ထိပ်တိုက်တွေ့ပြီ
Vol. 24 Ch. 324
မိစ္ဆာတာအို အင်အားစုတွေဟာ ထင်ထားတာထက်ကို ဉာဏ်များပါသေးတယ်။ သူတို့ဟာ သွေးဝင်္ကပါ အတုတွေကို နေရာအနှံ့မှာ ပြုလုပ်ပြီး မိုးပြာရောင်ဂိုဏ်းရဲ့ အထောက်တော်တွေကို ဇဝေဇဝါ ဖြစ်စေခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်လလုံးမှာဆိုရင် မိုးပြာရောင်ဂိုဏ်းရဲ့ အထွဋ်ခေါင်ချုပ် အကြီးအကဲ လေးယောက်ဟာ သည်သွေးဝင်္ကပါ အတုတွေကြောင့် တစ်စက်ကလေးမှ မနားခဲ့ရပါဘူး။
ဒါပေမဲ့ သတင်းကောင်း တစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ မိစ္ဆာတာအို အင်အားစုတွေဟာ ကောင်းကင် နတ်ဆိုးဂိုဏ်းနဲ့ ခရမ်းရောင် ဆေဘာဂိုဏ်းရဲ့ နယ်နိမိတ်မှာလည်း ထကြွသောင်းကျန်း နေကျပါတယ် ဆိုတဲ့ သတင်းပါပဲ။
အဲဒီအတွက် မိုးပြာရောင်ဂိုဏ်းဟာ ကောင်းကင် နတ်ဆိုးဂိုဏ်းနဲ့ ခရမ်းရောင် ဆေဘာဂိုဏ်းတို့ရဲ့ အလစ် ဝင်တိုက်မှာကို စိတ်ပူစရာ မလိုတော့ဘဲ သူတို့ပိုင်နက် အတွင်းမှာ ဖိဖိစီးစီး ရှာဖွေ နိုင်ခဲ့ပါတယ်။
ဒါပေမဲ့လည်း မိစ္ဆာတာအို ကျင့်ကြံသူတွေဟာ မိုးပြာရောင်ဂိုဏ်း ပိုင်က်အတွင်းမှာ အမြစ်ပြတ် သုတ်သင်မှုတွေ လုပ်နေဆဲပါပဲ။ အဲဒီ ဖြစ်ရပ်တွေကြောင့် မိုးပြာရောင်ဂိုဏ်းရဲ့ ထိပ်ပိုင်းက အကြီးအကဲတွေဟာ အတော်လေး ခေါင်းကိုက်နေကြပါပြီ။
သည်မိစ္ဆာတာအို အင်အားစုတွေက မိုးပြာရောင်ဂိုဏ်းကို စစ်ကြေငြာပြီး တိုက်ရိုက် ဝင်တိုက်ရင်တောင်မှ အခုလို ခေါင်းကိုက်ရမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုတော့ ဒီအယုတ်တမာ ကောင်တွေဟာ ကြွက်တွေလို ပုန်းလျှိုးကွယ်လျှိုးဖြင့် အလစ်ချောင်းပြီး တိုက်ခိုက် နေကြတာပါ။ သူတို့ကို ခြေရာခံမိဖို့က အင်မတန် ခဲယဉ်းလွန်းလှပါတယ်။
မိစ္ဆာတာအို ကျင့်ကြံသူတွေရဲ့ အခုလို ရှောင်တခင် သတ်ဖြတ်မှုတွေကြောင့် သေဆုံးသွားကြတဲ့ အပြစ်မဲ့ လူဦးရေ အရေအတွက်ဟာ ၅သန်းနီးပါးကို ရှိနေပါပြီ။ ရှေ့ဆက် ပြီးတော့လည်း သေဆုံးသူ အရေအတွက်ဟာ ပိုများလာဖို့ ရှိပါတယ်။
" မိစ္ဆာတာအို ကျင့်ကြံသူတွေရဲ့ လက်ချက်ကြောင့် သေဆုံးသွားတဲ့ လူဦးရေက ၅သန်းတောင် ကျော်သွားပြီလား ... "
