မျိုးရိုးဗီဇပြောင်းလဲခြင်း
Vol. 18 Ch. 262
ယဲ့ရှောင်ချန်းတစ်ယောက် အထူးစပါးမျိုး လယ်ကွင်းတစ်လျှောက်လုံးကို ပတ်ကာ လျှောက်ကြည့်လိုက်သည်။ နောက်ဆုံးတော့ အထူစပါးမျိုးပင်ဆီ ပြန်လာပြီး သေသေချာချာ ဆန်းစစ်လိုက်ပါသည်။
ကျီယုထျင်က ဘာတစ်ခွန်းမှမပြောဘဲ့ အနောက်က လိုက်လာ၏။ သို့သော် ယဲ့ရှောင်ချန်း၏ မျက်နှာကို ကြည့်ပြီး တစ်ခုခု မြင်ရဖို့ မျှော်လင့်ထားပါသည်။
ဒီအထူးစပါးမျိုး ဘာဖြစ်သွားသလဲ သူမ တကယ် သိချင်မိ၏။
အချိန်အတော်ကြာသောအခါ ယဲ့ရှောင်ချန်း မတ်တပ်ရပ်လာခဲ့ပါသည်။
"အစ်ကိုယဲ့ ဒီအထူးစပါးပင် တစ်ခုခု ဖြစ်နေတာလား။"
ကျီယုထျင်က နောက်ဆုံးတော့ မေးလိုက်ပါသည်။
"အင်း ဟုတ်တယ်။ ပြီးတော့ ပြဿနာက အရမ်းပြင်းထန်တယ်။"
ယဲ့ရှောင်ချန်းက ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။
"ဟင် ဒါဆို ကျွန်မတို့ ဘာလုပ်ကြမလဲ။"
ကျီယုထျင်က အလျင်အမြန် မေးလိုက်ပါသည်။
ဒီအထူးစပါးပင်ကို သူမ သေသေချာချာ ဂရုမစိုက်ခဲ့သဖြင့် ပြဿနာဖြစ်လာခြင်းဟု ထင်နေ၏။
"ဟားဟား စိတ်မလှုပ်ရှားပါနဲ့ ဒီအထူးစပါးပင်ရဲ့ ပြဿနာက ဆိုးတဲ့အရာတောင် မဟုတ်လောက်ဘူး။ ကောင်းတဲ့အရာလည်း ဖြစ်နိုင်တာပဲ။ အဲ့တော့ ပိုဂရုစိုက်ပြီး အချိန်တိုင်း ပြောင်းလဲမှုတွေကို မှတ်တမ်းတင်ထားပါ။ ပြီးတော့ မြေသြဇာကော ရေကော ပိုသုံးပေးပါ။"
ယဲ့ရှောင်ချန်းက ပြောလိုက်လေသည်။
ကျီယုထျင်ကတော့ အနည်းငယ် ဇဝေဇဝါ ဖြစ်နေဆဲ ဖြစ်ပါသည်။ ပြဿနာက ရှိတာလား မရှိတာလား။
ကံမကောင်းစွာဖြင့် ယဲ့ရှောင်ချန်းက သူမကို သိပ်ပြီး ပြောမပြခဲ့ပါ။ ဘာပဲဖြစ်ဖြစ် ထိုရှုထောင့် မပါဝင်သဖြင့် သူမ နားမလည်ခဲ့ပေ။
တကယ်တော့ အထူးစပါးပင်က နာမကျန်းလည်း မဖြစ်သလို ပိုးမွှားအန္တရာယ် ကျရောက်နေခြင်းလည်း မဟုတ်ပေ။
ကမ္ဘာပေါ်တွင် တည်ရှိနေသည့် ပိုးမွှားရောဂါများက အထူးစပါးပင်ကို သက်ရောက်ဖို့ အနည်းငယ် ခက်ခဲ့နိုင်သည်။ သို့သော် ပိုးမွှားရောဂါများကလည်း လိုက်လျောညီထွေ ပြောင်းလဲနိုင်စွမ်းရှိကာ အထူးစပါးပင်များအတွက် အန္တရာယ်တစ်ခု ဖြစ်လာနိုင်သည်အထိ တဖြည်းဖြည်း ဆင့်ကဲ ပြောင်းလဲလာကြမည်ဖြစ်သည်။
