← Chapters

စမ်းသပ်မြေကွက်

Vol. 18 Ch. 260

စမ်းသပ်မြေကွက်

Vol. 18 Ch. 260

ယဲ့ရှောင်ချန်းတစ်ယောက် သူ့မှော်စွမ်းအင် ပုံဆောင်ခဲမှ အပင်ဝိညာဥ်အဖြစ် ပြောင်းလဲသွားသောအခါ အများကြီး ပြောင်းလဲသွားမှန်း ခံစားမိပါသည်။

နောက်ပိုင်းတွင် ဒီအပင်ဝိညာဥ်ကို ခွန်အား တိုးမြှင့်ပေးချင်ပါက အင်မော်တယ် မြက်ပင်များ၏ စွမ်းအင်ကို အထူးတလည် စုပ်ယူဖို့ မလိုတော့ပါ။

သူ့ နေ့ရက်များ ရောက်လာတော့မည်။

ထို့အပြင် အပင်ဝိညာဥ် ဒုတိယတစ်မျိုးကို ကျင့်ကြံနိုင်ပါသည်။

အပင်ဝိညာဥ် ဒုတိယတစ်မျိုးအတွက် အကြံရှိပြီးသားဖြစ်သည်။ အနီရောင် အင်မော်တယ် ပဲပင်ကို ရွေးခဲ့သည်။

မတူညီသော အပင်ဝိညာဥ်များတွင် မတူညီသော ဂုဏ်သတ္တိများ ရှိကြသည်။

အနီရောင် အင်မော်တယ်ပဲစေ့များနှင့် ကျင့်ကြံသူများက မီးဂုဏ်သတ္တိကို ရရှိမည်ဖြစ်သည်။

အင်မော်တယ် မြက်ပင်နှင့် ကျင့်ကြံသူများက ဂုဏ်သတ္တိမဲ့ ဖြစ်သည်။

ပုံမှန်ဆို လူတစ်ယောက်က မှော်စွမ်းအင် တစ်မျိုးကိုသာ ကျင့်ကြံနိုင်သည်။

သို့သော် ယဲ့ရှောင်ချန်း၏ ရှန်းနုန်ပါရမီက အနည်းငယ် ထူးခြား၏။ အပင်များ၏ ဂုဏ်သတ္တိပြောင်းလဲမှုအပေါ် အခြေပြုပြီး ပေါင်းစည်းမှုတစ်ခု ဆောင်ရွက်နိုင်ပါသည်။

ယဲ့ရှောင်ချန်း မျက်လုံးကို ဖွင့်ကြည့်လိုက်၏။ သူ့မျက်လုံးထဲတွင် ပျော်ရွှင်မှု အရိပ်အယောင်တစ်ခု ပေါ်လွင်နေပါသည်။

တခြားသူများအတွက် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း စဦးအဆင့်မှ အလယ်အဆင့် ပြောင်းလဲခြင်းက တိုးတက်မှု အသေးစားလေး တစ်ခုသာ ဖြစ်သည်။ ခွန်အား ပြောင်းလဲမှုကလည်း မသိသာပါ။

ယဲ့ရှောင်ချန်းအတွက်တော့ လုံးဝ ကွဲပြားခြားနားပါသည်။

တခြားသူများ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်တွင် ရှိခဲ့စဥ်တုန်းက ၎င်းတို့၏ မှော်စွမ်းအင်မှာ ဓာတ်ငွေ့အခြေအနေတွင် ရှိသည်။

သို့သော်လည်း သူကျင့်ကြံခဲ့သည်က အစိုင်အခဲ အခြေအနေတွင်ဖြစ်ပြီး သူ့မှော်စွမ်းအင်က ပုံဆောင်ခဲ ဖြစ်ပေါ်စေခဲ့သည်။

ယဲ့ရှောင်ချန်း အင်မော်တယ် မြေကွက် အပြင်ဘက်က သိပ်သည်းသည့် ပေါင်းပင်များ ပေါက်ရောက်နေသော လယ်ထဲသို့ လာခဲ့ပါသည်။

ရုတ်တရက် သူ့မျက်လုံးများ အရောင်လက်သွား၏။ ထို့နောက် လက်ညှိုးထိုးလိုက်ပြီး အစိမ်းရောင် အလင်းတစ်ခု ပေါ်ထွက်လာ၏။