မိုးပြာရောင် ဂိုဏ်းထဲမှာ လေ့ကျင့်နေတဲ့ လီဖူချန်းကတော့ ဒီသတင်းကို ကြားကြားပြီးချင်းမှာပဲ တောက်တခေါက်ခေါက် ဖြစ်နေပါတယ်။
သူ့ရဲ့ ဇာတိမြေဖြစ်တဲ့ ယုံဝူးမြို့ရဲ့ လူဦးရေတောင်မှ ၂သိန်းစွန်းစွန်းသာ ရှိတာပါ။ ဒါပေမဲ့ မိစ္ဆာတာအို ကျင့်ကြံသူတွေကတော့ လူဦးရေ ၅သန်းကျော်တောင် သတ်ပစ်လိုက် ပြီးပါပြီ။
" ခွေးမသား ... မိစ္ဆာတာအို ကျင့်ကြံသူတွေ ... "
လီကလန်က မိုးပြာရောင်ဂိုဏ်းမှာ ရောက်နေပြီဖြစ်တဲ့ အတွက် လီဖူချန်းဟာ လီကလန်နဲ့ ပတ်သက်ပြီးတော့ ပူစရာ မလိုတော့ပါဘူး။ လီဖူချန်းဟာ ဒီအတိုင်းနေလို့ ရပေမယ့်လည်း သူ့ရဲ့ မသိစိတ်ကတော့ ဒီမိစ္ဆာတာအို ကျင်ကြံသူတွေကို တတ်စွမ်းသလောက် သတ်ဖြတ်ပစ်ဖို့ လှုံ့ဆော်နေပါပြီ။ သေဆုံးသွားတဲ့ ဒီလူ၅သန်းထဲမှာ အပြစ်မဲ့တဲ့ ကလေးတွေနဲ့ စိတ်ထားကောင်းတဲ့ သူတွေ အများကြီး ပါဝင်နေမှာ အသေအချာပါပဲ။ သေဖို့ အချိန်မတန်သေးတဲ့ လူတွေလည်း နည်းမှာ မဟုတ်ပါဘူး။ လီဖူချန်းအနေနဲ့ သည်အကြောင်းကို စဉ်းစား လိုက်တိုင်းမှာ သူ့ရဲ့ လူသတ်ချင်စိတ်တွေက ပိုပိုပြီး အားကောင်း လာခဲ့ပါတယ်။
******
-မိုးပြာရောင်ဂိုဏ်းရဲ့ ပင်မခန်းဆောင်-
အိုးရန်ဝမ်းထင် တစ်ယောက်ကတော့ ဂိုဏ်းချုပ်ပုလ္လင် ထက်မှာတောင် မထိုင်နိုင်တော့ပါဘူး။ သူ့ရဲ့ ပုံစံက သည်ရက်ပိုင်း အတွင်းမှာတင် ပိုအိုစာ သွားသလိုပါပဲ။
ငါးသန်း. ... ။
အပြစ်မဲ့တဲ့ လူငါးသန်း ... ... ။
မကြာခင်မှာပဲ ဒီအရေအတွက်ဟာ ၆သန်းကို ရောက်လာဦးမှာပါ။
မိုးပြာရောင် ဂိုဏ်းပိုင်နက် အတွင်းမှာ အပြစ်မဲ့တဲ့ လူဘယ်နှယောက်ထပ်ပြီး သေဦးမှာလဲ ... ။
" ငါတို့ မိုးပြာရောင်ဂိုဏ်းရဲ့ တပည့်တွေ အတွေ့အကြုံရှာဖို့ အချိန်ရောက်ပြီ"
နောက်ဆုံးမှာတော့ အိုးရန်ဝမ်းထင်ဟာ ဆုံးဖြတ်ချက် တစ်ခုကို ခိုင်ခိုင်မာမာ ချလိုက်ပါတော့တယ်။
