← Chapters

အဆင့်၅ မိစ္ဆာသားရဲ အရေခွံ ကိုယ်ကျပ်အင်္ကျီ

Vol. 24 Ch. 319

အဆင့်၅ မိစ္ဆာသားရဲ အရေခွံ ကိုယ်ကျပ်အင်္ကျီ

Vol. 24 Ch. 319

" ဂုဏ်ယူပါတယ် လီဖူချန်း...”

စုမုယူက လီဖူချန်းထံကို လျှို့ဝှက်အသံ ပေးပို့ပြီးတော့ ဂုဏ်ပြု လိုက်ပါတယ်။

သူမကို ကြည့်ရတာက သိပ်ပြီးတော့လည်း အံ့သြနေပုံ မရပါဘူး။

မြူခိုး နယ်မြေထဲမှာ ရှိတဲ့ သင်းချိုင်းထဲက  သူမ ရခဲ့တာက ကြယ်၆ပွင့် အဆင့်ရှိတဲ့ ရေငွေ့ချီ အတွင်းအား စုစည်းမှု နည်းစနစ်ပါ။  သူမဟာ အနီရောင် ရေငွေ့ ချီအတွင်းအား အဆင့်အထိ လေ့ကျင့်ရုံနဲ့ ကျားနဂါးစာရင်းရဲ့ အဆင့်၁၅မှာ ရပ်တည်နိုင်ခဲ့တာ မဟုတ်ပါလား။

လီဖူချန်း ရခဲ့တဲ့  လျှို့ဝှက် နည်းစနစ်ကလည်း  အနည်းဆုံးတော့ ကြယ်၆ပွင့် လျှို့ဝှက်နည်းစနစ် အဆင့်ပါပဲ။ ပြီးတော့ လီဖူချန်းက အဲသည် လျှို့ဝှက်နည်းစနစ်ကို အတော်လေး အဆင့်မြင့်တဲ့ အထိ လေ့ကျင့်ပြီး လောက်ပါပြီ။  မဟုတ်ရင်တော့ လီဖူချန်းအနေနဲ့  ကျားနဂါးပြိုင်ပွဲရဲ့ နံပါတ်၁ ဖြစ်လာစရာ အကြောင်း မရှိပါဘူးလေ။

စုမုယူ အနေနဲ့ လီဖူချန်းရဲ့ လျှို့ဝှက်နည်းစနစ် အကြောင်းကို ထုတ်ပြောမှာ မဟုတ်ပါဘူး။  ဘာဖြစ်လို့လည်း ဆိုတော့ သူမမှာလည်း ကိုယ်ပိုင် လျှို့ဝှက်ချက် တစ်ခု ရှိနေလို့ပါပဲ။

ကြယ်၆ပွင့် လျှို့ဝှက်နည်းစနစ် တစ်ခု ပေါ်ထွက်လာတာ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေကိုတောင်မှ   အရူးအမူး ဖြစ်သွား စေလောက်ပါတယ်။

သူမဟာ နတ်စမ်းရေ တောင်ကြားက  ဖြစ်ပေမယ့်လည်း ကြယ်၆ပွင့် လျှို့ဝှက်နည်းစနစ်နဲ့ ပက်သက် လာရင်တော့ နတ်စမ်းရေ တောင်ကြားကလည်း ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။  ဘာဖြစ်လို့လဲဆိုတော့ နတ်စမ်းရေ တောင်ကြားဟာ  အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံး မှာရှိတဲ့   ပြန်လည် ဝင်စားခြင်း ပညာရှင်တွေရဲ့ ရန်ကို ကာကွယ် ပေးနိုင်လောက်တဲ့ အင်အား မရှိလို့ပါပဲ။   ရှင်းရှင်းပြောရမယ် ဆိုရင်တော့ နတ်စမ်းရေ တောင်ကြားဟာ  ထိပ်တန်း အင်အားစုကြီး ၁၀စု ထဲမှာ အင်အား အတောင့်တင်းဆုံး မဟုတ်သလို  အစွမ်း အထက်ဆုံးလည်း မဟုတ်ပါဘူး။

အဲသည်အတွက် စုမုယူဟာ  ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို  မရောက်သေး သရွေ့  သူမရဲ့ ကြယ်၆ပွင့် လျှို့ဝှက် နည်းစနစ်ကို မထုတ်ပြဘို့ စဉ်းစားထားပါတယ်။  သူမအနေနဲ့ ရေငွေ့ချီ အတွင်းအား စုစည်းမှု လျှို့ဝှက် နည်းစနစ်ရဲ့ အနီရောင် အဆင့်ထက် ပိုမြင့်တဲ့ အဆင့်အထိ လေ့ကျင့်နိုင်ရင်တောင်မှ သူမရဲ့ လျှို့ဝှက် နည်းစနစ်ကို အနီရောင် ရေငွေ့ချီ အတွင်းအား စုစည်းမှုထက်  ပိုပြီး အသုံးပြုမှာ မဟုတ်ပါဘူး။

ဘာဖြစ်လို့လည်း ဆိုတော့ သူမသာ ကောင်းကင်နယ်ပယ်ကို ရောက်သွားခဲ့မယ်ဆိုရင်  နတ်စမ်းရေ တောင်ကြားက သူမကို ကြယ်၅ပွင့် အဆင့် လျှို့ဝှက်နည်းစနစ် လေ့ကျင်ခွင့် ပေးမယ်ဆိုတာ သေချာနေလို့ပါပဲ။

သူမအတွက်ကတော့ ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို မရောက်ခင်အထိ  နတ်စမ်းရေ တောင်ကြားရဲ့ ကြယ်၅ပွင့် လျှို့ဝှက်နည်း စနစ်ကို အသုံးပြုတာက ပိုအဆင်ပြေပါလိမ့်မယ်။

