ပင်ကိုယ်စွမ်းရည်ပြ ရှိုးပွဲ
Vol. 19 Ch. 283
ပလွေသံ ရပ်တန့်သွားသောအခါ အားလုံး အသိပြန်လည်လာဖို့ အချိန်အတော်ယူခဲ့ရ၏။
ဟူးး…
အားလုံး စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြသည်။
"ဒီလိုတေးသံမျိုးက ကောင်းကင်ဘုံမှာပဲ ရှိရမှာ။ လူသားကမ္ဘာမှာ ကြားရဖို့ အရမ်းရှားပါးလွန်းတယ်။ ရှေးလူကြီးတွေက ငါ့ကို မလိမ်ခဲ့ဘူးပဲ။"
ရှုလန်က စိတ်ခံစားချက် ပြင်းစွာဖြင့် သက်ပြင်းချလိုက်ပါသည်။
"မစ္စတာယဲ့။ တေးသွားနာမည်က ဘာလဲဟင်။"
လီမန်ရောင်က အမြန်မေးလိုက်ပါသည်။
နောက်ဆုံးတော့ တေးသံကို အတော်ကြာ နားဆင်ပြီးနောက် သူမ ကျေနပ်လိမ့်မည်ဟု ထင်ခဲ့မိသည်။ သို့သော် သူမနှလုံးသားကို ခြစ်ကုတ်ပြီး ရုန်းမထွက်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပါ။
"အပင်နဲ့ သစ်တော တေးသွားပါ။"
ယဲ့ရှောင်ချန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်ပါသည်။
"အပင်နဲ့ သစ်တော တေးသွား။ ကောင်းလိုက်တဲ့ တေးသွားလေးပဲ။"
ဝမ်လင်းက ရေရွတ်လိုက်ပါသည်။
ထို့အပြင် ဒီတေးသွားကို ဘယ်လိုစကားလုံးမျိုး အသုံးပြုပြီး ဖော်ပြရမှန်း မသိတော့ပါ။
သူမ ပြောစရာစကား မဲ့နေခဲ့ပါသည်။
ဂီတအကြောင်း ခေတ္တ ပြောခဲ့ကြပြီးနောက် နောက်ဆုံးတော့ ဝမ်ရှင်းယီ၏ အခြေအနေကို ယဲ့ရှောင်ချန်း ပြောပြခဲ့ပါသည်။ သူမက ဂီတကို သဘောကျပြီး ဂီတ နယ်ပယ်ထဲသို့ ဝင်လိုကြောင်း ပြောခဲ့သည်။
ရှုလန်နှင့် တခြားနှစ်ယောက်တို့ကလည်း ဉာဏ်ထက်သူများဖြစ်၏။ ယဲ့ရှောင်ချန်း၏ ဆိုလိုရင်းကို ချက်ချင်းဆိုသလို နားလည်လိုက်ကြပါသည်။
လီမန်ရောင်က တွန့်ဆုတ်သွား၏။ ဘာပဲဖြစ်ဖြစ် ဝမ်ရှင်းယီတွင် မွေးရာပါ နားမကြားရောဂါ ရှိသည်။ ပျောက်ကင်းသွားပြီ ဆိုသော်လည်း သက်ရောက်မှု ကြီးကြီးမားမားတော့ ရှိနေပါသေးသည်။
ရလဒ်ကောင်းများ ရဖို့ ခက်ခဲနိုင်သည်။
ရုတ်တရက် သူမ၏ အေးဂျင့်ဖြစ်သော အစ်မချင်းက သူမကို မျက်စိမှိတ်ပြနေသည်ကို မြင်လိုက်ရသည်။ သူတို့နှစ်ယောက်က စိတ်ချင်း ဆက်နွယ်နေသည့် အဆင့်လောက်အထိ အတူတူ အလုပ်လုပ်ခဲ့ကြပါသည်။ အမှန်ပင်။ အစ်မချင်း ဘာကို ပြောချင်သလဲ သူမ သိပါသည်။
"မိန်းကလေး ဝမ် ဂီတလမ်းမဆိုတာ အရမ်းခက်ခဲတယ်။ ရှင် ခံနိုင်ရည်ရှိပါ့မလား။"
လီမန်ရောင်က ဝမ်ရှင်းယီကို ကြည့်လိုက်သောအခါ သူမကိုယ် သူမ ပြန်မြင်နေရသလိုပင်။
ယခင်တုန်းက သူမလည်း စကားထစ်ခဲ့ဖူးသည်။ သို့သော် သူမဘဝတွင် ဆရာကောင်းတစ်ယောက်နှင့် ဆုံကာ ထိုအခက်အခဲကို ကျော်လွန်နိုင်ဖို့ အကူအညီ ပေးခဲ့၏။
ဒီနေ့ဒီအချိန် ရလဒ်မျိုး ရလာဖို့ သူမ ဘယ်လောက်တောင် အားစိုက်ထုတ်ခဲ့ရသလဲ မသိတော့ပါ။
