ကောင်းကင်ဘုံလှိုဏ်ဂူ
Vol. 19 Ch. 272
ဒုတိယ အပင်ဝိညာဥ်အမျိုးအစားကို သူ အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ပါပြီ။
ယဲ့ရှောင်ချန်း ပိုကြိုးစားကာ အပင်ဝိညာဥ် တတိယအမျိုးအစားကို ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်၏။
ဘယ်လိုပဲဖြစ်ဖြစ် သူ့မှာ အပင်ဝိညာဥ် ပိုများလေလေ သူ့အခြေခံအုတ်မြစ်က ပိုခိုင်မာလေလေ ဖြစ်ပါလိမ့်မည်။
ချက်ချင်းဆိုသလိုပဲ အဝါရောင် အင်မော်တယ် ပဲပင်ရှိသည့် အင်မော်တယ် မြေကွက် တစ်ကွက်ထံသို့ သူ သွားလိုက်သည်။
ချက်ချင်း ထိုနေရာ၌ပင် ခြေပုလ္လင်ခွေထိုင်ကာ စတင်ကျင့်ကြံလိုက်၏။
သူ့ဒန်တန်ထဲတွင် မှော်စွမ်းအင် တစ်စွန်းတစ်စကို စုစည်းပြီး ချက်ချင်းဆိုသလိုပဲ တံလျှပ်အပင်ဝိညာဥ်ဆေးတောင့် တစ်တောင့်ကို သောက်လိုက်ပါသည်။
ဝုန်း…
သူ့ခန္ဓာကိုယ်ထဲတွင် ဝိညာဥ်စွမ်းအင်များ ပေါက်ထွက်သွား၏။
ရှန်းနုန်ကျင့်စဥ်က လျင်မြန်သောနှုန်းဖြင့် စတင်လည်ပတ်လာသောအခါ လှိမ့်နေသည့် မှော်စွမ်းအင်များ ထွက်လာပြီး သူ့ခန္ဓာကိုယ်ထဲတွင် စုစည်းသွားကြ၏။ မှော်စွမ်းအင် ပုံဆောင်ခဲအသစ်တစ်ခုက မှင်သက်စရာကောင်းသော အမြန်နှုန်းဖြင့် ကြီးထွားနေပါသည်။
အချိန်ဘယ်လောက်ကြာသွားမှန်းမသိလိုက်။ အက်ကွဲသံတစ်ခုနှင့်အတူ အကန့်အသတ်သို့ ရောက်ရှိသွားပြီ ဖြစ်သော မှော်စွမ်းအင်ပုံဆောင်ခဲက အက်ကွဲသွားပြီး အပင်ဝိညာဥ် တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
တတိယ အပင်ဝိညာဥ်ကို ရရှိခဲ့ပါပြီ။
ယဲ့ရှောင်ချန်း မျက်လုံးကို ဖွင့်ကြည့်လိုက်ပြီး အကျယ်ကြီးရယ်မောချင်မိသည်။
ကောင်းလိုက်တာ။
တကယ်ကောင်းလိုက်တာ။
ဒါကမှ ကျင့်ကြံခြင်းလို့ခေါ်တာကွ။ အရင်တုန်းက နှိပ်စက်ခံရသလိုပဲ။
ယဲ့ရှောင်ချန်းတစ်ယောက် တောက်ပသည့် သူ့အနာဂတ်များ စတင်တော့မည်ဟု ခံစားလိုက်ရသည်။
နောက်ထပ် အင်မော်တယ်လယ်ကွက်ကို သွားပြီး အနက်ရောင် အင်မော်တယ် ပဲပင်ကို ရွေးချယ်လိုက်ပါသည်။
နာရီဝက်ခန့်ကြာသောအခါ စတုတ္ထအပင်ဝိညာဥ် ဖြစ်ပေါ်လာခဲ့ပါသည်။
တစ်နာရီကြာသောအခါ ပဉ္စမအပင်ဝိညာဥ် ဖြစ်ပေါ်လာခဲ့၏။
ထိုအချိန်တွင် ယဲ့ရှောင်ချန်း အနည်းငယ် ပင်ပန်းလာသည်ဟု ခံစားလိုက်ရသည်။
ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ပါသည်။
"အလျင်မလိုပါဘူးကွာ။"
သူ့တွင် တံလျှပ်အပင်ဝိညာဥ်ဆေးတောင့် ၈ တောင့် ရှိနေသေးပြီး အပင်ဝိညာဥ် ၈ ခုကို ဖန်တီးနိုင်ပါသေးသည်။
ဒီလိုနှင့် နောက်ထက် ရက်အနည်းငယ်အထိ ယဲ့ရှောင်ချန်း အရူးတစ်ယောက်လို ကျင့်ကြံ ခဲ့ပါသည်။
၆ ခုမြောက် အပင်ဝိညာဥ် ၊ ၇ ခုမြောက် အပင်ဝိညာဥ်၊ ၈ ခုမြောက်အပင်ဝိညာဥ်...
