အစစ်အမှန်နဂါးရဲ့ ပုံရိပ်
Vol. 23 Ch. 318
“နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးက တကယ်ကို ကြောက်စရာ ကောင်းလွန်းတယ်။ သူက သည်လို အစွမ်းထက်တဲ့ လျှို့ဝှက်နည်းစနစ်ကိုတောင်မှ သူ့ရဲ့ လက်ရင်းတပည့်ကို အချိန်တိုအတွင်းမှာ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သွားအောင် သင်ကြားပေးနိုင်စွမ်း ရှိတာပဲ”
ဂိုဏ်းအသီးသီးရဲ့ ပြန်လည် ဝင်စားခြင်း နယ်ပယ်ပညာရှင် တွေတောင်မှ မနာလို ဖြစ်လာတဲ့ပုံပင်။
အခြားသော လျှို့ဝှက်နည်းစနစ်နဲ့ တွဲပြီး အသုံးပြုလို့ရတဲ့ လျှို့ဝှက်နည်းစနစ် ဆိုတာက အင်မတန် ရှားပါးလွန်းပါတယ်။ မဟာပညာရှင်တွေ ရှိခဲ့ကျတဲ့ ခေတ်တုန်းကတော့ ရှိနိုင်ပေမဲ့ သည်နေ့ခေတ်မှာတော့ မရှိသလောက်ကို ရှားနေခဲ့ပါပြီ။
လီဖူချန်းသုံးသွားတဲ့ လျှို့ဝှက်နည်းစနစ်က ကြယ် ၄ ပွင့် လျှို့ဝှက်နည်းစနစ် ဖြစ်ရမယ်လို့ သူတို့ ယူဆထားပါတယ်။ ဒါပေမဲ့ သူတို့မသိတာက မပြည့်စုံတဲ့ ဓားအဆီအနှစ် လျှို့ဝှက်နည်းစနစ်ဟာ ကြယ် ၆ ပွင့်အဆင့် လျှို့ဝှက်နည်းစနစ် ဆိုတာပါပဲ။ ပြီးတော့ သည်လျှို့ဝှက်နည်းစနစ်ဟာ ကြယ် ၆ ပွင့် လျှို့ဝှက်နည်းစနစ်တွေ ထဲမှာတောင်မှ အကောင်းဆုံးလို့ ယူဆနိုင်ပါတယ်။ ဓားအဆီအနှစ်ကျမ်း အပြည့်အစုံသာ ဆိုရင်တော့ အနည်းဆုံး အနေနဲ့ ကြယ် ၇ ပွင့် လျှို့ဝှက်နည်းစနစ် အများဆုံး အနေနဲ့ ကြယ် ၉ ပွင့် လျှို့ဝှက်နည်းစနစ်တောင် ဖြစ်နိုင်ဖွယ် ရှိပါတယ်။
အဲသည်အချက်ကိုသာ ပြန်လည်ဝင်စားခြင်း ပညာရှင်တွေ သိသွားရင်တော့ အရူးအမူး တပ်မက် သွားလောက်ပါပြီ။ အချို့ဆိုရင် နံပါတ်တစ် ပဟေဠိသိုင်းသမားကြီးရဲ့ အမျက်ဒေါသကိုတောင် အမှုမထားတော့ဘဲ လီဖူချန်းကို မပြည့်စုံတဲ့ ဓားအဆီအနှစ်ကျမ်းအား ပြောင်းလွှဲပေးဖို့ ဖိအားပေးလာမှာ အသေအချာပါပဲ။
အကယ်၍သာ သူတို့က မပြည့်စုံတဲ့ ဓားအဆီအနှစ်ကျမ်းကိုသာ လေ့ကျင့်ပြီး သွားပါက အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးကို အုပ်စိုးနိုင်မည် မဟုတ်ပါလား။
ပဟေဠိသိုင်းသမားတွေဟာ ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲက ထွက်လာမယ် ဆိုရင် ပြန်လည်ဝင်စားခြင်း နယ်ပယ် အထွတ်အထိပ်မှာသာ ရှိနေမှာ ဖြစ်တဲ့အတွက် သိပ်ပြီးတော့ ကြောက်စရာ မလိုတော့ပါဘူး။
