နောက်ကျနေသော စစ်ကူများ
Vol. 80 Ch. 1113
စစ်နတ်ဘုရား၏ ကောင်းကင်ဖောက်ခွဲခြင်းအမြှောက်မှာ ကောင်းကင်ကိုပင် ထိုးဖောက်သွားသည်။
အနီးတွင် ရှိနေသော တီနာနှင့် စုရှောင်လန်သည်ပင် ကြောက်ရွံ့သွားကြရသည်။
စစ်နတ်ဘုရား၏ ကောင်းကင်ဖောက်ခွဲခြင်းအမြှောက်သည် ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်ကိုပင် ပြာကျစေနိုင်သည် မဟုတ်လော။
ထင်မှတ်ထားသည့်အတိုင်း အနက်ရောင်ဓားမှာ ကောင်းကင်ထက်မှ ပြုတ်ကျလာသည်။
လစန္ဒာအကြီးအကဲသည်လည်း အရှိန်အဝါ ဖျော့တော့စွာဖြင့် ပြုတ်ကျလာရသည်။
အန်လင်းမှာ လိပ်ခွံပေါ်တွင်ရှိနေပြီး အဆင့်ခုနစ် အင်မော်တယ်ဆေးလုံးအား သောက်သုံးလိုက်ရသည်။
စုရှောင်လန် မိစ္ဆာရှင်းဓားအား ယူလိုက်သည်။
တီနာသည် လစန္ဒာအကြီးအကဲအား အဆုံးသတ်ရန် အပြေးသွားလိုက်သည်။
လစန္ဒာအကြီးအကဲသည် ရုတ်တရက် မျက်လုံးများ ပွင့်လာကာ တောင်ပံလေးခုပါသော ဘောလုံးသဏ္ဍာန် အရာဝတ္ထုအား ဖျက်စီးလိုက်သည်နှင့် အနက်ရောင် အကာအရံတစ်ခု ဖြစ်ပေါ်လာသည်။
တီနာ၏ဓားသည်လည်း ထိုအကာအရံအား အရာလေးပင်ထင်အောင် မလုပ်နိုင်ခဲ့ပေ။
သေရေးရှင်ရေး အခြေအနေတွင်ပင် လစန္ဒာအကြီးအကဲထံ၌ ဝှက်ဖဲများ ရှိနေနိုင်ဦးမည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။
အန်လင်းမှာ စိတ်ဓာတ်ကျသွားရသည်။
ဒီမိန်းမက ပိုးဟပ်အမွေအနှစ်တွေဘာတွေများ ရထားတာလား.......
(ပိုးဟပ်တွေက အသက်ရှင်နိုင်စွမ်း အရမ်းမြင့်လို့ပါ။)
လစန္ဒာအကြီးအကဲသည် စုရှောင်လန်၏ လက်ထဲတွင် ရှိနေသော မိစ္ဆာရှင်းဓားအား စူးစိုက်ကြည့်ရှုလိုက်သည်။
စုရှောင်လန် ကြက်သီးထလာကာ ထပ်မံတိုက်ခိုက်ရတော့မည်ဟု ထင်လိုက်စဥ်မှာပင် လစန္ဒာအကြီးအကဲမှာ ပျောက်ကွယ်သွားလေသည်။
တီနာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
“သူမ ထွက်ပြေးသွားတာလား။”
စုရှောင်လန် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။
“အဲ့ဒါက လစန္ဒာအကြီးအကဲရဲ့ သက်ကယ်ရတနာ ဖြစ်မယ်။”
၎င်းတို့မှာ စိတ်မအေးနိုင်သေးပေ။
“အန်လင်း အဆင်ပြေရဲ့လား။”
စုရှောင်လန်မှာ လက်မောင်းပြတ်အားကိုင်ကာ အန်လင်းထံ ပျံဝဲလာလိုက်သည်။
“အဆင်ပြေပါတယ်။”
အန်လင်း အားယူကာ ပြုံးပြလိုက်သည်။