၉ ခုမြောက် အပင်ဝိညာဥ်အား ဖန်တီးပြီးသွားသောအခါ မှော်စွမ်းအင်များ ထပ်စုစည်းလို့ မရတော့သည်ကို ယဲ့ရှောင်ချန်း သတိထားမိသွား၏။
သူ့အကန့်အသတ်ကို ရောက်ရှိသွားသည့်ပုံပင်။
"လခွမ်း တကယ်ကြီးကို အကန့်အသတ် ရှိနေတာပဲ။"
ယဲ့ရှောင်ချန်း အလွန်စိတ်ဓာတ်ကျသွားပါသည်။
သူ့မှာ တံလျှပ်အပင်ဝိညာဥ်ဆေးတောင့် ၄ တောင့် ရှိနေပါသေး၏။
"မဟုတ်သေးပါဘူး။ အပင်ဝိညာဥ်ကို ဖန်တီးနိုင်မယ့် အင်မော်တယ် အပင်အရေအတွက်ဆိုတာမျိုးကိုလည်း ရှန်းနုန်ကျင့်စဥ်မှာ ဖော်ပြမထားပါဘူး။"
ယဲ့ရှောင်ချန်း အနည်းငယ် ဇဝေဇဝါဖြစ်သွား၏။
ရှန်းနုန်ကျင့်စဥ်၏ အကြမ်းဖျင်းကို လေ့လာလိုက်ပြီး နောက်ဆုံးတော့ ပြဿနာတစ်ခုကို ရှာတွေ့ခဲ့သည်။
အပင်ဝိညာဥ်များ သူ ထပ်မံ ဖန်တီးလို့ မရတော့သည့် အကြောင်းအရင်းက သူ့ဝိညာဥ်မှာ လုံလုံလောက်လောက် သန်မာခြင်း မရှိသောကြောင့် ဖြစ်သည်။
သူ့မှာ သန်မာသည့် ဝိညာဥ်ရှိမှ အပင်ဝိညာဥ်များကို ထပ်ပြီး ဖန်တီးနိုင်မည်ဖြစ်သည်။
သို့သော်လည်း သူ့ဝိညာဥ်၏ ခွန်အားကို တိုးနိုင်မည့် တစ်ခုတည်းသော နည်းလမ်းက သူ့ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ဖို့ပင်။
ဝိညာဥ်ခွန်အားဆိုတာ ဘာလဲ။
တစ်နည်းအားဖြင့် သက်တမ်းဟု ဆိုနိုင်သည်။
လူတစ်ယောက်၏ သက်တမ်း ပိုကြာလေလေ ဝိညာဥ်စွမ်းအားက ပိုသန်မာလေလေ ဖြစ်သည်။
ထို့ကြောင့် မှားယွင်းခဲ့ခြင်း ဖြစ်သည်။ အပင်ဝိညာဥ် ၉ ခုက အကန့်အသတ် ဖြစ်၏။ သူ့ဝိညာဥ်ခွန်အားက ပိုပြီး သန်မာမလာလျှင် သူ့ကျင့်ကြံခြင်းကိုသာ အားကိုးရမည်ဖြစ်သည်။
ယဲ့ရှောင်ချန်းသည် မော်တယ်တစ်ယောက်သာ ဖြစ်သည်။ သူ့တွင် ဘယ်လိုလုပ်ပြီး သန်မာသော ဝိညာဥ် ရှိနိုင်မည်နည်း။
"ကြည့်ရတာ ၉ ခုက ငါ့အကန့်အသတ်ပဲ ထင်ပါတယ်။"
ယဲ့ရှောင်ချန်း ခေါင်းခါလိုက်ပါသည်။
