← Chapters

ကောင်းကင်နတ်ဆိုးဂိုဏ်း ပြဿနာ

Vol. 24 Ch. 322

ကောင်းကင်နတ်ဆိုးဂိုဏ်း ပြဿနာ

Vol. 24 Ch. 322

လီဖူချန်းတစ်ယောက် မိုးပြာရောင်ဂိုဏ်းကို ပြန်မရောက်ခင်မှာဘဲ  ပဟေဠိ သိုင်းသမားတွေ အရှေ့ယူနီကွန်း တိုက်ကြီးကနေ ထွက်ခွာသွားတဲ့ သတင်းက တိုက်ကြီး တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပါပြီ။

သတင်းကို ရတဲ့ ဂိုဏ်းတွေဟာလည်း လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့ပါတယ်။

" နောက်ဆုံးတော့  ပဟေဠိ သိုင်းသမားတွေ ထွက်သွားခဲ့ပြီပေါ့။  တောင်စိမ်းဂိုဏ်းဟာ  တတိယတန်းစား ဂိုဏ်းဖြစ်ပေမယ့် သူတို့ဂိုဏ်းသား တစ်ယောက်က ပဟေဠိ သိုင်းသမား တစ်ယောက်ရဲ့ လက်ရင်းတပည့် ဖြစ်တယ်ဆိုတဲ့ အချက်နဲ့  ငါတို့ကို ဖိနှိပ်နေတာကြာပြီ။  မင်းတို့ရဲ့ တောင်စိမ်းဂိုဏ်းက စွမ်းသလား ငါတိုရဲ့ သံမဏိ ဂိုဏ်းက စွမ်းသလား ဆိုတာ ပြရသေးတာပေါ့ကွာ"

" ရွှေဘီး ဂိုဏ်းက  ငါ့ရဲ့ မြေးကို သတ်ခဲ့တာ။  အခုအချိန်က ကလဲ့စား ချေရမယ့် အချိန်ပဲ။  သူတို့တွေက အနည်းဆုံးတော့  ငါ့မြေးကို သတ်တဲ့ တရားခံကို ထုတ်ပေးစေရမယ်"

တိုက်ပွဲတစ်ရာ နယ်မြေအတွင်းက ဂိုဏ်းတွေကတော့ ပဟေဠိ သိုင်းသမားတွေ ထွက်သွားပြီဆိုတဲ့ သတင်းကို အစောဆုံး ရသူတွေ ဖြစ်ပါတယ်။   အဲသည်အတွက် တိုက်ပွဲတစ်ရာ နယ်မြေအတွင်းမှာတော့ ဂိုဏ်းအချင်းချင်း တိုက်တဲ့ တိုက်ပွဲအသေးစားလေးတွေ  အများကြီး ဖြစ်နေပါပြီ။

လီဖူချန်းတစ်ယောက် မိုးပြာရောင်ဂိုဏ်းကို ရောက်ပြီး သိပ်မကြာခင်မှာဘဲ သည်သတင်းဟာ ကောင်းကင်နတ်ဆိုးဂိုဏ်းထံ ရောက်သွားပါတော့တယ်။

- ကောင်းကင်နတ်ဆိုးဂိုဏ်း ပင်မခန်းဆောင် -

ပဟေဠိ သိုင်းသမားတွေ အရှေ့ယူနီကွန်း တိုက်ကြီးကနေ ထွက်သွားပြီဆိုတဲ့ သတင်းကို ကြားလိုက်ရတဲ့ လီရှင်းထန်ဟာ  အားရပါးရ ရယ်မောလိုက်ပြီး

" ပဟေဠိသိုင်းသမားတွေ ထွက်သွားကြပြီလား ...  ... ။  ကောင်းတယ် ...  ... ။  အရမ်းကောင်းတယ် ...  ... ။  မိုးပြာရောင်ဂိုဏ်း ...  ...  ဒီတစ်ကြိမ်မှာကော မင်းတို့က  ဟိုမျိုးမစစ်လေးကို ကာကွယ်ဦးမလား ဆိုတာ ကြည့်ရသေးတာပေါ့။  "

လီရှင်းထန်အနေနဲ့ မိုးပြာရောင်ဂိုဏ်းကို တရားဝင် စစ်ကြေညာဖို့တော့ မလုပ်ရဲသေးပါဘူး။   ဂိုဏ်း၂ဂိုဏ်း ကြားမှာ စစ်ဖြစ်လို့ ဆုံးရှုံးသွားမယ့် အရာတွေက နည်းတာမှ မဟုတ်တာလေ။

" အင်း ...  ...  ငါ့ဦးလေးကို သွားခေါ်ဖို့ အချိန်ကျပြီ။  "

ထို့နောက်မှာတော့ လီရှင်းထန်ဟာ  ပင်မခန်းဆောင်ထဲကနေ ထွက်ပြီး   ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ အတွင်းပိုင်းထဲမှာရှိတဲ့  တောင်တစ်လုံးဆီကို ပျံသန်းသွားပါတော့တယ်။

ထိုတောင်ကို အပိုင်စား ရထားသူကတော့  ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး အထွတ်ခေါင်ချုပ် အကြီးအကဲဖြစ်တဲ့ လီဖိန်းပိုင် ပါပဲ။  လီဖိန်းပိုင်ဟာ  လီရှင်းထန်ရဲ့ ဦးလေးတော်သူလည်း ဖြစ်ပါတယ်။

" ရှင်းထန် ...  ...  မင်းဘာဖြစ်လို့ သည်ကို လာခဲ့တာလည်း "

