ကြေးဝါ ဓားအဆီအနှစ်
Vol. 23 Ch. 317
“ဒါက နောက်ဆုံး အဆုံးအဖြတ်ပွဲပဲ”
“ဒါက ထိပ်ဆုံးမှာ ဘယ်သူရှိသလဲ ဆိုတာကို သက်သေပြမဲ့ပွဲ …။ သည်ဘက်ခေတ် ထောင်စုနှစ်အတွင်းမှာ ဆိုရင် စီးတုလေ့နဲ့ လီဖူချန်းတို့ နှစ်ယောက်စလုံးဟာ အတော်ဆုံး မြေကမ္ဘာ ပညာရှင်တွေ ဆိုတာကိုတော့ ဘယ်လိုမှ ငြင်းမရဘူး”
“အင်း … မင်းပြောတာကို ငါလက်ခံပါတယ်။ ဒါပေမဲ့ ချူးယီက အနာဂတ်မှာ သူတို့ နှစ်ယောက်စလုံးကို ကျော်တက် သွားလိမ့်မယ်။ သူ့ရဲ့ ဓားသွေးကြောတွေ အရမ်း အစွမ်းထက်တယ်ကွ။ သူက စီးတုလေ့ကိုတောင် ဒဏ်ရာရစေခဲ့တာ”
“ဟား … ဟား … ။ မင်းက လီဖူချန်းကို အဲဒီလို အထင်သေးလို့ မရဘူးလေကွာ …။ လီဖူချန်းက မြေကမ္ဘာနယ်ပယ် အဆင့် ၈ နဲ့ ချူးယီကို အနိုင်ယူထားတာ အားလုံး အမြင်ပဲ။ သူကကော ချူးယီ တိုးတက်လာသလို မတိုးတက်ဘူးလို့ မင်းအာမခံနိုင်လား”
“မသိဘူးဟေ့။ ငါကတော့ ချူးယီဟာ အနာဂတ်မှာ အရမ်း အစွမ်းထက် လာမဲ့ ပညာရှင်တစ်ယောက် ဖြစ်လာမယ်လို့ ယုံကြည်တယ်။ ချူးယီရဲ့ ဓားသွေးကြောတွေသာ အပြည့်အဝ နိုးထလာခဲ့မယ် ဆိုရင် ဓားတာအိုမှာ သူ့ကို ဘယ်သူယှဉ်နိုင်မှာလဲ”
လူတွေအားလုံးဟာ သူတို့ရဲ့ အမြင်တွေကို ပေါ်ပေါ်တင်တင်ပဲ ဆွေးနွေး နေကြပါတယ်။ ဒါပေမဲ့ ဘယ်သူမှ ငြင်းလို့ မရတဲ့ အချက်ကတော့ ချူးယီ၊ စီးတုလေ့နဲ့ လီဖူချန်းဟာ တူညီတဲ့ အဆင့်အတန်း တစ်ခုမှာ ရပ်တည်နေတဲ့ လူတွေ ဆိုတာပါပဲ။
အခုချိန်မှာတော့ ကျားနဂါး စာရင်းရဲ့ အဆင့်ရပ်တည်မှုတွေက ရှင်းလင်း သွားခဲ့ပါပြီ။ အဆင့် ၁ နဲ့ အဆင့် ၂ နေရာက လွဲရင်ပေါ့။
အခြားသော လက်ရွေးစင် ပါရမီရှင်တွေရဲ့ ကျားနဂါး စာရင်း အဆင့်ရပ်တည်မှုတွေ ကတော့ …
အဆင့်၃။ ချူးယီ
အဆင့်၄။ ချီဟန်
အဆင့်၅။ ကျင်းရိုလု
အဆင့်၆။ ကျင်ရုတုံ
အဆင့်၇။ တန်ကျင်းယွန်
အဆင့်၈။ စုလင်း
အဆင့်၉။ လျိုဖေးယွင်
အဆင့်၁၀။ ဟန်ရိမင်
အဆင့်၁၁။ ရှဟိုချောင်
အဆင့်၁၂။ မုယုံဒီးတို့ပါပဲ။
စုမုယူနဲ့ ရန်ချင်းဟူတို့ ကတော့ အဆင့်တော်တော်လေး ပြတ်ကျန်ခဲ့တယ် ဆိုပေမဲ့ ထိပ်ဆုံး ၃၆ ယောက် ထဲမှာတော့ ရှိနေပါသေးတယ်။ စုမုယူကတော့ ကျားနဂါးစာရင်းရဲ့ အဆင့် ၁၅ မှာ ရှိနေတဲ့အတွက် သိပ်ပြီးတော့ ပြတ်ကျန်ခဲ့တယ်လို့ မပြောနိုင်ပါဘူး။
