← Chapters

သံနက် ဓားဆီအနှစ်

Vol. 23 Ch. 312

သံနက် ဓားဆီအနှစ်

Vol. 23 Ch. 312

မပြည့်စုံတဲ့ ဓားအဆီအနှစ် လျှို့ဝှက်နည်းစနစ်ဟာ အခြားသော လျှို့ဝှက်နည်းစနစ်တွေနဲ့ မတူပါဘူး။ ဒါက အရိုးလက်နက် တစ်ခုလိုပါပဲ။

အသက်သွင်းဖို့ မလိုအပ်သလို အခြားသော လျှို့ဝှက်နည်းစနစ်တွေနဲ့လည်း ပူးတွဲ အသုံးပြုလို့ ရပါတယ်။

ယခုအချိန်မှာတော့ လီဖူချန်းရဲ့ သန့်စင်သော ယန်အဖိုဓာတ် ချီအတွင်းအားတွေက ကျောရိုးမကြီးကို ဖြတ်သန်းသွားပြီး  သံနက် ဓားအဆီအနှစ် ချီအတွင်းအားတွေအဖြစ် ပြောင်းသွားခဲ့ပါပြီ။

သူ့ရဲ့ ဓားနက်ကြီး ပေါ်မှာလည်း အနက်ရောင် အလင်းတန်းတွေ ထွက်ပေါ် လာခဲ့ပါတယ်။

သံနက် ဓားအဆီအနှစ်က ကြယ်၄ပွင့် လျှို့ဝှက်နည်းစနစ် ဖြစ်ပေမဲ့လည်း သန့်စင်သော ယန်အဖိုဓာတ် ချီအတွင်းအားတွေနဲ့ ပူးတွဲ အသုံးပြုလိုက်တဲ့ အခါမှာတော့ ကြယ် ၅ ပွင့် လျှို့ဝှက်နည်းစနစ် အဆင့်ကို  ရောက်သွားခဲ့ပါပြီ။

လီဖူချန်းက သူ့ရဲ့ ကြေးဝါ ဓားအဆီအနှစ်ကိုတော့ ဝှက်ဖဲအဖြစ် ချန်ထားဖို့ စဉ်းစားထားပုံပါပဲ။

လီဖူချန်းရဲ့ အရိုးတွေထဲမှာ သံနက်ဓား အဆီအနှစ်က ၇၀ ရာခိုင်နှုန်း နေရာယူထားပြီး  ကြေးဝါဓား အဆီအနှစ်က ၃၀ ရာခိုင်နှုန်း နေရာယူ ထားပါတယ်။

သည်ကြေးဝါ ဓားအဆီအနှစ်က ၃၀ ရာခိုင်နှုန်းသာ ရှိတယ် ဆိုပေမဲ့ သံနက် ဓားအဆီအနှစ် ထက်ကို အများကြီး ကြောက်စရာ ကောင်းပါတယ်။ သေချာတာ တစ်ခုကတော့ ကြေးဝါ ဓားအဆီအနှစ် ၃၀ ရာခိုင်နှုန်းကို အသုံးပြုလိုက်မယ် ဆိုပါက မိုကြိုးကြယ်ဘုရင် စီးတုလေ့ကိုတောင်မှ ဓားချက် တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်မှာပါ။ အဲသည်အတွက် လီဖူချန်းက သေရေးရှင်ရေး မဟုတ်သေးဘဲနဲ့ ကြေးဝါ ဓားအဆီအနှစ်ကို မထုတ်သုံးချင် သေးပါဘူး။

“မင်းက အုတ်ဂူမြင်မှ မျက်ရည်ကျမဲ့ အမျိုးပဲ”

ကျင်ရုတုံက သူရဲ့ ဒေါသတွေကို လွှတ်ပေးလိုက်ပါပြီ။ သည်ပွဲကတော့ ချူးယီနဲ့ ကျင်းရိုလုကို ရှုံးခဲ့ရတဲ့ ကျင်ရုံတုံ အတွက်တော့  သိက္ခာဆည်ပွဲပါပဲ။

ရွှမ်း ...

