အပြာရောင် စိတ်ဝိညာဉ်
Vol. 24 Ch. 320
အခုဆိုရင် လီဖူချန်းဟာ ဓားကျောက်စာတိုက် ချိုင့်ဝှမ်းထဲကို အကန့်အသတ်မရှိ စိတ်ကြိုက် သွားလာနိုင်ပြီ ဖြစ်တဲ့အတွက် သူ့ရဲ့ ထောက်ပံ့ရေး ရမှတ်တွေကို ချင့်ချိန်နေစရာ မလိုတော့ပါဘူး။ သူက အလျင်အမြန်ပင် သိုင်းကျမ်းဆောင်ကို သွားပြီး ဆန်းကြယ် အထွတ်အထိပ်အဆင့် ဓားသိုင်းတစ်ခုကို ရွေးချယ်ဖို့ ပြင်ဆင် လိုက်ပါတယ်။
လီဖူချန်းက အပူဓာတ်ကို အခြေခံတဲ့ အစစ်အမှန် ငရဲမီးတောက် အတွင်းအားကို လေ့ကျင့်ထားတဲ့ အတွက် သူ ရွေးယူလိုက်တဲ့ ဓားသိုင်းဟာ ငရဲမီးဓားသိုင်းက လွဲပြီး အခြားဓားသိုင်း ဖြစ်စရာ အကြောင်း မရှိပါဘူး။
သည်ဓားသိုင်းက အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ အကောင်းဆုံး သိုင်းပညာရပ် ၅၀ထဲက တစ်ခု ဖြစ်ပါတယ်။ အဲဒီအတွက် လီဖူချန်းအနေနဲ့ သူရွေးချယ်လိုက်တဲ့ ဓားသိုင်းနဲ့ ပတ်သက်ပြီး အားငယ်နေစရာ မလိုပါဘူး။ ပြီးတော့ သည်ဓားသိုင်းဟာ သူ့ရဲ့ အတွင်းအား ကျင့်စဉ်နဲ့လည်း လိုက်ဖက် လွန်းလှပါတယ်။
အစောပိုင်းတုန်းကတော့ လီဖူချန်းရဲ့ ထောက်ပံ့ရေး ရမှတ်တွေဟာ ငရဲမီးဓားသိုင်းကို ရွေးချယ် ရယူရုံလောက်သာ ရှိနေတော့တာပါ။ ဒါပေမဲ့ အိုးရန်ဝမ်းထင်က သူ့ကို အထူးအခွင့်အရေး အနေနဲ့ သူရယူလိုတဲ့ ပညာရပ်တိုင်းရဲ့ ၁၀ ရာခိုင်နှုန်းကိုသာ ပေးချေစေခဲ့တယ်လေ။ အဲဒီအတွက် လီဖူချန်းဟာ ငရဲမီးဓားသိုင်းကို ရွေးယူခဲ့ပြီးတာတောင်မှ ထောက်ပံ့ရေး ရမှတ်တွေ အများကြီး ကျန်နေပါသေးတယ်။
" ကောင်းလိုက်တဲ့ ဓားသိုင်း "
ငရဲမီးဓားသိုင်းဟာ စုစုပေါင်းမှ လေးကွက်သာ ရှိပါတယ်။ အကွက်တိုင်းဟာ ကြောက်စရာ ကောင်းလောက်အောင် ပြင်းထန်လွန်းတယ် ဆိုတာကိုတော့ ဘယ်လိုမှ ငြင်းလို့ မရပါဘူး။ ပထမဆုံး ဓားကွက်ကိုတော့ မီးပင်လယ်ဟု ခေါ်ပြီး နာမည် ကြားလိုက်တာနဲ့ ဘယ်လောက်အထိ ပြင်းထန်တယ် ဆိုတာကို ရိပ်မိနိုင်ပါတယ်။ သည်ဓားကွက်ရဲ့ အပူချိန်က ရွှေတွေနဲ့ သတ္တုတွေကိုတောင်မှ အရည်ပျော်ကျ စေနိုင်တဲ့ အထိပါပဲ။ တစ်ဖက်ရန်သူရဲ့ ချီအကာအကွယ်ကို ကျော်ဖြတ်ဖို့ ဆိုတာတော့ စဉ်းစားနေစရာကို မလိုပါဘူး။
ဖျက်ဆီးနိုင်စွမ်း ဆိုရင်လည်း မိစ္ဆာနှင် ဓားသိုင်းထက် အများကြီး ကောင်းပါတယ်။
ဒါပေမဲ့ ဒီငရဲ မီးဓားသိုင်းကို ကျင့်ရတာက လွယ်တာတော့ မဟုတ်ပါဘူး။ လီဖူချန်းရဲ့ အပြာနုရောင် စိတ်ဝိညာဉ်နဲ့တောင်မှ သည်ဓားသိုင်းရဲ့ အကြို ပြီးပြည့်စုံခြင်း အဆင့်အထိ ရောက်အောင် နှစ်ပတ်လောက် အချိန်ပေးခဲ့ရပါတယ်။