စိတ်မကောင်းစရာ တစ်ခုကတော့ အဲသည် အချက်ကို ဘယ်သူမှ မသိတာပါပဲ။ သူတို့အားလုံးဟာ လီဖူချန်းရဲ့ လျှို့ဝှက်နည်းစနစ်ကို ကြယ် ၄ ပွင့် လျှို့ဝှက် နည်းစနစ်ဟုသာ ထင်နေကြတာပါ။
ကြယ်၄ပွင့် လျှို့ဝှက်နည်းစနစ် တစ်ခုအတွက်နဲ့တော့ ဘယ်ပြန်လည် ဝင်စားခြင်း နယ်ပယ်ပညာရှင်မှ နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးနဲ့ ထိပ်တိုက် မတွေ့ချင်ကြပါဘူး။ ဒါက သူတို့ရဲ့ အသက်နဲ့ စွန့်စားရလောက်တဲ့ အရာတစ်ခု မဟုတ်ပါဘူး။
လျှို့ဝှက်နည်းစနစ် တွေမှာလည်း သူ့ရဲ့ သတ်မှတ်ချက်နဲ့သူ ရှိပါတယ်။ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေဟာ ကြယ် ၅ ပွင့် လျှို့ဝှက်နည်းစနစ် တွေနဲ့သာ သင့်တော်တာပါ။ ကြယ် ၄ ပွင့် လျှို့ဝှက်နည်းစနစ်တွေတောင်မှ သူတို့ သုံးလိုက်မယ် ဆိုရင် ပုံမှန်စွမ်းရည်ကို ပြနိုင်တော့မှာ မဟုတ်ပါဘူး။ ကြယ် ၃ ပွင့် လျှို့ဝှက်နည်းစနစ်ကို သုံးလိုက်မယ် ဆိုရင်တော့ ပိုပြီးတော့တောင် စွမ်းရည်လျော့ကျ သွားမှာပါ။
ရှင်းရှင်းပြောရမယ် ဆိုရင်တော့ လူတစ်ယောက်ရဲ့ ကျင့်ကြံမှု အဆင့်မြင့် လာတာနဲ့အမျှ အသုံးပြုရမယ့် လျှို့ဝှက်နည်းစနစ်ကလည်း ပိုကောင်းတဲ့ လျှို့ဝှက်နည်းစနစ်ကို သုံးရမှာ ဖြစ်ပါတယ်။
အခြားလျှို့ဝှက် နည်းစနစ် တစ်ခုနဲ့ တွဲဖက်ပြီး အသုံးပြုလို့ရတဲ့ ကြယ် ၄ ပွင့် လျှို့ဝှက်နည်းစနစ် ဆိုတာက ကောင်းကင်နယ်ပယ် ပညာရှင်တွေ အတွက်ဆိုရင် ရူးသွားလောက်တဲ့ လျှို့ဝှက်နည်းစနစ် ဖြစ်ပေမဲ့ ပြန်လည် ဝင်စားခြင်း ပညာရှင်တွေ အတွက်ကတော့ သိပ်ပြီး အရေးမပါလှပါဘူး။
ဒါပေမဲ့လည်း ရရင်တော့ ပိုကောင်းတာပေါ့လေ။
“ဘိုးဘိုး … လီဖူချန်း နိုင်သွားပြီ”
ဇောင်မင်းယွီက အားရဝမ်းသာစွာဖြင့် ပြောလိုက်ပါတယ်။
“အင်း … ။ ဘိုးဘိုးလည်း မြင်ရပါတယ် မင်းယွီရဲ့ …"
ဇောင်ဝူကျင်းကလည်း ပျော်တပြုံးပြုံး ဖြစ်နေပါပြီ။
မိုးပြာရောင် ဂိုဏ်းထဲမှာ ဆိုရင် သူက လီဖူချန်းကို ထောက်ခံခဲ့တဲ့ ပထမဦးဆုံး အကြီးအကဲပါပဲ။ အခုတော့ သူ့ရဲ့ ထောက်ခံမှုက မှန်ကန်တယ် ဆိုတာကို လီဖူချန်းက သက်သေပြလိုက်ပြီ မဟုတ်ပါလော။