လီဖူချန်းက စုမုယူရဲ့ လှိုက်လှိုက်လှဲလှု ဂုဏ်ပြုသံကို ကြားရအပြီးမှာတော့   တစ်ချက် ပြုံးလိုက်ပြီး စုမုယူကို ကြည့်ကာ လျှို့ဝှက်အသံ ပေးပို့လိုက်ပါတယ်။

"  နင့်အတွက်လည်း ဂုဏ်ယူပါတယ် "

သိပ်မကြာခင်မှာတော့ ၁၀၈ကွက် မဟာဝင်္ကပါဟာ ပျောက်ကွယ် သွားခဲ့ပါပြီ။  အဲသည်အတွက် အပြင်ကနေ အားပေးနေတဲ့ လူတွေဟာလည်း ကျောက်တုံး မဏ္ဍိုင်တွေဆီကို ပျံလာပါတော့တယ်။

" ဖူချန်း...  ကောင်းတယ်ဟေ့။  မင်းက ကျားနဂါး စာရင်းရဲ့  နံပါတ်၁ နေရာကိုတောင် ယူနိုင်ခဲ့တာပဲ"

ဇောင်ဝူကျင်းက အားရပါးရ ရယ်မောပြီး ချီကျူး လိုက်ပါတယ်။

လီဖူချန်းက လက်နှစ်ဖက်ကို ဆုပ်ကာ အရိုအသေ ပေးလိုက်ပြီး

" ဂိုဏ်းချုပ်ကြီး၊ အထွတ်ခေါင်ချုပ် အကြီးအကဲတွေနဲ့ အကြီးအကဲ ခေါင်ချုပ်ခင်ဗျား ...  ... ။  ကျွန်တော်က  ကံကောင်းလို့သာ မိုးပြာရောင်ဂိုဏ်းကို  အရှက်မရ စေခဲ့တာပါ။  "

အထွဋ်ခေါင်ချုပ် အကြီးအကဲ တစ်ယောက်ကလည်း  ရယ်ရယ်မောမောဖြင့် "  အရမ်းကြီးလည်း နှိမ့်ချ မနေပါနဲ့ကွာ။  ကျားနဂါးပြိုင်ပွဲရဲ့ အဆင့်၁ နေရာ ဆိုတာက ငါတို့ မိုးပြာရောင် ဂိုဏ်းအနေနဲ့ ဘယ်တုန်းကမှ  ရဖူးတာ မဟုတ်ဘူးကွ  ... ။  ဟား ... ဟား ... ဟား ...  ...  ဂိုဏ်းချုပ်ကြီး  ...  ... ကျုပ်တို့ မိုးပြာရောင်ဂိုဏ်းက သူ့ကို ဆုကြီးကြီး ပေးရမယ် ထင်တယ်"

အိုးရန်ဝမ်းထင်ကလည်း ခေါင်းညိတ်လိုက်ပြီး

" ဒါပေါ့  ... ။  ဂိုဏ်းတော်က လီဖူချန်းကို ဆုကြီးကြီး ပေးရမှာပေါ့ ။ ဒါပေမဲ့  ဂိုဏ်းတော်ကို အရင်ဆုံး ပြန်ကြရအောင်။  ဟိုရောက်မှ  ဆုကို ကြေညာတာ ပိုကောင်းမယ် ထင်တယ်"

ကံကောင်းခြင်း ကြယ်ကံကြမ္မာနဲ့ ပက်သက်ပြီး ထွက်ပေါ်နေတဲ့ ကောလလတွေက မှန်မမှန် ဆိုတာတော့ သူမသိပါဘူး။  ဒါပေမဲ့ အဲသည် ကံကောင်းခြင်း ကြယ်ကံကြမ္မာ ဆိုတဲ့အရာသာ တကယ် ရှိခဲ့မယ် ဆိုရင်တော့ လီဖူချန်းရဲ့  ကံကောင်းခြင်းတွေက  မိုးပြာရောင်ဂိုဏ်းရဲ့  ကံကောင်းခြင်းတွေပါပဲ။  အိုးရန်ဝမ်းထင် အနေနဲ့ လီဖူချန်းရဲ့ ကံကောင်းခြင်း ကြယ်ကံကြမ္မာတွေက မိုးပြာရောင်ဂိုဏ်းကို အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ အင်အား အကောင်းဆုံး ဂိုဏ်းကြီးတစ်ခု ဖြစ်လာစေဖို့ အတွက် မမျှော်လင့်ရဲပါဘူး။  ဒါပေမဲ့ မိုးပြာရောင် ဂိုဏ်းဟာ  အနည်းဆုံးတော့ ကောင်းကင် နတ်ဆိုးဂိုဏ်းကို သာလွန်သွားဖို့ အတွက် မျှော်လင့်ပါတယ်။

" ဂိုဏ်းချုပ် အိုးရန် ...  ...  ရှင့်ရဲ့ မိုးပြာရောင် ဂိုဏ်းက သည်တစ်ကြိမ်မှာတော့ ကောင်းမွန်တဲ့ မျိုးဆက်သစ် တစ်ယောက်ကို ထုတ်ပြလိုက်ပြီပဲ "

ဖုန်းရွှယ်ဂိုဏ်းရဲ့ ဦးစီးဦးဆောင် ဖြစ်သူကတော့ သက်လတ်ပိုင်း အရွယ် အမျိုးသမီးကြီး တစ်ယောက်ပါပဲ။  သူမ က နှုတ်ခမ်းကို မပွင့်တပွင့်သာ ဖွင့်ပြီး ပြောလိုက်ပေမယ့်လည်း အိုးရန်းဝမ်းထင်တို့ တစ်သိုက်ကတော့ ကောင်းကောင်းကြီး ကြားနေရပါတယ်။

