← Chapters

မိစ္ဆာတာအို ဂိုဏ်းတွေရဲ့ နိုးထမှု

Vol. 24 Ch. 323

မိစ္ဆာတာအို ဂိုဏ်းတွေရဲ့ နိုးထမှု

Vol. 24 Ch. 323

အချိန်တွေ ကုန်တာကလည်း မြန်လွန်း လှပါတယ်။  ဘာလိုလိုနဲ့ လီဖူချန်း တစ်ယောက် ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေကနေ ပြန်ရောက် လာတာတောင်မှ တစ်လ ပြည့်သွားခဲ့ပါပြီ။

သည်တစ်လ အတွင်းမှာတော့ လီဖူချန်းရဲ့ အတော်လေး တိုးတက် လာတယ်လို့ ဆိုရမှာပါပဲ။  သူ့ရဲ့ကျင့်ကြံမှုက မြေကမ္ဘာ နယ်ပယ် အဆင့်၉ကို မရောက်သေး ပေမယ့်လည်း မြေကမ္ဘာနယ်ပယ် အဆင့်၈ အထွတ်အထိပ်ကို ရောက်လာခဲ့ပါပြီ။

နဂိုမူလတုန်းက ဆိုရင်တော့ လီဖူချန်းဟာ မြေကမ္ဘာနယ်ပယ် အဆင့်၈မှာ  အချိန်အကြာကြီး ရှိနေရမှာပါ။   ဘာဖြစ်လို့လဲဆိုတော့ သူက ကျားနဂါးပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့ အတွက်  ကျင့်ကြံခြင်းကို မြန်စေတဲ့ ဆေးလုံးတွေ အများကြီး သောက်သုံးခဲ့တာလေ။  အဲဒီဆေးလုံးတွေရဲ့ ဘေးထွက်ဆိုးကျိုးက သူ့ရဲ့ ကျင့်ကြံခြင်းကို နှောင့်နှေးစေမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ကံကောင်း ထောက်မစွာနဲ့ သူ့ရဲ့ စိတ်ဝိညာဉ်က ဆင့်ကဲပြောင်းလဲပြီး အပြာရောင်ဘက်ကို ပြောင်းသွားခဲ့သလို သူ့ရဲ့ အစစ်အမှန် ငရဲမီးတောက် အတွင်းအား ကျင့်စဉ်ကလည်း အဆင့်၁၈ကို ချိုးဖောက် ဝင်ရောက် နိုင်ခဲ့တယ်လေ။

အဲဒီ အချက်၂ချက်က လီဖူချန်း ကြုံတွေ့နေရတဲ့ ဆေးတွေရဲ့  ဘေးထွက်ဆိုးကျိုးကို  ချေဖျက် ပေးခဲ့ပြီး သူ့ရဲ့ ကျင့်ကြံမှုနှုန်းကိုပါ နှစ်ဆနီးပါး ပိုမြန် စေခဲ့ပါတယ်။

"အရမ်းနှေးတယ် ...  ငါ့ရဲ့  ကျင့်ကြံမှုနှုန်းက အရမ်း နှေးနေသေးတယ်။  ငါ့ဆီမှာ ဘေးထွက်ဆိုးကျိုး မရှိဘဲ  ကျင့်ကြံခြင်း အဆင့်တစ်ဆင့် တက်စေတဲ့ မြေကမ္ဘာ သစ်သီးလိုမျိုး အရာတစ်ခု ရှိရင် ကောင်းမှာပဲ"

လီဖူချန်းကတော့ သူ့ရဲ့ ကျင့်ကြံမှုနှုန်းကို   ကျေနပ်နေခြင်း မရှိပါဘူး။

တကယ်လို့ သူသာ ကြယ်၅ပွင့် ဒါမှမဟုတ် ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ဖြစ်ခဲ့ပါက အခုချိန်လောက်ဆို ကောင်းကင်နယ်ပယ် ပညာရှင် ဖြစ်နေလောက်ပြီ ဆိုတာကို သတိပြုမိနေပါတယ်။

လူတစ်ယောက်ရဲ့ အရိုးတည်ဆောက်ပုံက  ကျင့်ကြံမှုနှုန်းကို ကိုယ်စား ပြုနေတာပါပဲ။  လီဖူချန်းကတော့ ကျင့်ကြံမှုနှုန်း မြန်ဖို့အတွက် သူ့ရဲ့ အတွင်းအား ကျင့်စဉ်ကိုသာ မှီခို နေရတာပါ။

လီဖူချန်းက သူ့ဘဝမှာ ပထမဆုံး အကြိမ်အဖြစ် အရိုးတည်ဆောက်ပုံ အဆင့်မြင့်တဲ့ လူတွေကိုတောင် မနာလို ဖြစ်လာမိပါတယ်။  တကယ်လို့သာ သူ့ရဲ့ အရိုးတည်ဆောက်ပုံက   ယခုထက်ပိုပြီး အနည်းငယ်လေး အဆင့်မြင့်ခဲ့ရင်တောင်မှ သူရဲ့ ကျင့်ကြံမှုနှုန်းဟာ အဆပေါင်းများစွာ ပိုမြန်လာစေနိုင်သည် မဟုတ်ပါလား။

