ထိန်းချုပ်မှုမရှိခြင်း
Vol. 19 Ch. 276
ယဲ့ရှောင်ချန်းက အထုတ်အပိုးများကို ပြင်ပြီး ပြန်ဖို့ အသင့်ဖြစ်နေပါပြီ။
ဒီကာလထဲ သုတေသနကြောင့် သုတေသနအဖွဲ့အစည်းမှာ သူနေနေရတာ ကြာပါပြီ။
ရုတ်တရက် လုတုန်ချမ်း ပြေးဝင်လာခဲ့၏။
"တုန်လေး ဘာတွေလောနေတာလဲ။"
ယဲ့ရှောင်ချန်းက အေးအေးဆေးဆေး မေးလိုက်ပါသည်။
"မစ္စတာယဲ့ အဲ့ဒီလူကို အစိုးရက ဖမ်းသွားပြီ။"
လုတုန်ချမ်းက ပြောလိုက်သည်။
"ဘာ"
ယဲ့ရှောင်ချန်း အနည်းငယ် အံ့သြသွားပါသည်။
အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အထွတ်အထိပ်အဆင့် ရှိနေသော ကျင့်ကြံသူတစ်ယောက်အနေဖြင့် ထွက်ပြေးဖို့က မခက်ခဲနိုင်ဘူးမလား။
"ဘော့စ် ကျွန်တော်တို့ သူ့ကို သွားကယ်သင့်တယ်လို့ ထင်လား။ ကျွန်တော်တို့ရဲ့ လျှို့ဝှက်ချက်တွေကိုသာ သူ ဖော်ထုတ်လိုက်ရင် ကျွန်တော်တို့အတွက် အရမ်းဆိုးရွားလိမ့်မယ်။"
လုတုန်ချမ်းက ပြောလိုက်၏။
"အင်း ပြဿနာပဲ။ ဒါပေမယ့် သူ အခုဘယ်ရောက်နေပြီလဲ မင်း သိလား။"
ယဲ့ရှောင်ချန်းက ခေါင်းငြိမ့်လိုက်သည်။
သူတို့အားလုံးက ကျင့်ကြံခြင်း လောကမှ လာခဲ့ခြင်းဖြစ်သည်။
ဒါက ထိတ်လန့်စရာ လျှို့ဝှက်ချက်တစ်ခု ဖြစ်၏။ ဒါကို မော်တယ်လောက အစိုးရသာ သိသွားခဲ့လျှင် သူတို့ဘာလုပ်ကြမလဲ မသိနိုင်ပေ။
ထိုလောကကြီးမှာ တခြား သက်ရှိဂြိုဟ်များကဲ့သို့ပင် အရင်းအမြစ်ကို ကိုယ်စားပြုနေ၏။
နိုင်ငံတော်တစ်ခု၏ ခွန်အားကို ယခု ကဏ္ဍသုံးခုဖြင့် အဆုံးအဖြတ်ပေး၏။ ပထမက နည်းပညာ၊ ဒုတိယက ပါရမီ၊ တတိယက အရင်းအမြစ် ဖြစ်သည်။
အရှေ့အလယ်ပိုင်းက နိုင်ငံတော်တွေ ဘာကြောင့် ချမ်းသာနေကြတာလဲ မမြင်နိုင်ဘူးလား။ သူတို့မှာ ဆီတွေ ပေါများကြလို့ပဲ မဟုတ်လား။
ကမ္ဘာမြေနှင့် နှိုင်းယှဥ်နိုင်သည့် နေရာတစ်ခု၊ နေထိုင်ဖို့ သင့်လျော်သည့် နေရာတစ်ခု၊ ပြီးတော့ အလွန်ကြွယ်ဝသည့် အရင်းအမြစ်များရှိသည့် နေရာတစ်ခု ရှိနေမှန်း သိသွားကြလျှင် ဘယ်သူမှ ဒီလိုမက်လုံးမျိုးကို ခုခံနိုင်မှာ မဟုတ်ပေ။ နိုင်ငံတော်တစ်ခုလုံးဆို ပိုတောင် ဆိုးဦးမည်။