ရုတ်ချည်းဆိုသလို မြေပေါ်က ပေါင်းပင် တစ်ပင်က ကြမ်းတမ်းစွာ ဖွံ့ဖြိုးလာခဲ့သည်။

မျက်စိတစ်မှိတ်အချိန်အတွင်း ပေါင်းပင် ထူထူ တစ်ပင်က ၄ မီတာ ၅ မီတာလောက်ထိ ရှည်လျားလာ၏။

ပေါင်းပင်၏ အစွန်းများက လွှသွားများလို ချွန်ထက်နေပြီး သတ္တုရောင်တလက်လက် လက်နေပါသည်။

နင်းခြေလို့ရသည့် ပေါင်းပင်တစ်ပင်တော့ မဟုတ်တော့ပေ။

ယဲ့ရှောင်ချန်းတွင် ရုတ်တရက် အကြံပေါ်လာ၏။ ထို့နောက် ဧရာမ ပေါင်းပင်ကြီးကို မြေကြီးထဲမှ အမြစ်မှဆွဲနှုတ်လိုက်ပါသည်။

သူ့ထိန်းချုပ်မှုအောက်တွင် ပေါင်းပင်က သူ့ခန္ဓာကိုယ် အစိတ်အပိုင်းလိုဖြစ်နေသည်။

ထို့အပြင် ရှည်လျားပြီး ထူထပ်သည့် အရွက်များကို ခါရမ်းလိုက်သောအခါ လေကို ပိုင်းဖြတ်ကာ ကြောက်စရာကောင်းသည့် အသံများ ထွက်လာကြသည်။ ကျောက်တုံး တစ်တုံးကို သစ်ရွက်များဖြင့် ပိုင်းဖြတ်ကြည့်လိုက်သောအခါ ပြတ်တောက်သွားခဲ့ပါသည်။

"ဟားဟား ဒီအပင်ဝိညာဥ်က တကယ် စွမ်းအားကြီးတာပဲ။ ငါအပေါ်ယံပဲ သုံးရသေးတယ်။ အားက ဒီလောက်တောင် ကြောက်ဖို့ ကောင်းနေပြီလား။"

ယဲ့ရှောင်ချန်း အံ့အားသင့်သွားရပါသည်။

ဒါက အပင်စစ်သည်တော် နည်းလမ်း မဟုတ်ပါ။ သို့သော် ထိန်းချုပ်ဖို့အတွက် အပင်ဝိညာဥ်များကို သုံးရသော မန္တန်တစ်ခု ဖြစ်ပါသည်။

လက်ရှိ သူ့အပင်ဝိညာဥ်မှာ အပင်တစ်မျိုးကိုသာ ထိန်းချုပ်နိုင်၏။ သူပူးကပ်လိုက်ပါက အလွန်အမင်း စွမ်းအားကြီးသော တိုက်ပွဲစွမ်းပကားများကို ထုတ်သုံးနိုင်ပါသည်။

နယ်မြေတစ်ခုတည်းက အပင်အားလုံးကို ထိန်းချုပ်နိုင်သည့် အပင်စစ်သည်တော် ဖန်တီးခြင်းနှင့် မတူပါ။

၎င်းတို့၏ တစ်ပင်ချင်းခွန်အားက အားနည်းလွန်းလှပါသည်။

"ငါ အပင်ဝိညာဥ်နဲ့ အပင်စစ်သည်တော် ဖန်တီးခြင်းနည်းလမ်းတို့ကို တွဲသုံးလိုက်ရင် စွမ်းအားက ၁ + ၁ လောက်ပဲ မဟုတ်မှာ စိုးရိမ်တယ်။"

ယဲ့ရှောင်ချန်း စဥ်းစားလိုက်ပါသည်။

အပင်ဝိညာဥ်တွင် တခြား အားသာချက် ရှိသေး၏။ အပင်ဝိညာဥ်စွမ်းအားကို သူ ပြန်မရုတ်သိမ်းပါက၊ ထိုစွမ်းအင်ကို သူ့မှော်ပညာဖြင့် ထိန်းသိမ်းနိုင်နေသေးသ၍ အပင်ဝိညာဥ်က ဆက်လက်တည်ရှိနေပြီး အချိန်ကုန်သွားသောကြောင့် အလိုအလျောက် ပျောက်ဆုံးသွားတာမျိုး မဖြစ်နိုင်ပါ။

