ဧရာမသားရဲကြီးနှင့် တွေ့ဆုံခြင်း
Vol. 80 Ch. 1123
အန်လင်း၏ တောင်းဆိုချက်မှာ အရှက်မဲ့လှသည်။
မိစ္ဆာရှင်းဓားသည်ပင် တိတ်တိတ်ဆိတ်ဆိတ် မနေနိုင်တော့ပေ။
“ဝိဥာဥ် ပျိုးထောင်ဖို့က ဓားတာအိုကို နားလည်ရမယ့်အပြင် ဓားအတွက်လည်း စွမ်းအင်ရင်းမြစ်တစ်ခု ရှိနေဖို့လိုတယ်။”
“ငါ့မှာ ဝိဥာဥ်ရှိပေမယ့် ကိုယ်ထည်ဖြစ်လာဖို့ စွမ်းအင် မလောက်ဘူးလေ။”
အန်လင်း စိတ်လှုပ်ရှားသွားသည်။
“အဲ့ဒါဆို ဘယ်လိုလုပ်ပေးရမှာလဲ။”
“သိသာသိရင် ပြောပြပြီးနေပြီပေါ့။”
မိစ္ဆာရှင်းဓား၏ တုံ့ပြန်ချက်ကြောင့် အန်လင်း ငြိမ်သက်သွားသည်။
“ဝိဥာဥ် ပျိုးထောင်တာ အောင်မြင်တဲ့ အင်မော်တယ်လက်နက်က တော်တော်ရှားတယ်။ ပြီးတော့ နည်းလမ်းတွေကလည်း တစ်ခုနဲ့တစ်ခု မတူကြဘူး။”
“အရင်တုန်းကတော့ တောင်ပံနက်မျိုးနွယ်စုဝင်ဆီက စွမ်းအင်ယူရင် ငါ့ဝိဥာဥ် သန်မာလာမယ် ထင်ခဲ့တာ။ ငါတို့တွေ့ခဲ့တဲ့ တောင်ပံနက်မျိုးနွယ်စုဝင်တွေကပဲ အားနည်းလွန်းတာလား ဒါမှမဟုတ် အဲ့နည်းလမ်းက အလုပ်မဖြစ်တာလား မသိတော့ဘူး။”
မိစ္ဆာရှင်းဓားမှာ ထိုမျှများများစားစား မပြောဖူးသောကြောင့် အနည်းငယ်ပင် မောဟိုက်နေသည်။
အန်လင်း မေးမြန်းလိုက်သည်။
“အဲ့ဒါဆို ဘယ်အဆင့်လောက် လိုတာလဲ။”
မိစ္ဆာရှင်းဓား တစ်ချက်မျှ စဥ်းစားကြည့်လိုက်သည်။
“အနည်းဆုံး လစန္ဒာအကြီးအကဲထက် သာမှရမယ်။ တာအိုပေါင်းစည်းခြင်း အဆင့်ရှိတဲ့ တောင်ပံနက်ဧကရာဇ်ကို သတ်ကြည့်ပါလား။”
အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။
တာအိုပေါင်းစည်းခြင်းအဆင့် တောင်ပံနက်ဧကရာဇ်ကို သတ်ကြည့်ပါတဲ့လား......
အဲ့ဒါကို ဟင်းရွက်၊ ကန်စွန်းရွက် ဝယ်သလို လွယ်တယ်များ ထင်နေလား.......
“ဟားဟား..... မင်းက ရယ်ရသားပဲ။”
အန်လင်း မျက်နှာပျက်သွားသည်။
စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့်က တာအိုပေါင်းစည်းခြင်း အဆင့်ကို သတ်ရမှာလား.....
ရူးနေတဲ့ စာရေးဆရာတောင် အဲ့လိုဇာတ်ကွက်မျိုး မရေးရဲဘူး......
တောင်ပံနက်ဧကရာဇ် လက်တစ်ချက် လှုပ်ရုံနဲ့တင် ငါပြာကျသွားနိုင်တယ်......
ဒါကြီးကတော့ ဘယ်လိုမှ မဖြစ်ဘူး....
မိစ္ဆာရှင်းဓား တည်တည်ငြိမ်ငြိမ်ပင် တုံ့ပြန်လာသည်။
“နင်ကကြောက်တာလား။ ဖြစ်သင့်ပါတယ်လေ။ ငါပင်ပန်းနေပြီ။ နားတော့မယ်။”
ထိုစကားနှင့်အတူ အန်လင်းအား လျစ်လျူရှုသွားတော့သည်။
အန်လင်း ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ သူ့ထံတွင် ပစ်မှတ်တစ်ခု ရှိသွားလေပြီ။
အခွင့်အရေး ရတာနဲ့ တောင်ပံနက်ဧကရာဇ်ကို သတ်ပစ်ရမယ်......
