပ်ရသေးတဲ့ တိုက်ကွက်သစ်ဖြစ်ပုံပါပဲ။
[Ultimate Skill: Unlimited Blades dancing]
မိုးကြိုးလျှပ်စီးဓားသွားတွေက အသက်ရှိသလိုမျိုး ကျိုင်းကောင်အုပ်ကြီးဆီကို ပြေးထွက်သွားတယ်။ မကြာခင်မှာပဲ ကျိုင်းကောင်အုပ်ကြီးကို မိုးကြိုးသွား အစင်းပေါင်းများစွာကာ သက်မဲ့ကျိုင်းကောင်သေတွေ မြေပေါ်ပြုတ်ကျလာတယ်။
....
တခြားမြို့တစ်မြို့မှာလည်း ဖလေရာက လူတွေနဲ့ ကျိုင်းကောင်အုပ်ကြီးကြားမှာ ရပ်လိုက်ပြီးတော့ တူကြီးကို ဆွဲမလိုက်တယ်။ နောက်တော့ သူ့ခြေနှစ်ဖက်ကို ဆန့်တန်းလိုက်ပြီး တူကြီးကို လက်ယာရစ်စယမ်းပါတယ်။ ဝတ်စုံရဲ့လုပ်ဆောင်နိုင်စွမ်းနဲ့တူကြောင့် ပလာဒင်ဝတ်စုံက ဂျင်တစ်ခုလိုလည်နေပြီး လေပြင်းတွေက သူ့နားမှာစတင်စုစည်းလာပါတယ်။
[Ultimate Skill: Tornado Smash] ဖလေရာရဲ့လောလောဆယ်တစ်ခုတည်းသော Ultimate Skill က အသက်ဝင်သွားပြီး ပိုးကောင်အုပ်ကြီးထဲကို တိုက်ရိုက်ဝင်ချသွားတယ်။ ပိုးကောင်ထောင်ချီဟာ တူမုန်တိုင်းနဲ့ ရင်ဆိုင်မိပြီး တစ်ကောင်ပြီးတစ်ကောင်ထုချေခြင်းခံနေရပါပြီ။
....
အေမီကတော့ တိုက်ခေါင်မိုးတစ်ခုပေါ်ကို ခုန်တက်လိုက်ပြီး သူ့မျက်စိရှေ့က ပိုးကောင်အုပ်ကို သေချာစိူက်ကြည့်နေတယ်။ သူ့အသိစိတ်ထဲမှာတော့ များစွာသော ကိန်းဂဏန်းတွေပေါ်နေပြီး ပိုးကောင်အုပ်ကြီးကို အမြန်ဆန်ဆုံးနဲ့အတိကျဆုံး အနိုင်ယူနိုင်မယ့်နည်းလမ်းကို ရှာဖွေနေတာပါ။
“ရှာတွေ့ပြီ....” အေမီက အတောင်ကိုဖြန့်လိုက်တယ်။
အလင်းဒြပ်စင်တွေက ရုတ်ချည်းဆိုသလိုပဲ နေရာအနှံကို ပြန့်နှံသွားပြီး သူ့ရဲ့ငှက်မွှေးတောင်တွေက ပိုးကောင်များစွာကို တစ်ချက်တည်းနဲ့အများကြီး သတ်လိုက်တယ်။ အေမီရဲ့လက်ထဲက ဘရိတ်ဓားနှစ်လက်ကလည်း စည်းချက်ညီညီလှုပ်ရှားနေပြီး အံ့မခန်းအမြန်နှုန်းနဲ့ ပေါင်းစပ်လိုက်တော့ မုန်တိုင်းတစ်ခုကိုယ်တိုင် ပိုးကောင်တွေကို သတ်ဖြတ်နေတဲ့အလား ထင်ရပါတယ်။
....
“နင်က မဆိုးဘူးပဲ၊ ဒါပေမဲ့ အတွေ့အကြုံလေးတွေတော့ လိုသေးတယ်။”
စစ်ပွဲနှင်းဆီနဲ့ လင်ဒါက တစ်ယောက်ချင်းယှဥ်တိုက်နေရာကနေ လူချင်းခွာလိုက်တယ်။ သူတို့ကိုယ်တွေမှာ အညိုအမည်းဆွဲနေတဲ့ ဒဏ်ရာတွေရှိနေပြီးတော့
လင်ဒါရဲ့ပါးကနေ သွေးစက်တချို့စီးကျနေတယ်။ စစ်ပွဲနှင်းဆီကလည်း မထိမခိုက်ရှိနေတာမျိုးမဟုတ်ဘဲ ပေါင်ကိုသေနတ်မှန်ထားလို့ ခြေလှမ်းမမှန်ဖြစ်နေတယ်။
စစ်ပွဲနှင်းဆီရဲ့စကားကိုကြားတော့ လင်ဒါက ခပ်ဟဟရယ်လိုက်ပြီး ရှေ့တိုးလာပါတယ်။ “အခုက နင့်ကိုအနိုင်ယူရမယ့်အချိန်ပဲ။” ဒါပေမဲ့ စစ်ပွဲနှင်းဆီက လက်ကိုသာသာလေးလှုပ်လိုက်တယ်။
ဒိုင်း....
