အသနားခံစာ
Vol. 19 Ch. 282
ဝမ်ရွှေရှန့်၏ ဗီလာထဲတွင်။
ယဲ့ရှောင်ခန်းက ဝမ်ရှင်းယီ၏ ခြံဝန်းထဲ၌ ပလွေကို မှုတ်နေပါသည်။
ပလွေမှုတ်ပြီးသွားသောအခါ ယဲ့ရှောင်ချန်း ပလွေကို ချလိုက်၏။
"အရမ်း နားထောင်ကောင်းတာပဲ။ ရှင့်ပလွေသံကို နားထောင်လို့ကို မဝဘူး။"
ဝမ်ရှင်းယီက ချိုမြိန်စွာ ပြုံးလိုက်ပါသည်။
"မင်း သဘောကျရင် ကိုယ် နေ့တိုင်း တီးမှုတ်ပေးမှာပေါ့။"
ယဲ့ရှောင်ချန်းက ပြုံးလိုက်သည်။
"လမ်းလျှောက်ကြရအောင်"
ဝမ်ရှင်းယီက ရယ်မောလိုက်၏။
ယဲ့ရှောင်ချန်း ခေါင်းငြိမ့်လိုက်ပါသည်။ သူတို့နှစ်ယောက် ဗီလာထဲမှ လက်တွဲကာ ထွက်လာပြီး ဗီလာပတ်ဝန်းကျင်တွင် လမ်းလျှောက်နေကြသည်။
ဗီလာ၏ ပတ်ဝန်းကျင်အခြေအနေက အရမ်း ကောင်းမွန်ပါသည်။ တောင်ကုန်းများက သာယာပြီး ရေများက ကြည်လင်နေ၏။ ငှက်ကလေးများက တေးဆိုနေပြီး ပန်းများကလည်း မွှေးရနံ့သင်းပျံ့နေ၏။
"ရှောင်ချန်း ကျွန်မ စဥ်းစားပြီးသွားပြီ။ ကျွန်မ အဆိုတော်လုပ်ချင်တယ်။ လီမန်ရောင်လို အဆိုတော်မျိုးလေ။"
ဝမ်ရှင်းယီက ရုတ်တရက် ပြောလိုက်ပါသည်။
"ကောင်းပြီ။ကိုယ် မင်းကို ထောက်ပံ့ပေးပါ့မယ်။"
ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်သည်။
ဝမ်ရှင်းယီ၏ အိပ်မက်ကို သူသိပါသည်။ ဟိုးအရင်တုန်းက ဂီတမဆိုဦးနှင့်။ အသံလေးတွေကို ကြားဖို့ကတောင် သူမအတွက် မဖြစ်နိုင်သော မျှော််လင့်ချက်တစ်ခုဖြစ်ခဲ့ပါသည်။
သူမ၏ အကြားအာရုံ ပြန်ကောင်းလာကတည်းက သူမ ဂီတကို စွဲလမ်းခဲ့သည်။
နေ့တိုင်း ဂီတအကြောင်း လေ့လာဖို့ အချိန်တွေ အများကြီး ပေးခဲ့သည်။
ဒီ့အတွက် ဝမ်ရွှေရှန့်ကလည်း သူမအတွက် ပရော်ဖက်ရှင်နယ် တေးဂီတ ဆရာမတစ်ယောက်ကို ငှားရမ်းပေးခဲ့ပါသည်။
သို့သော်လည်း ထိုဂီတဆရာမက ဝမ်ရှင်းယီ၏ အကြားအာရုံက အပြည့်အဝ ပြန်မကောင်းသေးဘူးဟု ယဲ့ရှောင်ချန်းကို ပြောခဲ့ပါသည်။ သူမတွင် နားအကြား အကူကိရိယာ ရှိပြီး သာမန်လူတစ်ယောက်လို ကြားနိုင်သော်လည်း သူမ ကြားရသည့် အသံက မသန့်စင်ဘဲ ဖြစ်လာနိုင်သည်။
ထို့ကြောင့် ဝမ်ရှင်းယီ၏ ဂီတအပေါ်နားလည်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပါသည်။
