ဓားသွေးကြောများ
Vol. 23 Ch. 314
ဖတ် ... ဖတ် …
သူတို့နှစ်ယောက်စလုံးဟာ စက်ဝိုင်းပုံ သိုင်းစင်မြင့်ပေါ်ကို ပြိုင်တူနီးပါး ရောက်လာကြပါတယ်။
“ကောင်းကင်နဂါးသိုင်း ... ။ ကောင်းကင်နဂါးရဲ့ အလိုဆန္ဒ”
ချူးယီက အပိုစကားတွေ မပြောချင်သလို လီဖူချန်းရဲ့ အစွမ်းကို စမ်းသပ်ချင်ပုံလည်း မရပါဘူး။ သူက တိုက်ပွဲစပြီ ဆိုတာနဲ့ တစ်ပြိုင်နက် သူ့ရဲ့ ကောင်းကင်နဂါး ဓားသိုင်းကို ထုတ်ပြီး တိုက်ခိုက်ပါတော့တယ်။ မရေမတွက်နိုင်တဲ့ ဓားအလင်းတန်းတွေဟာ ရွှေရောင်နဂါးကြီးအဖြစ် ပြောင်းသွားပြီး လီဖူချန်းဆီကို ပြေးဝင်သွားခဲ့ပါပြီ။
“ဟာ ... ချူးယီရဲ့ သည်ဓားကွက်က ရွှေကျာပွတ် ကြယ်ဘုရင် ကျင်ရုတုံနဲ့ တိုက်ခိုက်တုန်းကထက် ပိုပြင်းထန်နေပါလား …”
“ငါကြားတာတော့ ချူးယီက ကြယ် ၆ ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ဖြစ်ရုံသာ မကသေးဘူးကွ။ သူက ဓားသွေးကြော တွေကိုလည်း ပိုင်ဆိုင်ထားသေးတယ်တဲ့။ အဲသည် ဓားသွေးကြောတွေက သူ့ရဲ့ဓားသိုင်းကို အထောက်အကူ ပေးနိုင်တဲ့ အစွမ်းသတ္တိ ရှိတယ်”
“သည်အတိုင်းဆိုရင်တော့ ချူးယီနဲ့ ပတ်သက်တဲ့ ကောလာဟလတွေက မှန်နေတာပဲ”
လူတွေ တော်တော်များများက ချူးယီရဲ့ အကြောင်းကို ဆွေးနွေး နေကြပါပြီ။
၁၀၈ ကွက် မဟာဝင်္ကပါရဲ့ အပြင်ဘက်မှာ ရှိနေတဲ့ ကောင်းကင်နဂါးဓား ဂိုဏ်းချုပ်ကြီးကတော့ နှုတ်ခမ်းလေး တွန့်ရုံမျှ ပြုံးလိုက်ပါတယ်။
ပင်ကိုအထုံ ပါရမီချင်း ယှဉ်မယ်ဆိုရင်တော့ ချူးယီက အခြားသော လက်ရွေးစင် ပါရမီရှင်တွေနဲ့ သိပ်မကွာလှပါဘူး။
ဒါဆိုရင် ဘာဖြစ်လို့ ချူးယီဟာ နှစ်ထောင်ပေါင်း များစွာမှာမှ တစ်ယောက်သာလျှင် ပေါ်ထွန်းတဲ့ ပါရမီရှင်ဟု မိုးကြိုးဂိုဏ်းက သတ်မှတ်ထားခြင်းကို ခံရတာလဲ။
ရှင်းပါတယ်။ ချူးယီဟာ ဓားသွေးကြောတွေနဲ့အတူ မွေးဖွားလာခဲ့တဲ့ လူတစ်ယောက် ဖြစ်နေလို့ပါပဲ။
ဓားသွေးကြော ပိုင်ရှင်တွေဟာ နှစ်ပေါင်းထောင်ပေါင်း များစွာကြာမှ တစ်ယောက်စ နှစ်ယောက်စသာ မွေးဖွားလာလေ့ ရှိတာပါ။ ဓားသွေးကြောတွေဟာ လုပ်ယူလို့ မရပါဘူး။ အဲသည် သွေးကြောတွေဟာ ပိုင်ရှင်နဲ့အတူ တပါတည်း မွေးဖွားလာကြတာပါ။ သူတို့ဟာ ဓားသိုင်းလေ့ကျင့်ရာမှ အထောက်အကူပြုသလို ဓားတာအိုကို နားလည်နိုင်စွမ်း ရှိစေပါတယ်။ ပြီးတော့ ဓားသိုင်းရဲ့ စွမ်းရည်ကိုလည်း ပိုပြီး ကောင်းမွန်စေပါတယ်။