သေနတ်သံတစ်ချက်ထွက်ပေါ်လာပြီး သွေးတွေဖြာထွက်သွားတယ်။ လင်ဒါက သူ့ပခုံးကိုသူ လက်တစ်ဖက်နဲ့ဖိနှိပ်လိုက်ပြီး အံ့ဩသွားပါတယ်။ သူက နောက်ကိုလှည့်ကြည့်လိုက်တယ်။ ရဲတွေထဲက တစ်ယောက်ကိုင်ထားတဲ့ သေနတ်ပြောင်းကနေ မီးခိုးတွေအူထွက်နေပြီး သေနတ်ကျည်က အဲဒီကလာမှန်း သိသာပါတယ်။
“အဲဒါကြောင့် နင့်ကိုအတွေ့အကြုံနည်းသေးတယ်လို့
ပြောတာပဲ။ နင်က ငါ့အစွမ်းကိုတစ်ကြိမ်တန်ပြန်နိုင်ရုံနဲ့တင် ငါထပ်မသုံးရဲတော့ဘူးထင်နေတာလား။ အဲဒီကောင်သာ ကြောက်လန့်မနေခဲ့ရင် နင့်ခေါင်းအခုလောက်ဆို ပေါက်ထွက်နေလောက်ပြီ။”
စစ်ပွဲနှင်းဆီက ရယ်မောလိုက်ပြီးတော့ သူ့လက်တွေကို ဆန့်လိုက်တယ်။ ငွေရောင်ကြိုးမျှင်တွေက နေရာအနှံကို ပြန့်နှံသွားပြီး ထိန်းချုပ်ခံရသူတွေက လင်ဒါကို သတ်ဖို့ကြိုးစားကြတယ်။ လင်ဒါက သူတို့ကို တစ်ဖန်ပြန်စိတ်ညို့လိုက်ပြီးနောက် အခုလိုပြောလိုက်ပါတယ်။
“ကြောင်ကြည့်မနေဘဲ ဒီနေရာကနေ ထွက်သွားကြတော့။” အမှန်တော့ ပထမတစ်ခါကတည်းက ဒီစကားကို လင်ဒါပြောခဲ့ရမှာ။ သူတကယ်ပဲ အတွေ့အကြုံနုလွန်းတယ်လေ။
ဒိုင်း... ဒိုင်း....
စစ်ပွဲနှင်းဆီက ထပ်သေနတ်နဲ့ပစ်တဲ့အတွက်ကြောင့်
လင်ဒါလည်း ကားတစ်စီးနောက်ကို ခုန်ဝင်လိုက်ရပါတယ်။ စစ်ပွဲနှင်းဆီကတော့ ဘဝင်ခိုက်နေတဲ့ အပြုံးမျိုးနဲ့ ရယ်မောနေဆဲပါ။
“ဘာပဲပြောပြော အခုနင်နဲ့ငါက အခြေအနေချင်းတူသွားပြီ။ သွေးထွက်လွန်တဲ့ဒဏ်ကို တောင့်အခံနိုင်ဆုံးသူက အနိုင်ရသူပဲ။ ပြီးတော့ အဲဒီနေရာမှာ ငါက နင့်ထက်အများကြီးပိုသာတယ်။”
လင်ဒါမျက်မှောင်ကြုတ်လိုက်တယ်။ သူ့ပခုံးကနေ သွေးတွေအများကြီးစီးကျနေပြီး လုံးဝအခြေအနေမကောင်းပါဘူး။ ဒါတွေအကုန်လုံးက သူတစ်ချက် သတိလစ်လိုက်လို့ ဖြစ်လာတာတွေချည်းပဲ။
“ကျစ်... ဟီးရိုးလုပ်ရတာက တကယ့်ကိုမစွံဘူးပဲ။”
...