နောက်ဆုံးမှာတော့ လူတွေအားလုံး စောင့်မျှော်နေတဲ့ တိုက်ပွဲကြီး စပါပြီ။ လူတွေအားလုံးရဲ့ မျက်စိအားလုံးဟာလည်း လီဖူချန်းနဲ့ စီးတုလေ့ အပေါ်မှာသာ ကျရောက် နေပါတယ်။
ဖျက်မြင်းဘုရင် လီဖူချန်းကပဲ စီးတုလေ့ကို အနိုင်ယူ သွားနိုင်မှာလား။ ဒါမှမဟုတ် နံပါတ်တစ် ကြယ်ဘုရင် စီးတုလေ့ကပဲ လီဖူချန်းကို အနိုင်ယူပြီး ကြယ်ဘုရင်တွေရဲ့ သိက္ခာကို ပြန်ဆည် ပေးနိုင်မလား။ အဲသည် အဖြေကိုတော့ သိပ်မကြာခင်မှာ သိရတော့မှာပါ။
ဒါက ဘုရင်နှစ်ပါးရဲ့ အဆုံးအဖြတ် တိုက်ပွဲ ဖြစ်တဲ့အတွက် လူတွေအားလုံးဟာ အသက်ကိုတောင် ပြင်းပြင်း မရှူရဲဘဲ စောင့်ကြည့် နေကြပါတယ်။
ကျားနဂါး ပြိုင်ပွဲရဲ့ နံပါတ်၁ ဆိုတာက ဂုဏ်ပုဒ်သက်သက် မဟုတ်ပါဘူး။ ဒါက ကံကောင်းခြင်း ကြယ်ကံကြမ္မာနဲ့လည်း သက်ဆိုင် နေပါသေးတယ်။
အရင်ကြယ်ဘုရင်တွေရဲ့ ပြောစကားတွေ အရဆိုရင် ကြယ်ဘုရင်တွေဟာ ကောင်းကင် နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်တဲ့ အခါမှာ အခြားလူတွေနဲ့ မတူတဲ့ ကံကောင်းခြင်းမျိုးနဲ့ ကြုံရပါတယ်။ ကြယ်ဘုရင်တွေဟာ ကောင်းကင်နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်ရင် ကောင်းကင်နယ်ကယ် အဆင့် ၂ ရဲ့ အထွတ်အထိပ်ကို တစ်ခါတည်းတန်းပြီး ရောက်သွားတာပါ။ နံပါတ် ၁ ကြယ်ဘုရင်တွေ ဆိုရင် ကောင်းကင်နယ်ပယ် အဆင့် ၃ အထိတောင် တက်လှမ်း သွားနိုင်ပါသေးတယ်။
တကယ်လို့ ကြယ်ဘုရင် စာရင်းမှာ ၂ ကြိမ်တိတိ ပါဝင်နိုင်ခဲ့တဲ့ နံပါတ် ၂ ကြယ်ဘုရင်နဲ့ နံပါတ် ၃ ကြယ်ဘုရင်ဟာ ကောင်းကင်နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်ခဲ့ရင် သေချာပေါက် ကောင်းကင်နယ်ပယ် အဆင့် ၃ ကို ရောက်သွားမှာပါ။
ကြယ်ဘုရင် စာရင်းမှာ နှစ်ကြိမ်တိတိ နံပါတ် ၁ နေရာ ရခဲ့တဲ့ လူဆိုရင်တော့ ကောင်းကင်နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်တဲ့ အခါဆိုရင် ကောင်းကင်နယ်ပယ် အဆင့် ၃ ရဲ့ အထွတ်အထိပ် အဆင့်အထိ ရောက်သွားမှာ ဖြစ်ပါတယ်။ ကံလေး နည်းနည်းလောက် ကောင်းခဲ့မယ် ဆိုရင်တော့ ကောင်းကင်နယ်ပယ် အဆင့် ၄ အထိတောင် ရောက်နိုင်ပါသေးတယ်။
