← Chapters

စကားအမျှင်မပြတ်ပြောဆိုသူ

Vol. 18 Ch. 264

စကားအမျှင်မပြတ်ပြောဆိုသူ

Vol. 18 Ch. 264

စိုက်ပျိုးရေးခြံသို့ အပြန်လမ်းတွင် ကားပေါ်၌ လူအပိုတစ်ဦး ထပ်ပါလာသည်။ လျန်ယူကျူး ဖြစ်ပါသည်။

သူမက သွက်သွက်လက်လက် နေတတ်သော မိန်းကလေးဖြစ်၏။ လုတုန်ချမ်းလိုမဟုတ်ဘဲ သူမက စကားအလွန်များပါသည်။

"ယဲ့ရှောင်ချန်း ဒီဝိညာဥ်သစ်သီးကို ဘယ်လို စိုက်ခဲ့တာလဲ။"

"တကယ်ပဲ ရှင်စိုက်ခဲ့တာလား။"

"မယုံကြည်နိုင်စရာကြီးပါလား။"

"ဝိညာဥ်အပင်တွေပဲ စိုက်ပျိုးတဲ့ ခြံတစ်ခြံ တကယ်ရှိတာလား။"

"ဘုရားရေ ဒါက မော်တယ် လောကကြီးလေ။ ဝိညာဥ်အပင်တွေ စိုက်ဖို့ ဘယ်လိုလုပ် နေရာရှိမှာလဲ။ ဝိညာဥ်မြေကြီးလား။"

"မော်တယ်လောကက ဘေးမဲ့ခေတ်ကို ရောက်ပြီးကတည်းက ဝိညာဥ်မြေတွေ မရှိနိုင်တော့ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား။"

"ယဲ့ရှောင်ချန်း ဒီစပျစ်သီးတွေအပြင် တခြား ဘယ်သစ်သီးတွေ စိုက်ပျိုးသေးလဲ။"

"နောက်လကျရင် တခြားဝိညာဥ်သစ်သီးကို ပြောင်းလို့ ရမလား။"

"မရရင် စပျစ်သီးဆိုလည်း အဆင်ပြေပါတယ်။"

"ဟုတ်သားပဲ ကျွန်မကို ဘာခိုင်းမှာလဲ။ ကျွန်မက ငပျင်းတစ်ယောက်နော်။"

"ဟေး... ဘာလို့ တိတ်နေကြတာလဲ။ ရှင်တို့ ယောက်ျားတွေ ဘာဖြစ်နေကြမှန်းကိုမသိဘူး။ အားလုံး စကားနည်းလိုက်ကြတာ။"

"စကားပြောတာက ရှင်တို့ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်အတွက် ကောင်းတယ်ဆိုတာ မသိဘူးလား။ ရှင်တို့တွေက အတွေးများလွန်းတယ်။"

"သြော် ဟုတ်သားပဲ။ ယဲ့ရှောင်ချန်း တခြားလူ နောက်တစ်ယောက်ကို ခေါ်ပေးနိုင်ရင် ကျွန်မ ဘာအကျိုးကျေးဇူး ရမှာလဲ။ မော်တယ်လောကရဲ့ အခေါ်အဝေါ်နဲ့ဆိုရင်... အမ်... ကော်မရှင်ခလား။"

...

ကားထဲတွင် လျန်ယူကျူးတစ်ယောက် စကားပြောဆိုခြင်းကို မရပ်တန့်ခဲ့ပါ။

ပထမတော့ ယဲ့ရှောင်ချန်း စိတ်ရှည်ရှည်နှင့် ပြန်ဖြေပေးသည်။ နောက်တော့ "သြော်" "အင်း" "အေး" တို့ဖြင့်သာ ပြန်ဖြေနိုင်တော့သည်။

သူ အမှားလုပ်ခဲ့မိပြီး သူမကို မငှားခဲ့သင့်ပါဟု ခံစားလိုက်ရပါသည်။

လျန်ယူကျူး၏ နောက်ဆုံးမေးခွန်းကိုတော့ ယဲ့ရှောင်ချန်း ဖြေပေးခဲ့သည်။ "ဒါပေါ့။ လူတစ်ယောက် ခေါ်ပေးနိုင်ရင် ဝိညာဥ်သစ်သီး တစ်လုံး ဆုချမယ်။ ဘယ်လိုလဲ။"

