← Chapters

ချူးယီနဲ့ တွေ့ပြီ

Vol. 23 Ch. 313

ချူးယီနဲ့ တွေ့ပြီ

Vol. 23 Ch. 313

“ဒါကြောင့်လည်း နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးက သူ့ကို လက်ရင်း တပည့်အဖြစ် ရွေးချယ် လိုက်တာကိုး …”

ကျင်းရိုလုရဲ့ စိတ်တွေက  အတော်လေး လေးလံ သွားခဲ့ပါတယ်။ သူမရဲ့ မသိစိတ်က အစောကြီး ကတည်းက လီဖူချန်းကို သတိပေး နေခဲ့တာပါ။ သည်ကျားနဂါး ပြိုင်ပွဲမှာ သူမ  မတွေ့ချင်ဆုံး ပြိုင်ဘက်က လီဖူချန်းပါပဲ။ ကျင်းရိုလုက စီးတုလေ့နဲ့ ထိပ်တိုက် ရင်ဆိုင်ရမှာကိုတောင် မကြောက်ပါဘူး။

(note - ကျင်းရိုလုက စိတ်ဝိညာဉ်နဲ့ တိုက်ခိုက်တာဖြစ်လို့ သူမရဲ့ စိတ်ဝိညာဉ်က လီဖူချန်းရဲ့ အားကောင်းတဲ့ စိတ်ဝိညာဉ်ကို သတိပြုမိဟန် တူပါတယ်)

“ကောင်းကင်ဘုံ ကကြိုး”

ကျင်းရိုလုရဲ့ မှော်ဆန်တဲ့ စွမ်းအင်တွေ ခိုဝင် ကိန်းအောင်းနေတဲ့ ကကြိုးကတော့  စလာခဲ့ပါပြီ။ သူမရဲ့ အင်္ကျီလက်စကနေ ထွက်ပေါ်လာတဲ့ ပုံရိပ်ယောင်တွေက  အဆုံးကို မရှိတော့ သလိုပါဘဲ။

ကျင်းရိုလု ကကြိုးတစ်ကွက် ဆင်လိုက်တိုင်းမှာ  ကျောက်တုံးမဏ္ဍိုင် တွေပေါ်မှာ ရှိနေတဲ့ ပါရမီရှင် လူငယ် တော်တော်များများက မျက်လုံး ပိတ်လိုက်ကြပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ဟာ ကျင်းရိုလုရဲ့ စိတ်လှည့်စားခြင်းကို ခံရပြီး ပုံရိပ်ယောင် ကမ္ဘာထဲကို ကျရောက်သွားမှာ ကြောက်နေလို့ပါပဲ။

ကျင်းရိုလုရဲ့ မျက်နှာချင်းဆိုင်မှာ ရပ်နေတဲ့ လီဖူချန်းကတော့ သူမရဲ့ ကောင်းကင်ဘုံ ကကြိုးကို ဂရုစိုက်ပုံတောင် မရပါဘူး။ လီဖူချန်းရဲ့ မျက်လုံးတွေက ကြည်လင်ပြီး စူးရှတောက်ပ နေဆဲပါပဲ။

ကျင်းရိုလုရဲ့ ကောင်းကင်ဘုံ ကကြိုးဟာ တကယ်အစွမ်းထက်တယ် ဆိုတာကိုတော့ လီဖူချန်းအနေနဲ့ မငြင်းလိုပါဘူး။ သူမရဲ့ ကောင်းကင်ဘုံ ကကြိုးက သူ့အပေါ်မှာ သက်ရောက်မှု မရှိပေမဲ့ သူ့ရဲ့ စိတ်ဝိညာဉ်က  အရမ်းကို နိုးကြား ထက်မြက် နေတာလေ။ လီဖူချန်းအနေနဲ့ ကျင်းရိုလုရဲ့ ကောင်းကင်ဘုံ ကကြိုးဟာ ဘယ်လောက်အထိ အစွမ်းထက်လည်း ဆိုတာကို ခံစားနိုင်ပါတယ်။

“မိစ္ဆာနှင် သတ်ဖြတ်ခြင်းအရိပ်”

သံနက်ဓားချီတွေ ပါဝင်နေတဲ့ လီဖူချန်းရဲ့ ဓားကွက်ဟာ မူလကထက် ၃၀ ရာခိုင်နှုန်း ပိုအားကောင်း သွားစေပါတယ်။

ရွှီး ... ရွှီး ... ရွှီး ...