တကယ်လို့ သူ့အနေနဲ့ ငရဲမီးဓားသိုင်းရဲ့ ပြီးပြည့်စုံခြင်း အဆင့်အထိ ရောက်အောင် လေ့ကျင့်မယ် ဆိုရင်တော့ လအနည်းငယ်လောက် အချိန်ပေးဖို့ လိုအပ် ပါလိမ့်မယ်။
' ဆန်းကြယ် အထွတ်အထိပ် အဆင့် ဓားသိုင်းဆိုတဲ့ အတိုင်းပဲ။ ဒီဓားသိုင်းကို လေ့ကျင့်ဖို့ အတွက် ငါ့ရဲ့ အချိန်တွေ အများကြီး ပေးရမှာပါလား ... ... ။ ဟူး ... ... ငါ့ရဲ့ လေ့ကျင့်နှုန်းက အတော်လေး နှေးနေသေးတာပဲ။ '
လီဖူချန်းက ခပ်တိုးတိုးလေး ညည်းတွား လိုက်ပါတယ်။
လီဖူချန်း တစ်ယောက် အခုလို တွေးနေတာကို သိရင်တော့ ကျန်တဲ့ လူတွေဟာ သူ့ကို သတ်ချင်စိတ်တွေ ပေါက်လာမှာ အသေအချာပါပဲ။
ဆန်းကြယ် အထွတ်အထိပ် အဆင့် သိုင်းပညာရပ် တစ်ခုကို လအနည်းငယ် အတွင်းမှာ အကြို ပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့်နိုင်ရင်တောင်မှ အတော်လေး မြန်နေပြီလို့ ပြောနိုင်ပါတယ်။
ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေတောင်မှ လီဖူချန်းလို နှစ်ပတ်တည်းနဲ့ အကြို ပြီးပြည့်စုံခြင်း အဆင့်ရောက်အောင် မလေ့ကျင့်နိုင်ခဲ့ပါဘူး။ ပြီးပြည့်စုံခြင်း အဆင့်ဆိုရင်တော့ ပြောမနေ ပါနဲ့တော့။
တန်ကျင်းယွန်၊ ချူးယီ နဲ့ စီးတုလေ့တို့လို လက်ရွေးစင် ပါရမီရှင်တွေတောင်မှ သူတို့ရဲ့ ဆန်းကြယ် အထွတ်အထိပ်အဆင့် သိုင်းပညာရဲ့ ပြီးပြည့်စုံခြင်း အဆင့်အထိ ရောက်ဖို့ အတွက် အနည်းဆုံး တစ်နှစ်မက လေ့ကျင့်ခဲ့ရတာပါ။ ပြီးတော့ သူတို့ဟာ အသည်းအသန် ကြိုးစားခဲ့ရတာ ဖြစ်ပါတယ်။
အခုတော့ လီဖူချန်းက လပေါင်း အနည်းငယ်လောက် လေ့ကျင့်ရုံနဲ့ ငရဲမီးဓားသိုင်းရဲ့ ပြီးပြည့်စုံခြင်း အဆင့်အထိ ရောက်သွားနိုင်တာကို နှေးတယ်ဟု ဆိုကာ ညည်းတွား နေသည် မဟုတ်ပါလား။
ယနေ့မှာတော့ လီဖူချန်းဟာ ထုံးစံအတိုင်း သူ့ရဲ့ ငရဲ မီးဓားသိုင်းကို လေ့ကျင့်နေပါတယ်။ သူက ငရဲမီးဓားသိုင်းရဲ့ ပြီးပြည့်စုံခြင်း အဆင့်အထိ မရောက်သေးဘဲနဲ့ ဓားကျောက်စာတိုင် ချိုင့်ဝှမ်းကို သွားဖို့ အစီအစဉ် မရှိပါဘူး။
လီဖူချန်းရဲ့ စိတ်ထဲမှာတော့ ငရဲမီးဓားသိုင်းရဲ့ ပြီးပြည့်စုံခြင်း အဆင့်အထိ မရောက်သေးဘဲနဲ့ ဓားကျောက်စာတိုင် ချိုင့်ဝှမ်းကို သွားတယ်ဆိုတာက အချိန်ဖြုန်းတာနဲ့ အတူတူပါပဲ။
ယနေ့မှာတော့ လီဖူချန်းဟာ ငရဲမီးဓားသိုင်း လေ့ကျင့်နေရင်းနဲ့ ထူးဆန်းတာ တစ်ခုကို ခံစား လိုက်ရပါတယ်။ အဲဒါကတော့ သူ့ရဲ့ ခန္ဓာကိုယ် လှုပ်ရှားမှုတွေက အခါတိုင်းနဲ့ မတူ အတင်း လုပ်ယူစရာ မလိုဘဲ ငရဲမီး ဓားသိုင်း လှုပ်ရှားမှုတွေနဲ့ လိုက်လျော ညီထွေမှု ရှိနေတာပါပဲ။