ကျင်ရုတုံက သူ့ရဲ့ ချီအတွင်းအားတွေကို စုစည်းလိုက်ပြီး လီဖူချန်းကို ရိုက်ချလိုက်ပါတယ်။  ရွှေရောင်သက်တန့်ကြီး တစ်ခုက လီဖူချန်းဆီကို ပြေးဝင် သွားခဲ့ပါပြီ။

(note -သိတယ်မလား ... ။ ရှုံးမဲမဲတဲ့ ရိုက်ချက်လေ)

ကျင်ရုတုံက အရှေ့တစ်ပွဲမှာ တန်ကျင်းယွန်ကို ကြာပွတ်ရိုက်ချက် တစ်ချက်နဲ့ အနောက်ဆုတ်စေခဲ့ပြီး  ကျာပွတ်ရိုက်ချက် ၃ ချက်အတွင်းမှာ အနိုင်ယူခဲ့တာပါ။

ကျင်ရုတုံက လီဖူချန်းကိုတော့ လျော့တွက်ထားခြင်း မရှိပါဘူး။ လီဖူချန်းရဲ့ တိုက်ပွဲအသိနဲ့ ဆိုရင် သူ့ရဲ့ ပထမ ကျာပွတ် ရိုက်ချက်ကို သေချာပေါက် ရှောင်တိမ်းနိုင်မယ်လို့ တွက်ထားတဲ့အတွက် လီဖူချန်း ရှောင်တိမ်းမဲ့ဘက်ကို  ဒုတိယ ကျာပွတ်ရိုက်ချက် ရိုက်ဖို့ပါ ပြင်ထားပါသေးတယ်။

ဒါပေမဲ့ ခက်တာက လီဖူချန်းက သူတွက်ထားသလို ကျာပွတ်ရိုက်ချက်ကို ရှောင်တိမ်းသွားခြင်း မရှိခဲ့ပါဘူး။ လီဖူချန်းက သူ့ရဲ့ ကျာပွတ် ရိုက်ချက်ကို ထိပ်တိုက် ရင်ဆိုင်လာခဲ့ပါတယ်။

' ဟင် ... သည်ကောင်က ငါ့ရဲ့ ကျာပွတ် ရိုက်ချက်ကို ရှောင်ဖို့ မစဉ်းစားဘူးပေါ့ '

ကျင်ရုတုံက သူ့ရဲ့ ကျာပွတ်ရိုက်ချက်ကိုတောင် ဓားနဲ့ ပြန်ပိုင်းလာတဲ့ လီဖူချန်းကို ကြည့်ပြီး အန္တရာယ်ရနံ့ တစ်ခုကို ရလိုက်သလိုပါပဲ။

လီဖူချန်း ... ။

လီဖူချန်းဟာ အစောကြီး ကတည်းက ကျင်ရုတုံကို ထိပ်တိုက် ရင်ဆိုင်ဖို့ ဆုံးဖြတ်ထား ခဲ့တာပါ။ သူက တန်ကျင်းယွန်နဲ့ တိုက်ပွဲမှာတုန်းက သူ့ရဲ့  အသိစိတ် အာရုံ အစွမ်းကို လိုတာထက် ပိုပြီး ထုတ်ပြခဲ့ပြီးပါပြီ။ လက်ရှိမှာတော့ သူ့ရဲ့ အသိစိတ် အာရုံကို အဲသည်ထက် ပိုပြီး ထုတ်ပြလို့ မရတော့ပါဘူး။

အဲသည်အတွက် သူက သံနက်ဓား အဆီအနှစ်ကို ထုတ်သုံးဖို့ ရွေးလိုက်ရတာပါ။ လီဖူချန်းရဲ့ ဓားနက်ကြီးပေါ်မှာတော့ အနက်ရောင်နဲ့ အနီရောင် ရောယှက်နေတဲ့ ချီစွမ်းအင်တွေ လွှမ်းခြုံ လာခဲ့ပါပြီ။

ဟူး ... ဟူး ...

