စူပါမြက်
Vol. 19 Ch. 278
နောက်ပိုင်းနေ့ရက်များတွင် ယဲ့ရှောင်ချန်းက မိုးခေါင်ဒဏ်ခံနိုင်သော အပင်များအား သုတေသနလုပ်ဖို့ ပိုအားစိုက်ခဲ့သည်။
လုတုန်ချမ်းနှင့် တခြားသုံးယောက်တို့ကတော့ ကောင်းကင်ဘုံလှိုဏ်ဂူထဲမှာသာ အားလုံး နေထိုင်ကြသည်။
ဘာပဲဖြစ်ဖြစ် သူတို့ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးကာ ကြက်များ ဘဲများလည်း မွေးမြူနိုင်သည်။ သူတို့အတွက် အပြည့်အဝ လုံလောက်ပါသည်။
မျက်စိတစ်မှိတ်အချိန်အတွင်း နှစ်လလောက် ကုန်ဆုံးသွားခဲ့ပါသည်။
ယဲ့ရှောင်ချန်း၏ ကျင့်ကြံခြင်းက ဒီအချိန်တောအတွင်း လွန်စွာ တိုးတက်လာခဲ့သည်။ လွန်ခဲ့သည့် လဝက်လောက်ကတင် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း ပြီးပြည့်စုံအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါပြီ။
ယခု သူ့ကျင့်ကြံခြင်းက ချီသန့်စင်ခြင်းအဆင့်သို့ အချိန်မရွေး တက်လှမ်းနိုင်နေပါပြီ။
တခြားကျင့်စဥ်များကဲ့သို့ ရှန်းနုန်ကျင့်စဥ်ကလည်း အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်မှ ချီသန့်စင်ခြင်းအဆင့်သို့ တက်လှမ်းရသည်။
အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်က ကောင်းမွန်သော အခြေခံ ဖြစ်၏။
ခန္ဓာကိုယ်ဖြစ်ဖြစ်၊ မှော်စွမ်းအင်ဖြစ်ဖြစ်၊ အပင်ဗဟိုချက်ဖြစ်ဖြစ် အခုချိန်အထိ အပင်ဝိညာဥ် ၉ ခုမှာ အားလုံး အခြေခံများသာ ဖြစ်သည်။
ချီသန့်စင်ခြင်းဟုပင် မသတ်မှတ်နိုင်သေးပါ။
အဘယ့်ကြောင့်ဆိုသော် ယခု ကျင့်ကြံခြင်းမှာ ဝိညာဥ်စွမ်းအင်ကို အသုံးချဖို့ လိုအပ်သောကြောင့် ဖြစ်ပါသည်။
ချီသန့်စင်ခြင်းအဆင့်က ဟင်းလင်းနယ်မှ စွမ်းအင်များကို စုပ်ယူကာ မှော်စွမ်းအင် အဖြစ်ပြောင်းလဲနိုင်သောကြောင့် ဖြစ်သည်။
ဘာကြောင့်လဲ။ ချီသန့်စင်ခြင်းအဆင့်တွင် ဝိညာဥ်အသိစိတ် ဖြစ်တည်လာပြီ ဖြစ်သောကြောင့်ပင်။ ၎င်းတို့ ရုပ်ခန္ဓာကိုယ်ကို လွှတ်ကာ လွတ်လပ်သည့် စွမ်းအင်အား အာရုံခံနိုင်၏။
ဒါက ချီသန့်စင်ခြင်းမှု၏ အခြေခံ ဖြစ်သည်။
မဟုတ်ပါက စွမ်းအင်ကိုတောင် အာရုံမခံနိုင်လျှင် ဘယ်လိုလုပ် စုပ်ယူပြီး မှော်စွမ်းအင်အဖြစ် ပြောင်းလဲနိုင်မည်နည်း။