"ကောင်းတယ်။ အဆင်ပြေတာပဲ။ ကောင်းတာပေါ့။"

လျန်ဝမ်ကျူးက လောဘကြီးသည့် ကောင်မလေးတစ်ယောက်လို မျက်လုံးများ ဝိုင်းစက်သွားပါသည်။

ခရီးသည်ခုံတွင် ထိုင်နေသည့် လုတုန်ချမ်း သည်းမခံနိုင်တော့ပေ။ လျန်ယူကျူးသာ သူ့ထံမှ အကုန် လုယူသွားပါက သူ စားဖို့ ဘာမှ ကျန်မည်မဟုတ်တော့ပေ။

"လျန်ယူကျူး ငါ့ဆီက လူတွေ လာမလုနဲ့နော်။"

လုတုန်ချမ်းက အမြန်ပြောလိုက်သည်။

"ဟင်း လူလုတယ်ဆိုတာ ဘာပြောချင်တာလဲ။ မော်တယ်လောကရဲ့ အခေါ်အဝေါ်နဲ့ဆိုရင် ဖြားယောင်းမြှူဆွယ်တယ်လို့ခေါ်တယ်။ ကိုယ့်အစွမ်းအစပေါ်မှာပဲ မူတည်တယ်လေ။"

လျန်ယူကျူးက လုတုန်ချမ်းကို မျက်စောင်းရွယ်လိုက်ပါသည်။ "ငါသဘောတူတာပဲ နင်ကံကောင်းတယ်။"

လျန်ယူကျူးနှင့် စကားနိုင်လုရာတွင် လုတုန်ချမ်း ဘယ်လို နိုင်မည်နည်း။ သူ့မျက်နှာ နီရဲသွားပါသည်။

လူခေါ်ရာတွင် လျန်ယူကျူးနှင့် မယှဥ်နိုင်လောက်ပေ။

ရုတ်တရက်ဆိုသလိုပင် သူဟာ အားကောင်းသည့် ပြိုင်ဘက်တစ်ယောက်ကို ခေါ်ခဲ့မိပြီဟု ခံစားလိုက်ရပါသည်။

လျန်ယူကျူးက အလွန်အပြောကောင်းပြီး မော်တယ် အခေါ်အဝေါ်တချို့ကို အလွန်ချောမွေ့စွာ ပြောနိုင်သည်ကို မြင်သောအခါ သူမ အချိန်ဖြုန်းနေခဲ့ခြင်း မဟုတ်တာ သိသာလာပါသည်။ သူမက တကယ်ပဲ လိုက်လျောညီထွေ ဖြစ်အောင် နေတတ်သည်။

တဖက်တွင်တော့ လုတုန်ချမ်းက သူနဲ့ လုံးဝ မယှဥ်နိုင်ပါ။

ဟူး ခြားနားလိုက်တာ။

သို့သော်လည်း ကောင်းတော့ကောင်းပါသည်။ ပြိုင်ဆိုင်မှု တစ်ခု ရှိနေပါက သူ အခြေအနေကို ကောင်းကောင်း ထိန်းချုပ်နိုင်မည်ဖြစ်သည်။

အလုပ်ရှင်အတွက် အလုပ်သမားများ စည်းလုံးနေဖို့ မလိုပါဟူသော ဆိုရိုးစကားလည်း ရှိတယ် မဟုတ်လား။ ပြိုင်ဆိုင်မှုနှင့် ရုန်းကန်မှုများ ရှိလာမှ တိုးတက်နိုင်မည် မဟုတ်ပါလား။

အမှန်ပင်။ သူ့စကားကို အားလုံး နားထောင်ဖို့တော့ လိုအပ်ပါသည်။

"တော်တော့ ရန်ဖြစ်မနေကြနဲ့။ လူတစ်ယောက်ကို ရွေးလိုက်ရင် တခြားလူက ဝင်ရှုပ်လို့ မရဘူး။ သူ မအောင်မြင်မှ လှုပ်ရှားခွင့် ရှိမယ်။"