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ အိုးရန်ဝမ်းထင်ဟာ ဂိုဏ်းတော်ရဲ့ တပည့်တွေကို ဒီကိစ္စမှာ မသုံးချင်ပါဘူး။ ဒါက ဂိုဏ်းတော်ရဲ့ တပည့်တွေ အတွက်တော့ အနည်းငယ် ရက်စက်တဲ့ ဆုံးဖြတ်ချက် တစ်ခုပါပဲ။ ဒီတစ်ခေါက် ဖြစ်ရပ်မှာ ဂိုဏ်းတော်ရဲ့ တပည့် ဘယ်လောက်များများဟာ မိစ္ဆာတာအို ကျင့်ကြံသူတွေရဲ့ လက်အောက်မှာ သေဆုံးမယ် ဆိုတာကို ဘယ်သူမှ ခန့်မှန်းနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း မိုးပြာရောင်ဂိုဏ်းဟာ သူတို့ရဲ့ ပိုင်နက်တွေကို အကာအကွယ်ပေးမယ့် လူငယ် သူရဲကောင်းတွေကို လိုအပ်နေပါပြီ။
အိုးရန်ဝမ်းထင်က ဂိုဏ်းတော်ရဲ့ တပည့် အကုန်လုံးကို မိစ္ဆာတာအို ကျင့်ကြံသူတွေနဲ့ ယှဉ်ဆိုင်ဖို့ လွှတ်မှာတော့ မဟုတ်ပါဘူး။ သူက အတွင်းစည်းတပည့် ၃၀ရာခိုင်နှုန်းနဲ့ တိုက်ရိုက် အချို့ကိုသာ စေလွှတ်မှာ ဖြစ်ပါတယ်။
အဲဒီ စေလွှတ်ခြင်း ခံရသူတွေထဲမှာတော့ လီဖူချန်းရဲ့နာမည် မပါလာခဲ့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အိုးရန်ဝမ်းထင်က လီဖူချန်းကို အသက်နဲ့ရင်းပြီး စွန့်စားခန်းဖွင့်ဖို့ မလိုဘူးလို့ ယူဆ ထားလို့ပါပဲ။
ပြီးတော့ လီဖူချန်းက မိုးပြာရောင်ဂိုဏ်းရဲ့ အနာဂတ်ကို ဖော်ဆောင်ပေးမယ့် လူတစ်ယောက်ပင် မဟုတ်ပါလား။
ဒါပေမဲ့ သတ်ချင်ဖြတ်ချင် စိတ်တွေ ထကြွနေတဲ့ ကိုယ်တော်ချော လီဖူချန်းကတော့ သည်ကိစ္စကို လက်ခံချင်ပုံ မရပါဘူး။
မနက်ခင်းစောစော တစ်ခုမှာတော့ လီဖူချန်းက ဓားကိုခါးမှာထိုးပြီး တိုက်ရိုက်တပည့် ခန်းမဆောင်ထဲကို ဝင်လာခဲ့ပါပြီ။
" အကြီးအကဲခေါင်ချုပ် ... ကျွန်တော်လည်း အခြားသူတွေလို မိစ္ဆာတာအို ကျင့်ကြံသူတွေကို သုတ်သင်တဲ့ နေရာမှာ ပါဝင်ချင်တယ်”
ဇောင်ဝူကျင်းကတော့ လီဖူချန်းကို ခွင့်မပြုပါဘူး။
သူက လီဖူချန်းကို ပြုံးပြလိုက်ပြီး ကောင်းကောင်းကြီး နားချပါတော့တယ်။
" ဖူချန်း ... မင်းက အခြားသူတွေနဲ့ မတူဘူးလေ။ အခြားသူတွေက အစွမ်းထက် လာဖို့အတွက် သေရေးရှင်ရေး တိုက်ပွဲ အတွေ့အကြုံတွေ လိုအပ်တယ်။ ဒါပေမဲ့ မင်းကတော့ အဲဒီ အရာတွေ မလိုအပ်တော့ဘူး။ အခုချိန်မှာ မင်းလုပ်ဖို့ လိုအပ်တာက အေးအေးဆေးဆေး ကျင့်ကြံပြီး ကောင်းကင်နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်ဖို့ပဲ"