ဒါက အချိန်အတော်ကြာနိုင်ပါသည်။
အချိန်တိုအတွင်း သူစဥ်းစားဖို့ မလိုအပ်ပါ။
ဒီအထူးစပါးပင်၏ ပြဿနာက ပုံမှန်မဟုတ်ဘဲ ကြီးထွားလာခြင်း ဖြစ်ကာ သန္ဓေပြောင်းလဲခြင်း အမျိုးအစားထဲတွင်ပင် ပါဝင်နေပြီ ဖြစ်သည်။
သန္ဓေပြောင်းလဲဖို့က မလွယ်ကူပါ။
သာမန် အပင်များအတွက် လွယ်ကူသည်။ သို့သော် အပင်၏ အဆင့်က ပိုမြင့်လေလေ၊ ပိုခက်ခဲလေလေ ဖြစ်သည်။
အင်မော်တယ်အပင်နှင့် ဝိညာဥ်အပင်များကတော့ သန္ဓေပြောင်းလဲဖို့ ပို၍ပင် ခက်ခဲနိုင်ပါသေးသည်။
ယဲ့ရှောင်ချန်း၏ ရှန်းနုန်ပါရမီတွင် သန္ဓေပြောင်းခြင်း + 1 ရှိ၏။ သို့သော် အင်မော်တယ် အပင်များစွာ စိုက်ပျိုးပြီးတာတောင် တစ်ပင်မှ သန္ဓေမပြောင်းလဲခဲ့ပါ။ ဒါကိုကြည့်ခြင်းအားဖြင့် သန္ဓေပြောင်းလဲဖို့က ဘယ်လောက် ခက်ခဲမှန်း သိနိုင်ပါသည်။
ကောင်းသော၊ ဆိုးသော သန္ဓေပြောင်းလဲခြင်းဟူ၍လည်း ရှိသေးသည်။
ဆိုးသော သန္ဓေပြောင်းလဲခြင်းများက ပုံစံ ပျက်ယွင်းခြင်း သို့မဟုတ် ဂုဏ်သတ္တိ ဆုံးရှုံးခြင်းများ ဖြစ်လာနိုင်သည်။
ကောင်းသော သန္ဓေပြောင်းလဲခြင်းများက အထွက်နှုန်းတိုးခြင်း၊ အရည်အသွေးတိုးခြင်း၊ စပါးစေ့အရွယ်တိုးခြင်း၊ အပင်အရွယ်အစား ပိုကြီးလာခြင်း စသည်တို့ ဖြစ်ကြသည်။
တချို့က စပါးစေ့၏ အာဟာရ ဂုဏ်သတ္တိများကိုပင် ပြောင်းလဲပေးနိုင်သည်။
ယဲ့ရှောင်ချန်းလည်း ဒီသန္ဓေပြောင်းလဲခြင်းက ကောင်းခြင်းလား ဆိုးခြင်းလား မခွဲခြားနိုင်သေးခြင်းကြောင့် ဖြစ်ပါသည်။
အထူးစပါးပင်၏ အသိစိတ်က တည်ငြိမ်သွားပြီး သန္ဓေပြောင်းလဲခြင်း ဖြစ်စဥ်နှင့် လိုက်လျောညီထွေရှိသွားသောအခါမှ သန္ဓေပြောင်းလဲခြင်း အခြေအနေကို သိနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ဒီအထူးစပါးပင်၏ သန္ဓေပြောင်းလဲခြင်းကို ယဲ့ရှောင်ချန်း အလွန်ဂရုစိုက်ထားသည်။ ကောင်းသော သန္ဓေပြောင်းလဲခြင်းဖြစ်ပါက စပါးမျိုးအသစ် တစ်ခုကို ထပ်မံပျိုးထောင်နိုင်မည်မှာ သံသယ ဖြစ်စရာပင် မလိုပါ။
ထို့အပြင် သန္ဓေပြောင်းလဲခြင်း ဖြစ်စဥ်တွင် ရေနှင့် အာဟာရ ကုန်ဆုံးခြင်းက အများကြီး တိုးလာနိုင်သည်။