" ဂိုဏ်းချုပ် သောင်း ကတော့ အရမ်းကို မြှောက်ပင့် လွန်းနေပါပြီဗျာ။  မိုးပြာရောင်ဂိုဏ်းက သည်နှစ်မှာ ကံလေး နည်းနည်းလောက် ကောင်းသွားတာပါဗျ"  အိုးရန်ဝမ်းထင်က  ခပ်ပြုံးပြုံးဖြင့် ပြန်တုံ့ပြန် လိုက်ပါတယ်။

ဖုန်းရွှယ်ဂိုဏ်းဟာ ထိပ်တန်း အင်အားစုကြီး တွေထဲက တစ်စု ဖြစ်တဲ့ အတွက် ဂိုဏ်းတော်တော် များများနဲ့ ဆက်ဆံရေး ကောင်းတွေ  တည်ဆောက် ထားပါတယ်။  မိုးပြာရောင် ဂိုဏ်းကလည်း အဲသည် ဂိုဏ်းတွေထဲက တစ်ခုပါပဲ။

အတိတ်တုန်းက မိုးပြာရောင်ဂိုဏ်း  ဘေးအန္တရာယ် ကြုံချိန်တုန်းက ဆိုရင် ဖုန်းရွှယ်ဂိုဏ်းက အကူအညီ တချို့ ပေးဖူးပါသေးတယ်။

"ဒီကလေး ဆီကနေ ကောင်းမွန်တဲ့ အလားအလာတွေကို ကျွန်မ မြင်နေရတယ်။  သူ့ကို ကောင်းကောင်း ပြုစု ပျိုးထောင်ပေးမယ် ဆိုရင် နောင်တစ်ချိန်မှာ ရှင်တို့ မိုးပြာရောင် ဂိုဏ်းအတွက် အရေးကြီးတဲ့ လူတစ်ယောက် ဖြစ်လာလိမ့်မယ်။  "

မိန်းမလှကြီးက  ပြောလိုက်ပါတယ်။

အိုးရန်ဝမ်းထင်က ခေါင်းညိတ်လိုက်ပြီး

" ဂိုဏ်းချုပ်သောင်း ပြောတာက မှန်ပါတယ်။  ဒါပေမဲ့ သည်ကလေး   အစွမ်းထက်ဖို့ အတွက် အချိန်တစ်ခု အထိတော့ စောင့်ရဦးမှာပါ။  ကျွန်တော်ကတော့ အရှေ့ယူနီကွန်း တိုက်ကြီးက  သူအစွမ်းထက်လာတဲ့ အချိန်အထိ စောင့်နေဦးမလား ဆိုတာကို စိုးရိမ်မိပါတယ်ဗျာ  ...  ..."

အရှေ့ယူနီကွန်း တိုက်ကြီးက  အပေါ်ယံမှာသာ တည်ငြိမ်နေပေမယ့် အတွင်းပိုင်းမှာတော့ အချိန်မရွေး ပေါက်ကွဲတော့မယ့် ဗုံးတစ်ခုလိုပါပဲ။  မိစ္ဆာတာအို လမ်းစဉ် သမားတွေကလည်း သူတို့ရဲ့ အာဏာကို  ပြန်ပြီးရလာဖို့ ကြိုးစားနေကြပါတယ်။  သူတို့တွေက အရင်တုန်းက ထက်ကို ပိုပြီး စုစည်းလာသလို ပိုပြီးတော့လည်း အင်အား ကောင်းလာနေပါပြီ။

သည်နှစ်ပိုင်းမှာ ဆိုရင် မိစ္ဆာတာအိုလမ်းစဉ် ဂိုဏ်းတွေနဲ့ လမ်းမှန်တာအို ဂိုဏ်းတွေဟာ မကြာခဏ ဆိုသလို ထိပ်တိုက် တွေ့နေကြပါတယ်။  သည်အတိုင်းဆိုရင်တော့ ဂိုဏ်းစစ်ပွဲကြီး တစ်ခုဟာ မကြာခင်မှာ ထပ်မံ ပေါ်ပေါက် လာဦးမှာပါ။  နှမြောစရာ ကောင်းတာကတော့ လီဖူချန်းတစ်ယောက် အစွမ်းထက်လာဖို့ အတွက် အချိန်မလုံလောက်တော့တာပါပဲ။

တကယ်လို့ ဂိုဏ်းစစ်ပွဲကြီး ဖြစ်နေချိန်မှာ လီဖူချန်းဟာ ကောင်းကင်နယ်ပယ် ပညာရှင် အဆင့်မှာသာ ရှိနေသေးတယ် ဆိုရင်တော့ ဂိုဏ်းအတွက် သိပ်ပြီး အထောက်အကူရမှာ မဟုတ်ပါဘူး။  အနည်းဆုံးတော့ လီဖူချန်းအနေနဲ့ ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို ရောက်နေမှသာ ဂိုဏ်းစစ်ပွဲမှာ  အကူအညီ ပေးနိုင်မှာပါ။

လီဖူချန်းဟာ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင် တစ်ယောက် ဖြစ်လာမယ် ဆိုတာကိုတော့ အိုးရန်ဝမ်း ထင်တစ်ယောက် အကြွင်းမဲ့ ယုံကြည်ထားပါတယ်။ သည်ယုံကြည်မှုကလည်း အကြောင်းမဲ့ ဖြစ်တည် လာတာတော့ မဟုတ်ပါဘူး။