"သူက မြောက်ပိုင်းဒေသက ဝူမြို့တော်မှာ ရှိနေတယ်။ သူ့အချက်အလက်တွေကို ကျွန်တော့်ကို ထုတ်ပြထားတယ်။ ကျွန်တော်သူ့ရဲ့ တည်နေရာကို တန်းပြီး ခြေရာခံနိုင်ပါတယ်။"
လုတုန်ချမ်းက ပြောလိုက်၏။
"သူ့ပါးစပ်ကို ပိတ်ထားဖို့ ပြောလိုက်။ မဟုတ်ရင် သူ့ကိုဘယ်သူမှ ကယ်နိုင်မှာမဟုတ်ဘူးလို့ပါ ပြောလိုက်ချေ။"
ယဲ့ရှောင်ချန်းက ခေတ္တစဥ်းစားကြည့်လိုက်ပြီး ပြောလိုက်ပါသည်။
လုတုန်ချမ်း ထွက်သွားသောအခါ ယဲ့ရှောင်ချန်း အနည်းငယ် ခေါင်းခဲသွားရသည်။
သူ့ကိုသာ သွားကယ်ပါက သေချာပေါက် ပြည်တွင်းအစိုးရနှင့် သူ ပြဿနာတက်နိုင်သည်။
အစိုးရနှင့် တိုက်ခိုက်နိုင်စွမ်း သူ့မှာ မရှိပါ။
သူ့မှာ ရှိရင်တောင် ဒီလောက် ရဲတင်းရဲမည် မဟုတ်ပါ။
ဘာပဲဖြစ်ဖြစ် လက်ရှိခေတ်က နိုင်ငံတော်ကြီးတစ်ခုမှာ ရှေးခေတ်ကာလများတုန်းကလို မဟုတ်ပါ။ ခေတ်မှီလက်နက်များ၏ စွမ်းအားက အလွန်ကြောက်ဖို့ကောင်း၏။ ချီသန့်စင်ခြင်းအဆင့်ရှိ ကျင့်ကြံသူကို မဆိုဦးနဲ့၊ ရွှေဗဟိုချက် အဆင့်ရှိ ကျင့်ကြံသူတွေတောင် ရဲတင်းနိုင်မည်မဟုတ်ပါ။ မဟုတ်ပါက ခေတ်သစ် နိုင်ငံတော်များတွင် သူတို့ကို ရှင်းလင်းပစ်ဖို့ အစုလိုက် အပြုံလိုက် ဖျက်ဆီးနိုင်သော လက်နက်ကြီးများ ရှိကြသည်။
ကံကောင်းတာက... သူ့မှာ ယခု ကောင်းကင်ဘုံလှိုဏ်ဂူ ရှိနေပါပြီ။
အချိန်မှီ ကောင်းကင်ဘုံလှိုဏ်ဂူထဲ ပြန်ဝင်နိုင်ပါက ဘယ်သူမှ သူ့ကို ဘာမှလုပ်နိုင်ကြမည် မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် မူလစိုက်ပျိုးရေးခြံတွင် သူ ပုံသေဝင်ပေါက်တစ်ခု ဖန်တီးပြီးပြီဖြစ်သည်။ သူ မိုင်ထောင်ချီ ဝေးနေရင်တောင် ကောင်းကင်ဘုံလှိုဏ်ဂူကို နေရာကူးပြောင်းအမှတ်အဖြစ် အသုံးချကာ ချက်ချင်း အိမ်ပြန်လာနိုင်ပါသည်။
ဒါက သူ့ဝှက်ဖဲ ဖြစ်သည်။
အနက်ရောင်အဆင့် ပါရမီရှင်အတွက် ရွေးချယ်စရာ မရှိဘဲ သူ သုံးရပါလိမ့်မည်။
ဘာပဲဖြစ်ဖြစ် ကံမကောင်းသည့် ထိုလူက ဆိုးရွားတာ ဘာမှမလုပ်ခဲ့မိပါ။ အပြစ်မရှိသည့် မိန်းကလေးတစ်ဦးကို နှောင့်ယှက်နေသည့် လူတစ်ယောက်အား မတော်တဆ မိန်းမအဖြစ်သို့ ပြောင်းလဲပေးလိုက်ခြင်းကြောင့် ဖြစ်သည်။