လီဖူချန်းရဲ့ ဓားချီတွေက ကျင်းရိုလုရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံ သွားခဲ့ပါပြီ။

အား ...

ကျင်းရိုလုက စူးရှစွာ အော်ဟစ်ပြီး ပုံရက်သား လဲကျသွား ပါတော့တယ်။ သူမရဲ့ ခန္ဓာကိုယ်ပေါ်မှာတော့ ဓားဒဏ်ရာတွေ  အပြည့်ပါပဲ။

ကျင်းရိုလုက လီဖူချန်းရဲ့ ပြိုင်ဘက် မဖြစ်နိုင်ပါဘူး။ သူမက လီဖူချန်းရဲ့ ဓားချက်တွေကို တစ်ဖက်သက်ကြီး လည်စင်းပြီး ခံလိုက်ရတာပါ။

“ဘာ ... ဘာလည်းဟ။ သူက ကျင်းရိုလုရဲ့ စိတ်လှည့်စားခြင်း သိုင်းပညာကို မခံရဘူးလား …”

လူတွေအားလုံးက လီဖူချန်းရဲ့ စွမ်းရည်ကို အသိအမှတ် ပြုပြီးပါပြီ။ ဒါပေမဲ့ စိတ်လှည့်စားခြင်း အတတ်ပညာက လီဖူချန်း အပေါ်မှာ ထိရောက်မှု မရှိဘူး ဆိုတာကို သိလိုက်ရတဲ့ နောက်မှာတော့ မတုန်လှုပ်ဘဲ မနေနိုင်တော့ပါဘူး။

စိတ်လှည့်စားခြင်း အတတ်ပညာတွေရဲ့ သက်ရောက်မှုကို မခံစားရတဲ့ လူတွေက နှစ်မျိုးနှစ်စားသာ ရှိပါတယ်။

ပထမ တစ်မျိုးကတော့ မွေးကတည်းက စိတ်လှည့်စားခြင်းကို ခုခံနိုင်တဲ့ အစွမ်းသတ္တိ ပါလာတဲ့  လူအမျိုးအစားဖြစ်ပြီး  ဒုတိယတစ်မျိုးကတော့ စိတ်လှည့်စားခြင်း အတတ်ပညာရဲ့ သက်ရောက်မှုကို ဥပေက္ခာ ပြုနိုင်တဲ့အထိ အားကောင်းတဲ့ စိတ်ဝိညာဉ် ပိုင်ရှင်တွေပါပဲ။

အဲသည်လူ နှစ်မျိုးနှစ်စား စလုံးက အင်မတန်ကို ကြောက်စရာကောင်းတဲ့ ပညာရှင်တွေ ဖြစ်လာလေ့ ရှိပါတယ်။

“သည်ကလေးက ဆက်ပြီး တိုးတက်နေဦးမယ် ဆိုရင်တော့ သူက ငါတို့ ပရမတ်သုံးပါး ဘုရားကျောင်းရဲ့ အကြီးဆုံး ပြဿနာကောင် ဖြစ်လာမှာပဲ”

ပရမတ်သုံးပါး ဘုရားကျောင်းရဲ့  ကျောင်းထိုင် ဆရာမကြီးတောင်မှ လီဖူချန်းကို ကြည့်ပြီး ခေါင်းကိုက်လာ သလိုလိုပါပဲ။

ပရမတ်သုံးပါး ဘုရားကျောင်းဟာ အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ ထိပ်တန်း အင်အားစုကြီး ၁၀ ခုထဲက တစ်ခုဖြစ်ပါတယ်။ သူတို့က သူတို့ရဲ့ စိတ်လှည့်စားခြင်း သိုင်းပညာကို အားကိုးပြီး သည်အခြေအနေအထိ ရောက်လာတာပါ။ သူတို့ရဲ့ စိတ်လှည့်စားခြင်း သိုင်းပညာက တစ်ဖက်လူ အပေါ်မှာ သက်ရောက်နိုင်စွမ်း မရှိဘူး ဆိုရင်တော့ သူတို့ဟာ ထိပ်တန်း အင်အားစုကြီး ၁၀ ခုထဲက ဖယ်ပေးရတော့မှာပါ။

