စန္ဒာနှစ်သွယ်တိုက်ပွဲငယ်
Vol. 80 Ch. 1121
“တကယ်သွားမလို့လား။ ရိုးရာပွဲမှာ နဂါးဆရာကြီးတွေ ရှိနေနိုင်တယ်နော်။ အသက်အန္တရာယ် ရှိတယ်။”
“အစ်မကြီးပိုင်ရော လိုက်မလား။”
အန်လင်း အကြံပြုလိုက်သည်။
ပိုင်လင် ခေါင်းခါပြလာသည်။
“ငါ့ရဲ့ စမ်းသပ်ချက် တစ်ခုက အရေးကြီး အခြေအနေကို ရောက်နေတာ။ အားဦးမှာ မဟုတ်ဘူး။”
အန်လင်း အနည်းငယ် စိတ်ပျက်သွားရသည်။
ပိုင်လင် မလိုက်ပေးနိုင်ပါက အတော်ခက်ခဲသွားလောက်သည်ပင်။
“ဆရာ ကျွန်တော် လိုက်မယ်လေ။”
ရှောင်ဇယ် စိတ်လှုပ်ရှားစွာ ပြောလာသည်။
“ငါလည်းလိုက်မယ်။”
စုရှောင်လန် စကားဆိုလိုက်သည်။
“ဟင်းလင်းပြင်သို့အပြန် အဆင့်တက်ဖို့ အရှေ့ပင်လယ်မှာ အခွင့်အရေး တစ်ခုခု ရှိနေသလို ခံစားရတယ်။”
အန်လင်း အံ့အားသင့်သွားသည်။
“ရှောင်လန် မင်းအဆင့်တက်ဦးမလို့လား။”
“အင်း....”
စုရှောင်လန် ခေါင်းညိတ်ပြလိုက်သည်။
“ငါ့ခန္ဓာကိုယ်ထဲက ဗာမီလီယမ်ငှက် သွေးမျိုးဆက်က အရမ်းအားကောင်းတယ်။ ဝိဥာဥ်အမြစ်ကလည်း ရင့်မှည့်နေပြီလေ။ ငါ့ရဲ့စိတ်ဝိဥာဥ်ကလည်း သန့်စင်နေပြီဆိုတော့ အကုန်အသင့်ဖြစ်နေပြီ။ အခု ပြဿနာက ဗာမီလီယမ်ငှက် သွေးမျိုးဆက်ကို ငါ့ရဲ့မူလ နဂါးဇာမဏီ သွေးမျိုးဆက်နဲ့ ပေါင်းစည်းဖို့ပဲ။”
အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
“ကောင်းပြီလေ။ ဒါပေမယ့် မင်းကိုယ့်ကိုယ်ကို ဂရုစိုက်ရမယ်နော်။”
အန်လင်း လက်ခံလိုက်သည်။
“ဘီလူးအန်လင်း ငါလည်းလိုက်ချင်တယ်။”
တီနာ တောင်းဆိုလာသည်။
“ကိစ္စမရှိပါဘူး။”
ဟင်းလင်းပြင်သို့အပြန်အဆင့် များများပါလေ ကောင်းလေပင်။
“ဘရိုင့်စ် မင်းလည်းလိုက်ခဲ့လေ။ တစ်နေ့တစ်နေ့ အရူးလိုမျိုး နေရောင်ခံမနေနဲ့။”
အန်လင်းမှာ သစ်ပင်လူသားအားကြည့်ကာ ပြောလိုက်သည်။
“နေရောင်ခံတာကို အထင်သေးတာလား။”
ရှောင်ဟုန် မကျေမနပ် ဖြစ်သွားလေသည်။
“သခင်.... ကျွန်တော် လိုက်မှရမှာလား။ အခုက ဆောင်းဦးရာသီဆိုတော့ ကျွန်တော့် အရွက်တွေတောင် ဝါဆွေးနေပြီ။”
ဘရိုင့်စ် တိုးညင်းစွာ ပြောလာသည်။
“အဲ့ဒါ ကံမကောင်းတဲ့ နိမိတ်ပဲ။ အစီအစဥ်တွေ ပျက်သွားနိုင်တယ်။”
သစ်ပင်လူသား စကားဆက်လိုက်သည်။
“ကိစ္စတွေပြီးရင် မြင့်မြတ်သွေးစက် တစ်မီလီလီတာပေးမယ်။”
အန်လင်း အကြံပေးလိုက်သည်။
“ဒီငယ်ကျွန်ကြီး ဘရိုင့်စ်က အသက်ပေးဖို့တောင် ဆန္ဒရှိပါတယ်။”
သစ်ပင်လူသား၏ အရွက်များမှာလည်း မျက်စိရှေ့တွင်ပင် စိမ်းလန်းစိုပြေသွားသည်။
အားလုံး : “......”
