← Chapters

များပြား‌လှသော လက်ဆောင်များ

Vol. 80 Ch. 1120

များပြား‌လှသော လက်ဆောင်များ

Vol. 80 Ch. 1120

မင်္ဂလာပွဲအား ကျင်းပရသည်မှာ အကြောင်းအရင်း နှစ်ချက် ရှိသည်။

ပထမတစ်ချက်သည် ရှောင်ချိုးနှင့် ပိုင်ယောင်အတွက် အနှောင့်အယှက်ကင်းသော မင်္ဂလာပွဲတစ်ခု ကျင်းပပေးနိုင်ရန်ဖြစ်ပြီး ဒုတိယတစ်ချက်သည် စုကျိုးအင်မော်တယ်ဂိုဏ်းအတွက် အကျိုးအမြတ် ရှာဖွေပေးရန်ပင်။

၎င်းတို့နှစ်ဦးအတွက် သီးသန့်ဆန်သော လက်ဆောင်များမှလွဲ၍ ဧည့်သည်တော် အများစုသည် စုကျိုးအင်မော်တယ်ဂိုဏ်းနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ရန် လက်ဖွဲ့ပေးကြခြင်း ဖြစ်သည်။

ရှောင်ချိုးနှင့် ပိုင်ယောင်တို့ ပုဂ္ဂိုလ်ရေးအရ ရရှိထားသော လက်ဖွဲ့များသည်ပင် ဟင်းလင်းပြင်သို့အပြန် အဆင့်များ၏ ပိုင်ဆိုင်မှုထက် များပြားနေလေပြီ။

အန်လင်းသည် အဆင့်ခုနစ် အင်မော်တယ်ဆေးလုံးဖြစ်သော သွေးသစ်လောင်းဆေးနှစ်လုံးအား ရှောင်ချိုးတို့ထံ ပေးလိုက်သည်။

ပိုင်ယောင်သည် ရှောင်ချိုးအား ခြောက်သွေ့သွားသည်အထိ စုပ်ယူခဲ့ပါလျှင် ထိုဆေးသည် အချိန်နှစ်နာရီမျှ ဆက်လက်တောင့်ခံစေနိုင်လိမ့်မည်။

စုရှောင်လန်တို့သည်လည်း မင်္ဂလာမောင်နှံအား တန်ဖိုးရှိသော လက်ဖွဲ့များ ပေးကြသည်။

များပြားလှသော လက်ဖွဲ့များကြောင့် ရှောင်ချိုးတို့မှာ သူဋ္ဌေးလင်မယား ဖြစ်သွားပြီပင်။

မည်သို့ပင်ဆိုစေကာမူ အကျိုးအမြတ် အရဆုံးမှာ စုကျိုးအင်မော်တယ်ဂိုဏ်းပင် ဖြစ်သည်။

တပိုင်နှင့် ရှောင်ဇယ်တို့မှာ လက်ဖွဲ့များအား တွက်ချက်ပြီးသွားလေပြီ။

အစည်းအဝေး ခန်းမထဲမှ လူများအားလုံး ထိုအခိုက်အတန့်အား စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြသည်။

တပိုင် စားပွဲအား လက်ဖြင့်ရိုက်လိုက်သည်။

“ဝုတ်.... ဝုတ်....”

“နားလည်နိုင်တဲ့ စကားမျိုးပြောကွ...”

အန်လင်း စကားဆိုလိုက်သည်။

တပိုင် မျက်ဆံလှန်ကာ ပြုံးလာသည်။

“ဒီပွဲအတွက် ဖိတ်စာတစ်ထောင် ဝေခဲ့တယ်။ ပွဲတက်လာတဲ့ ဂိုဏ်းနဲ့ အဖွဲ့အစည်းတွေက ခြောက်ရာ့ခြောက်ဆယ် ရှိတယ်။ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့်နဲ့ အဲ့အဆင့်ထက်မြင့်တဲ့ သီးသန့်ကျင့်ကြံသူပေါင်း နှစ်ရာ့သုံးဆယ်လည်း ပွဲတက်ခဲ့ကြတယ်။”

အန်လင်း စိတ်တိုသွားရသည်။

“ငါတို့ဖိတ်တာကို လျစ်လျူရှုရဲတဲ့ အဖွဲ့အစည်းတွေ ရှိသေးတာပေါ့။”