ဇောင်ဝူကျင်းတင် မကပါဘူး။ မိုးပြာရောင်ဂိုဏ်းရဲ့ အခြားသော ထိပ်သီး အကြီးအကဲတွေကလည်း လီဖူချန်းရဲ့ ဆန္ဒကို လိုက်လျောလိုခြင်း မရှိပါဘူး။
လီဖူချန်းရဲ့ လက်ရှိကျင့်ကြံမှုက အရမ်းနိမ့် နေပါသေးတယ်။ လီဖူချန်းက အဆင့်ကျော်ပြီး တိုက်နိုင်စွမ်း ရှိတယ် ဆိုပေမယ့်လည်း အများဆုံး တိုက်နိုင်မှ ကောင်းကင်နယ်ပယ် အဆင့်နိမ့်ပိုင်းက ပညာရှင်တွေကိုသာ တိုက်နိုင်မှာပါ။
လီဖူချန်းအနေနဲ့ ကောင်းကင်နယ်ပယ် ထဲကို ချိုးဖောက် ဝင်ရောက်နိုင်ခဲ့မယ် ဆိုရင်တောင်မှ လက်ရှိ အခြေအနေတွေ အပေါ်မှာ သက်ရောက်မှု ကြီးကြီးမားမား ရှိစေမှာ မဟုတ်ပါဘူး။ ဒါကြောင့် မိုးပြာရောင်ဂိုဏ်းရဲ့ အကြီးအကဲတွေဟာ လီဖူချန်းကို ဂိုဏ်းတော်ထဲမှာသာ နေပြီး အေးအေး ဆေးဆေး ကျင့်ကြံ နေစေချင်တာပါ။
လီဖူချန်းကလည်း အဲဒါကို သဘောပေါက်ပါတယ်။ ဒါပေမဲ့ အခု လောလောဆယ်မှာ သူက ကျင့်ကြံချင်နေတာ မဟုတ်ပါဘူး။ သူက မိစ္ဆာတာအို ကျင့်ကြံသူတွေကို သတ်ချင်နေတာပါ။
လီဖူချန်းက လက်နှစ်ဖက်ကို ဆုပ်ကာ နောက်ထပ်တစ်ခါ တောင်းဆို လိုက်ပြန်ပါတယ်။
" အကြီးအကဲ ခေါင်ချုပ်ခင်ဗျား ... ။ သေရေးရှင်ရေး အတွေ့အကြုံတွေက လူတိုင်းအတွက် အကျိုး သက်ရောက်မှု ရှိပါတယ်။ ကျင့်ကြံခြင်း ဆိုတာက ခန္ဓာကိုယ်ကိုပဲ ကျင့်ကြံနေလို့ မရပါဘူး။ စိတ်နှလုံးကိုလည်း ကျင့်ကြံပေးဖို့ လိုအပ်ပါသေးတယ်။ ဒီအယုတ်တမာကောင် မိစ္ဆာတာအို ကျင့်ကြံသူတွေ ထကြွ သောင်းကျန်းနေချိန်မှာ ကျွန်တော် ဘယ်လိုမှ အေးအေးဆေးဆေး ကျင့်ကြံနေနိုင်မှာ မဟုတ်ပါဘူး။ ဒါက ကျွန်တော့်ရဲ့ ဓားတာအို လမ်းစဉ်နဲ့လည်း မကိုက်ညီပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ တောင်းဆိုမှုကို နောက်ထပ် တစ်ကြိမ် စဉ်းစား ပေးစေချင်ပါတယ်"
" အာ ... ဒီကိစ္စက ... "
ဇောင်ဝူကျင်းက အနည်းငယ် တွေဝေ သွားခဲ့ပါပြီ။
သေသေချာချာ စဉ်းစား ကြည့်လိုက်တော့လည်း လီဖူချန်းရဲ့ စကားတွေက အဓိပ္ပာယ် ရှိသလိုပါပဲ။
ပြီးတော့ ဇောင်ဝူကျင်းက လီဖူချန်းလို ပါရမီရှင် အမျိုးအစားတွေရဲ့ အကြောင်းကို ကောင်းကောင်း သိထားပါတယ်။ ဒီလိုလူတွေဟာ တစ်ခုခုကို ဆုံးဖြတ်ပြီးသွားပြီ ဆိုရင် ဆင်ဆယ်ကောင်နဲ့ ဆွဲရင်တောင် နောက်ပြန်လှည့်တော့မှာ မဟုတ်ပါဘူး။