ထိုလူ၏ မိသားစုကြောင့် သူ ဝရမ်းပြေး ဖြစ်သွားတာ အံ့သြစရာ မရှိတော့ပါ။
ထိုနေ့က ယဲ့ရှောင်ချန်းက လုတုန်ချမ်းအား မြောက်ပိုင်းဒေသရှိ ဝူမြို့တော်သို့ တစ်ယောက်တည်း လေယာဥ်စီးပြီး သွားခိုင်းလိုက်သည်။
လုတုန်ချမ်း ထိုနေရာသို့ ရောက်သည်နှင့် တည်နေရာကို ခြေရာခံနိုင်ပြီး သူက ကောင်းကင်ဘုံလှိုဏ်ဂူကို သုံးကာ နေရာ ကူးပြောင်းနိုင်မည် ဖြစ်သည်။ အလွန် အဆင်ပြေချောမွေ့ပါသည်။
ပိုအရေးကြီးတာက ယဲ့ရှောင်ချန်း အပြင်ထွက်ဖို့ သိပ်အဆင်မပြေလှပါ။ ယခု သူက နာမည်ကျော် သိပ္ပံပညာရှင်တစ်ယောက်ဖြစ်နေပြီး အာရုံအလွန်စိုက်ခံရမည်ဖြစ်သည်။
လူသွားကယ်ဖို့အတွက် အဆင်မပြေနိုင်လောက်ပါ။
မနက် ၃ နာရီဝန်းကျင်တွင် လုတုန်ချမ်းထံမှ ဖုန်းဝင်လာ၏။ သူ ရောက်သွားပါပြီ။
ချက်ချင်းဆိုသလိုပဲ ယဲ့ရှောင်ချန်းက သူ့ကို လူသူကင်းမဲ့သည့် နေရာတစ်ခု ရှာခိုင်းလိုက်ပြီး ကောင်းကင်ဘုံလှိုဏ်ဂူထဲ ဝင်ခိုင်းလိုက်သည်။ ထို့နောက် လုတုန်ချမ်း၏ ကိုယ်ထဲတွင် လက်မှတ်တစ်ခုကို နေရာချမည်ဖြစ်သည်။
ခဏကြာသောအခါ တောင်ပိုင်းဒေသ၏ ယန်မြို့တော်မှ မိုင်ရာပေါင်းများစွာကို ဖြတ်သန်းပြီး မြောက်ပိုင်းဒေသက ဝူမြို့တော်သို့ ရောက်လာပြီ ဖြစ်ပါသည်။
"မစ္စတာယဲ့ ဒီကောင်းကင်ဘုံလှိုဏ်ဂူက အရမ်းအဆင်ပြေတာပဲ။"
ယဲ့ရှောင်ချန်း မိုင်ရာပေါင်းများစွာကို မျက်စိတစ်မှိတ်အချိန်အတွင်း ဖြတ်သန်းလာနိုင်တာကို မြင်လိုက်ရသောအခါ လုတုန်ချမ်း သက်ပြင်းသာ ချမိပါသည်။
"ကံဆိုးတာက ငါတို့ တည်နေရာကို ခြေရာခံဖို့ လက်မှတ်တွေကို သုံးလို့ပဲရမှာ"
ယဲ့ရှောင်ချန်းက ခေါင်းခါပြီး ပြောလိုက်သည်။
ဒီလက်မှတ်ကို အင်မော်တယ်ယွမ်ဖြင့် ဝယ်ရပါသည်။ အင်မော်တယ်ယွမ်စစ်စစ် ဖြစ်ပါသည်။
နေရာတိုင်းတွင် လက်မှတ်ကိုသုံးဖို့တော့ မဖြစ်နိုင်ဘူး မဟုတ်လား။
သူအဲ့လောက် မဖြုန်းတီးချင်ပါ။
ဘာပဲဖြစ်ဖြစ် တစ်ယောက်ယောက်ကို ကြိုသွားခိုင်းထားပြီး သူ နေရာကူးပြောင်းသွားနိုင်ပါသည်။ ဘယ်လောက်တောင် အဆင်ပြေလိုက်သလဲ။
ယဲ့ရှောင်ချန်းနှင့် လုတုန်ချမ်းတို့ ၎င်းတို့၏ အာရုံများကို အသုံးပြုရင်း မြို့တော်ရဲဌာနသို့ ရောက်လာဖို့ အချိန်သိပ်မယူလိုက်ရပေ။