လီဖူချန်းက ကျင်းရိုလုကို အနိုင်ယူပြီးတဲ့ နောက်မှာတော့  သူ့ရဲ့ အဆင့် ရပ်တည်မှုဟာ  ထိပ်ဆုံး ၄ နေရာ အတွင်းမှာဆိုတာ သေချာ သွားခဲ့ပါပြီ။ မိုးကြိုးကြယ်ဘုရင် စီးတုလေ့နဲ့ မရွေ့လျားသော ကြယ်ဘုရင် ချီဟန်တို့က လက်ရွေးစင် ပါရမီရှင် အချို့နဲ့ မတိုက်ရသေးဘူး ဆိုပေမဲ့ အဖြေက သိသာလွန်းပါတယ်။ သည်ကြယ်ဘုရင် နှစ်ပါးကိုတော့ ဘယ်လက်ရွေးစင် ပါရမီရှင်မှ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။

ပွဲစဉ် ၅၃၀၀ ကို အရောက်မှာတော့ မရွေ့လျားသော ကြယ်ဘုရင် ချီဟန်နဲ့ နတ်စမ်းရေ သခင်လေး တန်ကျင်းယွန်တို့  ထိပ်တိုက် တွေ့ကြပါတော့တယ်။

ထန် ... ထန် ... ထန် ...

တန်ကျင်းယွန်ရဲ့ ဝါးစိမ်းတုတ် ရိုက်ချက်တွေက ချီဟန်ရဲ့  ကိုယ်ပေါ်ကို အဆက်မပြတ် ကျရောက် သွားခဲ့ပါတယ်။  ဒါပေမဲ့ ချီဟန်က အယားတောင် ပြေတဲ့ပုံ မပေါ်ပါဘူး။ တန်ကျင်းယွန်ရဲ့ ရိုက်ချက်က ချီဟန်ကို  ဒဏ်ရာရဖို့ မပြောနဲ့။  ခြစ်ရာလေးတစ်ခု ပေါ်လာအောင်တောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

' လခွီးပဲ ... သည်ခွေးမသားက ငါ့ကို တမင်သက်သက် အရှက်ခွဲနေတာ '

တန်ကျင်းယွန် ကလည်း လူပါးတစ်ယောက်မို့ အခြေအနေကို သဘောပေါက်ပါတယ်။ သည်ချီဟန်က  ကျင်ရုတုံကြောင့် ကျဆင်းသွားတဲ့ ကြယ်ဘုရင် ဂုဏ်သိက္ခာကို ပြန်ဆည်ဖို့အတွက် သူ့ကို ပြန်မတိုက်ဘဲ ငြိမ်ခံနေတာပါ။ ကြယ်ဘုရင်တွေ နာမည်ကျော် နေတာဟာ အလကား မဟုတ်ဘူး ဆိုတာကို သက်သေပြဖို့အတွက် သူ့ကို ဓားစာခံ လုပ်ဖို့ ကြံရွယ် နေတာပါ။

“ငါအရှုံးပေးတယ်ဟေ့”

တန်ကျင်းယွန်က လျင်လျင်မြန်မြန် အရှုံးပေးလိုက်ပါတယ်။

တစ်ဖက်လူရဲ့ ရည်ရွယ်ချက်ကို သိနေမှတော့ သူက ဘာဖြစ်လို့ အရှက်ကွဲခံပြီး တိုက်နေရဦးမည်နည်း။ စောစောစီးစီး အရှုံးပေးလိုက်တာက ပိုပြီး ဂုဏ်သိက္ခာ ရှိပါသေးတယ်။

