နေရာချထားခြင်း
Vol. 18 Ch. 268
ပြဿနာက ဒြပ်စင်ငါးမျိုး အင်မော်တယ် ပုလဲကို ဘယ်လိုနေရာချရမလဲ ဆိုတာပဲဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ဒြပ်စင်ငါးမျိုး အင်မော်တယ် ပုလဲက အာနိသင်ရှိဖို့ဆိုလျှင် နေရောင်ခြည်နှင့် အာကာသ ရောင်ခြည်များကို စုပ်ယူဖို့ လိုအပ်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် ဒြပ်စင်ငါးမျိုး အင်မော်တယ် ပုလဲကို ကာကွယ်ဖို့အတွက် စင်တစ််ခု တည်ဆောက်ရမည်။ အမြင့်ပိုမြင့်လေလေ ပိုကောင်းလေလေ ဖြစ်ပါသည်။
သို့သော်လည်း စိုက်ပျိုးရေးခြံစည်းရိုးကြောင့် ဖြစ်ပေါ်နေသော အင်မော်တယ်ဝိညာဥ် စက်ကွင်းတွင် အမြင့်အကန့်အသတ်ရှိသောကြောင့် အင်မော်တယ် ပုလဲအား အင်မော်တယ် ဝိညာဥ်စက်ကွင်း၏ အတွင်းထဲ နေရာချရပါမည်။ ဒီလိုမှ ထုတ်လွှတ်သည့် ဒြပ်စင်ငါးမျိုး အင်မော်တယ်ဝိညာဥ်ချီများမှာ ပျံ့နှံ့မသွားဘဲ စိုက်ပျိုးရေးခြံထဲတွင်သာ ရှိနေမည်ဖြစ်သည်။
နောက်ထပ်နှစ်ရက်အတွင်း ယဲ့ရှောင်ချန်းက အင်မော်တယ်ဝိညာဥ်စက်ကွင်း၏ အမြင့်ကို စစ်ဆေးတိုင်းတာသည်။ ထို့နောက် ကောင်တီမြို့ကို သွားပြီး သံမဏိဆောက်လုပ်ရေးပစ္စည်းများ သွားဝယ်ခဲ့၏။ ကိုယ်တိုင်ဖန်တီးပြီး မီတာ ၂၀ ကျော်သည့် သံမဏိတာဝါတိုင် တစ်ခုကို တည်ဆောက်ခဲ့ပါသည်။
ကံကောင်းစွာဖြင့် အလုပ်လုပ်ရသူများက လျန်ယူကျူး၊ လုတုန်ချမ်းနှင့် ပဲစေ့ စစ်သည်တော်များ ဖြစ်သည်။ သူတို့အားလုံးတွင် သဘာဝလွန်စွမ်းအားများ ရှိနေပြီး သူတို့အတွက် ဒီလိုအလုပ်မျိုး လုပ်ရတာက ပြဿနာ မရှိပါ။
သာမန်လူတစ်ယောက်သာဆို သေချာပေါက် ကြီးမားသည့် စက်ကိရိယာများကို အသုံးပြုရလိမ့်မည်။
နောက်ဆုံးတော့ သံမဏိ တာဝါတိုင်ကြီး ပြီးဆုံးသွားခဲ့သည်။ မီတာ ၂၀ ကျော်ပြီး ၆ ထပ် ၇ ထပ် အဆောက်အအုံနှင့် ညီမျှ၏။
"ဘော့စ် ဒါကြီးကို ဘာအတွက် သုံးမှာလဲ။ အချက်ပြတာဝါလိုလား။"
လျန်ယူကျူးက စိတ်ဝင်စားစွာ မေးလိုက်သည်။
"ဒါပေါ့။ အရမ်းအသုံးဝင်လိမ့်မယ်။"
ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်ပါသည်။
ထို့နောက် သူ့ခန္ဓာကိုယ် လှုပ်ရှားသွားပြီး ရေပြင်ညီ သံမဏိချောင်းကြီးပေါ် ရုတ်တရက် ခုန်တက်ကာ မျောက်ဝံတစ်ကောင်လို စတင်တက်တော့သည်။
မကြာမီ တာဝါတိုင် ထိပ်ပေါ်သို့ ရောက်လာခဲ့၏။
စပ်စုတတ်သည့် လျန်ယူကျူး သူ့နောက်သို့ လိုက်လာလိမ့်မည်ဟု မထင်ခဲ့ပေ။