တကယ်တော့ လီဖူချန်းအခုလို လောနေရတာကလည်း အကြောင်းရှိပါတယ်။  မဟာဂိုဏ်း စစ်ပွဲကြီးက ဘယ်အချိန်မှာ စမလည်းဆိုတာကို ဘယ်သူမှ မသိပါဘူး။  အဲဒီ မဟာဂိုဏ်း စစ်ပွဲကြီးမှာ အသက်ရှင်ကျန် နေချင်တယ်ဆိုရင် လီဖူချန်းအနေနဲ့ အနည်းဆုံးတော့ ကောင်းကင်နယ်ပယ် အထွတ်အထိပ် အဆင့်ကို ရောက်နေမှ ဖြစ်မှာပါ။  ပြီးတော့ သူဟာ လီကလန်ကိုလည်း  ဦးဆောင်ပြီး ကာကွယ် ရပါဦးမယ်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ရက်သတ္တပတ် ၂ပတ် ကုန်လွန်သွားခဲ့ပါတယ်။

လီဖူချန်းရဲ့ ကျောရိုးထဲမှာရှိတဲ့ ဓားအဆီအနှစ်တွေရဲ့ ၅၀ ရာခိုင်နှုန်းကလည်း  ကြေးဝါ ဓားအဆီအနှစ် အဖြစ် ပြောင်းသွားခဲ့ပါပြီ။

***

- မိုးပြာရောင် ဂိုဏ်းနယ်မြေ၊ သံမဏိတောင်တန်း မြို့ -

ယနေ့မှာတော့ အနက်ရောင်ဝတ်စုံ ဝတ်ထားတဲ့ လူအုပ်ကြီး တစ်အုပ်ဟာ သံမဏိ တောင်တန်းမြို့ကို ရောက်ရှိ လာခဲ့ပါတယ်။  သည်လူအုပ်ရဲ့ ခန္ခာကိုယ်ကနေ ထွက်ပေါ်နေတဲ့ ချီအရှိန်အဝါတွေက မိစ္ဆာဓာတ်တွေ ပြည့်နေတဲ့ အတွက် သည်လူတွေဟာ မိစ္ဆာတာအိုကို ကျင့်ကြံသူတွေဆိုတာ ဗေဒင် မေးနေစရာကို မလိုပါဘူး။

သံမဏိတောင်တန်း မြို့သူမြို့သားတွေကတော့  မြို့ပြင်က နေရာလွတ် တစ်ခုမှာ ထိန်းသိမ်းထားခြင်း ခံနေရပါတယ်။  သံမဏိတောင်တန်း မြို့စားမင်း အပါအဝင်ပေါ့။  အဲဒီ နေရာလွတ်မှာတော့ ကြီးမားလှတဲ့ ဝင်္ကပါကြီး တစ်ခု ရှိနေပါတယ်။  အဲဒီ ဝင်္ကပါကြီးကို ကြည့်ရတာကတော့ အတိတ်နိမိတ် မကောင်းလှပါဘူး။   မြေကမ္ဘာနယ်ပယ် အဆင့်၈ ပညာရှင်ဖြစ်တဲ့ သံမဏိတောင်တန်း မြို့စားမင်းရဲ့ မျက်နှာတောင်မှ သွေးမရှိတော့တဲ့ အလား ဖြူဖွေးလျော့ နေပါတယ်။  သည်မိစ္ဆာလမ်းစဉ် ပညာရှင်တွေရဲ့ လက်ထဲကို ကျရောက် သူတွေတိုင်းဟာ နိဂုံး မလှဘူးဆိုတာ ကိုတော့ လူတိုင်းလိုလို သိထားကြတာပါပဲ။

" ခန်းမသခင်  ...  ဝင်္ကပါ အသင့်ဖြစ်ပါပြီ”

ဝတ်စုံနက်တစ်ယောက်ဟာ ခွေးမျက်နှာဖုံး တပ်ထားတဲ့ လူတစ်ယောက်ကို အရိုအသေ ပေးပြီး ခပ်တိုးတိုး သတိပေးလိုက်ပါတယ်။

ခွေးမျက်နှာဖုံးတပ်ထားတဲ့ ဝတ်စုံနက်က ခေါင်းညိတ် လိုက်ပြီး

" ဝင်္ကပါကို အသက်သွင်းလိုက် "

သူ့ရဲ့ အမိန့်သံ အဆုံးမှာတော့  ဝင်္ကပါရဲ့ သက်ဆိုင်ရာ နေရာ အသီးသီးမှာ နေရာယူထားတဲ့ ဝတ်စုံနက်တွေ  တစ်ပြိုင်တည်း လှုပ်ရှား လိုက်ကြပါတယ်။  သူတို့ရဲ့ လက်ထဲက ဓားတွေကို ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့  ဖမ်းဆီးထားတဲ့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် ပညာရှင် အယောက်၁၀၀ ကျော်ရဲ့  ဦးခေါင်းတွေဟာ ခန္ဓာကိုယ်နဲ့  ခွဲခွာသွားကြပါပြီ။

ရုတ်တရက် ဆိုသလို သွေးစိမ်း ရှင်ရှင်တွေ ပန်းထွက်နေတဲ့ သွေးစီးကြောင်းကြီး အခု၁၀၀ကျော် ဖြစ်တည် လာခဲ့ပါတယ်။