' ဖြစ်နိုင်တာက ... '
လီဖူချန်းက တစ်စုံတစ်ခုကို သတိရသွားတဲ့အတွက် သူ့ရဲ့ စိတ်ဝိညာဉ် နယ်ပယ်ထဲကို အလျင်အမြန် ဝင်ရောက် လိုက်ပါတယ်။
ထို့နောက်မှာတော့ လီဖူချန်းဟာ အကြောင်းအရင်းကို သိလိုက်ရပါပြီ။
သူ့ရဲ့ စိတ်ဝိညာဉ် နယ်ပယ်ထဲမှာတော့ အပြာရောင်နုရောင် စိတ်ဝိညာဉ်ဟာ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်ဖြစ်ပြီး အပြာရောင်ဘက်ကို ကူးပြောင်းလျက် ရှိနေပါတယ်။
သည်အပြာရောင် စိတ်ဝိညာဉ်က လုံးဝကို အပြစ် အနာအဆာမရှိတဲ့ အပြာရောင် သလင်း ကျောက်လုံးလေး တစ်ခုပါပဲ။ ဒီသလင်းကျောက်ထံကနေ မသန့်စင်တဲ့ အငွေ့အသက် တစ်ခုကိုတောင်မှ ခံစားလို့ မရပါဘူး။ ပြီးတော့ ကောင်းကင်ပေါ်က ကြယ်ပင်လယ်တွေလို ထူးဆန်းပြီး အမျိုးအမည်မသိတဲ့ ခံစားချက်မျိုးကို ပေးစွမ်း နေပါသေးတယ်။
နဂိုက ဘာမှမရှိတဲ့ လီဖူချန်းရဲ့ အပြာရောင် စိတ်ဝိညာဉ် ပေါ်မှာတော့ အမျိုးအမည်မသိတဲ့ အနက်ရောင် အနားသတ် မျဉ်းကြောင်းတွေ ဖြစ်ပေါ်လာခဲ့ပါပြီ။ သည်မျဉ်းကြောင်းတွေဟာ ရှုပ်ယှက်ခတ် နေပေမယ့်လည်း တစ်ခုနဲ့တစ်ခု ဆက်သွယ်ဖို့ ကြိုးစားနေဆဲပါပဲ။ ဒါပေမဲ့ အချို့သော မျဉ်းကြောင်းတွေသာ ဆက်သွယ်မိပြီး ပြီးပြည့်စုံတဲ့ ပတ်လမ်းတွေ ဖြစ်ပေါ်စေပါတယ်။
သည်ဖြစ်ရပ်ဟာ သူ့ရဲ့ စိတ်ဝိညာဉ် အပြာနုရောင် အဖြစ် ပြောင်းလဲ သွားတုန်းကလည်း တစ်ကြိမ် ဖြစ်ခဲ့ပြီးပါပြီ။ အခုက နောက်ထပ် တစ်ကြိမ် ပြန်ဖြစ်လာတာပါ။ ဒါပေမဲ့ သည်တစ်ကြိမ် မျဉ်းကြောင်းတွေက ပိုပြီး များပြား ရှုပ်ထွေးလှပါတယ်။
ဂျစ် ... ဂျစ် ... ... ဂျစ် ... ...
အပြာရောင် လျှပ်စစ်စီးကြောင်း တစ်ခု ပေါက်ကွဲ ထွက်လာပြီး မျဉ်းကြောင်းတွေ ဆက်သွယ်ထားတဲ့ ပတ်လမ်းအတိုင်း စီးဆင်းလာခဲ့ချေပြီ။
အပြာရောင် လျှပ်စစ်စီးကြောင်း ဖြစ်ပေါ်လာပြီး နောက်မှာတော့ မျဉ်းကြောင်းတွေဟာ ပိုပြီးချိတ်ဆက်မှု မြန်လာခဲ့သလို ပတ်လမ်းတွေရဲ့ အရေအတွက် ကလည်း ပိုများလာခဲ့ပါတယ်။
အချိန်တွေ ဘယ်လောက်အထိ ကြာလို့ ကြာသွားခဲ့မှန်းတောင် မသိတော့ပါဘူး။ နောက်ဆုံးမှာတော့ လျှပ်စီးကြောင်း တွေတောင် ပြန်ပြီး ပျောက်ကွယ် သွားခဲ့ပါပြီ။ လီဖူချန်ရဲ့ စိတ်ဝိညာဉ် ပေါ်မှာလည်း ပတ်လမ်းတွေက ၂ဆနီးပါး ရှိနေခဲ့ပါတယ်။ ဒီပတ်လမ်းကြောင်းတွေက ဘာအစွမ်း ရှိလည်း ဆိုတာကိုတေ့ာ လီဖူချန်း ကိုယ်တိုင်လည်း သေသေချာချာ မသိပါဘူး။
ဖျောက် ... ... ဖျောက် ... ဖျောက် ... ...