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ သူကိုယ်တိုင်တောင်မှ လီဖူချန်းကို သည်လောက်အထိ အစွမ်းထက်မယ်လို့ ထင်မထားခဲ့ပါဘူး။
“သည်ကောင်က တကယ်ပဲ ကျားနဂါးစာရင်းရဲ့ နံပါတ် ၁ ဖြစ်သွားတာလား"
လျူဝူဟောင်နဲ့ ယုဝူရှန်းတို့ကတော့ လီဖူချန်းကို ကြည့်ရင်း မိုးပြိုလာသလို ခံစားနေရပါတယ်။
သိပ်မကြာခင်တုန်းကမှ သူတို့နှစ်ယောက်ဟာ လီဖူချန်းကို အနာဂတ်မှာ အနိုင်ယူဖို့အတွက် စိတ်ကူးယဉ်နေ ခဲ့ပါသေးတယ်။ လီဖူချန်းက ကံလေးအနည်းငယ် ကူလို့သာ သူတို့ကို နှာတစ်ဖျား သာနေတာလို့ ထင်နေခဲ့တာပါ။
အခုတော့ သူတို့ဟာ အခြေအနေမှန်ကို သိမြင်သွားခဲ့ပါပြီ။ လီဖူချန်းက သူတို့ကို နှာတစ်ဖျားလေး သာနေတာ မဟုတ်ပါဘူး။ လီဖူချန်းက သူတို့ရဲ့ အရှေ့ မိုင်တစ်သောင်းလောက်မှာ ရှိနေတာပါ။
နောက်ထပ် သုံးနှစ်နေလို့ သူတို့နှစ်ယောက် ကျားနဂါးပြိုင်ပွဲကို လာပြိုင်တဲ့ အခါမှာ ဆိုရင် လီဖူချန်းက မိုးပေါ်မှာပျံပြီး လျှောက်သွား နေလောက်ပါပြီ။
“သည်နှစ် ကျားနဂါးပြိုင်ပွဲက သမိုင်းကြောင်း တစ်လျှောက်မှာ ကမောက်ကမ အဖြစ်ဆုံး ပြိုင်ပွဲတစ်ခု ဖြစ်လာခဲ့ပြီ”
စုမုယူက လီဖူချန်းကို ကြည့်နေရင်းနဲ့ ခပ်တိုးတိုး ရေရွတ် လိုက်ပါတယ်။
လီဖူချန်းလို တက်သစ်စ ကြယ်ပွင့်တစ်ယောက်က ကျားနဂါးပြိုင်ပွဲရဲ့ အဆင့် ၁ နေရာကို ယူသွားတယ် ဆိုတာ တကယ့်ကို ကြုံတောင့်ကြုံခဲ အဖြစ်အပျက် တစ်ခုပါပဲ။ စီးတုလေ့ဟာ ကျားနဂါးပြိုင်ပွဲရဲ့ အဆင့် ၁ နေရာကို ရခဲ့တုန်းက အသက်၂၄ နှစ် ရှိနေခဲ့ပါပြီ။ ပြီးတော့ စီးတုလေ့ ပြိုင်ပွဲဝင်တုန်းက ကြယ်ဘုရင်ဟောင်းကြီးတွေ မရှိတော့ပါဘူး။ ကြယ်ဘုရင်ဟောင်းကြီးတွေသာ ရှိနေဦးမယ် ဆိုရင်တော့ စီးတုလေ့ဟာ နံပါတ်တစ် ကြယ်ဘုရင် ဖြစ်လာနိုင်ဦးမလား ဆိုတာ သံသယ ဖြစ်ဖွယ်ပါပဲ။
သည်တစ်ခေါက် ကျားနဂါး ပြိုင်ပွဲမှာတော့ လက်ရွေးစင် ပါရမီရှင်တွေ များပြားလွန်း လှသလို ကြယ်ဘုရင် သုံးယောက်လည်း ပြန်ပါလာပါသေးတယ်။ တက်သစ်စ လူငယ်ကြယ်ပွင့် တစ်ယောက်အနေနဲ့ ကျားနဂါးစာရင်းရဲ့ အဆင့် ၁ နေရာကို ရဖို့ဆိုတာက မဖြစ်နိုင်သလောက်ပါပဲ။ ဒါက လုံးဝကို ခက်ခဲကြမ်းတမ်းတဲ့ ခရီးရှည်ကြီး ဆိုရင်လည်း မမှားပါဘူး။ ဒါပေမဲ့ လီဖူချန်းကတော့ လုပ်ပြနိုင်ခဲ့ပါတယ်။