သံနက်ဓား အဆီအနှစ်တွေ ပါဝင်လာတဲ့ လီဖူချန်းရဲ့ မိစ္ဆာနှင် ဓားချက်ကလည်း ကြောက်စရာ ကောင်းလွန်း လှပါတယ်။

ဝုန်း …

အနီရင့်ရောင် ဓားနက် အလင်းတန်း တွေကတော့   ရွှေရောင်သက်တန့် ကျာပွတ်ရိုက်ချက်ကို  ခုခံလိုက်နိုင်ပါတယ်။

“ဘာ … ဘာဖြစ်သွားတာလဲ”

ကျင်ရုတုံက သူ့မျက်လုံးကိုတောင် မယုံတော့ သလိုပါဘဲ။ အစောပိုင်းတုန်းက ကျာပွတ်ရိုက်ချက်က အားကုန်သုံးပြီး ရိုက်လိုက်တာ မဟုတ်ပေမဲ့ အတော်လေးကို ပြင်းတယ်လို့ သတ်မှတ်နိုင်ပါတယ်။ လီဖူချန်း ပြသခဲ့တဲ့ စွမ်းရည်တွေ အရဆိုရင် သူ့ရဲ့ သည်ရိုက်ချက်ကို ထိပ်တိုက်ရင်ဆိုင် နိုင်စရာ အကြောင်း မရှိပါဘူး။  ဒါပေမဲ့ လီဖူချန်းက သူ့ရဲ့ ကျာပွတ်ရိုက်ချက်ကို အသာအယာပဲ ခုခံသွားခဲ့ပါတယ်။ ပြီးတော့ သူက ခြေလှမ်း ၁၀ လှမ်းပါ ဆုတ်ပေးလိုက် ရပါသေးတယ်။

လီဖူချန်းရဲ့ ဓားချက်ကို ကြည့်ပြီး အံ့သြမှင်တက် သွားတာကတော့ ကျင်ရုတုံ တစ်ယောက်တင် မကပါဘူး။ လူတွေ အကုန်လုံးက အံ့သြမှင်တက်ပြီး ပါးစပ်အဟောင်းသား ဖြစ်နေကြတာပါ။

ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ ဆိုပြီး မာန်တက်နေတဲ့ ချူးယီတောင်မှ မျက်မှောင်ကြုတ် သွားခဲ့ပါတယ်။

' လီဖူချန်းက အခုထက်ထိ သူ့ရဲ့ စွမ်းရည် အစစ်အမှန်ကို လျိုထားသေးတာလား။ သည်ကောင်က ဘယ်လောက်အထိ သူ့ရဲ့ စွမ်းရည်တွေကို လျိုထားဦးမှာလဲ '

ချူးယီက  လီဖူချန်း အပေါ်မှာ သံသယတွေ ဝင်လာခဲ့ပါပြီ။

“သည်လီဖူချန်း ဆိုတဲ့ကောင် ... သည်တစ်ခါလည်း သူက ကျင်ရုတုံကို အနိုင်ယူပြဦးမှာတော့ မဟုတ်ပါဘူးနော် ...”

“မဖြစ်နိုင်ဘူး ... ။ လီဖူချန်းက ဘယ်လိုလုပ်ပြီး ကျင်ရုတုံရဲ့ တိုက်ကွက်ကို ဖျက်ဆီးလိုက် နိုင်တာလဲ …”

လူတွေအားလုံးကတော့ လီဖူချန်းနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးရဲတော့ပါဘူး။ သည်တစ်ကြိမ်မှာတော့ လီဖူချန်းတစ်ယောက် သူ့ရဲ့ အစွမ်းအစ အကုန် ထုတ်သုံးလိုက်ပြီလို့ သူတို့ ယူဆလိုက်တိုင်းမှာ လီဖူချန်းက ပိုပိုပြီး အစွမ်းထက်လာ နေပါတယ်။ သည်လီဖူချန်းရဲ့ စွမ်းရည်က အဆုံးမရှိသလိုပါဘဲ။

“ဒါ ... ဒါက"

အိုးရန်ဝမ်းထင်က  စကားကိုတောင် ဆုံးအောင် မပြောနိုင်တော့ပါဘူး။

“ဒါက အထူးလျှို့ဝှက် နည်းစနစ် တစ်ခုပဲ”