ယီးတဲ့မှ..... အဲ့ဒါက တွေးရုံနဲ့တင် လန့်စရာကြီးဆိုပေမယ့်ပေါ့.....
အန်လင်းနှင့် စုရှောင်လန်မှာ စျေးဝယ်ထွက်ပြီးနောက် ရိုးရှင်းသော စားသောက်ဆိုင် တစ်ခုသို့သာ ဝင်ခဲ့ကြသည်။ စုရှောင်လန်၏ စကားအရ ရိုးရှင်းသော အစားအသောက်များသည် အရသာ ရှိသည့်အပြင် သူမ၏ ဟင်းပွဲများအတွက်လည်း လွယ်လင့်တကူ လေ့လာနိုင်စေသည်ဟုဆိုသည်။
စုရှောင်လန်သည် ဟင်းချက်ရသည်ကို အမှန်တကယ် နှစ်သက်နေပြီပင်။
“ကြားမိကြလား။ ဒီရက်နှစ်ဆယ်လုံးလုံး တောင်ဘက်မြွေပင်လယ်မှာ မုန်တိုင်းထန်နေတယ်တဲ့။ မိစ္ဆာတွေဘာတွေ ပေါ်လာတော့မှာလား မသိဘူး။”
ပုလဲလူသားတစ်ဦးမှ စကားဆိုလိုက်သည်။
ပုလဲနက်မှာ အံ့အားသင့်သွားလေသည်။
“အဲ့နေရာက ကျုပ်ငါးဖမ်းနေကြ နေရာပဲ။”
“အဲ့လိုမုန်တိုင်းက တောင်ဘက်မြွေပင်လယ်မှာ ဆယ်နှစ်တစ်ခါ ဖြစ်နေကြပဲမလား။”
အခြားသော ပုလဲလူသားလည်း စကားဝိုင်းထဲ ပါဝင်လာသည်။
အန်လင်းတို့မှာ ထိုစကားဝိုင်းအား တိတ်တဆိတ် နားစွင့်နေကြသည်။
ကောင်းကင်ဘုံနဂါးကျွန်းသည် တောင်ဘက်မြွေပင်လယ်တွင် တည်ရှိ၏။
အနက်ရောင်ဝတ်စုံနှင့် ပုလဲဖြူမလေး တုံ့ပြန်လိုက်သည်။
“ဒီတစ်ခါတော့ လုံးဝမတူဘူးနော်။ အရင်ကထက် အများကြီး ပိုကြမ်းနေတာ။ တစ်ခုခုပဲဆိုတာ သေချာတယ်။”
“စိတ်ဝိဥာဥ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူတွေပါတဲ့ စွန့်စားရေးအဖွဲ့တောင် အဲ့မုန်တိုင်းထဲသွားတာ ပြန်မလာနိုင်သေးဘူးလေ။ အခုလောက်ဆို ငါးစာဖြစ်သွားလောက်ပြီ။”
ပုလဲများမှာ ထိတ်လန့်ကာ မည်းနက်ကုန်ကြသည်။
ပုလဲနက်ကမူ မျက်နှာအရောင် ပြောင်းလဲသွားခြင်း မရှိပေ။
စုရှောင်လန် အန်လင်းအား အသံဖြင့် ဆက်သွယ်လာသည်။
“ဒီတစ်ခါ အခြေအနေတွေ ထူးခြားနေပုံပဲ။ ငါတို့ သွားကြည့်ကြမလား။”
၎င်းတို့သည် ပတ်ဝန်းကျင်အား လည်ပတ်ရန် စီစဥ်ထားပါသော်လည်း ကြားလိုက်ရသော အခြေအနေများကြောင့် ပြောင်းလဲရန် ဖြစ်လာခဲ့သည်။
အန်လင်း ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပြီလေ။ စောစောသွားလိုက်ကြတာပေါ့။”
ထို့နောက် ပေလျန်၏ နက္ခတ်ပြမြေပုံအတိုင်း ပျံသန်းလာလိုက်ကြသည်။
ပင်လယ်ပြင်ရှိ သန္ဓေပြောင်းသားရဲများမှာ အန်လင်းတို့အတွက် ကလေးကစားစရာသာသာပင်။