အဲဒီ  သွေးစီးကြောင်းတွေဟာ မြေကြီးပေါ်မှာ စီးကျ နေပေမယ့်လည်း မြေကြီးထဲကို စိမ့်ဝင်မသွားဘဲ ဝင်္ကပါရဲ့ စုပ်ယူခြင်းကိုသာ ခံလိုက်ရပါတယ်။

နဂိုတည်းက စက်ဆုပ် ရွံစရာကောင်းတဲ့ အငွေ့အသက်တွေ ထွက်နေတေဲ့ ဝင်္ကပါကတော့ စတင်ပြီး အသက်ဝင် လာခဲ့ပါပြီ။ ဝင်္ကပါကို ရေးဆွဲထားတဲ့ မျဉ်းလိုင်းတွေဟာလည်း သွေးရောင်တွေ တောက်ပ လာခဲ့ပါတယ်။

" ကျေးဇူးပြုပြီး  ငါ့ကို မသတ်ပါနဲ့ "

" င ... ငါ  ... မသေချင်သေးဘူး ... ။   တစ်ယောက်ယောက် ငါ့ကို ကယ်ပါဦး ... "

" ခွေးမသား ...  မိစ္ဆာတာအို ကျင်ကြံသူတွေ  ... ။  တစ်နေ့ကျရင် မင်းတို့ အားလုံးကို အမြစ်ပြတ် သုတ်သင် ပစ်မယ့်သူတွေ ပေါ်လာလိမ့်မယ် ... ။ "

သိန်းနဲ့ချီတဲ့ သံမဏိ တောင်တန်း မြို့သူ၊ မြို့သားတွေဟာ ကယ်ပါ၊ ယူပါ တစာစာနဲ့ ငိုယိုမြည်ကြွေး နေကြပါပြီ။  အချို့ကတော့  မသေချင်သေးကြောင်း အသနားခံနေသလို အချို့ကတော့  ကျိန်ဆဲ နေကြပါတယ်။  သည်မြင်ကွင်းက တကယ့်ကို မကြည့်ရက်စရာ မြင်ကွင်း တစ်ခုပါပဲ။

ဝတ်စုံနက် ဝတ်ဆင်ထားတဲ့ မိစ္ဘာတာအို ကျင့်ကြံသူတွေကတော့ တဟီးဟီး၊ တဟားဟားနဲ့ အဲဒီမြင်ကွင်းကို ကျေနပ်စွာ ကြည့်နေကြပါတယ်။  အပြစ်မဲ့တဲ့ မြို့သူမြို့သားတွေရဲ့ တောင်းပန်တိုးလျှိုးသံက သူတို့ကို ဖျော်ဖြေနေသလိုပါပဲ။

စက်ဆုပ်စရာ ဝင်္ကပါကြီးကတော့ သူ့အတွင်းမှာ ရှိနေတဲ့ သံမဏိ တောင်တန်း မြို့သူမြို့သားတွေရဲ့ သွေးတွေကိုပါ စုပ်ယူနေပါပြီ။  ဝင်္ကပါကြီးက သံမဏိတောင်တန်း မြို့သူမြို့သားတွေရဲ့ သွေးတွေကို အရှင်လတ်လတ် စုပ်ယူနေတာပါ။  ဝင်္ကပါရဲ့ အရှိန်အဝါတွေက ပိုပိုပြီး အားကောင်းလာခဲ့သလို  ကောင်းကင်ကြီးကလည်း အုံ့ဆိုင်းကာ မှောင်မည်း လာခဲ့ပါတယ်။  ထို့နောက်မှာတော့ သွေးမိုးတွေ၊ သွေး မုန်တိုင်းတွေပါ နောက်ဆက်တွဲ လိုက်ပါလာခဲ့ပါပြီ။

သည်ဖြစ်ရပ်ကြီး လူ့လောကနဲ့ ငရဲပြည် ကြားထဲမှာ ရှိနေတဲ့ ကြေးချွတ်သန့်စင်ဘုံကို ရောက်နေသလိုပါပဲ။  ပတ်ဝန်းကျင် တစ်ခုလုံးဟာ ရဲရဲနီနေတဲ့ သွေးစိမ်း ရှင်ရှင်တွေနဲ့သာ  ပြည့်နှက် နေပါတယ်။

"ခွေးမသား ... မျိုးမစစ်ကောင်တွေ ... ။  မင်းတို့ရဲ့ ယုတ်ညံ့တဲ့ လုပ်ရပ်ကို ရပ်လိုက်စမ်း ... "

ဒေါသထွက်နေတဲ့ အသံတစ်ခုနဲ့ အတူ လူရိပ်၅ရိပ်ဟာ ကောင်းကင်ယံမှာ ပေါ်ထွက် လာခဲ့ပါပြီ။  သူတို့ကို ဦးဆောင် လာသူရဲ့ လက်ထဲမှာတော့ ဓားရှည်တစ်လက် ကိုင်စွဲထားပြီး  ထိုသူက သွေးရောင်တွေ တောက်ပနေတဲ့ စက်ဆုပ်စရာ ဝင်္ကပါကြီးကို ဓားဖြင့် ပိုင်းချလိုက်ပါတယ်။

" ပတ္တရောင်လှည့်တဲ့ အကြီးအကဲအုပ်စုလား ... "

ခွေးမျက်နှာဖုံး တပ်ထားတဲ့ ဝတ်စုံနက်ဟာ သူရှိနေရာကနေ ဖျတ်ခနဲ ဆိုသလို ပျောက်ကွယ် သွားခဲ့ပြီး ဓားချီရဲ့ အရှေ့ကို ရောက်သွားခဲ့ပါပြီ။  ထို့နောက်မှာတော့ သူဟာ လက်သည်းကုပ်ဟန်ဖြင့် ဓားချီကို ကုပ်ဆွဲ လိုက်ပါတော့တယ်။

ဖန်း ...  ...

