← Chapters

ဓားနဲ့လူ ပေါင်းစပ်ခြင်း

Vol. 23 Ch. 315

ဓားနဲ့လူ ပေါင်းစပ်ခြင်း

Vol. 23 Ch. 315

“ငါတို့အားလုံးက နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးရဲ့ လက်ရင်းတပည့် ဆိုတဲ့ ဂုဏ်ပုဒ်ကို လျော့တွက် လိုက်မိတာပဲ။ တစ်ခါမှ လက်ရင်းတပည့် လက်မခံဘူးတဲ့ နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးကတောင် လီဖူချန်းကို လက်ရင်းတပည့်အဖြစ် လက်ခံလိုက်မှတော့ သည်လီဖူချန်းဟာ ပါရမီ အရမ်းကောင်း နေလို့ပဲ  ဖြစ်ရမှာပေါ့။ အခုပဲ ကြည့်လိုက်လေ … ။ လီဖူချန်းက အသက်၂၀ အရွယ်နဲ့  ကြယ်ဘုရင် တစ်ပါး ဖြစ်လာခဲ့ပြီ။ လက်ရွေးစင် ပါရမီရှင် အတန်းအစားထဲမှာတောင် လီဖူချန်းက ပင်ကိုပါရမီ အကောင်းဆုံးလို့ ပြောလို့ရတယ်”

“ကြယ်၁ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ကို သည်ဘက်ခေတ် လူငယ်မျိုးဆက်ထဲမှာ  နံပါတ် ၁  ပင်ကိုပါရမီ အကောင်းဆုံးလို့ ပြောချင်တာလား  ... ။  မင်းဟာက နည်းနည်းတော့ ရယ်စရာ ကောင်းမနေဘူးလား  ...”

“ရယ်စရာ ကောင်းတယ်  ... ဟုတ်လား။ ဟဟဟ  ... သည်ကမ္ဘာကြီးက ဘယ်လောက်အထိ ထူးခြားပြီး  လျှို့ဝှက် ဆန်းကြယ်သလဲ ဆိုတာကို မင်းသိရဲ့လား ... ။ အရိုးတည်ဆောက်ပုံတွေက လွဲပြီး အခြားအရေးကြီးတဲ့  အရာတွေ မရှိတော့ဘူးလို့ ထင်နေတာလား။ ငုပ်လျှိုးနေတဲ့ မွေးရာပါ စွမ်းရည်တွေ ဆိုတာ ရှိသေးတယ်ကွ။ ဥပမာ ချူးယီကို ကြည့်လိုက်  ... ။ သူ့ဆီမှာတောင် ဓားသွေးကြောတွေ ရှိနေတယ်လေ”

“မင်းပြောတာကို ငါထောက်ခံတယ်။ ရှေးဟောင်း မှတ်တမ်းတွေ အရဆိုရင် အရိုးတည်ဆောက်ပုံက အရာရာကို ကိုယ်စားပြုနေတာ မဟုတ်ဘူး။  အရိုးတည်ဆောက်ပုံ တွေထက် အရေးကြီးတဲ့ အရာအချို့ ရှိနေသေးတယ်။ ပြီးတော့ ဓားသွေးကြော တွေမှာတောင် အဆင့်တွေ ခွဲထားသေးတယ်ကွ”

“အမှန်အတိုင်း ပြောရမယ် ဆိုရင် အရိုးတည်ဆောက်ပုံ အကြောင်းကိုတောင်  ဘယ်သူမှ တိတိကျကျ နားမလည်သေးဘူးကွ။ ရှေးဟောင်း မှတ်တမ်းတွေမှာ ရေးထားတာကတော့  ငုပ်လျှိုးနေတဲ့ မွေးရာပါစွမ်းအားနဲ့ အရိုးတည်ဆောက်ပုံကို တစ်ခုတည်းအဖြစ် မှတ်ယူနိုင်တယ်တဲ့။ ဥပမာ ချူးယီကို ကြည့်လိုက်။ သူ့ရဲ့ ဓားသွေးကြောနဲ့ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံကို  ပေါင်းလိုက်မယ်ဆိုရင်  အဲဒါက ကြယ်၆ပွင့်  ဓားတာအို အရိုးတည်ဆောက်ပုံ သို့မဟုတ် ကြယ်၆ပွင့် ဓားသွေးကြော အရိုးတည်ဆောက်ပုံ ဖြစ်လာနိုင်တယ်။”

