စူပါစပါးမျိုးစေ့၏ ထူးခြားမှု
Vol. 18 Ch. 261
အခု လုတုန်ချမ်း အလွန်စိတ်ဝင်စားနေပါသည်။ မစ္စတာယဲ့ရှောင်ချန်းက ဘာဖြစ်လို့ သာမန် အပင်တွေ စိုက်ပျိုးနေတာလဲ။
ထို့အပြင် ဒီမြေကြီးကလည်း အလွန်ထူးဆန်းနေသည်။ ဘာကြောင့် အင်မော်တယ် ချီစွမ်းအင် ဒီလောက် ကြွယ်ဝရတာလဲ။
အရင်တုန်းက သေချာပေါက် ဒီလိုမြေမျိုးမရှိခဲ့ပါ။
မစ္စတာယဲ့ရှောင်ချန်းက ပျိုးထောင်ခြင်းမြေအတွက် မှော်ဖော်မြူလာတစ်ခုကို ကျွမ်းကျင် တတ်မြောက်ထားသည်ဟု သူခံစားနေရသည်။
သူသာ သင်ယူနိုင်ပါက ဘယ်လောက်တောင် ကောင်းလိုက်မလဲ။
နောက်ပိုင်းတွင် သူစိုက်ပျိုး...
ဒီလို အတွေးမျိုး ရှိလို့ မဖြစ်ပါ။ အန္တရာယ်များလွန်းသည်။ မစ္စတာယဲ့ရှောင်ချန်းထံမှ သင်ယူကြည့်တာ ပိုကောင်းပါလိမ့်မည်။
ရက်အနည်းငယ်လောက်အထိ ယဲ့ရှောင်ချန်း၏ အဓိက အာရုံစိုက်မှုက စမ်းသပ်နယ်မြေကိုသာ ဖြစ်သည်။
မကြာခဏဆိုသလို ယဲ့ရှောင်ချန်းက ထိုနယ်မြေတွင် လှည့်လည် ကြည့်ရှု၏။
နောက်ဆုံးတော့ မုန်လာဥ ပဥ္စမ အုပ်စု အညှောက်ပေါက်လာသည်။
"ထူးဆန်းတယ်။ ဘာလို့ ပဉ္စမ အုပ်စုက အညှောက်ပေါက်တာ အမြန်ဆုံး ဖြစ်နေတာလဲ။"
ယဲ့ရှောင်ချန်း မေးကိုင်စဉ်းစားလိုက်ပါသည်။
ဒီစမ်းသပ်မြေကွက်ကို ၁၀ အုပ်စု ခွဲထား၏။
အုပ်စုတစ်စုစီတွင် မျိုးစေ့ ၁၀ စေ့စီ ရှိသည်။
ပျိုးထောင်မြေကိုလည်း မတူညီသော အချိုးများဖြင့် ရောစပ်ထား၏။
ပထမ အုပ်စုတွင် အင်မော်တယ် မြေအချိုး အမြင့်ဆုံးဖြစ်ပြီး ၁၀ စုမြောက်တွင် အနည်းဆုံး ဖြစ်သည်။
ယဲ့ရှောင်ချန်း၏ အရင်ခန့်မှန်းချက်အရဆို ၁၀ စုမြောက်က အရင်ဆုံး အညှောက် ပေါက်သင့်သည်။ ဘာပဲဖြစ်ဖြစ် သာမန်မြေ အချိုးအစားက အများဆုံးဖြစ်ပြီး အင်မော်တယ် မြေ၏ လွှမ်းမိုးမှုက အနည်းဆုံး ဖြစ်ပါသည်။
သို့သော်လည်း အခုတော့ ဒီလို မဟုတ်ပါ။
အညှောက်ပေါက်ဖို့အတွက် ၁ ရက် ၂ ရက်လောက် အချိန်ကြာသည့် မုန်လာဥများက အခုမှသာ ပဉ္စမအုပ်စုထဲမှ ပေါက်လာခဲ့သည်။ အင်မော်တယ်မြေများက မုန်လာဥများ၏ အညှောက်ပေါက်ခြင်းကို ဖိနှိပ်ထားတာ ဖြစ်ရမည်။
သို့သော်လည်း တကယ့်မေးခွန်းက ဘာကြောင့် ပဉ္စမ မုန်လာဥအုပ်စုက အရင်ဆုံး အညှောက်ပေါက်လာရတာလဲ။