ဟိုးယခင် အချိန်တွေ ကတည်းက အခုချိန်အထိ ကြယ်၁ပွင့် အရိုးတည်ဆောက်ပုံနဲ့ ကျားနဂါစာရင်းရဲ့ နံပါတ်၁ နေရာကို ယူနိုင်တဲ့လူက တစ်ယောက်တည်း ရှိပါတယ်။  အဲသည်လူက လီဖူချန်းပါပဲ။

လီဖူချန်းကိုသာ လုံလောက်တဲ့ အချိန်အတိုင်းအတာ တစ်ခု ပေးလိုက်မယ် ဆိုရင်တော့  အရှေ့ယူနီကွန်း တိုက်ကြီးကလည်း ထိန်းထား နိုင်တော့မှာ မဟုတ်ပါဘူး။

" လခွီးပဲကွာ ...  ...  သည်ကောင်ကတော့ "

ကောင်းကင်နတ်ဆိုး ဂိုဏ်းချုပ် လီရှင်းထန်ကတော့ လီဖူချန်းကို အံတကြိတ်ကြိတ်ဖြင့် ကြိမ်းနေပါတယ်။

အစစ်အမှန် နဂါး အမှတ်အသားကို ရသွားတဲ့ လီဖူချန်းက သေချာပေါက် ကောင်းကင် နယ်ပယ်ကို ချိုးဖောက် ဝင်ရောက် သွားတော့မှာပါ။

ပြီးတော့ လီဖူချန်းက ကောင်းကင် နယ်ပယ်ထဲကို ရိုးရိုး သာမန်လူတွေလို ချိူးဖောက် ဝင်ရောက်မှာ မဟုတ်ပါဘူး။  ဒီသကောင့်သားက ကောင်းကင်နယ်ပယ် အဆင့်၃နဲ့ အထက်ကို တန်းပြီး ရောက်သွားမှာပါ။

အနာဂတ်မှာ ဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေကြီး ပျောက်ဆုံးသွားပြီ ဆိုရင်တောင်မှ  လီဖူချန်းကို သတ်ဖို့အတွက် သိပ်မလွယ် တော့ပါဘူး။

တကယ်လို့သာ လီဖူချန်းကို ထပ်ပြီး အချိန်ပေးလိုက်မယ် ဆိုရင်တော့ ကောင်းကင် နတ်ဆိုးဂိုဏ်း အနေနဲ့ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေကိုတောင် လွတ်ရင် လွတ်နေရမှာပါ။

ဝုန်း ...  ...

ဂျိမ်း ... ဂျိမ်း ... ဂျိမ်း ...  ...

အဆက်မပြတ် မိုးခြိမ်းသံတွေနဲ့ အတူ  အားကောင်းလွန်းတဲ့ စွမ်းအင်တစ်ခုက ပေါက်ကွဲ ထွက်လာပါတယ်။

လူတွေ အားလုံးက  မိုးခြိမ်းသံတွေ ထွက်ပေါ်လာရတဲ့ အကြောင်းအရင်းကို ရှာဖွေလိုက်တဲ့ အခါမှာတော့ ...  ...  ...

" ဟင်  ... စီးတုလေ့ "

"သူက အဆင့်တက်တော့မှာပဲ "

" ဒါက ထူးခြား ဖြစ်စဉ်တော့ မဟုတ်ပါဘူးကွာ ...  ... ။  သူက အဆင့်မတက်ဘဲ  သူ့ရဲ့ ကျင့်ကြံခြင်းကို ဖိနှိပ်ထားတာ ကြာလှပြီလေ။  သူ့အနေနဲ့ အချိန်မရွေး ၊ နေရာမရွေး အဆင့် တက်နိုင်မှာပဲ"

လူတိုင်းရဲ့ ရှေ့မှာပဲ စီးတုလေ့ရဲ့ ချီအရှိန်အဝါတွေဟာ တစ်စထက်တစ်စ ပိုအားကောင်းလာပြီး အကြို ကောင်းကင် နယ်ပယ်ကနေ ကောင်းကင်နယ်ပယ် အဆင့်တစ်အထိ ရောက်သွားခဲ့ပါပြီ။

ကြယ်ကံကြမ္မာ တောင်ထိပ်ပေါ်မှာတော့  ထူထပ်လှတဲ့ အနက်ရောင် တိမ်အုပ်ကြီး တစ်ခု ဖြစ်ပေါ်လာပြီး  မိုးကြိုးတွေ အဆက်မပြတ် ပစ်ချနေပါတယ်။ ဒီမိုးကြိုးတွေကို  သေသေချာချာ ကြည့်လိုက်မယ် ဆိုရင်တော့ ရေနဂါးကြီး တစ်ကောင်ရဲ့ အသွင် သဏ္ဌာန်နဲ့ ဆင်တူနေတာကို တွေ့မြင်ရမှာပါ။  ဒီရေနဂါးကြီးက ကောင်းကင်နဲ့ မြေပြင်ကိုပါ သူ့စိတ်တိုင်း ဖျက်ဆီးတော့မည့် ပုံပင်။  ဒါက တကယ့်ကို ကြောက်စရာ ကောင်းတဲ့  အရှိန်အဝါ တစ်ခုပါပဲ။

" တကယ့်ကို ကြောက်စရာ ကောင်းတဲ့ အဆင့်တက်ခြင်း ပါလား ...  ... ။  ဒီချီအရှိန်အဝါတွေက ကောင်းကင်နယ်ပယ် အဆင့်၃ ပညာရှင်တွေရဲ့ ချီအရှိန်ဝါထက်တောင် ပိုသန့်စင်ပြီး ပိုအားကောင်း နေသေးတယ်"