ဓားချီကတော့ တစ်စစီ ပြန့်ကျဲ သွားခဲ့ပါပြီ။

သွေးဝင်္ကပါ အထဲမှာရှိနေတဲ့ လူတွေကတော့ အခြေအနေ သိပ်မကောင်းတော့ပါဘူး။

"သည်လူတွေက ပတ္တရောင်လှည့်တဲ့ အကြီးအကဲတွေပဲ။  နောက်ဆုံးတော့  ငါတို့ကို ကယ်မယ့် လူတွေ ပေါ်လာခဲ့ပြီ"

သံမဏိတောင်တန်း မြို့စားကတော့ အခုမှ သက်ပြင်း ချနိုင်ပါတော့တယ်။  သူက မြေကမ္ဘာနယ်ပယ် အဆင့်၈ ပညာရှင် ဖြစ်တဲ့အတွက် သွေးဝင်္ကပါကြီးရဲ့ စုပ်ယူမှုကို အခြား သူတွေထက်ပိုပြီး တောင့်ခံနေနိုင်ဆဲပါပဲ။  မြေကမ္ဘာ နယ်ပယ်အောက်က လူတွေကတော့ သေတဲ့ သူတွေက သေပြီး သတိမေ့လဲ ကျတဲ့သူတွေက သတိမေ့လဲကျ နေပါပြီ။

" ကောင်းလိုက်တဲ့ စွမ်းရည်ပါလား "

ယခုရောက်ရှိလာတဲ့ ပတ္တရောင် လှည့်အဖွဲ့ရဲ့ ဦးစီးခေါင်းဆောင် ဖြစ်သူကတော့ ကောင်းကင်နယ်ပယ် အဆင့်၈ ပညာရှင်ဖြစ်တဲ့  စုဝန်ဆောင် ဖြစ်ပါတယ်။  စုဝန်ဆောင်က သည်နှစ်ပိုင်း အတွင်းမှာ မိစ္ဆာတာအို ကျင့်ကြံသူ အတော်များများကို သတ်ပစ်ခဲ့ပြီးပါပြီ။  ပြီးတော့ စုဝန်ဆောင် သတ်ခဲ့သမျှ မိစ္ဆာကျင့်ကြံသူတွေဟာ သူ့ရဲ့ ဓားတစ်ချက်ကိုတောင် ခုခံနိုင်ခဲ့တာ မဟုတ်ပါဘူး။

စုဝန်ဆောင်က လေသံ ခပ်တင်းတင်းဖြင့် သတိပေး လိုက်ပါတယ်။

"မင်းတို့ ရဲ့ ဝင်္ကပါကို အခုချက်ချင်း ရပ်လိုက်စမ်း။  မဟုတ်ရင် မင်းတို့ အတွက် မြုပ်စရာ မြေတောင် မရှိစေရဘူး။ "

ခွေးမျက်နှာဖုံးဖြင့် ဝတ်စုံနက်က စုဝန်ဆောင်ကို အလေးထားပုံ မရပါဘူး။  သူက မထီမဲ့မြင် လေသံဖြင့် ပြန်ပြော လိုက်ပါတယ်။

" မင်းကိုယ်မင်း  အရင်စိတ်ပူတာက ပိုကောင်းလိမ့်မယ်။ "

" မင်းက ဇက်ကောင်းလို့ ဓားတောင်းနေတာပဲ ... ။  မင်းတို့လေးယောက်  သွေးဝင်္ကပါကို သွားပြီးဖျက်ဆီးလိုက်  ... ။  ကျန်တာကို ငါတာဝန်ယူလိုက်မယ်”

စုဝန်ဟောင်က အကြီးအကျယ်  ဒေါသထွက်နေပါပြီ။  သူက သူ့လက်အောက်မှာ ရှိတဲ့ ကောင်းကင်နယ်ပယ် အလယ်အလတ် ပညာရှင် ၄ယောက်ကို သွေးဝင်္ကပါကို ဖျက်ဆီးဖို့ အမိန့်ပေးလိုက်ပြီး သူကိုယ်တိုင်ကတော့  ခွေးမျက်နှာဖုံး ပိုင်ရှင်ဆီသို့ ဆင်းသက် လိုက်ပါတယ်။

" ဟုတ်ကဲ့ပါ အကြီးအကဲ ... “

စုဝန်ဟောင်ရဲ့ အမိန့်ပေးသံ  ဆုံးသွားတာနဲ့ တစ်ပြိုင်နက် ကောင်းကင်နယ်ပယ် အလယ်အလတ် အဆင့် ပညာရှင်၄ယောက်ဟာ သွေးဝင်္ကပါဆီသို့  ပြေးထွက် သွားခဲ့ပါပြီ။

" သူတို့ကို တားစမ်း "

ခွေးမျက်နှာဖုံး ပိုင်ရှင်ရဲ့ စကားသံ အဆုံးမှာတော့  ဝတ်စုံနက် ၈ယောက်ဟာ ပြေးထွက်သွားပြီး ထို ကောင်းကင်ပညာရှင် လေးယောက်ကို တားဆီးလိုက်ပါတယ်။

ဘန်း ... ဘန်း ... ဘန်း ...  ဝုန်း ... ဝုန်း ... ဝုန်း ...  ...