အနက်ရောင် မျဉ်းကြောင်းတွေဟာလည်း တဖျတ်ဖျတ် တောက်ပလာပြီးနောက်မှာတော့ တစ်ခါမှ မရှိခဲ့ဘူးသည့်အလား ပျောက်ကွယ် သွားပါတော့တယ်။
ယခုအချိန်မှာတော့ လီဖူချန်းရဲ့ အတွေးတွေက အရင်တုန်းကထက် ပိုပြီးတော့ ရှင်းလင်းပြတ်သား လာသလိုပါပဲ။ သူ့ရဲ့ တွေးခေါ်နိုင်စွမ်းကလည်း အရင်ထက်နှစ်ဆ မြန်လာခဲ့ပါပြီ။
" ငါ့ရဲ့ စိတ်ဝိညာဉ်က ဆင့်ကဲပြောင်းလဲသွားပြီဆိုတော့ ငရဲမီးဓားသိုင်းရဲ့ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်ဖို့ အတွက် ဘယ်လောက် ကြာမလဲ ဆိုတာကို အရမ်း သိချင်လာပြီကွာ "
အရင်တုန်းက သူ့ရဲ့ လေ့ကျင့်နှုန်းနဲ့ ဆိုရင်တေ့ာ လီဖူချန်းဟာ ငရဲမီးဓားသိုင်းရဲ့ ပြီးပြည့်စုံခြင်း အဆင့်အထိ ရောက်ဖို့အတွက် အနည်းဆုံးတော့ အချိန်၆လ ကြာနိုင်ပါတယ်။
***
နောက်ထပ်နှစ်လ အကြာမှာတော့ ... ... ...
" ငရဲမီးတောက် အမြစ်ပြတ် သုတ်သင်ခြင်း "
လီဖူချန်းရဲ့ ဓားချက်တစ်ချက် ထွက်လာအပြီးမှာတော့ တောက်ပပြီး ပူလောင်လှတဲ့ ငရဲမီး ဓားချီတွေဟာ ပတ်ဝန်းကျင်တစ်ခုလုံးကို ကော်ဇောတစ်ချပ် ဖြန့်ခင်း လိုက်သလို ဖြစ်သွားခဲ့ပါပြီ။ လီဖူချန်းရဲ့ ပတ်ပတ်လည်မှာ ရှိနေတဲ့ အရာအားလုံးဟာ လောင်ကျွမ်း သွားခဲ့ပြီး ပြာအဖြစ် ပြောင်းလဲ ကုန်ပါတယ်။
"နှစ်လအတွင်းမှာပဲ ငရဲမီး ဓားသိုင်းရဲ့ ပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့်နိုင်ခဲ့တယ်။ သည်အပြာရောင် စိတ်ဝိညာဉ်က တကယ် အစွမ်းထက်တာပဲ "
လီဖူချန်းက သူ့ရဲ့ တိုးတက်မှု အပေါ်မှာ အတော်လေး အားရနေပါတယ်။
သည်ပုံစံအတိုင်း ဆက်တိုးတက် နေမယ် ဆိုရင်တော့ ငရဲမီး ဓားဆန္ဒကို နားလည် အသုံးပြု နိုင်ဖို့အတွက် သိပ်ပြီး ကြာတော့မှာ မဟုတ်ပါဘူး။ အလွန်ဆုံးကြာမှ တစ်နှစ်လောက်ပါပဲ။
ထို့နောက်မှာတော့ လီဖူချန်းဟာ ငရဲမီး ဓားသိုင်းကို ပိုပြီးနားလည် စေဖို့အတွက် ဓားကျောက်စာတိုင် ချိုင့်ဝှမ်းဆီသို့ ထွက်ခွာ လာခဲ့ပါတော့တယ်။ လီဖူချန်းရဲ့ ပထမဆုံး ရည်ရွယ်ချက်ကတော့ ငရဲမီးဓားသိုင်းရဲ့ တတ်သိ နားလည်ခြင်း အဆင့်ကို အရင်ရောက်ဖို့ပါပဲ။
" ကြည့်ကြစမ်းဟေ့ ... ... ဟိုမှာလာနေတာ ဂိုဏ်းတူအစ်ကို လီဖူချန်း မဟုတ်ဘူးလား ... "