သန္ဓေပြောင်းလဲခြင်း အများစု မအောင်မြင်ရသည့် အကြောင်းအရင်းက လိုအပ်သည့် အာဟာရနှင့် ရေပမာဏတို့ကို အပြည့်အဝ မရှိခြင်းကြောင့် ဖြစ်သည်။
ယဲ့ရှောင်ချန်းက ကျီယုထျင်ကို မြေသြဇာနှင့် ရေပိုသုံးပေးဖို့ ပြောခဲ့၏။
တစ်ရက်လုံး အလုပ်ကြိုးစားပြီးသွားသောအခါ နောက်ဆုံးတော့ ယဲ့ရှောင်ချန်း လုတုန်ချမ်းနှင့်အတူ ညနေခင်းတွင် စိုက်ပျိုးရေးခြံသို့ ပြန်လာခဲ့၏။
မောင်ရှန်းဂိုဏ်း၏ တပည့်က လာနေပြီဟု လုတုန်ချမ်းပြောခဲ့သည်။ ရက်အနည်းငယ်အတွင်း သူတို့ တွေ့နိုင်လောက်၏။
ယဲ့ရှောင်ချန်း ခေါင်းငြိမ့်လိုက်ပါသည်။
အင်မော်တယ် မျိုးစေ့သန် ဆေးရည်ထဲမှ မြက်ပင်မျိုးစေ့ အားလုံးကို ခပ်ထုတ်ကာ အင်မော်တယ် မြေကွက်ထံသို့ တန်းသွားခဲ့ပါသည်။
မျိုးစေ့ ကြဲခြင်း။
သူ တစ်ပင်သာ စိုက်ပျိုးသည်။
အင်မော်တယ် မြေသြဇာနှင့် အင်မော်တယ် စမ်းရေတို့ကို ထည့်သည်။
ရုတ်တရက်ကြီး ယဲ့ရှောင်ချန်း ခြေပုလ္လင်ခွေကာ ထိုင်ချလိုက်ပြီး မြက်ပင်မျိုးစေ့များ စိုက်ပျိုးထားသည့် ကျင်းအား မျက်နှာမူလိုက်ပါသည်။
လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး လက်ညှိုးထိုးလိုက်၏။ မြေကြီးထဲမှ အစိမ်းရောင် အလင်းတစ်ခု ထွက်လာလေပြီ။
ဒါက သာမန် မှော်ပညာ မဟုတ်ပါ။
အပင်ဝိညာဥ် မီးလုံး ဖြစ်ပါသည်။
ထိုခံစားချက်က အလွန်ထူးခြားလှ၏။
မျိုးစေ့နှင့် သူပေါင်းစပ်သွားပင် အပင်၏ အသိစိတ် ကိုယ်တိုင်ဖြစ်လာသလိုပင်။
ဒါက အပင်ဝိညာဥ်ကို အသုံးချကာ ကိုယ့်ကိုယ်ကို မျိုးစေ့နှင့် ပေါင်းစပ်လိုက်ပြီး အပင်၏ အသိစိတ်ကို ထိန်းချုပ်ခြင်းဖြစ်သည်။
အပင်ကို ပျိုးထောင်လို့မရပါက ထိန်းချုပ်ခြင်း နည်းလမ်းက အပင်ပျိုးထောင်နိုင်အောင် အသုံးပြုသော နည်းလမ်း ဖြစ်သည်။
ယဲ့ရှောင်ချန်း ရှန်းနုန်ကျင့်စဥ်ကို ဖွင့်လိုက်ပြီး လေထဲက အင်မော်တယ် ဝိညာဥ်ချီကို စုပ်ယူလိုက်သောအခါ မြက်ပင်မျိုးစေ့ထဲက အပင်ဝိညာဥ်မှာ သူ့ခန္ဓာကိုယ်ထဲက အပင်ဝိညာဥ်နှင့် ဆက်သွယ်သွားပြီး တစ်ခုတည်းဖြစ်လာသလိုမျိုး ဖြစ်သွားလေသည်။
ယဲ့ရှောင်ချန်းက အင်မော်တယ် ဝိညာဥ်ချီများကို ရှူသွင်းရှူထုတ်လုပ်နေခဲ့၏။
မျိုးစေ့ကလည်း ထိုနည်းလည်းကောင်း ဖြစ်ပါသည်။