"ဟုတ်ကဲ့၊ ကျွန်မ သေချာပေါက် လုပ်နိုင်ပါတယ်။"
ဝမ်ရှင်းယီက အမြန် ခေါင်းငြိမ့်လိုက်ပါသည်။
ဒါသူမအတွက် အခွင့်အရေးမှန်း သူမသိလိုက်ပါသည်။ သူမတစ်ယောက်တည်း လျှောက်လှမ်းတာထက် ဂီတနယ်ပယ်က စီနီယာ တစ်ယောက်နှင့် လက်တွဲခြင်းက အများကြီး ပိုလွယ်ကူပါသည်။ သူမ အများကြီး သက်သာနိုင်၏။
ဒီလိုနှင့် ဝမ်ရှင်းယီတစ်ယောက် လီမန်ရောင်၏ တရားဝင် တပည့် ဖြစ်လာခဲ့ပါသည်။
ဒီလို ဝါရင့်အဆိုတော်တစ်ယောက်ကို ဆရာမ တစ်ယောက်အဖြစ် ရရှိလိုက်ခြင်းက ဝမ်ရှင်းယီအတွက် အလွန်ရှားပါးသော အခွင့်အရေး ဖြစ်ပါသည်။
ဗီလာ နယ်မြေထဲမှ ထွက်လာသောအခါ။
ကားထဲတွင်။
"အစ်မချင်း ဘာလို့ ဝမ်ရှင်းယီကို လက်ခံခိုင်းခဲ့တာလဲ။"
လီမန်ရောင်က သူမ နားမလည်နိုင်သော မေးခွန်းတစ်ခုကို မေးလိုက်ပါသည်။
ပြဿနာကို သဘောမကျတတ်သည့် အစ်မချင်းက ဘာကြောင့် ဝမ်ရှင်းယီကို လက်ခံဖို့ သူမကို ပြောခဲ့တာလဲ။
"အကြောင်းပြချက် သုံးခုရှိတယ်။ ပထမတစ်ခုက ဝမ်ရှင်းယီမှာ အကြားအာရုံ ပြဿနာ ရှိတယ် ဆိုပေမယ့် သူ့ရဲ့ အသံက အရမ်းကောင်းတယ်။ ဒါက အရမ်းအဆင်ပြေတဲ့ အခြေအနေပဲ။ အခက်အခဲကို တောင့်ခံပြီး ကြိုးစားပမ်းစား အလုပ်လုပ်နိုင်ရင် သူ့ရဲ့ အနာဂတ်အောင်မြင်မှုတွေက သေချာပေါက် ဆိုးမှာ မဟုတ်ဘူး။ ဒုတိယ အကြောင်းပြချက်က ယဲ့ရှောင်ချန်းကြောင့်ပဲ။ သူ့ရဲ့ ရင်းနှီးမှုနဲ့ ခင်မင်မှုကို ရနိုင်ရင် ငါတို့ရဲ့ အနာဂတ် တိုးတက်မှုအတွက် အရမ်း အထောက်အကူ ဖြစ်လိမ့်မယ်။ တတိယ အကြောင်းပြချက်ကတော့ ခုနက သူ့ရဲ့ အပင်တေးသွားဆိုတာက မယ်လိုဒီတစ်ခုပဲ ရှိသေးတယ်။ အဲ့ဒီတေးသွားရဲ့ မူပိုင်ခွင့်ကို ရပြီး သီချင်းအဖြစ် ပြန်ပြောင်းနိုင်ရင် နင့်ရဲ့ ဂီတ အလုပ်အကိုင်အတွက် အရမ်းကြီးမားတဲ့ အလှည့်အပြောင်း ဖြစ်သွားနိုင်တယ်။"
အစ်မချင်းက ပြောလိုက်ပါသည်။
အစ်မချင်း ဒီလောက်ကိစ္စအများကြီးကို တစ်ခါတည်း စဥ်းစားနိုင်လိမ့်မည်ဟု လီမန်ရောင် မထင်ထားခဲ့ပါ။
"အဲ့ဒီတေးသွားက အရမ်းထူးဆန်းတယ်နော်။ သင်္ကေတတွေကို ကြည့်တော့လည်း သာမန်လိုပဲ။ ဒါပေယ့် မှုတ်လိုက်တော့ ဘာလို့ အရမ်း ထူးဆန်းတဲ့ အာနိသင်မျိုး ပေါ်လာတာလဲ။"
လီမန်ရောင်က ရုတ်တရက် ပြောလိုက်ပါသည်။
သူမ၏ ဂီတအဆင့်နှင့်ဆို တေးသွားများကို နားထောင်ပြီးနောက် မှတ်မိနိုင်သည်။
"ငါလည်း အဲ့တာကိုပဲ မေးချင်တာ။ ဧကန္တ ယဲ့ရှောင်ချန်းက အထူးနည်းလမ်းတစ်မျိုးမျိုးကို ကျွမ်းကျင်ထားတာများလား။"
အစ်မချင်းက ပြောလိုက်ပါသည်။
လီမန်ရောင် နက်နက်ရှိုင်းရှိုင်း စဥ်းစားလိုက်မိပါသည်။
...