အိုးရမ်ဝမ်းထင်ရဲ့ ဘေးနားမှာရှိတဲ့ အထွဋ်ခေါင်ချုပ် အကြီးအကဲ တစ်ယောက်က ကောက်ချက် ချလိုက်ပါတယ်။

"ဟုတ်တယ် ... ။ မင်းပြောတာကို ငါထောက်ခံတယ်။ ဒါက အခြားလျှို့ဝှက် နည်းစနစ်နဲ့ ပူးတွဲ သုံးလို့ရတဲ့ အထူးလျှို့ဝှက် နည်းစနစ် ဖြစ်ရမယ်။ ငါ့အထင်ပြောရမယ် ဆိုရင်တော့ နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးက လီဖူချန်းကို ပညာတွေ တော်တော်လေး သင်ပေးလိုက်ပုံ ရတယ်။ သူ့ကြောင့်သာ မဟုတ်ရင် လီဖူချန်း အနေနဲ့ သည်လောက်အထိ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်မှာ မဟုတ်ဘူး”

မိုးပြာရောင်ဂိုဏ်းရဲ့ အခြားသော အထွဋ်ခေါင်ချုပ် အကြီးအကဲ တစ်ယောက်ကလည်း  သူ့ရဲ့ ထင်မြင်ယူဆချက်ကို ပြောလိုက်ပါတယ်။

အထွဋ်ခေါင်ချုပ် အကြီးအကဲတွေ ဖြစ်တဲ့ သူတို့ နှစ်ယောက်ဟာ အိုးရန်ဝမ်းထင်ထက် အကြားအမြင်၊ ဗဟုသုတ ပြည့်စုံပါတယ်လေ။ သူတို့ နှစ်ယောကိဟာ တစ်ချက် ကြည့်လိုက်တာနဲ့ လီဖူချန်း သုံးသွားတဲ့ နည်းစနစ်ကို ခန့်မှန်းနိုင်ပါတယ်။

ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ ထင်မြင် ယူဆချက်က အတိအကျ မှန်နေတာတော့ မဟုတ်ပါဘူး။ လီဖူချန်းရဲ့ လျှို့ဝှက် နည်းစနစ်က ဂူသင်းချိုင်းထဲက ရခဲ့တာပါ။

မဟာရွှေခန်းမသခင် ကတော့ မှုန်ကုပ်ကုပ် မျက်နှာထား  ဖြစ်နေပါပြီ။

ကျင်ရုတုံက ချူးယီနဲ့ ကျင်းရိုလုကို ရှုံးပြီးပါပြီ။ အခုတစ်ခါ ထပ်ပြီးတော့ လီဖူချန်းကို ရှုံးဦးမယ်  ဆိုရင်တော့ သူတို့ မဟာရွှေခန်းမရဲ့ နာမည်ဂုဏ်သိက္ခာဟာ လူတကာရဲ့ တံတွေးခွက်ထဲမှာ ရေစုန်မျှောပါပြီ။ ဘာမှကို အဖတ်ဆည်စရာ ရှိတော့မှာ မဟုတ်ပါဘူး။

ယား ...

ကျင်ရုတုံကလည်း အဲသည်အဖြစ်ကို သတိပြုမိပါတယ်။ သူက ဝမ်းခေါင်းသံကြီးဖြင့် ကြုံးဝါးလိုက်ပြီး လီဖူချန်းကို ကျာပွတ်ဖြင့် နောက်ထပ် တစ်ကြိမ် ရိုက်လိုက်ပြန်ပါတယ်။ သည်တစ်ကြိမ်မှာတော့ သူက သက်စောင့်အားကိုတောင် မချန်ထားတော့ပါဘူး။

ကျင်ရုတုံ အနေနဲ့ လီဖူချန်းကို အနိုင်ရမှာကို ဖြစ်မှာပါ။ သည်တိုက်ပွဲက  သူတစ်ယောက်တည်းရဲ့ ဂုဏ်သိက္ခာအတွက် တိုက်ခိုက်နေတာ  မဟုတ်တော့ပါဘူး။  ဒါက ကြယ်ဘုရင်တွေရဲ့  ဂုဏ်သိက္ခာ။ ပြီးတော့  မဟာရွှေခန်းမ တစ်ခုလုံးရဲ့ ဂုဏ်သိက္ခာ ဖြစ်ပါတယ်။