စုရှောင်လန် မျက်စောင်းထိုးလာသည်။

“နင်က ဆုပ်ယုပ်ဝိဥာဥ်သားရဲဒုစရိုက်နယ်မြေအထိ ဖိတ်စာတွေ ပို့ထားပြီး သူတို့က လာမယ်ထင်နေတာလား။”

အန်လင်း သက်ပြင်းချလိုက်သည်။

“နာလေးကမ္ဘာက စစ်မှန်မိစ္ဆာတွေကမှ ချစ်ဖို့ကောင်းသေးတယ်။”

တပိုင်မှာ အန်လင်းအား ဂရုမစိုက်ပဲ ဆက်လက်ကြေညာနေသည်။

“စိတ်ဝိဥာဥ်လက်နက် သုံးဆယ့်ခြောက်ခု၊ စိတ်ဝိဥာဥ်ဆေးလုံး နှစ်ရာ့ရှစ်ဆယ်၊ စိတ်ဝိဥာဥ်သစ်သီး ခြောက်ရာကျော်၊ ရတနာပေါင်း တန်တစ်ရာကျော်နဲ့ အင်မော်တယ်ဆေးလုံး ခြောက်လုံးရထားတယ်.... ဝုတ်....”

အားလုံး ဝမ်းသာသွားကြသည်။

“ကဲ.... သိချင်နေကြမယ့် ပမာဏကတော့....”

“စိတ်ဝိဥာဥ်ကျောက်တုံး သန်းလေးဆယ် ရထားတယ်.... ဝုတ်....”

လူတိုင်း မျက်လုံးပြူးသွားသည်။

“အရင်တစ်ခါကထက်တောင် များနေတယ်။”

စုချန်းရန် မယုံကြည်နိုင်ပေ။

“မှားတွက်တာတော့ မဟုတ်ပါဘူးနော်။”

ရွှမ်းယွမ်လည်း အံ့အားသင့်နေသည်။

ရှောင်ဇယ် အတည်ပြုပေးလိုက်သည်။

“သုံးခါတောင် တွက်ထားတာ။ မှားစရာ မရှိပါဘူး။”

“ဂိုဏ်းဖွင့်ပွဲမှာတောင် သန်းသုံးဆယ်ကျော်ပဲ ရခဲ့တာ။ တကယ်ကို မယုံနိုင်စရာပဲ။”

ထျန်းရှီမန် ပါးစပ်အဟောင်းသား ဖြစ်နေရသည်။

ယေဘုယျအားဖြင့် ဂိုဏ်းဖွင့်ပွဲသည် အကြီးကျယ်ဆုံး အခမ်းအနား ဖြစ်သင့်ပါသော်လည်း ယခုတွင်မူ ထိုသို့ဖြစ်မနေပေ။

စုကျိုးအင်မော်တယ်ဂိုဏ်း၏ ကျော်ကြားမှုအား အားလုံး လျှော့တွက်ထားခဲ့ပုံ ရသည်။

အန်လင်း တစ်ဦးတည်းကသာ တည်တည်ငြိမ်ငြိမ် ဖြစ်နေသည်။

သူဖြည်းညင်းစွာ ပြောလာသည်။

“အခု သန်းလေးဆယ်ဆိုတော့ စစ်သင်္ဘော ပြင်ဖို့က ဆယ်သန်းလောက် လိုသေးတာပဲ။”

အားလုံး တိတ်ဆိတ်သွားကြသည်။

သန်းတစ်ရာအနက် ဆယ်သန်းသာ လိုတော့ပါသော်လည်း ထိုပမာဏမှာ မနည်းလှပေ။

လျှိုချင်းဟွမ် အကြံပြုလိုက်သည်။

“လေဟာပြင်ပြည်နယ်မှာ မိစ္ဆာဂိုဏ်းတစ်ခု ထကြွသောင်းကြမ်းနေတယ်။ ငါတို့လူလွှတ်ပြီး နှိမ်နင်းသင့်တယ်မလား။”

အန်လင်း ကျေနပ်သွားမိသည်။

“အစ်မကြီးပိုင်ပဲ ကိုင်တွယ်ပေးပါဦး။”

ပိုင်လင် ခေါင်းညိတ်ပြလိုက်သည်။ တပည့်များအား အမိန့်ပေးကာ စီမံဆောင်ရွက်ရသည်မှာ သူမ အလုပ်တစ်ခုပင်။

“ဒါနဲ့ အရှေ့ပင်လယ် နဂါးမင်းပိုင်နက်ကရော ဘယ်လိုအခြေအနေရှိလဲ။”

အန်လင်း ရုတ်တရက် မေးလာသည်။

ပိုင်လင် အန်လင်းအား ကြည့်လိုက်သည်။

“ဘာလုပ်ချင်လို့လဲ။”

“ပိုက်ဆံချေးမလို့လေ။”

ပိုင်လင် : “......”