"စီးတုလေ့က မိုးကြိုးလျှပ်စီး နတ်ဘုရား အတွင်းအားကျင့်စဉ်ကို အဆင့်၁၇အထိ ရောက်အောင် လေ့ကျင့် ထားတာလေကွာ။  ပြီးတော့ သူ့ရဲ့ အရိုးတည်ဆောက်ပုံက ကြယ်၆ပွင့် မိုးကြိုးအထူးပြုလေ။  သူ့ရဲ့ အဆင့်တက်တာက  သာမန်လူတွေနဲ့ တူပါ့မလား"

လူတွေအားလုံး ဆွေးနွေးနေစဉ်မှာပင်  စီးတုလေ့ ရဲ့ ချီအရှိန်အဝါက ပိုပိုပြီး အားကောင်းလာသလို နဖူး အလယ် တည့်တည့်မှာလည်း အစစ်နဂါး တစ်ကောင်ရဲ့ အမှတ်အသား ပေါ်လာခဲ့ပါပြီ။

အစစ်အမှန်နဂါး အမှတ်အသားရဲ့ ဦးချိုကနေ ထွက်နေတဲ့ ချီအရှိန်အဝါကတော့ ထူးဆန်းတဲ့ အငွေ့အသက်တွေ ခိုဝင်ကိန်းအောင်း နေတဲ့ ချီအရှိန်အဝါ တစ်ခုပါပဲ။

ကောင်းကင်နယ်ပယ် အဆင့်၁ အထွတ်အထိပ် ...  ...  ...  ...

ကောင်းကင်နယ်ပယ် အဆင့် ၂ ...  ...  ...  ...

ကောင်းကင်နယ်ပယ် အဆင့်၂ အထွတ်အထိပ်. ...  ...  ...  ...

ကောင်းကင်နယ်ပယ် အဆင့်၃ ...  ...  ...

ကောင်းကင်နယ်ပယ် အဆင့်၃ အထွတ်အထိပ်  ...  ...  ...  ...

အချိန်တိုလေး အတွင်းမှာပဲ စီးတုလေ့ရဲ့ ကျင့်ကြံခြင်း အဆင့်က  ကောင်းကင်နယ်ပယ် အဆင့်၃ အထွတ်အထိပ် အထိ ရောက်သွားခဲ့ပါပြီ။

ကြယ်ကံကြမ္မာ တောင်ထိပ်ရဲ့ အပေါ်မှာ ရှိနေတဲ့ တိမ်မည်း တစ်အုပ်ကလည်းလည်း တောင်ထိပ်နဲ့ တဖြည်းဖြည်း နီးကပ်လာပါတယ်။  ထိုတိမ်မည်း အုပ်ကြီးကနေ ပစ်ခတ်နေတဲ့ မိုးကြိုးတွေရဲ့ အရှည်ကတော့ ပေတစ်သောင်းလောက် ရှိပြီး လောကကြီး တစ်ခုလုံးကို ဖျက်ဆီး ပစ်တော့မည့် ပုံပင်။

အဆင့်မြင့် ကောင်းကင်နယ်ပယ် ပညာရှင်တွေတောင်မှ ထိုမိုးကြိုးတွေကနေ ဖြစ်ပေါ်လာတဲ့  မိုးကြိုး စက်ကွင်းကြောင့် အနည်းငယ် နေရထိုင်ရ ခက်လာသလိုပါပဲ။

" အဆင့်တက် နေချိန်မှာတောင် သည်ကလေးရဲ့ ချီအရှိန်အဝါတွေက အရမ်းကို ကြောက်စရာ ကောင်းနေပြီ"

ဇောင်ဝူကျင်းလို ကောင်းကင်နယ်ပယ် အထွတ်အထိပ် အဆင့်မှာ ရှိနေတဲ့ ပညာရှင် တစ်ယောက်တောင်မှ မနေနိုင်တော့ဘဲ  ထုတ်ဖော် ပြောလာခဲ့ပါတယ်။

အိုးရန်ဝမ်းထင်ကလည်း

"စီးတုလေ့က ကောင်းကင်နယ်ပယ် အဆင့်၃ အထွတ်အထိပ်မှာသာ ရှိသေးပေမယ့် ကောင်းကင်နယ်ပယ် အဆင့်၆ ဒါမှမဟုတ် ကောင်းကင်နယ်ပယ် အဆင့်၇က ပညာရှင်တွေကို ယှဉ်နိုင်လောက်တယ်"

လူတွေအားလုံးက စီးတုလေ့ရဲ့ အဆင့်တက်ခြင်း ဖြစ်စဉ်ကို တအံ့တသြ  ဖြစ်ပြီး အာရုံစိုက်နေစဉ်မှာပဲ အခြား တစ်ဖက်မှာတော့ ချီဟန်နဲ့ ကျင်ရုတုံ တို့ကလည်း အဆင့်တက်ဖို့ လုပ်ဆောင်နေကြပါပြီ။

ချီယန်နဲ့ ကျင်ရုတုံတို့ရဲ့ အဆင့်တက်ခြင်း ဖြစ်စဉ်က စီးတုလေ့လောက် ကြောက်စရာ မကောင်းတာတော့ အမှန်ပါပဲ။  ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ အဆင့်တက်ခြင်း ဖြစ်စဉ်က သာမန် လူတွေထက်တော့ အများကြီး ကြောက်စရာ ကောင်းနေဆဲပါပဲ။  နောက်ဆုံးမှာတော့ သူတို့ နှစ်ယောက်ဟာလည်း ကောင်းကင်နယ်ပယ် အဆင့်၃ကို အောင်အောင်မြင်မြင် ချိူးဖောက် ဝင်ရောက် သွားနိုင်ခဲ့ပါပြီ။