သို့သော်လည်း သူစိတ်ထဲမထားပါ။ နောက်ပိုင်းတွင်လည်း အပင်ဝိညာဥ်များကို ထပ်စုစည်းနိုင်ပါသည်။ သို့သောာ် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်ကို ကျော်လွန်ဖို့တော့ လိုသည်။
အများဆုံး အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်လောက် မသန့်စင်သည့် အပင်ဝိညာဥ်ကို ဖန်တီးနိုင်သည်။
အပင်ဝိညာဥ် ၉ ခု။
အဆုံးစွန်အထိ ၎င်းတို့ကို စုစည်းနိုင်ပါက ၎င်းတို့ ပေါင်းစည်းသွားလိမ့်မည်။
ထိုအချိန်ကျလျှင် အပင်ဗဟိုချက်အား ဖြစ်တည်စေနိုင်ခဲ့ပါသည်။
အမှန်ပင်။ ရွှေဗဟိုချက်တော့ မဟုတ်သေးပါ။ အပင်ဝိညာဥ် ၉ ခု ပေါင်းစည်းခြင်းသာ ဖြစ်သည်။
ဒါဆို အခြေခံအုတ်မြစ် တည်ဆောက်ခြင်း နောက်ဆုံးအဆင့်သို့ ရောက်သွားမည်ဖြစ်သည်။
အပင်ဗဟိုချက်ကို ဝိညာဥ်တစ်ခုအဖြစ် အသွင်ပြန်ပြောင်းနိုင်ပါက အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အထွတ်အထိပ်အဆင့်သို့ ရောက်သွားပြီဖြစ်သည်။
အပင်ဗဟိုချက်မှ ဖန်တီးလိုက်သော အပင်ဝိညာဥ်တွင် အပင်ဝိညာဥ် ၉ မျိုးစလုံး၏ ဂုဏ်သတ္တိများ ပါရှိလိမ့်မည်။ အလွန် မှော်ဆန်ပါသည်။
ဒီနေ့ ယဲ့ရှောင်ချန်း နောက်ထပ် အပင်တစ်မျိုးကို ရိတ်သိမ်းနိုင်ခဲ့သည်။
ခုနစ်မျိုး အင်မော်တယ် ဘူးသီး။
ခုနစ်မျိုး အင်မော်တယ်ဘူးသီး နွယ် ၁၀ ခု ဖြစ်သည်။ နွယ်တစ်ခုစီက ၁၀ လုံး သီး၏။ ထို့ကြောင့် ၇၀ သီးပါသည်။
ခုနစ်မျိုး အင်မော်တယ် ဘူးသီးများကို စားနိုင်ရုံသာ မကသေးဘဲ ဘူးခွံခွက်တစ်ခု အဖြစ်လည်း အသုံးပြုနိုင်ပါသေးသည်။ ဘူးခွံခွက် ၉ မျိုးရှိပြီး ကိုယ်ပိုင် မှော်ဂုဏ်သတ္တိများ ရှိကြ၏။
ဥပမာအားဖြင့် ဝိုင်အား ဘူးခွံခွက်ထဲတွင် သိုလှောင်ထားပါက အချိန်အတော်ကြာသောအခါ မှော်ဆန်သော ပြောင်းလဲမှုတချို့ ဖြစ်ပေါ်လာနိုင်ပါသည်။
ခုနစ်မျိုး အင်မော်တယ် ဘူးသီးများကို ခူးဆွတ်ပြီးနောက် ရှန်းနုန် စနစ်၏ အသိပေးသံကို ယဲ့ရှောင်ချန်း ရုတ်တရက် ကြားလိုက်ရပါသည်။