ယခု အထူးစပါးမျိုးများကို ကောင်းကင်ဘုံ ကမ္ဘာမြေ စိုက်ပျိုးရေးခြံကြီးနှင့် တခြား စိုက်ပျိုးရေး ခြံများစွာတို့တွင် စိုက်ပျိုးနေကြပြီ ဖြစ်သည်။ အပင်များလည်း ပေါက်နေကြပါပြီ။
စပါးနှံ၏ အခြေအနေကို ကြည့်ရုံနဲ့ အထွက်နှုန်း များနိုင်မှန်း သေချာပါသည်။
ထို့အပြင် စူပါမုန်ညင်းပင်များကိုလည်း ရိတ်သိမ်းပြီးပြီ ဖြစ်သည်။ အတော်လေး အောင်မြင်ခဲ့ပြီး အထွက်နှုန်းက မှင်သက်ဖို့ ကောင်းပါသည်။
ထို့အပြင် မုန်ညင်းပင်များမှ ဆီအထွက်နှုန်းကလည်း ကောင်းမွန်ပြီး အရည်အသွေးက အလွန်အမင်း မြင့်မား၏။
မြို့တော်နှင့် ပြည်နယ်၏ သတင်းထုတ်လွှင့်မှုများမှ နက်နက်ရှိုင်းရှိုင်း သတင်းပေးပို့နေကြသည်။
ယခု မြို့တော်က စူပါမုန်ညင်းပင်များကို စတင် ပရိုမိုးရှင်း ဆင်းပေးနေပြီ ဖြစ်ပါသည်။
ချက်ချင်းဆိုသလိုပဲ မရေမတွက်နိုင်သော လယ်သမားများစွာက စူပါ မုန်ညင်းပင်ကို စိုက်ပျိုးဖို့ စိတ်အားထက်သန်လာကြသည်။
စူပါမုန်ညင်းပင်များကို ရောင်းချဖို့ တင်သွင်းလိုက်သောအခါ ချက်ချင်း ဗြောင်းဆန်သွားရသည်။
ဆန်းစစ်ချက်များအရ မြို့တော်တစ်ခုလုံး စူပါမုန်ညင်းပင်များကို ပြောင်းလဲစိုက်ပျိုးနေကြပြီ ဖြစ်သည်။ စိုက်ပျိုးရေး နယ်မြေကလည်း မနှစ်က သာမန်မုန်ညင်းပင်များထက် ၁၀ ဆလောက် ပိုကျယ်ဝန်းသည်။
စိုက်ပျိုးရေး အောင်မြင်သွားပါက ယန်မြို့တော်တွင် သေချာပေါက် ငွေဝင်လွယ်သော အရေးပါလုပ်ငန်းတစ်ခု ဖြစ်လာနိုင်သည်။
အခု တခြားမြို့တော်များကပင် စူပါ မုန်ညင်းပင်ကို စိတ်ဝင်စားနေကြ၏။
ထို့အပြင် ယဲ့ရှောင်ချန်း တီထွင်ထားသည့် စူပါ မိုးခေါင်မြက်ကလည်း စစ်ဆေးမှုကို အောင်မြင်ခဲ့ပါသည်။
ဒီ စူပါမိုးခေါင်မြက်က မိုးခေါင်မှုခံနိုင်ရည် အလွန်မြင့်မားသည်။ ရေမရှိသည့်ကန္တာရ တစ်ခုထဲမှာတောင် ရှင်သန်နိုင်၏။ လေထဲက ရေမော်လီကျူးများကိုလည်း အရွက်ကို အသုံးပြုကာ စိုက်ပျိုးနိုင်သည်။ ထို့အပြင် အလွန်သန်မာသည့် အမြစ်စနစ် ရှိပြီး ၁၀ မီတာ သို့မဟုတ် ၁၀ မီတာကျော် အနက်အထိ ကုပ်တွယ်နိုင်သော အမြစ်များ ရှိပါသည်။
ပိုအရေးကြီးသည်က ၎င်း၏ အသက်စွမ်းအင်မှာ အလွန်အမင်း သန်မာသည်။ အရွက်များကို ခူးပစ်ပြီး တစ်နေကုန် နေရောင်ခြည်ထဲ ထားရင်တောင် လုံးဝ မသေနိုင်သေးပါ။ ရေနည်းနည်းလောက် စုပ်ယူလိုက်ရုံဖြင့် ပြန်လည်ရှင်သန်လာနိုင်ပါသည်။