လီရှင်းထန်တစ်ယောက် ကံကောင်းတယ်လို့ ဆိုရမှာပါပဲ။

လီဖိန်းပိုင်ဟာ တံခါးပိတ် ကျင့်ကြံနေခြင်း မရှိဘဲ အေးအေးလူလူ  ရေနွေးကြမ်း သောက်လျက် ရှိနေတယ်လေ။

" ဦးလေး ...  ... ။  ပဟေဠိ သိုင်းသမားတွေ အရှေ့ယူနီကွန်း တိုက်ကြီးကနေ ထွက်သွားကြပြီ။  ကျွန်တော် ဝူရှုအတွက် လက်တုံ့ပြန်ချင်တယ်"

လီရှင်းထန်ဟာ သူလာရခြင်း အကြောင်းကို  သွယ်ဝိုက်မနေတော့ဘဲ တည့်တိုး ပြောလိုက်ပါတယ်။

ထိုစကားကို ကြားလိုက်ရတဲ့ နောက်မှာတော့ လီဖိန်းပိုင်ရဲ့ မျက်လုံးတွေဟာ အရောင် တောက်သွားခဲ့ပါပြီ။

" ပဟေဠိသိုင်းသမားတွေ ထွက်သွားပြီလား ...  ... ။   မင်းဘာလုပ်နေတာလဲ ...  ... ။  လာခဲ့ ...  ...  ငါတို့ အခုချက်ချင်း မိုးပြာရောင်ဂိုဏ်းကို သွားကြမယ်။  "

လီဖိန်းပိုင်ဟာ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၄ပညာရှင် ဖြစ်တဲ့အတွက် မိုးပြာရောင်ဂိုဏ်းကို ကြောက်မနေပါဘူး။  မိုးပြာရောင်ဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး ပညာရှင်က ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၃မှာသာ ရှိနေသေးသည် မဟုတ်ပါလား။

ပြန်လည် ဝင်စားခြင်းနယ်ပယ်မှာတော့ အဆင့်တစ်ဆင့် ကွာခြားတယ်ဆိုတာ နည်းတဲ့ ကွာခြားချက် မဟုတ်ပါဘူး။  ဒါက အရာရာကို အဆုံးအဖြတ် ပေးသွားနိုင်ပါတယ်။

ပြန်လည် ဝင်စားခြင်းနယ်ပယ်မှာတော့ ကြယ်၅ပွင့် အထူး အရိုးတည်ဆောက်ပုံ ပိုင်ရှင် ဒါမှမဟုတ် ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေသာလျှင် အဆင့်ကျော်ပြီး တိုက်ခိုက်နိုင်စွမ်း ရှိတာပါ။

ထို့နောက်မှာတော့  လီဖိန်းပိုင်ဟာ နောက်ထပ် အထွတ်ခေါင်ချုပ် အကြီးအကဲ တစ်ယောက်ကို လှမ်းခေါ်လိုက်ပါတယ်။  ထိုအထွတ်ခေါင်ချုပ် အကြီးအကဲ ရောက်လာချိန်မှာတော့ သူတို့သုံးယောက်ဟာ  မိုးပြာရောင် ဂိုဏ်းဆီသို့ ပျံသန်း ထွက်ခွာ သွားခဲ့ပါပြီ။

သူတို့ရဲ့ ရည်ရွယ်ချက်ကတော့  မိုးပြာရောင်ဂိုဏ်းကို ဖိအားပေးဖို့ပါပဲ။  မိုးပြာရောင်ဂိုဏ်းဟာ သည်တစ်ကြိမ်မှာတော့ လီဖူချန်းကို သူတို့လက်ထဲ ထည့်ပေးမှကို ဖြစ်မှာပါ။

- မိုးပြာရောင်ဂိုဏ်း -

လီဖူချန်းက သူ့အခြေအနေကို ကောင်းကောင်းကြီး ရိပ်မိထားပြီးပါပြီ။  သူဟာ မိုးပြာရောင်ဂိုဏ်းကို ရောက်တာနဲ့ တစ်ပြိုင်နက် အိုးရန်ဝမ်းထင် ရှိရာဆီကို အပြေးသွားပြီး  ဖြစ်ကြောင်း ကုန်စင်ကို မချွင်းမချန် ပြောပြပါတော့တယ်။

အိုးရန်ဝမ်းထင်ရဲ့ မျက်နှာကတော့ သိပ်မကောင်းလှပါဘူး။  သူက တစ်ချိန်ချိန်မှာတော့ ပဟေဠိ သိုင်းသမားတွေဟာ အရှေ့ယူနီကွန်း တိုက်ကြီးကနေ ထွက်သွား လိမ့်မယ်ဆိုတာကို သိထားပါတယ်။  ဒါပေမဲ့ သည်လိုအချိန်ကြီးမှာ ထွက်သွား လိမ့်မယ်လို့တော့ မထင်ထားခဲ့ပါဘူး။

" မင်းပြောတဲ့ အတိုင်းဆိုရင်တော့ အခြေအနေမဟန်ဘူး။  ကောင်းကင်နတ်ဆိုးဂိုဏ်းက မကြာခင် ငါတို့ဆီကို လာတော့မှာ သေချာတယ်။  "

အိုးရန်ဝမ်းထင်က  လီရှင်းထန်ရဲ့ အကြောင်းကို ကောင်းကောင်းကြီး သိထားသူ တစ်ယောက်ပါ။  လီရှင်းထန်က  လီဖူချန်းကို အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ပါဘူး။

