ဘယ်သူကြောင့် ဒီလောက်ယုံကြည်ချက် မြင့်မားနေတာလဲ
Vol. 7 Ch. 101
ရှစ်ချင်းလျို့က အရင်ဆုံး မှတ်ချက်ပြုခဲ့သည်။
ထို့နောက် သူမက ဆက်ပြောခဲ့သည်။ "နှမ်းဆီကို ဟဲရှို့ဝူနဲ့ ရောစပ်ပြီး အမျိုးသားကော အမျိုးသမီးကော ဆံပင်မှာ သုံးပေးရင် ဆံသားကို ပိုမည်းနက်တောက်ပြောင်စေတယ်။"
သူမက ဟဲရှို့ဝူကို တောင်ပေါ်မှာ တွေ့ခဲ့တာကြောင့် တူးယူခဲ့ပြီး ရောထည့်ထားလိုက်ခြင်း ဖြစ်သည်။
သူမက မော့ချင်းလင်ကို တစ်ပုလင်း ပေးခဲ့သည်။ သူမက ပုလင်းအနည်းငယ်ကို ချန်ထားပြီး သူမနှင့် မိသားစုဝင်တွေ မျှဝေသုံးစွဲမည်ဖြစ်သည်။
မကြာမီက သူမက ကောင်းကောင်းစား ကောင်းကောင်းအိပ်ရသဖြင့် သူမရဲ့ ကိုယ်ခန္ဓာက အာဟာရဓာတ်ပြည့်ဝနေသည်။
သူမ ဆံပင်က ဝါညစ်ညစ် မဟုတ်တော့ပေမယ့် စိတ်တော့ ညစ်နေဆဲ ဖြစ်၏။
သူမက ဆံပင်ရှည်ရှည်နှင့် တစ်ခေါင်းလုံး မည်းနက်ချင်တာ ဖြစ်သည်။
အနာဂတ်မှာ သူမ ခင်ပွန်းနှင့် အတူတူ အိပ်ရသည့်အခါ ဖြူဖွေးနူးညံ့သည့် အသားအရေနှင့် အတူ မည်းနက်သည့် ဆံပင်ရှည်ကြီးကိုလည်း ဖြည်ချထားချင်သည်။
သူမရဲ့ ခင်ပွန်း သည်းမခံနိုင်ဘဲ နှာခေါင်းသွေးတောင်လျှံကျသွားဦးမယ်။ ဟီးဟီး။
ဒါကြောင့် အစောပိုင်းက ဆံသားအဆီကို ပြောခဲ့ခြင်း ဖြစ်သည်။ ဆံသားကုသမှုလုပ်ဖို့ သူမ တွေးနေတာ ဖြစ်သည်။
မော့ချင်းလင်က ခေါင်းငြိမ့်ပြခဲ့သည်။ "ကောင်းပြီ။ နောက်တော့ စမ်းကြည့်လိုက်ပါ့မယ်။"
သူက မေးခဲ့သည်။ "ဒီပစ္စည်းက လုပ်ဖို့ ခက်တယ် မဟုတ်လား။"
ရှစ်ချင်းလျို့က ပြန်ဖြေခဲ့သည်။ "မခက်ပါဘူး၊ နှမ်းဆီတစ်ခုပဲ နည်းနည်း ခက်တာ၊ ဆီထုတ်ယူပြီး ဟဲရှို့ဝူနဲ့ ရောရတာလေ၊ ဟဲရှို့ဝူ မပါလည်း ရပေမယ့် အာနိသင်ကတော့ သိပ်မကောင်းဘူးပေါ့၊ တကယ်တော့ ဟဲရှို့ဝူပင်တွေကို ဒီမှာစိုက်ပျိုးလို့ရတယ်၊ လူကြီးမင်းလည်း ရွာတချို့မှာ စိုက်ပျိုးခိုင်းလို့ရတယ်၊ တောင်စောင်းအစွန်း ဒါမှမဟုတ် ခြံရှေ့၊ ခြံနောက်မှာပါ စိုက်လို့ ရတယ်၊ ကျင်းနက်နက် တူးပြီး၊ မြေသြဇာကောင်းပြီး ရေသွယ်စနစ်ကောင်းရင် ရပြီ၊ နေရာသိပ်မလိုဘူး၊ တကယ်လို့ ခေါင်းလိမ်းဆီအဖြစ် မသုံးချင်ရင်တောင် မြို့ပြင်က ဆေးဆိုင်တွေမှာ ရောင်းလို့ ရတယ်၊ စျေးကတော့ မနည်းဘူး။"