ဆွေးနွေးခြင်းများ ပြီးဆုံးသွားပြီးနောက်......
စုကျိုးအင်မော်တယ်ဂိုဏ်းမှာ ငွေချေးရန် အစီအစဥ်အား အတည်ပြုလိုက်ကြသည်။
ဂိုဏ်းချုပ်အန်လင်းကိုယ်တိုင် စုရှောင်လန်၊ ရှောင်ဇယ်၊ တီနာ၊ ဘရိုင့်စ်တို့နှင့်အတူ အဖွဲ့တစ်ဖွဲ့ ပြုလုပ်ခဲ့သည်။
ပိုင်လင်မှလွဲ၍ စုကျိုးအင်မော်တယ်ဂိုဏ်း၏ အထူးချွန်ဆုံးသူများ ပါဝင်ကြမည် ဖြစ်သည်။
“ရိုးရာပွဲက လဝက်လောက်နေရင် လုပ်မှာဆိုတော့ အရှေ့ပင်လယ်ကိုသွားပြီး သတင်းလေးဘာလေး နှိုက်ရအောင်။”
အန်လင်း ဆုံးဖြတ်လိုက်သည်။
ထို့နောက် အစည်းအဝေးခန်းမှ ထွက်လိုက်သည်နှင့် မိန်းမငယ်လေးတစ်ဦးအား တွေ့လိုက်ရသည်။
“ဆရာကြီးအန်လင်း....”
လန်ရှောင်နီ နှုတ်ဆက်လာသည်။
“မင်းငါ့ကို စောင့်နေတာလား။”
အန်လင်း ပြုံးကာပြောလိုက်သည်။
လန်ရှောင်နီ ခေါင်းညိတ်ပြလိုက်သည်။
“မင်္ဂလာပွဲက ပြီးပြီဆိုတော့ ပြန်တော့မလို့လေ။”
“ဒီမှာ မနေတော့ဘူးလား။ စုကျိုးအင်မော်တယ်ဂိုဏ်းကို သဘောကျတယ်ဆို...”
အန်လင်း မေးမြန်းလိုက်သည်။
“နောက်တစ်ခါမှပေါ့။ ငါ့မှာ လုပ်စရာ ရှိသေးတယ်။”
လန်ရှောင်နီ မျက်စိမှိတ်ပြလိုက်သည်။
သူမသည် အနောက်ပင်လယ်အား ပေါင်းစည်းရဦးမည်ဖြစ်ကြောင်း အန်လင်း သတိရသွားသည်။
“ကောင်းပြီလေ။ ကိုယ့်ကိုယ်ကို ဂရုစိုက်နော်။”
“အင်းပါ။ တာ့တာနော် ဆရာကြီးအန်လင်း....”
“တာ့တာ....”
နွေးထွေးသော နေရောင်ခြည်သည် အစိမ်းရောင် သစ်ရွက်လေးများအား တောက်ပနေစေသည်။
၎င်းတို့နှစ်ဦးမှာ ရိုးရှင်းစွာ နှုတ်ဆက်ခဲ့ကြပြီးနောက် လန်ရှောင်နီသည် လှိုင်းလုံးတစ်ခုအားစီးကာ ပျံသန်းထွက်ခွာသွားသည်။
အန်လင်းမှာ သူမကိုကြည့်ရင်း ပြုံးနေခဲ့သည်။
လန်ရှောင်နီသည် ယခင်ကနှင့် မတူတော့ပဲ ရည်မှန်းချက်၊ ရည်ရွယ်ချက်တို့ပင် ရှိနေလေပြီ။
နောက်တစ်ခါတွေ့ရင် ဘယ်လိုများ ဖြစ်နေမလဲ....
ညအချိန်မှာ ဖြည်းညင်းစွာ စီးဝင်လာသည်။
ထိုက်ချူကုန်းမြေ တစ်နေရာ၌.....
