အရသာရှိသော ဖရဲသီး
Vol. 18 Ch. 258
ညဘက်တွင်။
လရောင်က ရေအိုင်လို ကြည်လင်နေသည်။
ယဲ့ရှောင်ချန်းက အင်မော်တယ် အပင်တစ်သုတ်ကို တန်ဖိုးဖြတ်နေသည်။
ယခု အသုတ်က အင်မော်တယ် ဖရဲသီးများ ဖြစ်ကြသည်။
ဒီဖရဲသီးများက မကြီးပါ။ တစ်လုံးချင်းစီတိုင်းက ၂ - ၃ ကီလိုဂရမ်လောက်သာ ရှိသည်။ သို့သော် ဖရဲသီး၏ တစ်ကိုယ်လုံးက ကျောက်စိမ်းလို ဖြစ်နေ၏။
အခွံကလည်း အလွန်ပါးသည်။
သာမန် အခွံပါး ဖရဲသီးများတောင် ဒီဖရဲသီးကို လုံးဝ ယှဥ်နိုင်မည် မဟုတ်ပေ။
ဒီအင်မော်တယ် ဖရဲသီး၏ အခွံက စက္ကူတစ်ရွက်ထက် ပါးလွှာနေသောကြောင့် ဖြစ်ပါသည်။
ယဲ့ရှောင်ချန်း သည်းမခံနိုင်တော့ဘဲ ဖရဲသီးတစ်လုံးအား လှီးလိုက်ပါသည်။
ဖရဲသီး၏ အတွင်းသားက နီရဲပြီး အညစ်အကြေး တစ်စွန်းတစ်စိမှ မရှိပါ။ အလွန်အမင်း သန့်စင်ပါသည်။
ထို့အပြင် ဒီဖရဲသီးအခွံက ဖော်မပြနိုင်လောက်အောင် ပါးလွှာသည်။ ကျောက်စိမ်း စက္ကူတစ်ရွက်က အနီရောင် အသားတုံးကြီးတွင် လာကပ်နေသလိုပင်။
ယဲ့ရှောင်ချန်း အချိန်တိုအတွင်း ဖရဲသီးကို အစိပ်စိပ် ပိုင်းဖြတ်လိုက်ပါသည်။
"လာစားကြဟေ့"
ယဲ့ရှောင်ချန်းက လုတုန်ချမ်းနှင့် ပဲစေ့စစ်သည်တော်များကို ပြောလိုက်ပါသည်။
ပဲစေ့စစ်သည်တော်များလည်း စားသောက်နိုင်၏။ သို့သော် အင်မော်တယ် အပင်များကိုသာ စားနိုင်ပါသည်။
မော်တယ်လောကမှ သာမန် အစားအစာများက စားသုံးလည်း သူတို့အတွက် ဘာမှ အကျိုးမရှိပါ။
အင်မော်တယ် ဝိညာဥ်စွမ်းအင် ပါသည့် အင်မော်တယ်အပင်များက ပဲစေ့စစ်သည်တော်များအတွက်လည်း အလွန်အကျိုးရှိသည်။
လုတုန်ချမ်းလည်း တောင့်မခံနိုင်တော့ပါ။
အဘယ့်ကြောင့်ဆိုသော် ဖရဲသီးအား လှီးလိုက်သောအခါ မွှေးပျံ့သည့် ဖရဲသီး၏ မွှေးရနံ့ ထွက်ပေါ်လာပြီး သူ့သွားရည်များလည်း မထိန်းချုပ်နိုင်လောက်အောင် ပြည့်လျှံလာခဲ့ပါသည်။
"တကယ် တကယ် အရသာရှိတာပဲ။"
လုတုန်ချမ်းက အငမ်းမရ စားသောက်နေသည်။ သို့သော် အစက်ကလေး တစ်စက်တောင် မကျခဲ့ပါ။
ထို့အပြင် ဖရဲသီးများ သူ့ဗိုက်ထဲသို့ ရောက်လာသောအခါ ကြွယ်ဝသည့် ဝိညာဥ်စမ်းအင်တစ်ခု သူ့ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲသွားသည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံး ပူနွေးနေကာ အလွန်နေလို့ကောင်းပါသည်။
အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင်၏ အထွတ်အထိပ် အကန့်အသတ်ကိုပင် ရောက်တော့မည်ဟု ဝေဝေဝါးဝါး ခံစားမိပါသည်။