သူမက စိုက်ပျိုးရေးရှူထောင့်တွေမှာ ကျွမ်းကျင်သည်။
ထိုစကားကိုကြားတော့ မော့ချင်းလင်လည်း အတွေးတချို့ရှိသွားခဲ့သည်။ "နေရာသိပ်မယူရင် စမ်းကြည့်တာပေါ့၊ မျိုးစေ့လိုလား။"
ဒါကို ကောင်းကောင်းဆက်လုပ်ရမည်ဟုတွေးကာ ရှစ်ချင်းလျို့က ဆုံးဖြတ်ခဲ့သည်။ "ပျိုးပင်ပေါက်အောင် ကူညီစိုက်ပျိုးပေးလို့ရတယ်၊ ကျသင့်ငွေပဲ ပေးပါ၊ အသည်း၊ ကျောက်ကပ်၊ သွေးနဲ့ လေကို အားဖြည့်ပေးရုံသာမက ဟဲရှို့ဝူကို ခေါင်းလျှော်ရည်မှာလည်း ထည့်သုံးလို့ရတယ်၊ အဝါရောင်ကျောက်ပန်းပင်၊ ပိုးစာပင်၊ ဂျင်ဆင်းခါး၊ ချင်းခြောက်၊ ဆပ်ပြာနဲ့ ပူရှိန်းကို ခေါင်းလျှော်ရည်ထဲ ထည့်သုံးရင် ဗောက်တွေကို ဖယ်ရှားပေးပြီး ဆံပင်ကျွတ်ခြင်း မဖြစ်အောင် ကာကွယ်ပေးတယ်။"
ဒီခေါင်းလျှော်ရည်ကို ဘယ်လိုထုတ်လုပ်ရမလဲဆိုတာ သူမ သိသည်။
မော်ဒန်ခေတ်မှာ လူတွေ အတွေ့အကြုံရအောင် ဖွင့်ထားသည့် ရေပန်းစားသည့် လက်မှုပစ္စည်းဆိုင်များစွာ ရှိသည်။
ထိုနေရာမှာ သင်ယူပြီးပါက ဆပ်ပြာ၊ ဖယောင်းတိုင်၊ ခေါင်းလျှော်ရည်၊ လိုးရှင်းနှင့် ဆံပင်ပေါင်းဆေးတွေကို လူတိုင်း ပြုလုပ်လို့ရသည်။
သူမမှာ နွေဦးစမ်းရေရှိပြီး ခေါင်းလျှော်ရည်နှင့် လိုးရှင်းတွေထဲ နွေဦးစမ်းရေ ထည့်သုံးပါက အကျိုးအာနိသင်ကောင်းလှသည်။
ထို့ကြောင့် အိမ်က အသားအရည် ထိန်းသိမ်းသည့်ပစ္စည်း အများစုကို သူမ ပြုလုပ်တာ ဖြစ်သည်။
ရှစ်ချင်းလျို့က အများကြီး သိပြီး သူမ ပြောတာတွေက အချက်အလက်ကျကြောင်း မော့ချင်းလင် သဘောပေါက်သွားခဲ့သည်။
အဓိက အချက်က သူမ တစ်ခုခု ပြောလိုက်တိုင်း နည်းလမ်း အမျိုးအစား အများကြီးကို ချက်ချင်း တွေးတောနိုင်တာ ဖြစ်သည်။
"ကောင်းပြီ ဒါဆို ဟဲရှို့ဝူအပင်ကို မင်းပဲ စိုက်ပျိုးလိုက်ပါတော့၊ မင်းဆီက ဝယ်ပါ့မယ်။"
ဟဲရှို့ဝူဆေးပင်က စျေးမပေါတာကို သူ သိသည်။
သူတို့က အလေ့ကျပေါက်တာကိုပဲ သိထားပြီး စိုက်ပျိုးလို့ရမယ်မှန်း မသိခဲ့ပေ။
ရှစ်ချင်းလျို့က တော်တော်လေး အကျွမ်းဝင်နေပုံပေါက်တာကြောင့် ဒီတစ်ခါတော့ သူမကို ယုံကြည်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်သည်။