ဖရန့်နဲ့ပန်းသီးလေးနှစ်ယောက်ပေါင်း တိုက်ခိုက်ပြီးမကြာခင်မှာပဲ မရဏသစ်တောနယ်မြေပျက်စီးသွားပြီး
ဗီးနပ်စ်က လူမြင်ကွင်းမှာပေါ်လာတယ်။ ဖရန့်က သူ့ကြွက်သားအစွမ်းကိုသုံးပြီး ဗီးနပ်စ်ရဲ့လည်မျိုကို ဖမ်းညှစ်လိုက်တယ်။
“ဒီတစ်ခါတော့ မင်းပြေးလို့မရတော့ဘူး။” ဒါပေမဲ့ ဗီးနပ်စ်ကတော့ ပြုံးနေဆဲပါ။ သူက ဖရန့်ကိုကြည့်လိုက်ပြီး သူ့ခန္ဓာကိုယ်က သာမန်သစ်နွယ်တွေအဖြစ်ကို ပြောင်းသွားတယ်။
“အို... သေချာရဲ့လား။” ဗီးနပ်စ်ရဲ့အသံက ဖရန့်နောက်ကနေ ထွက်ပေါ်လာပြီး ဖရန့်အင်္ကျီမှာတင်ကျန်နေတဲ့ အစေ့သေးသေးလေးက ကြီးလာပြီး သူ့ကိုယ်မှာ အမြစ်တွယ်တယ်။ ဖရန့်လည်း နာကျင်စွာနဲ့ အော်ဟစ်လိုက်ရပါပြီ။
“ဖရန့်...” ပန်းသီးလေးလည်း ထိတ်လန့်သွားပြီး ချက်ချင်းပြေးလာကူညီတယ်။ ဖရန့်ကိုယ်ပေါ်က သစ်မြစ်တွေကို ဖယ်ရှားပေးလိုက်နိုင်ပေမဲ့ သူတို့ရပ်နေတဲ့ လမ်းမကြီးက အက်ကွဲသွားပြီး အသားစားယင်လက်တံနွယ်ပင်တွေက ဖရန့်ကိုချုပ်နှောင်လိုက်တယ်။ ဗီးနပ်စ်က နွယ်လက်တံတွေရဲ့နောက်မှာရှိနေပြီးတော့ သူတို့နှစ်ယောက်ကို လှောင်ရယ်နေပါတယ်။
“ပန်းသီးလေး၊ နင်က ငါ့အတွက်ပြိုင်ဘက်ကောင်းတစ်ယောက်ဖြစ်ပေမဲ့ ဒီကောင်ကတော့ နင့်အတွက် ဝန်ထုပ်ဝန်ပိုးပဲ။ သူ့ကိုသတ်လိုက်လို့ အဆင်ပြေတယ်မဟုတ်လား။”
ပန်းသီးလေးက ဒေါသထွက်လာပြီး သစ်မြစ်တွေနဲ့ ဗီးနပ်စ်ကိုတိုက်တယ်။ ဒါပေမဲ့ ဗီးနပ်စ်က ပန်းသီးလေးနဲ့ အကြိမ်ပေါင်းများစွာတိုက်ခိုက်ဖူးပြီးသားဖြစ်လို့ ကောင်းကောင်းပြန်တုံ့ပြန်နိုင်တယ်။ ပန်းသီးလေးမှာ ပိုကောင်းတဲ့စွမ်းအားရှိပေမဲ့ ဗီးနပ်စ်ကတော့ ဖရန့်နဲ့ ဘေးပတ်ဝန်းကျင်က သာမန်ပြည်သူတွေကို ဓားစာခံလုပ်ပြီး ဘယ်လိုအသာစီးရယူရမလဲသိတယ်။
“ပန်းသီးလေး....” ဖရန့်က အလောတကြီးအော်ဟစ်လိုက်တယ်။ သူ့ကိုကယ်ဖို့ပဲ ဂရုစိုက်နေခဲ့တာကြောင့်
ပန်းသီးလေးက နောက်ကနေဝင်လာတဲ့ နတ်သမီးထောင်ချောက်ပန်းပင်ကို သတိမထားမိလိုက်ဘူး။ ဒါကြောင့် ပခုံးကိုအကိုက်ခံလိုက်ရပြီး ပန်းပင်ကကိုက်ထားတာကို မလွတ်တော့ဘူး။ ပန်းသီးလေးကိုယ်ထဲက အာဟာရတွေကို ပန်းပင်ကစုပ်ယူနေပြီး ဗီးနပ်စ်ဖရန့်ကိုချုပ်ထားတဲ့ နွယ်ပင်တွေက ပိုအားကောင်းလာတဲ့အတွက် ဖရန့်အသက်ရှုရကျပ်လာပြီ။