သိပ္ပံနည်းကျ မဟုတ်ပါ။
သိပ္ပံနည်းနှင့် ဘာ မှမဆိုင်ပါ။
ယဲ့ရှောင်ချန်းက စိတ်ထဲတွင် ဆန်းစစ်လေ့လာလိုက်သည်။
ယဲ့ရှောင်ချန်း ဆန်းစစ်ပြီးသွားသောအခါ ဒီလိုဖြစ်ရခြင်းမှာ အင်မော်တယ် မြေ၏ ဂုဏ်သတ္တိ တချို့ကြောင့် ဖြစ်လိမ့်မည်ဟု သံသယ ဖြစ်မိပါသည်။ သာမန်အပင်များ၏ ဖွံ့ဖြိုးမှုကို ဖိနှိပ်ပြီး တစ်ချိန်တည်းမှာပင် အဆင့်လည်း မြှင့်တင်ပေးနိုင်၏။
အချိုးအစားက များလွန်း နည်းလွန်းနေပါက ဖိနှိပ်ခြင်းက အဆင့်မြှင့်တင်ခြင်း အာနိသင်ထက် ပိုများနိုင်ပါသည်။
မျှခြေတစ်ခုကို ရောက်မှ အလုပ်ဖြစ်နိုင်သည်။
နောက်ထပ် အဆင့် ၂ အင်မော်တယ် မြေကွက်တစ်ခုကို ထပ်ဝယ်ကာ စမ်းသပ်ချက်ကို ပြန်စလိုက်သည်။
ဒီစမ်းသပ်ချက်ကို စလုပ်ကတည်းက ယဲ့ရှောင်ချန်း အရူးအမူး ဖြစ်နေခဲ့ပါသည်။
သုတေသန အဖွဲ့အစည်းသို့ သိပ်မသွားတော့ဘဲ စိုက်ပျိုးရေးခြံတွင်သာ နေခဲ့ပါသည်။
"ထင်တဲ့အတိုင်းပဲ။"
ယဲ့ရှောင်ချန်းက မှတ်စုစာအုပ်ထဲက မှတ်တမ်းများကို ကြည့်ကာ နားလည်သွားသည့် အရိပ်အယောင်ပေါ်လာပါသည်။
သူ့ ဆန်းစစ်ချက်အရ သာမန်အပင်များနှင့် အင်မော်တယ် အပင်များအကြား ခြားနားမှု မရှိပါ။ သူတို့ ခြားနားနေရသည့် အကြောင်းအရင်းက ၎င်းတို့အား ဖော်ပြသည့် ပုံစံကြောင့်သာ ဖြစ်ပါသည်။
အင်မော်တယ် မုန်လာဥနှင့် သာမန်မုန်လာဥများက အတူတူပဲဖြစ်သည်။
မော်တယ်များ၊ အင်မော်တယ်ကျင့်ကြံသူများနှင့် အင်မော်တယ်များတို့အကြား ခြားနားပုံနှင့် တူညီပါသည်။
အင်မော်တယ် ကျင့်ကြံသူများက ကျင့်ကြံနေစဥ် လူသားအတိုင်းအတာကို ကျော်လွန်ပြီး သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဥ်ထဲသို့ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေ ဝိညာဥ်ချီကို စုပ်ယူခဲ့ကြခြင်း ဖြစ်သည်။ နောက်ဆုံးတာ့ အသက်အဆင့် ပြောင်းလဲမှုကို အောင်မြင်ခဲ့ကြ၏။
အပင်များလည်း ထိုနည်းလည်းကောင်း ဖြစ်သည်။
အင်မော်တယ် ချီက လူသား ကျင့်ကြံမှုအတွက်ပဲ တွန်းအား မဟုတ်ပါ။
အပင်များအတွက်လည်း ဒီလိုပဲ ဖြစ်သည်။