အခြားသူများသည်လည်း အန်လင်းနားသို့ ရောက်လာကြလေသည်။
လော့ကျိပင်တို့မှာ အန်လင်းအား လေးစားမိနေကြသည်။
အန်လင်းသည် တောင်ပံနက်မျိုးနွယ်စု အကြီးအကဲအား အမြှီးကုပ်ကာ ထွက်ပြေးသွားစေခဲ့သည် မဟုတ်ပါလော။
ထိုသည်မှာ သမိုင်းဒဏ္ဍာရီတွင် မှတ်တမ်းတင်ရလောက်သော အရာမျိုး ဖြစ်သည်။
“လက်ပြန်တပ်လို့ ရသေးလား။”
စုရှောင်လန်သည် ကုသရေး ကျွမ်းကျင်သော တီနာအား မေးမြန်းလိုက်သည်။
“ကိစ္စမရှိပါဘူး။”
တီနာသည် ထိုလက်မောင်းပြတ်အားယူကာ အန်လင်းအား ကုသရေး စတင်လိုက်သည်။
ဤကမ္ဘာတွင် လက်တစ်ခုလုံး အသစ်ပြန်ထွက်လာရန်ပင် ခက်ခဲလှသည် မဟုတ်ပေ။
အန်လင်းသည်လည်း လက်ပြတ်ဘဝနှင့် နေသားမကျခင်မှာပင် လက်ပြန်တပ်ပြီးသွားသည်။
ထို့နောက် အခေါင်းထဲဝင်ကာ အနားယူနေလိုက်သည်။
ခရက်.....
ထိုအချိန်တွင် လေဟာနယ်ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာသည်။
လစန္ဒာအကြီးအကဲ ပြန်ရောက်လာသည်ဟုထင်ကာ အားလုံးထိတ်လန့်သွားသောကြောင့် အန်လင်းနားတွင် ဝိုင်းဖွဲ့နေလိုက်ကြသည်။
ခရမ်းရောင် နန်းဝတ်စုံနှင့် အမျိုးသားသည် ထိုသည်ကိုကြည့်ကာ ကြောင်တောင်တောင် ဖြစ်သွားရသည်။
အားလုံးသည်လည်း ထွက်လာသော ဧကရာဇ်ဇီဝေးကြောင့် နားမလည်နိုင် ဖြစ်သွားမိသည်။
ဧကရာဇ်ဇီဝေးမှာ အခေါင်းဘေးသို့ ရောက်ရှိလာသည်။
“အန်လင်း သေပြီလား။”
အားလုံး : “.....”
အန်လင်း : “.....”
ကောင်းကင်ဖောက်ခွဲခြင်းအမြှောက်အတွက် မစ်ရှင်ပြီးဆုံးသွားပါသော်လည်း ဧကရာဇ်ဇီဝေးသည် သူ့အားမုန်းတီးနေဆဲဖြစ်ကြောင်း သိသာလှသည်။
“မသေသေးဘူး။”
အန်လင်း ခက်ခဲစွာ ပြောလိုက်သည်။
ဧကရာဇ်ဇီဝေး ခေါင်းညိတ်ပြလာသည်။
“ကောင်းကင်ဘုံခုံရုံးရဲ့ စစ်နတ်ဘုရားငယ်လို့ မပြောရဘူး။ လစန္ဒာအကြီးအကဲကိုတောင် ယှဥ်တိုက်နိုင်တာပဲ။”
ဧကရာဇ်ဇီဝေးမှ လစန္ဒာအကြီးအကဲအား ခြေရာခံကြည့်လိုက်သည်။
“ဘာလေဟာနယ်စွမ်းအင်မှ မခံစားမိပါလား။ တော်တော်မြင့်တဲ့ ရတနာတစ်ခုကို သုံးသွားတာများလား။”
ဧကရာဇ်ဇီဝေးမှာ ပတ်ဝန်းကျင်အား ဂရုတစိုက် လေ့လာပါသော်လည်း မည်သည်ကိုမှ ရှာမတွေ့ခဲ့ပေ။
သူသည် အန်လင်း သေသည်၊ ရှင်သည်ကို အတည်ပြုရန် ရောက်ရှိလာခြင်း မဟုတ်သောကြောင့် တစ်မျိုးတမည် ဖြစ်နေရသည်။
ဧကရာဇ်ဇီဝေး ပြုံးကာပြောလာသည်။
“မတွေ့တာကြာပြီနော်။”
“ဟုတ်ကဲ့...”