“ငါ့ကို ရယ်ချင်လာအောင်မလုပ်နဲ့။” ဖရန့်က သူ့ကိုတုပ်နှောင်ထားတဲ့ နွယ်ပင်တွေကို လက်နဲ့တင်းတင်းဆွဲဖယ်ဖို့ကြိုးစားတယ်။ သူ့ညာဖက်မျက်လုံးတွေက အရောင်ပြောင်းလာပြီး အပြာရောင်အေးစက်စက် အငွေ့အသက်တွေ ထွက်ပေါ်လာတယ်။ သူက အပြည့်အဝထိန်းချုပ်ဖို့ခက်နေသေးတဲ့ လိပ်နက်ကိုထုတ်သုံးပြီး ပန်းသီးလေးကိုကာကွယ်ပေးဖို့ စဥ်းစားနေတာပါ။ ဒါပေမဲ့ ပန်းသီးလေးက ခေါင်းခါလိုက်ပါတယ်။
“မလုပ်နဲ့၊ ဖရန့်။”
ဗီးနပ်စ်ကတော့ ဒီမြင်ကွင်းကိုကြည့်ရင်း အရူးတစ်ယောက်လို ရယ်မောနေပါပြီ။ “နင့်ကောင်မလေးက နင်လိပ်နက်ပုံစံပြောင်းပြီး လူသတ်မိမှာစိုးရိမ်နေတာပဲ။ သူက နင့်ကို နင့်ကိုယ်နင်ဆုံးရှုံးသွားမယ့်လုပ်ရပ်မျိုး မလုပ်စေချင်ဘူး။ ဒါပေမဲ့ အဲဒီစွမ်းအားကိုမသုံးရင် နင်ငါ့ကို နိုင်စရာအကြောင်းမရှိဘူး။”
ဗီးနပ်စ်က ပြောပြောဆိုဆိုနဲ့ နောက်ထပ်နွယ်ပန်းပင်တွေကို အမိန့်ထပ်ပေးလိုက်တယ်။ နတ်သမီးထောင်ချောက်ပန်းတွေက ပန်းသီးလေးကို ကိုက်နေပြီး ပန်းသီးလေးရဲ့မျက်နှာက ဖြူဖျော့လာတယ်။ ဖရန့်ကတော့ ဒေါသထွက်လာပြီး နွယ်ပင်တွေကို ဆွဲဖြဲပစ်လိုက်တယ်။
သူ့မျက်လုံးအိမ်နှစ်ခုလုံးကို အပြာရောင်အခိုးအငွေ့တွေ ဖုံးလွှမ်းသွားပြီး လက်သည်းတွေချွန်ထွက်လာတယ်။ ကျောမှာလည်း လိပ်ခွံကြီးပေါက်လာပြီး အမြီးလည်းထွက်လာပါပြီ။
“ငါက လိပ်နက်ကို အပြည့်အဝမထိန်းချုပ်နိုင်သေးဘူးဆိုပေမဲ့ မင်းကိုသတ်ဖို့တော့ ဖြစ်နိုင်သေးတယ်ကွ။”
ဖရန့်က သူ့လက်သည်းကိုသုံးပြီး ဗီးနပ်စ်ရဲ့ခါးကို ပိုင်းချလိုက်တယ်။ ဗီးနပ်စ်ရဲ့မျက်နှာပေါ်မှာတော့ မယုံနိုင်တဲ့ အမူအရာမျိုးကို တွေ့နိုင်တယ်။ ဗီးနပ်စ်ရဲ့ခါးက ရေပြင်ညီအတိုင်းပြတ်ထွက်သွားပေမဲ့ ဒါကလည်း ဗီးနပ်စ်အစစ်မဟုတ်တဲ့ ကိုယ်ပွားတစ်ခုပါပဲ။
ဗီးနပ်စ်အစစ်ကတော့ ခပ်ဝေးဝေးမှာပြန်ပေါ်လာပြီး ထွက်ပြေးဖို့ကြိုးစားတယ်။ “နင်ဒီစွမ်းအားကို ခနပဲထိန်းနိုင်တာမဟုတ်လား။ ငါသာ နင်အထိန်းအကွပ်မဲ့တဲ့အထိ ထွက်ပြေးနိုင်ရင် ဒီတိုက်ပွဲမှာငါနိုင်ပြီပြောရမှာပဲ။”
ဖရန့်က မျက်မှောင်ကြုတ်လိုက်တယ်။ သူက လက်သည်းတွေကို ဝေ့ယမ်းလိုက်ပြီး ရေခဲစွမ်းအားဓားချက်တွေကို ထုတ်ဖော်လိုက်တယ်။ အဲဒီအချိန်တုန်းက သူမြင်ခဲ့တဲ့သူလှုပ်ရှားခဲ့တဲ့အတိုင်း လှုပ်ရှားလိုက်တာပါ။
“ရေပြင်ညီဓားချက်....” ရေခဲဓားသွားတွေက အသံမြန်နှုန်းကို ချိုးဖောက်သွားပြီး ဗီးနပ်စ်ရဲ့တောင်ပံတွေကို ထိမှန်သွားတဲ့အတွက် ဗီးနပ်စ်ပြုတ်ကျလာတယ်။ ဒါပေမဲ့ ဗီးနပ်စ်က မြေပြင်ပေါ်ရောက်တာနဲ့ သုံးယောက်ကွဲထွက်သွားပြီး လူစုခွဲပြေးတယ်။ ဖရန့်ရဲ့နောက်ဓားချက်က ဗီးနပ်စ်တွေထဲကတစ်ယောက်ကို ထိသွားပေမဲ့ ကိုယ်ပွားတစ်ယောက်ပါ။