အလုပ်ရှင်အနေဖြင့် ယဲ့ရှောင်ချန်းက မျှမျှတတ လုပ်ပေးလိုက်ပါသည်။

ထင်ထားသည့်အတိုင်း သူတို့နှစ်ယောက် ချက်ချင်း သဘောတူလိုက်ပါသည်။

စိုက်ပျိုးရေးခြံသို့ ပြန်ရောက်သောအခါ။

လျန်ယူကျူး စိုက်ပျိုးရေးခြံသို့ ရောက်လာသောအခါ စိုက်ပျိုးရေးခြံပေါ်က အရာအားလုံးကို သဘောကျနေပြီ ဖြစ်ပါသည်။

ဝိညာဥ်ချီက မကြွယ်ဝဘဲ ပါးလွှာသည်ဟုပင် ပြောနိုင်သော်လည်း အရည်အသွေးက မြင့်မား၏။

စိုက်ပျိုးရေးခြံပေါ်က ဝိညာဥ်ချီ တစ်စိတ်တစ်ပိုင်းက ကျင့်ကြံခြင်းလောကထဲက ဝိညာဥ်ချီထက် ၁၀ ဆ ၁၂ ဆလောက်နှင့် ညီမျှသည်။ ထို့ကြောင့် ပါးလွှာနေလည်း ဘာအရေးစိုက်စရာ ရှိသလဲ။

ရုတ်တရက် လုတုန်ချမ်းကို သူမ စိုက်ကြည့်လိုက်သည်။ ဒီကောင်က ဒါကို သေသေချာချာ မသိပါ။

သူမသာ ဝိညာဥ်သစ်သီးကို မစွဲလမ်းဘဲ ငြင်းခဲ့ပါက ဒီလောက်ကောင်းသည့် ကျင့်ကြံမှု အခြေအနေကို လွဲသွားနိုင်ပါသည်။

သို့သော်လည်း သူမ ဘာမြင်ခဲ့ရသနည်း။ ဝိညာဥ်အပင်များစွာရှိနေပြီး ဝိညာဥ်ချီ အရည်အသွေးကလည်း မြင့်မားလွန်းလှပါသည်။

ဘုရားရေ၊ ငါသာ ဒါတွေကို စားနိုင်ရင် ချီသန့်စင်ခြင်းအဆင့်အထိ ရောက်နိုင်မှာလား။

သို့သော်လည်း ချီသန့်စင်ခြင်းအဆင့်နှင့် နှိုင်းယှဥ်နိုင်သော် ယင်စစ်သည်တော် နှစ်ယောက်ကို မြင်သောအခါ အကြံကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်ပါသည်။

ဒီအလုပ်ရှင်က တော်တော်လေး ကြွယ်ဝ၏။ ဒီလို ဝိညာဥ်မြေကို ရှာတွေ့နိုင်ခဲ့ရုံသာမကဘဲ ဝိညာဥ်အပင်များစွာနှင့် ချီသန့်စင်ခြင်းအဆင့်ရှိ ယင်စစ်သည်တော်များကိုပင် ပိုင်ဆိုင်ထားသေးသည်။

ထားလိုက်ပါတော့။ အလုပ်ရှင်လက်အောက်မှာ အလုပ်ကြိုးစားတာပဲ ကောင်းပါတယ်။ ငါလည်း ချီသန့်စင်ခြင်းအဆင့်ထိ ရောက်လာနိုင်တာပဲ။

လျန်ယူကျူးတွင် ဒီလောက် အတွေးများနေမှန်း ယဲ့ရှောင်ချန်း မသိဘဲ စကားစပြောလိုက်ပါသည်။

"ချန်ယူကျူး နင့်ကို ရှောင်းယူလို့ ခေါ်လို့ရမလား။"

ယဲ့ရှောင်ချန်းက မေးလိုက်သည်။

"ခေါ်ချင်သလိုသာ ခေါ်"