လီဖူချန်းကတော့  အကြီးအကျယ် ခေါင်းကိုက်နေပါပြီ။  သူက ကောင်းကင် နတ်ဆိုးဂိုဏ်းကို  ဘယ်လိုမှ ထိပ်တိုက်ရင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။  သူ့အနေနဲ့  ကောင်းကင် နတ်ဆိုးဂိုဏ်းကို ထွက်ပြီး ရင်ဆိုင်တာဟာ ကျောက်တောင်ကို ကြက်ဥနဲ့  ပေါက်သလို  ဖြစ်နေမှာပါ။

ယခုအချိန်မှာတော့ လီဖူချန်းဟာ လုပ်စရာ တစ်ခုပဲ ရှိပါတော့တယ်။  အဲဒါကတော့  အိုးရန်ဝမ်းထင်နဲ့ မိုးပြာရောင်ဂိုဏ်းရဲ့ အထွတ်ခေါင်ချုပ် အကြီးအကဲတွေကို မျက်လုံးမှိတ်ပြီး  ယုံလိုက်ဖို့ပါပဲ။

အချိန်အတန်ကြာ စဉ်းစားပြီး နောက်မှာတော့ အိုးရန်ဝမ်းထင်ဟာ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ကာ  သေသေချာချာ ဆုံးဖြတ်ပြီးဟန်ဖြင့် စကားဆိုလာပါတယ်။

" လီဖူချန်း ...  ...  မင်းဘာမှ စိုးရိမ်မနေနဲ့  ...  ... ။  ငါတို့ မိုးပြာရောင်ဂိုဏ်း ရှိနေသရွေ့တော့ ကောင်းကင် နတ်ဆိုးဂိုဏ်းဟာ မင်းကို လက်ဖျားနဲ့တောင် မတို့နိုင်စေရဘူး။  "

သည်အချိန်က မိုးပြာရောင်ဂိုဏ်းအနေနဲ့ ကြောက်ရွံ့နေရမယ့် အချိန် မဟုတ်ပါဘူး။   လီဖူချန်းဟာ မိုးပြာရောင်ဂိုဏ်းရဲ့ သမိုင်း တစ်လျှောက်မှာ တစ်ခါမှ မပေါ်ထွန်းခဲ့တဲ့ ပါရမီရှင် တစ်ယောက် ဖြစ်ပါတယ်။   သည်လို ပါရမီရှင် တစ်ယောက်ကို အခြား ဂိုဏ်းတစ်ဂိုဏ်းရဲ့ ဖိအားပေးမှုကြောင့် ခွေးစားစား၊ ကျီးထိုးထိုး ဆိုပြီး  စွန့်ပစ်လိုက်တဲ့ အထိ  အိုးရန်ဝမ်းထင်ဟာ မတုံးအသေးပါဘူး။  လီဖူချန်းကို မပေးလို့ ဂိုဏ်းနှစ်ဂိုဏ်း စစ်ဖြစ်မယ် ဆိုရင်တောင်မှ လီဖူချန်း  ပြသခဲ့တဲ့  ပါရမီတွေဟာ စစ်ဖြစ်ဖို့ အတွက် ထိုက်တန်ပါတယ်။  အိုးရန်ဝမ်းထင် ယုံကြည်ထားတာကတော့  ကောင်းကင် နတ်ဆိုးဂိုဏ်းကလည်း  လီဝူရှု တစ်ယောက် အတွက်နဲ့  စစ်ပွဲကြီး စတင်မှာ မဟုတ်ပါဘူး။

" ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ကြီး ...”

လီဖူချန်းက အခုမှ စိတ်အေး ပါတော့တယ်။   အိုးရန်ဝမ်းထင်က သူ့ကိုကာကွယ်ဖို့ ရွေးချယ်လိုက်ပြီ မဟုတ်ပါလား။

လက်ရှိသူ့ရဲ့ အဆင့်က ဂိုဏ်း၂ဂိုဏ်းကြားမှာ ဝင်စွက်ဖက်နိုင်တဲ့ အဆင့် မဟုတ်သေးပါဘူး။  အဲဒီတော့ သူ့အနေနဲ့ မိုးပြာရောင် ဂိုဏ်းကိုသာ မျက်စိမှိတ်ပြီး ယုံကြည်ရတော့မှာပါ။ ဒါပေမဲ့ သူ့ရဲ့ ရွှေရောင် လက်ဖွဲ့အဆောင်နဲ့ ဆိုရင်တော့ နောက်ထပ် ၁၀နှစ် ဒါမှမဟုတ် နှစ်၂၀ လောက်ကျရင် သည်လိုကိစ္စတွေမှာ ဝင်ပါလာနိုင်ပါလိမ့်မယ်။

ထို့နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ ငရဲမီးဓားသိုင်းကို ဆင်ခြင်ဖို့ အတွက်  ဓားကျောက် စာတိုင်ချိုင့်ဝှမ်းသို့  ထွက်လာပါတော့တယ်။

နောက်ထပ် ရက်အနည်းငယ် အကြာမှာတော့ ...  ...

" အိုးရန်ဝမ်းထင် ...  ...  အခုချက်ချင်း လီဖူချန်းဆိုတဲ့ ခွေးမသားလေးကို ငါတို့လက်ထဲအပ်စမ်း ... ။  မဟုတ်ရင်တော့ မင်းတို့ မိုးပြာရောင်ဂိုဏ်းကို ပြသနာ ရှာရလိမ့်မယ် ...”