ပွဲစဉ် ၅၄၃၈ ကို အရောက်မှာ အလှည့်ကျ သူကတော့ မိုးကြိုးကြယ်ဘုရင် စီးတုလေ့ပါပဲ။ သူ့ရဲ့ ပြိုင်ဘက်ဖြစ်သူကတော့ နှင်းရေခဲနတ်မိမယ် စုလင်း ဖြစ်ပါတယ်။

“မိုးကြိုးလက်သီး”

စုလင်းဟာ အတွင်းအား ကျင့်စဉ်မှာ အဆင့် ၁၇ ရောက်နေသလို အကြိုကောင်းကင် နယ်ပယ် ပညာရှင်တစ်ယောက် ဆိုရင်လည်း မမှားပါဘူး။ ဒါပေမဲ့ စီးတုလေ့ကတော့ လက်သီးတစ်ချက်သာ ထိုးလိုက်တာပါ။

သူ့ရဲ့ လက်သီး ထွက်ပေါ်လာတဲ့ အခါမှာတော့ ကောင်းကင်တစ်ခုလုံး မိုးကြိုးပစ်သံတွေ ဆူညံသွားပြီး  မိုးကြိုးကြီးတစ်ခု ဆင်းသက် လာခဲ့ပါတယ်။  ထိုမိုးကြိုးကြီးရဲ့ ပစ်မှတ်ကတော့ စုလင်းပါပဲ။

အား ...

စုလင်းကတော့ ငယ်သံပါအောင် အော်ရင်း လွင့်ထွက်သွားခဲ့ပါပြီ။ သူမက စီးတုလေ့ရဲ့ လက်သီး တစ်ချက်ကိုတောင် မခံနိုင်ခဲ့ပါဘူး။

"ဟင် ... အတွင်းအားကျင့်စဉ် အဆင့် ၁၇ လား …”

လီဖူချန်းက ခပ်တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။

စီးတုလေ့ရဲ့ အတွင်းအား ကျင့်စဉ်က သာမန် ဆန်းကြယ် အထွတ်အထိပ်အဆင့် အတွင်းအားကျင့်စဉ် မဟုတ်ပါဘူး။ သူက မိုးကြိုးဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး အတွင်းအား ကျင့်စဉ်ဖြစ်တဲ့ မိုးကြိုးလျှပ်စီး နတ်ဘုရားကို လေ့ကျင့်ထားတာပါ။

မိုးကြိုးလျှပ်စီး နတ်ဘုရား အတွင်းအား ကျင့်စဉ်က အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးရဲ့ အကောင်းဆုံး အတွင်းအား ကျင့်စဉ် ၃ ခုထဲမှာ ပါဝင်ပါတယ်။

အဲသည်အတွက် မိုးကြိုးလျှပ်စီး နတ်ဘုရား အတွင်းအား ကျင့်စဉ်ရဲ့ အဆင့် ၁၇ က ပေးအပ်တဲ့ ချီအတွင်းအားက စုလင်းရဲ့ ချီအတွင်းအားထက် ပိုအားကောင်းမယ် ဆိုတာ အသေအချာပါပဲ။ ပြီးတော့ စီးတုလေ့ရဲ့ သိုင်းပညာအပေါ် နားလည် သဘောပေါက်မှုက စုလင်းထက် သာနေပါတယ်။

အချက်အလက် အားလုံးကို ထည့်ပေါင်း စဉ်းစားလိုက်တဲ့ အခါမှာတော့ စုလင်းတစ်ယောက် စီးတုလေ့ရဲ့ လက်သီး တစ်ချက်ကြောင့် ရှုံးသွားတာကို အံ့သြစရာ မရှိတော့ပါဘူး။

ပွဲစဉ် ၅၆၀၀ ကို အရောက်မှာတော့ ချီဟန်နဲ့ ကျင်းရိုလုတို့ တွေ့ကြပါတယ်။

ကျင်းရိုလုဟာ သူမက ချီဟန်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး ဆိုတာကို သိပေမဲ့လည်း သူမရဲ့ ကောင်းကင်ဘုံ ကကြိုးကို စမ်းသပ်ချင် နေသေးတဲ့ ပုံပါပဲ။ သူမက ချီဟန်ကို အရှုံးမပေးဘဲ တိုက်ခိုက်ဖို့ ရွေးချယ်လိုက်ပါတယ်။