“တော်တော်စိတ်အနှောင့်အယှက်ပေးတဲ့ကောင်မ။” ဖရန့်က နောက်ကနေ ဒေါသတကြီးနဲ့ပြေးလိုက်တယ်။ ရေခဲစွမ်းအားတွေက သူ့ကိုယ်ကနေ စိမ့်ထွက်နေပြီး ဘယ်ကြောက်ကြာတဲ့အထိ သူ့အသိစိတ်ကို ထိန်းထားနိုင်မလဲ ခန့်မှန်းရခက်တယ်။
....
မြို့ပြင်ကောင်းကင်ယံပေါ်မှာတော့ ကိုင်းတို၊ ကြောင်နက်နဲ့ ကျိုင်းကောင်တို့က တိုက်ခိုက်နေဆဲပါ။
ကိုင်းတိုက မီးတောင်ပံခြောက်ခုကို အားကုန်သုံးနေပြီး အသံထက်လေးဆနှုန်းနဲ့ လှုပ်ရှားနေပါတယ်။ သူ့လက်ထဲမှာ မီးလှံတံကိုကိုင်ထားပြီး ကျိုင်းကောင်ကို ဆက်တိုက်ထိုးနှက်ဖို့ ကြိုးစားနေတဲ့အတွက် သူ့ရဲ့လှုပ်ရှားမှုတွေကို မှုန်ပျပျသာမြင်ရပါတယ်။ မီးကြာပန်းတွေကလည်း ကျိုင်းကောင်ဆုတ်မယ့်နေရာတွေကို ကြိုတင်တွက်ဆပြီး မီးတန်းတွေနဲ့မှုတ်ထုတ်ကာ တိုက်ခိုက်နေပါတယ်။
ကြောင်နက်ကလည်း သူ့လက်မှာမိုးကြိုးစွမ်းအားတွေကို စုစည်းလို့ အံ့မခန်းမြန်နှုန်းနဲ့ ကျိုင်းကောင်ကို
အနီးကပ်ဝင်ရောက်ထိုးသတ်ပါတယ်။ ဘတစ်ပြန်ကျားတစ်ပြန် တိုက်ခိုက်ရင်းကနေ ကျိုင်းကောင်က သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာတချို့ချန်ထားပေးလိုက်နိုင်သလို သူကလည်း ကျိုင်းကောင်ရဲ့အခွံမာကိုအက်ကွဲအောင် လုပ်လိုက်နိုင်တယ်။
ဒါပေမဲ့ကျိုင်းကောင်ကတော့ မျက်နှာမပျက်ရှိနေသေးပြီး ရယ်မောလိုက်ကြပါတယ်။ “သာမန်ပိုးကောင်ဗိုလ်ချုပ်တစ်ယောက်ဆိုရင်တော့ နင်တို့လက်ချက်နဲ့ သေချာပေါက်သေနေလောက်ပြီ။ ဒါပေမဲ့ ငါကတော့ လူသန်းပေါင်းများစွာကို ဝါးမျိုပြီးတဲ့ ကျိုင်းကောင်လေ။”
ရုတ်တရက် သူတို့မျက်စိရှေ့မှာပဲ ကျိုင်းကောင်ရဲ့ခန္ဓာကိုယ်က ကြီးထွားလာတယ်။ အရွယ်ပဲကြီးလာတာဖြစ်ပြီး လူတူပုံစံကတော့ ပြောင်းလဲမသွားပါဘူး။ အရပ်ဆယ့်ငါးမီတာလောက်အထိ ကြီးလာချိန်မှာတော့ ရပ်လိုက်ပြီး ကိုင်းတိုတို့နှစ်ယောက်ကို ကြည့်လိုက်ပါတယ်။ အခုသူတို့နှစ်ယောက်အရွယ်က သူ့ခြေထောက်နားလောက်ပဲရှိတော့တယ်။
“သေလိုက်ကြတော့...” ကျိုင်းကောင်က ပျံသန်းနေတဲ့ ကိုင်းတိုရဲ့ခန္ဓာကိုယ်ကို ဖမ်းဆုပ်ပစ်လိုက်တယ်။ ကိုင်းတိုက အတော်လေးမြန်ပေမဲ့ ကျိုင်းကောင်က ပိုမြန်နေတယ်။ အကောင်ကြီးလာပေမဲ့ နှေးကွေးမသွားဘဲ ပိုမြန်လာနေတာပါ။ ကျားနက်လည်း ထိတ်လန့်သွားပြီး ကိုင်းတိုကိုကူညီဖို့လာတယ်။