"ဒင် အတွေ့အကြုံအမှတ် ၁,၀၀၀ ကျော်သွားပါသည်။ အဆင့်မြှင့်တင်ဖို့ အရည်အချင်း ပြည့်မှီသွားပါပြီ။ အဆင့်မြှင့်တင်လိုပါသလား။"
ယဲ့ရှောင်ချန်း ကြက်သေ သေသွားရ၏။ ဒီလောက် မြန်မြန်ကြီး ဘာကြောင့် အဆင့်မြှင့်တင်နိုင်သွားရသနည်း။
အတွေ့အကြုံအမှတ်များကို သူ သိပ်ပြီး အရေး မစိုက်ခဲ့မိပေ။ ဒီလောက်အချိန်တိုအတွင်း အတွေ့အကြုံအမှတ် ၁,၀၀၀ လောက် ရနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပါ။
သို့သော်လည်း သာမန်သာ ဖြစ်သည်။ အခု အဆင့်နိမ့်အရည်အသွေးရှိ အင်မော်တယ်အပင်များကို သူစိုက်ပျိုးနိုင်ပြီဖြစ်သဖြင့် အတွေ့အကြုံအမှတ်များ အများကြီး ရရှိခြင်း ဖြစ်သည်။
အချိန်အတော်ကြာသောအခါ အတွေ့အကြုံအမှတ်များ ပြည့်သွားခြင်းဖြစ်နိုင်ပါသည်။
ချက်ချင်း စနစ်ကို အဆင့်မြှင့်တင်ဖို့ အမိန့်ပေးလိုက်၏။
"ဒင် ဒီအဆင့်မြှင့်တင်မှုက ၃ ရက် ကြာမြင့်ပါမည်။ ထို ၃ ရက်အတွင်း ရှန်းနုန်စနစ်၏ လုပ်ဆောင်ချက် တချို့ကို သုံးစွဲ၍ မရနိုင်ပါ။"
အရင်တစ်ခေါက်အတိုင်း အသိပေးချက်ဖြစ်ပါသည်။
ယဲ့ရှောင်ချန်း ဂရုမစိုက်ပါ။
သူ့အတွက်တော့ ဘာမှ စိတ်ပူစရာ မရှိပေ။
မကြာမီ ၃ ရက်တာ ကုန်ဆုံးသွားခဲ့၏။
ရုတ်တရက် သာယာသည့် စနစ်အသံ ထွက်လာခဲ့ပါသည်။ "ဒင် စနစ်အဆင့်မြှင့်တင်မှု ပြီးဆုံးသွားပါသည်။ ကောင်းကင်ဘုံလှိုဏ်ဂူ ပွင့်သွားပါပြီ။"
ထို့နောက် ချက်ချင်းဆိုသလို အလင်းရောင် မျက်နှာပြင်တစ်ခု ပေါ်လာခဲ့၏။
ရှန်းနုန်စနစ်၏ မျက်နှာပြင် ဖြစ်ပါသည်။
ကိုယ်ရေးအချက်အလက်၊ စိုက်ပျိုးရေးခြံ၊ မိတ်ဆွေများ၊ စတိုးဆိုင်၊ မစ်ရှင်တို့အပြင် ကောင်းကင်ဘုံလှိုဏ်ဂူဆိုသည့် အကွက်တစ်ခုပါ ပေါ်လာသည်။