သို့သော် ... …လီဖူချန်း ... ။

လီဖူချန်းအတွက် ကတော့ သည်ရိုက်ချက်ဟာ ရင်ဆိုင်ဖို့အတွက် သိပ်ပြီးတော့ အခက်ကြီး မဟုတ်ခဲ့ပါဘူး။ သူ့ရဲ့ ပထမ ဓားချက်ကလည်း အားကုန်သုံးပြီး တိုက်ခိုက်ခဲ့တာမှ မဟုတ်တာလေ။ သူရဲ့ ပထမ ဓားချက်က သံနက် ဓားအဆီအနှစ်ကနေ ထွက်ပေါ်လာတဲ့ ဓားချီတွေကို စမ်းသပ်ရုံ သက်သက်ပါပဲ။

သန့်စင်သော ယန်အဖိုဓာတ် ချီအတွင်းအားတွေက သံနက်ဓား အဆီအနှစ်တွေနဲ့ သမစွာ ရောနှော နေခဲ့ပါပြီ။ ဒါက သာမန် ကြယ် ၅ ပွင့် လျှို့ဝှက်နည်းစနစ်က ပေးတဲ့ ချီအတွင်းအားတွေထက်ကို အများကြီး သာလွန် နေပါတယ်။ အကယ်၍ လီဖူချန်းကသာ အားကုန်သုံးပြီး တိုက်ခိုက်လိုက်ပါက ကျင်ရုတုံဟာ ဓားကွက် တစ်ကွက်တည်းနဲ့ သေသွားမှာ အသေအချာပါပဲ။

လီဖူချန်းက သူ့ရဲ့ ပထမတစ်ခေါက် ဓားချက်မှာ ချီအတွင်းအား ၅၀ ခိုင်နှုန်းကိုသာ အသုံးပြုခဲ့တာ့ပါ။ အဲဒါကိုတောင်မှ ကျင်ရုတုံက ခြေလှမ်း ၁၀ လှမ်း ဆုတ်ပေးခဲ့ ရပါတယ်။

“ပျက်စီးစမ်းကွာ”

လီဖူချန်းက  အားကုန်သုံးပြီး ရိုက်ချလာတဲ့ ကျင်ရုံတုံရဲ့ ကျာပွတ်ရိုက်ချက်ကို  ဓားချီတွေနဲ့ ပြန်တိုက်လိုက်ပါတယ်။ သူ အသုံးပြုထားတဲ့ ချီ အတွင်းအား ကတော့ ၅၀ ရာခိုင်နှုန်း ဖြစ်နေဆဲပါပဲ။

ဝုန်း ...

ကျင်ရုတုံရဲ့ ရွှေရောင် သက်တန့်နဂါးကြီးနဲ့ သူ့ရဲ့ အနီရင့်ရောင် ဓားချီတွေဟာ တစ်ပြိုင်တည်း ပေါက်ကွဲ သွားခဲ့ပါပြီ။ သည်တစ်ကြိမ်မှာတော့ လီဖူချန်က အနည်းငယ်သာ အသာစီး ရလိုက်ပါတယ်။

“မဖြစ်ဘူး ... မဖြစ်ဘူး … ။ မင်းရှုံးမှ ရမယ် ... မင်း ရှုံးကိုရှုံးမှ ရမယ်”

ကျင်ရုတုံက အရူးတစ်ယောက်လို ဖြစ်နေပါပြီ။ သူက သူ့ကိုယ်သူ ခုခံဖို့တောင် မပြင်ဆင်ထားတော့ဘဲ လီဖူချန်းကို သွေးရူးသွေးတန်း အဆက်မပြတ် တိုက်ခိုက်နေပါတယ်။

ဒါပေမဲ့ လီဖူချန်းရဲ့ အသိစိတ် အာရုံအောက်မှာတော့ ကျင်ရုတုံရဲ့ တိုက်ခိုက်မှုတွေဟာ  မီးပုံထဲကို ဝင်တိုးတဲ့ ပိုးဖလံတွေလိုပါပဲ။ ကျင်ရုတုံရဲ့ သွေးရူးသွေးတန်း တိုက်ခိုက်မှုက  လီဖူချန်းကို တစ်ချက်ကလေးတောင် မထိခဲ့ပါဘူး။

သိုင်းကွက် ၂၀ ... သိုင်းကွက် ၄၀ ... သိုင်းကွက် ၅၀ ...