“ဖီးနစ်....” ဒါပေမဲ့ ကျိုင်းကောင်က အားနေတဲ့လက်နဲ့ ကြောင်နက်ကို ရိုက်လိုက်တဲ့အတွက် အဝေးကြီးကိုလွင့်သွားပြီး အလင်းဒြပ်စင်မြို့တံတိုင်းကို ဝင်ဆောင့်မိတယ်။ အလင်းဒြပ်စင်တံတိုင်းက တိုက်ခိုက်ခံရတယ်လို့ မှတ်ယူပြီး ကြောင်နက်ကို တန်ပြန်အားလှိုင်းနဲ့ ရိုက်ထုတ်လိုက်တာကြောင့် ထပ်လွင့်သွားပြန်ပြီး အဆောက်အဦးတစ်ခုကိုမှန်ကာ မြေပေါ်ပြုတ်ကျလာတယ်။ သူ့ပါးစပ်ကနေ သွေးတွေစီးကျနေပြီး
ခက်ခက်ခဲခဲ ပြန်မတ်တပ်ရပ်လိုက်ရပါပြီ။
ကိုင်းတိုကတော့ တည်တည်ငြိမ်ငြိမ်ပဲရှိနေတယ်။ သူ့လက်တွေကို ဧရာမမီးလက်ကြီးတွေအဖြစ်ပြောင်းပြီး
ကျိုင်းကောင်ရဲ့လက်ကနေ ရုန်းထွက်တယ်။ နောက်တော့ ကျိုင်းကောင်နဲ့ထပ်ပြီး သူတင်ကိုယ်တင်ယှဥ်ပြီးတိုက်တယ်။ ကြောင်နက်လည်း လေပေါ်ပြန်တက်လာပြီး သူ့နောက်မှာ မိုးကြိုးကျားရိပ်ကြီးပေါ်လာပါပြီ။
“သေစမ်း။” ကြောင်နက်နဲ့ကျားဖြူရဲ့အရိပ်ကပေါင်းသွားပြီး အားအပြင်းဆုံးလက်သီးချက် ထွက်ပေါ်လာတယ်။ ကျိုင်းကောင်က ကျောနောက်ကနေ ထွက်နေတဲ့ လက်တံတွေနဲ့ လက်သီးချက်ကို တားဆီးလိုက်တယ်။ လေထုထဲမှာပျံနေတဲ့ ကျိုင်းကောင်က နောက်ကို နည်းနည်းဆုတ်လိုက်ရပေမဲ့ ကြီးကြီးမားမားထိခိုက်သွားတာတော့ မရှိပါဘူး။
“မလုံလောက်သေးဘူးလား...” ကြောင်နက်မျက်မှောင်ကြုတ်လိုက်တယ်။ ကိုင်းတိုက အတောင်ပျံဖြန့်ပြီးတော့ ဝင်လာပြန်တယ်။ ကျိုင်းကောင်ရဲ့မျက်နှာကို ဧရာမမီးလက်သီးကြီးနဲ့ ထိုးချလိုက်ပြီး လက်ထဲမှာ လှံတံတစ်လက်ကို ဖွဲ့စည်းလိုက်တယ်။ အဲဒီနောက် လက်သီးအရှိန်ကြောင့် နောက်ကိုလန်ကျနေဆဲ ကျိုင်းကောင်ရဲ့ရင်ဝဆီပြေးဝင်သွားပြီး လှံတံနဲ့ထိုးစိုက်ချကာ အောက်ကိုဆွဲပြေးတယ်။ အဝါရောင်ကျိုင်းကောင်သွေးတွေ စီးကျလာတဲ့အတွက် ကျိုင်းကောင်ကြီးက အော်ဟစ်လိုက်ပြီး ကိုင်းတိုကိုဖမ်းကာ အဝေးကိုပစ်ထုတ်လိုက်တယ်။
“ငါနင်တို့နဲ့မကစားချင်ဘူး၊ ငါက ဒီမြို့ကြီးကို ဖျက်ဆီးပစ်ဖို့လာတာ။” ကျိုင်းကောင်က ပြောလိုက်ပြီး တံတိုင်းကြီးရှေ့မှာ ရပ်လိုက်တယ်။ ကိုင်းတိုက မြေပေါ်ပြုတ်ကျနေရာကနေ ထလိုက်ပေမဲ့ သူ့တစ်ကိုယ်လုံးက အရိုးတွေ တဖြောင်းဖြောင်းမြည်နေပြီ။
ဖီးနစ်တစ်ကောင်ရဲ့ကုစားနိုင်စွမ်းကြောင့်သာမဟုတ်ရင် သေနေလောက်ပါပြီ။
ဘုန်း....