" သည်မှာခဏစောင့်ဦး ... ။ ငါ ဂိုဏ်းချုပ်ကြီးကို သွားအကြောင်း ကြားပေးမယ်"
နောက်ဆုံးမှာတော့ ဇောင်ဝူကျင်းဟာ လီဖူချန်းဆိုတဲ့ ဗြမ္မာဦးခေါင်းကို အိုးရန်ဝမ်းထင် လက်ထဲ ထည့်ပေးလိုက်ဖို့ အကြံဉာဏ် ရသွားခဲ့ပါပြီ။
-မိုးပြာရောင် ဂိုဏ်းရဲ ပင်မခန်းဆောင် -
" ဘာ ... လီဖူချန်းက ... ဂိုဏ်းတော် အပြင်ကို ထွက်ပြီး စွန့်စားခန်း ဖွင့်ချင်နေတာလား ... "
အိုးရန်ဝမ်းထင်က သူကြားလိုက် ရတာကို မယုံတဲ့ပုံဖြင့် ဇောင်ဝူကျင်းကို ပြန်မေး လိုက်ပါတယ်။
" ဟုတ်ပါတယ် ဂိုဏ်းချုပ်"
ဇောင်ဝူကျင်းက ခေါင်းညိတ် လိုက်ပါတယ်။
အတန်ကြာ စဉ်းစားပြီးတဲ့ နောက်မှာတော့ အိုးရန်ဝမ်းထင်ဟာ သက်ပြင်းတစ်ချက် ချလိုက်ပြီး
" ဟူး ... သူအရမ်း သွားချင်နေရင်လည်း ခွင့်ပြုလိုက်ကွာ ... ။ နေဦး ... ။ သူ့ကို ကာကွယ်ဖို့ ကောင်းကင်နယ်ပယ် အလယ်အလတ်အဆင့် အတွင်းစည်း အကြီးအကဲ နှစ်ယောက်ပါ ထည့်ပေးလိုက်” ဟု အမိန့် ပေးလိုက်ပါတော့တယ်။
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ မိုးပြာရောင် ဂိုဏ်းဟာ အခုချိန်မှာ လူအင်အား လုံလောက်နေတာ မဟုတ်ပါဘူး။ အိုးရန်ဝမ်းထင်ဟာ လီဖူချန်းကို အလေးထားလွန်းလို့သာ ကောင်းကင်နယ်ပယ် အလယ်အလတ် အဆင့် အတွင်းစည်း အကြီးအကဲ နှစ်ယောက်ကို စီစဉ် ပေးလိုက်တာ ဖြစ်ပါတယ်။
" နားလည်ပါပြီ ... ဂိုဏ်းချုပ် "
ဇောင်ဝူကျင်းက အခုမှ သက်ပြင်း ချနိုင်ပါတော့တယ်။ ကောင်းကင်နယ်ပယ် အလယ်အလတ်အဆင့် အတွင်းစည်း အကြီးအကဲ နှစ်ယောက်ရဲ့ ကာကွယ်မှုနဲ့ ဆိုရင်တော့ လီဖူချန်းဟာ အန္တရာယ် ကြီးကြီးမားမားနဲ့ ကြုံရတော့မှာ မဟုတ်ပါဘူး။
စွန့်စားခန်းခရီးထွက်ဖို့ လီဖူချန်း ရွေးချယ်လိုက်တဲ့ နေရာကတော့ ယုံဝူးမြို့ရှိရာ နယ်မြေ အပိုင်းအခြားပါပဲ။ ယုံဝူးမြို့ဟာ သူ့ရဲ့ မွေးရပ်မြေ ဇာတိဖြစ်တဲ့ အတွက် လီဖူချန်းရဲ့ စိတ်ထဲမှာ စွဲစွဲမြဲမြဲ အရှိဆုံး နေရာ တစ်ခုလို့တောင် ဆိုနိုင်ပါတယ်။
ဟူး ... ဟူး ... ဟူး ...