ကောင်းကင်နယ်ပယ် ပညာရှင်တွေကြားက တိုက်ပွဲကတော့ တကယ်ကို ကြောက်စရာပါပဲ။  တိုက်ပွဲကနေ အစွန်းထွက် လွင့်စဉ်လာတဲ့  ဓားချီတစ်ခုဟာ သံမဏိ တောင်တန်း မြို့ရိုးကို ပြတ်ထွက် သွားစေခဲ့သလို  မိုးပြာရောင်ဂိုဏ်းရဲ့ ကောင်းကင်နယ်ပယ် ပညာရှင် တစ်ယောက် ရိုက်ထုတ်လိုက်တဲ့ လက်သည်းချီ တစ်ခုဟာလည်း သံမဏိတောင်တန်း မြို့ရိုးတံခါးကို တစ်စစီ ပေါက်ကွဲထွက်သွား စေပါတယ်။

" မိုးပြာရောင်ရေစက် ဓားသိုင်း ... ။  တောင်တန်း တစ်ထောင်ကို ရေလွှမ်းမိုးစေသား ... "

စုဝန်ဆောင်က မိုးပြာရောင် ဂိုဏ်းရဲ့ အကောင်းဆုံး ဓားသိုင်းနှစ်ခုထဲက တစ်ခု ဖြစ်တဲ့  မိုးပြာရောင် ရေစက် ဓားသိုင်းကို လေ့ကျင့်ထားပုံပါပဲ။

သူ့ရဲ့ ဓားချက် ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက်  ထောင်နဲ့ချီတဲ့ ဓားအလင်းတန်းတွေဟာ ရေလွှမ်းမိုး သကဲ့သို့ ခွေးမျက်နှာဖုံး ပိုင်ရှင်ကို လွှမ်းခြုံသွားခဲ့ပါပြီ။

" ဝိညာဉ်ချွေ လက်သည်း "

စုဝန်ဆောင်ရဲ့ မိုးပြာရောင်ရေစက် ဓားသိုင်းနဲ့ အတွေ့မှာတော့ ခွေးမျက်နှာဖုံး ပိုင်ရှင်ဟာ ပေါ့ပေါ့တန်တန် သဘောမထားရဲတော့ပါဘူး။

သူကလည်း  နတ်ဆိုး တစ်ကောင်ရဲ့  လက်သည်းနဲ့ ဆင်တူတဲ့  လက်သည်း ကုတ်ချက်ကို ထုတ်သုံးလိုက်ပါတယ်။

ဝုန်း ...

ကျယ်လောင်လှသော ချီပေါက်ကွဲမှု တစ်ခုနဲ့အတူ  စုဝန်ဆောင်ကော ခွေးမျက်နှာဖုံး ပိုင်ရှင်ပါ အနောက်ကို လွင့်ထွက် သွားခဲ့ပါပြီ။

" သွေးနတ်ဘုရားရဲ့ လှုံ့ဆော်မှု စွမ်းအား "

အနောက်ကို လွင့်ထွက်နေစဉ်မှာပင်  ခွေးမျက်နှာဖုံးပိုင်ရှင်ဟာ သွေးကဲ့သို့ နီရဲနေတဲ့ ပုလဲတစ်လုံးကို ထုတ်ယူ လိုက်ပါတယ်။  ရုတ်တရက် ဆိုသလို  အနီရောင် သွေးစွမ်းအင် စီးကြောင်းကြီး တစ်ခုက  သွေးပုလဲထဲကနေ ထွက်ပေါ်လာပြီး ခွေးမျက်နှာဖုံး ပိုင်ရှင်ရဲ့ ခန္ဓာကိုယ်ထဲကို စီးဝင် သွားခဲ့ပါပြီ။

" ဟား ... ဟား ... ဟား ... "

" သေစမ်းကွာ "

ထို့နောက်မှာတော့ ခွေးမျက်နှာဖုံး ပိုင်ရှင်ဟာ  စုဝန်ဆောင်ကို လက်ညှိုးဖြင့် ညွှန်လိုက်ပါတယ်။

ရွှီး ...

အား ...