“ငါက သူ့ကို အထင်သေးခဲ့မိတာပဲ”
ရန်ချုင်းဟူ ကတော့ နှုတ်ခမ်းကို ကိုက်နေရင်းနဲ့ သူမ ပြောခဲ့တဲ့ စကားတွေကို ပြန်စဉ်းစား နေမိပါတယ်။ သူမက လီဖူချန်းကို အားရပါးရ လှောင်ခဲ့သည် မဟုတ်ပါလား။ အဲသည် အချိန်တုန်းက သူမရဲ့ အပြုအမူတွေဟာ တကယ့်ကို အရှက်ရစရာပါပဲ။
တကယ်တမ်း သေသေချာချာ စဉ်းစားကြည့်မယ် ဆိုရင်တော့ အဲဒါက သူမရဲ့ အမှားတော့ မဟုတ်ပါဘူး။ ဘယ်သူကများ ကြယ်၁ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တစ်ယောက်ဟာ ကျားနဂါး ပြိုင်ပွဲရဲ့ အဆင့် ၁ နေရာကို ရယူသွားလိမ့်မယ်ဟု ကြိုသိနေမှာလည်းလေ။
မနာလိုမှု …
အံ့သြတုန်လှုပ်မှု …
လေးစားအားကျမှု …
လူတွေအားလုံးရဲ့ ခံစားချက်တွေကတော့ အမျိုးမျိုး အဖုံဖုံပါပဲ။
မိုးကြိုးဂိုဏ်းရဲ့ အဖွဲ့ဝင်တွေကတော့ သိပ်ပြီးတော့ မျက်နှာ မကောင်းလှပါဘူး။ မိုးကြိုးဂိုဏ်းချုပ်ရဲ့ မျက်နှာပေါ်က အပြုံးတွေကလည်း ပျောက်ကွယ် ထားခဲ့ပါပြီ။
လီဖူချန်းတစ်ယောက် စီးတုလေ့ကို အနိုင်ယူပြီး သွားတာနဲ့ တစ်ပြိုင်နက် စီတုလေ့ရဲ့ ကျောက်တုံးမဏ္ဍိုင်က ရေနဂါးကြီးဟာ ကောင်းကင်ငှက် တိုက်ပဲဝင်ချီတွေကို မှုတ်ထုတ်လိုက်ပါတယ်။
လီဖူချန်းရဲ့ ကျောက်တုံးမဏ္ဍိုင်က ရေနဂါးကြီးကလည်း ထိုချီစွမ်းအင်တွေကို စုပ်ယူ လိုက်ပါတယ်။
ထို့နောက်မှာတော့ လီဖူချန်းရဲ့ ရေနဂါးကြီးဟာ အသွင်ပြောင်းလဲ လာခဲ့ပါပြီ။
ဦးချိုတစ်ခုကနေ နှစ်ခု ဖြစ်သွားခဲ့သလို ခြေထောက်တစ်ခုစီမှာ ခြေသည်းသုံးခုသာ ရှိရာကနေ ခြေသည်းငါးခု ရှိလာခဲ့ပါတယ်။ အကြေးခွံတွေကလည်း ကြွကြွရွရွ ရှိလာပြီး ပိုတောက်ပြောင် လာသလိုပါပဲ။
ကောင်းကင်ငှက် တိုက်ပွဲဝင်ချီတွေကတော့ အစစ်အမှန် နဂါးတစ်ကောင်အသွင် ပြောင်းလဲသွားခဲ့ပါပြီ။
အစစ်အမှန် နဂါးတစ်ကောင် အသွင်ရှိတဲ့ ကောင်းကင်ငှက် တိုက်ပွဲဝင်ချီတွေဟာ ကောင်းကင်ပေါ်သို့ တစ်ရှိန်ထိုး တက်သွားခဲ့ပါတယ်။ အခြားသော ကောင်းကင်ငှက် တိုက်ပွဲဝင်ချီ ပုံရိပ်တွေကတော့ သူတို့ရဲ့ ချီအရှိန်အဝါတွေကို လျော့ချလိုက်ပါပြီ။ ဒါက ဘုရင်တစ်ပါးကို အရိုအသေ ပေးတာနဲ့တောင် ဆင်တူ နေပါသေးတယ်။