တာဝါတိုင်၏ ထိပ်က မကြီးမားပေ။ ၁ စတုရန်းမီတာသာ ရှိ၏။ သံမဏိပြားတစ်ပြားကို တပ်ဆင်ထားပြီး ထိုသံမဏိပြားအပေါ်တွင် ဒြပ်စင်ငါးမျိုး အင်မော်တယ် ပုလဲကို ထည့်သွင်းဖို့အတွက် မြောင်းတစ်ခုကို အထူးတပ်ဆင်ထားသေး၏။
ဒြပ်စင်ငါးမျိုး အင်မော်တယ် ပုလဲ၏ နေရောင်ခြည် စုပ်ယူနိုင်သည့် ဧရိယာကို အမြင့်ဆုံး ဖြစ်စေဖို့အတွက် မြောင်းကို သံမဏိ ဝိုင်ယာကြိုးများဖြင့် ပြုလုပ်ထားသည်။
ယဲ့ရှောင်ချန်းက သူ့အိတ်ကပ်ထဲမှ သလင်းကျောက်သဏ္ဌာန် ပုလဲလေးကို ထုတ်လိုက်သည်။ ကလေးတစ်ယောက်၏ လက်သီးဆုပ် အရွယ်လောက်ရှိသည်။ နေရောင်အောက်တွင် ထူးဆန်းသည့် အရောင်ငါးမျိုးကို ထုတ်လွှတ်နေ၏။
အဝါ၊ အနီ၊ အစိမ်း၊ အနက်နှင့် ရွှေရောင် ဖြစ်၏။
လျန်ယူကျူးက စိတ်ဝင်တစား လိုက်ကြည့်နေသည်။
အဘယ့်ကြောင့်ဆိုသော် ပုလဲက ဘာဝိညာဥ်စွမ်းအင် လှိုင်းမှ မရှိသည့် သာမန်ပုလဲလို ဖြစ်နေသောကြောင့်ပင်။
မှော်ပုလဲလုံးနှင့်လည်း မတူပေ။
ကြည့်ကောင်းတာက လွဲပြီး အသုံးမဝင်သည့်ပုံစံပေါက်နေပါသည်။
သူမ ပိုပိုပြီး စိတ်ဝင်စားလာ၏။
မဟုတ်မှလွဲရော သံမဏိတာဝါတိုင်ကြီး တစ်ခုလုံးကို ဒါလေးအတွက် သီးသန့် တည်ဆောက် ခဲ့တာများလား။
ယဲ့ရှောင်ချန်းက ဒြပ်စင်ငါးမျိုး အင်မော်တယ် ပုလဲကို မြောင်းပေါက်ထဲတွင် ထည့်လိုက်သည်။
ထို့နောက် ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်၏။
ယခု နေသာနေပါသည်။
"ဟင်"
ရုတ်တရက် သာမန်ပုလဲဟု ထင်ရသည့် ဒီပုလဲမှ ဝိညာဥ်စွမ်းအင် တစ်စွန်းတစ်စကို ထုတ်လွှတ်နေသည်ဟု အာရုံခံလိုက်ရသဖြင့် လျန်ယူကျူး ကြောင်သွားပါသည်။
အမှန်ပင်။ ဝိညာဥ်စွမ်းအင် တစ်စွန်းတစ်စ ဖြစ်ပါသည်။
ထို့အပြင် ဒီဝိညာဥ်စွမ်းအင်၏ ပမာဏကလည်း အလွန်များပြားသည်။
ဘုရားရေ။
ဒီလောက်အရည်အသွေးမြင့်တဲ့ ဝိညာဥ်စွမ်းအင်မျိုးကို ထုတ်လွှတ်ပေးနိုင်တဲ့ ပစ္စည်းမျိုး တကယ်ရှိတာလား။
လျန်ယူကျူး၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားရပါသည်။
ဒီလိုရတနာမျိုးက အင်မော်တယ် ကျင့်ကြံခြင်းလောကမှာတောင် ထိပ်တန်းအဆင့် ရတနာ တစ်မျိုးဖြစ်သဖြင့် သူမ၏ အသက်ရှူသံများ ပြင်းထန်လာသည်။ ထိုအရာအတွက် ပါဝါကြီး ဂိုဏ်းပေါင်းများစွာ တိုက်ခိုက်ကြပြီး မရေမတွက်နိုင်သည့် သေကျေပျက်စီးမှုများ ရှိလာမည်ကို စိုးရိမ်ရသည်။
သို့သော် အခုတော့ ယဲ့ရှောင်ချန်းက ပေါ်တင်ကြီး ထုတ်သုံးနေပါသည်။