ဖရဲသီးတစ်စိတ် စားပြီးနောက် သူ အမြန်ပြောလိုက်၏။ "ငါ စားလို့ မရတော့ဘူး။ အမြန်ကျင့်ကြံပြီး အစာခြေဖျက်ရဦးမယ်။"
လက်ရှိ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း နောက်ပိုင်းအဆင့်နဲ့ဆို ဖရဲသီးတစ်စိပ်လောက် စားလိုက်ရုံနှင့် သူ ဗိုက်ပြည့်သွားပါသည်။
လုတုန်ချမ်း အလျင်အမြန် ထွက်သွားတာကို ကြည့်ပြီး ယဲ့ရှောင်ချန်း ပြုံးကာ ချက်ချင်း စစားကြည့်လိုက်သည်။
ဒီအင်မော်တယ် ဖရဲသီး၏ အရသာက တကယ် ကောင်းမွန်၏။
အဝါရောင်အတန်းအစား အဆင့် ၄ အင်မော်တယ် အပင်ဟူသည့် ဂုဏ်ပုဒ်နှင့် ထိုက်တန်ပါသည်။
ဒါက သူ စားဖူးသည့် အဆင့်အမြင့်ဆုံး အင်မော်တယ်အပင် ဖြစ်သည်။
အင်မော်တယ် စပျစ်သီးများထက် တစ်ဆင့် ပိုမြင့်၏။
သေချာပါသည်။ အင်မော်တယ် ဝိညာဥ်စွမ်းအင်များကလည်း အလွန် ထိတ်လန့်ဖို့ကောင်းအောင် များပြားပါသည်။
သို့သော်လည်း ယဲ့ရှောင်ချန်းက ရှန်းနုန်ပါရမီကို ကျင့်ကြံထားသဖြင့် ဒီအင်မော်တယ် ဝိညာဥ်စွမ်းအင်၏ သက်ရောက်မှုကို လုတုန်ချမ်းထက် ပိုမိုခံနိုင်ရည်ရှိပါသည်။
အခုသူ့ ရှန်းနုန်ပါရမီကို အဆင့်တစ်ခုထိ ကျင့်ကြံပြီးသား ဖြစ်ပြီး အပင်များကို ဝိညာဥ်အဖြစ် ပြောင်းလဲသည့် အဆင့်အထိပင် နီးစပ်နေပြီ ဖြစ်သည်။
ပဲစေ့စစ်သည်တော်များကလည်း ဖရဲသီးကို စားသုံးနေကြသည်။
အမှန်ပင်။ သူတို့ ဖရဲသီး စားသည့်ပုံစံက သာမန်လူနဲ့တော့ မတူပါ။ ဖရဲသီးထဲက အင်မော်တယ် ချီစွမ်းအင်ကိုသာ စုပ်ယူလိုက်ပြီး နောက်ဆုံးတွင်တော့ ခြောက်ကပ်နေသည့် ဖရဲသီးသာ ကျန်ခဲ့တော့သည်။
ယဲ့ရှောင်ချန်းတွင် အခု ပဲစေ့ စစ်သည်တော် ၇ ယောက် ရှိနေပြီ ဖြစ်၏။
ဘိုးဘေးပိုင်နယ်မြေတွင် ထောင်ဟုန်လျို့အပြင် တခြား ကိုယ်ပွား ၄ ယောက်စလုံးကို ယဲ့ရှောင်ချန်းက အဝါရောင် အင်မော်တယ်ပဲစေ့စစ်သည်တော်များအဖြစ် သန့်စင်ပေးခဲ့ပါသည်။ မထင်မှတ်ထားစွာဖြင့် ထိုကိုယ်ပွား ၄ ယောက်စလုံးကလည်း အင်မော်တယ်ပဲစေ့၏ လှုံ့ဆောင်မှုအောက်တွင် ချီသန့်စင်ခြင်းအဆင့်ကို ရောက်ရှိသွားကြပြီ ဖြစ်သည်။
သူတို့က ထောင်ဟုန်လျို့အောက် သိပ်မနိမ့်ကျကြပါ။
ထောင်ဟုန်လျို့၏ ကိုယ်ပွားလေးယောက်ဖြင့် ဖန်တီးထားသော ပဲစေ့စစ်သည်တော်များကို နာမည်ပေးလိုက်ပါသည်။
ချက်ချင်းဆိုသလို ယဲ့ရှောင်ချန်းတွင် ချီသန့်စင်ခြင်းအဆင့် ပဲစေ့စစ်သည်တော် နှစ်ယောက် ရှိသွားခဲ့သည်။