"ပြဿနာက အပင်တွေက ကိုယ်တိုင် မကျင့်ကြံနိုင်တာပဲ။"
ယဲ့ရှောင်ချန်း အရေးကြီးဆုံးအချက်ကို နားလည်သွားပါသည်။
အပင်များက ကျင့်ကြံပြီး အင်မော်တယ်ချီစွမ်းအင်ကို စုပ်ယူတတ်ဖို့ သင်ယူရမည်။
နောက်ဆုံးတော့ သူ ပြုံးလိုက်၏။
ရှန်းနုန်ပါရမီ၏ အဓိပ္ပာယ်ကိုလည်း ရုတ်တရက် နားလည်လိုက်ရ၏။
အရမ်းစမ်းသပ်ချက်များက ဦးတည်ချက် မှားယွင်းနေခဲ့ပါသည်။
ထိုသို့စဥ်းစားပြီး ယဲ့ရှောင်ချန်းတစ်ယောက် အင်မော်တယ် မြေနှစ်ကွက်ထဲမှ မုန်လာဥများကို ရှင်းလင်းလိုက်သည်။
လုတုန်ချမ်း ဒါကို မြင်သောအခါ အလွန်အမင်း ဇဝေဇဝါဖြစ်သွားခဲ့၏။
မုန်လာဥတွေကို ဘာလို့ ရုတ်တရက်ကြီး ဖယ်ရှားနေတာလဲ။
လွန်ခဲ့တဲ့ ရက်တွေတုန်းက လုပ်ခဲ့သမျှ သဲထဲရေသွန် ဖြစ်မသွားဘူးလား။
ယဲ့ရှောင်ချန်းက မြက်မျိုးစေ့တချို့ သွားယူသည်။
အင်မော်တယ် မျိုးစေ့သန်ဆေးထဲတွင် စိမ်ပြီးသွားသောအခါ လုတုန်ချမ်းကို ယန်မြို့တော်သို့ ခေါ်လာခဲ့သည်။
"တုန်လေး ဘာမှမထူးသေးဘူးလား။"
ယဲ့ရှောင်ချန်းက ကားမောင်းရင်း ခရီးသည်ခုံတွင် ထိုင်နေသည့် လုတုန်ချမ်းကို မေးလိုက်ပါသည်။
"မစ္စတာယဲ့ တုန့်ပြန်မှုတစ်ခုတော့ ရှိတယ်။ ချွမ်ပြည်နယ်က လာတာပါ။ ဒါပေမယ့် ဒီလူက မောင်ရှန်းဂိုဏ်းကပဲ။ အဲ့ဒီဂိုဏ်းက အလောင်းတွေ သန့်စင်တဲ့နေရာ၊ ဝိညာဥ်တွေ နှင်တဲ့နေရာနဲ့ အဆောင်တွေလုပ်တဲ့နေရာမှာ တော်တယ်လေ။"
လုတုန်ချမ်းက အမြန်ပြောလိုက်ပါသည်။
"အဲ့ဒီလူက ဘာတွေထူးခြားနေလို့လဲ။"
ယဲ့ရှောင်ချန်း မေးလိုက်၏။
"ဒီလူ့အကြောင်းကို ဘယ်လိုပြောရမှန်းတောင် မသိပါဘူး။ သူက အင်မော်တယ် သခင်ကြီး ကျန်းရဲ့ မျိုးဆက်လို့ ပြောကြတယ်။ ဒါပေမယ့် သူက အလောင်းတွေ သန့်စင်ရတာကော ဝိညာဥ်နှင်ရတာကော သဘောမကျဘူး။"
လုတုန်ချမ်းက ပြောလိုက်ပါသည်။
"ဝိညာဥ်နှင်တယ်ဟုတ်လား။"
ယဲ့ရှောင်ချန်း စိတ်ဝင်စားသွားသည်။
"အဲ့တာက မောင်ရှန်းဂိုဏ်းရဲ့ လျှို့ဝှက် ကျင့်စဥ်တစ်ခုပဲ။ ဒါပေမယ့် ယုတ်ညံ့တဲ့ ကျင့်စဥ်လို သတ်မှတ်ထားတယ်။ အပင်တွေရဲ့ ဝိညာဥ်ကို လှည့်ဖျားပြီး သူ့ကောင်းကျိုးအတွက် အသုံးပြုတာ။ ဒါပေမယ့် အဲ့ဒီဝိညာဥ်နှင် ကျင့်စဥ်က အရမ်းအားနည်းလွန်းတယ်။ မင်း သုံးခဲ့တဲ့ အပင်ဝိညာဥ်ထက်စာရင် အများကြီး ပိုအဆင့်နိမ့်ပါတယ် မစ္စတာယဲ့ရှောင်ချန်း"