ရှင်က ဘယ်သူများလဲ။ ဒီလောက်ထိ အဖိုးမဖြတ်နိုင်တဲ့ ရတနာမျိုးကို ဘာလို့ ထုတ်သုံးနိုင်ရတာလဲ။
လျန်ယူကျူးက ယဲ့ရှောင်ချန်း၏ အကြောင်းကို ပိုပိုပြီး စိတ်ဝင်စားနေမိပါပြီ။
"ရှောင်းယူ ဒီပစ္စည်းကို နင် သေချာ စောင့်ရှောက်ရမယ်နော်။ ဘယ်သူ့ကိုမှ မခိုးစေနဲ့။ ဒါက ငါတို့ရဲ့ အနာဂတ်ကျင့်ကြံခြင်းအတွက် အခြေခံအုတ်မြစ်တစ်ခုပဲ။"
ယဲ့ရှောင်ချန်းက ပြောလိုက်၏။
လျန်ယူကျူးက အမြန်ပြန်ပြောလိုက်သည်။ "စိတ်မပူပါနဲ့ ဘော့စ်။ ကျွန်မ သေချာ စောင့်ကြည့်ထားပါ့မယ်။ ဒါပေမယ့် ကျွန်မ ဒီမှာ ကျင့်ကြံလို့ ရမလား ဘောာ့စ်"
"ကိစ္စမရှိဘူး။"
ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်ပါသည်။
"ကောင်းလိုက်တာ"
လျန်ယူကျူး ပျော်ရွှင်သွားပြီး ချက်ချင်းပဲ သူ့ဘေးတွင် ခြေပုလ္လင်ခွေကာ ထိုက်လိုက်၏။ သူမ အသက်ပြင်းပြင်း ရှူသွင်းလိုက်သောအခါ ဝိညာဥ်စွမ်းအင် တစ်စွန်းတစ်စက သူမ၏ နှာခေါင်းပေါက်ထဲ တိုးဝင်လာ၏။
ဝုန်း။
ထိုအင်မော်တယ် ဝိညာဥ်စွမ်းအင် တစ်စွန်းတစ်စမှာ အလွန်အမင်း ကြမ်းတမ်းလှသည်ကို သူမ ခံစားလိုက်ရသည်။ သူမ၏ မှော်စွမ်းအားများကို ဗြောင်းဆန်သွားစေပြီး ထိန်းချုပ်ဖို့ ခက်ခဲလာခဲ့၏။
ယဲ့ရှောင်ချန်းက လျန်ယူကျူး၏ ခန္ဓာကိုယ်ထဲမှ ထွက်လာသော လှိုင်းများကို ခံစားမိသွားပြီး ရုတ်တရက် လက်ညှိုးဖြင့် ထိုးလိုက်သည်။
ဝှစ်…
လျန်ယူကျူး ထိုဝိညာဥ်စွမ်းအင် တစ်စွန်းတစ်စကို ချက်ချင်း ပြန်ထုတ်လိုက်ပါသည်။
သူမ ရှက်သွားပြီး အံ့သြစွာ မေးလိုက်သည်။
"ဘော့စ် ဒါဘယ်လို ဝိညာဥ်စွမ်းအင်ကြီးလဲ။ ဘာလို့ ကျွန်မ သန့်စင်လို့ မရတာလဲ။ ဒါက အရမ်း ကြမ်းတမ်းပြီး ကျွန်မရဲ့ မှော်စွမ်းအင်ကိုတောင် ပေါက်ထွက်အောင် လုပ်မိတော့မလို့"
"ဒါလည်း အင်မော်တယ် ဝိညာဥ်စွမ်းအင်ပါပဲ။ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ ကျင့်ကြံခြင်း နည်းလမ်းနဲ့ဆိုရင်တော့ ဘယ်သန့်စင်လို့ရပါ့မလဲ။"
ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်ပါသည်။
"ဘော့စ် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာလား။"
လျန်ယူကျူးက မှုန်ကုပ်စွာ ပြောလိုက်ပါသည်။
"ဒါပေါ့ ရည်ရွယ်ချက်ရှိရှိလုပ်ရမှာပေါ့။ ငါနင့်ကို ဒီဝိညာဥ်စွမ်းအင် စုပ်ယူခွင့် မပေးလိုက်လို့ ငါ့နောက်ကွယ်မှာ ခိုးပြီး စုပ်ယူလိုက်ရင် ဘာဖြစ်သွားမလဲ။"