သည်အချက်ကြောင့်သာ စီးတုလေ့နဲ့ အခြား ကြယ်ဘုရင် နှစ်ပါးဟာ ကောင်းကင် နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်ခြင်း မရှိသေးဘဲနဲ့ ကျားနဂါးပြိုင်ပွဲကို နောက်ထပ်တစ်ကြိမ် ဝင်ပြိုင်တာ ဖြစ်ပါတယ်။
စက်ဝိုင်းပုံ စင်မြင့်ပေါ်မှာတော့ စီးတုလေ့နဲ့ လီဖူချန်းတို့ နှစ်ယောက်စလုံး ရောက်နေကြပါပြီ။ သူတို့ နှစ်ယောက်ကြားမှာတော့ မီတာ၂၀ နီးပါး ခြားနေပါတယ်။
စီးတုလေ့ရဲ့ မျက်နှာက လုံးဝကို တည်ကြည် လေးနက်နေပါပြီ။ သူ့ရဲ့ ဆဋ္ဌမအာရုံက လီဖူချန်းကို အနိုင်ယူဖို့ဟာ ချူးယီနဲ့တုန်းကလောက် လွယ်မှာ မဟုတ်ဘူးလို့ သတိပေးနေသည် မဟုတ်ပါလား။
သည်ပွဲကို အနိုင်ရဖို့ဆိုရင် ဒဏ်ရာ အကြီးအကျယ် ရပြီးမှသာ ဖြစ်နိုင်လိမ့်မယ်လို့လည်း စီးတုလေ့တစ်ယောက် အာရုံရနေပါတယ်။
“မရဏမိုးကြိုး”
ခရမ်းရောင် မိုးကြိုးတွေနဲ့အတူ မိုးကြိုးပုံရိပ်ကြီး တစ်ခုဟာ စီးတုလေ့ရဲ့ အနောက်မှာ ဖြစ်တည်လာခဲ့ပါပြီ။ စက်ဝိုင်းပုံ စင်မြင့်ရဲ့ ကောင်းကင်ထက်မှာလည်း မရေမတွက်နိုင်တဲ့ ခရမ်းရောင် မိုးကြိုးတွေ ပြည့်နှက် လာပါတယ်။ ထို့နောက်မှာတော့ ထိုမိုးကြိုးတွေဟာ ခရမ်းရောင် မိုးကြိုးလက်သီးကြီးအဖြစ် ပြောင်းသွားပြီး လီဖူချန်းကို ထိုးချလိုက် ပါတော့တယ်။
ဟူး … ဟူး …
လီဖူချန်းကလည်း လျှပ်စီးအလျင်နဲ့ မိုးကြိုးလက်သီးကို ရှောင်လိုက်ပါတယ်။
မရဏမိုးကြိုးဟာ အရမ်းကို မြန်ဆန်ပေမဲ့လည်း လီဖူချန်းကို မထိခဲ့ပါဘူး။ လီဖူချန်းရဲ့ အသိစိတ်အာရုံက သူ့ကို မရဏမိုးကြိုးရဲ့ စက်ကွင်းကနေ လွတ်မြောက်နိုင်အောင် အကူအညီ ပေးနေတယ်လေ။
“မင်းရဲ့ အသိစိတ်အာရုံက လုံလောက်တယ်လို့ ထင်နေတာလား”
စီးတုလေ့က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး လက်သီးချက်တွေကို တရစပ် ထုတ်လိုက်ပါတယ်။ ကောင်းကင်ပေါ်က ခရမ်းရောင် မိုးကြိုးလက်သီး တွေကလည်း လီဖူချန်းဆီကို အဆက်မပြက် ကျရောက် လာခဲ့ပါပြီ။
အခုချိန်မှာတော့ လီဖူချန်းဟာ သည်မိုးကြိုးလက်သီးတွေကို ဘယ်လိုမှ ရှောင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ အဲသည်အတွက် လီဖူချန်းအနေနဲ့ လုပ်စရာ တစ်ခုပဲ ရှိပါတော့တယ်။