ပိုပြီးတော့ ကြောက်စရာ ကောင်းတာကတော့ သည်ဓားသွေးကြောတွေဟာ အားနည်းသွားခြင်း မရှိဘဲ ပိုပိုပြီးတော့ အားကောင်း လာတတ်တာပါပဲ။
ပိုင်ရှင်ရဲ့ ကျင့်ကြံမှုနယ်ပယ် အဆင့်မြင့်လာတာနဲ့ အမျှ ဓားသွေးကြောတွေ ဟာလည်း တဖြည်းဖြည်း နိုးထလာပါတယ်။ ပြီးတော့ သူတို့ဟာ ကြောက်စရာ ကောင်းတဲ့ ဓားတာအို စွမ်းအားကိုလည်း ထုတ်လွှတ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် ဟိုးရှေးခေတ်တုန်းက သည်ဓားသွေးကြော ပိုင်ရှင်တွေကို အနာဂတ် ဓားတာအိုသခင်တွေလို့ ခေါ်ဝေါ်ခဲ့ကြတာပါ။
ချူးယီရဲ့ အားကောင်းလွန်းတဲ့ ဓားချက်နဲ့ အတွေ့မှာတော့ လီဖူချန်းက သံနက်ဓား အဆီအနှစ် စွမ်းအားကို ၇၀ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်ပါတယ်။
သံနက်ဓားချီတွေထဲမှာတော့ သက်ရှိအားလုံးကို သတ်ဖြတ်မည့် မိစ္ဆာနတ်ဘုရားရဲ့ ဓားကနေ ထွက်လာသည့်အလား သတ်ဖြတ်ခြင်း အရှိန်အဝါတွေ ကိန်းအောင်း လာခဲ့ပါပြီ။ အဲသည်သံနက် ဓားချီတွေဟာ အရှိန်အဟုန် ပြင်းစွာဖြင့် ပြေးဝင်လာတဲ့ ရွှေရောင်နဂါးကြီးကို ထိပ်တိုက် ရင်ဆိုင်လိုက်ပါတယ်။
ထန် … ထန် … ထန် ...
လီဖူချန်းအပေါ်ကိုတော့ ရွှေရောင်ဓား အလင်းတန်းတွေဟာ မိုးရွာချလိုက်သလို ရွာကျလာခဲ့ပါပြီ။ ဒါပေမဲ့ လီဖူချန်းရဲ့ အနီရင့်ရောင် သံနက် ဓားချီတွေကလည်း အဲသည် ရွှေရောင် ဓားအလင်းတန်းတွေကို တစ်ခုမကျန် ဖျက်ဆီးပစ် နေပါတယ်။
“သည်ကောင်က ငါ့ရဲ့ ဓားကွက်ကို ခုခံနိုင်တာလား”
ချူးယီရဲ့ မျက်နှာက လေးနက် တည်ကြည် သွားခဲ့ပါပြီ။
ရွှေကျာပွတ်ကြယ်ဘုရင် ကျင်ရုတုံနဲ့ တိုက်ခိုက်တုန်းကတောင်မှ သူဟာ ဓားသွေးကြောတွေရဲ့ အစွမ်းကို အနည်းငယ်သာ သုံးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ လီဖူချန်းနဲ့ အတွေ့မှာတော့ သူက ဓားသွေးကြောတွေရဲ့ အစွမ်းကို အကုန်အစင် အသုံးပြုပြီး တိုက်ခိုက်ခဲ့တာပါ။
“သည်လေးယောက်ရဲ့ အစွမ်းကတော့ ငါတို့နဲ့ ယှဉ်လိုက်ရင် အဆင့်တစ်ဆင့်လောက် ကွာခြားနေပြီ”
လူငယ်တွေဟာ လီဖူချန်းနဲ့ ချူးယီတို့ရဲ့ တိုက်ခိုက်ပုံကို ကြည့်ပြီး သိမ်ငယ်လာသလို ခံစားနေရတဲ့ ပုံပင်။