"အစ်ကိုတော် လီဖူချန်းကတော့ တကယ့် ဒဏ္ဍာရီတွေထဲက သူရဲကောင်း တစ်ယောက်ပဲ။ သူဂိုဏ်းတော်ကို ရောက်လာတုန်းက သူက သာမန် အပြင်စည်း ဂိုဏ်းသားတစ်ယောက် အနေနဲ့ ရောက်လာခဲ့တာ။ သူ့ကို ဘယ်သူမှ မသိခဲ့ကြဘူး။ ပြီးတော့ သူရဲ့ တိုးတက်မှုနှုန်းက တဖြည်းဖြည်း မြန်လာခဲ့ပြီး ဂိုဏ်းတော်ရဲ့ နံပါတ်၁ အတွင်းစည်း တပည့် ဖြစ်လာခဲ့တယ်။ အခုဆိုရင် အစ်ကိုတော် လီဖူချန်းက အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ နံပါတ်၁ ကြယ်ဘုရင်တောင် ဖြစ်လာခဲ့ပြီကွ"
" ငါကတော့ အစ်ကိုတော် လီဖူချန်းရဲ့ တစ်ဝက်လောက် အစွမ်းထက်ရက်ကို သေပျော်ပါပြီကွာ"
အခုချိန်မှာတော့ လီဖူချန်းဟာ လူငယ်တိုင်းရဲ့ ရင်ထဲက ဒဏ္ဍာရီလာ သူရဲကောင်း တစ်ယောက်ပါပဲ။ သူ့အနေနဲ့ ဘယ်နေရာကို သွားသွား လူတိုင်းရဲ့ အာရုံစိုက်မှုကနေ လွတ်စရာ အကြောင်းမရှိပါဘူး။
ဖန်လီဟိုင်ကတော့ လီဖူချန်း တစ်ယောက် ဓားကျောက်စာတိုင်ဆီကို လာနေတာ မြင်လိုက်တာနဲ့ တစ်ပြိုင်နက် လီဖူချန်းနဲ့ အဝေးဆုံးသို့ သုတ်ခြေတင် ပါတော့တယ်။
ဓားကျောက်စာတိုက် ချိုင့်ဝှမ်းမှာတော့ လီဖူချန်းရဲ့ ငရဲမီးဓားသိုင်းအပေါ် နားလည် သဘောပေါက်နှုန်းဟာ အဆပေါင်းများစွာ ပိုပြီး မြန်လာခဲ့ပါပြီ။ လဝက် အတွင်းမှာပဲ သူဟာ တတ်သိ နားလည်ခြင်း အဆင့်ကို ကျော်ပြီး အလုံးစုံ တတ်သိ နားလည်ခြင်း အဆင့်အထိ ရောက်လာခဲ့ပါတယ်။ ဒါက တကယ့်ကို စံချိန်တင် လေ့ကျင့်နှုန်းပါပဲ။
ဒါပေမဲ့ လီဖူချန်းအတွက် ငရဲမီး ဓားဆန္ဒကို နားလည် အသုံးပြုနိုင်ဖို့က ခဲယဉ်းနေပါသေးတယ်။ နောက်ထပ် နှစ်ပတ်တိတိ လေ့ကျင့်ခဲ့တာတောင်မှ သူဟာ ငရဲမီး ဓားဆန္ဒကို နားလည် အသုံးပြုနိုင်ခြင်း မရှိသေးပါဘူး။
" မလောနဲ့ လီဖူချန်း ... ... အရမ်းမလောနဲ့။ ငရဲမီးဓားသိုင်းရဲ့ တတ်သိ နားလည်ခြင်း အဆင့်တောင်မှ မိစ္ဆာနှင် ဓားသိုင်းထက် အများကြီး အစွမ်းထက် နေတာလေ။ မင်းက ငရဲမီးဓားသိုင်းရဲ့ အလုံးစုံ တတ်သိ နားလည်ခြင်း အဆင့်တောင် ရောက်နေပြီပဲ။ သည်လောက်ကြီး လောနေဖို့ မလိုပါဘူး"
လီဖူချန်းက ငရဲမီးဓားဆန္ဒကို နားလည် အသုံးပြုနိုင်ဖို့ အရမ်းဆန္ဒစောနေတဲ့ သူ့အဖြစ်ကို သတိပြုမိသွားခဲ့ပါပြီ။
***
-မျောလွင့်တိမ် တောင် -
မိုးပြာရောင်ဂိုဏ်းဟာ လီကလန်ကို တောင်တစ်ခု အပိုင်စား ပေးထားခဲ့ပါတယ်။ ဒီတောင်ဟာ မိုးပြာရောင် ဂိုဏ်းတစ်ခုလုံးနဲ့ ယှဉ်ရင် အတော်လေး သေးငယ်ပေမယ့်လည်း လီကလန်အတွက်တော့ လုံလောက်မက လုံလောက်နေခဲ့ပါပြီ။
ဒီတောင်ဟာ လီကလန် ၁၀ခု နေလို့ရတဲ့အထိကို ကျယ်ဝန်းလှပါတယ်။ နောက်ထပ် နှစ်၁၀၀လောက် ကြာသွားခဲ့ရင်တောင်မှ လီကလန်အနေနဲ့ နေရာမလုံလောက်မှာကို စိုးရိမ်စရာ မလိုပါဘူး။