ထို့နောက်မှာတော့  လူတွေအားလုံးက ကျင်းရိုလုနဲ့ စုလင်းတို့ဘက်ကို အကဲခတ် လိုက်ပါတယ်။  သူမတို့ နှစ်ယောက်လည်း အဆင့်တက် မလားပါ့လေ။

ဒါပေမဲ့ စိတ်မကောင်းစရာပါပဲ။  ဒီနတ်မိမယ် နှစ်ပါးကတော့ လူတွေရှေ့မှာ အဆင့်တက်ဖို့ စဉ်းစားထားပုံ မပေါ်ပါဘူး။

' ကောင်းကင်နယ်ပယ် အဆင့်၃ကို  ချက်ချင်း တက်နိုင်သွားတယ် ... ။  ကြည့်ရတာတော့ ဒီကောင်းကင်ငှက် တိုက်ပွဲဝင် ချီအမှတ်အသားတွေက တကယ် အကျိုးရှိပုံပဲ'

လီဖူချန်းရဲ့ မျက်လုံးတွေကတော့ အရောင် တောက်ပ နေပါပြီ။

လူတွေပြောတဲ့ ကောလာဟလတွေကို နားထောင်ပြီး ယုံရတာထက်စာရင် ကိုယ်တိုင်ကိုယ်ကျ မြင်လိုက်ရတာက ပိုပြီး ကောင်းတဲ့ အရာပင် မဟုတ်ပါလော။

စီးတုလေ့၊ ချီဟန်နဲ့ ကျင်ရုတုံတို့ အဆင့်တက် သွားတာကို မြင်ရအပြီးမှာတော့ လီဖူချန်းဟာ ကောင်းကင်ငှက် တိုက်ပွဲဝင်ချီ အမှတ်အသားတွေရဲ့ စွမ်းပကားကို လုံးဝယုံကြည် စိတ်ချသွားခဲ့ပါပြီ။

သာမန် အခြေအနေတွေမျိုးမှာ ဆိုရင်တော့  ကောင်းကင်နယ်ပယ် အဆင့်၁ကနေ ကောင်းကင် နယ်ပယ် အဆင့်၃ကို ရောက်ဖို့အတွက် နှစ်ပေါင်း တော်တော်များများ ကြာနိုင်ပါတယ်။   အချို့ဆိုရင် ၁၀နှစ်လောက် အချိန်ပေးရပါတယ်။

ကြယ်၄ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေတောင်မှ ကောင်းကင် နယ်ပယ်ကို ချိုးဖောက်ဝင်ရောက် ပြီးပြီဆိုတာနဲ့ ကောင်းကင်နယ်ပယ် အဆင့်၁မှာ နှစ်ပေါင်းများစွာ ရှိနေတတ်တာပါ။

ဇောင်ဝူကျင်းက ကြယ်၄ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် တစ်ယောက်ပါပဲ။  ဒါပေမဲ့ သူက ကြယ်၄ပွင့် အထူးအရိုး တည်ဆောက်ပုံ ပိုင်ရှင် ဖြစ်တဲ့အပြင်  ကံကောင်းမှုအချို့နဲ့ ကြုံခဲ့ရတဲ့ အတွက် ကောင်းကင်နယ်ပယ် အထွတ်အထိပ် အဆင့်အထိ ရောက်လာတာ ဖြစ်ပါတယ်။ သာမန် ကြယ်၄ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေဆိုရင်တော့ သူတို့ရဲ့ ဘဝတစ်လျှောက်လုံး ကျင့်ကြံရင်တောင်မှ  ကောင်းကင် နယ်ပယ် အထွတ်အထိပ် အဆင့်ကို ရောက်လာမှာ မဟုတ်ပါဘူး။

ထို့ကြောင့် အနည်းဆုံး   ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေသာလျှင် ကောင်းကင် နယ်ပယ်မှာ အဆင့်မြန်မြန် တက်ပြီး ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်နိုင်တဲ့ အခွင့်အရေး ရှိပါတယ်။

ဥပမာ ပြောရမယ် ဆိုရင်တော့  အိုးရန်ဝမ်းထင်နဲ့ မိုးပြာရောင်ဂိုဏ်းရဲ့ အထွတ်ခေါင်ချုပ် အကြီးအကဲတွေပေါ့။  ဒါပေမဲ့ အိုးရန်ဝမ်းထင်နဲ့ အထွဋ်ခေါင်ချုပ် အကြီးအကဲတွေဟာ ဘဝတစ်လျှောက်လုံး ကျင့်ကြံရင်တောင်မှ   ပြန်လည် ဝင်စားခြင်း နယ်ပယ် အဆင့်နိမ့်တန်းကနေ အလယ်အလတ်တန်း လောက်အထိသာ ကျင့်ကြံနိုင်မှာပါ။  သူတို့အတွက်တော့ ကောင်းကင်နယ်ပယ် အဆင့်မြင့်တန်းကို ရောက်ဖို့ဆိုတာ ကောင်းကင်ဘုံကို တက်ရသလောက် နီးပါး ခက်ခဲလွန်းလှပါတယ်။