ညည့်နက်နေပြီ ဖြစ်ပါသည်။ ယဲ့ရှောင်ချန်းက အဆောင်နှစ်ခုကို ထုတ်ကာ ဖွင့်လိုက်ပါသည်။ ချက်ချင်းဆိုသလိုပင် အလင်းတန်းနှစ်ခု ထွက်လာပြီး သူတို့နှစ်ယောက်ကို ဖုံးလွှမ်းသွားပါသည်။
ကိုယ်ပျောက်အဆောင်နှင့် ပြန်လည်မွေးဖွားခြင်းအဆောင်။
ကိုယ်ပျောက်အဆောင်က ခန္ဓာကိုယ် ပျောက်ကွယ်သွားအောင် လုပ်ပေးနိုင်သည်။
ပြန်လည်မွေးဖွားခြင်းအဆောင်က လူတစ်ယောက်၏ အသွင်အပြင်၊ အရပ်အမောင်း၊ အရိုးတည်ဆောက်ပုံနှင့် အရှိန်အဝါကိုပင် တခြားတစ်ယောက်အဖြစ် အသွင်ပြောင်းလဲပေးနိုင်သည်။
သူတို့က တစ်ယောက်ယောက်ကို ကယ်တင်ဖို့ ဖြစ်ပြီး သူတို့သရုပ်မှန်ကိုလည်း မပေါ်စေချင်သဖြင့် ပိုပြီး သတိထားရပါမည်။
ဒါက စတိုးဆိုင်တွင် အဆင့်နိမ့်အဆောင်တစ်ခု ဖြစ်၏။ တစ်ခုကို အင်မော်တယ်ယွမ် ၁၀၀ ကုန်ပါသည်။
လုတုန်ချမ်းက အလွန် မနာလိုဖြစ်မိသည်။ ဒီအဆောင်က အဆင့်မြင့်လိုက်တာကွာ။
သူ့ဘော့စ်က တကယ်တမ်း ဘယ်သူဖြစ်မှန်း မသိတော့ပါ။
မဟုတ်မှလွဲရော အင်မော်တယ်လောကက နာမည်ကြီးတစ်ယောက်ရဲ့ တရားမဝင်သားတစ်ယောက်များလား။
လုတုန်ချမ်း ဘာတွေ တွေးနေသလဲဆိုတာကိုသာ ယဲ့ရှောင်ချန်း သိသွားလျှင် သူ့ကို ရိုက်နှက်နိုင်လောက်သည်။
သူတို့နှစ်ယောက်က ရဲဌာနထဲတွင် အနှောင့်အယှက် မခံခဲ့ရပါ။ လုတုန်ချမ်း၏ ဦးဆောင်မှုဖြင့် မကြာမီ ထိုလူအား ထိန်းသိမ်းထားသည့် မှောင်မှောင်ကျဥ်းကျဥ်း အခန်းတစ်ခုသို့ ရောက်လာခဲ့ပါသည်။
ထိုလူကလည်း ယဲ့ရှောင်ချန်းနှင့် လုတုန်ချမ်းတို့ ရောက်နေမှန်း သိပါသည်။
ယဲ့ရှောင်ချန်းက စောင့်ကြပ်နေသည့် ရဲသားတစ်ယောက်ကို သတိမေ့သွားအောင် ဝတ်မှုန်ကူးပျားကို အသုံးပြုလိုက်ပြီး သံမဏိ တံခါးလော့ကို ဖွင့်လိုက်ပါသည်။
ရုတ်တရက်ဆိုသလိုပင် ဥသြဆွဲသံများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။
ထို့နောက် ချက်ချင်းဆိုသလိုပဲ သံမဏိ ဂိတ်တံခါးများ မျက်နှာကျက်ပေါ်မှ ကျလာပြီး ဘယ်ညာ ထွက်လမ်းများကို ပိတ်သွားပါသည်။
လုတုန်ချမ်းနှင့် ယဲ့ရှောင်ချန်းတို့ ကြောင်သွားကြ၏။
ဒါ ဘာသဘောလဲ။
ဒုတ် ဒုတ် ဒုတ် ...