ယဲ့ရှောင်ချန်းက ပြောလိုက်သည်။
လျန်ယူကျူးက ယဲ့ရှောင်ချန်းကို စိုက်ကြည့်လိုက်သည်။ အကျင့်မကောင်းလိုက်တဲ့လူ။
"ကျွန်မ စုပ်ယူလို့ မရရင် ဘာလုပ်ရမလဲ။"
လျန်ယူကျူးက တွေဝေစွာ ပြောလိုက်ပါသည်။
"နည်းလမ်းနှစ်ခု ရှိတယ်။ ပထမတစ်ခုက သာမန် ဝိညာဥ်စွမ်းအင်တွေကို စုပ်ယူဖို့။ ဒုတိယ တစ်ခုက နင့်ရဲ့ ကျင့်ကြံခြင်း နည်းလမ်းကို ပြောင်းလဲဖို့ပဲ။"
ယဲ့ရှောင်ချန်းက ပြောလိုက်သည်။
"ကျင့်ကြံခြင်း နည်းလမ်းကို ပြောင်းရမယ် ဟုတ်လား။ ဘော့စ်။ ဒါက အင်မော်တယ် ဝိညာဥ်ချီလို့ ပြောခဲ့တယ်နော်။ မဟုတ်မှလွဲရော အင်မော်တယ် လောကက ဝိညာဥ်စွမ်းအင်ကို ပြောချင်တာလား။"
လျန်ယူကျူးက စိတ်ဝင်စားစွာ မေးလိုက်ပါသည်။
ထိုအချိန်တွင် လုတုန်ချမ်းလည်း တက်လာခဲ့၏။ လျန်ယူကျူး၏ အခြေအနေကို မြင်လိုက်ရပါသည်။
"ဒါပေါ့ ဒါက အင်မော်တယ်လောကရဲ့ အင်မော်တယ် ဝိညာဥ်စွမ်းအင်ပဲလေ။ မင်းတို့ အင်မော်တယ် ကျင့်ကြံသူတွေက သာမန် ဝိညာဥ်စွမ်းအင်တွေကို ကျင့်ကြံကြပြီး မင်းတို့ရဲ့ ကျင့်ကြံခြင်းနည်းလမ်းတွေကလည်း သာမန်ပဲ။ အဲ့တာကြောင့် အင်မော်တယ် ဝိညာဥ်စွမ်းအင်ကို မင်းတို့ မစုပ်ယူနိုင်ဘူး။ အင်မော်တယ် အပင်တွေက စုပ်ယူပြီးတော့ စုပ်ယူနိုင်တဲ့ အပင်ဝိညာဥ်စွမ်းအင်အဖြစ် ပြောင်းလဲပေးမှ မင်းတို့က တဖန် စုပ်ယူနိုင်လိမ့်မယ်။ ဒါပေါ့။ မင်းတို့ရဲ့ ကျင့်ကြံခြင်းနည်းလမ်းကို ပြောင်းလိုက်ရင်လည်း စုပ်ယူနိုင်ပါတယ်။"
ယဲ့ရှောင်ချန်းက ပြောလိုက်သည်။
"ဒါပေမယ့် ကျွန်မတို့မှာ အင်မော်တယ် လောကက ကျင့်ကြံခြင်း နည်းလမ်းတွေမှ မရှိတာ။"
လျန်ယူကျူးက စိတ်ပျက်စွာ ပြောလိုက်ပါသည်။
ဒါက သေချာပေါက် အင်မော်တယ် ဝိညာဥ်စွမ်းအင်ဖြစ်ပါသည်။ ဝိညာဥ်စွမ်းအင်ထက် အဆင့်မြင့်၏။ သို့သော် သူမက ကျင့်ကြံဖို့ မစုပ်ယူနိုင်ဘူးဆိုသဖြင့် ဘယ်လောက်တောင် စိတ်ဓာတ်ကျဖို့ ကောင်းလိုက်သလဲ။
ရုတ်တရက် သူမ တစ်ခုခုကို စဥ်းစားသွားမိပုံရပြီး ယဲ့ရှောင်ချန်းကို အံ့အာသင့်စွာ ကြည့်လိုက်သည်။
"ဘော့စ် ဒီအကြောင်းတွေ ဘယ်လိုသိနေတာလဲ။ ပြီးတော့ အင်မော်တယ် လောကရဲ့ ရတနာတွေကော။ မဟုတ်မှလွဲရော ရှင်က အင်မော်တယ် လောကက ကျင့်ကြံခြင်း နည်းလမ်းနဲ့ ကျင့်ကြံနေတာလား။"
"ဒါပေါ့။ ငါက ဘယ်လိုလူမျိုးလဲ မသိဘူးလား။"
ယဲ့ရှောင်ချန်းက ပြုံးကာပြောလိုက်၏။
"ဒါဆို ရှင်က ဘယ်လိုလူမျိုးလဲ။"