လွန်ခဲ့တဲ့ လအနည်းငယ်ကစပြီး လီကလန်တစ်ခုလုံးဟာ မျောလွင့်တိမ် တောင်ကို ပြောင်းရွှေ့ လာခဲ့ပြီးပါပြီ။ လီကလန်ရတဲ့ အရင်းအမြစ်တွေဟာ မိုးပြာရောင်ဂိုဏ်းရဲ့ အဓိက ကလန်ကြီးတွေလောက် မများပေမယ့်လည်း လီကလန်လို ကလန်ငယ်လေး တစ်ခုအတွက်တော့ အတော်လေးကို များပြားလှတဲ့ ပမာဏ တစ်ခုပါပဲ။ သည်နှစ်အတွက် ဂိုဏ်းတော်က ထောက်ပံ့တဲ့ ငွေကြေးနဲ့ အရင်းအမြစ် ပစ္စည်းတွေဟာ လီကလန်ရဲ့ ခေါင်းဆောင် လီရှန်းဟန်ကိုတောင် မျက်လုံး ပြူးသွားစေခဲ့ပါတယ်။
လီကလန်လို ကလန်ငယ်လေး တစ်ခုအတွက် ဒီအရင်းအမြစ်တွေဟာ နောက်ထပ် နှစ်ပေါင်းအနည်းငယ် ကြာရင်တောင် သုံးလို့ ကုန်သွားဦးမှာ မဟုတ်ပါဘူး။
****
" သခင်လေး ဖူချန်း "
" အစ်ကို ဖူချန်း "
မျောလွင့်တိမ်တောင်ရဲ့ တောင်တက်လမ်းအတိုင်း တက်လာတဲ့ လီဖူချန်းကို မြင်လိုက်ရတဲ့ လီကလန်သားတိုင်းက လေးစားအားကျစွာဖြင့် နှုတ်ဆက် နေကြပါတယ်။
မျောလွင့်တိမ် တောင်ထိပ်ကို ရောက်ခါနီးမှာတော့ လီဖူချန်းဟာ သူနဲ့ရင်းနှီးတဲ့ အသံတစ်ခုကို ကြားလိုက် ရပါတယ်။
" အစ်ကို ဖူချန်း "
လီဖူချန်းကို နှုတ်ဆက်လိုက်သူကတော့ လီယွန်ဟီပါပဲ။
လီယွန်ဟီက ကျင့်ကြံဖို့အတွက် တောင်အောက်ကို ဆင်းလာတာပါ။ သူက လီဖူချန်းကို တွေ့တွေ့ချင်းမှာပဲ အလျင်အမြန် နှုတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ သူ့အနေနဲ့ လီဖူချန်းကို အရင်တုန်းလို နာမည် တိုက်ရိုက်ခေါ်ဖို့ သတ္တိ မရှိတော့ပါဘူး။
လီဖူချန်းက လီယွန်ဟီကို အသိအမှတ်ပြုဟန်ဖြင့် ခေါင်းတစ်ချက် ညိတ်ကာ ပြုံးပြလိုက်ပြီး တောင်ပေါ်ကို ဆက်တက် သွားပါတော့တယ်။
လီယွန်ဟီက အခုမှ အသက်ဝဝ ရှူရဲပါတော့တယ်။ သူက လီဖူချန်းအနေနဲ့ အရင်တုန်းက အဖြစ်အပျက်တွေကို ရန်ငြိုး ထားမှာကို စိုးရိမ်နေတာပါ။
ရှင်းရှင်း ပြောရမယ် ဆိုရင်တော့ ဒါက လီယွန်ဟီအနေနဲ့ အစိုးရိမ် ကြီးလွန်းတယ်လို့ ပြောရမှာပါပဲ။ လီဖူချန်းလို လူတစ်ယောက်ဟာ လူတစ်ယောက်ကို တေးမှတ်ထားပြီး အနိုင်ပြန်ကျင့်မှာ မဟုတ်ပါဘူး။
လီကလန် ခေါင်းဆောင်ရဲ့ ခြံဝင်းထဲမှာတော့ လီရှန်းဟန်၊ ရှန်းယုရန် နဲ့ လီရှောင်ထန်တို့ ရှိနေပါတယ်။ အခုဆိုရင် လီရှောင်ထန်ဟာ ရှန်းယုရန်ရဲ့ သမီးတစ်ယောက်လိုကို ဖြစ်နေပါပြီ။
" အစ်ကိုဖူချန်း ... ... "