( note -  နယ်ပယ် တစ်ခုရဲ့ အဆင့် ၁၊၂၊ ၃ =အဆင့်နိမ့်

နယ်ပယ်တစ်ခုရဲ့ အဆင့် ၄၊၅၊၆ = အလယ်အလတ်အဆင့်

နယ်ပယ်တစ်ခုရဲ့ အဆင့် ၇၈၉ = အဆင့်မြင့်  ဆိုပြီး ခွဲခြားထားဟန် ရှိပါတယ်။   နယ်ပယ်တစ်ခုရဲ့ အထွတ်အထိပ် အဆင့်ကို ရောက်နေပြီ ဆိုတာ  အဆင့်၉ကို ရောက်နေတာကြာပြီး နောက်ထပ် တစ်ဆင့် တက်ဖို့ ခက်ခဲ နေသူတွေကို ပြောဟန်တူပါတယ်။  )

အရှေ့ယူနီကွန်း တိုက်ကြီးမှာတော့  ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေသာလျင် ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်မြင့်တန်းကို ရောက်ရှိပြီး  ဒဏ္ဍာရီတွေထဲက တိုက်ပွဲဝင် ဝိညာဉ် နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်နိုင်ဖို့ အခွင့်အရေး ရှိပါတယ်။

စိတ်မကောင်း စရာကတော့ အရှေ့ယူနီကွန်း တိုက်ကြီးဟာ တိုက်ပွဲဝင် ဝိညာဉ်နယ်ပယ်ကို ချိူးဖောက် ဝင်ရောက်နိုင်ဖို့ အတွက်  အရင်းအမြစ် မလုံလောက်သလို  သည်တိုက်ကြီးမှာ ရှိနေတဲ့ ကောင်းကင်နဲ့ မဟာမြေကြီးက ချီစွမ်းအင်တွေကလည်း အင်မတန် ပါးလျနေတာပါပဲ။ မဟုတ်လို့ကတော့ အရှေ့ယူနီကွန်း တိုက်ကြီးမှာ တိုက်ပွဲဝင် ဝိညာဉ်နယ်ပယ် ပညာရှင်တစ်ယောက် ပေါ်ပေါက်နေပြီး လောက်ပါပြီ။

" ပြန်ကြစို့ "

အိုးရန်ဝမ်းထင်က သူ့ရဲ့ ဝိညာဉ် သားရဲတွေကို ဆင့်ခေါ်လိုက်ပါတယ်။

ကျားနဂါး ပြိုင်ပွဲကလည်း ပြီးသွားပြီ ဖြစ်တဲ့အတွက် သည်မှာ ဆက်နေလို့ ဘာမှမထူးတော့ပါဘူး။

ထို့နောက်မှာတော့ အိုးရန်ဝမ်းထင်တို့ တစ်သိုက်ဟာ ကြယ်ကံကြမ္မာ တောင်ပေါ်ကနေ ထွက်ခွာ သွားခဲ့ပါပြီ။ အခြားဂိုဏ်းက ပညာရှင်တွေဟာလည်း တစ်သုတ်ပြီး တစ်သုတ် ထွက်ခွာ သွားပါတော့တယ်။

အစောပိုင်းက လူသံ၊သူသံတွေနဲ့ သက်ဝင် လှုပ်ရှားနေခဲ့တဲ့ ကြယ်ကံကြမ္မာ တောင်ကြီးကတော့  တိတ်ဆိတ်စွာ ကျန်ရစ်နေခဲ့ပါပြီ။

*****

ဝိညာဉ်သားရဲတွေရဲ့ ပျံသန်းနှုန်းက အင်မတန် လျင်မြန်လှတဲ့ အတွက် ရက်အနည်းငယ် အတွင်းမှာပဲ  အိုးရန်ဝမ်းထင်တို့ တစ်သိုက်ဟာ မိုးပြာရောင် ဂိုဏ်းကို ပြန်ရောက် လာခဲ့ပါတယ်။

အိုးရန်ဝမ်းထင်တို့ ပြန်ရောက်လာပြီး သိပ်မကြာခင်မှာပင် လီဖူချန်း တစ်ယောက် ကျားနဂါးပြိုင်ပွဲမှာ အဆင့်၁  ရလာတယ် ဆိုတဲ့ သတင်းက ဂိုဏ်းတစ်ခုလုံးကို ပျံ့နှံ့ သွားခဲ့ပါပြီ။

မိုးပြာရောင် ဂိုဏ်းရဲ့ အဆင့်မြင့် အကြီးအကဲတွေကတော့ ထိုသတင်းကို ကြားကြား ပြီးချင်းမှာပဲ လက်ခမောင်းတွေ ထခတ်ပါတော့တယ်။  မိုးပြာရောင် ဂိုဏ်းသားတစ်ယောက် ကျားနဂါးပြိုင်ပွဲမှာ အဆင့်၁ ရလတယ် ဆိုတာက  ဂိုဏ်းတော်ရဲ့ သမိုင်းတစ်လျှောက်မှာ တစ်ခါမှ မဖြစ်ဘူးသည့် အဖြစ်အပျက် တစ်ခုပင် မဟုတ်ပါလော။

မိုးပြာရောင်ဂိုဏ်းရဲ့ ပင်မခန်းဆောင်မှာတော့ အိုးရန်ဝမ်းထင် တစ်ယောက် ဂိုဏ်းချုပ် ပုလ္လင်ပေါ်မှာ အခန့်သား ထိုင်နေပါတယ်။  သူ့ရဲ့ အရှေ့မှာ ရှိနေသူတွေကတော့ လီဖူချန်း၊ လီရှင်းယု၊ ချန်ယွန်ဟူနဲ့ ရှုဖန်းတို့ပါပဲ။

အိုးရန်ဝမ်းထင်က  ပထမဆုံး အနေဖြင့်  လီရှင်းယု၊ ချန်ယွန်ဟူနဲ့ ရှုဖန်းတို့ကို သူတို့ရဲ့ စွမ်းဆောင်ရည် အလျောက် ဆုအသီးသီး ပေးလိုက်ပါတယ်။  ထို့နောက်မှာတော့ သူက လီဖူချန်းကို ကြည့်လိုက်ပြီး