နန်ရှီမြို့မှာသာ ဟဲရှို့ဝူတွေကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်ပါက ဒေသခံတွေရဲ့ ဝင်ငွေကို သေချာပေါက် တိုးစေလိမ့်မည်။
ဒေသန္တရအုပ်ချုပ်ရေးရုံးမှ လူကြီးတွေက စီးပွားရေးတိုးတက်လာတာကို သဘောကျပြီး အခွန်တိုးကောက်လို့ရမှာကို သဘောကျကြသည်။
သူက မေးခဲ့သည်။ "ပျိုးပင်ဖြစ်တာနဲ့ စတင်စိုက်ပျိုးလို့ရပြီလား။"
ရှစ်ချင်းလျို့က ပြန်ဖြေခဲ့သည်။ "အခုက အချိန်နောက်ကျနေပြီဆိုပေမယ့် ကြိုးစားကြည့်တာပေါ့။"
အခုက သြဂုတ်လရှိနေပြီဖြစ်ကာ ဟဲရှို့ဝူကို ပုံမှန်အားဖြင့် မေလကနေ ဇူလိုင်လအထိ စိုက်ပျိုးကြတာ ဖြစ်သည်။
သို့ပေမယ့် နွေဦးစမ်းရေကိုသုံးကာ စိုက်ပျိုးလို့ရသည်။ တစ်လကြာပြီးပေမယ့် သူတို့ကို စိုက်ပျိုးဖို့ ဖြစ်နိုင်သေးသည်။
သို့ပေမယ့် ထိုထက် ကြာပါက မဖြစ်နိုင်တော့ပေ။
မော့ချင်းလင်က ချက်ချင်း ဆုံးဖြတ်ချက်ချခဲ့သည်။ "ကောင်းပါပြီ ဒါဆိုလည်း အမျိုးသမီးရှောင်ကိုပဲ ဒုက္ခပေးရမှာပဲ၊ ရုံးတော်ဆီက အကူအညီလိုရင် အချိန်မရွေး ပြောပါ၊ ပျိုးပင်ဖြစ်လာရင် ရွာသားတချို့နဲ့ လာယူခိုင်းလိုက်မယ်။"
ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "ရတယ်။ ရက်အနည်းငယ်နေပြီးရင် စတင်စိုက်ပျိုးလိုက်မယ်။"
ဒါက သူမရဲ့ အထူးပြုဘာသာရပ်တင် မဟုတ်ဘဲ သူမ သဘောကျသည့် အသက်မွေးဝမ်းကြောင်း ပညာရပ် ဖြစ်သည်။
မှောင်နေပြီဖြစ်တာကြောင့် မော့ချင်းလင်က သူမကို နှုတ်ဆက်ကာ ပြန်သွားခဲ့သည်။
ပိုင်ရွှီက လိုက်မပြန်သွားခဲ့ပေ။ ထိုအစား ရှောင်အိမ်မှာနေကာ ရှစ်ချင်းလျို့နှင့် ဟော့ပေါ့အိုးအကြောင်း ဆွေးနွေးခဲ့လေသည်။
"စားသောက်ဆိုင်မှာ ဟော့ပေါ့အိုးထည့်ရင် ဘယ်လိုလဲ။"
ရှစ်ချင်းလျို့က ပြုံးကာ ပြောခဲ့သည်။ "အရမ်းကောင်းတာပေါ့။"
လူတိုင်းရဲ့ ဓာတ်စာကို ကြွယ်ဝစေသည်။
"ဆော့စ်လုပ်နည်းတွေ ရောင်းလို့ ရမလား။" ပိုင်ရွှီက ဒါကို လိုချင်တာဖြစ်သည်။
ဒီနှမ်းဆော့စ်နှင့် ပတ်သက်သည့် အကြောင်းကို စာဖိုမှူးရှာပြီး လေ့လာခိုင်းရမည်။
သို့ပေမယ့်လည်း ရှစ်ချင်းလျို့ကသာ ပဲပိစပ်ဆော့စ်နှင့် တို့ဟူးကျိုနည်းအကြောင်းကို သိသည့် လူမျိုး ဖြစ်သည်။