အခု သူတို့ အလွန် စွမ်းအားကြီးနေကြပြီဟု ဆိုနိုင်သည်။
ထို့ကြောင့် လုတုန်ချမ်းကို ရင်ဆိုင်ဖို့ပင် သူ မကြောက်ရွံ့တော့ပါ။
ချီသန့်စင်ခြင်းအဆင့် ပဲစေ့ စစ်သည်တော် နှစ်ယောက်နှင့်ဆို သာမန် လုတုန်ချမ်းကို မဆိုဦးနှင့် တခြား အင်မော်တယ် ကျင့်ကြံသူ ၃၀ ကျော် အတူတူ စုစည်းလိုက်ရင်တောင် မိနစ်ပိုင်းတွင် အသတ်ခံလိုက်ရနိုင်၏။
အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်နှင့် ချီသန့်စင်ခြင်းအဆင့်ကြားထဲက ကွာဟချက်က အလွန်ကြီးမားလွန်းပါသည်။
"ဟင်းဟင်း လေလံတင်ဖို့ အချိန်ကျပြီပဲ။"
ယဲ့ရှောင်ချန်းတွင် ယခု အင်မော်တယ် အပင် အတော်များများ စုစည်းထားပြီး ဖြစ်၏။
ချက်ချင်းဆိုသလို လေလံပွဲအကြောင်း မက်ဆေ့တစ်ခု ပို့လိုက်ပါသည်။
သူ့ခန့်မှန်းချက်အရ ဒီလေလံပွဲတွင် အနည်းဆုံး အင်မော်တယ်ယွမ် ဝင်ငွေ ၃၀,၀၀၀ - ၄၀,၀၀၀ လောက် တိုးပွားလာနိုင်၏။
အခု ပဲစေ့စစ်သည်တော်များ အလွန်များပြားလာပြီ ဖြစ်သဖြင့် သူ အင်မော်တယ် လယ်ကွက်များကို ဝယ်ယူပြီး ထပ်တိုးချဲ့ဖို့ အသင့်ဖြစ်နေပါပြီ။
ယခု စိုက်ပျိုးရေးခြံ တစ်ခုလုံးတွင် သာမန် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ မရှိကြတော့ပါ။ အားလုံးကို ကောင်းကင်ဘုံ ကမ္ဘာမြေ စိုက်ပျိုးရေးခြံထဲ ပြောင်းရွှေ့စိုက်ပျိုးလိုက်ပြီ ဖြစ်သည်။
သူ့မိသားစုနဲ့ အစားအသောက်ကောင်းများ မမျှဝေနိုင်စရာ အကြောင်း ရှိပါတော့မလား။
နောက်တစ်နေ့မနက် ယဲ့ရှောင်ချန်း အင်မော်တယ် ဖရဲသီးများကို အိမ်သို့ ပြောင်းရွှေ့လိုက်သည်။ အင်မော်တယ်ဖရဲသီးမှာ ပါဝင်သည့် စိတ်ဝိညာဥ်ဖြတ်တောက်ပြီးသွားသောအခါ သူ့မိဘများကို ကျွေးမွေးလိုက်ပါသည်။
စက္ကူလို အခွံပါးသည့် ဖရဲသီးများကို မိဘများ မြင်သွားကြသောအခါ အံ့သြသွားရ၏။
အမှန်ပင် အရသာကို မြည်းစမ်းပြီးသောအခါ ပို၍ပင် ချီးကျူးမိကြသေးသည်။
ယဲ့ရှောင်ချန်း ယန်မြို့တော်ကို လာတော့လည်း အင်မော်တယ် ဖရဲသီးတချို့ကို သူနဲ့အတူ ယူလာခဲ့ပါသည်။ ထိုဖရဲသီးများကို ဝမ်ရှင်းယီနှင့် တခြားသူများစားဖို့ ယူလာပေးခြင်း ဖြစ်ပါသည်။
အခုသူ့အတွက် ဒီလိုအင်မော်တယ် အပင်မျိုးက ဘာမှမဟုတ်တော့ပါ။
သူ ရက်အနည်းငယ်လောက် အဝေးကို ရောက်နေခဲ့သဖြင့် ယဲ့ရှောင်ချန်း ပထမဆုံး အထူးစပါးမျိုးနှင့် စူပါမုန်ညင်းပင်များ၏ အခြေအနေကို ဆန်းစစ်ကြည့်လိုက်ပါသည်။