သူမ ထင်ထားခဲ့တဲ့ အတိုင်းပါပဲ။ မရွေ့လျားသော ကြယ်ဘုရင် ချီဟန်တောင်မှ သူမရဲ့ ကောင်းကင်ဘုံကကြိုးကြောင့် အတော်လေး အခက်တွေ့ခဲ့ပါတယ်။

ဒါပေမဲ့ စိတ်မကောင်းစရာ တစ်ခုကတော့ ကျင်းရိုလုဟာ ချီဟန်ကို ဒဏ်ရာရအောင် တိုက်ခိုက်နိုင်ခြင်း မရှိခဲ့ပါဘူး။ ချီယန်က သူမရဲ့ ကောက်ကင်ဘုံ ကကြိုးထဲမှာ အချိန်အတော်ကြာ မှိန်းမော နေခဲ့ပေမဲ့လည်း ကျင်းရိုလုက တိုက်ခိုက်ရလွန်းလို့ လက်ညောင်းတာပဲ အဖတ်တင်ခဲ့ပါတယ်။

ချီဟန်တစ်ယောက်  တစ်ချက် သတိဝင်လာတဲ့ အချိန်မှာ ထိုးလိုက်တဲ့ လက်သီးတစ်ချက်ကိုတော့ ကျင်းရိုလုဟာ  ဘယ်လိုမှ တောင့်ခံထားနိုင်ခြင်း မရှိခဲ့ပါဘူး။

ချီဟန်ရဲ့ လက်သီးတစ်ချက်က ကျင်းရိုလုကို  လွင့်ထွက်သွား စေခဲ့တယ်လေ။

ကျင်းရိုလုက  ချီဟန်နဲ့ တိုက်ခိုက်ပြီးလို့  ကောင်းကောင်းတောင် အနားမယူလိုက်ရပါဘူး။ နောက်တစ်ပွဲမှာ သူမဟာ စီးတုလေ့နဲ့ တွေ့ရပြန်ပါတယ်။

စီးတုလေ့က အရမ်းကို အစွမ်းထက်တဲ့ အပြင် သူက ကျင်းရိုလုရဲ့ စိတ်လှည့်စားခြင်း အတတ်ပညာကို ကြုံခဲ့ဖူးပါတယ်။

လက်သီးတစ်ချက် ...

တကယ်ကို လက်သီးတစ်ချက်ပါပဲ။

စီးတုလေ့ရဲ့  လက်သီးချက် ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် ကောင်းကင်ကနေ မိုးကြိုးတွေ ကျဆင်းလာပြီး ကျင်းရိုလုကို သွေးအန်စေခဲ့ပါတယ်။

စီးတုလေ့ရဲ့ နောက်ထပ်တစ်ပွဲမှာ တွေ့ရတဲ့ ပြိုင်ဘက်ကတော့ ကျာပွတ်ဘုရင် ကျင်ရုတုံပါပဲ။

ကျင်ရုတုံကိုလည်း စီးတုလေ့က လက်သီးတစ်ချက်နဲ့တင် အနိုင်ယူလိုက် ပြန်ပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ ကြယ်ဘုရင်တွေ ဆိုပေမဲ့ အစွမ်းအစချင်းမှာတော့ သိသိသာသာကြီးကို ကွာခြားလွန်း လှပါတယ်။

ကျင်ရုတုံဟာ စီးတုလေ့ထက် အများကြီး နိမ့်ကျတယ် ဆိုတာကို သည်လက်သီးချက်က သက်သေပြ သွားခဲ့ပါပြီ။

စီးတုလေ့ရဲ့ အမြင်မှာတော့ ကျင်ရုတုံ၊ စုလင်းနဲ့ ကျင်းရိုလုတို့ဟာ တစ်တန်းစားတည်းပါပဲ။

“ ကြောက်စရာကြီးဟေ့ ... ။ စီးတုလေ့က တကယ်ပဲ အစွမ်းထက်လွန်းတယ်”