လီဖူချန်းကို မြင်လိုက်တဲ့ လီရှောင်ထန် ကတော့ အားရပါးရ အော်ဟစ်ပြီး နှုတ်ဆက် လိုက်ပါတယ်။ လီဖူချန်းက ယခုလက်ရှိ သူမရဲ့ ဘဝကို ပေးအပ်ခဲ့တဲ့ သူပင် မဟုတ်ပါလား။ သူမဟာ အခြားသူတွေလို ပင်ကိုပါရမီအား ကောင်းတဲ့ သူတစ်ယောက် မဟုတ်ပါဘူး။
ဒါပေမဲ့ ခုနစ်ရောင်ခြယ် စပျစ်သီးကို စားအပြီးမှာတော့ သူမရဲ့ အရိုးတည်ဆောက်ပုံဟာ ကြယ်၁ပွင့် အဆင့်ကို ရောက်သွားခဲ့သလို သူမရဲ့ ကျင်ကြံမှု နှုန်းကလည်း ပိုမြန်လာခဲ့ပါတယ်။ သူမ အနေနဲ့ မြေကမ္ဘာ ပညာရှင် ဖြစ်လာဖို့တောင် အခွင့်အရေး ရှိနေပါပြီ။
" အဖေ ... ... အမေ ... ... ။ ဖူချန်း အိမ်ပြန်လာခဲ့ပါပြီ"
လီဖူချန်းက ရယ်ရယ်မောမောနဲ့ သူ့မိဘနှစ်ပါးကို အသိပေးလိုက်ပါတယ်။
" ဖူချန်း ... ... သားရောက်လာတာ အချိန်ကိုက်ပဲ။ အမေတို့က နေ့လယ်စာ စားမလို့ ပြင်ဆင် နေကြတာလေ။ သားပါ ဝင်စားလိုက်ပါလား ... ... "
ရှန်းယုရန်ကလည်း သူမရဲ့ ချစ်သားကြီးကို နေ့လယ်စာ စားဖို့ ခေါ်လိုက်ပါတယ်။
လီဖူချန်းကလည်း ခေါင်းညိတ်လိုက်ပြီး
" စားရမှာပေါ့ အမေရာ ... ... ။ သားက အမေ့လက်ရာကို လွမ်းနေတာ"
လီဖူချန်းတစ်ယောက် မျောလွင့်တောင်ဆီကို လာခဲ့တာက သူ့မိဘနှစ်ပါးနဲ့ ရှောင်ထန်ကို တွေ့ဖို့ပါပဲ။ သူ့အနေနဲ့ သည်လို ထမင်းလက်ဆုံ စားဖို့ အခွင့်အရေးကို လက်လွှတ်ခံမှာ မဟုတ်ပါဘူး။
လီရှန်းဟန်ကလည်း တပြုံးပြုံးဖြင့် စကားဝိုင်းထဲကို ဝင်လာခဲ့ပါပြီ။
" တော်သေးတာပေါ့ကွာ ... ... ။ မင်းက အိမ်နဲ့ မိဘနှစ်ပါးကိုတော့ မမေ့သေးဘူးဘဲ "
" တောင်းပန်ပါတယ် အဖေနဲ့ အမေ။ ကျွန်တော် နောက်ဆို အိမ်ကို မကြာမကြာ ပြန်လာပါ့မယ်"
လီဖူချန်းက ပြန်ပြောလိုက်ပါတယ်။
ရှန်းယုရန်က လီရှန်းဟန်ရဲ့ ပခုံးအား ရိုက်လိုက်ပြီး ဆူပူ ကြိမ်းမောင်းပါတော့တယ်။
" ရှန်းဟန် ... ... ရှင်ဘယ်လို ပြောလိုက်တာလဲ ... ... ။ ကျွန်မရဲ့ သားက ကြိုးကြိုးစားစား လေ့ကျင့်ခဲ့လို့သာ အခုလို ဖြစ်လာတာလေ။ သည်စကားက အဖေ တစ်ယောက်က သားတစ်ယောက်ကို ပြောသင့်တဲ့ စကားလား ... ... "
လီရှန်းဟန်က ပုခုံးလေး ကျုံ့ဝင်သွားပြီး အသံ တစ်စက်တောင် မထွက်လာတော့ပါဘူး။
သြော် ... ... ကလန်တစ်ခုရဲ့ ခေါင်းဆောင် ဖြစ်ပေမယ့်လည်း မိန်းမကိုတော့ ကြောက်ရတာပါပဲလေ ... ... ။
နေ့လယ်စာကို ပြင်ဆင် အပြီးမှာတေ့ာ လီဖူချန်းတို့ဟာ ပျော်ရွှင်စွာနဲ့ ထမင်းလက်ဆုံ စားကြပါတော့တယ်။ လီဖူချန်းရဲ့ ရိုက်ခတ်မှုက ဘယ်လောက်အထိ အစွမ်းထက်သလဲ ဆိုတော့ အိပ်ရာထဲမှာ လှဲနေတဲ့ လီရှောင်ထန်ရဲ့ အမေတောင် အပြင်ထွက်လာတဲ့ အထိပါပဲ။