“ဒါကိုတော့ ငါသဘော မတူဘူး။ ငုပ်လျှိုးနေတဲ့ မွေးရာပါ စွမ်းရည်တွေနဲ့ အရိုးတည်ဆောက်ပုံက တစ်ခုတည်းအဖြစ် မှတ်ယူလို့ မရဘူး။ လီဖူချန်းကို ကြည့်လိုက်  ... ။ သူက ကြယ်၁ပွင့် အရိုးတည်ဆောက်ပုံပဲ ရှိတာ။ မင်းပြောတဲ့ အတိုင်း သူ့ရဲ့  ငုပ်လျှိုးနေတဲ့ မွေးရာပါ စွမ်းအားနဲ့ သူ့ရဲ အရိုးတည်ဆောက်ပုံကို ပေါင်းစပ် လိုက်ရင်တောင်မှ ကြယ်၁ပွင့် အရိုးတည်ဆောက်ပုံပဲ ရှိနေဦးမှာ။ သူ့ရဲ့ ကြယ် ၁ ပွင့် အရိုးတည်ဆောက်ပုံက ဘယ်လောက်ပဲ ကြောက်စရာ ကောင်းတယ် ပြောပြော  လီဖူချန်း အနေနဲ့ အလွန်ဆုံး အနိုင်ယူနိုင်မှ ကြယ် ၃ ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် ဒါမှမဟုတ် ကြယ် ၄ ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ပေါ့။ အခုတော့ မင်းကြည့်လိုက်လေ ... ။ လီဖူချန်းက ကြယ် ၆ ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကိုတောင် အနိုင်ယူပြီး ကြယ်ဘုရင်တစ်ပါး ဖြစ်လာပြီ။ ဒါကြောင့် ငါက   ငုပ်လျှိုးနေတဲ့ မွေးရာပါ စွမ်းရည်နဲ့ အရိုးတည်ဆောက်ပုံကို တစ်ခုတည်းအဖြစ် မှတ်ယူလို့ ရတယ် ဆိုတဲ့ အဆိုကို လက်မခံတာ”

လူတွေအားလုံးက သူတို့ရဲ့ ထင်မြင်ယူဆချက် ကိုယ်စီကို လက်ကိုင်ထားပြီး ဆွေးနွေး နေကြပါတယ်။

“စိတ်ဝင်စားစရာပဲ ... ။ သည်ကောင်လေးက ငါ့ရဲ့ တိုက်ခိုက်ချင် စိတ်တွေကို လှုံ့ဆော် ပေးနေပါလား ...”

စီးတုလေ့ရဲ့ မျက်နှာပေါ်မှာတော့ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။

ရှုံးနိမ့်တယ် ဆိုတဲ့ အရသာဟာ သိပ်ပြီး ခံစားလို့ ကောင်းလှတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ပြိုင်ဘက် တစ်ယောက်မှ မရှိတဲ့ ဘဝဟာ ပိုပြီး ဆိုးပါသေးတယ်။

စီးတုလေ့ဟာ ပြိုင်ဘက်မရှိဘဲ  ထိပ်ဆုံးမှာ ရပ်နေရတာကို ငြီးငွေ့လှပါပြီ။ အခုတော့ သူ့နေရာကို စိမ်ခေါ်နိုင်တဲ့ ပြိုင်ဘက်တစ်ယောက် ပေါ်လာခဲ့ပြီ မဟုတ်ပါလား။

“သည်ကောင့်ရဲ့ စွမ်းရည်က တကယ်ကို ကောင်းလွန်းတယ်”

ချီဟန်က လီဖူချန်းကို ကြည့်ပြီး အတော်လေး ဖိအား ဝင်နေပါတယ်။

လီဖူချန်းကို  မပြောပါနဲ့။ ချူးယီတောင်မှ သူ့ကို ဖိအား ပေးနေတာပါ။

လီဖူချန်းကို ရှုံးနိမ့်ပြီးလို့ နောက်တစ်ပွဲမှာတော့ ချူးယီဟာ ချီဟန်နဲ့ တွေ့ပါတယ်။

ချီဟန်ရဲ့ ဘွဲ့နာမည်ဟာ မရွေ့လျားသော ကြယ်ဘုရင်ပါ။ အဲသည်အတွက် သူက အစွမ်းအစ ကင်းမဲ့သူ တစ်ယောက်တော့ မဟုတ်တာ အသေအချာပါပဲ။