"လီဖူချန်း ...  ...  သည်တစ်ကြိမ်မှာ မင်းက ဂိုဏ်းတော်အတွက် ကောင်းကောင်းကြီး လုပ်ဆောင် နိုင်ခဲ့တယ်။  အဲသည်အတွက် ဂိုဏ်းတော်က မင်းကို ဓားကျောက်စာတိုင် ချိုင့်ဝှမ်းကို မင်းစိတ်ကြိုက် သွားလာခွင့် ပေးလိုက်တယ်။  ပြီးတော့ အဆင့်၅ မိစ္ဆာသားရဲ အရေခွံ ကိုယ်ကျပ်အင်္ကျီလည်း ဆုချဦးမယ်။  "

" အဆင့်၅ မိစ္ဆာသားရဲ အရေခွံ ကိုယ်ကျပ်အင်္ကျီလား ...  ... "

လီရှင်းယု၊ ချန်ယွန်ဟူနဲ့ ရှုဖန်းတို့ အားလုံးကတော့ ပါးစပ် အဟောင်းသား ဖြစ်သွားကြပါပြီ။

အဆင့်၅ မိစ္ဆာသားရဲတွေဆိုတာက  ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေတောင် အလွယ်တကူ သတ်နိုင်တဲ့ သားရဲတွေ မဟုတ်ပါဘူး။  အဆင့်၅ မိစ္ဆာသားရဲ အရေခွံ ကိုယ်ကျပ်အင်္ကျီက ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေကို တောင်မှ လိုချင် တပ်မက်စိတ်တွေ ဖြစ်လာနိုင်စေပါတယ်။

အဆင့်၅ မိစ္ဆာသားရဲ အရေခွံ ကိုယ်ကျပ်အင်္ကျီက ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင် တစ်ယောက်ရဲ့ တိုက်ခိုက်မှုကို ၁၀၀ရာခိုင်နှုန်း ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။  ဒါပေမဲ့ ကောင်းကင် နယ်ပယ် ပညာရှင်တစ်ယောက်ရဲ့ အားကု န်တိုက်ခိုက်မှုကိုတော့  သေချာပေါက် ကာကွယ်ပေးနိုင်ပါတယ်။

အပိုပြောတာတော့ မဟုတ်ပါဘူး။  အဆင့်၅ မိစ္ဆာသားရဲ အရေခွံ ကိုယ်ကျပ်အင်္ကျီ ဆိုတာက ကောင်းကင်နယ်ပယ် ပညာရှင် တစ်ယောက်ကိုတောင် လိုချင်တပ်မက် စိတ်တွေကြောင့် ရူးသွပ် သွားစေနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဆင့်၅ မိစ္ဆာသားရဲဆိုတာက ကောင်းကင် နယ်ပယ် ပညာရှင်တွေ သတ်ဖြတ်နိုင်တဲ့ သားရဲတွေ မဟုတ်လို့ပါပဲ။  ပြီးတော့ အဆင့်၅ မိစ္ဆာသားရဲ အရေခွံ ကိုယ်ကျပ် အင်္ကျီတွေကို အပြင်လောကမှာ ရောင်းချလေ့ မရှိပါဘူး။

" ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ကြီး "

လီဖူချန်းက လက်နှစ်ဖက်ကို ဆုပ်ပြီး အရိုအသေ ပေးလိုက်ပါတယ်။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ လီဖူချန်းရဲ့ ရင်ထဲမှာ နဂါးကိုးကောင် ကနေသည့်အလား ဖြစ်နေပါပြီ။

မိုးပြာရောင်ဂိုဏ်းဟာ  ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၃ ပညာရှင် တစ်ယောက်ကိုသာ ပိုင်ဆိုင်ထားပါတယ်။  ထိုပညာရှင် တစ်ယောက်တည်းနဲ့တော့ အဆင့်၅ မိစ္ဆာသားရဲကို သတ်နိုင်ဖို့ မလွယ်ပါဘူး။ သည်အဆင့်၅  မိစ္ဆာသားရဲကို သတ်ဖို့ အတွက်ဆိုရင်   မိုးပြာရောင်ဂိုဏ်းက ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် တော်တော်များများ စုပေါင်း လုပ်ဆောင်ခဲ့ရမှာပါ။ အဲဒီအတွက် ဒီဆုဟာ  ဂိုဏ်းတော်က ပေးအပ်တဲ့ ဆုတွေထဲမှာ တန်ဖိုးအမြင့်ဆုံးလို့ ဆိုရမှာပါပဲ။

" မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က အရမ်းနိမ့် နေသေးလို့သာ သည်ဆုတွေပဲ ပေးသေးတာ။  မင်းသာ ကောင်းကင်နယ်ပယ် ပညာရှင် ဖြစ်လာပြီဆိုရင်  နောက်ထပ်ဆုတွေ အများကြီး   ပေးဦးမှာ "

အိုးရန်ဝမ်းထင်က ခပ်ပြုံးပြုံးဖြင့် ပြောလိုက်ပါသေးတယ်။

လီဖူချန်းရဲ့ ပင်ကို ပါရမီကို မျက်မြင်ကိုယ်တွေ့  ကြုံရပြီးတဲ့ နောက်မှာတော့ သူ့အနေနဲ့ လီဖူချန်းကို အတတ်နိုင်ဆုံး ပြုစုပျိုးထောင် ပေးရမယ်ဆိုတာကို  အိုးရန်ဝမ်းထင် တစ်ယောက် သဘောပေါက် သွားခဲ့ပါပြီ။

***

All Chapters