"ကောင်းကင်ဘုံလှိုဏ်ဂူအား သီးခြားကမ္ဘာတစ်ခုအဖြစ် ပိုင်းခြားနိုင်၏။ စိုက်ပျိုးရေးခြံတစ်ခုလုံးကို လွှမ်းခြုံနိုင်ပါသည်။ ကောင်းကင်ဘုံလှိုဏ်ဂူတွင် အင်မော်တယ်ယွမ်ကို အသုံးပြုပြီး အချိန်ကို ထိန်းညှိခြင်း၊ အင်မော်တယ်မြေကွက်များ နေရာချခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်"
ကောင်းကင်ဘုံလှိုဏ်ဂူ၏ ဖော်ပြချက်များကို ဖတ်ပြီးသွားသောအခါ ယဲ့ရှောင်ချန်း၏ မျက်လုံးများ ဝန်းစက်သွား၏။
ဒီလုပ်ဆောင်ချက်က ကောင်းလွန်းသည်။
အခုချိန်ကစပြီး ပုံသေစိုက်ပျိုးရေးခြံ မရှိတော့သည့်သဘော ဖြစ်သည်။ ဘယ်နေရာမှာ မဆို ကောင်းကင်ဘုံလှိုဏ်ဂူကို ထုတ်ယူပြီး ဝင်ရောက်နိုင်၏။
ဘယ်လောက်တောင် အဆင်ပြေလိုက်သလဲ။
ပိုအရေးကြီးသည်က အချိန်ကိုလည်း သူ ထိန်းညှိနိုင်သည်။ သဘာဝတရားကြီးကို ဆန့်ကျင်နေသော အစွမ်း ဖြစ်လေသည်။
သို့သော်လည်း အင်မော်တယ်ယွမ် ဘယ်လောက်တောင် ကုန်ကျမည်မှန်း သူ မသိသေးပါ။
ဒီလိုစဥ်းစားပြီး ယဲ့ရှောင်ချန်း စိတ်လှုပ်ရှားသွား၏။ ချက်ချင်းပဲ ကောင်းကင်ဘုံလှိုဏ်ဂူ အကွက်ထဲဝင်လိုက်ပြီး ကောင်းကင်ဘုံလှိုဏ်ဂူ စိုက်ပျိုးရေးခြံတစ်ခုကို ဖန်တီးဖို့ နှိပ်လိုက်၏။
ရုတ်ခြည်းဆိုသလို ယဲ့ရှောင်ချန်း ဟင်းလင်းပြင် တုန်ခါမှုကြီးတစ်ခုကို ခံစားလိုက်ရပါသည်။
ကောင်းကင်ကြီးလည်း ရုတ်တရက် ပြောင်းလဲလာသည်ကို သူမြင်နေရ၏။
လုတုန်ချမ်း၊ လျန်ယူကျူးနှင့် ထုယွဲ့ချွီတို့ အမြန် ရောက်လာကြ၏။ ဘာတွေဖြစ်နေလဲဆိုတာ သူတို့ မသိကြသေးပါ။
မိနစ်အနည်းငယ်လောက် ကြာသွားမှာ တုန်ခါမှုကြီး ရပ်တန့်သွားခဲ့ပါသည်။
ကောင်းကင်ကြီးက အရင်အတိုင်းပဲဖြစ်သော်လည်း သူ့စိုက်ပျိုးရေးခြံမှာ ကမ္ဘာမြေပေါ်တွင် မရှိတော့ဘဲ ကောင်းကင်ဘုံလှိုဏ်ဂူ တစ်ခုအတွင်း ရောက်နေပြီဖြစ်ကြောင်း ယဲ့ရှောင်ချန်း သိပါသည်။
"ဘော့စ် ခုနက ဘာဖြစ်တာလဲ"
လျန်ယူကျူးက အမြန်မေးလိုက်၏။
"ဟဲဟဲ ငါနဲ့ လိုက်ခဲ့ကြပါ။"