မိုးပြာရောင်ဂိုဏ်းရဲ့ အပြင်ဘက် ကောင်းကင်ပေါ်မှာတော့ လီရှင်းထန်နဲ့  အခြားသော အထွတ်ခေါင်ချုပ် အကြီးအကဲနှစ်ယောက် ရောက်နေပါပြီ။

လီရှင်းထန်ရဲ့ အသံဝါကြီးက မိုးကြိုးတစ်စင်း ပစ်ခွင်းလိုက်သည့် ပမာ မိုးပြာရောင် ဂိုဏ်းတစ်ခုလုံးကို ပျံ့နှံ့ သွားပါတော့တယ်။

ဟူး ... ဟူး ... ဟူး ...  ... ဟူး ...  ...

လူရိပ်အချို့ဟာ ကောင်းကင်ပေါ်ကို ပျံတက်လာခဲ့ပါပြီ။  ထိုသူတွေကတော့ အိုးရန်ဝမ်းထင်နဲ့ မိုးပြာရောင်ဂိုဏ်းရဲ့ အထွတ်ခေါင်ချုပ် အကြီးအကဲတွေပါပဲ။

အိုးရန်ဝမ်းထင်က လီရှင်းထန်ရဲ့ ဘေးမှာ ရှိနေတဲ့ လီဖိန်းပိုင်ကို မြင်လိုက်ရတဲ့ အခါမှာတော့ မျက်နှာပျက် သွားခဲ့ပါတယ်။ လီရှင်းထန်က ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ အတော်ဆုံး ပညာရှင်ကိုပါ ခေါ်ဆောင် လာခဲ့သည် မဟုတ်ပါလား။

ပြီးတော့ လီဖိန်းပိုင်ဟာ  မဟာမိတ် ဂိုဏ်းလေးဂိုဏ်းထဲမှာလည်း  အတော်ဆုံး ပညာရှင်ဖြစ်ပါတယ်။   မိုးပြာရောင်ဂိုဏ်းမှာ  မူလဘူတဓား လျှို့ဝှက်နည်းစနစ် ရှိပေမယ့်လည်း လီဖိန်းပိုင်ကို ယှဉ်နိုင်မယ့်သူတော့ မရှိသေးပါဘူး။

(  note - မဟာမိတ် ဂိုဏ်းလေးဂိုဏ်း ဆိုတာက ကောင်းကင်နတ်ဆိုးဂိုဏ်း၊ ခရမ်းရောင် ဆေဘာဂိုဏ်း၊ မိုးပြာရောင် ဂိုဏ်းနဲ့ ဝိညာဉ် ကဝေဂိုဏ်းကို ဆိုလိုတာ  ဖြစ်ပါတယ်။  )

" လီရှင်းထန်  ...  ...  ငါက ဘာဖြစ်လို့ လီဖူချန်းကို မင်းလက်ထဲ အပ်ရမှာလဲ ...  ... "

အိုးရန်ဝမ်းထင်က သာမန်လေသံနဲ့ မေးလိုက်ပါတယ်။

လီရှင်းထန်က နှာခေါင်းရှုံ့လိုက်ပြီး

" လီဖူချန်းဆိုတဲ့ မျိုးမစစ်လေးက ငါ့သားကို သေစေခဲ့တဲ့ တရားခံပဲ။  အိုးရန်ဝမ်းထင်  ...  မင်းသူ့ကို ငါ့လက်ထဲ အပ်လိုက်တာ အကောင်းဆုံး ရွေးချယ်မှုပဲနော်။ "

အိုးရန်ဝမ်းထင်က ခေါင်းခါလိုက်ပြီး

" မင်းက သက်သေပြစရာ မရှိဘဲနဲ့ လီဖူချန်းကို စွပ်စွဲနေတာပဲ။  မင်းမှာ သက်သေရှိရင် ငါလီဖူချန်းကို မင်းလက်ထဲ ထည့်ပေးမယ်။ "

သည်စကားကိုတော့ အိုးရန်ဝမ်းထင်က သက်သေမရှိမှန်းသိလို့ စကားအဖြစ် ပြောလိုက်တာ ဖြစ်ပါတယ်။  လီရှင်းထန်က သက်သေ ခေါ်လာရင်တောင်မှ အိုးရန်ဝမ်းထင်ဟာ လီဖူချန်းကို လီရှင်းထန် လက်ထဲ ထည့်လိုက်မှာ မဟုတ်ပါဘူး။ .

" သက်သေ   ...  ...  ဟုတ်လား။  အိုးရန်ဝမ်းထင် မင်းကငါ့ကို သုံးနှစ်သားကလေးလို့ မှတ်နေတာလား ...  ... ။  သည်နေ့ကတော့ ဘယ်လိုနည်းလမ်းပဲ သုံးရသုံးရ သည်ကောင်လေးကို ငါခေါ်သွားမယ်။  သူက လူသတ်တရားခံ ဟုတ်လား၊ မဟုတ်ဘူးလား ဆိုတာကိုတော့  သူ့ကိုစမ်းသပ်ပြီးရင် သိရမှာပဲ။  "

လီရှင်းထန်က လေသံ တင်းမာစွာဖြင့် သူ့ရဲ့ သဘောထားကို ထုတ်ပြလာခဲ့ပါပြီ။

အိုးရန်ဝမ်း ထင်ကတော့ ခေါင်းကို ခါယမ်းနေဆဲပါပဲ။

" မင်းမှာ သက်သေ အခိုင်အလုံ ပြစရာ မရှိရင်တော့  ငါက လီဖူချန်းကို မင်းလက်ထဲ ထည့်ပေးမှာ မဟုတ်ဘူး။  လီရှင်းထန် ...  ...  မင်းထွက်သွားတာ ပိုကောင်း လိမ့်မယ်လို့ အကြံပေးပါရစေ  ...  ... ။  မင်းက  ဂိုဏ်းတစ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဆိုတဲ့ ဂုဏ်သိက္ခာကိုလည်း ထောက်ပါဦး ...”