လုတုန်ချမ်းက ရှင်းပြလိုက်သည်။
ယဲ့ရှောင်ချန်း နားလည်သွား၏။ ဟင်းဟင်း။ တကယ်တော့ သူလည်း ဝိညာဥ်နှင် ကျင့်စဥ်ကို တတ်မြောက်ခဲ့သည်။ ပုံစံကြည့်ရသလောက်တော့ အတော်လေး ဆင်တူ၏။
သူတို့ သုတေသနအဖွဲ့အစည်းသို့ ရောက်သောအခါ ယဲ့ရှောင်ချန်း အလုပ်တချို့ပင် ပြီးမြှောက်နေခဲ့ပါပြီ။ သူပြန်ဖို့ ပြင်လိုက်ဆင် ကျီယုထျင်က အမြန်ပြေးလာ၏။
"မစ္စတာယဲ့"
ကျီယုထျင်က ချွေးများရွှဲနေပြီး သူမ အလျှင်လိုနေတာ သေချာပါသည်။
"ဘာဖြစ်လို့လဲ ရှောင်းယု"
ယဲ့ရှောင်ချန်းက ရယ်ကာ မေးလိုက်ပါသည်။
ကျီယုထျင်က သင်ယူတတ်မြောက်လွယ်သူဖြစ်ပြီး အလွန်ပါရမီရှိ၏။ သုတေသန အဖွဲ့အစည်းတွင် သူ့ထက် တော်သူက လုတုန်ချမ်းသာ ရှိပါသည်။
ကျီယုထျင်တွင် အားသာချက်တစ်ခု ရှိ၏။ သူမ၏ သင်ယူလေ့လာမှုများထဲသို့ စိတ်နှစ်ထားနိုင်ခြင်း ဖြစ်သည်။ လုတုန်ချမ်းက ကျင့်ကြံရသေးသဖြင့် အချိန်အတော်ကုန်ပါသည်။
လုတုန်ချမ်းက စိုက်ပျိုးရေးတွင် အတော်လေး စိတ်ပါလာပြီ ဖြစ်သော်လည်း သူ့ရဲ့ မူလ ဓားသိုင်း ကျင့်ကြံမှုကိုလည်း မစွန့်ပစ်ချင်သေးပါ။
လုတုန်ချမ်းသာ သင့်တော်သည့် ကျင့်ကြံနည်းလမ်းနှင့် ကျင့်ကြံလိုက်ပါက စိုက်ပျိုးရေး သုတေသနများတွင် ပါဝင်ရမည်ဆိုရင်တောင် သူ့ကျင့်ကြံမှုကို ထိခိုက်စေမည်မဟုတ်ပါ။
သို့သော်လည်း အခုတော့ သေချာပေါက် ထိခိုက်မှုတချို့ ရှိနိုင်ပါသေးသည်။
"မစ္စတာယဲ့ ခုနက ကျွန်မ အထူးစပါးမျိုးပင် တစ်ပင်နဲ့ ဆက်သွယ်နေတုန်း အဲ့ဒီအထူးစပါးမျိုးပင်ရဲ့ အသိစိတ်က အရမ်းဖိစီးနေတာကို အာရုံရလိုက်တယ်။ သူ အန္တရာယ် တစ်ခုခုနဲ့ ကြုံနေရသလိုမျိုးပဲ။ ဘာကြောင့်လဲဆိုတာတော့ ကျွန်မ မသိနိုင်ဘူး။"
ကျီယုထျင်က အမြန်ပြောလိုက်ပါသည်။
"ဟင် မကြာသေးခင်ကမှ အဲ့လိုဖြစ်လာတာလား။ တခြား စပါးပင်တွေကော ဘယ်လိုလဲ။"
ယဲ့ရှောင်ချန်း ဦးတည်ချက်ကို ပြောင်းလဲလိုက်ပြီး စမ်းသပ်နယ်မြေသို့ ဦးတည်ကာ လျှောက်လာခဲ့သည်။ လမ်းတွင်လည်း မေးမြန်းနေ၏။
