← Chapters

ပဟေဠိ သိုင်းသမားများ ထွက်ခွာခန်း

Vol. 24 Ch. 321

ပဟေဠိ သိုင်းသမားများ ထွက်ခွာခန်း

Vol. 24 Ch. 321

ပူပြင်းလှတဲ့  နေရောင်ခြည်ကတော့  လီဖူချန်းရှိရာ တောင်ထိပ်ပေါ်သို့  အလင်းနှင့် အပူဓာတ်ကို ပေးလျက်ရှိနေပါတယ်။   လေထုထဲမှာတော့ အပူဓာတ်တွေဟာ တစ်စထက်တစ်စ ပိုအားကောင်းလာပြီး လေဟာနယ်ကိုတောင် တွန့်လိမ် လုမတတ် ဖြစ်နေစေခဲ့ပါပြီ။

သည်အပူဓာတ်တွေ ဖြစ်ပေါ်လာစေတဲ့ တရားခံကတော့ လီဖူချန်းပါပဲ။  သူ့ရဲ့ ချီအရှိန်အဝါတွေက ပတ်ဝန်းကျင် တစ်ခုလုံးကို မီးလောင် တစပြင်ကြီးကဲ့သို့ လောင်ကျွမ်းစေခဲ့သည် မဟုတ်ပါလား။  သူ့ရဲ့ ခန္ဓာကိုယ်ကနေ ထွက်လာတဲ့ အပူရှိန်တွေဟာ  ဘယ်လောက်အထိ ပြင်းထန်သလဲဆိုတော့ သာမန် မြေကမ္ဘာ ပညာရှင်တွေ အနားကပ်လာရင်တောင် လောင်ကျွမ်း သွားစေနိုင်တဲ့ အထိပါပဲ။

ဝုန်း ...

အချိန်တွေ ဘယ်လောက်အထိ ကြာလို့ ကြာသွားမှန်း မသိတော့တဲ့ အချိန်မှာတော့   ပိုမိုပြင်းထန်လှတဲ့ အပူစီးကြောင်း တစ်ခုဟာ ရုတ်တရင် ထွက်ပေါ်လာပြီး  ပတ်ဝန်းကျင် တစ်ခုလုံးကို ပိုပြီး ပူလောင် သွားစေခဲ့ပါတယ်။  လီဖူချန်းရဲ့ ခန္ဓာကိုယ် တစ်ခုလုံးဟာလည်း ဝေဝါးသွားခဲ့ပြီး ပုံရိပ်ယောင် တစ်ခုအလား ဖြစ်သွားခဲ့ပါပြီ။

ဘန်း ... ဘန်း ... ဘန်း ... ဘန်း ...  ...  ...

သူ့ရဲ့ အနီးနားမှာရှိတဲ့ မဟာပထဝီဝင် မြေကြီးကတော့ သည်အပူချိန်တွေ တောင့်ခံနိုင်တော့ဟန် မတူပါဘူး။   အဆက်မပြတ် ပေါက်ကွဲပြီး အနက်ရောင် မြေကြီးတွေ အဖြစ် ပြောင်းလဲ သွားခဲ့တယ်လေ။

သေချာပါတယ်။  လီဖူချန်းရဲ့ ပတ်ပတ်လည်မှာ ရှိနေတဲ့ အရာတိုင်းဟာ လောင်ကျွမ်း ပျက်စီး သွားခဲ့ပါပြီ။

' အား ...  ... ငါထင်ထားတဲ့ အတိုင်းပဲ '

အစစ်အမှန် ငရဲမီးတောက် အတွင်းအားကျင့်စဉ် နောက်ထပ် တစ်ဆင့်ကို ချိုးဖောက် ဝင်ရောက်ပြီ ဆိုတာနဲ့  လီဖူချန်းဟာ သေလုမတတ် ခံစားနေရပါတယ်။ သူ့ရဲ့ သွေးကြောတွေဟာ လောင်ကျွမ်းမှု ဒဏ်ကြောင့် အချိန်မရွေး ပေါက်ကွဲ သွားတော့မယ့် ပုံပါပဲ။  သည်အချက်ကို ကြည့်ခြင်း အားဖြင့် သူ့ရဲ့ သွေးကြောတွေဟာ အစစ်အမှန် ငရဲမီးတောက် ချီတွေကို တောင့်ခံနိုင်မယ့်ပုံ မရှိဘူးဆိုတာ သိသာ လွန်းနေပါပြီ။

လီဖူချန်းက တုံ့ဆိုင်းနေခြင်း မရှိဘဲ ရေခဲမီးလျှံကြာပန်းကို အလျင်အမြန် ဝါးစား လိုက်ပါတော့တယ်။

ရေခဲမီးလျှံကြာပန်းဟာ သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ရောက်သွားတာနဲ့ တစ်ပြိုင်နက် အချို့တစ်ဝက်ဟာ ငရဲမီးတောက် ချီတွေနဲ့ ပေါင်းစပ်သွားပြီး အချို့တစ်ဝက်ကတော့ ရေခဲတမျှ အေးစက်တဲ့ ချီစွမ်းအင် အစုအဝေး တစ်ခုကို ဖြစ်ပေါ်စေပြီး လီဖူချန်းရဲ့ သွေးကြောတွေကို အကာအကွယ် ပေးလိုက်ပါတယ်။