ထိုမျှသာမကသေးဘဲ မြက်ပင်မျိုးစေ့၏ အသက်စွမ်းအင်မှာလည်း အဆပေါင်းများစွာ တိုးမြင့်သွားလေသည်။
ထိုအချိန်တွင် သူ့ဘေး၌ ရပ်နေသည့် လုတုန်ချမ်းက အလွန်ထူးဆန်းနေသလို ခံစားလိုက်ရသည်။ သူ့ရှေ့တွင် ထိုင်နေသည့် ယဲ့ရှောင်ချန်းက လူသား မဟုတ်တော့ဘဲ အပင်တစ်ပင် ဖြစ်လာသလိုပင်။
သူ့အရှိန်အဝါက သဘာဝတရားကြီးနှင့် ဆက်နွယ်သွားပြီး မဖော်ပြနိုင်သည့် အသက်စွမ်းအင်များကို ထုတ်လွှတ်နေသည်။
သူ့မျက်လုံးများကို မှတ်ကြည့်လိုက်သောအခါ ယဲ့ရှောင်ချန်း၏ တည်ရှိမှုကိုပင် အာရုံခံမရတော့ပါ။ ယဲ့ရှောင်ချန်းက ဒီနယ်မြေထဲက အပင်တစ်ပင် ဖြစ်လာသလိုပင်။
ဆန်းကြယ်လိုက်တဲ့ ခံစားချက်ပါလား။
လောလောဆယ် ယဲ့ရှောင်ချန်းမှာ သူဉာဏ်မမှီလောက်အောင် နက်နဲနေပြီဟု လုတုန်ချမ်း ခံစားလိုက်ရပါသည်။
အချိန်များ ကျော်လွန်လာခဲ့၏။
ရုတ်တရက် မျိုးစေ့က အခွံကျွတ်ကာ အညှောက်ထွက်လာသည်။ ထို့နောက် စတင် ဖွံ့ဖြိုးလေတော့၏။
မြေကြီးထဲက အာဟာရများကိုလည်း ဆက်တိုက် စတင် စုပ်ယူလေသည်။
၎င်းထဲက အပင်ဝိညာဥ်ကလည်း အင်မော်တယ် မြေကြီးထဲက အင်မော်တယ် ဝိညာဥ်ချီကို စတင်စုပ်ယူ၏။
ထိုအချိန်တွင် မျိုးစေ့ထဲက ထွက်လာသည့် နူးညံ့သည့် အပင်ပေါက်များမှာ မြေကြီးထဲကပင် ထွက်လာလေပြီ။ အစိမ်းရောင်စလေး တစ်ခုက မြေကြီးထဲမှ ထိုးထွက်လာ၏။
ဒါကို မြင်သောအခါ လုတုန်ချမ်း၏ မျက်လုံးများ ပြူးကျယ်သွားရ၏။
မျိုးစေ့ အပင်ပေါက်တာ မြန်လှချည်လား။
မြက်ပင်ငယ်ကလည်း အလွန်လျင်မြန်စွာ ကြီးထွားနေ၏။ မကြာမီ တစ်လက်မ အရွယ်အစားအထိ ရောက်လာခဲ့ပါသည်။
ရုတ်တရက် မြက်ပင်ပေါက် တစ်ပင်လုံး ပြောင်းလဲသွားခဲ့ပါသည်၊။ မျက်စိတစ်မှိတ် အချိန်အတွင်း ညှိုးနွမ်း သေဆုံးသွားခဲ့၏။
ယဲ့ရှောင်ချန်း မျက်လုံး ပြန်ဖွင့်ကြည့်လိုက်သည်။
"အင်မော်တယ် ဝိညာဥ်ချီတွေ စုပ်ယူတာ များသွားတယ်။ သူ တောင့်ခံနိုင်တဲ့ အတိုင်းအတာထက် ကျော်သွားတယ်။"
ယဲ့ရှောင်ချန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပါသည်။
သို့သော် စိတ်ဓာတ်မကျပါ။ နောက်ထပ် မျိုးစေ့တစ်စေ့ကို ထပ်စိုက်ပြီး ဆက်ကြိုးစားပါသည်။
... ၂ကြိမ်၊ ၃ကြိမ်၊ ၄ကြိမ်၊ ၅ကြိမ်...
၁၀ကြိမ်၊ ၂၀ကြိမ်၊ ၃၀ကြိမ်...