အားလုံး : “......”

မိစ္ဆာဂိုဏ်းထံမှ စိတ်ဝိဥာဥ်ကျောက်တုံး နှစ်သန်းမျှသာ အများဆုံး ရနိုင်သောကြောင့် နဂါးမင်းပိုင်နက်ထံမှ ငွေချေးသင့်ပေသည်။

“သခင် မလောပါနဲ့။”

ရွှယ်ကျန်ထျန်း စကားဆိုလာသည်။

“နဂါးမင်းပိုင်နက်ကို သွားမရှုပ်သင့်ဘူး။”

ရှောင်ဇယ် ခေါင်းညိတ်ပြလိုက်သည်။

“ထျန်းလေးပြောတာ မှန်တယ်။ နဂါးမင်းပိုင်နက်မှာ တာအိုပေါင်းစည်းခြင်း အဆင့်တွေကိုတောင် ခြိမ်းခြောက်နိုင်တဲ့ ဝင်္ကပါ ရှိတယ်တဲ့။ ဓားပြတိုက်ဖို့ အဆင်မပြေလောက်ဘူး။”

“ချေးပဲချေးမှာပါဟ...”

အန်လင်း တုံ့ပြန်လာသည်။

အားလုံးမှာ မယုံကြည်သလို ဖြစ်နေကြသည်။

အန်လင်း : “.....”

“အဲ့ဒါကြောင့် နဂါးမင်းပိုင်နက် အခြေအနေကို မေးနေတာပေါ့။ အပြင်ရောက်နေတဲ့သူတွေဘာတွေရှိရင် ချေးငှားလို့ရအောင်။”

အန်လင်း သက်ပြင်းချလိုက်သည်။

လူတိုင်း သဘောပေါက်သွားကြသည်။

အော်... အပြင်ရောက်နေတဲ့သူဆီကနေ ဓားပြတိုက်မှာပဲ....

“ဘယ်လိုတွေ လာကြည့်နေတာလဲ။”

အားလုံးမှာ အန်လင်းအားကြည့်ကာ ပြုံးစိစိ ဖြစ်နေသည်။

“ဘောပျံမျိုးနွယ်စုက တိုက်ပွဲပြီးတည်းက နဂါးမင်းပိုင်နက်က သိုသိုသိပ်သိပ် ဖြစ်နေတာ။”

ပိုင်လင် ရှင်းပြလိုက်သည်။

“ဒါပေမယ့် ဘိုးဘေးတွေအတွက် ဓလေ့ထုံးတမ်းတစ်ခု လုပ်စရာရှိတယ်တဲ့။”

“ဘိုးဘေးတွေအတွက်လား။”

အန်လင်း ရေရွတ်လိုက်သည်။

“နဂါးမျိုးနွယ်စုက ရှေးဟောင်းထိုက်ချူကုန်းမြေမှာ အရမ်းအင်အားကြီးတာ။ အခု အရှေ့ပင်လယ် နဂါးမင်းပိုင်နက်က နဂါးမျိုးနွယ်စုက ခွဲထွက်လာတဲ့ အော့မိသားစု တစ်ခုပဲ။ သူတို့က နဂါးမျိုးနွယ်စု တစ်ခုလုံးအတွက် ရိုးရာပွဲတစ်ခုခု လုပ်မယ်ထင်တယ်။”

ရှောင်ဇယ် ခေါင်းညိတ်ပြလာသည်။

“ရှေးဟောင်းထိုက်ချူကုန်းမြေမှာဆို အော့မိသားစုက ရှောင်မိသားစုထက်တောင် နိမ့်ကျသေးတယ်။”

အန်လင်းမှာ စားပွဲအားရိုက်ကာ ဆုံးဖြတ်လိုက်သည်။

“အဲ့ဒါဆိုလည်း နဂါးညီကိုတွေဆီက ငွေသွားချေးကြတာပေါ့။”

All Chapters