“မိစ္ဆာနှင် သတ်ဖြတ်ခြင်းအရိပ်”
အနက်ရောင် ဓားရိပ်တွေက ကန်လန့်ကာ တစ်ခုသဖွယ် လက်သီးရိပ်တွေကို လွှမ်းခြုံ သွားခဲ့ပါပြီ။
ဖောင်း … ဖောင်း … ဖောင်း …
ဒါပေမဲ့ လက်သီးရိပ် တော်တော်များများက အနက်ရောင် ဓားကန့်လန့်ကာကြီးကို ဖောက်ထွက်လာပြီး လီဖူချန်းဆီကို ကျရောက် လာနေဆဲပါပဲ။
“မိုးကြိုးဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး လက်သီးသိုင်းက နာမည်ကျော်ထိုက် ပါပေတယ်”
လီဖူချန်းက အသက်ကို တဝကြီး ရှုလိုက်ကာ အလျင်အမြန် ရှောင်တိမ်း လိုက်ပါတယ်။
ဘန်း …
ခရမ်းရောင် မိုးကြိုးလက်သီးတွေ အရမ်းကို များနေတဲ့အတွက် လီထူချန်းဟာ လွတ်လွတ်ကျွတ်ကျွတ် ရှောင်တိမ်းနိုင်စွမ်း မရှိခဲ့ပါဘူး။ သူက ခရမ်းရောင်မိုးကြိုးလက်သီး တစ်ခုကိုတော့ ဓားနဲ့သာ ကာလိုက်ရပါတယ်။
လီဖူချန်းရဲ့ ခန္ဓာကိုယ်ဟာ မြေပြင်တစ်လျှောက် လျောပြီး လွင့်ထွက်သွားခဲ့ပါပြီ။ သူရဲ့ ခန္ဓာကိုယ်ပေါ်မှာလည်း မီးလောင်ဒဏ်ရာတွေ အတော်များများ ဖြစ်လာခဲ့ပါတယ်။
“ကောင်းတယ်။ ငါ့ရဲ့ နောက်ထပ် လက်သီးတစ်ချက်ကို ခံကြည့်ဦး”
စီးတုလေ့က ကောင်းကင်ပေါ်ကို ခုန်တက်ကာ မိုးကြိုးလက်သီးတွေနဲ့ အဆင်မပြတ် ထိုးချလိုက် ပြန်ပါတယ်။
' သည်အတိုင်း ဆက်သွားနေမယ် ဆိုရင်တော့ ငါရှုံးတော့မှာ အသေအချာပဲ။ ငါ့ရဲ့ ကြေးဝါ ဓားအဆီအနှစ်ကို ထုတ်သုံးဖို့ အချိန်တန်ပြီ။ ကြေးဝါ ဓားအဆီအနှစ် နည်းနည်းလောက်ပဲ ထုတ်သုံးရင်တော့ ဘယ်သူမှ သတိမထားမိလောက်ပါဘူး '
ကြေးဝါဓား အဆီအနှစ်ရဲ့ အစွမ်းတွေ အကုန်လုံးကိုသာ ထုတ်သုံးလိုက်မယ် ဆိုရင် လူတွေ အကုန်လုံး ထိတ်လန့်ကုန်မယ် ဆိုတဲ့ အချက်ကို လီဖူချန်းအနေနဲ့ ထည့်တွက်ရပါမယ်။
လူတစ်ယောက်ရဲ့ အစွမ်းက ရှိသင့်တာထက် ပိုလွန်းနေမယ် ဆိုရင်တော့ အဲသည်လူဟာ သက်ဆိုးရှည်လေ့ မရှိပါဘူး။ အဲသည် အချက်ကိုတော့ လီဖူချန်းဟာ ကောင်းကောင်းကြီး သဘောပေါက်ပါတယ်။
သူ့ရဲ့ သံနက်ဓား အဆီအနှစ်ကို ထုတ်သုံး လိုက်တာကိုတောင်မှ ထိပ်သီးပညာရှင် တော်တော်များများဟာ သူ့ကို သတိပြုမိနေကြပါပြီ။