အနီရောင် သွေးအလင်တန်းကြီး တစ်ခုက ခွေးမျက်နှာဖုံး ပိုင်ရှင်ရဲ့ လက်ညှိုးကနေ ထွက်ပေါ်လာပြီး စုဝန်ဆောင်ရဲ့  ပခုံးကို ဖောက်ထွက် သွားခဲ့ပါပြီ။  စုဝန်ဆောင်က  ဒီသွေးအလင်းတန်းကြီးကို ရှောင်တိမ်းဖို့ အချိန်တောင် မရလိုက်ပါဘူး။

" ဘာ ... ဘာကြီးလဲ ... "

စုဝန်ဆောင်ကတော့ မျက်လုံးပြူး၊ မျက်ဆံပြူး ဖြစ်နေပါပြီ။

သူ့ရန်သူရဲ့ စွမ်းရည်ဟာ သူနဲ့ အတူတူလောက်ပါပဲ။  ဒါပေမဲ့ ဒီဘာမှန်းမသိတဲ့ သွေးပုလဲနဲ့ ဆိုရင်တော့ သူ့ရန်သူရဲ့ စွမ်းရည်ဟာ ကောင်းကင်နယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်သွားပါပြီ။

ဒီအတိုင်းဆိုရင်တော့ သူ့အနေနဲ့ တစ်ဖက်ရန်သူကို ဘယ်လိုမှ ယှဉ်နိုင်တော့မှာ မဟုတ်ပါဘူး။

" လခွီးပဲကွာ "

စုဝန်ဆောင်က  သွေးဝင်္ကပါထဲမှာ ရှိနေတဲ့ လူတွေရဲ့ အခြေအနေကို တစ်ချက် လှမ်းအကဲခတ် လိုက်ပါတယ်။  သွေးဝင်္ကပါထဲမှာတော့  သံမဏိတောင်တန်း မြို့စားနဲ့ လူအချို့ကလွဲပြီး ကျန်တဲ့သူ အကုန်လုံးဟာ လှုပ်ရှားခြင်း အလျဉ်းးမရှိတော့ပါဘူး။  သူတို့တွေအားလုံးဟာ သေကုန်ကျပါပြီ။  ဝင်္ကပါ ဖျက်ဆီးရင်လည်း ဘာမှ အကျိုးထူးတော့မှာ မဟုတ်ပါဘူး။

" ဆုတ်မယ်ဟေ့ ... "

စုဝန်ဆောင်က သူ့ရဲ့ ရင်ထဲက ခံစားချက်တွေကို ဖိနှိပ်လိုက်ပြီး ဆုတ်ခွာဖို့ အမိန့်ပေး လိုက်ပါတယ်။

သူ့ရဲ့ အမိန့်ကို ကြားလိုက်တာနဲ့ တစ်ပြိုင်နက် အသည်းအသန် ခုခံနေရတဲ့ ကောင်းကင်နယ်ပယ် အလယ်အလတ်အဆင့် ပညာရှင် ၄ယောက်ဟာ  တိုက်ပွဲ စက်ကွင်းထဲကနေ လျင်မြန်စွာ ဆုတ်ခွာ လိုက်ကြပါတယ်။

သူတို့ကလည်း အခြေအနေကို မသုံးသပ်နိုင်တဲ့ နလဗိန်းတုံးတွေ မဟုတ်ပါဘူး။  ဒီအတိုင်းဆက်တိုက်နေမယ် ဆိုရင်တော့  သွေးဝင်္ကကို မဖျက်ဆီးနိုင်ရုံမက သူတို့ပါ အဆစ် အသေခံရတော့မှာပါ။

" မင်းတို့ကို ဘယ်သူက ဆုတ်ခွာခွင့် ပေးလိုက်လို့လဲ ... "

" မင်းတို့ရဲ့ အသက်တွေ ထားခဲ့"

ခွေးမျက်နှာဖုံး ပိုင်ရှင်က လက်ညှိုးကို ၂ခါတိတိ ထိုးလိုက်တဲ့ အခါမှာတော့  သွေးအလင်းတန်းကြီး ၂ခု ထွက်ပေါ်လာပြီး   ဆုတ်ခွာနေတဲ့ ကောင်းကင်ပညာရှင် ၂ယောက်ရဲ့ အသက်တွေကို နုတ်ယူသွားခဲ့ပါပြီ။

စုဝန်ဆောင်နဲ့ အခြားသော ကောင်းကင်နယ်ပယ် ပညာရှင် ၂ယောက်ကတော့ သေဘေးကနေ ကပ်ပြီး လွဲသွားခဲ့တယ်လေ။

ခွေးမျက်နှာဖုံး ပိုင်ရှင်ကတော့  စုဝန်ဆောင်တို့ နောက်ကို လိုက်မသွားခဲ့ပါဘူး။  ကြည့်ရတာတော့ သူ့အနေနဲ့  သည်သွေးပုလဲရဲ့ အစွမ်းကို ထုတ်သုံးဖို့အတွက် တန်ဖိုးကြီးကြီးမား ပေးဆပ်ခဲ့ရပုံပင်။

" ပြီးပြီဟေ့ ... "

သွေးဝင်္ကပါ အတွင်းမှာတော့ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မှ ရှိမနေတော့ပါဘူး။

ထို့နောက်မှာတော့ သွေးဝင်္ကပါကြီးက နေပြီး  မျက်စိကျိန်းလောက်အောင် တောက်ပတဲ့ သွေးအလင်းတန်းကြီးတွေကို ထုတ်လွှတ် လိုက်ပါတော့တယ်။  ထိုသွေးအလင်းတန်းကြီးတွေ မှိန်ဖျော့သွားတဲ့ အခါမှာတော့  သွေးကဲ့သို့ ရဲရဲနီ တောက်ပနေတဲ့ သွေးပုလဲ လေးလုံးဟာ သွေးဝင်္ကပါရဲ့ အလယ်တည့်တည့်မှာ ဖြစ်တည်လာခဲ့ပါပြီ။