ရှစ်ချင်းလျို့က ပြုံးခဲ့သည်။ "ဆော့စ်လုပ်နည်း သင်ပေးမယ်၊ ဒါပေမဲ့ တို့ဟူးကျိုနည်းတော့ မရောင်းဘူး၊ နောက်တော့ ရှင်ကျွန်မတို့ရွာကို လာဝယ်ပြီး ရှင့်ဟင်းပွဲတွေမှာ ထည့်သုံးပေါ့။"
သူမက ချက်ပြုတ်နည်းတွေကို တစ်ချိန်လုံး ဆုပ်ကိုင်ထားဖို့ မပြင်ထားပေ။
သူမက အလုပ်ရုံမှာ အလုပ်လုပ်သည့် စိတ်ထားကောင်းသည့် ရွာသားတွေကိုရှာပြီး သင်ကြားပေးကာ သူမနှင့် ရှောင်မိသားစုကို ကာကွယ်မည်ဖြစ်သည်။
သူတို့တွေ ထိုဆော့စ်တွေ ထုတ်လုပ်ပြီးပါက သူမက ရွာထဲမှာ ဆိုင်ဖွင့်ကာ ရောင်းချမည်ဖြစ်သည်။
သူမလက်ထဲမှာ နည်းပေါင်းစုံရှိကာ သူမ တစ်ယောက်တည်း မလုပ်နိုင်ပေ။
ရွာသားတွေရဲ့ စီးပွားရေးကို မြှင့်တင်ပြီး ထုတ်လုပ်ဖြန့်ဖြူးမှု ပြုလုပ်စေချင်ပါက သူမ ကုန်ပစ္စည်းများစွာကို ဆက်လက်ဖြန့်ဖြူးရမည်ဖြစ်သည်။
သူမက ဆော့စ်လုပ်ငန်းကို အာရုံစိုက်ဖို့ ပြင်ဆင်ထားသည်။
အနာဂတ်မှာ တစ်စုံတစ်ယောက်က တာ့လျန်က ဆော့စ်အကြောင်းပြောပါက နန်ရှီမြို့ ရှာ့ရှီရွာက ဆော့စ်ကို သတိရ ရမည်ဖြစ်သည်။
ပဲပိစပ်ဆော့စ်အပြင် တခြားဟာတွေလည်း ပြုလုပ်လို့ ရသေးသည်။
ဥပမာအားဖြင့် ခရမ်းချဥ်သီးဆော့စ်၊ ပဲဆော့စ်၊ ပင်လယ်စာဆော့စ်၊ ခေါက်ဆွဲဆော့စ်၊ မက်မန်းသီးဆော့စ်၊ ကြက်သွန်ဖြူဆော့စ်၊ ပဲပိစပ်ဆော့စ်၊ မရောနိစ်နှင့် တခြားငရုတ်ဆော့စ်မျိုးစုံ လုပ်လို့ ရသည်။
တာ့လျန်က လူတွေကို အမြင်ကျယ်သွားစေနိုင်သည်။
သူတို့က ဆော့စ်မျိုးစုံရှိတာကို မသိဘဲ ဟင်းပွဲကိုနည်းမျိုးစုံဖြင့် စားလို့ရတာကိုလည်း မသိပေ။
ထိုအချိန်မှာ သူတို့က လူတွေရဲ့ အစားအသောက်ကို အနံ့အရသာ ပြည့်စုံအောင် ထည့်ပေးလို့ ရသည်။
ဆော့စ်လုပ်နည်း ဝယ်မရတာကို ပိုင်ရွှီက အနည်းငယ် စိတ်ပျက်သွားပေမယ့် သူက ပြောလိုက်လေသည်။ "ကောင်းပြီ။ ဒါဆိုလည်း ငါ့ကို ပဲဆော့စ်နဲ့ ပဲပိစပ်ဆော့စ် ရောင်းပေး။"
ရှစ်ချင်းလျို့က ပြောလိုက်သည်။ "အခု ရာသီဥတု ပူနေတာကို ဟော့ပေါ့ရောင်းမလို့လား၊ အဲတာက ဆောင်းတွင်းစားမှ ပိုအရသာရှိတာ။"
ပိုင်ရွှီက ပြုံးကာ ပြောခဲ့သည်။ "စားကောင်းရင်တော့ နွေရာသီလည်း လာစားတဲ့လူရှိမှာပဲလေ၊ အခုတောင် ငါတို့ အေးအေးဆေးဆေး စားနေတာပဲ မဟုတ်လား၊ အချိန်ကျရင် ဟော့ပေါ့စားဖို့ သီးသန့်ခန်းတွေ ပြင်ရမယ်၊ ရေခဲဇလုံနဲ့ အအေးတွေ ပြင်ထားပေးမယ်၊ ဒါဆိုရင် အဆင်ပြေမှာပါ။"