စူပါမုန်ညင်းပင်၏ ဖွံ့ဖြိုးနှုန်းက အလွန်ချောမွေ့နေ၏။ အရင်တစ်ခေါက်က ပြဿနာ ဖြစ်ခဲ့သည့် စူပါမုန်ညင်းပင်လည်း ပုံမှန် ပြန်ဖြစ်ကာ ကောင်းမွန်စွာ ဖွံ့ဖြိုးနေကြပါသည်။
အခုလယ်သမား အားလုံးလည်း ယုံကြည်ချက် အလွန်ပြည့်ဝလာခဲ့ပါပြီ။
နေ့လည်ခင်းတွင် ကျန်းဟုန်ယဲ့က ခေါင်းဆောင်တစ်ချို့ကို ကျေးရွာဘက်သို့ ခေါ်ဆောင်လာခဲ့ပြီး စူပါမုန်ညင်းပင် ဖွံ့ဖြိုးမှုကို လာရောက်ဆန်းစစ်ခဲ့ပါပသည်။
အစိုးရက ဒီမုန်ညင်းပင် အဆင့်မြှင့်တင်မှုအတွက် အစိုးရက အလွန်ထောက်ခံကြောင်းလည်း သတင်းစကားပါးလိုက်ပါသည်။
ဝမ်ရွှေရှန့်၏ အိမ်တွင်။
"ဟင်းဟင်း ရှောင်ချန်း မင်းသိလား။ ချောင်ရှင်းဟုန်ဆိုတဲ့ကောင် ဘာဆေးမှားသောက်လို့လဲမသိဘူး။ ငါ့ကို ကောင်းပြနေပြီး ငါတို့ ကောင်းကင်ဘုံ ကမ္ဘာမြေ စိုက်ပျိုးရေးကုမ္ပဏီနဲ့ ပူးပေါင်းချင်လို့လို့ ပြောလာတယ်။"
ရုတ်တရက် ဝမ်ရွှေရှန့် ပြောလာခဲ့ပါသည်။
သူနဲ့ ချောင်ရှင်းဟုန်အကြားက ဆက်ဆံရေးက သိပ်ပြီး မကောင်းခဲ့ပါ။ အထစ်အငေါ့ များစွာ ရှိခဲ့၏။
အခုတော့ ချောင်ရှင်းဟုန်က သဘောကောင်းပြနေသည်။ အနောက်အရပ်က နေထွက်လာသလိုပင်။
"ဟင်းဟင်း အစ်ကိုကြီးဝမ် သူက သဘောကောင်းပြနေတယ်ဆိုတော့ ကောင်းတာပဲ မဟုတ်ဘူးလား။"
ယဲ့ရှောင်ချန်းက ရယ်မောလိုက်ပါသည်။
အရောင်တစ်ခေါက်က သူ့အသက်ကို ကယ်တင်ခဲ့သည့်အတွက် ချောင်ရှင်းဟုန် သူ့ကို ကျေးဇူးတင်နေမှန်း သိပါသည်။
"ဒီကောင် ဉာဏ်နီဉာဏ်နက် ထပ်များမှာပဲ စိုးရိမ်မိတာပါ။"
ဝမ်ရွှေရှန့်က ချောင်ရှန်းဟုန်ကို သိပ်မယုံကြည်ပါ။
ပြိုင်ဘက် တစ်ယောက်အဖြင့် ချောင်ရှင်းဟုန် ဘယ်လောက် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တတ်မှန်း သူသိသည်။
"ဟားဟား အဲ့ဒီတုန်းကနဲ့ အခုတူချင််မှ တူတော့မှာပေါ့ဗျာ။ အစ်ကိုကြီးဝမ် စိတ်ချပြီး သူနဲ့ ပူးပေါင်းလိုက်ပါ။"
ယဲ့ရှောင်ချန်း လက်ဖက်ရည်တစ်ငုံ သောက်လိုက်သောအခါ သူ့ပါးစပ်ထဲ မွှေးရနံ့များ ပြည့်နှက်သွားသလို ခံစားလိုက်ရပါသည်။
"ရှောင်ချန်း မင်း တစ်ခုခု လုပ်လိုက်တာလား။"
ဝမ်ရွှေရှန့်က အံ့အားသင့်စွာ မေးလိုက်ပါသည်။
ဒီလိုပြောရအောင် ယဲ့ရှောင်ချန်း ယုံကြည်ချက် တစ်ခုခု ရှိနေမှာ သူသိသည်။
"ဟင်းဟင်း ရှင်းရှင်းလေးပါ။ ကျွန်တော် သူ့အသက်ကို ကယ်ခဲ့တာလေ။"
ယဲ့ရှောင်ချန်းက သွယ်ဝိုင်မနေတော့ဘဲ တဲ့တိုးပြောလိုက်ပါသည်။