ကောင်းကင်ဘုံလှိုဏ်ဂူ၏ ပိုင်ရှင်တစ်ယောက်အနေဖြင့် ယဲ့ရှောင်ချန်းတွင် ကောင်းကင်ဘုံလှိုဏ်ဂူကို ထိန်းချုပ်နိုင်စွမ်း ရှိကာ စိတ်ဆန္ဒရှိသည့်အတိုင်း ဝင်နိုင်ထွက်နိုင်ပါသည်။
သူ့လက်ကို ရမ်းလိုက်သည်။ ရုတ်တရက်ကြီး သူတို့သုံးယောက်၏ ကြက်သေ သေနေကြသော သူတို့မျက်လုံးများရှေ့တွင် အလင်းတံခါးပေါက်ကြီး တစ်ချပ် ပေါ်လာခဲ့ပါသည်။
"ဒါ... ဒါက အာကာသ တံခါးချပ်လား။"
ထုယွဲ့ချွီတစ်ယောက် စကားပင် ထစ်နေလေပြီ။
ဒါက ထိတ်လန့်ဖို့ အလွန်ကောင်းသောကြောင့်လည်း ဖြစ်သည်။
အရင်တုန်းက သူတို့ အာကာသ တံခါးချပ်ကို မြင်ဖူးကြပါသည်။ အင်မော်တယ် လောကသို့ ဦးတည်သော တံခါး ဖြစ်၏။
အဆင့်တစ်ခုအထိ ကျင့်ကြံနိုင်မှ အင်မော်တယ်စင်မြင့်ပေါ်သို့ တက်နိုင်ပြီး အင်မော်တယ်လောက တံခါးချပ်ကို ဖွင့်ကာ အင်မော်တယ်လောကသို့ တက်လှမ်းနိုင်ပါလိမ့်မည်။
ယခု ထိုအာကာသ တံခါးချပ်က သူတို့ရှေ့တွင် တကယ်ကြီး ပေါ်လာခဲ့ပါသည်။
ယဲ့ရှောင်ချန်းကို ကြည့်သည့် သူတို့၏ အကြည့်များက မှင်သက်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
အာကာသ တံခါးချပ်ကို စိတ်ရှိသည့်အတိုင်း ဖွင့်နိုင်ပါသည်။ မဟုတ်မှလွဲရော ဘော့စ်က သမိုင်းဝင် အင်မော်တယ် တစ်ပါးများလား။
ထိုသို့စဥ်းစားမိသောအခါ သူတို့အားလုံး စိတ်လှုပ်ရှားသွားကြသည်။ သူတို့အားလုံး အခွင့်အရေး ရလာပြီထင်သည်။
ချက်ချင်းပဲ ယဲ့ရှောင်ချန်းက သူတို့သုံးယောက်ကို ဦးဆောင်ကာ အာကာသ တံခါးချပ်ထဲသို့ ဝင်သွား၏။
ထို့နောက် မူလစိုက်ပျိုးရေးခြံ၏ အပြင်ဘက်တွင် ဘယ်ကမှန်းမသိဘဲ လူလေးယောက် လေထဲမှာ ပေါ်လာသည်။
မူလ စိုက်ပျိုးရေးခြံကို ကြည့်လိုက်သောအခါ ရုံများတော့ ရှိနေသေး၏။ သို့သော်လည်း ရုံထဲတွင် အင်မော်တယ် အပင်များ မရှိကြတော့ပါ။ အင်မော်တယ် အပင်အားလုံးကို ကောင်းကင်ဘုံလှိုဏ်ဂူအတွင်းသို့ ပြောင်းရွှေ့လိုက်ပြီဖြစ်သည်။