နောက်ထပ် ရက်အနည်းငယ် ကြာတဲ့အထိ လီဖူချန်းဟာ မျောလွင့် တိမ်တောင်ပေါ်မှာ မိသားစုနဲ့ အချိန်ဖြုန်း နေပါသေးတယ်။
" ဟင် ... ... ငါ့ရဲ့ အတွင်းအားကျင့်စဉ်က အဆင့်တက်တော့မှာလား ... "
သည်လိုနဲ့ တစ်ရက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ ခန္ဓာကိုယ်ထဲက အတွင်းအား ပြောင်းလဲမှုတွေကို သတိထားမိ ခဲ့ပါပြီ။
သူက အစစ်အမှန် ငရဲမီးတောက် အတွင်းအားကျင့်စဉ်ရဲ့ အဆင့်၁၇ကို ချိူးဖောက် ဝင်ရောက် ခဲ့တာတောင်မှ သိပ်မကြာသေးပါဘူး။ ဒီအတောအတွင်းမှာ ဆိုရင် လီဖူချန်းဟာ သူ့ရဲ့ ငရဲမီးတောက် အဆင့်၁၇ အတွင်းအားကို အခြေတကျ ဖြစ်အောင်သာ လုပ်ဆောင်ခဲ့တာပါ။ လီဖူချန်း အနေနဲ့ သူ့ရဲ့ အတွင်းအား ကျင့်စဉ်ဟာ ဒီလောက် အချိန်တိုအတွင်းမှာ နောက်ထပ် တစ်ဆင့်ကို ချိူးဖောက် ဝင်ရောက် နိုင်လိမ့်မယ်လို့ လုံးဝ မမျှော်လင့် ထားခဲ့ပါဘူး။
သည်အဖြစ်အပျက်က သူ့ရဲ့ အပြာရောင် စိတ်ဝိညာဉ်ကြောင့် ဖြစ်လာတယ်ဆိုတာ လုံးဝ သေချာနေခဲ့ပါပြီ။ အပြာရောင် စိတ်ဝိညာဉ်ရဲ့ အထောက်အပံ့ မပါရင်တော့ ဒီလိုဖြစ်စရာ အကြောင်းမရှိပါဘူး။
လီဖူချန်းက မျောလွင့်တိမ် တောင်ပေါ်မှာ သူ့ရဲ့ အတွင်းအားကျင့်စဉ် အဆင့်တက်မှုကို မလုပ်ဆောင်လိုတဲ့ အတွက် မိုးပြာရောင်ဂိုဏ်းရဲ့ အတွင်းပိုင်းထဲကို သွားလိုက်ပါတယ်။
လူသူမနီးတဲ့ တောင်တစ်ခုကို အရောက်မှာတော့ လီဖူချန်းဟာ ကြာပန်းပုံသဏ္ဌာန် ထိုင်ချလိုက်ပါပြီ။ သူ့ရဲ့ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ ဆေးပင်တစ်ခု ပေါ်လာခဲ့ပါတယ်။
ဒီဆေးပင်ဟာ တစ်ဝက်က မီးလိုပူပြီး တစ်ဝက်က ရေခဲတမျှ အေးစက် နေပါတယ်။ ဟုတ်ပါတယ်။ ဒါက လီဖူချန်း တစ်ယောက် ဆေးပင်၁၀၀ လျှို့ဝှက်နယ်မြေထဲမှာ ရခဲ့တဲ့ ရေခဲမီးလျှံ ကြာပန်းပါပဲ။
ဒီရေခဲ မီးလျှံကြာပန်းဟာ အပူဓာတ် သို့မဟုတ် အအေးဓာတ်ကို အခြေခံတဲ့ အတွင်းအားကျင့်စဉ် လေ့ကျင့်သူတွေရဲ့ သွေးကြောတွေကို ဒဏ်ရာရစေခြင်းမှ ကာကွယ်ပေးသလို လွယ်ကူချောမွေ့စွာ အဆင့်တက် စေနိုင်စွမ်းလည်း ရှိပါတယ်။
လီဖူချန်းဟာ သူ့ရဲ့ လျှို့ဝှက်သွေး ခန္ဓာကိုယ် ဆန္ဒနဲ့တော့ အစစ်အမှန် ငရဲမီးတောက် အဆင့်၁၈ကို ချိုးဖောက် ဝင်ရောက်နိုင်မှာ မဟုတ်ဘူး ဆိုတာကို တွက်ချက် ထားပြီးပါပြီ။
ရေခဲမီးလျှံကြာပန်းရဲ့ အကူအညီ မပါရင်တော့ အစစ်အမှန် ငရဲမီးတောက် အဆင့်၁၈ရဲ့ အပူချိန်ဟာ လီဖူချန်းရဲ့ သွေးကြောတွေကို ပျက်စီးစေမှာ အသေအချာပါပဲ။
***