ကောင်းကင်ငှက် တိုက်ပွဲဝင်ချီတွေ ခိုဝင်ကိန်းအောင်းနေတဲ့ အစစ်အမှန် နဂါးတစ်ကောင် မွေးဖွားလာ အပြီးမှာတော့ ၁၀၈ ကွက် မဟာဝင်္ကပါဟာ အပြည့်အဝ အသက်ဝင် လာပုံပါပဲ။
ကောင်းကင်ပေါ်ကနေ ကြယ်အလင်းတန်းတွေ အများကြီး ကျလာကာ ၁၀၈ ကွက် မဟာဝင်္ကပါနဲ့ သဟဇာတဖြစ်စွာ ပေါင်းစပ် သွားပြန်ပါတယ်။
ကျောက်တုံးမဏ္ဍိုင် ၃၆ ခုက ထွက်ပေါ်နေတဲ့ ပုံသဏ္ဌာန်မျိုးစုံနဲ့ ကောင်းကင်ငှက် တိုက်ပွဲဝင်ချီတွေဟာ ထိုကြယ် အလင်းတန်းတွေနဲ့ အတွေ့မှာတော့ တဖြည်းဖြည်း ကျုံ့ဝင်သွားပြီး အမှတ်အသားတစ်ခု အဖြစ် ပြောင်းလဲသွားပါတယ်။
ရွှီး … ရွှီး … ရွှီး … ရွှီး … ရွှီး …
ထိုအမှတ်အသား ၃၆ ခုဟာ လျင်မြန်စွာနဲ့ သက်ဆိုင်ရာ ပိုင်ရှင်အသီးသီးရဲ့ နဖူးအလယ်တည့်တည့်ကို ဝင်သွားပြီး အမှတ်အသားတွေ ဖြစ်စေခဲ့ပါပြီ။
လီဖူချန်းက သူ့ရဲ့ နဖူးမှာ မီးစနဲ့ ထိုးထည့်လိုက်သလို ခံစားလိုက်ရပါတယ်။ အစစ်အမှန် နဂါးတစ်ကောင်ရဲ့ အမှတ်အသားကတော့ သူ့ရဲ့ နဖူးအလယ်တည့်တည့်မှာ ဖြစ်တည် လာခဲ့ပါပြီ။
“ဒါက ကောင်းကင်ငှက် တိုက်ပွဲဝင် ချီစွမ်းအင် ဆိုတာလား …”
လီဖူချန်းက သူ့ရဲ့ နဖူးကို ကိုင်ကြည့်လိုက်ရင်းနဲ့ တွေးနေမိပါတယ်။
“သည်ကောင့်ရဲ့ အစစ်အမှန် နဂါး အမှတ်အသားက ပြီးခဲ့တဲ့ ပြိုင်ပွဲမှာ ငါရခဲ့တဲ့ အစစ်အမှန် နဂါး အမှတ်အသားနဲ့လည်း မတူပါလား”
စီးတုလေ့က လီဖူချန်းကို သေသေချာချာ စောင့်ကြည့်နေတာပါ။ လီဖူချန်းရဲ့ နဖူးပေါ်က အစစ်အမှန် နဂါးအမှတ်အသားကို တွေ့လိုက်တဲ့ အခါမှာတော့ စီးတုလေ့ဟာ အနည်းငယ် ဘဝင်မကျ ဖြစ်သွားပါတယ်။ အရင်တစ်ခေါက် ပြိုင်ပွဲမှာတုန်းက သူရခဲ့တဲ့ အစစ်အမှန် နဂါးအမှတ်အသားဟာ နဂါးဦးချိုတွေသာ ပါရှိတာပါ။ ဒါပေမဲ့ လီဖူချန်းရဲ့ အစစ်အမှန် နဂါးအမှတ်အသား ကတော့ ချိုတွေတင်သာမက ခြေသည်း လက်သည်းတွေပါ ပါရှိနေပါတယ်။ ပြီးတော့ အခြားသော ကွဲပြားမှု အနည်းငယ်လည်း ရှိနေပါသေးတယ်။
သူတို့နှစ်ယောက်စလုံးဟာ ကျားနဂါးပြိုင်ပွဲရဲ့ အဆင့် ၁ နေရာမှာ ရပ်တည်ခဲ့ကျ သူတွေပါ။ ဒါပေမဲ့ ဘာဖြစ်လို့ သူတို့ရဲ့ အစစ်အမှန် နဂါးအမှတ်အသားတွေက မတူညီဘဲ ခြားနား နေရပါလိမ့်။