ခြံဝန်းထဲတွင်။
ယဲ့ရှောင်ချန်းက ဝမ်ရှင်းယီ၏ ပျော်ရွှင်နေသော မျက်နှာလေးကို ကြည့်ကာ ပြုံးလိုက်သည်။
ဝမ်ရွှေရှန့် ပြန်လာပြီး သူ့ညီမက ဂီတလမ်းမတွင် လီမန်ရောင်၏ ဦးဆောင်မှုနောက်သို့ လိုက်တော့မည်ဆိုသည့်အကြောင်း ကြားလိုက်ရသောအခါ ခေတ္တ တိတ်ဆိတ်သွားပြီး သဘောတူညီစွာ ခေါင်းငြိမ့်လိုက်ပါသည်။
တကယ်တော့ သူ့ညီမကို အဆိုတော်တစ်ယောက်၏ လမ်းကို မလျှောက်လှမ်းစေချင်ပါ။ အလွန်ခက်ခဲလွန်းပြီး သူမ အများကြီး နာကျင်ထိခိုက်သွားမှာကို စိုးရိမ်နေသည်။
ပိုအရေးကြီးတာက ဖျော်ဖြေရေးနယ်ပယ်ကို သူသိပ်ပြီး သဘောမကျပါ။
သို့သော်လည်း သူ့ညီမ၏ အကျင့်စရိုက်ကို သူသိသည်။ သူမက အားနည်းသည့်ပုံပေါ်သော်လည်း စိတ်မာ၏။ သူ့စိတ်ကို ပြောင်းလဲဖို့ ခက်ခဲသည်။
ထို့အပြင် သူ့ညီမ လုပ်စရာတစ်ခုခု ရှာဖို့လည်း လိုနေပါသည်။
၃ ရက်ကြာသောအခါ။
လီမန်ရောင်က ယန်မြို့တော်မှ ပြန်ဖို့ ပြင်နေသည်။
ဝမ်ရှင်းယီကလည်း အထုပ်အပိုးများ ပြင်ကာ သူမ နောက် လိုက်သွားခဲ့၏။
ထိုနေ့က ယဲ့ရှောင်ချန်း သူမကို လိုက်ပို့ခဲ့ပါသည်။
လာမည့်နေ့ရက်များတွင် သူတို့နှစ်ယောက် တွေ့ဆုံဖို့ ခက်ခဲသွားပါတော့မည်။ သို့သော်လည်း ယခုဗီဒီယိုကောများခေါ်ပြီး စကားပြောနိုင်ပြီ ဖြစ်သဖြင့် ပြဿနာ ကြီးကြီးမားမားတော့ မဟုတ်ပါ။
အမှန်ပင်။ သူမ မသွားခင် ယဲ့ရှောင်ချန်းက ဝမ်ရှင်းယီကို လည်ဆွဲတစ်ခု လက်ဆောင် ပေးခဲ့သည်။
ထိုလည်ဆွဲကို စနစ် စတိုးဆိုင်မှ ဝယ်ခဲ့ခြင်းဖြစ်၏။ အလိုအလျောက် ပွင့်နိုင်သည့် ကာကွယ်ရေး လုပ်ဆောင်ချက်များ အပါအဝင် မှော်လုပ်ဆောင်ချက်များလည်း ရှိသည်။
ထို့အပြင် ယဲ့ရှောင်ချန်းက ထိုလည်ဆွဲပေါ်တွင် ကောင်းကင်ဘုံလှိုဏ်ဂူ အမှတ်အသားတစ်ခု မှတ်သားပေးလိုက်၏။ ထိုကောင်းကင်ဘုံလှိုဏ်ဂူအမှတ်အသားကို အသုံးပြုပြီး အချိန်မရွေး တဖက်နေရာသို့ ပြောင်းရွှေ့နိုင်၏။ အလွန် အဆင်ပြေပါသည်။
ဝမ်ရှင်းယီ ထွက်သွားပါပြီ။
ယဲ့ရှောင်ချန်းက သုတေသန၊ အင်မော်တယ်အပင်များ စိုက်ပျိုးခြင်းနှင့် ရှန်းနုန်ကျင့်စဥ်များ ကျင့်ကြံဖို့အတွက် အာရုံစိုက်ခဲ့ပါသည်။