စမ်းသပ်ချက်များအရ စူပါမိုးခေါင်ပင်မှာ နေရောင်ခြည်နှင့် နာရီ ၃၀ ကျော် ထိတွေ့မှ အမှန်တကယ် သေဆုံးသွားပါလိမ့်မည်။
ထို့အပြင် စူပါမိုးခေါင်ပင်၏ မျိုးပွားနိုင်စွမ်းက ထိတ်လန့်ဖို့ ကောင်း၏။ သာမန် နယ်မြေများတွင်သာဆို ၎င်းတို့၏ နယ်မြေသိမ်းပိုက်သော သဘာဝက အလွန်အားကောင်းသဖြင့် တခြားအပင်များ ရှင်သန်ဖို့ အန္တရာယ်ဖြစ်လာနိုင်သည်ဟု ဆိုသည်။
ပညာရှင်အသင်းက ဆန်းစစ်ကြည့်လိုက်သောအခါ စူပါမိုးခေါင်ပင်၏ ထိတ်လန့်စရာ စွမ်းရည်ကြောင့် ထိတ်လန့်သွားကြသည်။
အထူးမိုးခေါင်ပင်သာ အထိန်းအကွပ် ကင်းမဲ့သွားပါက သေချာပေါက် ဂေဟဗေဒ ထိခိုက်မှု ပြင်းပြင်းထန်ထန်များ ဖြစ်လာနိုင်ပါသည်။
စိတ်ပူပင်မှုကို ပြသသည့် တချို့ ပညာရှင်များလည်း ရှိသေး၏။
သို့သော် ယဲ့ရှောင်ချန်းက ဒါကို ထိန်းချုပ်ဖို့ နည်းလမ်းတစ်ခု ရှာတွေ့ပြီးသားဟု ဆိုပါသည်။
ယဲ့ရှောင်ချန်း၏ စမ်းသပ်ချက် ပြီးဆုံးသွားသောအခါ ပညာရှင်အဖွဲ့က ပြုံးသွား၏။ စူပါ မိုးခေါင်ပင်ကို စိုက်ပျိုးပြီးပါက နိုင်ငံတော်၏ မြေဧရိယာကို စတုရန်းကီလိုမီတာ သိန်းချီပြီး တိုးချဲ့နိုင်သည်ဟု ဆိုကြသည်။
ကန္တာရများက နေထိုင်လို့ မရနိုင်သော နယ်မြေများဆိုတာ အားလုံးသိကြသည်။ ၎င်းတို့ကိုသာ သာမန်မြေများအဖြစ် ပြောင်းလဲနိုင်ပါက နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးကျေးဇူး ကြီးမားစွာ ရရှိနိုင်ပါသည်။
...
အလက်ဇာဘန်နာ မြောက်ပိုင်း၊ မိန်ပြည်နယ်။ ဘာဒန်ကန္တာရ။
အရှေ့မှ အနောက်သို့ ၂၇၀ ကီလိုမီတာနှင့် မြောက်မှ တောင်သို့ ၂၂၀ ကီလိုမီတာရှိပြီး ဧရိယာ ၄၇,၀၀၀ စတုရန်း ကီလိုမီတာရှိပြီး နိုင်ငံတော်ထဲတွင် တတိယ အကြီးမားဆုံး ကန္တာရကြီး ဖြစ်ပါသည်။
အနောက်မြောက်ဘက်တွင်လည်း လူသား ခြေရာမထင်သည့် မြေ စတုရန်းကီလိုမီတာ ၁၀,၀၀၀ ကျော် ရှိသေးသည်။
ထိုအချိန်တွင် အဆုံးမဲ့ ဂိုဘီ ကန္တာရရှိ ရေအရင်းအမြစ် တစ်နေရာတွင် ကားတစ်စုက ရပ်တန့်လာ၏။
ထို ကားအုပ်စုမှာ ဒီကို ဖြတ်သွားဖို့ မဟုတ်ပါ။ ကန္တာရ ပြဿနာကို ဖြေရှင်းဖို့ ဒီကို တကူးတက လာခဲ့ကြခြင်း ဖြစ်သည်။
အဖွဲ့ထဲမှ လူများက ကားထဲမှ မျိုးစေ့ အိတ် တချို့ကို ထုတ်လိုက်သည်။
ထိုမျိုးစေ့များက စူပါမိုးခေါင်ပင် မျိုးစေ့များ ဖြစ်ပါသည်။
၎င်းတို့အား မပို့ဆောင်ခင် မျိုးစေ့သန်ဆေးရည်ထဲ စိမ်ထားပြီးသား ဖြစ်သည်။