သူတို့ရဲ့ အမြင်မှာတော့ ချူးယီနဲ့ လီဖူချန်းတို့ဟာ စီးတုလေ့နဲ့ ချီဟန်ကိုတောင် ယှဉ်နိုင် နေလောက်ပါပြီ။ သူတို့နှစ်ယောက်ဟာ စီးတုလေ့ထက် အနည်းငယ် အားနည်းနိုင်ပေမဲ့ ချီဟန်နဲ့ ယှဉ်ရင်တော့ လုံးဝကို နိမ့်ကျ မနေပါဘူး။
အစောပိုင်းတုန်းက လီဖူချန်းနဲ့ ချူးယီ ထုတ်သုံးသွားတဲ့ ဓားစွမ်းရည်ဟာ သေချာပေါက် ချီဟန်ရဲ့ ခံစစ်ကို ဖျက်ဆီးနိုင်ပါတယ်။
ချီဟန်ရဲ့ မျက်နှာကတော့ သိပ်ပြီးတော့ မကောင်းလှပါဘူး။
သူကလည်း လီဖူချန်းနဲ့ ချူးယီရဲ့ ဓားချက်တွေဟာ သူ့ရဲ့ ခံနိုင်ရည်ထက် ကျော်လွန်နေတယ် ဆိုတာကို သတိပြုမိနေတယ်လေ။ သည်အဓိပ္ပာယ်က လီဖူချန်းနဲ့ ချူးယီဟာ သူ့ကို အနိုင်ယူဖို့ အခွင့်အရေး ရှိနေတယ် ဆိုတာနဲ့ အတူတူပါပဲ။
“လီဖူချန်း ... မင်းက ငါ့ကို အစွမ်းကုန် တိုက်ခိုက် လာနိုင်အောင် လှုံ့ဆော်ပေးနိုင်တဲ့ ပထမဦးဆုံး လူပဲ။”
ချူးယီက အသက်ကို တဝကြီး ရှူလိုက်ပြီး သူ့ရဲ့ ဓားသွေးကြောတွေကို ကန့်သတ်ချက်အထိ ရောက်သွားအောင် ဖိအားပေးလိုက်ပါတယ်။
တကယ်လို့ တစ်စုံတစ်ယောက်ကသာ ချူးယီရဲ့ ခန္ဓာကိုယ်ကို ဖောက်ထွင်းပြီး ကြည့်နိုင်မယ် ဆိုရင်တော့ သူ့ရဲ့ သွေးကြောတွေဟာ သာမန်လူတွေနဲ့ မတူဘဲ ရွှေရောင်ဖျော့ဖျော့ ဖြစ်နေတာကို မလွဲဧကန် တွေ့မြင်ရမှာပါ။ သည်သွေးကြော တွေကတော့ ဒဏ္ဍာရီထဲက ဓားသွေးကြောတွေ ဆိုတာ သေချာလွန်းနေ ခဲ့ပါပြီ။
ဓားသွေးကြောတွေမှာ အထူးဂုဏ်သတ္တိ တစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ အတွင်းဒဏ်ရာတွေကို အလျင်အမြန် ပြန်ကောင်းစေတာပါ။
ပညာရှင်နှစ်ယောက် တိုက်ခိုက်ကြပြီ ဆိုရင် အနည်းနဲ့ အများတော့ အတွင်းဒဏ်ရာ ရကျမှာပါပဲ။ အတွင်းဒဏ်ရာ အများစုကတော့ သွေးကြောတွေနဲ့ ခန္ဓာကိုယ် အတွင်းပိုင်း ကလီစာတွေကို ထိခိုက်စေတတ်ပါတယ်။
ဒါပေမဲ့ ချူးယီကတော့ သည်ကိစ္စအတွက် ပူနေစရာ မလိုပါဘူး။ သူက စိတ်ရှိတိုင်းကို တိုက်ခိုက်နိုင်ပါတယ်။
ဒါပေမဲ့ ... ။
ဘယ်အရာမှ ပြီးပြည့်စုံတာ မရှိဘူးဆိုတဲ့ စကားအတိုင်း ခြွင်းချက် တစ်ခုတော့ ရှိပါသေးတယ်။ သူရဲ့ ဓားသွေးကြောတွေက အတွင်းဒဏ်ရာကို ကုသရလွန်းလို့ အစွမ်းကုန် သွားရင်တော့ အတွင်းဒဏ်ရာ မရဖို့ ဂရုစိုက်ရတော့မှာပါ။ သူ့ရဲ့ ဓားသွေးကြောတွေမှာ အစွမ်းတွေ ပြန်ပြည့်လာတဲ့ အထိကို စောင့်ရမှာ ဖြစ်ပါတယ်။