အချိန်တွေ တဖြည်းဖြည်း ကြာလာတဲ့ အခါမှာတော့ လီဖူချန်းဟာ သူ့ရဲ့  ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ အစစ်အမှန် ငရဲမီးတောက် ချီတွေကို ထိန်းချုပ်နိုင်စ  ရှိလာခဲ့ပါပြီ။  သူရဲ့ ချီအရှိန်အဝါတွေကလည်း ပိုပြီးတော့ သန့်စင် လာခဲ့သလို  ချီအတွင်းအား ထုထည် ပမာဏကလည်း ပိုပြီး သိပ်သည်း လာခဲ့ပါတယ်။   အခု ဆိုရင်တော့ လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲမှာ နေအသေးစားလေး တစ်ခု ရှိနေသလိုပါပဲ။

' ကြောက်စရာကောင်းလိုက်တဲ့ ငရဲမီးတောက် အတွင်းအား '

လီဖူချန်းဟာ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ချီအတွင်းအားတွေကို စစ်ဆေးကြည့်လိုက်တဲ့ အခါမှာတော့ အလွန်အမင်း ကျေနပ်အားရ သွားခဲ့ပါတယ်။

သူ့ရဲ့ လက်ရှိ ချီအတွင်းအားတွေက ကောင်းကင်နယ်ပယ် အဆင့်၁ ပညာရှင်နဲ့တောင်မှ ယှဉ်လို့ ရနေပြီ မဟုတ်ပါလား။

' ငရဲမီးဓားသိုင်းက အရှေ့ယူနီကွန်း တိုက်ကြီးတစ်ခုလုံးရဲ့ ထိပ်တန်းသိုင်းပညာ ၅၀ ထဲမှာ ဝင်သလို အစစ်အမှန် ငရဲမီးတောက် အတွင်းအား ကျင့်စဉ်ကလည်း အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးရဲ့ ထိပ်တန်း အတွင်းအားကျင့်စဉ် ၃၀ထဲမှာ ပါတယ်။  ငါ့မှာ လိုအပ်နေတာဆိုလို့  ခန္ဓာကိုယ် ကြံ့ခိုင်မှု အရည်အသွေးပဲ'

ယုတ္တိရှိရှိ တွေးကြမယ် ဆိုရင်တော့ လီဖူချန်းရဲ့ ခန္ဓာကိုယ် အရည်အသွေးဟာ မိုးပြာရောင် ဂိုဏ်းထဲမှာတောင် အကောင်းဆုံးစာရင်း ဝင်နိုင်ပါတယ်။ ဘာဖြစ်လို့ဆိုတော့ မိုးပြာရောင်ဂိုဏ်းရဲ့ အကောင်းဆုံး ခန္ဓာကိုယ် သန့်စင်မှု နည်းစနစ်ဟာ လျှို့ဝှက် သွေးခန္ဓာကိုယ် နည်းစနစ် ဖြစ်နေလို့ပါပဲ။

ဒါပေမဲ့ ကောင်းကင်နယ်ပယ် ပညာရှင်တွေနဲ့ မြေကမ္ဘာပညာရှင်တွေ ကြားမှာ ကွာဟချက်တွေ ရှိနေတဲ့ အတွက်  လီဖူချန်းရဲ့ ခန္ဓာကိုယ် အရည်အသွေးက သိပ်ပြီးတော့ မကောင်းသလို ဖြစ်နေတာပါ။  ပြန်လည်ဝင်စားခြင်း နယ်ပယ်က အကြီးအကဲတွေနဲ့ ဆိုရင်တာ့ ပြောနေစရာကို မလိုပါဘူး။

အကယ်၍သာ လီဖူချန်းတစ်ယောက် ကောင်းကင်နယ်ပယ် ပညာရှင် ဖြစ်သွားပြီ ဆိုရင်တော့ သူ့ရဲ့ ခန္ဓာကိုယ် အရည်အသွေးက အခုထက် ပိုပြီး အများကြီး ကောင်းလာမှာ အသေအချာပါပဲ။

ဒါပေမဲ့လည်း လီဖူချန်းက အဲလောက်အချိန်အကြာကြီး မစောင့်ချင်ပါဘူး။  အဲသည်အတွက် သူဟာ အခြားနည်းလမ်း တစ်ခုကို ရှာရပါတော့မယ်။

' ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက်နယ်မြေရဲ့ မြေကမ္ဘာတံခါးမှာ ရခဲ့တဲ့ အင်းကွက်က ဘာအသုံးဝင်တာလဲ။  '

လီဖူချန်းက  မြေကမ္ဘာတံခါးမှာ ရခဲ့တဲ့ အင်းကွက်ကို သတိရလာခဲ့ပါတယ်။  အဲသည် မြေကမ္ဘာ အင်းကွက်ထဲမှာ  မြေကမ္ဘာအဆင့် ခန္ဓာကိုယ် သန့်စင်မှု နည်းစနစ်တစ်ခု ရှိနေလောက်သည်လေ။