စီးတုလေ့ဟာ သည်အချက်ကိုတော့ ကောင်းကောင်း နားမလည်ပါဘူး။
နှမြောစရာ ကောင်းတာကတော့ အမှတ်အသား ရထားတဲ့ လူငယ် ၃၆ ယောက်က လွဲပြီး အခြားလူတွေက သည်အမှတ်အသားတွေကို မမြင်နိုင်တာပါပဲ။ ပြန်လည်ဝင်စားခြင်း နယ်ပယ်ပညာရှင် တွေတောင်မှ သည်အမှတ်အသားတွေကို မြင်နိုင်စွမ်း မရှိပါဘူး။ အမှတ်အသား ပိုင်ရှင်တွေဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ရောက်ပြီ ဆိုတာနဲ့ ထိုအမှတ်အသားတွေ အားလုံးဟာ ထာဝရ ပျောက်ကွယ် သွားတော့မှာ ဖြစ်ပါတယ်။
လူတွေအားလုံး မသိလိုက်တာကတော့ သူတို့အားလုံးကို စောင့်ကြည့်နေတဲ့ လူတစ်ယောက်ဟာ ကြယ်ကံကြမ္မာတောင်ရဲ့ အတွင်း တစ်နေရာမှာ ရှိနေတယ် ဆိုတာပါပဲ။
“မဆိုးဘူး … မဆိုးဘူး … ။ ပြီးပြည့်စုံတဲ့ အစစ်အမှန် နဂါးအမှတ်အသား ဖြစ်တည်လာအောင် စွမ်းဆောင်နိုင်တဲ့ လူငယ်တစ်ယောက် ရှိလာခဲ့ပြီပဲ။ အခြားလူတွေက ပြီးပြည့်စုံတဲ့ အစစ်အမှန် နဂါးအမှတ်အသား ဖြစ်တည်လာဖို့အတွက် ကျားနဂါးပြိုင်ပွဲရဲ့ အဆင့် ၁ ကို နှစ်ခါဆက်တိုက် ရအောင် ကြိုးစားရတာ။ ဒါပေမဲ့ သည်ကောင်လေးကတော့ တစ်ကြိမ်တည်းနဲ့ ပြီးပြည့်စုံတဲ့ အစစ်အမှန် နဂါးအမှတ်အသားကို ဖြစ်တည်စေခဲ့တယ်။ ကြည့်ရတာတော့ သည်တစ်ခေါက် ကျားနဂါးပြိုင်ပွဲမှာ လူတော်တွေ အများကြီး ပါလာပုံပဲ။ ဒါကြောင့်မလို့ ကောင်းကင်ငှက် တိုက်ပွဲဝင်ချီတွေနဲ့ ကြယ်ကံကြမ္မာတွေ အများကြီး ဖြစ်တည်လာခဲ့တာ”
ထို့နောက်မှာတော့ ထိုလူဟာ သည်နေရာမှာ တစ်ခါမှ မရှိခဲ့ဘူးသာ့်အလား ပျောက်ကွယ် သွားပါတော့တယ်။
ဝုန်း … ဝုန်း … ဝုန်း …
ကောင်းကင်ငှက် ကျောက်တုံးမဏ္ဍိုင်တွေက မူလနေရာကို ပြန်ရွေ့လာကျပါပြီ။ လူငယ် ၃၆ ယောက်ရဲ့ နဖူးအလယ်တည့်တည့်မှာ ရှိနေတဲ့ ကောင်းကင်ငှက် တိုက်ပွဲဝင်ချီ အမှတ်အသား တွေကလည်း ပျောက်ကွယ် သွားပါတော့တယ်။ အမှတ်အသားတွေကို ပိုင်ဆိုင်ထားသူ အချင်းချင်းတောင်မှ အခြားသူရဲ့ အမှတ်အသားကို မြင်ရခြင်း မရှိတော့ပါဘူး။
(note - ကြယ်အလင်းတန်းတွေက ကံကောင်းခြင်း ကြယ်ကံကြမ္မာတွေ ဖြစ်ပုံရပါတယ်။)
ReplyForward
***