"ဟုတ်ပြီ အားလုံးပဲ ဒီရေအရင်းအမြစ်ရှိတဲ့ ပတ်လည်မှာ ကားမောင်းပြီး မျိုးစေ့တွေကို ကြဲလိုက်ကြပါ။"
ခေါင်းဆောင်ကြ အဘိုးကြီးတစ်ယောက် ဖြစ်သည်။ နိုင်ငံတော်ကန္တာရ အပင်မျိုးတုန်းမှု ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဌာနမှ ပညာရှင်တစ်ယောက်ဖြစ်သည်။ ဒီတစ်ခေါက် သူကိုယ်တိုင် အဖွဲ့ကို ဦးဆောင်ကာ မျိုးစေ့ကြဲဖို့ လာခဲ့၏။
သူကိုယ်တိုင် စူပါမိုးခေါင်ပင်အား သဘောတူ လက်ခံဖို့ ပါဝင်ခဲ့သည်။
လူသားများအတွက် တားမြစ်ထားသည့် ကန္တာရထဲတွင် အသက်စွမ်းအင်များ ပျံ့နှံ့စေနိုင်ဖို့က သူ့ဘဝအတွင် အကြီးမားဆုံး ဆန္ဒတစ်ခု ဖြစ်ပါသည်။
အခုတော့ အကောင်အထည်ဖော်ဖို့ အခွင့်အရေး ရလာခဲ့ပါပြီ။
"ပရော်ဖက်ဆာ ကျောင်း။ ဒါက တကယ်ကော ဖြစ်နိုင်ပါ့မလား။ ကျွန်တော်တို့ ကျင်းမတူး။ ရေမလောင်း၊ မြေသြဇာ မသုံးရင် အပင်တွေက ပေါက်နိုင်ပါ့မလား။ ပြီးတော့ လေတိုက်တဲ့အခါ သူတို့ မြုပ်မသွားနိုင်ဘူးလား။"
လူငယ်တစ်ယောက်က ဇဝေဇဝါ ဖြစ်နေသည်။
"ဒါပေါ့ ဖြစ်နိုင်တာပေါ့။ ဒါက ပရော်ဖက်ဆာ ယဲ့ရှောင်ချန်းကိုယ်တိုင် တီထွင် ပျိုးထောင်ထားတဲ့ စူပါမိုးခေါင်ပင်ပဲ။ သဘောတူလက်ခံမှု စမ်းသပ်ချက်ကိုတောင် အောင်ထားပြီးပြီ။ ဘယ်လိုလုပ် အလုပ်မဖြစ်ဘဲ နေမလဲကွ။ ဟုတ်ပြီ အပိုတွေ ပြောမနေတော့ဘဲ မြန်မြန်လုပ်ကြ။ မှတ်ထားကြနော်။ ကျယ်ကျယ်ပြန့်ပြန့် ကြဲရမယ်။ သိပ်သည်းမသွားစေနဲ့။"
ပရော်ဖက်ဆာ ကျောင်းက ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။
ချက်ချင်းဆိုသလိုပဲ ကားအမိုးပေါ်တွင် တပ်ဆင်ထားသည့် မျိုးစေ့ကြဲစက်ထဲ မျိုးစေ့များကို ထည့်သွင်းလိုက်ကြသည်။ ထို့နောက် ကားကိုမောင်းလိုက်သောအခါ မျိုးစေ့များက မျိုးစေ့ကြဲစက်ထဲမှ ထွက်လာကြသည်။ လေတိုက်သောအခါ သဲပေါ်သို့ ကျကုန်ကြ၏။
ကားများက မတူညီသော ဦးတည်ချက်များသို့ မောင်းသွားကြသည်။
နာရီပိုင်းအနည်းငယ်လောက် လုပ်ဆောင်ပြီးကြသောအခါ မျိုးစေ့အိတ်များအားလုံး ကြဲပြီးသွားပါပြီ။ ဖဲကြိုး ပုံစံဖြင့် အနည်းဆုံး စတုရန်း ဆယ်ကီလိုမီတာကျော်လောက် ပျံ့နှံ့သွားနိုင်ပါသည်။
အမှန်ပင်။ ဒီလို နယ်မြေသေးသေးလေးက စတုရန်းကီလိုမီတာ သောင်းချီနှင့် ယှဥ်လျှင် အလွန် သေးသိမ်လွန်းပါသည်။