ချီဟန်က အရင်ပွဲတွေမှာတော့ လက်နက်မဲ့သာ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ချူးယီနဲ့ တိုက်ပွဲမှာတော့ သူဟာ သူ့ရဲ့ လက်သုံးတော် ရဲတင်းကြီးကို ထုတ်လိုက်ပါပြီ။

ဝုန်း …

ချီဟန်ဟာ သူ့ရဲ့ ရဲတင်းကြီးကို ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ ပတ်ဝန်းကျင် တစ်ခုလုံးဟာ  မုန်တိုင်းတစ်ခု တိုက်ခတ်သွားတဲ့ အတိုင်း လှုပ်ခါ သွားခဲ့ပါတယ်။

“ဒါက သည်ကောင့်ရဲ့ ခွန်အား အစစ်အမှန်လား …”

ချူးယီအနေနဲ့ ချီဟန်ကို သည်လောက်အထိ အားကောင်းလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ ချီဟန်ကလည်း သူ့ရဲ့ ခွန်အား အစစ်အမှန်ကို ဖုံးကွယ်ထားခဲ့ပုံပါပဲ။

' ကောင်းလိုက်တဲ့ ခန္ဓာကိုယ် အပြင်အား '

လီဖူချန်းတောင်မှ ချီဟန်ကို ချီးကျူး လိုက်ပါတယ်။ သူခန့်မှန်းမိသလောက် ဆိုရင်တော့ ချီဟန်ရဲ့ အပြင်အားက ကီလိုဂရမ် ၅၀၀၀၀ ကျော် ရှိပါတယ်။ ကီလိုဂရမ် ၅၀၀၀၀ အောက်တော့ လျော့စရာ အကြောင်း လုံးဝ မရှိပါဘူး။

လီဖူချန်းအနေနဲ့ လျှို့ဝှက် သွေးခန္ဓာကိုယ် ဆန္ဒကို အသုံးပြုလိုက်ရင်တောင်မှ  ကီလိုဂရမ် ၃၀၀၀၀ ကနေ ၃၅၀၀၀ ကြားမှာပဲ ရှိပါတယ်။

ခန္ဓာကိုယ် သန့်စင်မှု ဆန္ဒကို နားလည် အသုံးပြုနိုင်တဲ့ လူတွေအတွက်တော့  အပြင်အားက  သိပ်ပြီး အရေးမကြီးတော့ပါဘူး။ အဓိက အရေးကြီးတာက  ခံနိုင်ရည်ပါပဲ။

လီဖူချန်း ထင်တာကတော့ ချီဟန်ရဲ့ ခန္ဓာကိုယ် အပြင်အား သည်လောက်အထိ ကောင်းနေတာက အကြောင်းအရင်း ၂ ခုကြောင့် ဖြစ်နိုင်ပါတယ်။

ပထမအကြောင်းအရင်း ကတော့ ချီဟန်ဟာ  သူ့ရဲ့ ဆန်းကြယ် အထွတ်အထိပ်အဆင့် ခန္ဓာကိုယ် သန့်စင်မှုဆန္ဒက နောက်ဆုံး ကန့်သတ်ချက်အထိ ရောက်သွားတာ ဖြစ်ရပါမယ်။ အဲဒါက ချီဟန်ရဲ့ ခန္ဓာကိုယ် အပြင်အားကို  ၄၀၀၀၀ ကီလိုဂရမ်အထိ ရောက်သွား စေနိုင်ပါတယ်။