ဓားသွေးကြောတွေထဲကနေ ထွက်လာတဲ့ စွမ်းအင်တွေကလည်း ရွှေရောင် ဖျော့ဖျော့ပါပဲ။ အဲသည် စွမ်းအင်တွေက လက်မောင်းရင်းအထိ ဆန်တက်လာပြီး ရွှေရောင်ဓားကြီးထဲကို စီးဝင်သွားခဲ့ပါပြီ။
သူ့ရဲ့ ရွှေရောင် ဓားအလင်းတန်းတွေက ပိုပြီး စူးရှတောက်ပ လာသလို ဓားပေါ်မှာရှိတဲ့ ဓားအင်းကွက်ကလည်း ပိုပြီး တောက်ပ လာခဲ့ပါတယ်။
“ကောင်းကင်နဂါး ဓားသိုင်း ... ကောင်းကင်နဂါးဟိန်းသံ”
ရွှေရောင်ဓား အလင်းတန်းတွေ ကောင်းကင်ပေါ်ကို ထိုးတက်သွားပြီး မိုးကြိုးတစ်စင်း ပစ်ခတ်သည့် အရှိန်အဟုန်ဖြင့် လီဖူချန်းဆီကို ထိုးဆင်း လာကြပါပြီ။
“သည်ကလေးက ဒဏ္ဍာရီတွေက ဓားသွေးကြောတွေကို ပိုင်ဆိုင်ထားတာပဲ။ အဲဒါက သူ့ရဲ့ ဓားသိုင်းကို နှစ်ဆနီးပါး အစွမ်းထက်လာ စေလိမ့်မယ်။”
မိုးပြာရောင်ဂိုဏ်းရဲ့ အထွဋ်ခေါင်ချုပ် အကြီးအကဲ တစ်ယောက်က ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။
“သည်ကောင့်ရဲ့ ဓားသိုင်းက ဘယ်လိုဖြစ်ပြီး ပိုအားကောင်း လာရတာလဲဟ ...”
လီဖူချန်းက အနည်းငယ်တော့ ကြောင်အမ်းအမ်း ဖြစ်သွားပါတယ်။
ချူးယီရဲ့ အစွမ်းက ဘယ်လိုလုပ်ပြီး ရုတ်တရက် တိုးလာသလည်း ဆိုတာကို လီဖူချန်း အနေနဲ့ ဘယ်လိုမှ စဉ်းစားလို့ မရပါဘူး။
ဒါပေမဲ့လည်း သည်လောက်အစွမ်းက လီဖူချန်းကို အနိုင်ယူဖို့အတွက်တော့ အလှမ်းဝေးလွန်း နေပါသေးတယ်။
သံနက်ဓား အဆီအနှစ်ရဲ့ ၉၀ ရာခိုင်နှုန်းကို သူ့ရဲ့ ဓားနက်ကြီးဆီ ပို့ဆောင်လိုက်တဲ့ အခါမှာတော့ ဓားနက်ကြီးရဲ့ အငွေ့အသက်တွေဟာ အစစ်အမှန် နတ်ဆိုးတစ်ကောင်ရဲ့ ဓားအလား ဖြစ်လာပါတယ်။ ဓားနက်ကြီးထံကနေ ထွက်နေတဲ့ ဓားချီတွေကလည်း ညိုပုပ်ပုပ် သွေးအရောင်ကို ပြောင်းသွားခဲ့ပါပြီ။
လီဖူချန်းကို ကြည့်ရတာက တကယ့် ဓားနတ်ဆိုး တစ်ကောင်အလားပါပဲ။
“ပျက်စီးစမ်း”
လီဖူချန်းက သူ့ရဲ့ ဓားနက်ကြီးကို လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ရွှေရောင် ဓားအလင်းတန်းတွေကို အားရပါးရ ပိုင်းချ ပစ်လိုက်ပါတယ်။
ရွှွှီး ...
အတော်လေးကို ကြီးမားလှတဲ့ သံနက်ဓားချီ တစ်ခုဟာ ဓားနက်ကြီးကနေ ထွက်ပေါ်လာပြီး ရွှေရောင်ဓား အလင်းတန်းတွေကို တစ်စမကျန် ဖျက်ဆီး ပစ်လိုက်ပါတယ်။
“ဘာလည်း ... ။ သည်ကောင်က ငါ့ရဲ့ ဓားချီတွေကို ဖျက်ဆီး ပစ်လိုက်တာလား ...”