နက်မှောင်သော ကောင်းကင်ထက်တွင် လမင်းကြယ်စင်များ တွဲလဲခိုနေသည်။ ထိုနေရာတွင် ကုန်းမြေနက် တစ်ခုလည်း ရှိနေသေးသည်။
ကုန်းမြေအလယ်တွင် ကြီးကျယ်ခမ်းနားသော နန်းတော်ကြီး တစ်ခုကို တွေ့နိုင်သည်။
နန်းတော်တွင် အကြီးအကဲများအား ကိုယ်စားပြုကာ ထွင်းထုထားသော အမှတ်အသားများမှာ မတည်မငြိမ် ဖြစ်နေကြသည်။
တောင်ပံနက် အကြီးအကဲ ဆယ်ပါးသည် မြေပြင်ပေါ်ရှိ အမျိုးသမီးအား လေးလေးနက်နက် ကြည့်ရှုနေကြသည်။
အမျိုးသမီးသည် အရိုးများ ကျိုးကြေကာ စွမ်းအင်ဝင်ပေါက်များ ထိခိုက်ထားသည့်အပြင် သက်ရှိစွမ်းအင် ပင်လယ်ကပါ စုတ်ပြတ်သတ်နေလေပြီ။
တောင်ပံနက်ဧကရာဇ်မှာ သူမအား ကယ်တင်ရန် အကောင်းဆုံး ကြိုးစားနေပါသော်လည်း အလုပ်မဖြစ်လှပေ။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ လစန္ဒာအကြီးအကဲက ငါတို့ထဲက အတော်ဆုံး တစ်ယောက်ပဲ။”
“သူမက အန်လင်းဆီက ဓားခိုးရုံပဲမလား။ အဲ့ဒါကိုတောင် သေမလို ဖြစ်လာတာလား။”
“သူ့ခန္ဓာကိုယ်ထဲက အစွမ်းက ကြောက်စရာကောင်းတယ်ဆိုပေမယ့် အခုတော့ အဲ့အစွမ်း မပါရင်တောင် ငါတို့ကို သတ်နိုင်နေပြီထင်တယ်။ ဘယ်သူကမှ အဲ့တာဝန်ကို ထမ်းဆောင်နိုင်တော့မှာ မဟုတ်ဘူး။”
“အစက လစန္ဒာအကြီးအကဲဆီကနေ တာဝန်လွှဲယူဦးမလို့ပဲ။ အခုတော့ အဲ့လိုမလုပ်မိတာ တော်သေးတာပေါ့။”
အကြီးအကဲများမှာ တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။
အချို့ဆိုလျှင် လစန္ဒာအကြီးအကဲအားကြည့်ကာ ချွေးပင်ပျံနေရသည်။
“သူမ ဒဏ်ရာတွေက အရမ်းအခြေအနေ ဆိုးနေတယ်။”
တောင်ပံနက်ဧကရာဇ် သက်ပြင်းချလိုက်သည်။
“လစန္ဒာအကြီးအကဲက ဒီတာဝန်အတွက် အစွမ်းကုန် ပေးဆပ်ခဲ့တယ်။ အောင်မြင်မှု မရခဲ့ပေမယ့် ဆုလာဘ်ဖြစ်တဲ့ အံ့ဖွယ်သစ်သီးကို ကျွေးဖို့ဆုံးဖြတ်လိုက်တယ်။”
မည်သူကမှ မငြင်းဆန်ကြပေ။
၎င်းတို့အတွက် လစန္ဒာအကြီးအကဲမှာ အစစ်အမှန် သူရဲကောင်းတစ်ဦး ဖြစ်သည်။
ထိုည၌.....
သွေးနီရောင် အလင်းတန်းတစ်ခုမှာ ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။
မကြာမီပင် သွေးနီရောင် လတစ်စင်း ထွက်ပေါ်လာလေသည်။
“ဖိုးဖိုး.... ဖိုးဖိုး ကြည့်ပါဦး။ ကောင်းကင်မှာ လနှစ်စင်းတောင်မှ....”
ချိုနှစ်ချောင်းနှင့် ကောင်ကလေးမှာ အဖိုးဖြစ်သူအား လက်ညှိုးထိုးပြလိုက်သည်။
ကောင်းကင်ထက်တွင် ကျောက်စိမ်းရောင် လတစ်စင်းနှင့် သွေးနီရောင် လတစ်စင်း အပြိုင်ထွန်းလင်းနေကြသည်။
“ကောင်းကင်မှာ လနှစ်စင်း အပြိုင်ပေါ်နေတာလား။ ဒါမျိုးမဖြစ်ခဲ့တာ ဘယ်လောက်တောင် ကြာနေပြီလဲ။”
အဖိုးအို ခပ်ဖွဖွ ပြုံးလိုက်သည်။
“စိတ်ဝင်စားစရာတွေ ဖြစ်လာတော့မှာပဲ။”
.......
လနန်းတော်၌...
ဆေးလုံးသန့်စင်ရန် ပါဝင်ပစ္စည်းများ ဂရုတစိုက် ရွေးချယ်နေသော အမျိုးသမီးမှာ မျက်မှောင်ကျုံ့လျက် ပြတင်းပေါက်ထံ သွားလိုက်သည်။
“ငါနဲ့ပြိုင်ရဲတယ်ပေါ့။”
“ကောင်းပါတယ်လေ.... ငါလည်းပျင်းနေတာပဲ။”