လျန်ယူကျူးက စိတ်ဝင်စားစွာ မေးလိုက်ပါသည်။
"သာမန်ထက် ထူးကဲတဲ့လူမျိုးပေါ့။ ဘာပဲဖြစ်ဖြစ်ပါ ငါ့နောက်ကို လိုက်မယ်ဆိုရင် မင်းတို့လည်း အနာဂတ်မှာ အင်မော်တယ်လောကဆီ တက်လှမ်းနိုင်လိမ့်မယ်လို့ အာမခံတယ်။"
ယဲ့ရှောင်ချန်းက ယုံကြည်ချက် ပြည့်ဝစွာ ပြောလိုက်ပါသည်။
အင်မော်တယ် လောကကို တက်လှမ်းနိုင်မယ်တဲ့လား။
လုတုန်ချမ်းနှင့် လျန်ယူကျူးတို့ နှစ်ယောက်စလုံး စိတ်အားထက်သန်သွားကြပါသည်။
ဒါက အင်မော်တယ် ကျင့်ကြံခြင်းလောကမှ လူများစွာ၏ အိပ်မက်ပဲမဟုတ်လား။
သို့သော်လည်း နောက်ဆုံးတွင်တော့ အင်မော်တယ် လောကကို တက်လှမ်းနိုင်သည့်သူက အနည်းငယ်သာ ရှိခဲ့ပါသည်။
သူတို့က အနိမ့်ဆုံးအဆင့်တွင်သာ ရှိကြ၏။ အင်မော်တယ် လောကသို့ တက်လှမ်းဖို့မပြောနှင့် ချီသန့်စင်ခြင်းအဆင့်ကို ရောက်နိုင်ဖို့ကပင် မဖြစ်နိုင်သော မျှော်လင့်ချက်ဖြစ်နေပါသည်။
အခုတော့ ဘော့စ်က သူတို့ အင်မော်တယ် လောကသို့ တက်လှမ်းနိုင်ဖို့ အာမခံသည်ဟု ပြောလိုက်သည်။
မယုံကြည်နိုင်စရာ ကောင်းလွန်းနေပါသည်။
သို့သော်လည်း သူတို့နှစ်ယောက်က ဘော့စ် ကြွားလုံးထုတ်နေသည်ဟုသာ ထင်ခဲ့ပြီး ရင်ထဲ သိပ်မထားခဲ့ကြပါ။
ဒါကို မြင်သောအခါ ယဲ့ရှောင်ချန်း ရယ်မောလိုက်၏။
သူတို့နှစ်ယောက်ကို အင်မော်တယ် စိုက်ပျိုးကျင့်ကြံသူများ၏ ကျင့်ကြံခြင်းနည်းလမ်းများဖြင့် ကျင့်ကြံခွင့်ပြုဖို့ သူ ပြင်ဆင်ထားခဲ့သည်။
သူတို့ အင်မော်တယ် စိုက်ပျိုးကျင့်ကြံသူများ၏ ကျင့်ကြံခြင်း နည်းလမ်းများကိုသာ မကျင့်ကြံပါက အင်မော်တယ် စိုက်ပျိုးရေးသမားများ ဖြစ်လာနိုင်မည် မဟုတ်ပေ။
သို့သော်လည်း သူ့ဘက်က အရင်စပြီး အကြံပေးမည် မဟုတ်ပေ။ သူတို့ကိုယ်တိုင် စိတ်ပါလက်ပါ ကျင့်ကြံစေချင်၏။
ဒြပ်စင်ငါးမျိုး အင်မော်တယ် ပုလဲမှ ထွက်နေသည့် အင်မော်တယ် ဝိညာဥ်စွမ်းအင်မှာ သူတို့အတွက် ဧရာမ မက်လုံးကြီးဖြစ်နေသည်။
ယဲ့ရှောင်ချန်း အသက်ဝဝရှူလိုက်၏။ ချက်ချင်းဆိုသလို အင်မော်တယ် ဝိညာဥ်စွမ်းအင် တစ်စက သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာ၏။ ရှန်းနုန်ကျင့်စဥ် ကျင့်ကြံခြင်း နည်းလမ်းများက သန့်စင်ပြီးနောက် မှော်စွမ်းအင်စစ်စစ်အဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး အပင်ဝိညာဥ်ထဲ ဝင်ရောက်သွားပါသည်။
သူ့ဒန်တန်ထဲက အပင်ဝိညာဥ်မှာ ပိုပိုပြီး ခိုင်ခံ့လာခဲ့၏။