ထို့အပြင် ဝမ်ရှင်းယီ၏ အသံက သာမန်ဖြစ်သော်လည်း အချိန်အကြာကြီး စကားမပြောခဲ့ရပါ။ ဂီတပညာရှင်တစ်ယောက်၏ နူးညံ့မှုမျိုး လိုအပ်နေ၏။ သူမ ပြောင်းလဲဖို့က အချိန်အကြာကြီး ယူရပါလိမ့်မည်။
တနည်းအားဖြင့် ဝမ်ရှင်းယီ တကယ်သာ အဆိုတော် ဖြစ်ချင်ပါက သူမ အောင်မြင်ဖို့ အလွန်ခက်ခဲပါလိမ့်မည်။
သို့သော်လည်း ယဲ့ရှောင်ချန်းက ဝမ်ရှင်းယီ၏ ဆုံးဖြတ်ချက်အားလုံးကို ထောက်ခံပါသည်။
ဒီကောင်မလေးက အများကြီး ဆုံးရှုံးခဲ့ရမှန်း သူသိသည်။ ယခု သူမတွင် အကုန်လုံးကို အစက ပြန်စတင်ဖို့ အခွင့်အရေး ရလာပြီ ဖြစ်၏။ အခက်အခဲများဖြင့် ပြည့်နှက်နေသော်လည်း ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် လျှောက်လမ်းနိုင်ပါသည်။
ဘာပဲဖြစ်ဖြစ် သူ ကြိုးစားကြည့်ရမည်။
ထို့အပြင် ယဲ့ရှောင်ချန်းမှာလည်း အကြံရှိပြီးသား ဖြစ်သည်။ သူမ၏ အိပ်မက်ကို ထောက်ပံ့ပေးပြီး သူမအတွက် အကောင်းဆုံး အခြေအနေကို ဖန်တီးပေးရပါမည်။
သူတို့နှစ်ယောက် စကားပြောလာရင်း ဆန့်ကျင်ဘက်မှ လူတချို့ ရုတ်တရက်လမ်းလျှောက်လာကြသည်။
"လီမန်ရောင်လား။"
ရုတ်တရက် ဝမ်ရှင်းယီက နေကာမျက်မှန် ဝတ်ထားသည့် အမျိုးသမီးကို လက်ညှိုးထိုးပြကာ အံ့အားသင့်စွာဖြင့် ပြောလိုက်၏။
သူမ နေကာမျက်မှန်နှင့် ဦးထုတ်ကို ဝတ်ထားသော်လည်း သူမကို မှတ်မိလိမ့်မည်ဟု လီမန်ရောင် မထင်ထားခဲ့ပါ။ သူမ ရင်ထဲတွင် မဲ့ပြုံးပြုံးလိုက်မိ၏။
သူတို့က ပလွေတီးမှုတ်သူကို ထွက်ရှာနေကြခြင်း ဖြစ်သည်။
သို့သော်လည်း ဒီနယ်မြေက ကျယ်လွန်း၏။ ဗီလာအရေအတွက်က သိပ်ပြီးမများသော်လည်း ဦးတည်ချက်ကို ပြောဖို့က ခက်ခဲပါသည်။
သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်က ပလွေကိုင်ထားသူတစ်ယောက်နှင့် တွေ့ရဖို့ပဲ ဖြစ်သည်။
"လီမန်ရောင် ကျွန်မ ရှင့်သီချင်းတွေကို အရမ်း သဘောကျတာ။ ကျွန်မကို လက်မှတ်လေး ထိုးပေးလို့ ရမလား။"
ဝမ်ရှင်းယီက သူမထံသို့ ပြေးသွားပါပြီ။
ယဲ့ရှောင်ချန်းက ပြုံးလိုက်၏။ နာမည်ကျော်တွေကတော့ တကယ့်ကို သြဇာညောင်းတာပဲ။ ဝမ်ရှင်းယီတောင် သူတို့ကို အရမ်းသဘောကျတယ်။
"ရပါတယ်။"