အခြားလျှို့ဝှက်နည်းနစ် တစ်ခုနဲ့တွဲပြီး သုံးလို့ရတဲ့ လျှို့ဝှက်နည်းနစ်။ သည်လို လျှို့ဝှက်နည်းစနစ် ဆိုတာမျိုးက ထိပ်တန်း အင်အားစုကြီး ၁၀ စုတောင်မှ ပိုင်ဆိုင်ထားတာ မဟုတ်ပါဘူး။
“ကြေးဝါဓား အဆီအနှစ်လာစမ်း”
လီဖူချန်းရဲ့ ကျောရိုးမကြီးပေါ်မှာ ရေးထိုးထားတဲ့ သံနက်ဓား အင်းကွက်ရဲ့ ၅ ရာခိုင်နှုန်းလောက်က ကြေးဝါရောင် ပြောင်းသွားခဲ့ပါပြီ။
ထို့နောက်မှာတော့ လီဖူချန်းရဲ့ ဓားနက်ကြီးကနေ ကြက်သွေးရောင်နဲ့ ကြေးဝါရောင် ရောစပ်ထားတဲ့ ဓားချီတွေ ဖြစ်ပေါ်လာပြီး မိုးကြိုးလက်သီးတွေကို ရင်ဆိုင်ဖို့အတွက် ပြေးထွက်သွား ပါတော့တယ်။
“ဟမ့်ဘ … မင်းက ငါ့ရဲ့ တိုက်ခိုက်မှုကို ခုခံချင်သေးတာလား …"
စီးတုလေ့က နှာခေါင်းရှုံ့ လိုက်ပါတယ်။
ဖောင်း ... ဖောင်း ... ဖောင်း ... ဖောင်း ... ဖောင်း ...
လေအပြည့် မှုတ်သွင်းထားတဲ့ လေပူဖောင်းတွေကို အပ်တစ်ချောင်းနဲ့ ထိုးဖောက်လိုက် သလိုပါပဲ။ စီးတုလေ့ရဲ့ မိုးကြိုးလက်သီးတွေ အကုန်လုံးဟာ ပေါက်ကွဲ ထွက်ကုန်ပါပြီ။
ထို့နောက်မှာတော့ လီဖူချန်းရဲ့ အားကောင်းလှတဲ့ ဓားချီတွေဟာ စီးတုလေ့ အပေါ်ကို မိုးရွာချလိုက်တဲ့ အလား ကျရောက် လာပါတော့တယ်။
“ဘာ ... ဘာဖြစ်သွားတာလဲဟ”
စီးတုလေ့က ကသောကမျောနဲ့ အနောက်ကို ခုန်ဆုတ်လိုက် ရပါတယ်။ သူက အနောက်ကို ခုန်ဆုတ်ရင်းနဲ့ မိုးကြိုးလက်သီး ၃ ချက်ထုတ်ပြီး လီဖူချန်းရဲ့ ဓားချီတွေကို ဖျက်ဆီးလိုက် ရပါသေးတယ်။
“သည်ကောင် ... အခုချိန်အထိ သူ့ရဲ့ အစွမ်းတွေ အကုန်လုံးကို ထုတ်မပြသေးတာလား ... ”
စီးတုလေ့ရဲ့ မျက်နှာက မှုန်ကုပ်ကုပ် ဖြစ်သွားခဲ့ပါပြီ။
သူက လီဖူချန်းအနေနဲ့ သူ့ရဲ့ စွမ်းရည် အစစ်အမှန်ကို ထုတ်ပြပြီး သွားပြီလို့ ယူဆ ထားခဲ့တာပါ။ အခုတော့ သူ့ရဲ့ ယူဆချက် မှားသွားပြီ ဆိုတာကို စီးတုလေ့တစ်ယောက် သိလိုက်ပါတယ်။ လီဖူချန်း အနေနဲ့ သူ့ရဲ့ မိုးကြိုးလက်သီးတွေကို ဖောက်ခွဲဖို့အတွက် လျှို့ဝှက်နည်းစနစ် တစ်ခု သုံးလိုက်တယ် ဆိုတာ အသိသာကြီးပါပဲ။
“လီဖူချန်းက လူကော ဟုတ်သေးရဲ့လား ... ။ သူက နှစ်ထောင်ပေါင်းများစွာ အသက်ရှင်နေတဲ့ မိစ္ဆာအိုကြီး တစ်ကောင်လား ... ။ သူက ဘယ်လိုလုပ်ပြီး သည်လောက်အထိ များပြားလှတဲ့ ဝှက်ဖဲတွေကို ပိုင်ဆိုင်ထားတာလဲ"