ဒုတိယ အကြောင်းအရင်းကတော့ ဆန်းကြယ်ကိရိယာ ဂိုဏ်းသားတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရေးထိုးထားတဲ့  အင်းကွက်တွေကြောင့် ဖြစ်ရပါမယ်။ အဲသည် အင်းကွက်တွေက ခန္ဓာကိုယ် ကြံ့ခိုင်မှုကို အားကောင်းစေသလို  ခန္ဓာကိုယ် အပြင်အား ကောင်းစေဖို့ အတွက်လည်း တစ်ဖက်တစ်လမ်းကနေ အထောက်အပံ့ ပေးနေတာ အသေအချာပါပဲ။

“အရှုံးပေးစမ်း”

ချီဟန်က သူ့ရဲ့ ရဲတင်းကြီးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး ချူးယီကို ပိုင်းချလိုက်ပါပြီ။

ချီဟန်ရဲ့ ရဲတင်း ခုတ်ချက်ကနေ ထွက်ပေါ်လာတဲ့ အရှိန်အဟုန်ဟာ တကယ်ကို အားကောင်းလွန်း လှပါတယ်။ သူ့ရဲ့ ပုဆိန်ခုတ်ချက်က ကောင်းကင်ဘုံကနေ ကမ္ဘာမြေကို ဖျက်ဆီးဖို့ စေလွှတ်လိုက်တဲ့ မိုးကြိုးတစ်စင်းလိုပါပဲ။ အရှိန်အဟုန်၊ ပြင်းထန်မှု၊ လျင်မြန်မှု စတဲ့ အရာအားလုံးဟာ သဟဇာတ ဖြစ်နေပါတယ်။

ချီဟန်ရဲ့ ရဲတင်း တိုက်ကွက်ဟာ တကယ် အားကောင်းလှတယ် ဆိုတာကိုတော့ ငြင်းစရာ မရှိပါဘူး။ ဒါပေမဲ့ သိုင်းကွက်ကို ထိန်းချုပ်နိုင်မှု အပိုင်းမှာတော့ သူက အားနည်း နေပါသေးတယ်။

သိုင်းပညာ အပေါ်မှာ နားလည်မှုနဲ့ သိုင်းကွက် ထိန်းချုပ်နိုင်မှုချင်း ယှဉ်မယ် ဆိုရင်တော့ ချီဟန်ဟာ ချူးယီကို  မယှဉ်နိုင်သေးပါဘူး။

သူတို့နှစ်ယောက်ရဲ့ သိုင်းကွက်အားချင်း တူညီနေတဲ့ အခါမှာတော့ သည်သိုင်းပညာ အပေါ်မှာ နားလည်မှုနဲ့ သိုင်းကွက်ကို ထိန်းချုပ်ပြီး တိတိကျကျ တိုက်ခိုက်နိုင်မှုက  စကားပြော သွားခဲ့ပါပြီ။

ချီဟန်က ရဲတင်း ၁၀ ခါခုတ်လို့ တစ်ခါမှ  ချူးယီကို မထိပေမဲ့  ချူးယီရဲ့ ဓားချက် ၁၀ ချက်မှာ တစ်ချက်ကတော့ ချီဟန်ကို တိတိကျကျ ထိပါတယ်။

ဒါပေမဲ့ ချူးယီရဲ့ ဓားချက်တွေက ချီဟန်ကို ဒဏ်ရာ ကြီးကြီးမားမား မရစေခဲ့ပါဘူး။  သူ့ရဲ့ ဓားချက်တွေက ချီဟန်ရဲ့ ကိုယ်ပေါ်မှာ ခြစ်ရာလေးတွေသာ ထင်စေနိုင်ခဲ့ပါတယ်။

“သည်ကောင့်ရဲ့ ခန္ဓာကိုယ်က မာလှချည်လား”

ချူးယီက အတော်လေးကို အံ့အားသင့် သွားပါတယ်။

သူက ဓားသွေးကြော စွမ်းအားကို အသုံးပြုပြီး ချီဟန်ကို တိုက်ခိုက်ခဲ့တာပါ။ ဒါပေမဲ့ သူ့ရဲ့ ဓားချက်တွေက ချီဟန်ရဲ့  ခံနိုင်ရည်ကို မကျော်လွန်နိုင်သေးပါဘူး။

“သည်အတိုင်း ဆိုရင်တော့ ငါ့ဓားသွေးကြောရဲ့ မူလစွမ်းအားကို ထုတ်သုံးမှ ရတော့မယ်”