ကျိုင်းကောင်က လက်သီးကိုဆုပ်ပြီး စွမ်းအင်နံရံကို ထိုးချလိုက်တယ်။ အသံကျယ်ကြီးတစ်ချက်နဲ့အတူ တံတိုင်းလှုပ်ခါသွားပေမဲ့ ပျက်စီးမသွားသေးဘူး။ အဲဒီအစား တန်ပြန်အားလှိုင်းကြောင့် နောက်ပြန်ဆုတ်လိုက်ရတယ်။ ကိုင်းတိုနဲ့ကြောင်နက်လည်း တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေပြီဖြစ်ပြီး အစွမ်းအထက်ဆုံးတိုက်ကွက်တွေနဲ့ နောက်တစ်ကြိမ်ဝင်တိုက်လိုက်ပြန်တယ်။
“အား.....” ဒါပေမဲ့ ကျိုင်းကောင်က ကြောင်နက်နဲ့ဖီးနစ်ကို ထပ်ပြီးရိုက်ထုတ်လိုက်ပြန်တယ်။ စောင့်ရှောက်သူနှစ်ယောက်လုံး အရေးနိမ့်နေပြီဆိုတာ သိသာပါတယ်။
ကျိုင်းကောင်က နောက်တစ်ကြိမ် တံတိုင်းကို ထိုးနှက်လိုက်ပြန်တယ်။ မြို့ထဲမှာရှိနေသူတွေကတော့ တံတိုင်းကြီးကို မော့ကြည့်ရင်း ကြောက်လန့်နေကြပါပြီ။ အဲဒီကျိုင်းကောင်ကြီးသာ မြို့ထဲကိုဝင်လာရင် အားလုံးကိစ္စပြတ်ကုန်မှာပါ။
တန်ပြန်အားလှိုင်းကြောင့် နောက်ဆုတ်လိုက်ရပြန်တဲ့
ကျိုင်းကောင်က စိတ်မရှည်တော့ဘဲ ဒိုင်းကိုခြေနဲ့ဆောင့်ကန်တယ်။ ခြေကန်ချက်ကိုလည်း တားလိုက်ပေမဲ့ လက်နှစ်ဖက်ကိုစုစည်းပြီး ထုချလိုက်ချိန်မှာတော့ နည်းပညာအားနည်းချက်ကြောင့် စွမ်းအင်လှိုင်းတွေ နည်းနည်းအဆက်ပြတ်သွားတဲ့အတွက် စွမ်းအင်ဒိုင်းလည်း တစ်ခါတည်းကွဲကြေသွားတယ်။
တိုက်ပွဲကိုအဝေးကနေ အကဲခတ်နေတဲ့ ဖရာလီတာလည်း လေပူတွေကိုမှုတ်ထုတ်လိုက်လေရဲ့။
“ဒီအားနည်းချက်က တစ်ချိန်ချိန်တော့ ဒုက္ခပေးလိမ့်မယ် ထင်ထားခဲ့ပေမဲ့ အခုချက်ချင်းဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိဘူး။” ဖရာလီတာက အားနည်းချက်ကို သိသိချင်းပြင်ဖို့ကြိုးစားခဲ့ပေမဲ့ ချက်ချင်းဆိုသလိုပဲ ရန်သူဝင်တိုက်တာ ခံခဲ့ရတယ်လေ။ အခုတော့ သူဘာမှမတတ်နိုင်တော့ပါဘူး။
.....