လီမန်ရောင်က အလွန်သဘောကောင်းသည့်ပုံပင်။ သူမရပ်လိုက်ပြီး သူမ၏ အေးဂျင့်ထံမှ ဘောပင်တစ်ချောင်းကို ယူလိုက်၏။ ထို့နောက် သူမ၏ အမည်ကို ဝမ်ရှင်းယီ၏ အဖြူရောင် ရှပ်အင်္ကျီပေါ်တွင် ရေးလိုက်ပါသည်။
"ရှောင်ချန်း မြန်မြန်လာလေ။ ရှင်လည်း လီမန်ရောင်ရဲ့ လက်မှတ်ကို ယူရမယ်။"
ဝမ်ရှင်းယီက ယဲ့ရှောင်ချန်းကို အမြန်လက်ရမ်းပြလိုက်၏။
ယဲ့ရှောင်ချန်းလည်း ရွေးစရာမရှိတော့ဘဲ သွားလိုက်ရတော့သည်။
လီမန်ရောင်က ယဲ့ရှောင်ချန်း လက်မှတ်အတွက် သိပ်ပြီး စိတ်ဝင်စားမှု မရှိတာကို သတိထားမိပါသည်။ သူမ ချက်ချင်း နားလည်လိုက်၏။ သို့သော် သူမ ဂရုမစိုက်ပါ။ ဒီလိုအခြေအနေမျိုးက အဖြစ်များသည်။ သို့သော် အားလုံးက သူမ၏ ပရိတ်သတ်များ ဖြစ်လာတတ်ပါသည်။
သူမ၏ အမည်ကို ယဲ့ရှောင်ချန်း၏ အဝတ်အစားပေါ်တွင် အတည်တကျ လက်မှတ်ထိုးပေးခဲ့ပါသေးသည်။
"ကျေးဇူးတင်ပါတယ်ရှင်။"
ဝမ်ရှင်းယီက သူကို အမြန်ကျေးဇူးတင်လိုက်သည်။
"ရပါတယ်။ ကျွန်မလုပ်သင့်တဲ့ အရာပဲကို။"
လီမန်ရောင်က ခေါင်းငြိမ့်ကာ ပြုံးပြလိုက်ပါသည်။
သူမ ဝမ်လင်းနှင့် တခြားသူများနဲ့အတူ သွားဖို့ ပြင်လိုက်စဥ် ရုတ်တရက် တစ်ခုခုကို စဥ်းစားမိသွားပုံရပြီး အမြန်မေးလိုက်ပါသည်။ "တဆိတ်လောက်ရှင့်... အရင်တုန်းက ရှင်တို့ ပလွေသံကို ကြားဖူးကြလား။"
တကယ်တော့ သူမ မေးကြည့်ခြင်းသာ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဝမ်လင်းနှင့် ရှုလန်တို့လည်း အရင်တုန်းက လိုက်မေးပြီးပြီဖြစ်သည်။ သို့သော် မည်သည့် ရလဒ်မှ မရခဲ့ပါ။ အဘယ့်ကြောင့်ဆိုသော် ပလွေသံကို ရပ်တန့်လိုက်သူကလည်း သူတို့လိုပင်။ သူတို့ နစ်မျောနေလွန်းသဖြင့် ပလွေသံဘယ်က လာမှန်း မေ့သွားတတ်ကြသည်။
"ပလွေသံ ဟုတ်လား။"
ဝမ်ရှင်းယီက အနည်းငယ် ကြက်သေ သေသွားပြီး ချက်ချင်း ပြောလိုက်ပါသည်။ "တခြားသူ မရှိဘူးဆိုရင် ရှောင်ချန်း မှုတ်တာပဲ ဖြစ်လိမ့်မယ်။"
"ရှောင်ချန်း ဟုတ်လား။"
လီမန်ရောင်က အလွန်အံ့အားသင့်သွားသည်။ တကယ်ပဲ ကြက်ကန်းဆန်အိုးတိုးခြင်း ဖြစ်ပါသည်။
ဒီတိုင်း ကျပန်းလူတစ်ယောက်ကို မေးကြည့်ခဲ့သော်လည်း တကယ်ပဲ လူမှန်နှင့် သွားဆုံ၏။