ထိုအချိန်တွင် လုတုန်ချမ်း ရောက်လာပြီး ယဲ့ရှောင်ချန်း ဘေးနားက ဧရာမ ပေါင်းပင်ကြီးကို ကြည့်လိုက်ပါသည်။ အလွန်အမင်း အံ့သားသင့် ထိတ်လန့်သွားရသည်။

ထိုအရာကြီးက သူ့ကို ကြက်သီးထစေ၏။

"ဟဲဟဲ တုန်လေး မင်းစမ်းကြည့်မလား။"

ယဲ့ရှောင်ချန်း ပြုံးကာ ပြောလိုက်သည်။

“ကောင်းပြီ။"

လုတုန်ချမ်း တကယ် စမ်းသုံးကြည့်ချင်နေပါပြီ။

သူ့ခါးထဲမှ မှော်ဓားပျော့ကို ထုတ်ကာ မှော်စွမ်းအင်ကို တုန်ခါသွားစေ၏။ ချက်ချင်းဆိုသလို ဓားပျော့က တန်းမတ်သွားပြီး ပုစဥ်းတောင်ပံလောက် ပါးလွှာသွားပါသည်။

ယဲ့ရှောင်ချန်း၏ အမိန့်အောက်တွင် ဧရာမ ပေါင်းပင်ကြီး အောက်က အမြစ်များစွာမှာ အလွန်လျင်မြန်သောနှုန်းဖြင့် ပင့်ကူခြေထောက်တွေလို လှုပ်ရှားခဲ့ကြသည်။

ဝှစ်…

ကြောက်စရာကောင်းသည့် သစ်ရွက်တစ်ရွက်က လေကို ခွင်းပြီး ဓားကို ခုတ်လိုက်ပါသည်။

လုတုန်ချမ်းက ဟိန်းလိုက်ပြီး သူ့လက်ထဲက မှော်ဓားက တုန်ခါသွားသည်။ ဓားချင်း ရိုက်ခတ်သံတစ်ခု ထွက်ပေါ်လာ၏။

ချွင်း…

သစ်ရွက်က မှော်ဓားနှင့် ရိုက်ခတ်သွားခြင်း ဖြစ်ပါသည်။

လုတုန်ချမ်း လွင့်ထွက်သွားရ၏။

တဖက်တွင်တော့ ဧရာမ ပေါင်းပင်ကြီးမှာ လှုပ်ပင် မလှုပ်ခဲ့ပေ။ သို့သော် သစ်ရွက်တွင်တော့ သေးငယ်သည့် အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့၏။

မှော်ဓားကြောင့် အက်ကွဲသွားခြင်း ဖြစ်ပါသည်။

ယဲ့ရှောင်ချန်းက ဧရာမ ပေါင်းပင်ကြီး၏ စွမ်းအားကြောင့် ထိတ်လန့်နေဆဲဖြစ်သည်။

ဒီလောက် ကွဲကြောင်းသေးသေးလေးက ဧရာမ ကိုယ်ထည်နှင့် ယှဥ်လျှင် ဘာမှမပြောပလောက်ပါ။

လုတုန်ချမ်းက မယုံကြည်ဘဲ ထပ်တိုက်ခဲ့သည်။

ကံမကောင်းစွာဖြင့် သူ ဘယ်လောက်ပဲ လျင်မြန်ပါစေ၊ ဧရာမ ပေါင်းပင်ကြီးထက်တော့ ပိုမလျင်မြန်ခဲ့ပါ။ သစ်ရွက်ရှည်ကြီးက ကခုန်သွားပြီး ပေပေါင်းများစွာကို ဖုံးလွှမ်း လှည့်ပတ်လိုက်ပါသည်။

လုတုန်ချမ်း အကြိမ်ပေါင်းများစွာ လွင့်ထွက်သွားခဲ့ပါသည်။

ပေါင်းပင်၏ သစ်ရွက်ပေါ်တွင် အက်ကွဲကြောင်း အနည်းငယ် ထင်အောင်သာ သူ လုပ်နိုင်ခဲ့သည်။ လုံးဝ အသုံးမဝင်ပါ။

ဟောဟဲ ဟောဟဲ ဟောဟဲ...