ချူးယီက သူ့ရဲ့ ဓားသွေးကြောတွေကို ဖိအားပေးလိုက်ပြီး သူ့ရဲ့ ဓားသွေးကြော မူလစွမ်းအင်တွေ ထွက်လာအောင် လုပ်လိုက်ပါတယ်။

အမှန်အတိုင်း ပြောရမယ် ဆိုရင် ချူးယီက ဓားသွေးကြောတွေရဲ့ မူလစွမ်းအင်ကို မသုံးချင်ပါဘူး။ သည်ဓားသွေးကြောထဲမှာ မူလစွမ်းအင်တွေ ပြန်ပြည့်လာဖို့က တစ်နှစ်လောက် ကြာနိုင်ပါတယ်။ ဒါပေမဲ့ ချူးယီအနေနဲ့ ရွေးချယ်စရာ မရှိပါဘူး။ သူက လီဖူချန်းကို ရှုံးခဲ့ပြီးပါပြီ။ သူက ချီဟန်ကို အနိုင်ယူနိုင်မှသာ ကြယ်ဘုရင် ဖြစ်တော့မှာပါ။

ဓားသွေးကြော မူလစွမ်းအင်ကို သုံးလိုက်တဲ့ အခါမှာတော့ ချူးယီရဲ့ ဓားကွက်တွေဟာ ပိုပြီးတော့ ပြင်းထန် လာခဲ့ပါပြီ။

ရွှပ် … ရွှပ် … ရွှပ် … ရွှပ် …

ချီဟန်ရဲ့ ခန္ဓာကိုယ်ပေါ်မှာတော့ ဓားဒဏ်ရာတွေ ပိုများလာခဲ့ပါတယ်။ အချို့ဓားဒဏ်ရာတွေ ဆိုရင် အရိုးဖြူလေးတွေတောင် ပေါ်လာစေတဲ့ အထိပါပဲ။

“သေစမ်းကွာ”

ချီဟန်က  ကြုံးဝါးလိုက်ပြီး သူ့ရဲ့ ရဲတင်းကြီးနဲ့ ချူးယီကို ပစ်ပေါက် လိုက်ပါတယ်။

ဒါက လုံးဝကို မမျှော်လင့်ထားတဲ့ တိုက်ခိုက်မှု တစ်ခုပါပဲ။ ချီဟန်က သည်တိုက်ကွက်ကို လျှို့ဝှက်ပြီး လေ့ကျင့်ထားဟန် တူပါတယ်။

ရဲတင်းကြီးက အလင်းတန်းကြီး တစ်ခုအသွင် ပြောင်းသွားပြီး ချူးယီဆီကို တိုးဝင် သွားခဲ့ပါပြီ။

ချူးယီက ချီဟန်အနေနဲ့ အခုလို ရဲတင်းကြီးကို ပစ်ပေါက်ပြီး တိုက်ခိုက်လိမ့်မယ်လို့ ထင်မထား ခဲ့တဲ့အတွက် ဘယ်လိုမှ ရှောင်တိမ်းချိန် မရခဲ့ပါဘူး။ ချူးယီအနေနဲ့ လုပ်စရာ တစ်ခုပဲ ရှိပါတော့တယ်။ အဲဒါကတော့ သူ့ရဲ့ဓားနဲ့ ရဲတင်း အလင်းတန်းကြီးကို ခံဆောင်ဖို့ပါပဲ။

ထန် ...

ရဲတင်းကြီးနဲ့ ချူးယီရဲ့ ဓားတို့ ထိပ်တိုက် တွေ့ဆုံတဲ့ အခါမှာတော့ မီးပွားလေးတွေ ဖွာခနဲ ဖြာထွက်သွားခဲ့သလို ချုးယီကလည်း အနောက်ကို လွင့်ထွက်သွား ခဲ့ပါတယ်။

လွင့်ထွက်သွားတဲ့ အရှိန်က ဘယ်လောက်အထိ ပြင်းလဲ ဆိုရင် စက်ဝိုင်းပုံ သိုင်းစင်မြင့်ရဲ့ တစ်ဖက်အစွန်း အထိတောင် ရောက်သွားခဲ့ပါတယ်။

ယား ...