အမြန်ပြေးလာသော ခြေသံများကို ကြားနိုင်သည်။ လက်နက်အပြည့်အစုံဖြင့် ရဲသားများ ထွက်လာသည်ကို မြင်ရပါသည်။
"လခွမ်း"
ဒီအချိန်ရောက်နေတာတောင် ထောင်ချောက်မှန်း မသိလျှင် သူတို့ တုံးအလွန်းရာကျပါလိမ့်မည်။
"ထုပိုင်ယွမ် မင်း ငါတို့ကို လှည့်စားရဲတယ်ပေါ့။"
လုတုန်ချမ်းက အခန်းထဲက လူကို အော်လိုက်သည်။
"ငါ့မှာ ရွေးချယ်စရာ မရှိဘူး။ အဲ့ဒီကောင် ချန်းအိုက မော်တယ်အစိုးရနဲ့ ပူးပေါင်းပြီး ဒီထောင်ချောက်ကို ဆင်ထားတာ။ ငါလည်း သူ့လှည့်စားတာကို ခံခဲ့ရတာပါ။"
ထိုလူငယ်က မဲ့ပြုံးပြုံးလိုက်ပါသည်။
"ဟားဟား ထုပိုင်ယွမ်ပြောတာ မှန်တယ်။ မင်းတို့အားလုံး အသာတကြည် အဖမ်းခံလိုက်တာ ပိုကောင်းမယ်ထင်တယ်နော်။ အဲ့တာဆို ငါမင်းတို့ကို အသက်ချမ်းသာပေးလို့ရတယ်။"
သံမဏိဂိတ်တံခါး အပြင်ဘက်တွင် ဝတ်ကောင်းစားလှ ဝတ်ဆင်ထားပြီး ဆံပင်တွင် ဂျယ်လိမ်းထားသည့် လူငယ်တစ်ယောက်က ပြုံးကာ ပြောလိုက်ပါသည်။
"ချန်းအိုက ဘာလို့ မော်တယ်အစိုးရနဲ့ ပူးပေါင်းလိုက်တာလဲ။"
လုတုန်ချမ်း မယုံကြည်နိုင်ပါ။
သူ တကယ်ကြီး မော်တယ်အစိုးရနဲ့ ပူးပေါင်းကာ သူတို့လိုလူတွေကို လိုက်ဖမ်းဖို့ ကူညီပေးနေသည်။
"ငါ့ရဲ့ ပန်းတိုင်က ထာဝရရှင်သန်နိုင်ဖို့ မဟုတ်ဘူး။ ဂုဏ်သိက္ခာရှိရှိနဲ့ နေထိုင်နိုင်ဖို့ပဲ။ ကျင့်ကြံခြင်းလောကမှာဆိုရင် ငါ့ပါရမီနဲ့ ဒါမျိုးကို စိတ်တောင်မကူးနိုင်ဘူး။ မော်တယ်လောက ကသာ ငါ့အတွက် နတ်ပြည်ပဲ။ ဟင်း မော်တယ် လောကက အရင်တုန်းကလို မောက်မာတဲ့ ခေတ် မဟုတ်တော့ဘူး။ ဒါက အကောင်းဆုံးလောကကြီးပဲ။ သိပ္ပံနဲ့ နည်းပညာစွမ်းအားက ဘယ်လောက်တောင် ကြီးလိုက်သလဲ။ လူတွေ ရွှေဗဟိုချက်အဆင့် ဒါမှမဟုတ် နတ်ဝိညာဥ်လောင်းအဆင့်အထိ ရောက်အောင် ကျင့်ကြံနိုင်လည်း ဘာဖြစ်လဲ။ ငါ့သုတေသနအရဆိုရင် ဒုံးကျည်တစ်တောင့်လောက်နဲ့ အဲ့ကောင်တွေကို သတ်ပစ်လိုက်လို့ ရတယ်။ အင်မော်တယ်လောကက အင်မော်တယ်တွေ ရောက်လာရင်တောင် မော်တယ် နိုင်ငံတော်တွေမှာရှိတဲ့ နျူးကလီးယားဗုံးတွေနဲ့ အင်မော်တယ်တွေ နတ်ဘုရားတွေကို သတ်ဖြတ်နိုင်လိမ့်မယ်။ ကျင့်ကြံခြင်းလောကကို သွားတဲ့ လမ်းကြောင်းတစ်ခု ပွင့်လာတဲ့နေ့ရောက်လာရင် ဘယ်လို မြင်ကွင်းမျိုးကို မြင်ရမလဲ ငါတကယ် မျှော်လင့်နေမိပြီ။"
ချန်းအို၏ မျက်နှာက အရူးတစ်ယောက်လို အယူသန်ခြင်းများဖြင့် ပြည့်နှက်နေ၏။
လုတုန်ချမ်းနှင့် ထုပိုင်ယွမ်တို့ ပေါက်ကွဲသွားကြပါသည်။
ယဲ့ရှောင်ချန်းက သက်ပြင်းချလိုက်မိသည်။
ကြည့်ရတာ ပြဿနာတွေက သူ မထိန်းချုပ်နိုင်လောက်သည့် အဆင့်အထိ ရောက်လာနေပြီ ထင်ပါသည်။