လုတုန်ချမ်းက မြေပေါ်တွင် ထိုင်ချကာ ကျယ်လောင်စွာ မောဟိုက်နေပါသည်။ အဘယ့်ကြောင့်ဆိုသော် သူ့မှော်စွမ်းအင် ကုန်ဆုံးမှုက အလွန်မြင့်မားနေသောကြောင့်ပင်။

သူ အားကုန်နေပါပြီ။

အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် အထွတ်အထိပ်ကို သူဖောက်ထွက်နိုင်ခဲ့သည်။

ဘာကြောင့် ဒီဧရာမ ပေါင်းပင်ကြီးကို အနိုင်မယူနိုင်ရတာလဲ။

ယဲ့ရှောင်ချန်းက ဧရာမ ပေါင်းပင်ကြီးကို အလွန်အားရ ကျေနပ်သွားပါသည်။

ကြည့်ရတာ အပင်ဝိညာဥ်က သူ ထင်ထားတာထက် အများကြီး ပိုအားကောင်းနေသည့်ပုံပင်။

လုတုန်ချမ်းက အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီး ချီသန့်စင်ခြင်းအဆင့်ရောက်ဖို့ ခြေတစ်လှမ်းသာ လိုတော့သည်။

အခုတော့ သူအပင်ဝိညာဥ်က လုတုန်ချမ်းကို အနိုင်ယူနိုင်ခဲ့သည်။

ရုတ်တရက် ယဲ့ရှောင်ချန်း သူ့ခွန်အားကို အကြမ်းဖျင်း ခန့်မှန်းလိုက်မိပါသည်။ သူက အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်၏ အတိုင်းအတာအထိ ရောက်လောက်ပြီဖြစ်ပြီး ချီသန့်စင်ခြင်းအဆင့်ကိုရောက်ဖို့ အနည်းငယ်သာ လိုနိုင်၏။

အမှန်ပင်။ ဒါက သူ့ခန်းမှန်းချက်သာဖြစ်သည်။ မှန်ခြင်း မမှန်ခြင်းကိုတော့ သူလည်း မသိပါ။

...

နောက်တစ်နေ့။

ယဲ့ရှောင်ချန်း စောစော နိုးလာခဲ့ပါသည်။

အင်မော်တယ် မြေကွက်သို့ သူတန်းလာခဲ့၏။

ဒီအင်မော်တယ် မြေကွက်ကို စမ်းသပ်နယ်မြေ တစ်ခုအဖြစ် အသုံးပြုချင်သောကြောင့် အလွတ်ထားခဲ့သည်။

ဘယ်လို စမ်းသပ်ချက်မျိုးနည်း။

သာမန် မော်တယ်အပင်များကို အင်မော်တယ်အပင်များ ဖြစ်လာအောင် ပျိုးထောင်ဖို့ပဲ ဖြစ်ပါသည်။

အလွန်ခက်ခဲသည့် လုပ်ငန်းစဥ်တစ်ခုပင်။

အမှန်ပင်။ မဖြစ်နိုင်တာတော့မဟုတ်ပေ။

သာမန်အခြေအနေအောက်တွင် မော်တယ် အပင်တစ်မျိုးက အချိန်အကြာကြီးစိုက်ပျိုးပြီးနောက် အင်မော်တယ် ချီစွမ်းအင်ရှိနေသည့် ပတ်ဝန်းကျင်တွင် နှေးကွေးစွာ လိုက်လျောညီထွေဖြစ်လာပြီး တဖြည်းဖြည်း အင်မော်တယ် အပင်တစ်ပင်အဖြစ် အတွင်းအပြင် ပြောင်းလဲသွားပါလိမ့်မည်။