ဝမ်လင်းနှင့် ရှုလန်တို့ အလွန်အံ့သြသွားကြပြီး အမြန်မေးလိုက်ကြသည်။ "ရှောင်ချန်းဆိုတာ ဘယ်သူလဲ။"
"ကျွန်မ ကောင်လေးပါ။"
ဝမ်ရှင်းယီက ယဲ့ရှောင်ချန်း၏ လက်မောင်းကို ဖက်ရင်း ဂုဏ်ယူစွာ ပြောလိုက်ပါသည်။
စူးရှတောက်လောင်နေသော အကြည့်တချို့က ယဲ့ရှောင်ချန်းထံ ကျရောက်လာ၏။
သူတို့၏ အကြည့်ကြောင့် ယဲ့ရှောင်ချန်း အမွေးများ ထောင်ကာ ကြက်သီးထသွားသည်။ သူတို့ အကြည့်တွေက ကြောက်ဖို့ကောင်းလွန်းသည်။
သို့သော်လည်း ဒီလူတွေက သူ့ပလွေသံကြားခဲ့တာကြောင့် သူ့ကို လိုက်ရှာနေမှန်း ချက်ချင်း နားလည်ခဲ့ပါသည်။
သေချာပါသည်။ စကားဆက်ပြောကြည့်သောအခါ လီမန်ရောင်အပြင် တခြား နှစ်ယောက်ကလည်း ဂီတလောကတွင် နာမည်ကျော်နှစ်ယောက် ဖြစ်နေသည်ကို ယဲ့ရှောင်ချန်း သိလိုက်ရပါသည်။
သူကြောင်သွားရသည့်အရာက ဝမ်လင်းနှင့် ရှုလန်တို့နှစ်ယောက် သူ့ပလွေသံကို နားထောင်ဖို့အတွက်နဲ့ ဒီဗီလာနယ်မြေမှာ ဗီလာတစ်လုံး ဝယ်ခဲ့တာကိုပင်။ နေ့တိုင်းလိုလို သူ့ပလွေသံကို ကြားရဖို့ စောင့်စားနေခဲ့ကြ၏။
သူ့တွင် အမာခံ ပရိတ်သတ်တချို့ ရှိနေလိမ့်မည်ဟု သူ မထင်ခဲ့ပါ။ ထို့အပြင် သူတို့အကုန်လုံးက စိတ်ဓာတ်ပြင်းထန်လွန်းလှသည်။
အမှန်ပင်။ သူ့ထက် ပိုပြီး ထိတ်လန့်သွားသူများက လီမန်ရောင်၊ ဝမ်လင်း၊ ရှုလန်နှင့် အစ်မချင်းတို့ ဖြစ်ကြသည်။ သူတို့ရှေ့က သဘောကောင်းကောင်း လူငယ်လေးမှာ နာမည်ကျော် ရုက္ခဗေဒပညာရှင် ယဲ့ရှောင်ချန်း ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဂီတလောကနှင့် စိုက်ပျိုးရေးလောကက ဆက်နွယ်မှု မရှိသော်လည်း ယဲ့ရှောင်ချန်း၏ ဂုဏ်နာမည်က နှိုင်းယှဥ်လို့ မရပါ။
ထို့အပြင် အဆင့်အတန်းအရဆိုရင်လည်း ယဲ့ရှောင်ချန်းက တရုတ်သိပ္ပံကျောင်းတော်က ပရော်ဖက်ဆာတစ်ယောက်ဖြစ်ပြီး ယန်မြို့တော် အပင်အသိစိတ် သုတေသနအဖွဲ့အစည်းမှ ဒါရိုက်တာ တစ်ယောက်လည်း ဖြစ်သည်။
ထို့ကြောင့် လီမန်ရောင်နှင့် တခြားသုံးယောက်တို့ ယဲ့ရှောင်ချန်းကို ချက်ချင်း လေးစားသွားကြပါသည်။
"ပရော်ဖက်ဆာယဲ့။ နောက်တစ်ခေါက်လောက် ထပ်ပြီး တီးမှုတ်ပေးလို့ရမလား။ ဒီတောင်းဆိုချက်က နည်းနည်းတော့ ရုတ်တရက်ဖြစ်သွားတာ သိပါတယ်။ ဒါပေမယ့် တကယ်ပါ..."