၎င်းတို့သည် သတ်ရင်းဖြတ်ရင်း အချိန်တစ်နာရီခန့် ကြာပြီးနောက် မိုးကြိုးတိမ်တိုက်ကြီးနား ရောက်ရှိလာသည်။
မိုးကြိုးတိမ်တိုက်ကြီးသည် မျက်စိတဆုံး ကျယ်ပြန့်ကာ နေရောင်ကိုပင် ဖုံးကွယ်ထားသည်။
မိုးကြိုးလျှပ်စီးများ ခက်ထန်ကာ လေကြမ်းနေသည့်အပြင် မိုးစက်မိုးပေါက်များလည်း အဆက်မပြတ် ရွာချနေလေသည်။
ထိုသည်မှာ ကောင်းကင်ဘုံနဂါးကျွန်း ပေါ်ထွက်သော လက္ခဏာများ ဖြစ်နိုင်သည်။
“နာလေး.... ငါတို့ကို ဖုံးကွယ်ပေးဦး။”
အန်လင်း အမိန့်ပေးလိုက်သည်။
“ကိစ္စမရှိပါဘူး။”
တီနာသည် အားလုံး၏ အရှိန်အဝါအား ကွယ်ဝှယ်ရန် အကာအရံလွှာတစ်ခု ဖန်ဆင်းလိုက်သည်။
တီနာ၏ ကိုယ်ပိုင်ကျင့်စဥ်များမှာ အမှန်တကယ် ကောင်းမွန်လှပြီး ဖုံးကွယ်ခြင်းမှာလည်း ဟင်းလင်းပြင်သို့အပြန် အဆင့်များထံမှပင် လုံးလုံးလျားလျား လွတ်မြောက်နိုင်သည်။
“ဝေါင်း.....”
ကျယ်လောင်လှသော ဟိန်းဟောက်သံတစ်ခု ရုတ်ချည်းပေါ်ထွက်လာသည်။
အန်လင်းနှင့် စုရှောင်လန်မှာ တစ်ဦးကိုတစ်ဦးကြည့်ကာ အရှိန်မြှင့်လိုက်ကြသည်။
မကြာမီပင် သွေးနီရောင် မျက်ဝန်းများနှင့် ကြောက်မက်ဖွယ် ကောင်းလှသော အနက်ရောင် ပုံရိပ်ကြီးတစ်ခုအား တွေ့လိုက်ရသည်။
“စီနီယာ ကျေးဇူးပြုပြီး သားတော်ကို လွှတ်ပေးပါ။”
တောင်းပန်သော စကားသံမှာ ခပ်သဲ့သဲ့ ထွက်ပေါ်လာသည်။
ထို့နောက် အနက်ရောင် နဂါးတစ်ကောင်အား တွေ့လိုက်ရလေသည်။
အန်လင်း စုရှောင်လန်အား ကြည့်ရှုလိုက်သည်။
“မင်းအဖိုးပဲ။”
စုရှောင်လန် သက်ပြင်းချလာသည်။
“ငါတို့တော့ အချိန်ကိုက် ရောက်လာပုံပဲ။”
အနက်ရောင် ပုံရိပ်ကြီးမှာ ဖြည်းညင်းစွာ တစ်ဖက်သို့ လှည့်လာသည်။
“ကြီးလိုက်တဲ့လိပ်ကြီး..... တောင်ကြီးလိုပဲ။”
တီနာ မျက်လုံးပြူးသွားသည်။
ထိုလိပ်ကြီးမှာ ဧရာမထက်ပင် ကြီးမားနေသည်။
၎င်း၏ခန္ဓာကိုယ်သည် ကီလိုမီတာ တစ်ရာ့ငါးဆယ်ခန့် ရှိသောကြောင့် ကုန်းမြေကြီး တစ်ခုစာမျှ ဖြစ်နေသည်။
“မဟုတ်သေးဘူး။ ခေါင်းက နဂါးခေါင်းကြီး...”
အန်လင်း သုံးသပ်လိုက်သည်။
“နင့်လိုလိပ်ခွံရှိတဲ့ နဂါးများလား။”
စုရှောင်လန် ပြုံးကာပြောလာသည်။
“ရှောင်လန် မင်းပြောင်းလဲသွားပြီပဲ။”
ရှောင်ဇယ် အကြံပြုလိုက်သည်။
“ဆရာ.... သူက နဂါးဘိုးဘေးနဲ့ လိပ်ဘိုးဘေးကနေ မွေးဖွားလာတဲ့ ဒဏ္ဍာရီလာသားရဲ ပါ့ရှာထင်တယ်။”