" ကြည့်ရတာ  မင်းတို့ မိုးပြာရောင် ဂိုဏ်းက ဖိအား နည်းနည်းလေးပေးဖို့ လိုနေတဲ့ပုံပဲ ... "

လီရှင်းထန်ရဲ့ ခန္ဓာကိုယ်ကနေ သတ်ဖြတ်ခြင်း အငွေ့အသက်တွေ ထွက်ပေါ်လာခဲ့ပါပြီ။

သူ့ရဲ့ဘေးမှာ ရှိနေတဲ့ လီဖိန်းပိုင်ကလည်း ချောင်းတစ်ချက် ဟန့်လိုက်ပြီး မိုးပြာရောင်ဂိုဏ်းကို စိန်ခေါ်လာခဲ့ပါတယ်။

" အဘိုးကြီး အိုးရန် ...  ... ။  လွန်ခဲ့တဲ့ ၁၀နှစ်တုန်းကတော့ မင်းဟာ ငါ့ကို ယှဉ်နိုင်ခဲ့တာ မဟုတ်ဘူး ...  ... ။  မင်းက သည်၁၀နှစ်လောက် အတွင်းမှာ အရမ်းတိုးတက် လာတာများလား  ...  ... ။  ဘာဖြစ်လို့ ငါနဲ့ တစ်ကွက်လောက် မစမ်းကြည့်တာလဲ ...  ... "

လီဖိန်းပိုင် ရည်ညွှန်းတဲ့ အဘိုးကြီးအိုးရန် ဆိုတာကတော့  အိုးရန် ဝမ်းထင်ဘေးမှာ ရှိနေတဲ့  မီးခိုးရောင် ဆံပင် ပိုင်ရှင်ကို ပြောတာ ဖြစ်ပါတယ်။

အိုးရန်ဝမ်းထင်ဟာ ကောင်းကင် နတ်ဆိုးဂိုဏ်းကို ရင်ဆိုင်ဖို့အတွက် သူ့ရဲ့ အကြီးဆုံး ဦးလေးဖြစ်တဲ့ အိုးရန်ထိုင်ကို အကူအညီ တောင်းခဲ့တာပါ။  ဘာဖြစ်လို့လည်းဆိုတဲ့ အိုးရန်ထိုင်က ပြန်လည် ဝင်စားခြင်းနယ် အဆင့်၃ကို ရောက်နေတဲ့  မိုးပြာရောင်ဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး ပညာရှင် ဖြစ်နေလို့ပါပဲ။

အိုးရန်ထိုင်က  မျက်မှောင်ကြုတ် လိုက်ပြီး  စိမ်ခေါ်တာကို လက်ခံလိုက်ပါတယ်။

" လီဖိန်းပိုင်  ...  ...  မင်းက တိုက်ချင်တယ် ဆိုရင်လည်း တိုက်ကြတာပေါ့ ... ...”

ရွှီး ...  ...

သူတို့ နှစ်ယောက်စလုံးဟာ ပိုမြင့်တဲ့ နေရာတစ်ခုအထိ ပျံတက်သွားပြီး အသင့် အနေအထားနဲ့ ရှိနေကြပါပြီ။

" အိုးရန် အဘိုးကြီး ...  ...  ငါ့ရဲ့ ကောင်းကင် နတ်ဆိုး လက်သီးကို မြည်းကြည့်စမ်း ... "

လီဖိန်းပိုင်က မုန်တိုင်းတစ်ခုလို အားကောင်းတဲ့ သူ့ရဲ့ ချီအတွင်းအား တွေကို ထုတ်ဖော်လိုက်တဲ့ အခါမှာတော့ ကောင်းကင် တစ်ခုလုံး မည်းမှောင် သွားခဲ့ပါတယ်။   ထို့နောက်မှာတော့ လီဖိန်းပိုင်ဟာ အိုးရန်ဝမ်းထင်ကို အားရပါးရ ထိုးလိုက်ပါတော့တယ်။

ဟူး ...  ... ဟူး ...  ... ဟူး ...  ...

သည်လက်သီးချက်က တကယ်ကို ကြောက်စရာပါပဲ။   လက်သီးချက်ရဲ့ အား ရောက်မလာခင်မှာတင် ကောင်းကင် နတ်ဆိုး လက်သီးဆန္ဒက  အရင် ထွက်ပေါ်နေပါပြီ။  သာမန် ကောင်းကင် ပညာရှင်တွေ ဆိုရင်တော့ သည်လက်သီး ဆန္ဒနဲ့တင်  စိတ်ဓာတ်တွေ ပျက်ပြားသွားပြီး သေသွားနိုင်ပါတယ်။

" ဒါက ဆန်းကြယ် အထွတ်အထိပ် အဆင့် လက်သီးဆန္ဒပဲ "

သူတို့အောက်မှာ ရှိနေတဲ့ လီဖူချန်းကတော့ အရာအားလုံးကို ရှင်းရှင်းလင်းလင်း  မြင်နေရပါတယ်။ သိုင်းအားချင်း ယှဉ်မယ် ဆိုရင်တော့ဖြင့် ကောင်းကင်နတ်ဆိုး လက်သီးသိုင်းဟာ ငရဲမီးဓားသိုင်းနဲ့ သိပ်မကွာလှပါဘူး။

" မိုးပြာရောင်ရေစက် ဓားသိုင်း "