လူအုပ်ကြီးကတော့ လီဖူချန်းကို ကြည့်ပြီး မေးခွန်းတွေ အများကြီး ဖြစ်လာပါတယ်။ ပြီးတော့ သူတို့အနေနဲ့ လီဖူချန်းကို ဘာမှတ်ချက် ပေးလို့ ပေးရမှန်း မသိတော့ပါဘူး။
လီဖူချန်းက သူတို့ကို အခုလို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့တာ တစ်ခါ၊ နှစ်ခါလည်း မဟုတ်တော့ပါဘူး။ သည်တစ်ကြိမ်နဲ့ ဆိုရင် အနည်းဆုံးတော့ လေးကြိမ် ရှိနေပါပြီ။
လီဖူချန်း တစ်ယောက် ကျရှုံးတော့မယ်လို့ သူတို့ ထင်မြင်ယူဆ လိုက်တိုင်းမှာ ထိုသကောင့်သားက သူ့ရဲ့ လျိုထားတဲ့ အစွမ်းအစတွေကို ထုတ်ပြရင်းနဲ့ သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို ပြောင်းပြန် ဖြစ်စေခဲ့ပါတယ်။
သည်လီဖူချန်း ဆိုတဲ့ ကောင်က လူတွေရဲ့ ထင်မြင်ယူဆချက်တွေ ပြောင်းပြန်ဖြစ်အောင် လုပ်ရတာကို သိပ်ပြီး သဘောကျ နေပုံပါပဲ။ အခုလည်းသူက စီးတုလေ့ရဲ့ မိုးကြိုးလက်သီးတွေကို ဖောက်ခွဲပြီး သူ့ရဲ့ ဖုံးကွယ်ထားတဲ့ စွမ်းရည် တစ်ခုကို ထုတ်ပြလိုက် ပြန်ပါပြီ။
“ကောင်းကင်ဘုံ မရဏမိုးကြိုး ... ။ အရာအားလုံးကို ဖျက်ဆီးခြင်း”
စီးတုလေ့က ဒေါသတကြီးနဲ့ အော်ဟစ်ကြုံးဝါး လိုက်ပြီး မရဏမိုးကြိုး လက်သီးသိုင်းရဲ့ ပွဲသိမ်းတိုက်ကွက်ကို ထုတ်လိုက်ပါတော့တယ်။
သူ့ရဲ့ လက်သီးချက် ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် ကောင်းကင် တစ်ခုလုံးဟာ အုံ့မှိုင်းသွားပြီး မိုးကြိုးလျှပ်စီးတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာကြီး တစ်ခုလို ဖြစ်သွားခဲ့ပါပြီ။ တစ်ချိန်တည်းမှာပဲ လျှပ်စစ်စက်ကွင်းကြီး တစ်ခု ဖြစ်ပေါ်လာသေးတယ်။ အဲသည် လျှပ်စစ် စက်ကွင်းကြီးက လီဖူချန်းကိုတောင် ထုံကျဉ် သွားစေခဲ့ပါတယ်။
“အား”
လီဖူချန်းရဲ့ ခန္ဓာကိုယ် တစ်ခုလုံး လျှပ်စစ်စက်ကွင်းဒဏ်ကြောင့် တဆက်ဆက် တုန်ယင်နေခဲ့ပါပြီ။ လီဖူချန်းအနေနဲ့ သူ့လက်ထဲက ဓားကိုင်တောင် ဆက်ပြီးတော့ ဆုပ်ကိုင်ထားဖို့ အားမရှိတော့ သလိုပါပဲ။
ဒါတောင်မှ စီးတုလေ့ရဲ့ လက်သီးကနေ ထွက်ပေါ်လာတဲ့ အရှိန်အဝါတွေပဲ ရှိပါသေးတယ်။ ကောင်းကင်ပေါ်ကနေ ကျလာတဲ့ စီးတုလေ့ရဲ့ မိုးကြိုးလက်သီးတွေသာ ထိမှန်သွားခဲ့မယ် ဆိုပါက လီဖူချန်းအနေနဲ့ တစ်စစီ ပေါက်ကွဲ သွားလောက်ပါတယ်။