ကျင်ရုတုံရဲ့ သိုင်းကွက်တွေက တဖြည်းဖြည်း ပုံပျက်လာသလို  လှုပ်ရှားမှု တွေကလည်း နှေးကွေး လာခဲ့ပါပြီ။

“မီးတောက်မိစ္ဆာရဲ့ အသည်းနှလုံး”

ထိုအခိုက်မှာပင် လီဖူချန်းရဲ့ လက်ထဲက ဓားနက်ကြီးက လျှပ်ပြက်သလို လှုပ်ရှားပြီး ကျင်ရုတုံကို တိုက်ခိုက်လိုက် ပါတော့တယ်။

ဖောက်

“အား …”

လီဖူချန်းရဲ့ ဓားချီတွေက ကျင်ရုတုံရဲ့ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားခဲ့ပါပြီ။

“အား … ပါး … ပါး ... ။ ကြောက်စရာ ကောင်းလိုက်တာ …။ သည်လို လူမျိုးကိုမှ မကြောက်ရင်တော့ ကြောက်စရာ မရှိတော့ဘူး။ သည်လီဖူချန်း ဆိုတဲ့ကောင်က ဝှက်ဖဲတွေ အပြည့်နဲ့ပဲ။  တကယ်လို့သူသာ ငါ့ရဲ့ရန်သူ ဆိုရင်တော့  ငါက  ကမ္ဘာဆုံး အထိကို ပြေးမှာ”

လူတိုင်းရဲ့ မျက်လုံးထဲမှာတော့ လီဖူချန်းဟာ ကြောက်စရာကောင်းတဲ့ တည်ရှိမှုတစ်ခုပါပဲ။

“ဟူး”ချီယန်က ခေါင်းကိုသာ ခါယမ်းနေပါတော့တယ်။

ကျင်ရုံတုံက နောက်ထပ်တစ်ပွဲ ထပ်ရှုံးပြန်ပါပြီ။

ကျင်ရုတုံရဲ့ ရှုံးပွဲက သူနဲ့ ဘာမှ မဆိုင်ပေမဲ့လည်း ကြယ်ဘုရင် တစ်ယောက်ရဲ့ အရှုံးဖြစ်နေတာက နည်းနည်းတော့ နေရခက်တာ အမှန်ပါပဲ။

ကြယ်ဘုရင်သုံးပါး ... ။

ကြယ်ဘုရင် တစ်ယောက်ရဲ့ အနိုင်က အခြား ၂ ယောက်ကို ဂုဏ်တက်စေသလို ကြယ်ဘုရင်တစ်ပါးရဲ့ အရှုံးကလည်း အခြား၂ ယောက်ကို ထိခိုက်စေသည် မဟုတ်ပါလား။

“ကျင်ရုတုံ ... သည်ကောင်တွေကို ငါ ဆုံးမလိုက်ပါ့မယ်။ ငါတို့ ကြယ်ဘုရင် ၃ ပါးရဲ့ ဂုဏ်သိက္ခာက မင်းကြောင့် ကျသွားလို့ မဖြစ်ဘူး”

ချီဟန်က စိတ်ထဲက  ကြိမ်းဝါးလိုက်ပါတယ်။

“သည်ကောင်က ဘာလို့ အစွမ်းထက်လွန်း နေရတာလဲ”