အိုးရန်ထိုင်က သူ့ရဲ့ ရတနာဓားကို ဆွဲထုတ်လိုက်ပြီး ခုခံလိုက်ပါတယ်။  သူ့ရဲရတနာ ဓားကတော့ ဆန်းကြယ် အထွတ်အထိပ်အဆင့် ဓားတစ်လက်ပါ။  အိုးရန်ထိုင်ရဲ့ လက်ထဲကို ဓားရောက်လာတာနဲ့ တစ်ပြိုင်နက်  ဓားအလင်းတန်းတွေဟာ ဒီရေလှိုင်းတွေပမာ ပတ်ဝန်းကျင် တစ်ခုလုံးကို ဖြာထွက် သွားခဲ့ပါပြီ။  ထို့နောက်မှာတော့ အဲဒီဓားအလင်းတန်းတွေက ကောင်းကင်နတ်ဆိုး လက်သီးအားတွေနဲ့ ထိပ်တိုက်တွေ့ဆုံ ပါတော့တယ်။

ဖြောက် ...  ...  ဖြောက် ...  ...  ဖြောက် ...  ... ဖြောက် ...  ...  ...

တိမ်ညိုတိမ်စိုင်တွေ အများကြီး ဖြစ်ပေါ်လာသလို မိုးစက်ပေါက်လေးတွေလည်း ကျဆင်းလာခဲ့ပါပြီ။   ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေရဲ့ တိုက်ပွဲက ပတ်ဝန်းကျင် ရာသီဥတုကိုတောင် အနည်းငယ် ပြောင်းလဲ နိုင်ပုံ ရပါတယ်။

ရွှီး ...  ...  ...

လူရိပ်တစ်ရိပ်ကတော့ မုန်တိုင်းလို အားကောင်းတဲ့ လက်သီးရိပ်တွေကြားကနေ  လွင့်ထွက် လာခဲ့ပါပြီ။

ထိုသူကတော့ အိုးရန်ထိုင် ပါပဲ။

ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၃မှာရှိတဲ့ အိုးရန်ထိုင်ဟာ ဘယ်လိုလုပ်ပြီး ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၄မှာရှိတဲ့ လီဖိန်းပိုင်ကို   ယှဉ်နိုင်ပါမည်နည်း။

" မူလဘူတဓား ... "

အိုးရန်ထိုင်က အနောက်ကို လွင့်ထွက်နေစဉ်မှာပင်  အသံနက်ကြီးဖြင့် အော်ကာ  ဂိုဏ်းတော်ရဲ့ တော်ဝင် လျှို့ဝှက်နည်းစနစ်ကို  အသက်သွင်း လိုက်ပါတော့တယ်။

မရေမတွက်နိုင်တဲ့ ဓားချီတွေ  ဖြစ်တည်လာခဲ့ပါပြီ။  သည်ဓားချီ တစ်ခုတိုင်းဟာ ကောင်းကင်ဘုံသို့ တိုင်အောင် တက်ပြီး ဖျက်ဆီးတော့မည့် အလားပါပဲ။  ပြီးတော့ ဒီဓားချီ တစ်ခုတိုင်းဟာ ကောင်းကင်နယ်ပယ် ပညာရှင် တစ်ယောက်ကို အလွယ်တကူ သတ်ပစ်နိုင်ပါတယ်။

သည်လျှို့ဝှက်နည်း စနစ်ကြောင့်သာ ကောင်းကင် နတ်ဆိုးဂိုဏ်းက မိုးပြာရောင်ဂိုဏ်းကို အတိအလင်း စစ်မကြေငြာရဲတာ ဖြစ်ပါတယ်။ အကယ်၍ ဂိုဏ်းနှစ်ဂိုဏ်း စစ်ဖြစ်လို့ ကောင်းကင်နတ်ဆိုးဂိုဏ်း အနိုင်ရခဲ့ရင်တောင်မှ  ပေးဆပ်ရမယ့် အရာတွေက နည်းမှာ မဟုတ်ပါဘူး။

ဒီမူလဘူတဓား လျှို့ဝှက်နည်းစနစ်က အကန့်အသတ်မရှိ သုံးလို့ရတဲ့ လျှို့ဝှက်နည်းစနစ် မဟုတ်လို့သာ တော်ပါသေးတယ်။ ဒီလျှို့ဝှက်နည်းစနစ်က တစ်ကြိမ် ထုတ်သုံးပြီးတိုင်းမှာ ပိုပိုပြီး အားနည်း သွားလေ့ ရှိတယ်လေ။   ဆက်တိုက်သာ ထုတ်သုံးမယ် ဆိုရင်တော့ မူလဘူတ ဓားချီတွေဟာ  သက်ရောက်မှု ကြီးကြီးမားမား ရှိတော့မှာ မဟုတ်ပါဘူး။ မူလဘူတဓား လျှို့ဝှက်နည်း စနစ်ကိုသာ ဆက်တိုက် သုံးစွဲနိုင်လို့ကတော့ ကောင်းကင်နတ်ဆိုးဂိုဏ်းဟာ မိုးပြာရောင်ဂိုဏ်းကို ကြောက်ရွံ့ နေလောက်ပါပြီ။

"အဟင်း ...  မူလဘူတဓားလား ...  ... ။  ကောင်းကင်နတ်ဆိုး အသူရာ လာစမ်း "

အိုးရန်ထိုင် မူလဘူတဓားကို ထုတ်သုံးလိုက်ပြီဆိုတာနဲ့  လီဖိန်းပိုင်ဟာ  မပေါ့ဆရဲတော့ဘဲ ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ ကြယ်၅ပွင့် လျှို့ဝှက် နည်းစနစ်ဖြစ်တဲ့  ကောင်းကင်နတ်ဆိုး အသူရာကို အလျင်အမြန် အသက်သွင်းလိုက်ပါတယ်။