“ချီဟန်ရဲ့ ခံနိုင်ရည်ကိုလည်း ထည့်ပြောပါဦးကွာ…။ ကြည့်ရတာ စီးတုလေ့ တစ်ယောက်ပဲ ချီဟန်ကို ဒဏ်ရာရအောင် လုပ်နိုင်မှာကွ။ လီဖူချန်းနဲ့ ချူးယီတို့ကတော့ ဘယ်လို နည်းလမ်း သုံးပြီး ချီဟန်ကို ရင်ဆိုင်မလဲ ဆိုတာ ငါအရမ်း သိချင်နေပြီကွာ”

“အတူတူပဲဟေ့။ ငါလည်း အဲသည်ကိစ္စကို အရမ်း သိချင်နေတာ”

ကျားနဂါး ပြိုင်ပွဲရဲ့ အရှိန်ကတော့ တကယ့် အထွတ်အထိပ်ကို ရောက်နေပါပြီ။  လူတွေအားလုံးဟာ အသက်ကိုတောင် ပြင်းပြင်း မရှူရဲတော့ပါဘူး

သည်တစ်ခေါက် ကျားနဂါးပြိုင်ပွဲဟာ မဟာပညာရှင်တွေ ပျောက်ဆုံးသွားပြီး နောက်ပိုင်းမှာ  ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ပြိုင်ပွဲလို့ သတ်မှတ်နိုင်ပါပြီ။ ပြိုင်ပွဲမစခင် ထွက်ပေါ်နေတဲ့ တဘောင်တွေဟာ တကယ်ပဲ မှန်ကန်ခဲ့ပါတယ်။

အရင်တစ်ခေါက် ပြိုင်ပွဲမှာတော့ စီးတုလေ့နဲ့ ချီဟန်တို့ နှစ်ယောက်ဟာ ပြိုင်ဘက် မှန်သမျှကို အသာအယာ  ဖိနှိပ်ပြီး အနိုင်ယူခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ လုံးဝကို ပြိုင်ဘက်မရှိ အစွမ်းအထက်ဆုံးပါပဲ။

ကျင်ရုတုံ ... ။

ကျင်ရုတုံကတော့  မတူပါဘူး။ သူက ကံကောင်းလို့သာ ကြယ်ဘုရင် ဖြစ်လာခဲ့တာပါ။ အရင်တစ်ခေါက်မှာ ဝင်ပြိုင်တဲ့ ပြိုင်ပွဲဝင်တွေဟာ  အသက်ငယ် နေသေးတဲ့အတွက် ကျင်ရုတုံက ကြယ်ဘုရင် ဖြစ်လာခဲ့တာ ဆိုရင်လည်း မမှားပါဘူး။

သည်တစ်ခေါက် ပြိုင်ပွဲမှာတော့  ပြိုင်ဘက်တွေကို ဖိနှိပ်ပြီး လွှမ်းမိုး အနိုင်ယူနိုင်တဲ့ လူတွေက လေးယောက်တောင် ဖြစ်လာခဲ့ပါပြီ။

လီဖူချန်းနဲ့ ချူးယီကလည်း ရှုံးပွဲမရှိ တိုက်ခိုက်ပြီး သူတို့ရဲ့ အစွမ်းအစတွေကို ထုတ်ပြလာခဲ့သည် မဟုတ်ပါလော။

ကျောက်တုံးမဏ္ဍိုင်တွေ ပေါ်မှာတော့ ရေနဂါးကြီး လေးကောင်ဟာ တစ်ကောင်နဲ့ တစ်ကောင် မာန်ဖီပြီး   ချီအရှိန်အဝါတွေကို  အပြိုင်အဆိုင် ထုတ်လွှတ် နေကြပါတယ်။

သည်ရေနဂါးကြီး လေးကောင်ရဲ့ အောက်ပိုင်းကတော့ ပိုမိုထင်ရှားလာပြီး အစစ်အမှန် နဂါးတွေနဲ့တောင် ဆင်တူနေပါပြီ။

“ငါတို့  မိုးပြာရောင်ဂိုဏ်းရဲ့ တပည့်တစ်ယောက်က သည်အဆင့်အထိ ရောက်လာလိမ့်မယ်လို့ ငါတစ်ခါမှ မတွေးခဲ့မိဘူး”