ဒီသွေးပုလဲတွေဟာ အစောပိုင်းတုန်းက ခွေးမျက်နှာဖုံးပိုင်ရှင် ထုတ်သုံးလိုက်တဲ့ သွေးပုလဲနဲ့  တစ်ပုံစံတည်းပါပဲ။

တစ်ချိန်တည်း လိုလိုမှာပင်  မိုးပြာရောင်ဂိုဏ်းရဲ့ နယ်နိမိတ် အတွင်းမှာ ရှိတဲ့ မြို့ရွာ အတော်များများဟာ  သံမဏိတောင်တန်းမြို့ ကြုံခဲ့ရသလို  အဖြစ်ဆိုးမျိုးနဲ့ ကြုံနေရပါတယ်။   မတရား သတ်ဖြတ် ခံလိုက်ရတဲ့ လူတွေရဲ့ အကူအညီ တောင်းသံတွေနဲ့ သတ်ဖြတ်ခြင်း ရနံ့တွေကတော့ မိုးပြာရောင်ဂိုဏ်းရဲ့ နယ်နိမိတ် အနှံ့မှာ ပျံ့နှံ့နေခဲ့ပါပြီ။

-   မိုးပြာရောင်ဂိုဏ်း ရဲ့ ပင်မခန်းဆောင် -

ဒုန်း ...

စုဝန်ဆောင်ရဲ့ အစီရင်ခံချက်ကို နားထောင် အပြီးမှာတော့  အိုးရန်ဝမ်းထင်ဟာ ခုံကို တစ်ချက် ထုလိုက်ပါတယ်။

ဒါက ဂိုဏ်တစ်ခုလုံးနဲ့ ဆိုင်တဲ့  အရေးကြီး ကိစ္စရပ် တစ်ခုပါပဲ။  မိစ္ဆာတာအိုလမ်းစဉ်ကို လျှောက်လှမ်းတဲ့ ပညာရှင်တွေ ပေါ်လာတာက  ပေါ့သေးသေး ကိစ္စရပ်တစ်ခု မဟုတ်ပါဘူး။

" အထွတ်ခေါင်ချုပ် အကြီးအကဲတွေနဲ့  ဂိုဏ်းထိန်းကြီးတွေကို အမြန်သွားရောက် ပင့်ဆောင်ခဲ့ "

အိုးရန်ဝမ်းထင်က  အချိန်ဆိုင်းမနေဘဲ  မိုးပြာရောင်ဂိုဏ်းရဲ့ အရေးကြီး ပုဂ္ဂိုလ်တွေကို သွားရောက် ပင့်ဆောင်ဖို့ အမိန့်ပေးလိုက်ပါတယ်။

သိပ်မကြာခင်မှာဘဲ အထွဋ်ခေါင်ချုပ် အကြီးအကဲ လေးယောက်နဲ့ ဂိုဏ်းထိန်းကြီး နှစ်ယောက်ဟာ  မိုးပြာရောင်ဂိုဏ်းရဲ့ ပင်မခန်းဆောင်ထဲကို ရောက်ရှိလာခဲ့ပါပြီ။

အရေးကြီး ပုဂ္ဂိုလ်တွေကို ဖြစ်ကြောင်းကုန်စင် ရှင်းပြပြီးတဲ့ အခါမှတော့ အိုးရန်ဝမ်းထင်က  အမိန့်တွေ စတင် ပေးပါတော့တယ်။

" သည်မိစ္ဆာတာအို ကျင့်ကြံသူတွေက ကျွန်တော်တို့ရဲ့ မိုးပြာရောင်ဂိုဏ်း နယ်မြေထဲမှာပဲ လှုပ်ရှားမှာ မဟုတ်ဘူး။  လက်ဝဲရံ ဂိုဏ်းထိန်းကြီး  ... ။  ခင်ဗျားက  ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ နယ်နိမိတ်ထဲကို ဝင်ပြီး အခြေအနေကို စုံစမ်း ... ။  လက်ယာရံ ဂိုဏ်းထိန်းကြီးကတော့ ခရမ်းရောင် ဆေဘာဂိုဏ်းရဲ့ နယ်နိမိတ်ထဲကို ဝင်ပြီး စုံစမ်း။ "

"  ဟုတ်ကဲ့ပါ ...  ဂိုဏ်းချုပ်ကြီး။ "

လက်ဝဲရံနဲ့ လက်ယာရံ ဂိုဏ်းထိန်းကြီး နှစ်ယောက်က ခေါင်းညိတ် လိုက်ပါတယ်။

" အထွဋ်ခေါင်ချုပ် အကြီးအကဲတွေ ... ။  ဒီတစ်ကြိမ်မှာတော့ ကျွန်တော်က အကြီးအကဲတို့ကို  အကူအညီ တောင်းရမှာပဲ။  မိုးပြာရောင်ဂိုဏ်းရဲ့ နယ်နိမိတ်ထဲမှာ အခြေအနေတွေ ကသောင်းကနင်း ဖြစ်နေပြီ။  အကြီးအကဲတို့  ကျေးဇူးပြုပြီး ကူညီပေးကြပါဦး"