"ဒီတစ်ခေါက်မှ တွေ့တာပါ။ တခြား စပါးပင်တွေနဲ့ ကျွန်မ အသိစိတ် ဆက်သွယ်တုန်းက ဒါမျိုး ပေါ်မလာဘူး။ ပြီးတော့လည်း ကျွန်မ တခြား စပါးပင်တွေနဲ့ ဆက်သွယ်ကြည့်တော့လည်း ဘာမှမဖြစ်ဘူး။ သူများတွေကို မေးကြည့်ပေမယ့် သူတို့လည်း မဖြစ်ဖူးဘူးတဲ့။ ကျွန်မ အကြောင်းပြချက်ကို ရှာမရဘူးဖြစ်နေတယ်။"
ကျီယုထျင်က ပြောလိုက်သည်။
"အင်း ဒါက ပုံမှန်ပါပဲ။ ဘာပဲဖြစ်ဖြစ် အထူး စပါးမျိုးက မတည်ငြိမ်သေးဘူးလေ။ ငါသွားကြည့်လိုက်ပါ့မယ်။"
ယဲ့ရှောင်ချန်းက ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။
သူတို့ စမ်းသပ်နယ်မြေသို့ ရောက်ရှိလာကြ၏။
အထူးစပါးပင် လယ်ကွင်းများက စိမ်းစိုလှ၏။
ထိုစပါးပင်များမှာ အနည်းဆုံး တစ်ယောက်၏ အရပ် ထက်ဝက်စာလောက် ရှိသည်။
ရိတ်သိမ်းဖို့ အချိန်မရောက်သေးသဖြင့် ဆက်ဖွံ့ဖြိုးဖို့ ရှိပါသေးသည်။
ယဲ့ရှောင်ချန်း၏ ခန့်မှန်းချက်အရ လူတစ်ကိုယ်စာလောက် မြင့်လာနိုင်ပါသည်။
ထိုအခါမှ လုံလုံလောက်လောက် အထွက်နှုန်းကို ပေးနိုင်ပါလိမ့်မည်။
ဒီအထူးစပါးမျိုးက အထွက်နှုန်းမြင့်ရုံတင် မကဘဲ လိုက်လျောညီထွေ ပြောင်းလဲနိုင်စွမ်းလည်း မြင့်မားသည်။ သို့သော် ပိုအရေးကြီးတာက ရိတ်သိမ်းပြီး ပြန်လည်ဖွံ့ဖြိုးနိုင်သော စွမ်းရည်မှာ အလွန်ကြီးမားလှပါသည်။ ဒုတိယ ရိတ်သိမ်းမှု၏ အထွက်နှုန်းက ပထမတစ်ခေါက်လောက် မကောင်းနိုင်သော်လည်း လက်ရှိ မျိုးကွဲစပါးများအောက် မနိမ့်နိုင်ပါ။
ဒုတိယ ရိတ်သိမ်းမှုနှင့် ရပ်မသွားဘဲ တတိယ ရိတ်သိမ်းမှုလည်း ရှိလာနိုင်သည်။
သာမန်အထွက်နှုန်းအထိ ရောက်နိုင်၏။
တစ်ခါစိုက်ပျိုးပြီး ၃ ခါ ရိတ်သိမ်းနိုင်ပါသည်။
ဒီလောက်နဲ့တင် အထူးစပါးမျိုး၏ စွမ်းရည်ကို ပြသနိုင်ပြီ ဖြစ်သည်။
မကြာမီ ယဲ့ရှောင်ချန်းတစ်ယောက် ကျီယုထျင် ပြောသည့် အထူးစပါးပင်အရှေ့ကို ရောက်လာခဲ့သည်။
တစ်ချက်လောက် ကြည့်လိုက်ရုံနှင့် ယဲ့ရှောင်ချန်း အသိစိတ် မဆက်သွယ်ရသေးဘဲ၊ အာရုံပင် ခံမကြည့်ရသေးဘဲ ပြဿနာတချို့ကို တွေ့နေပြီ ဖြစ်ပါသည်။
အဘယ့်ကြောင့်ဆိုသော် သူ့တွင် အပင်တန်ဖိုးဖြတ် နည်းလမ်း ရှိသောကြောင့် ဖြစ်သည်။