ချူးယီက အလွန်အမင်း ဒေါသ ထွက်သွားခဲ့ပုံပါပဲ။ သူက ကျန်နေသေးတဲ့  သူ့ရဲ့ ဓားသွေးကြော မူလစွမ်းအင် အကုန်လုံးကို ထုတ်ဖော်ပြီး ချီဟန်ဆီကို ပြန်ပြေးဝင် လာပါတယ်။

“မင်း သေရမယ်”

ချူးယီက ဓားရောလူပါ ပေါင်းပြီး ချီဟန်ဆီကို ခုန်ဝင် သွားခဲ့ပါတယ်။ ချူးယီရဲ့ ခန္ဓာကိုယ်ကနေလည်း ဓားတစ်လက်လို အရှိန်အဝါတွေ ထွက်ပေါ်လာခဲ့ပါပြီ။ ကြည့်ရတာ ချူးယီက ဓားနဲ့လူ တစ်သားတည်း ဖြစ်သွားပုံပါပဲ။

ရွှမ်း ...

ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာ အပြီးမှာတော့ ချူးယီဟာ ချီယန်ရဲ့ အနောက်မှာ ပြန်ပေါ်လာခဲ့ပါတယ်။

“မင်း ... မင်း ...”

ချီဟန်ရဲ့ ခန္ဓာကိုယ်က  ချူးယီရဲ့ ဓားချက်ကြောင့် နှစ်ပိုင်းပြတ်လုနီးပါး ဖြစ်နေပါတယ်။ သူ့ရဲ့ အရိုးတွေနဲ့ ကလီစာတွေကိုတောင်မှ အတိုင်းသား မြင်နေရပါပြီ။ သည်မြင်ကွင်းက အသည်းငယ်သူတွေ အတွက်ကတော့   မနှစ်မြို့စရာပါပဲ။

၁၀၈ ကွက် မဟာဝင်္ကပါရဲ့ အစွမ်းကြောင့်သာ မဟုတ်ရင်တော့ ချီဟန်ဟာ သည်နေရာမှာတင် ပွဲချင်းပြီး သေသွားနိုင်ပါတယ်။ ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေတောင်မှ ချီဟန်ကို ကယ်တင်နိုင်မှာ မဟုတ်ပါဘူး။

“ကြောက်ဖို့ ကောင်းလိုက်တဲ့ ဓားချက်”

ချူးယီရဲ့ ဓားချက်ကို မြင်လိုက်ရတဲ့ လူတိုင်းက ထိတ်လန့်ကုန်ပါတယ်။

ချူးယီက သည်လောက် ရက်စက်ပြီး ကြောက်စရာကောင်းတဲ့ ဓားချက်ကို ထုတ်နိုင်လိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ပါဘူးလေ။

ချူးယီကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ လီဖူချန်းကိုသာ အေးစက်စက် စိုက်ကြည့်နေပါတယ်။ သူ့ရဲ့ စိတ်ထဲမှာ အတော်လေး နောင်တရနေပါသေးတယ်။ သူက လီဖူချန်းနဲ့ တိုက်ခိုက်တုန်းက မတွေဝေဘဲ ဓားသွေးကြော စွမ်းအင်တွေကို အကုန်အစင် ထုတ်သုံးလိုက် ရမှာပါ။

“ကြောက်ဖို့ ကောင်းလိုက်တဲ့ ဓားတာအိုစွမ်းအား”

လီဖူချန်းက မျက်ခုံးပင့်မိ လိုက်ပါတယ်။

ချူးယီရဲ့ သည်ဓားချက်မှာ ပါနေတဲ့ စွမ်းအားက သူ့ရဲ့ သံနက် ဓားအဆီအနှစ်ထက် ပိုအားကောင်း နေတာတော့ အမှန်ပါပဲ။ အစောပိုင်းတုန်းကသာ ချူးယီက သည်ဓားချက်ကို ထုတ်သုံးခဲ့မယ် ဆိုရင် သူ့အနေနဲ့ သေချာပေါက် ကြေးဝါ ဓားအဆီအနှစ်ကို ထုတ်သုံးရတော့မှာပါ။

“ဓားသွေးကြောလား …”