မြေကမ္ဘာအဆင့် ခန္ဓာကိုယ် သန့်စင်မှု နည်းစနစ်ဆိုတာက ကောင်းကင်နဲ့ မြေကြီးရဲ့ အဆီအနှစ် ပါဝင်နေတဲ့ နည်းစနစ်တစ်ခု ဖြစ်မှာ အသေအချာပါပဲ။ လေ့ကျင့်သူ တစ်ယောက် အနေနဲ့ ကျွမ်းကျွမ်းကျင်ကျင်သာ တတ်မြောက် သွားခဲ့ရင်တော့ အချိန် အကြာကြီးအထိ အသုံးဝင်မယ် ဆိုတာကို ပြောနေစရာ မလိုပါဘူး။

လီဖူချန်းက သူ့ကိုယ်သူ မြေကမ္ဘာအဆင့် ခန္ဓာကိုယ်သန့်စင်မှု နည်းစနစ်ရဲ့ အဆင့်မြင့်အပိုင်းအထိ လေ့ကျင့်နိုင်မှာ မဟုတ်ဘူးဆိုတာ သိပါတယ်။   သို့သော်  မြေကမ္ဘာအဆင့် ခန္ခာကိုယ်သန့်စင်မှု နည်းစနစ်ရဲ့ အစောပိုင်းအဆင့်အထိ လေ့ကျင့်နိုင်ရင်တောင်မှ လျှို့ဝှက်သွေး ခန္ဓာကိုယ်ထက်  အများကြီး သာနိုင်သေးသည် မဟုတ်ပါလား။

နှမြောစရာ ကောင်းတာကတော့ လီဖူချန်းဟာ အခုထက်ထိ မြေကမ္ဘာအဆင့် ခန္ဓာကိုယ် သန့်စင်မှု နည်းစနစ်ရဲ့  တည်ရှိမှု အရိပ်အယောင် တစ်ပိုင်းတစ်စ ကိုတောင်မှ မခံစားနိုင်သေးတာပါပဲ။  အဲဒီ နည်းစနစ်က သူ့ရဲ့ သွေးပြန်ကြော အတွင်းမှာ ပုန်းလျှိုးနေတဲ့ ပုံပင်။

နောက်ထပ်တစ်ခု အနေနဲ့ လီဖူချန်းဟာ ကောင်းကင် တံခါးကနေလည်း  ကောင်းကင် အမှတ်အသား တစ်ခု  ရခဲ့ပါသေးတယ်။  အဲဒီအမှတ်အသားထဲမှာလည်း ကောင်းကင်အဆင့် ပညာရပ်တစ်ခု ရှိလောက်ပေမယ့် လီဖူချန်းအနေနဲ့ မျှော်လင့်မနေတော့ပါဘူး။  သူက မြေကမ္ဘာအဆင့် အင်းကွက်ထဲက ပညာရပ်ကိုတောင်  ရှာတွေ့နိုင်တာမှ မဟုတ်တာလေ။

" ဟား ...  ... ဟား ...  ... ဟား ...  ... "

နောက်ဆုံးမှာတော့ လီဖူချန်းဟာ တဟားဟား ရယ်မောရင်းနဲ့  တောင်ပေါ်ကနေ တစ္ဆေတစ်ကောင် အလား ပြေးဆင်း သွားပါတော့တယ်။

သူ့ကိုကြည့်ရတာက ပျံသန်းနေသလိုပါပဲ။

ဟုတ်ပါတယ်။  အစစ်အမှန် ငရဲမီးတောက် အတွင်းအား ကျင့်စဉ်ရဲ့ အဆင့်၁၈ကို ရောက်အပြီးမှာတော့ လီဖူချန်း အကွာအဝေး တိုလေးတွေအထိ ပျံသန်းနိုင်စွမ်း ရှိလာခဲ့ပါပြီ။

နောက်ပိုင်းမှာတော့ လီဖူချန်းဟာ ဓားကျောက်စာတိုင် ချိုင့်ဝှမ်းကို နောက်ထပ်တစ်ကြိမ် သွားရောက်ပြီး ငရဲမီးဓားဆန္ဒကို  ရလိုရငြား  လေ့ကျင့်လိုက်ပါသေးတယ်။

ဒါပေမဲ့ အချိန်တွေကုန်တာပဲ အဖတ်တင်ပါတယ်။  သူ့ရဲ့ ငရဲမီးဓားသိုင်းကတော့ မည်မည်ရရ တိုးတက်လာခြင်း မရှိခဲ့ပါဘူး။  လောလောဆယ်မှာတော့ အပြာရောင် စိတ်ဝိညာဉ် ကလည်း ဘာမှ မတတ်နိုင်တဲ့ ပုံပင်။

" အင်း ...  ...  ငါသည် ငရဲမီးဓားသိုင်း လေ့ကျင့်တာ ရပ်ပြီး ငါ့ဆရာကိုသွားတွေ့တာ ပိုကောင်းမယ် ထင်တယ်။  "