အန်လင်း အားယူကာ ပြုံးလိုက်ရသည်။
ခွေးအိုကြီးဇီဝေး..... ခင်ဗျားရဲ့ သောက်ကျိုးနည်း အမွေကို ပေးတော့လေ.....
ဧကရာဇ်ဇီဝေး တည်ငြိမ်စွာ စကားဆိုလိုက်သည်။
“လစန္ဒာအကြီးအကဲက မင်းကိုလာတိုက်တာ အကြောင်းပြချက်တော့ ရှိမှာပါ။ ဘာတွေပြောသွားသေးလဲ။”
အန်လင်း ခေါင်းခါပြလိုက်သည်။
“မိစ္ဆာရှင်းဓားက တောင်ပံနက်မျိုးနွယ်စုနဲ့ဆိုင်လို့ ပြန်ယူသွားမယ်ပဲပြောတာ။”
မိစ္ဆာရှင်းဓားအား ကမ္ဘာမြေတွင် ချန်ထားခဲ့သူမှာ ဧကရာဇ်ဇီဝေး ဖြစ်သည်။
ဧကရာဇ်ဇီဝေး သက်ပြင်းချလာသည်။
“ငါလည်း သိပ်တော့မပြောတတ်ဘူး။ အရင်က တောင်ပံနက်မျိုးနွယ်စု အကြီးအကဲ တစ်ယောက်ကိုသတ်ပြီး ယူခဲ့တာလေ။ အင်မော်တယ်လက်နက်တွေရဲ့ အထွဋ်အထိပ်အဆင့်ဆိုပေမယ့် အံ့ဖွယ်လက်နက် အဆင့်ကိုတက်ဖို့ တစ်ခုခု လိုအပ်နေတယ်။”
“ဓားဝိဥာဥ်လည်း မရှိတော့ တမင်တကာ ကမ္ဘာမြေမှာ ထားခဲ့လိုက်တာ။ တောင်ပံနက်မျိုးနွယ်စုက အရှင်မနွီဝါးကိုတောင် ဂရုမစိုက်ပဲ စွန့်စားမယ် မထင်ထားဘူး။”
ဧကရာဇ်ဇီဝေးမှာ မိစ္ဆာရှင်းဓားအား ကြည့်ရှုလိုက်သည်။
“ကြည့်ရတာ တောင်ပံနက်မျိုးနွယ်စုအတွက် တော်တော်အရေးပါတယ်ထင်တယ်။”
မိစ္ဆာရှင်းဓားသည် ဧကရာဇ်ဇီဝေး၏ အကြည့်ကြောင့် တုန်ယင်လာကာ အန်လင်းဘေးသို့ ရောက်ရှိလာသည်။
အန်လင်း ရင်ထဲထိသွားရသည်။
“ရှဲ့လေးက ငါ့ကိုချစ်သားပဲ။”
“ပါးစပ်ပိတ်ထား ငါစိတ်တည်ငြိမ်ဖို့ အချိန်လိုတယ်။....”
အေးစက်စက် စကားသံ ထွက်ပေါ်လာသည်။
“အာ....”
မိစ္ဆာရှင်းဓားသည် လူသားတစ်ဦးလို ခံစားချက်များ ထုတ်မပြဖူးပေ။
ဧကရာဇ်ဇီဝေးသည် ထိုသည်ကို စိတ်ထဲမထားပေ။
“အန်လင်း အင်မော်တယ်စိတ်ဝိဥာဥ်မျှော်စင်က ဆုလာဘ်ကို အခုထိ မပေးရသေးဘူး။”
အန်လင်း အံ့အားသင့်သွားတော့သည်။