ဘာပဲဖြစ်ဖြစ် သူတို့က မိသားစု ဖြစ်နေပြီ ဖြစ်သဖြင့် ဖုံးကွယ်ထားစရာ အကြောင်း မရှိပါ။
ဝမ်ရွှေရှန့် အံ့သြသွားသည်။ ထို့နောက် ချက်ချင်း ခေါင်းငြိမ့်လိုက်ကာ ပြောလိုက်ပါသည်။ "ငါထင်သားပဲ။ အဲ့တာကြောင့်ကိုး။ မဟုတ်ရင် ဒီအဘိုးကြီး ဒီလောက် နူးညံ့နေမှာ မဟုတ်ဘူး။"
သူတို့နှစ်ယောက် တချို့ကိစ္စများကို ဆက်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ယဲ့ရှောင်ချန်း ဝမ်ရှင်းယီကို သွားတွေ့လိုက်၏။
၂ ရက်ခန့် ကုန်ဆုံးသွားခဲ့ပြီ။
ညပိုင်းတွင်။
ယဲ့ရှောင်ချန်း၏ အာရုံလှုပ်ရှားသွားပြီး ဖန်တီးထားသည့် ပုံရိပ်ယောင်နေရာသို့ ဝင်ရောက်လိုက်သည်။
အင်မော်တယ် အပင်ထွက်ကုန်ပစ္စည်းများ လေလံပွဲ စတင်လေပြီ။
၂ နာရီကျော်ကြာသွား၏။
ယဲ့ရှောင်ချန်း မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပါသည်။
ဒီလေလံပွဲမှ ဝင်ငွေက သူ မျှော်မှန်းထားတာထက် ပိုမြင့်နေပါသည်။
အင်မော်တယ်များ အင်မော်တယ် ဖရဲသီးကို ကြိုက်နှစ်သက်မှုကလည်း သူထင်ထားတာထက် ပိုအားကောင်းနေသည်။
အနီရောင် အင်မော်တယ်ပဲစေ့များထက်ပင် ပြိုင်ဆိုင်မှု ပိုပြင်းထန်ခဲ့ပါသည်။
ကြည့်ရတာ အင်မော်တယ် သစ်သီးများကလည်း အင်မော်တယ်များအတွက် အလွန် ရေပန်းစားသည့်ပုံပ်။ အင်မော်တယ်များအကြား အစားသောင်းကျန်းသူများ ရှိသည်ဟု ဆိုကြ၏။
ယဲ့ရှောင်ချန်း သူ့အကောင့်ထဲ အင်မော်တယ် ယွမ် ၅၀,၀၀၀ ကျော်သွားပြီမှန်း မြင်လိုက်ရသောအခါ တိုးတိတ်စွာဖြင့် ဝမ်းသာသွားရသည်။
ဝယ်ယူရတော့မည်။
ချက်ချင်းဆိုသလို အဆင့် ၂ အင်မော်တယ် မြေကွက် အနည်းငယ်ကို ဝယ်ယူခဲ့သည်။
အဆင့် ၂ အင်မော်တယ် စမ်းရေကိုလည်း ဝယ်ယူခဲ့၏။
ထို့အပြင် ခြံစည်းရိုးအားလုံးကို အဆင့်မြှင့်တင်ဖို့ ဆုံးဖြတ်လိုက်ပါသည်။
ခြံစည်းရိုး အကန့် ၃၀ ကျော်နဲ့တင် အင်မော်တယ် ယွမ် ၃၀,၀၀၀ ကျော် ကုန်ကျခဲ့သည်။
ဒီလိုနှင့် ယဲ့ရှောင်ချန်းသည် တခြား အင်မော်တယ် မျိုးစေ့နှင့် အင်မော်တယ် မြေသြဇာများစွာကိုလည်း ဝယ်ယူခဲ့ပါသေးသည်။
အခု သူ့အကောင့်ထဲတွင် အင်မော်တယ် ယွမ် ထောင်ကျော် အနည်းငယ်သာ ကျန်တော့၏။
မြန်မြန်ရလေ မြန်မြန်သုံးနိုင်လေ ဟူသည့် ဆိုရိုးစကားက အဓိပ္ပာယ်ရှိပါသည်။
ခြံစည်းရိုးအကုန်လုံးကို အဆင့်မမြှင့်တင်ရသေးသော်လည်း စိုက်ပျိုးရေးခြံတစ်ခုလုံးထဲက ပတ်ဝန်းကျင် အခြေအနေ ရုတ်တရက် ပြောင်းလဲသွားခဲ့ပါသည်။