လျန်ယူကျူးက လက်ကိုခါပြလိုက်ပြီး ပြောလိုက်ပါသည်။

"ကောင်းပြီ ရှောင်းယူ။ နင်က မောင်ရှန်းဂိုဏ်းက ဝိညာဥ်နှင် ကျင့်စဥ်ကို ကျင့်ကြံနေတယ်လို့ လုတုန်ချမ်းက ပြောတယ်နော်။"

ယဲ့ရှောင်ချန်း မေးလိုက်သည်။

"ဟုတ်တယ်လေ။ ကျွန်မရဲ့ ဝိညာဥ်နှင်အစွမ်းက အရမ်းစွမ်းအားကြီးတယ်။"

လျန်ယူကျူးက သူမ၏ လက်ညှိုးကို ထိုးလိုက်သည်။ ထို့နောက် အဖြူရောင် အလင်းတစ်ခု ထွက်လာပြီး မြက်ပင်များအပေါ် ကျရောက်သွားသည်။

ချက်ချင်းဆိုသလို ပေါင်းပင်များက ကြီးထွားလာပြီး လုတုန်ချမ်း၏ ခြေထောက်အား ရစ်ပတ်သွားကြသည်။

လုတုန်ချမ်း၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး ချက်ချင်း ခြေထောက်ကို ဆောင့်နင်းလိုက်သည်။ ပေါင်းပင်များ ပျက်စီးသွားကြ၏။

နောက်ထပ် ပေါင်းပင်များစွာက ပြန့်နှံ့ ချိတ်ဆက်သွားပြီး ပိုက်ကွန်တစ်ခု ဖြစ်လာကာ လုတုန်ချမ်းကို ဖမ်းလိုက်ပါသည်။

ဒီမြင်ကွင်းကို မြင်သော ယဲ့ရှောင်ချန်းကတော့ အလွန်အံ့အားသင့်နေ၏။

ထိုဝိညာဥ်နှင်အစွမ်းက အလွန်ထူးဆန်းသည်။ မှော်ပညာကို အဓိက အသုံးပြုခြင်း ဖြစ်၏။ အထူးစွမ်းအင် စည်းမျဥ်းများအရ အပင်များကို ထိန်းချုပ်နိုင်ပြီး တိုက်ခိုက်ရေး ခွန်အားများ ပေးစွမ်းနိုင်သည်။

အပင်စစ်သည်တော် ဖန်တီးခြင်းနှင့် အနည်းငယ် ဆင်တူ၏။

သို့သော်လည်း အပင်ဝိညာဥ် ပူးကပ်ခြင်းနှင့် အနည်းငယ် ဆင်တူသေးသည်။

ထိုအစွမ်းနှစ်ခု ပေါင်းထားသလိုပင် ဖြစ်နိုင်သည်။

ထိုအစွမ်းနှစ်ခု ပေါင်းထားခြင်း မဟုတ်ကြောင်း ယဲ့ရှောင်ချန်းကတော့ အသေအချာ သိနေ၏။ မှော်အစွမ်း အသစ်တစ်မျိုး ဖြစ်ပါသည်။

စွမ်းအားအရပြောရရင်တော့ အပင်စစ်သည်တ်ော် သို့မဟုတ် အပင်ဝိညာဥ်များလောက် မသန်မာပါ။

၎င်းကို သုံးစွဲနိုင်ဖို့ လိုအပ်ချက်ကလည်း နိမ့်ကျသည်။

ပေါင်းပင်များစွာက ပိုပိုပြီး ရှည်လျား ကြီးထွားလာကြပြီး အလွန်ထူးဆန်းပါသည်။

လုတုန်ချမ်းက သူ့မှော်ဓားကို ထုတ်လိုက်ပြီး လွှဲရမ်းလိုက်ပါသည်။ ပေါင်းပင် အတော်များများ ရှင်းသွားပြီး လျန်ယူကျူး၏ အနား သွားဖို့ ပြင်လိုက်၏။

သို့သော်လည်း လျန်ယူကျူးက မှော်အစွမ်းကို ပြန်ရုတ်သိမ်းလိုက်သည်။ အပင်များက သူမ၏ ခန္ဓာကိုယ်ကို ထောက်ပံ့ပေးနေပြီး အလွန်သွက်လက်သွား၏။