ကောင်းကင်ပေါ်မှာတော့ တိမ်ညိုတိမ်စိုင်တွေ ပိုများလာသလို အားကောင်းတဲ့ မိုးသက် မုန်တိုင်းတွေလည်း ဖြစ်ပေါ်လာခဲ့ပါပြီ။

မိုးသက် မုန်တိုင်းတွေကြားက လီဖိန်းပိုင်ရဲ့ အနောက်မှာတော့  ထူးဆန်းတဲ့ အရိပ်ကြီးတစ်ခု ရှိနေပါတယ်။

အဲဒီအရိပ်ကြီးက တောင်ပူစာ တစ်လုံးလောက်ရှိပြီး  သွေးကဲ့သို့ နီရဲနေတဲ့ မျက်လုံးအစုံကို ပိုင်ဆိုင် ထားပါတယ်။ သူ့ရဲ့ မျက်လုံးတွေကတော့ မကောင်းဆိုးဝါးဆန်ပြီး သတ်ဖြတ်ခြင်း အငွေ့အသက်တွေ ရစ်သိုင်းလျက် ရှိနေတယ်တယ်။

တိုက်ရိုက် တိုက်ခိုက်နိုင်မှု အပိုင်းမှာ ဆိုရင်တော့ ကောင်းကင်နတ်ဆိုး အသူရာက မူလဘူတဓားထက်  အားနည်းကောင်း နည်းနေပါလိမ့်မယ်။  ဒါပေမဲ့ ကောင်းကင် နတ်ဆိုးအသူရာက တစ်ဖက်လူရဲ့ စိတ်ဝိညာဉ်ကို ပျက်ပြားစေပြီး အသိစိတ်အာရုံ ကင်းမဲ့သွားစေနိုင်တဲ့ အစွမ်သတ္တိ ရှိပါတယ်။

" သွားစမ်း ... "

အိုးရန်ထိုင်ရဲ့ လက်တစ်ချက် အလှုပ်မှာတော့  မူလဘူတဓားချီ တစ်အုပ်ကြီးဟာ  လီဖိန်းပိုင်ဆီကို  တိုးဝင်သွားခဲ့ပါပြီ။

" အသူရာ အကာအကွယ် "

လီဖိန်းပိုင်ရဲ့ အော်သံ အဆုံးမှာတော့  ကောင်းကင်နတ်ဆိုး အသူရာ အရိပ်ကြီးဟာ သူ့ရဲ့ ခန္ဓာကိုယ်ကို ကိုင်းလိုက်ပြီး လက်နှစ်ဖက်နဲ့  ထောင်သောင်းချီတဲ့ မူလဘူတ ဓားချီတွေကို ကာကွယ်လိုက်ပါတယ်။

အိုးရန်ထိုင်ရဲ့ မူလဘူတ ဓားချီတွေကတော့ လီဖိန်းပိုင်ရဲ့ ကောင်းကင်နတ်ဆိုး အသူရာ အကာအကွယ်ကို မဖြတ်ကျော်နိုင်ခဲ့ပါဘူး။  လီဖိန်းပိုင်ဟာ အိုးရန်ထိုင်ထက် ကျင့်ကြံခြင်း အဆင့်တစ်ဆင့် မြင့်နေတဲ့ အတွက်   သူ့ရဲ့ အသူရာ အကာအကွယ်ဟာ  မူလဘူတ ဓားချီတွေထက် ပိုပြီး အားကောင်းနေပုံ ရပါတယ်။

ဒါပေမဲ့လည်း အိုးရန်ထိုင်ဟာ သူ့ရဲ့ မူလဘူတဓားချီတွေ အကုန်လုံးကို မပစ်လွှတ်ခဲ့လို့သာ လီဖိန်းပိုင် အနေနဲ့ ခုခံနေနိုင်တာပါ။  အကယ်၍ အိုးရန်ထိုင်သာ ဘာကိုမှ နောက်ဆံ မတင်းဘဲ ရှိသမျှ မူလဘူတ ဓားချီတွေ အကုန်လုံးကို ပစ်လွှတ်လိုက်မယ် ဆိုရင်တော့ လီဖိန်းပိုင်တစ်ယောက် ဒဏ်ရာ အကြီးအကျယ် ရသွားနိုင်ပါတယ်။

အိုးရန်ထိုင်က သေရေးရှင်ရေး အခိုက်အတန့်ကို မရောက်မချင်း သူ့ရဲ့ မူလဘူတဓားချီ အကုန်လုံးကို ထုတ်သုံးမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သည်မူလဓားချီတွေ အကုန်လုံးကိုသာ သုံးပစ် လိုက်မယ်ဆိုရင်  အိုးရန်ထိုင် အနေနဲ့ နောက်ထပ် နှစ်ပေါင်းများစွာ အချိန်ပေးပြီး  မူလဘူတ ဓားချီတွေကို  ပြန်စုဆောင်းရမှာ ဖြစ်တဲ့အတွက်ကြောင့်ပါပဲ။

" ကောင်းကင်နတ်ဆိုး လက်သီး "

လီဖိန်းပိုင်က  လက်သီးချက် တစ်ချက် ထုတ်လိုက်ပါတယ်။

သည်လက်သီးချက်က ကောင်းကင်နတ်ဆိုး အသူရာအရိပ်နဲ့ ပေါင်းစပ် သွားပြီးနောက်မှာတော့ ဧရာမ လက်သီးကြီးတစ်ခု အဖြစ် ပြောင်းသွားပြီး အိုးရန်ထိုင်ကို  ထိုးချလိုက်ပါတယ်။

ဝေါ့ ...  ...