ချူးယီက အကြီးအကျယ် ဒေါသထွက် လာပါပြီ။
ဓားသွေးကြောတွေကနေ စွမ်းအင်တွေကို ထုတ်ယူလိုက်တိုင်းမှာ သူ့ရဲ့ ဓားသွေးကြောတွေထဲက စွမ်းအင်တွေ လျော့နည်း လာပါတယ်။ သာမန်အချိန်တွေမှာ ဆိုရင်တော့ ချူးယီက လုံလောက်တဲ့ ပမာဏ တစ်ခုအထိသာ ထုတ်ယူ သုံးစွဲလေ့ ရှိပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ ကုန်ဆုံးသွားတဲ့ ဓားသွေးကြော စွမ်းအင်တွေ ပြန်လည် ဖြည့်တင်းဖို့ အတွက် ဆိုရင် အချိန် အတော်ကြာ စောင့်ရလို့ပါပဲ။
“ငါနောက်တစ်ခါ ထပ်သုံးမှ ဖြစ်မယ်”
ချူးယီက သူ့ရဲ့ ဓားသွေးကြောတွေကို ဖျစ်ညှစ်လိုက်ပြီး စွမ်းအားတွေ ထုတ်ယူလိုက် ပြန်ပါတယ်။ ထို့နောက်မှာတော့ သူဟာ လီဖူချန်းကို နောက်ထပ် တစ်ကြိမ် တိုက်ခိုက်လိုက် ပြန်ပါတယ်။
ချူးယီအနေနဲ့ သည်အဆင့်အထိ ရောက်လာပြီးမှတော့ ဘာမှ နောက်ဆံတင်း နေစရာ အကြောင်းမရှိပါဘူး။ သူက လီဖူချန်းကို အနိုင်ယူဖို့အတွက် ရှိသမျှ နည်းလမ်းတွေကို ထုတ်သုံးသွားမှာ ဖြစ်ပါတယ်။ လီဖူချန်းက သူ့ရဲ့ ကြယ်ဘုရင် လမ်းကြောင်းအတွက် နောက်ဆုံးသော အတားအဆီး တစ်ခုပါပဲ။ လီဖူချန်းကို နိုင်လိုက်တာနဲ့ သူဟာ ကြယ်ဘုရင် ဖြစ်ပါပြီ။
ဒါက သူ့ရဲ့ ဘဝကို ပုံအောပြီး လောင်းကြေး ထပ်လိုက်တာ ဆိုရင်လည်း မမှားပါဘူး။ ချူးယီအနေနဲ့ ဓားသွေးကြော စွမ်းအားတွေကို တော်တော်များများ ထုတ်သုံး ပြီးသွားပါပြီ။ အဲသည်အတွက် ချီဟန်နဲ့ စီးတုလေ့တို့ကို တိုက်ခိုက်ဖို့ ဓားသွေးကြော စွမ်းအားတွေ မလုံလောက်တော့ပါဘူး။ ဒါကြောင့် ချူးယီဟာ လီဖူချန်းကို နိုင်မှကို ရမှာပါ။
ထန် ... ထန် ... ထန် ... ထန် ...
စက်ဝိုင်းပုံ စင်မြင့်ပေါ်မှာတော့ လီဖူချန်းနဲ့ ချူးယီဟာ အနီးကပ် တိုက်ခိုက် နေကြပါပြီ။ ဓားချီတွေကလည်း နေရာ အနှံ့မှာ ပြန့်ကျဲနေတာပါပဲ။ အခုချိန်မှာ တစ်စုံတစ်ယောက်သာ သည်စင်မြင့်ပေါ်ကို ဆင်းသွားမယ် ဆိုရင်တော့ သေချာပေါက်ကို တန်းသေသွားမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ စင်မြင့်ပေါ်မှာ ခြေချစရာ နေရာတောင် မရှိတဲ့အထိကို ဓားချီတွေ ပြည့်နှက်နေလို့ပါပဲ။
ဓားသွေးကြော စွမ်းအား ၃၀ ရာခိုင်နှုန်းသာ ကျန်ရှိတော့တဲ့ အချိန်မှာတော့ ချူးယီဟာ အနည်းငယ် တွေဝေ လာခဲ့ပါတယ်။
သည်အတိုင်း ဆက်သွားနေမယ် ဆိုရင်တော့ သူ့ရဲ့ အခြေအနေက မကောင်းတော့ပါဘူး။ လီဖူချန်း အခုချိန်အထိ သူ့ကို လက်ရည်တူ တိုက်ခိုက်နေဆဲပါပဲ။ ဒါပေမဲ့ သူကတော့ သိပ်အချိန် အကြာကြီး တိုက်ခိုက်နိုင်တော့မှာ မဟုတ်ပါဘူး။ ဓားသွေးကြော စွမ်းအင်တွေ ကုန်ခမ်းသွားပြီး ဆိုတာနဲ့ လီဖူချန်းက သူ့ကို အနိုင်ယူ သွားတော့မှာပါ။
ချူးယီ တွေဝေနေစဉ်မှာပဲ လီဖူချန်းက အခွင့်အရေး ရယူပြီး ဓားချက်တွေကို ဆက်တိုက် ထုတ်လိုက်ပါတော့တယ်။ ချူးယီက ကမန်းကတန်း ခုခံဖို့ လုပ်ဆောင်လိုက် ပေမဲ့လည်း အတော်လေး နောက်ကျသွားခဲ့ပါပြီ။
ရွှပ် ...