ထိုနေ့ညက ယဲ့ရှောင်ချန်း ဆက်တိုက် ထိုင်နေခဲ့ပါသည်။
သူ ကျရှုံးသွားပါက ထပ်မံကြိုးစား၏။
လုတုန်ချမ်းကလည်း ဆက်ကြည့်နေသည်။ ပျင်းစရာကောင်းသည်ဟု မထင်ပါ။
စမ်းသပ်နေစဥ်အတွင်း ယဲ့ရှောင်ချန်းက သာမန် မြေနှင့် အင်မော်တယ် မြေအချိုးအစားကိုလည်း မတူညီအောင် စမ်းကြည့်သည်။
အကြိမ်ပေါင်းမျာစွာ စမ်းသပ်ပြီးနောက် ပြဿနာတစ်ခုကို ရှာတွေ့သွား၏။ ပဉ္စမ မြေကွက်ထဲတွင် စိုက်ပျိုးခဲ့သည့် အပင်ပေါက်များက ကြာရှည်အခံဆုံးဖြစ်၏။
"ဘာလို့လဲ"
ယဲ့ရှောင်ချန်း နက်နက်ရှိုင်းရှိုင်း စဥ်းစားလိုက်မိပါသည်။
အင်မော်တယ် ဝိညာဥ်ချီ စုပ်ယူသည့် ပမာဏလည်း တူညီနေပါလျက်နှင့် ကျင့်ကြံခြင်း မြေအချိုးအစား မျိုးစုံတွင် စိုက်ပျိုးသောအခါ ကြာရှည်အခံရဆုံးဖြစ်သနည်း။
ပြဿနာ တစ်ခုခုရှိသည်ဟု သူခံစားလိုက်ရသည်။
ထိုနေ့ညက သူအိပ်မပျော်ခဲ့ပါ။ ရှန်းနုန် စနစ် မိတ်ဆက်လမ်းညွှန်ကို ဖတ်နေခဲ့ပါသည်။
"ငါထင်တာသာ မမှားရင် အင်မော်တယ် မြေကွက်က အင်မော်တယ်ဝိညာဥ် စက်ကွင်းတစ်ခုကို ဖြစ်တည်စေတယ်။ အဲ့တာက အပင်တွေအပေါ် သက်ရောက်မှု ရှိစေတာ ဖြစ်ရမယ်။"
ယဲ့ရှောင်ချန်း မသဲမကွဲ နားလည်သွားခဲ့ပါသည်။
ကမ္ဘာမြေပေါ်တွင် နေထိုင်သကဲ့သို့ ဖြစ်သည်။ အားလုံးက မည်သည့်ပတ်ဝန်းကျင်တွင်မဆို သံလိုက်စက်ကွင်းများ ရှိနေကြောင်း သိထားကြပါသည်။
ဒီသံလိုက်စက်ကွင်း မရှိပါက ကမ္ဘာကြီးမှာ အတော်လေး ပြောင်းလဲသွားနိုင်ပါသည်။
လူသားခန္ဓာကိုယ်၏ သံလိုက်စွမ်းအင်က ကမ္ဘာမြေ၏ သံလိုက်စက်ကွင်းနှင့် လိုက်လျောညီထွေ ဖြစ်နေသည်။ ကမ္ဘာကြီး၏ သံလိုက်စက်ကွင်း ပြောင်းလဲသွားပါက လူသားခန္ဓာကိုယ်၏ အတွင်းပိုင်းဆိုင်ရာ သံသရာများကို ပြောင်းလဲသွားစေနိုင်သည်။
လူသားခန္ဓာကိုယ်၏ အင်္ဂါများ အနားယူရခြင်း၊ ပြန်လည်ကုစားရခြင်း၊ အလုပ်ချိန် သတ်မှတ်ရခြင်းတို့မှာလည်း ကမ္ဘာကြီး၏ သံလိုက်စက်ကွင်း ပြောင်းလဲမှုကြောင့်ဖြစ်ပါသည်။
ဒီပုံစံကွက်ကို ပြောင်းလဲလိုက်ပါက လူသားခန္ဓာကိုယ်မှာ သေချာပေါက် ဆိုးဆိုးဝါးဝါး ပြောင်းလဲသွားနိုင်ပါသည်။
အင်မော်တယ်မြေကွက်ကလည်း အပင်များအပေါ် ဒီလိုသက်ရောက်မှုမျိုး ရှိနေတာ ဖြစ်နိုင်ပါသည်။