ပရော်ဖက်ဆာ ကျောင်းနှင့် တခြားသူများ မျိုးစေ့များကို ကြဲပြီးနောက် သူတို့ထွက်မသွားကြသေးပါ။ ထို့အစား ရေအရင်းအမြစ်ရှိသည့် နေရာတွင် စခန်းချကာ နေ့တိုင်း မျိုးစေ့များ ပြဿနာရှိမရှိ စစ်ဆေးရန် ကင်းလှည့်ကြသည်။
နှစ်ရက်ကြာပြီးနောက်၊ မနက်ခင်းအချိန်။
"ဘုရားရေ ကြည့်ကြပါဦး။ မျိုးစေ့တွေ အပင်ပေါက်နေပြီလား။"
တစ်ယောက်ယောက်က ရုတ်တရက် အံ့သြတကြီး ပြောလိုက်သည်။
လူများစွာက တဲထဲမှ တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြသည်။
သေချာပေါက် ထိတ်လန့်စရာ မြင်ကွင်းတစ်ခုကို သူတို့ မြင်လိုက်ကြရသည်။ အဆုံးမဲ့ ကန္တာရကြီးထဲတွင် စိတ်ကူးဖြင့် မှန်းဆ၍ မရနိုင်သော အစိမ်းရောင် ကြယ်ပွင့်လေးများကို မြင်လိုက်ကြရပါသည်။
၎င်းတို့မှာ စူပါမိုးခေါင်ပင်များ၏ အတက်များ ဖြစ်ကြသည်။
စူပါမိုးခေါင်ပင်မျိုးစေ့များမှာ တကယ်ပဲ အပင်ပေါက်လာခဲ့ပါပြီ။
ထို့အပြင် ဒီလို ပြင်းထန်သည့် မိုးခေါင်ရေရှား အခြေအနေမျိုးမှာတောင် ၎င်းတို့ အညှောင့်ပေါက်ဖို့ ၂ရက်သာ ကြာ၏။
ပရော်ဖက်ဆာ ကျန်း ဒီမြင်ကွင်းကို မြင်သောအခါ ချက်ချင်းဆိုသလိုပဲ သူ့အထက်လူကြီးများကို ခေါ်လိုက်ပြီး အခြေအနေကို တင်ပြလိုက်ပါသည်။
နောက်ထပ် ရက်အနည်းငယ်ကြာသောအခါ ပရော်ဖက်ဆာကျောင်းနှင့် သူ့အဖွဲ့ဝင်များက စူပါမိုးခေါင်ပင် ဘာလဲဆိုတာ တကယ် မြင်ခဲ့ရပါသည်။
ထိုအပင်ပေါက်များက သေးငယ်သော်လည်း ပူပြင်းသည့် နေရောင်အောက်တွင် ကျားကုတ်ကျားခဲ ကြီးထွားနေကြသည်။
နေ့တိုင်း နေ့တိုင်း အစက ပြန့်ကြဲနေသည့် အစိမ်းရောင်လေးများမှာ တဖြည်းဖြည်းဖြင့် ပိုသိပ်သည်းလာခဲ့သည်။ တိုတောင်းသည့် ရက်သတ္တပတ်အတွင်းမှာပင် နောက်ဆုံးတော့ အစိမ်းရောင် ပင်လယ်ပြင်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
ပရော်ဖက်ဆာ ကျောင်းနှင့် အဖွဲ့ဝင်များ လုံးဝ ထိတ်လန့်သွားခဲ့ရပါသည်။
"ကောင်းလိုက်တာ တကယ်ကောင်းလိုက်တာ"
ပရော်ဖက်ဆာကျောင်းက တစ်လက်မကျော် ကြီးထွားနေပြီ ဖြစ်သည့် စူပါမိုးခေါင်ပင်ရှေ့တွင် ဒူးထောက်ထိုင်လိုက်ပြီး မျက်နှာတွင်လည်း မျက်ရည်များ ပြည့်လျှံနေပါသည်။
တခြားသူများလည်း ပျော်ရွှင်ဝမ်းမြောက်သွားကြ၏။
သူတို့ရှေ့က ထိတ်လန့်စရာမြင်ကွင်းမှာ ကမ္ဘာကြီးအတွက် ဘယ်လောက်အရေးပါမှန်း သူတို့နားလည်ကြပါသည်။