နောက်ထပ် နှစ်လအတွင်း ယဲ့ရှောင်ချန်းက စူပါဖုန်စုပ်ပင်၊ စူပါရေမှော်ပင်၊ စူပါပဲပင် တို့ကို ပျိုးထောင်ခဲ့သည်။
၎င်းတို့အနက် စူပါရေမှော်ပင်အား ရေသန့်စင်ဖို့အတွက် အထူးအသုံးပြုသည်။ အလွန် မျိုးပွားမြန်ပြီး သန့်စင်နိုင်စွမ်းလည်း မြင့်မား၏။ သဘာဝပတ်ဝန်းကျင်နှင့် အလွန် လိုက်လျောညီထွေ ဖြစ်နိုင်ပါသည်။
စူပါပဲပင်များကတော့ ဗီဇပြောင်းလဲထားသည့် ပဲပင်များကို အစားထိုးဖို့ အသုံးပြုခြင်း ဖြစ်သည်။
ယဲ့ရှောင်ချန်းသည် ပရောဂျက်များ တစ်ခုပြီး တစ်ခုကို အချိန်တိုအတွင်း အောင်မြင်ခဲ့မှုကြောင့် အထက်လူကြီးများ၏ အာရုံစိုက်မှုကို ပိုခံလာခဲ့ရသည်။
သိပ်မကြာသေးခင်က ယဲ့ရှောင်ချန်း၏ ပရော်ဖက်ဆာ လျှောက်ထားချက်ကို သဘောတူခဲ့သည်။
ထို့အပြင် စူပါမိုးခေါင်ပင်၊ စူပါဖုန်စုပ်ပင်နှင့် စူပါရေမှော်ပင်တို့၏ မှော််ဆန်သည့် အာနိသင်များကို နိုင်ငံခြား နိုင်ငံများပါ တဖြည်းဖြည်း သိလာခဲ့ပြီ ဖြစ်သည်။
ရလဒ်အနေဖြင့် ယဲ့ရှောင်ချန်း နိုင်ငံခြားမှာပါ နာမည်ကျော်လာခဲ့၏။
တချို့နိုင်ငံများက ထိုစူပါအပင်များကို မိတ်ဆက်ပေးဖို့ပင် မျှော်လင့်နေကြသည်။
အထူးသဖြင့် ကန္တာရဒဏ် အလွန်ခံစားနေရသော အာဖရိကမှ နိုင်ငံပေါင်းများစွာတွင် ဖြစ်သည်။ ယခု ကန္တာရပတ်ဝန်းကျင်ကို ပြောင်းလဲနိုင်သည့် စူပါမိုးခေါင်ပင်အား ဖန်တီးနိုင်ခဲ့ပြီဖြစ်သဖြင့် သူတို့ ချက်ချင်း စိတ်အားထက်သန်ခဲ့ကြပါသည်။
သူတို့သာ စူပါမိုးခေါင်ပင်ကို အသုံးပြုပြီး အာဖရိကမှ ကန္တာရများစွာကို သာမန်မြေများအဖြစ် ပြောင်းလဲနိုင်ပါက အကျိုးကျေးဇူးက အလွန်ကောင်းမွန်ပါလိမ့်မည်။
အစိုးရက ထိုစူပါအပင်များကို သံတမန်ရေးရာ ဗျူဟာများနှင့် ရလဒ်ကောင်းများစွာ ရရှိဖို့ အသုံးပြုခဲ့သည်။
စူပါအပင်များ၏ သုတေသနပညာရှင် တစ်ယောက်အဖြစ် ယဲ့ရှောင်ချန်းက ချီးကျူးအခံထိုက်ဆုံး ပုဂ္ဂိုလ် ဖြစ်သည်။