ဇောင်ဝူကျင်းက အခုချိန်အထိ  ဖြစ်လာတာတွေကို မယုံကြည်နိုင် သေးပါဘူး။ ကျားနဂါးပြိုင်ပွဲ အစမှာတော့ သူဟာ လီဖူချန်းကို ထိပ်ဆုံး အယောက် ၃၀ ဒါမှမဟုတ် ထိပ်ဆုံး အယောက်၂၀ အတွင်းသာ ဝင်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားခဲ့တာပါ။ ဒါပေမဲ့ အခုတော့ လီဖူချန်းက သူ့ရဲ့ ခန့်မှန်းချက်ကို ကျော်လွန်ပြီး အတော်ဆုံး ၄ ယောက် စာရင်းထဲကိုတောင် ဝင်သွားခဲ့ပါပြီ။

ပြီးတော့ လီဖူချန်းက ကြယ်ဘုရင် အသစ်တစ်ပါး ဖြစ်လာဖို့ အတွက်တောင် မျှော်လင့်ချက် ရှိနေပါသေးတယ်။

“ဘယ်သူကကော အနာဂတ်ကို ကြိုမြင်နိုင်ပါ့မလဲ ... ။ ငါတို့အားလုံးဟာ ကံကြမ္မာ မြစ်ကြီးထဲမှာ ကူးခတ်နေကြတဲ့ ငါး၊ ပုဇွန်လေးတွေပဲ မဟုတ်ဘူးလား”

အိုးရန်ဝမ်းထင်က  ခပ်တိုးတိုး ရေရွတ် လိုက်ပါတယ်။

သူ့ရဲ့ ဘေးနားမှာရှိတဲ့  အထွဋ်ခေါင်ချုပ် အကြီးအကဲ နှစ်ယောက်ကလည်း ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံနေပါတယ်။

သူတို့ဟာ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေပါပဲ။ ဒါပေမဲ့ ကံကြမ္မာရဲ့ ရှေ့မှောက်မှာတော့ သူတို့ဟာ ပုရွက်ဆိတ်သာသာက လွဲပြီး ဘာမှ မဟုတ်တော့ပါဘူး။

အခြားလူ တစ်ယောက်ရဲ့ အနာဂတ်ကို ကြိုသိနိုင်ဖို့ ဆိုတာ လုံးဝကို ခဲယဉ်းလွန်းပါတယ်။ အထူးသဖြင့် လီဖူချန်းလို  ပါရမီရှင် တစ်ယောက်ကိုပေါ့။

ဝုန်း ဟူး ... ဟူး ...

လီဖူချန်းရဲ့ ပွဲစဉ် ၁၀၁ ကတော့  ရောက်ရှိလို့ လာခဲ့ပါပြီ။ သူ့ရဲ့ ကျောက်တုံးမဏ္ဍိုင်က  တဖြည်းဖြည်း နိမ့်ဆင်း လာခဲ့ပါတယ်။

အခြားတစ်ဖက်မှာလည်း ချူးယီရဲ့ ကျောက်တုံးမဏ္ဍိုင်က နိမ့်ဆင်း လာခဲ့ပါပြီ။

သည်တစ်ကြိမ် တိုက်ခိုက်ရမဲ့ သူနှစ်ယောက်ကတော့ လီဖူချန်းနဲ့ချူးယီတို့ပါပဲ။

သူတို့နှစ်ယောက်ဟာ လေထဲမှာတင် တစ်ယောက်နဲ့ တစ်ယောက် စိုက်ကြည့်လိုက်ပြီး အကြည့်တိုက်ပွဲလေး တစ်ခုကို အရင် စတင်နေပါပြီ။

ဂါး … ဂရား ...

သူတို့ရဲ့ ကျောက်တုံးမဏ္ဍိုင်တွေကနေ ထွက်ပေါ်နေတဲ့ ရေနဂါးကြီး နှစ်ကောင်ကလည်း အပြန်အလှန် ဟိန်းဟောက်ပြီး တစ်ကောင်နဲ့ တစ်ကောင်  ဖိနှိပ်ဖို့ ကြိုးစား နေကြပါတယ်။

***

All Chapters