ငရဲမီးဓားဆန္ဒကို နားလည် အသုံးပြုနိုင်ခြင်း မရှိမှတော့ လီဖူချန်း အနေနဲ့ ဆက်ပြီး အချိန်ဖြုန်း မနေတော့ပါဘူး။  သူက သူ့ဆရာရှိတဲ့ ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲကို တစ်ခေါက် သွားကြည့်ဖို့ ဆုံးဖြတ် လိုက်ပါတော့တယ်။

အိုးရန်ဝမ်းထင်က လီဖူချန်းတစ်ယောက် ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက်နယ်မြေထဲကို သွားဖို့ ခွင့်တောင်းတာကို လိုလိုလားလားပင် ခွင့်ပြုလိုက်ပါတယ်။  နံပါတ်၁ ပဟေဠိ သိုင်းသမားကြီး ရှိနေမှတော့ လီဖူချန်းကို  ဘယ်ထိပ်သီးပညာရှင်မှ ထိရဲမှာ မဟုတ်ပါဘူး။ နယ်ပယ်တူ ပညာရှင်တွေထဲမှာ ဆိုရင်လည်း ဘယ်သူမှ လီဖူချန်းကို ယှဉ်နိုင်မှာ မဟုတ်တဲ့အတွက်  အိုရန်းဝမ်းထင်က စိုးရိမ်ကြောင့်ကြခြင်းမရှိဘဲ အလွယ်တကူ ခွင့်ပြုလိုက်တာပါ။  ပြီးတော့ အိုးရန်ဝမ်းထင်က လီဖူချန်း ခရီးသွားလာရာမှာ ပိုတွင်ကျယ် စေရန်အတွက် အဆင့်၄ အဆင့်နိမ့် ဝိညာဉ်သားရဲ တစ်ကောင်တောင် ငှားပေးလိုက်ပါသေးတယ်။

သည်ဝိညာဉ်သားရဲရဲ့ ပျံသန်းနှုန်းနဲ့ ဆိုရင်တော့ လီဖူချန်းဟာ အချိန်အကြာကြီး ခရီးသွားနေစရာ မလိုတော့ပါဘူး။

******

ယနေ့မှာတော့ အနက်ရောင် အရာတစ်ခုဟာ ကောင်းကင်ပေါ်က တိမ်တိုက်တွေကို  ဖြတ်သန်းပြီး  အလျင်အမြန် သွားလာနေပါတယ်။ ထိုအရာကတော့ တံစဉ်ပုံသဏ္ဌာန် ဦးခေါင်းရှိတဲ့ ငှက်ကြီး တစ်ကောင်ပါပဲ။

အဆင့်၄ အဆင်နိမ့် ဝိညာဉ်သားရဲ ...  ...  ...  ... ။

သည်အကောင်ကြီးကိုတော့  ဖျက်ဆီးခြင်း တံစဉ်  ငှက်လို့ ခေါ်ပါတယ်။

သည်ငှက်ကြီးဟာ ဝိညာဉ်သားရဲ ဖြစ်လာတာတောင်မှ အရိုင်းဆန်နေဆဲပါပဲ။  သူက မကြာခဏ ဆိုသလို သူ့ကိုယ်ပေါ်မှာ ရှိနေတဲ့ လီဖူချန်းကို ခါချဖို့ ကြိုးစားနေပါသေးတယ်။  ဒါပေမဲ့ စိတ်မကောင်းစရာ တစ်ခုကတော့ လီဖူချန်းထံမှာ ဝိညာဉ်သားရဲ ကျောက်စိမ်းတံဆိပ် ရှိနေတာပါပဲ။  ဝိညာဉ်သားရဲကြီးရဲ့ စိတ်နယ်ပယ် ထဲမှာလည်း ဝိညာဉ်သားရဲ ကျောက်စိမ်းတံဆိပ် တစ်ခု ရှိနေပြီး ထိုတံဆိပ်နဲ့ လီဖူချန်းဆီမှာ ရှိနေတဲ့ တံဆိပ်ဟာ ဆက်သွယ်မှုတွေ ရှိပါတယ်။

အဲသည်အတွက် လီဖူချန်းဟာ သူ့ရဲ့ စိတ်ဆန္ဒနဲ့  ဖျက်ဆီးခြင်း တံစဉ်ငှက်ကို ဝေဒနာတွေ ခံစားရအောင်  ပညာပြလို့ ရပါတယ်။  လီဖူချန်း တစ်ယောက် သုံးလေးခါလောက် ပညာပြလိုက်ပြီးတဲ့ နောက်မှာတော့ ဖျက်ဆီးခြင်း တံစဉ် ငှက်ကြီးဟာ လီဖူချန်ကို ကလန်ကဆန် မလုပ်ရဲတော့ပါဘူး။

" ငါ့ရဲ့ ပျံသန်းနှုန်းက ဒီဖျက်ဆီးခြင်း တံစဉ်ငှက်နဲ့ ယှဉ်ရင် ဘယ်လိုနေမလည်း မသိဘူး"