တရုတ်သိပ္ပံကျောင်းတော်မှ တစ်စုံတစ်ယောက်က နောက်နှစ်ဆို ယဲ့ရှောင်ချန်းအား ပညာရှင်တစ်ယောက်အဖြစ် မဲပေးနိုင်လိမ့်မည်ဟုပင် ပြောပြခဲ့သည်။
အစကတော့ တွဲဖက်ပရော်ဖက်ဆာအဆင့်မှ ပရော်ဖက်ဆာ၊ ပရော်ဖက်ဆာအဆင့်မှ ပညာရှင် အဆင့်အထိ နှစ်ဆယ်ပေါင်းများစွာ မကြာဘဲ ရောက်နိုင်ဖို့ ခက်ခဲနိုင်ပါသည်။
ကံကောင်းစွာဖြင့် ယဲ့ရှောင်ချန်း၏ အောင်မြင်မှုများက ကြီးမားလွန်းနေသည်။ အောင်မြင်မှုတစ်ခုချင်းစီတိုင်းက သူ့ကို ဂုဏ်ပြုထိုက်သည်။
အများကြီးဆိုတော့ ပြောဖို့ပင်မလိုတော့ပါ။
ဒီအချိန်တောအတွင်း ယဲ့ရှောင်ချန်းလည်း အလုပ်များခဲ့ပါသည်။ ပညာရှင်အစည်းအဝေးများစွာကို အဓိကတက်ရောက်၏။ နိုင်ငံခြားပညာရှင်များနှင့် တွေ့ဆုံခြင်း၊ ပညာဖလှယ်ခြင်းနှင့် အပင်အသိပညာကို မျှဝေခြင်း စသဖြင့် ဖြစ်သည်။
ခြုံပြောရလျှင် ဒီအချိန်တောအတွင်း သူ အလွန် အလုပ်များခဲ့ပါသည်။
ဝမ်ရှင်းယီလည်း အလွန် အလုပ်များနေခဲ့ပါသည်။ သူမသည်လည်း ဂီတ အသိပညာ မျိုးစုံကို သင်ယူရင်း အလုပ်များနေခဲ့၏။
သူတို့နှစ်ယောက် နေ့တိုင်းလိုလို စကားပြောခဲ့ပါသည်။
သူမက စကား အများကြီး ပြော၏။ ဥပမာ လီမန်ရောင်က မကြာခဏ သူမကို အထူး လေ့ကျင့်ရေး တချို့ ပေးကြောင်း၊ အလွန် ခက်ခဲပြီး ပင်ပန်းရကြောင်း ပြောသည်။ တစ်ခါတစ်ရံ သူမ ခံနိုင်ရည် မရှိတော့ကြောင်း ပြောသည်။
ယဲ့ရှောင်ချန်းက သူမကို နှစ်သိမ့်ပြီး အားပေးလေ့ ရှိပါသည်။
ဝမ်ရှင်းယီ၏ တိုးတက်မှုက တကယ်ပဲ ကောင်းမွန်ပြီး သူမ၏ အားထုတ်ကြိုးပမ်းမှုများ နောက်ဆုံးတော့ ထိုက်ထိုက်တန်တန် ဆု ရရှိခဲ့ပါပြီ။
ယဲ့ရှောင်ချန်းလည်း သူမအတွက် အလွန်ဝမ်းသာ၏။
တစ်နေ့ ဝမ်ရှင်းယီက သူ့ကို ရုတ်တရက်ကြီး ဖုန်းဆက်ကာ အဆို ပါရမီ ရှိုးပွဲတစ်ခုတွင် သူမ ပါဝင်ရတော့မည်ဖြစ်ကြောင်း ပြောခဲ့၏။
လီမန်ရောင်က သူမအတွက် စီစဥ်ပေးထားခြင်း ဖြစ်သည်။
ယဲ့ရှောင်ချန်းက သူမ စိတ်လှုပ်ရှားလွန်းနေသည်ဟု ပြောနိုင်ပါသည်။
ဒါက ရှိုးပွဲတစ်ခုတွင် သူမ ပထမဆုံး ပါဝင်ဖူးခြင်း ဖြစ်ပြီး ကမ္ဘာကြီးကို သူမ၏ အဆိုပညာ ပထမဆုံး ထုတ်ပြရခြင်း ဖြစ်ပါသည်။