မော်တယ် အပင်တစ်မျိုးကို အင်မော်တယ် အပင်အဖြစ် ပြောင်းလဲဖို့ကတော့ မဖြစ်နိုင်ပါ။

ယဲ့ရှောင်ချန်း ပျိုးထောင်နိုင်ခဲ့ရင်တောင် အချိန်တိုအတွင်း မဖြစ်နိုင်ပါ။

သူ လုပ်နိုင်ခဲ့ရင်တော့ အလွန် အရေးပါလာနိုင်သည်။

ဒီတစ်ခေါက် ယဲ့ရှောင်ချန်းက သာမန်အကျဆုံး မုန်လာဥမျိုးစေ့များကို ရွေးချယ်ခဲ့ပါသည်။

မျိုးစေ့သန်ဆေးရည်ထဲတွင် အရင်စိမ်လိုက်၏။

အင်မော်တယ် မြေကွက်ကိုလည်း မြေဆွပြီးပြီ ဖြစ်သည်။

အင်မော်တယ် မြေကွက်ဖြစ်သဖြင့် မော်တယ် အပင်များကို မစိုက်ပျိုးနိုင်ပါ။

ထို့ကြောင့် ယဲ့ရှောင်ချန်း အားနည်းနည်း စိုက်ထုတ်ကာ သာမန် မြေနှင့် အင်မော်တယ် မြေတို့ကို အချိုးကျ ရောစပ်ခဲ့ပါသည်။

မုန်လာဥမျိုးစေ့များက အင်မော်တယ်မြေကွက်မှ အာဟာရနှင့် အင်မော်တယ်ချီများ မစုပ်ယူနိုင်ရင်တောင် အဆင်ပြေပါသည်။

အနည်းဆုံးတော့ မုန်လာဥ မျိုးစေ့အား အင်မော်တယ် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်လာစေမည်ဖြစ်သည်။

လိုက်လျောညီထွေဖြစ်မှု။

ဒါက ပျိုးထောင်ခြင်း၏ ပထမအဆင့် ဖြစ်ပါသည်။

ယဲ့ရှောင်ချန်းက သာမန်မြေနှင့် အင်မော်တယ်မြေတို့၏ အချိုးကိုလည်း ထည့်စဥ်းစားရသေးသည်။

အကောင်းဆုံး ဖော်မြူလာကို သူ ရွေးချယ်ရမည်။

ထို့ကြောင့် မတူညီသော အချိုးများတွင် မျိုးစေ့များကို သူ စိုက်ပျိုးကြည့်ပါသည်။

လုပ်ငန်းစဥ်တစ်လျှောက်လုံး ပဲစေ့ စစ်သည်တော်များကို မခိုင်းစေခဲ့ပါ။ အားလုံးကို သူကိုယ်တိုင်သာ လုပ်ခဲ့၏။

မည်သည့်အမှားမှရှိလို့ မဖြစ်သောကြောင့် ဖြစ်သည်။ စိတ်အေးနိုင်ဖို့ သူကိုယ်တိုင် လုပ်ရပါလိမ့်မည်။

မျိုးစေ့များကို စိုက်ပျိုးရုံနှင့် မလုံလောက်သေးပါ။ ယဲ့ရှောင်ချန်းက ၎င်းတို့နှင့်မကြာခဏ ဆက်သွယ်ကာ ၎င်းတို့၏ အပင်အသိစိတ်ကို အင်မော်တယ် အပင်များအဖြစ် ဆင့်ကဲပြောင်းလဲလာအောင် လှုံ့ဆော်ပေးရသည်။

ဒါကို ပျိုးထောင်ခြင်းဟု ခေါ်၏။ သေးသေးလေးက စတင်ပြီး ဝီရိယ ကောင်းကောင်းဖြင့် ပြုစုပျိုးထောင်ရ၏။

အသေးစိတ်များကိုလည်း အထင်သေးလို့ မရပေ။ အားလုံးက အသုံးဝင်သည်။

ယဲ့ရှောင်ချန်း နေ့တစ်ဝက်လောက် ကုန်ဆုံးသွားသည်။

သူ့ဘေးတွင် လုတုန်ချမ်းက ကြည့်နေ၏။

ယဲ့ရှောင်ချန်းက သူ့ကို ဂရုစိုက်ပါသည်။ စိုက်ပျိုးနေစဥ် မကြာခဏ သူ့ကို လမ်းညွှန်ပေးတတ်၏။

အခု လုတုန်ချမ်းမှာ သင်ယူချင်စိတ် ပြင်းပြသည့် အမိန့်နာခံတတ်သည့် တပည့်တစ်ယောက်နှင့် တူလာပါပြီ။

မေးခွန်းပေါင်း တစ်သောင်းလောက် သူ့မှာ ရှိနေခဲ့ပါသည်။

All Chapters