လီဖူချန်းက ထူးဆန်းတဲ့ အတွေးတစ်ခု ဝင်လာခဲ့ပါတယ်။  ထို့နောက်မှာတော့ သူဟာ ဖျက်ဆီးခြင်း တံစဉ်ငှက် ပေါ်ကနေဆင်းပြီး လေထဲကို ပျံသန်းလိုက်ပါတော့တယ်။

ဖျက်ဆီးခြင်း တံစဉ်ငှက်ကတော့ လီဖူချန်း ဘာလုပ် ချင်နေတာလည်းဆိုတာကို နားမလည်တဲ့ပုံပင်။ ဒါပေမဲ့ လီဖူချန်းက သူ့ကိုကျော်ပြီး ပျံသန်းသွားတာကို တွေ့တဲ့အခါမှာတော့ ဖျက်ဆီးခြင်း တံစဉ်ငှက်ဟာ သဘောပေါက် သွားခဲ့ပါပြီ။

သည်လူသားက သူ့ထက်ပိုပြီး ပျံသန်းနှုန်း မြန်ကြောင်းကို ပြသနေချင်တာပဲ ဖြစ်ပါမည်။

ထို့နောက်မှာတော့ ဖျက်ဆီးခြင်း တံစဉ်ငှက်ကြီးဟာ သူ့ရဲ့ တောင်ပံကို အလျင်အမြန် ခတ်လိုက်ပြီး လီဖူချန်းကို ကျော်တက် လိုက်ပါတော့တယ်။

" ဟင်  ...  ... ။  တောက် ...  သည်ငှက်စုတ် "

လီဖူချန်းက သူ့ရဲ့ သန့်စင်သောယန်အဖိုဓာတ် အတွင်းအားတွေကိုပါ အသုံးပြုပြီး  ဖျက်ဆီးခြင်း တံစဉ်ငှက်ကို ပြန်ကျော်တက် လိုက်ပြန်ပါတယ်။

သည်လိုနဲ့ပဲ လူသားတစ်ယောက်နဲ့ ငှက်တစ်ကောင်ဟာ ကောင်းကင်ပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ကျော်တက်ကာ  ခရီးဆက်နေခဲ့ပါတယ်။

နောက်ဆုံးမှာတော့ လီဖူချန်းဟာ သူ့ရဲ့ အရှုံးကို လက်ခံလိုက်ပါပြီ။  လူသားတွေဟာ ပျံသန်းနိုင်တဲ့ သားရဲတွေနဲ့တော့ ယှဉ်ပြီး မပျံသန်းနိုင်ပါဘူး။

သူက ဖျက်ဆီးခြင်း တံစဉ်ငှက်ကို သတ်နိုင်ပေမယ့်လည်း  ပံျသန်းမှု အမြန်နှုန်း ပိုင်းမှာတော့ သူဟာ ဖျက်ဆီးခြင်း တံစဉ်ငှက်ရဲ့ နောက်ကောက်ချခြင်းကို ခံခဲ့ရပါပြီ။

နောက်ထပ်အချိန် အနည်းငယ်အကြာမှာတော့ လီဖူချန်းဟာ တိုက်ပွဲတစ်ရာ နယ်မြေရဲ့ အစိမ်းရောင် တိမ်တိုက်မြို့နဲ့ မိုင်၃၀၀ ကွာတဲ့  အစိမ်းရောင် တိမ်တိုက်တောင်ကို ရောက်လာခဲ့ပါတယ်။

တောင်ပေါ်မှာ ၃ရက်လောက် စောင့်အပြီးမှာတော့  ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေဟာ ပွင့်လာခဲ့ပါပြီ။  လီဖူချန်းကတော့ တုံ့ဆိုင်းနေခြင်း မရှိဘဲ  ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲကို အလျင်အမြန် ဝင်လိုက်ပါတယ်။

" မင်းရောက်လာပြီလား "

နံပါတ်၁ ပဟေဠိသိုင်းသမားကြီးက လီဖူချန်း ရောက်လာမည့် အချိန်ကို စောင့်ဆိုင်းနေပုံပါပဲ။  လီဖူချန်းတစ်ယောက် ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲကို ဝင်လာတာနဲ့ တစ်ပြိုင်နက် တန်းပြီး သူရှိရာ ပထမ  တောင်ထွတ် ပေါ်ကို ခေါ်ဆောင်လိုက်ပါပြီ။

" ဆရာ "

လီဖူချန်းက လက်နှစ်ဖက်ကို ဆုပ်ပြီး ရိုသေစွာဖြင့် နှုတ်ဆက်လိုက်ပါတယ်။

နံပါတ်၁ ပဟေဠိ သိုင်းသမားကြီးက  လီဖူချန်းကို သေသေချာချာ အကဲခတ်လိုက်ပြီး  ခေါင်းတညိတ်ညိတ်ဖြင့်

" ကြည့်ရတာ မင်းက  အတော်လေး တိုးတက်လာတာပဲ။ "

နံပါတ်၁ သိုင်းသမားကြီးက လီဖူချန်းရဲ့ စိတ်ဝိညာဉ် တိုးတက် ပြောင်းလဲသွားတာကို ခံစားမိနေပုံပင်။