ရှဟိုရှီကတော့ စိတ်ပျက်လက်ပျက်ကို ညည်းတွား နေပါတော့တယ်။

ပြိုင်ပွဲ မစခင်တုန်းကတော့ သူက လီဖူချန်းကို သားကောင် တစ်ကောင်အဖြစ် သဘောထားခဲ့တာပါ။  အခုတော့ သူ့ရဲ့ သားကောင်က သူကိုယ်တောင် ကြောက်ရွံ့နေရတဲ့ နဂါးတစ်ကောင် ဖြစ်လာခဲ့ပါပြီ။

ကျင်ရုတုံကို အနိုင်ယူပြီး နောက်မှာတော့ လီဖူချန်းက ၉၅ ပွဲဆက်တိုက်  အနိုင်ရသူ ဖြစ်လာခဲ့ပါတယ်။ သူ့လိုမျိုး ရှုံးပွဲမရှိ အနိုင်ယူထားနိုင်သူတွေ ကတော့ သိပ်မများလှပါဘူး။ သူကိုယ်တိုင် အပါအဝင်မှ ၄ ယောက်သာ ရှိပါတော့တယ်။ ကျန်တဲ့ ၃ ယောက်ကတော့ မိုးကြိုးကြယ်ဘုရင် စီးတုလေ့၊ မရွေ့လျားသော ကြယ်ဘုရင် ချီဟန်နဲ့ နဂါးဓားသခင်လေး ချူးယီတို့ပါပဲ။

လီဖူချန်းက လွဲပြီး ကျန်တဲ့ ၃ ယောက်ကတော့ ကျားနဂါးစာရင်းရဲ့ ထိပ်ဆုံး ၄ ယောက် အဆင့်ကို ဝင်နိုင်ဖို့ သေချာနေပါပြီ။ အကယ်၍ လီဖူလျန်းကသာ ထိပ်ဆုံး ၄ ယောက် အဆင့်ထဲကို ဝင်ချင်တယ် ဆိုရင်တော့ သူ့အနေနဲ့ ကျင်းရိုလုကို အနိုင်ယူပြ ရပါဦးမယ်။

လီဖူချန်းရဲ့ ၉၈ ပွဲမြောက်မှာတော့   သူဟာ ကျင်းရိုလုနဲ့ ထိပ်တိုက် တွေ့ပါတော့တယ်။

ကျင်းရိုလုရဲ့ စိတ်လှည့်စားခြင်း သိုင်းပညာဖြစ်တဲ့ ကောင်းကင်ကကြိုးဟာ တန်ကျင်းယွန်နဲ့ ကျင်ရုတုံ တို့ကိုတောင်မှ အနိုင်ယူခဲ့တာပါ။ ချူးယီတောင်မှ အသံလှိုင်း သိုင်းပညာကြောင့် ကျင်းရိုလုကို အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။

အဲသည်အတွက် လူတွေအားလုံးဟာ လီဖူချန်းနဲ့ ကျင်းရိုလုတို့ရဲ့ တိုက်ပွဲကို အကြိတ်အနယ် ဖြစ်လာလိမ့်မယ်လို့ မျှော်လင့် နေကြပါတယ်။

ဒါပေမဲ့ လီဖူချန်း အမြင်မှာတော့ ကျင်းရိုလုဟာ သိပ်ပြီး အားကောင်းတဲ့ ပြိုင်ဘက် မဟုတ်ပါဘူး။ သူမက တန်ကျင်းယွန်ထက်တောင် အားနည်းပါသေးတယ်။

တိုက်ပွဲစပြီ ဆိုတာနဲ့ ကျင်းရိုလုက သူမရဲ့ စိတ်လှည့်စားခြင်း အတတ်ပညာကို သုံးပြီး လီဖူချန်းကို အကဲစမ်း လိုက်ပါတယ်။

အံ့သြစရာပါပဲ။ သူမရဲ့ စိတ်လှည့်စားမှု အတတ်ပညာက လီဖူချန်း အပေါ်မှာ ဘာအကျိုးသက်ရောက်မှုမှ မရှိခဲ့ပါဘူး။ လီဖူချန်းက ညနေခင်း မြစ်ကမ်း နံဘေးမှာ လေညင်းခံ ထွက်လာသည့်ပုံဖြင့် ပြုံးပြုံးကြီး သူမကို ကြည့်နေပါတယ်။

***

All Chapters