အိုးရန်ဝမ်းထင်က  ရွေးချယ်စရာ မရှိတဲ့ အတွက် အထွဋ်ခေါင်ချုပ် အကြီးအကဲတွေကို အကူအညီ တောင်းလိုက်ပါတယ်။

အိုးရန်ထိုင်က လက်ကာပြလိုက်ပြီး ကတိပေးလိုက်ပါတယ်။

" သည်အဘိုးကြီးက  ခရီးမထွက်ရတာ ကြာလှပြီ။  အဲဒီတော့ ခန္ဓာကိုယ်က အညောင်း မိနေတာနဲ့ အတော်ပဲ။  စိတ်မပူပါနဲ့ ...  တူလေး ... ။  ဒီမိစ္ဆာတာအို ကျင့်ကြံသူတွေကို ငါတို့ အဘိုးကြီးတွေ တာဝန်ယူလိုက်ပါ့မယ်။ "

"ဟုတ်တယ် ... ။  ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ရောက်လာကတည်းက ငါအဘိုးကြီးလျံလည်း  လူမသတ်ရတာ ကြာနေပြီ”

ကလန်အမည် လျံဟုခေါ်သည့် အထွဋ်ခေါင်ချုပ် အကြီးအကဲ တစ်ယောက်ကလည်း သတ်ဖြတ်ခြင်း အငွေ့အသက်တွေကို ထုတ်လွှတ်လိုက်ပါပြီ။

အိုးရန်ဝမ်းထင်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး  အနားမှာရှိနေတဲ့ အတွင်းစည်း အကြီးအကဲ တစ်ယောက်ကို အမိန့်ပေး လိုက်ပြန်ပါတယ်။

"  င့ါရဲ့ အမိန့်ကို ထုတ်ပြန်လိုက် ... ။  အတွင်းစည်း အကြီးအကဲအားလုံး အခုချက်ချင်း ငါ့ကို လာတွေ့ရမယ်”

မိုးပြာရောင်ဂိုဏ်း နယ်နိမိတ်ဟာ အလွန်ကျယ်ပြော လှတဲ့အတွက် ပြန်လည်ဝင်စားခြင်း ပညာရှင်တွေ ချည်းပဲနဲ့တော့ မိုးပြာရောင်ဂိုဏ်း နယ်နိမိတ် တစ်ခုလုံးကို  ထိန်းချုပ်ဖို့ မဖြစ်နိုင်သေးပါဘူး။  အဲဒီအတွက် အိုးရန်ဝမ်းထင်ဟာ အတွင်းစည်း အကြီးအကဲတွေကို စုစည်းဖို့ အမိန့်ပေးလိုက်ရခြင်း   ဖြစ်ပါတယ်။

မိုးပြာရောင်ဂိုဏ်း တစ်ခုလုံးကတော့ လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပါပြီ။  မိုးပြာရောင်ဂိုဏ်းရဲ့ တပည့်တွေတောင်မှ  ဒီအခြေအနေကို ရိပ်စားမိနေပါတယ်။

" ဘာတွေဖြစ်နေတာလဲ "

လီဖူချန်းကလည်း ဂိုဏ်းတော် အတွင်းမှာ  တစ်ခုခု ဖြစ်နေတယ် ဆိုတာကို ရိပ်မိနေပါတယ်။  ဒါပေမဲ့ ဘာဖြစ်နေသလဲ ဆိုတာကိုတော့ တိတိကျကျ မသိသေးပါဘူး။

မိုးပြာရောင်ဂိုဏ်း နယ်နိမိတ်ထဲမှာ ဖြစ်နေသလို  အဖြစ်မျိုးကို အခြားသော  ဂိုဏ်းတွေလည်း ကြုံနေရပါတယ်။  မိစ္ဘာတာအို ကျင့်ကြံသူတွေဟာ သူတို့ရောက်သွားတဲ့ မြို့ရွာတိုင်းကို တစ်ယောက်မကျန် သတ်ဖြတ်ပစ်နေတာပါ။  အခြေအနေတွေကတော့ တကယ့််ကို ရှုပ်ထွေးနေပါပြီ။

မိစ္ဆာတာအို အင်အားစုတွေဟာ ဒီတစ်ကြိမ်မှာတော့  အတော်လေးကို သတိထားနေပုံပါပဲ။  သူတို့တွေဟာ  အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ ထိပ်တန်း အင်အားစုကြီး ၁၀ခု ကြီးစိုးထားတဲ့ နယ်နိမိတ်တွေ ထဲကိုတော့ လုံးဝ မဝင်ပါဘူး။  ဒီအချက်ကို ကြည့်ခြင်းအားဖြင့်  ဒီတစ်ကြိမ်မှာတော့ မိစ္ဆာတာအို အင်အားစုတွေဟာ ခေါင်းဆောင် တစ်ယောက်ရဲ့ အောက်မှာ  စနစ်တကျ လှုပ်ရှား နေတယ်ဆိုတာ သိသာနေပါတယ်။

***

All Chapters