" ဆရာက တပည့်ကို အရမ်း အထင်ကြီးလွန်း နေပါပြီ။ "

လီဖူချန်းက အလျင်အမြန် ငြင်းချက် ထုတ်လိုက်ပါတယ်။

ထို့နောက်မှာတော့ နံပါတ်၁ ပဟေဠိ သိုင်းသမားကြီးက လီဖူချန်းကို ရီဝေနေတဲ့ မျက်လုံးအစုံဖြင့် ကြည့်လိုက်ပြီး

"နောက်ထပ် တစ်လဆိုရင် ဆရာနဲ့ အခြားသူတွေက ဒီထူးခြား ဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲကနေ  ထွက်သွားတော့မယ်။  မင်းအနေနဲ့ ဆရာ့ကို  အရှေ့ယူနီကွန်း တိုက်ကြီးမှာ ဘယ်တော့မှ ပြန်တွေ့ရတော့မှာ မဟုတ်ဘူး"

" တစ်လလား ...  ... "

လီဖူချန်းက  အနည်းငယ် စိတ်လှုပ်ရှား သွားခဲ့ပါပြီ။

နံပါတ်၁ ပဟေဠိ သိုင်းသမားကြီးက ခေါင်းညိတ်လိုက်ပြီး

"ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက်နယ်မြေရဲ့ စည်းကမ်းချက်တွေကြောင့် ဆရာဟာ မင်းကို  အသုံးဝင်မယ့် လက်နက် ကိရိယာတွေ ပေးခွင့်ရှိမှာ မဟုတ်ဘူး။  ငါ့ရဲ့ လက်ရှိ ကျင့်ကြံခြင်း နယ်ပယ် အဆင့်ကလည်း မင်းရဲ့စိတ်ထဲကို ငါ့ရဲ့ ပညာရပ် လေ့ကျင့်နည်းတွေ တိုက်ရိုက် လွှဲပြောင်း ပေးလို့ မရသေးဘူး။  ဒါပေမဲ့ ငါမင်းကို အရင်တစ်ခါ  ရေးဆွဲပေးထားတဲ့  မြေကမ္ဘာအဆင့် သိုင်းအင်းကွက် ထဲမှာတော့  ငါ့ရဲ့ ပညာအမွေ တစ်ပိုင်းတစ်စ ပါတယ်။  မင်းအဲဒီ သိုင်းအင်းကွက်ကို အသက်သွင်းလိုက်တဲ့ အကြိမ်တိုင်းမှာ အဲဒီ ပညာအမွေတွေကို သတိပြုမိလိမ့်မယ်။   မင်းရဲ့ ထိုးထွင်း သိမြင်နိုင်စွမ်း အရမ်းကောင်း နေရင်တော့  အဲဒီ မြေကမ္ဘာအဆင့်  သိုင်းအင်းကွက်က နေပြီး သိုင်းကွက် တစ်ကွက်၊ နှစ်ကွက်လောက် ရမှာပဲ" ဟု ပြောလိုက်ပါတယ်။

ထို့နောက်မှာတော့ နံပါတ် ၁ ပဟေဠိ သိုင်းသမားကြီးက အနည်းငယ် ဆုံးဖြတ်ရ ခက်ဟန်ဖြင့် အချိန် အတော်ကြာ စဉ်းစားလိုက်ပြီး  သူ့ရဲ့ စကားကို ဆက်ပါတယ်။

" အင်း ...  ...  မင်းက ငါ့ရဲ့ လက်ရင်းတပည့် ဖြစ်နေမှတော့ ငါ့အနေနဲ့ မင်းကို သည်အတိုင်း ပြန်ခိုင်း လိုက်လို့လည်း မဖြစ်သေးပါဘူးကွာ ...  ... ။  ငါက မင်းကို နောက်ထပ် လက်ဆောင်တစ်ခု ပေးပါဦးမယ်"

စကားဆုံးတာနဲ့ နံပါတ်၁ ပဟေဠိ သိုင်းသမားကြီးဟာ လီဖူချန်းရဲ့ နောက်ကျောကို ရောက်သွားခဲ့ပါပြီ။  သူ့ရဲ့ လက်ဝါး အစုံကတော့ လီဖူချန်းရဲ့ ကျောပြင်ပေါ်မှာ ကပ်လျက် ရှိနေပါတယ်။

" အား ...  ... "

လီဖူချန်းက သူ့ရဲ့ ကျောပြင် တစ်ခုလုံး မီးစတွေနဲ့ အထိုးခံနေရသလို ခံစားနေရပါပြီ။ ဒါပေမဲ့လည်း လီဖူချန်းဟာ သူ့ဆရာရဲ့ ရည်ရွယ်ချက်ကို နားလည်တဲ့အတွက် တောင့်ခံနေဆဲပါပဲ။

ဟူး ...  ... ဟူး ...  ... ဟူး ...  ...  ...