သူတို့က ဟော့ပေါ့ကို ဆောင်းဦးနှင့် ဆောင်းရာသီမှာ စရောင်းခဲ့သင့်သည်။
ရှစ်ချင်းလျို့က တွေးကြည့်လိုက်တော့ အဓိပ္ပာယ်ရှိကြောင်း ခံစားမိလိုက်သည်။
မော်ဒန်ခေတ်မှာ အစားအသောက်နှစ်ခြိုက်သူတွေ များသလို ရှေးခေတ်မှာလည်း ရှိနိုင်သည်။
"စားစရာကို အိုးထဲ ထည့်ပြုတ်စရာ မလိုဘူး၊ ဟင်းပွဲအနေနဲ့ သုံးဆောင်လို့ရတယ်၊ ကြက်သားစွပ်ပြုတ်၊ အရိုးစွပ်ပြုတ်ကိုသုံးပြီး အသားလိပ်၊ ကြက်ဥလိပ်၊ ဝက်သား၊ ကြာဇံ၊ တို့ဟူးလိပ်၊ တို့ဟူး၊ ဂေါ်ဖီထုပ်၊ မျှစ်၊ တခြားအသားနဲ့ ဟင်းသီးဟင်းရွက်တွေ ထည့်စားလို့ ရတယ်၊ အရမ်းစားကောင်းတယ်။"
ထိုကဲ့သို့သော ဟော့ပေါ့ကို အရင်က ယူနန်မှာ စားခဲ့ဖူးပြီး အလွန်အရသာရှိသည်။
အိမ်မှာ လုပ်စားဖို့တော့ ဒုက္ခများသည်။
တကယ်လို့ ပိုင်ရွှီရဲ့ စားသောက်ဆိုင်မှာ ဟော့ပေါ့ရောင်းမည်ဆိုပါက သူမ စားချင်သည့်အခါ မိသားစုကိုခေါ်ပြီး မြို့ပေါ်သွားစားလို့ရသည်။
ထိုစကားနားထောင်ရင်း ပိုင်ရွှီရဲ့ မျက်လုံးတွေက လက်သွားခဲ့သည်။ "ကောင်းသားပဲ။"
သူက ထပ်မေးခဲ့သည်။ "ကြက်ဥလိပ်နဲ့ ကြာဇံက ဘာလဲ၊ ဘယ်လိုလုပ်ရမှာလဲ။"
ရှစ်ချင်းလျို့က ခဏလောက် အသံတိတ်နေခဲ့သည်။
တာ့လျန်ရဲ့ လက်ရှိအစားအသောက်ပုံစံက ရိုးရှင်းနေတာကို သူမ မေ့နေခဲ့မိသည်။
ပိုင်ရွှီမေးသည့် စားစရာ နှစ်ခုက မရှိသေးပေ။
"ကြက်ဥလိပ်အတွက် ပါဝင်ပစ္စည်းတွေကို ကျွန်မ ရှင့်ကို ရေးပေးလိုက်လို့ရတယ်၊ ကြာဇံကိုတော့ ရွာသားတွေကို လုပ်ခိုင်းမယ်၊ ရှင်က လာဝယ်ပေါ့။"
ပိုင်ရွှီက ဆွံ့အသွားခဲ့သည်။ သူမက ဒီရွာက ထွက်သမျှအကုန် သူ့ကို ဝယ်စေချင်နေတာလား။
"မင်းရဲ့ ရွာကို ဖြန့်ဖြူးရေးနေရာအဖြစ် ပြောင်းဖို့ ရည်ရွယ်နေတာတော့ မဟုတ်ပါဘူးနော်။"
ရှစ်ချင်းလျို့ရဲ့ မျက်နှာထက်မှာ ယုံကြည်မှုတွေ ရှိနေလေသည်။ "ဒါပေါ့၊ စောင့်ကြည့်နေလိုက်ပါ။"
ပိုင်ရွှီက မေးခဲ့သည်။ "ဘယ်သူကြောင့် ဒီလောက်ယုံကြည်ချက်မြင့်မားနေတာလဲ။"
ရှစ်ချင်းလျို့က မတုံ့မဆိုင်း ပြန်ဖြေခဲ့သည်။ "ကျွန်မ ဆရာကြောင့်လေ။"
ပိုင်ရွှီက ဆွံ့အသွားခဲ့သည်။