လီဖူချန်းရဲ့ ဓားဦးက ချူးယီရဲ့ ခန္ဓာကိုယ်မှာ ထိုးစိုက် သွားခဲ့ပါတယ်။
တိုက်ခိုက်နေစဉ်မှာ တွေဝေ သွားတာက လီဖူချန်းကို လာပါ၊ အနိုင်ယူလှည့်ပါဟု ဖိတ်ခေါ်လိုက်တာနဲ့ အတူတူပါပဲ။
“င…ငါ… ငါ ရှုံးသွားတာလား”
ချူးယီက မပီမသ ညည်းတွား လိုက်ပါတယ်။
သူက တစ်ချက်ကလေး တွေဝေ သွားခဲ့တာပါ။ ဒါပေမဲ့ အဲသည် တွေဝေမှုကပဲ သူ့ကို ရှုံးနိမ့်စေခဲ့ပါပြီ။
ဓားဘုရင် တာအိုဆိုတာက သူ့ကိုယ်သူ ဓားတွေရဲ့ အရှင်သခင်ဟု မှတ်ယူထားရမှာပါ။ သူ့ရဲ့ ရှေ့မှောက်မှာ ဆိုရင် ဓားသမား အားလုံးက ညွှတ်တွားခယ နေရပါမယ်။
ဒါပေမဲ့ အခုတော့ သူက လီဖူချန်းဆိုတဲ့ ဓားသမားရဲ့ လက်အောက်မှာ ရှုံးနိမ့် သွားခဲ့ပါပြီ။
ဒါက ချုးယီရဲ့ ဓားဘုရင်တာအိုကို အကြီးအကျယ် ထိခိုက်စေခဲ့ပါတယ်။
“ဟမ့် ... လီဖူချန်း …။ ငါ သည်ရှုံးကြွေးကို မှတ်ထားမယ်”
ချူးယီရဲ့ အမူအရာတွေက ပြန်အေးစက် သွားခဲ့သလို မျက်လုံးတွေထဲမှာလည်း ခံစားမှု အရိပ်အယောင်တွေ ရှိမနေတော့ပါဘူး။
သူ့ရဲ့ ဓားသွေးကြောတွေက ကျင့်ကြံမှု အဆင့် မြင့်လာတာနဲ့ အမျှ ပိုပိုပြီး အစွမ်းထက် လာမှာပါ။ သူ့ရဲ့ ကျင့်ကြံမှုကသာ ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ရောက်ပြီဆိုတာနဲ့ လီဖူချန်း ဆိုတာက သူ့ရဲ့ ခြေထောက်အောက်က မြေမှုန့်လေး တစ်မှုန်ပါပဲ။
လီဖူချန်းကတော့ ချူးယီရဲ့ စကားကို အဖက်တောင် မလုပ်ပါဘူး။
လောလောဆယ် သူသိတာကတော့ သူနိုင်သွားပါပြီ။ အဲသည်အတွက် သူဟာ ကြယ်ဘုရင် သုံးပါးထဲက ကြယ်ဘုရင်တစ်ပါး ဖြစ်လာတော့မှာပါ။
ဒါပေမဲ့ မေးစရာ မေးခွန်း တစ်ခုတော့ ရှိနေပါသေးတယ်။
အဲဒါကတော့ လီဖူချန်းဟာ ဘယ်ကြယ်ဘုရင် အဆင့် ဖြစ်လာမှာလဲ ဆိုတာပါပဲ။
***