အစိမ်းရောင် မီးခိုးငွေ့တွေ ထွက်ပေါ် လာပြီးနောက်မှာတော့ လီဖူချန်းရဲ့ ကျောပြင်ပေါ်မှာ ထူးဆန်းတဲ့ အငွေ့အသက်တွေ ကိန်းအောင်းနေတဲ့ ခရမ်းရောင် အင်းကွက်တစ်ခု ဖြစ်တည်လာခဲ့ပါပြီ။

" ရပြီ  "

နံပါတ်၁ ပဟေဠိ သိုင်းသမားကြီးရဲ့ မျက်နှာကတော့ အလွန်အမင်းကို ဖြူဖွေး လျော့နေပါတယ်။  သူ့ကို ကြည့်ရတာက နာတာရှည်  ရောဂါသည် တစ်ယောက်လိုပါပဲ။

လီဖူချန်းရဲ့ ကျောပြင်ပေါ်က အင်းကွက်အတွက် သူ့ရဲ့ ချီအတွင်းအားတွေ တော်တော်များများ သုံးလိုက်ရတယ် ဆိုတာ  သိသာ လွန်းနေပါပြီ။

လီဖူချန်းရဲ့ လက်ကောက်ဝတ်မှာရှိတဲ့  အင်းကွက်ကို ရေးဆွဲတုန်းကတောင်မှ နံပါတ်၁ ပဟေဠိ သိုင်းသမားကြီးဟာ ချီအတွင်းအားတွေ တော်တော်များများ ကုန်ဆုံးသွားခဲ့တာပါ။  ဒီတစ်ခေါက်မှာတော့ သူ့ရဲ့ ချီအတွင်းအားတွေကို အကုန်လုံးနီးပါး သုံးလိုက်ရတာ ဖြစ်ပါတယ်။   နံပါတ်၁ ပဟေဠိ သိုင်းသမားကြီး ကတော့  နှစ်ပေါင်း အနည်းငယ်လောက် အတွင်းမှာတောင် နဂိုစွမ်းရည်ကို ပြန်ရလာမှာ မဟုတ်တော့ပါဘူး။

" ဆရာ ...  ...  ဒါ ... ဒါက "

လီဖူချန်းဟာ ဆရာဖြစ်သူရဲ့ အခြေအနေကို မြင်လိုက်ရတဲ့ အခါမှာတော့ အကြီးအကျယ် ထိတ်လန့် သွားပါတယ်။

နံပါတ်၁ ပဟေဠိ သိုင်းသမားကြီးက လက်ကာပြလိုက်ပြီး အသံ တုန်တုန်ယင်ယင်ဖြင့်

"  ဒါက အတွင်းအား အင်းကွက်တစ်ခုပဲ။  မင်းသေရေးရှင်ရေးနဲ့ ကြုံလာရပြီ ဆိုရင် မင်းရဲ့ ချီအတွင်းအားတွေကို ဒီအင်းကွက်ထဲ ပို့လိုက်။  အဲဒီအခါကျရင် မင်းရဲ့ ချီအတွင်းအားတွေက  အဆပေါင်းများစွာ အားကောင်း လာလိမ့်မယ်။   ဒီအင်းကွက်နဲ့ ဆိုရင်တော့ မင်းရဲ့ အသက်ရှင်ကျန် နိုင်နှုန်းက ပိုများ လာလိမ့်မယ်လို့ ငါယုံကြည်တယ်။ ဒီအင်းကွက် ပေးထားတာတောင်မှ မင်းသေသွားရင်တော့  ငါဘာမှ မတတ်နိုင်တော့ဘူး။   ဒါက မင်းရဲ့ ကံကြမ္မာပဲ။  ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရတော့ဘူး။  "

" ကျေးဇူးတင်ပါတယ် ဆရာ ...  ... "

လီဖူချန်းက သူ့ဆရာရဲ့  စိတ်ရင်းကို ကောင်းကောင်းကြီး နားလည်ပါတယ်လေ။

ပဟေဠိသိုင်းသမားတွေ ထွက်ခွာဖို့ အချိန်တစ်လ လိုနေသေးတဲ့ အတွက် လီဖူချန်းဟာ မိုးပြာရောင် ဂိုဏ်းကို ပြန်မသွားသေးဘဲ ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက်နယ်မြေထဲမှာ  ဆက်ပြီး နေလိုက်ပါသေးတယ်။

လီဖူချန်း ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲကို ရောက်တာ တစ်လတင်းတင်း ပြည့်တဲ့နေမှာတော့  ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲမှာ ရှိတဲ့ သက်ရှိအရာ မှန်သမျှဟာ အပြင်ဘက်ကို တွန်းထုတ်ခြင်း ခံလိုက်ရပါပြီ။

တစ်ချိန်တည်းလိုလိုမှာပင် ပဟေဠိသိုင်းသမားတွေ အကုန်လုံးလည်း ပျောက်ကွယ် ကုန်ပါတယ်။ ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက်နယ်မြေရဲ့ ဝင်ပေါက်ဟာလည်း အပြီးတိုင် ပိတ်သွားခဲ့ပါပြီ။

တောင်ထိပ်ပေါ်မှာတော့  လီဖူချန်းဟာ သူနဲ့ ရင်နှီးနေတဲ့ လူအချို့ကို တွေ့မြင်လိုက်ရပါတယ်။  ချူးယီ၊ ရှဟိုချောင်၊ စုမုယူ၊ ရန်ချင်းဟူနဲ့  အခြားသူတွေပေါ့။