အိုးရန်ထိုင်က သွေးတစ်လုတ် အန်ပြီး အနောက်ကို လွင့်ထွက်သွားခဲ့ပါပြီ။

" အစ်ကိုတော်  ...  ...  ကျွန်တော် အကူအညီ ပေးပါရစေ "

မိုးပြာရောင်ဂိုဏ်းရဲ့ နောက်ထပ် အထွတ်ခေါင်ချုပ် အကြီးအကဲ တစ်ယောက်ဟာ  တိုက်ပွဲထဲကို ဝင်ပါလာခဲ့ပါတယ်။ ထိုအကြီးအကဲက အလျင်အမြန်ပင် မူလ ဘူတဓားကို ထုတ်သုံးလိုက်ပြီး  လီဖိန်းပိုင်ကို တိုက်ခိုက် လိုက်ပါတယ်။

အိုးရန်ထိုင်ကလည်း ဒဏ်ရာ ကြီးကြီးကျယ်ကျယ် မရတဲ့အတွက်  မူလဘူတ ဓားချီတွေနဲ့ ပြန်ပြီး တန်ပြန် တိုက်စစ် ဆင်လိုက်ပါတယ်။

ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်နှစ်ယောက်ရဲ့  ပူးပေါင်း တိုက်ခိုက်မှုကို ခံလိုက်ရတဲ့ အခါမှာတော့ လီဖိန်းပိုင်ရဲ့ လက်သီးရိပ်ကြီးဟာ  တစ်စစီ ဖျက်ဆီး ခံလိုက်ရပါပြီ။

" နှစ်ယောက်တစ်ယောက် တိုက်ချင်တယ် ဟုတ်လား ...  ... ။  အရှက်မရှိလိုက်တာ "

လီရှင်းထန်နဲ့ ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့  အခြားသော အထွတ်ခေါင်ချုပ်အကြီးအကဲကလည်း တိုက်ပွဲထဲကို ဝင်ပါလာခဲ့ပါတယ်။

ဒါပေမဲ့ ဒါက မိုးပြာရောင်ဂိုဏ်းရဲ့ ပိုင်နက်လေ။  ပြီးတော့ မိုးပြာရောင် ဂိုဏ်းမှာရှိတဲ့  ပြန်လည် ဝင်စားခြင်း နယ်ပယ်ပညာရှင် အရေအတွက်ကလည်း မနည်းလှပါဘူး။

အိုးရန်ဝမ်းထင် အပါအဝင်  ကျန်ရှိနေသေးတဲ့ အထွတ်ခေါင်ချုပ် အကြီးအကဲတွေဟာလည်း တိုက်ပွဲထဲကို အလျင်အမြန် ဝင်လာခဲ့ပါပြီ။

အပျက်ပျက်နဲ့ နှာခေါင်းသွေး ထွက်တော့မယ် ဆိုတာကို ရိပ်မိလိုက်တဲ့ လီဖိန်းပိုင်ကတော့ တိုက်ပွဲကို ရပ်တန့်စေလိုက်ပါတယ်။

" အိုးရန် အဘိုးကြီး ...  ...  ငါမင်းကို ဒီတစ်ခါတော့ လျော်ပေးလိုက်မယ်။  ပြန်ကြစို့"

သူတို့ ဒီတစ်ကြိမ်လာတာက  မိုးပြာရောင်ဂိုဏ်းရဲ့ သဘောထားကို အကဲစမ်းဖို့ လာခဲ့တာပါ။  ဂိုဏ်းစစ်ပွဲကြီး တိုက်ဖို့  လာခဲ့တာ မဟုတ်ပါဘူး။  အခုဆိုရင် သူတို့က မိုးပြာရောင်ဂိုဏ်းရဲ့ သဘောထားကို သိလိုက်ရပြီ ဖြစ်သလို မိုးပြာရောင် ဂိုဏ်းရဲ့ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် အရေအတွက်ကိုလည်း အကြမ်းဖျင်း သိလိုက်ရပါပြီ။

ရန်သူရဲ့ အကြောင်းကို ကြိုတင်သိနေတာ စစ်ပွဲတစ်ပွဲမှာ နိုင်ဖို့ အခွင့်အရး ပိုများပါတယ်။  အနာဂတ်မှာ စစ်ပွဲတွေ  ဖြစ်လာမယ် ဆိုရင်တောင်မှ သည်နေ့ အဖြစ်အပျက်ဟာ ကောင်းကင်နတ်ဆိုး ဂိုဏ်းအတွက် အများကြီး ကောင်းကျိုးရလာစေမှာ အသေအချာပါပဲ။

ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့  အဖွဲ့ဝင်၃ယောက် ထွက်သွားပြီ ဆိုမှသာ အိုးရန်ဝမ်းထင် တစ်ယောက် သက်ပြင်း ချနိုင်ပါတော့တယ်။  ဒီလီဖိန်းပိုင်ရဲ့ စွမ်းရည်ဟာ တကယ်ကို ကြောက်စရာ ကောင်းတာ အမှန်ပါပဲ။  လီဖိန်းပိုင်ကို ထိန်းချုပ်ဖို့ ဆိုရင် မိုးပြာရောင်ဂိုဏ်းဟာ အနည်းဆုံးတော့ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၃ ပညာရှင် နှစ်ယောက် လိုအပ်ပါတယ်။  ဒါတောင်မှ  လီဖိန်းပိုင်ကို လက်ရည်တူ ယှဉ်နိုင်ရုံသာ ရှိမှာပါ။

***

All Chapters