စီးတုလေ့ရဲ့ မျက်လုံးက အရောင်တောက် လာခဲ့ပါပြီ။ သူ့ပုံစံကို ကြည့်ရတာက ကစားစရာ အသစ်အဆန်း တစ်ခုကို ရလိုက်တဲ့ ကလေး တစ်ယောက်လိုပါပဲ။

ချူးယီရဲ့ နောက်ဆုံး ဓားချက်က တကယ်ကို ပြင်းထန်လွန်းပါတယ်။ ချူးယီရဲ့ သည်ဓားကွက်ကို သူတောင်မှ ခုခံနိုင်မလား ဆိုတာ ဝေခွဲမရသေးပါဘူး။

“သည်ပြိုင်ပွဲက အရမ်းကို လွန်နေပြီဟေ့။ လီဖူချန်းနဲ့ ချူးယီက လူကော ဟုတ်သေးရဲ့လား  ...”

“ကြယ်ဘုရင် ၃ ပါးထဲမှာ ဆိုရင် စီးတုလေ့ပဲ မရှုံးသေးတာဟေ့။ စီးတုလေ့ကော သူ့ရဲ့ ရှုံးပွဲမရှိ စံချိန်ကို ထိန်းထားနိုင်ဦးမလား ဆိုတာ ငါအရမ်း သိချင်နေပြီ”

“ငါစိတ်ဝင်စားတာက သက်သက် တစ်ခုကွ။ မင်းတို့ စဉ်းစားကြည့်စမ်း ... ။ လီဖူချန်းက ချူးယီကို အနိုင်ရတယ်။ ချူးယီက ချီယန်ကို အနိုင်ပြန်ယူ လိုက်တယ်။ ချီဟန်ကသာ လီဖူချန်းကို အနိုင်ရသွားရင် ဘယ်လိုဖြစ်သွားမလဲ”

စက်ဝိုင်းပုံ စင်မြင့်ပေါ်မှာတော့  လီဖူချန်းနဲ့ ချီဟန်တို့ ရောက်နေကြပါပြီ။ ချီဟန်ရဲ့ ဒဏ်ရာတွေကလည်း အရှင်းသား ပြန်ကောင်းမွန် သွားပုံပင်။

ခံနိုင်ရည် အားကောင်းလှတဲ့ ချီဟန်နဲ့ တိုက်ခိုက်ရမှာ ဖြစ်တဲ့အတွက် လီဖူချန်းဟာ သံနက်ဓားအဆီအနှစ် ၉၀ ရာခိုင်နှုန်းကို ထုတ်သုံးထားပါတယ်။  သူ့ရဲ့ ဓားနက်ကြီးကနေ ထွက်ပေါ်နေတဲ့ ဓားချီတွေကတော့ အနက်ရောင် ပြောင်းသွားခဲ့ပါပြီ။

ရွှီး ... ရွှီး ... ရွှီး ... ရွှပ် … ရွှပ် ...

ချူးယီရဲ့ ဓားသိုင်းထက်စာရင် လီဖူချန်းရဲ့ ဓားသိုင်းက ပိုပြီး တိကျသလို ပိုပြီးတော့လည်း မာယာများ လှပါတယ်။

လီဖူချန်း ဓားချက် ၁၀ ချက် ထုတ်လိုက်တိုင်းမှာ ဓားချက် ၃ ချက်က ချီဟန်ကို ထိစေပါတယ်။

ပြီးတော့ လီဖူချန်းရဲ့ ဓားချက်ကြောင့် ဖြစ်လာတဲ့ ဓားဒဏ်ရာတွေက ပိုပြီး နက်ပါသေးတယ်။ ချီဟန်ကတော့ သွေးရူးသွေးတန်း ဖြစ်နေပါပြီ။

ဘာဖြစ်လို့လဲ ဆိုတော့ လီဖူချန်းက သူ့ကို  ဆော့ကစား နေတယ်လို့ ခံစားနေရလို့ပါပဲ။

လီဖူချန်းရဲ့ တိုက်ခိုက်ပုံဟာ ကြောင်တစ်ကောင်က ကြွက်တစ်ကောင်ကို  မသတ်သေးခင် ကျီစားနေတာနဲ့ ဆင်တူနေပါတယ်။

***

All Chapters