ရှုလန်က မနေနိုင်ဘဲ ပြောလိုက်ပါသည်။
သူ့လေသံတွင် တောင်းဆိုသည့် လေသံလည်း ပါနေသည်။
ကိုယ့်ဂီတလုပ်ငန်းကို အလွန်တန်ဖိုးထားသည့် ဂီတပညာရှင်တစ်ယောက်အနေနှင့် သူမမေ့နိုင်သည့် ဂီတစ်ပုဒ်ကို ကြားရခြင်းမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အရာ ဖြစ်သည်။
ဝမ်လင်းနှင့် လီမန်ရောင်တို့လည်း မျှော်လင့်ချက်ကြီးစွာဖြင့် ကြည့်လိုက်ကြသည်။
ယဲ့ရှောင်ချန်း ဘာပြောရမှန်း မသိတော့ပါ။
"ရှောင်ချန်း နောက်တစ်ခေါက်လောက်ပဲ ထပ်တီးမှုတ်ပေးလိုက်ပါ။"
ဝမ်ရှင်းယီက ယဲ့ရှောင်ချန်း၏ လက်ကို ဆွဲကာ ပြောလိုက်ပါသည်။
ယဲ့ရှောင်ချန်းက ဝမ်ရှင်းယီကို ကြည့်ကာ ရုတ်တရက် အကြံပေါ်သွား၏။ ထို့နောက် ချက်ချင်း ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
"ကောင်းပါပြီ။"
ရှုလန့်နှင့် တခြားသုံးယောက်တို့ အံ့အားသင့် ပျော်ရွှင်သွားကြသည်။
နောက်ဆုံးတွင်တော့ သူတို့အားလုံး ဝမ်ရှင်းယီ၏ အိမ်သို့ သွားခဲ့ကြသည်။ ဝါးပလွေက ထိုနေရာတွင် ထားခဲ့ခြင်းကြောင့် ဖြစ်ပါသည်။
ကျူးချင်းချင်းက သူမ သဘောအကျဆုံး လီမန်ရောင်ကို မြင်လိုက်ရသဖြင့် အပျော်လွန်သွားပြီး အလျင်အမြန် ကြိုဆိုလိုက်ပါသည်။
လီမန်ရောင်နှင့် တခြားသူများက ယဲ့ရှောင်ချန်း၏ ပလွေသံကို နားထောင်ဖို့ လာခဲ့ကြောင်း သိလိုက်ရသောအခါ သူမ ချက်ချင်း ပြုံးကာ ပြောလိုက်ပါသည်။ "ရှောင်ချန်းရဲ့ ပလွေသံက တကယ်ကောင်းတာ။ ကျွန်မဆို နားထောင်လို့ကို ဘယ်တော့မှ မဝဘူး။"
မကြာမီ သူတို့အုပ်စု ခြံဝန်းထဲသို့ ရောက်လာခဲ့၏။
ယဲ့ရှောင်ချန်းက ဝါးပလွေကို ကောက်ယူကာ စိတ်ခံစားချက်များကို စုစည်းလိုက်သည်။ ထို့နောက် အားလုံး၏ အကြည့်အောက်တွင် နူးညံ့စွာဖြင့် စတင်တီးမှုတ်လိုက်၏။
သိမ်မွေ့ပြီး နူးညံ့သည့် ပလွေသံမှာ ပျံ့နှံ့လာခဲ့ပါသည်။
ရုတ်ခြည်းဆိုသလိုပဲ အားလုံး နစ်မျောသွားခဲ့ကြ၏။