သူတို့အားလုံးကတော့ ကြောင်အမ်းအမ်း ဖြစ်နေပါတယ်။  ကြည့်ရတာ သူတို့က  ပဟေဠိ သိုင်းသမားတွေ ထွက်သွားတော့မယ် ဆိုတာကို  မသိပုံပါပဲ။

" ကြည့်ရတာ ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေက အချိန်အကြာကြီး ပိတ်သွားတော့မယ် ထင်တယ်"

စုမုယူက ခပ်တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။

ထို့နောက်မှာတော့ သူမဟာ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် လီဖူချန်းကို  ကြည့်လိုက်ကာ လျှို့ဝှက်အသံ ပေးပို့လိုက်ပါတယ်။

" လီဖူချန်း ...  ... ။  အခုချိန်ကစပြီး နင်သတိထားပေတော့ ... ။   အပင်တစ်ပင်က အရမ်းမြင့်လွန်းရင် လေတိုက်တာကို ပိုခံရတာ သဘာဝပဲ။  အခုနင့်ကို ကာကွယ်ပေးမယ့် ပဟေဠိ သိုင်းသမားတွေလည်း မရှိတော့ဘူး။ ပြီးတော့ အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ အခြေအနေတွေကလည်း ပိုပြီးတော့ ရှုပ်ထွေး လာတော့မယ်"

ပဟေဠိ သိုင်းသမားတွေဟာ အရှေ့ယူနီကွန်း တိုက်ကြီးမှာ တပည့်တွေ  အများကြီး လက်ခံခဲ့ပါတယ်။  သူတို့ဟာ သူတို့ရဲ့ လက်ရင်းတပည့်တွေကိုထိရင် ဂိုဏ်းတစ်ခုလုံးကိုပါ အမြစ်မကျန် သုတ်သင် ရှင်းလင်းတယ် ဆိုတာကို လူတိုင်း အသိပါပဲ။  အဲဒီအတွက် ဒီဘက်နှစ်တွေမှာ ဂိုဏ်းတော်တွေဟာ တစ်ဂိုဏ်းနဲ့ တစ်ဂိုဏ်း ရန်ငြိုးရှိရင်တောင်မှ  ပဟေဠိ သိုင်းသမားတွေကို ကြောက်ပြီး ပြဿနာ ရှာခြင်း မရှိခဲ့ပါဘူး။  ဒါပေမဲ့ အခုတော့ ပဟေဠိ သိုင်းသမားတွေဟာ အရှေ့ယူနီကွန်း တိုက်ကြီးကနေ ထွက်ခွာသွားခဲ့ပါပြီ။  ဂိုဏ်းတော်တွေ ကြားက ရန်စတွေဟာလည်း  တစ်ဖန်ပြန်ပြီး အသက်ဝင်လာတော့မှာ အသေအချာပါပဲ။

လီဖူချန်းက ခေါင်းညိတ်လိုက်ပြီး လျှို့ဝှက်အသံ ပြန်ပို့လိုကိပါတယ်။

" အင်း  ...  ... ငါသတိထားပါ့မယ် "

လီဖူချန်းဟာ အစောကြီးကတည်းက ဒီကိစ္စအတွက် ပြင်ဆင်ထားခဲ့ပြီးပါပြီ။   အခုချိန်မှာ သူစိုးရိမ်တာ ကတော့ ကောင်းကင်နတ်ဆိုး ဂိုဏ်းပါပဲ။  ပဟေဠိ သိုင်းသမားတွေ ထွက်သွားပြီ ဆိုတာကို သိတာနဲ့ တစ်ပြိုင်နက် လီရှင်းထန်ဟာ စတင် လှုပ်ရှားတော့မှာ ဖြစ်ပါတယ်။

အခြားဂိုဏ်းတွေကတော့ အခုအချိန်မှာ လီဖူချန်းကို သိပ်ပြီး ဂရုစိုက်ဦးမှာ မဟုတ်ပါဘူး။

" မုန်တိုင်းကတော့ လာနေပြီ  ...  ... ။  ငါဘယ်လောက်ထိ ကြံ့ကြံ့ခိုင် နေသွားနိုင်မလည်း ဆိုတာကို ကြည့်ရမှာပဲ "

" သားရဲကြီး  ...  ...  သွားစို့ "

ထို့နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ ဖျက်ဆီးခြင်း တံစဉ် ငှက်အပေါ်ကို ခုန်တက်လိုက်ပြီး မိုးပြာရောင် ဂိုဏ်းကို အလျင်အမြန် ပြန်ပါတော့တယ်။  အခုအချိန်မှာ သူ့အတွက် အရေးအကြီးဆုံး ကတော့  ကောင်းကင် နတ်ဆိုးဂိုဏ်း မလှုပ်ရှားခင်မှာ  မိုးပြာရောင်ဂိုဏ်းကို အရင်ရောက်နေဖို့ပါပဲ။

***

All Chapters