မက်ဒါနာက ဓားကိုလက်နှစ်ဖက်နဲ့ကိုင်လိုက်တယ်။ အဆုံးမရှိတဲ့တာဝန်တွေ ပခုံးပေါ်ရောက်လာသလို ခံစားရတယ်။ ရွှေရောင်အလင်းတန်းကလည်း ပိုမိုတောက်ပလာပြီး ပိတ်မိနေတဲ့ဝိညာဥ်တွေမပေါ်ကို ဖြာကျတယ်။ နောက်တော့ သူတို့တွေတဖြည်းဖြည်းပျောက်သွားပြီး နတ်တေးသီသံတွေကို ရေအောက်ထဲမှာ စကြားရတယ်။ ရေမွန်းတဲ့ဒဏ်လည်းပျောက်သွားပြီး ရေအောက်ထဲမှာ ထာဝရဆက်နေနိုင်မယ်လို့
ကိုယ့်ကိုယ်ကိုယ်ခံစားမိလောက်တဲ့အထိ ခွန်အားတွေစိမ့်ဝင်လာတယ်။
မက်ဒါနာက ရေကန်အောက်ကနေ အပေါ်ကိုမော့ကြည့်ပြီး ပြန်ဆန်တက်တယ်။ အခုလောက်ဆိုရင် ရေပေါ်မှာရှိနေတဲ့ ဆိုဖီယာတစ်ယောက် သူ့ကိုစိုးရိမ်နေလောက်ပြီ။
ဗွမ်း...
ရေကန်ထဲကနေ တစ်စုံတစ်ခုတက်လာတဲ့အသံကြားတော့ ဆိုဖီယာကန်ရေပြင်ထက်ကို ကြည့်လိုက်မိပါတယ်။ ဓားကိုင်ထားတဲ့ မက်ဒါနာက ရေကန်ထက်မှာကူးခတ်နေပြီး ကမ်းခြေဆီကို လှမ်းလာနေပါတယ်။ ဓားကထွက်ပေါ်နေတဲ့ ရွှေရောင်အလင်းတန်းတွေက ဖြည်းဖြည်းချင်းပြန်မှေးမှိန်လာပြီး ပုံမှန်ဓားအသွင် ပြန်ဖြစ်သွားတယ်။
“မက်ဒါနာ၊ နင်အောင်မြင်သွားပြီပေါ့။” ဆိုဖီယာက မက်ဒါနာကို ဆီးကြိုလိုက်ရင်း ပြောလိုက်တယ်။ မက်ဒါနာကတော့ ရေကန်ထဲကနေ ပြန်ထွက်လာရင်း
ခေါင်းညိတ်ပြပါတယ်။ သူက ဓားကိုမြေမှာစိုက်ပြီး
ပြုံးလိုက်တယ်။ သူ့ခေါင်းပေါ်မှာတော့ ရေမှော်ပင်တွေက သရဖူတစ်ခုလိုရစ်ပတ်နေတုန်းပဲ။
ဒါပေမဲ့ပျော်နေပုံရတဲ့ ဆိုဖီယာရဲ့မျက်နှာထားက ချက်ချင်းတည်တန့်သွားပြီး မက်ဒါနာကိုပြောလိုက်ပါပြီ။ “မက်ဒါနာ၊ ငါတို့မြို့ဆီကို အမြန်သွားရမယ်။ ပိုးကောင်တွေ လန်ဒန်ကိုတိုက်နေပြီလို့ ငါအာရုံရတယ်။”
မက်ဒါနာက ဒီသတင်းကိုကြားတော့ အံ့ဩသွားပုံပေါ်ပေမဲ့ ဓားကိုပြန်ကောက်ကိုင်လိုက်ပြီး လက်ထဲမှာစကြည့်တယ်။ နောက်တော့ ပြုံးလိုက်ပြီးတော့ ဆိုဖီယာကို ပြောလိုက်တာပေါ့။
“ကောင်းပြီလေ၊ ဒါဆိုရင်လည်း စံအိမ်ကိုပြန်ပြီး သူတို့ကိုကူညီပေးကြရအောင်။”
“အင်း...” မကြာခင်မှာပဲ မက်ဒါနာက အဝတ်အစားအပိုတွေကို လဲဝတ်လိုက်ပြီးနောက် ရေကန်ကနေ စံအိမ်ဆီကို သုတ်သုတ်ပြန်တယ်။ စံအိမ်မှာတော့ အော်သာရီယာက သူတို့ကိုစောင့်နေပြီး မက်ဒါနာလက်ထဲက ဓားကိုမြင်တော့မှ စိတ်ကျေနပ်စွာနဲ့ပြုံးလိုက်လေရဲ့။
“ငါက နင်တို့အချိန်မီ ပြဿနာကိုအဖြေမရှာနိုင်လောက်ဘူးလို့ထင်နေတာ။ သိပ်တော့မဆိုးဘူးပဲ၊ ကောင်မလေး။”