“အကာအကွယ် ဖြစ်တည်စမ်း”
လီဖူချန်းရဲ့ အမိန့်ပေးသံနဲ့အတူ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အစိမ်းရောင်နဲ့ အနက်ရောင် ရောယှက်နေတဲ့ ချီစွမ်းအင် အလွှာတစ်ခု ဖြစ်ပေါ်လာခဲ့ပါပြီ။ ဒါကတော့ သံနက်ဓား အဆီအနှစ်နဲ့ ကြေးဝါဓား အဆီအနှစ်တွေ ခိုဝင်ကိန်းအောင်းနေတဲ့ ဓားချီအကာအကွယ် တစ်ခုပါပဲ။
ဓားချီအကာအကွယ် ဖြစ်တည်လာပြီး နောက်မှာတော့ လီဖူချန်းဟာ လျှပ်စစ်စက်ကွင်းကြောင့် ခံစားနေရတဲ့ ထုံကျဉ်မှုတွေကို မခံစားရတော့ပါဘူး။
“မီးတောက်နဂါး တိုက်စမ်း …”
ထို့နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ ဓားနက်ကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး မိုးကြိုးလက်သီးတွေကို ပိုင်းဖြတ်ပစ် လိုက်ပါတယ်။
ဂါး ... ဂရား …
လီဖူချန်းရဲ့ ဓားချီတွေဟာ နဂါးကြီး တစ်ကောင်အဖြစ် ပြောင်းသွားပြီး ခရမ်းရောင် မိုးကြိုးတွေ ဆီကို ပျံတက်သွားခဲ့ပါပြီ။
မီးတောက်နဂါးကြီးရဲ့ ခန္ဓာကိုယ်ကိုတော့ အနက်ရောင် အကြေးခွံတွေနဲ့ ဖုံးအုပ်ထားပြီး ခြေသည်း လက်သည်းတွေ၊ အစွယ်တွေနဲ့ ဦးချိုကတော့ ကြေးဝါရောင် တောက်ပနေပါတယ်။
ဖောင်း ... ဖောင်း ... ဖောင်း ...
မီးတောက်နဂါးကြီးဟာ ခရမ်းရောင် မိုးကြိုးတွေနဲ့ ဖွဲ့စည်းထားတဲ့ မိုးကြိုးလက်သီးကြီးကို လက်သည်းတွေနဲ့ ဆွဲဖြဲလိုက်ပြီး ပေါက်ကွဲ သေလိုက်ပါတယ်။ ထိုမီးတောက်နဂါးကြီးက ထိုမျှနဲ့တင် ရပ်တန့် မသွားသေးဘဲ စီးတုလေ့ရဲ့ ချီအကာအကွယ်တွေကိုပါ ဆွဲဖြဲ ဖျက်ဆီးလိုက်ကာ စီးတုလေ့ဆီကို တိုးဝင်သွားခဲ့ပါသေးတယ်။
ဗြိ ...
စီးတုလေ့ရဲ့ ချီအကာအကွယ်က ဘယ်လောက်ပင် ကောင်းမွန် နေပါစေလေ။ သည်မီးတောက် နဂါးကြီးရဲ့ အမျက်ဒေါသကိုတော့ တောင့်ခံနိုင်ခဲ့ပုံ မရပါဘူး။ သည်မီးတောက် နဂါးကြီးက ကြေးဝါ ဓားအဆီအနှစ်တွေ ခိုဝင်ကိန်းအောင်းနေတဲ့ နဂါးကြီးပင် မဟုတ်ပါလော။
အား ...
စီးတုလေ့ရဲ့ ခန္ဓာကိုယ် တစ်ခြမ်းကတော့ ကြေးဝါ ဓားအဆီအနှစ် ဓားချီတွေကြောင့် စုတ်ပြတ်သတ် သွားခဲ့ပါပြီ။
သည်တိုက်ပွဲမှာ အနိုင်ရသွားသူကတော့ လီဖူချန်းပါပဲ။
***