ကျင့်ကြံခြင်းလောကမှ မှော်အစွမ်းများ အသုံးချခြင်းကို ယဲ့ရှောင်ချန််း ပထမဆုံး မြင်ဖူးခြင်းဖြစ်ပြီး အလွန်ပါးနပ်လှပါသည်။

အနည်းဆုံးတော့ ယဲ့ရှောင်ချန်း စဥ်းစားကြည့်လို့မရပါ။ ဘာပဲဖြစ်ဖြစ် ကျင့်ကြံခြင်း လောကတွင် မရေမတွက်နိုင်သည့် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ခြင်းရလဒ် မဟုတ်ပါလား။

ယဲ့ရှောင်ချန်းက စာအုပ်အရသာ ကျင့်ကြံခဲ့သည်။ သို့သော် ဘယ်လိုသုံးရမလဲ ၊ ဘယ်လိုတိုက်ခိုက်ရမလဲ၊ တခြားအစွမ်းတွေနဲ့ ဘယ်လိုတွဲသုံးရမလဲဆိုတာ သိသည့် ဆရာ မရှိခဲ့ပါ။

သူတို့နှစ်ယောက် တိုက်ခိုက်ရင်း နယ်မြေကျယ်ကြီးအား ဗြောင်းဆန်သွားအောင် လုပ်ပြစ်လိုက်သောအခါ ယဲ့ရှောင်ချန်း သူတို့ကို အမြန်ရပ်ခိုင်းလိုက်ပါသည်။

သို့သော်လည်း သူတို့နှစ်ယောက်က သူ့ကို လျစ်လျူရှုပြီး ဆက်တိုက်ခိုက်နေကြသည်။

"လခွီး ဒီတိုင်းသာ ဆက်တိုက်နေကြရင် ငါ့စိုက်ပျိုးရေးခြံ ပျက်တော့မှာပဲ။"

ခေါင်းကိုခါလိုက်ပြီး သူ့လက်ချောင်းဖြင့် ညွှန်လိုက်သည်။ အစိမ်းရောင် အလင်းတစ်ခု ပေါ်လာပြီး ရုတ်တရက်ကြီး ဧရာမ ပေါင်းပင်ကြီး တစ်ခု ပေါ်လာခဲ့ပါသည်။

အရင်တစ်ခေါက်ကထက် ပိုမို ကြီးထွားပြီး ရှည်လျားလာသည်။ ထူထပ်သည့် သစ်ရွက်ကြီး နှစ်ခုက သူတို့နှစ်ယောက်ထံသို့ လိမ့်လာသည်။

သူတို့နှစ်ယောက်ထိတ််လန့်သွားကြပြီး အမြန်ကာလိုက်ကြသည်။

လုတုန်ချမ်းက သစ်ရွက်များကြောင့် လွင့်ထွက်သွားသည်။

လျန်ယူကျူးလည်း မလွတ်ပါ။ သူမ ထိန်းချုပ်သည့် ပေါင်းပင်များက ဝိညာဥ်ပေါင်းပင်ကြီးကို ဘာမှ မလုပ်နိုင်တော့ပါ။ သူတို့ကို သစ်ရွက်ကြီးများက လိပ်ကာ ဖမ်းချုပ်ထားလိုက်ကြသည်။ လျန်ယူကျူးက လေထဲတွင် အော်ဟစ်ကာ ရုန်းကန်နေ၏။

လျန်ယူကျူးကို အောက်ချပေးဖို့ ယဲ့ရှောင်ချန်း ပေါင်းပင်ကြီးအား အမိန့်ပေးလိုက်သောအခါ သူမ၏ မျက်နှာက ဖြူဖတ်ဖြူရော်ပင် ဖြစ်နေလေပြီ။

ဘာပဲဖြစ်ဖြစ် နေလို့ထိုင်လို့က လုံးဝမကောင်းပါ။

လုတုန်ချမ်းလည်း ရှက်ကိုးရှက်ကန်းဖြင့် မြေပေါ်မှ ပြန်ထလာခဲ့တော့သည်။

All Chapters