ကောင်းကင်ယံထက်မှာ ပျံသန်းနေတဲ့ ဖျက်ဆီးခြင်း တံစဉ်ငှက်ရဲ့ ကျောပေါ်မှာတော့ လီဖူချန်းနဲ့ အတွင်းစည်း အကြီးအကဲ နှစ်ယောက်ဟာ ထိုင်လျက်သား လိုက်ပါလာခဲ့ပါတယ်။ ထိုအကြီးအကဲ နှစ်ယောက်ကတော့ ကျင်းမင်နဲ့ စုချန်း ပါပဲ။
ကျင်းမင်က လီဖူချန်းကို သူတို့သွားနေတဲ့ နေရာနဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။
" မိုးပြာရောင်ဂိုဏ်းရဲ့ နယ်နိမိတ်တွေကို အဓိက နယ်မြေ လေးခုနဲ့ အငယ်စားနယ်မြေ အပိုင်းအခြား လေးဆယ် ခွဲခြားထားတယ်။ အဓိက နယ်မြေတစ်ခုရဲ့ အောက်မှာ အငယ်စားနယ်မြေ ဆယ်ခု ရှိတယ်။ အဓိက နယ်မြေ တစ်ခုတိုင်းမှာတော့ အထွဋ်ခေါင်ချုပ် အကြီးအကဲ တစ်ယောက်စီ တာဝန်ယူထားပြီး အငယ်စား နယ်မြေ တစ်ခုတိုင်းမှာတော့ ဆယ်နဲ့ချီတဲ့ ကောင်းကင်နယ်ပယ် ပညာရှင်တွေ တာဝန် ယူထားတယ်။ ငါတို့သွားမယ့် ယုံဝူးမြို့က တတိယမြောက် အဓိကနယ်မြေရဲ့ အငယ်စားနယ်မြေ အပိုင်းအခြား ၇မှာ တည်ရှိနေတာ။ ငါမှတ်မိသလောက် ဆိုရင်တော့ အဲဒီ နယ်မြေ အပိုင်းအခြားကို တာဝန်ယူထားတာက အကြီးအကဲ မားချီဟိုင်ပဲ”
" ဟုတ်တယ်။ အကြီးအကဲ မားချီဟိုင် တာဝန်ယူထားတဲ့ နယ်မြေ အပိုင်းအခြား"
စုချန်းက ခေါင်းညိတ်ပြီး ထောက်ခံလိုက်ပါတယ်။
အကြီးအကဲ မားချီဟိုင်က ထိပ်တန်း အတွင်းစည်း အကြီးအကဲ တစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ ကျင့်ကြံမှုကတော့ ကောင်းကင်နယ်ပယ် အဆင့်၉ကို ရောက်နေပါပြီ။
"အငယ်စားနယ်မြေ အပိုင်းအခြား၇မှာကော မိစ္ဆာတာအို ကျင့်ကြံသူတွေကို မတွေ့သေးဘူးလားဗျ ... " လီဖူချန်းက သူသိချင်တာကို မေးလိုက်ပါတယ်။
အငယ်စား နယ်မြေ အပိုင်း၇ရဲ့ လက်အောက်မှာတော့ မြို့ကြီး၁ ၅မြို့ ပါရှိပါတယ်။ ယုံဝူးမြို့ကလည်း ထိုမြို့ကြီး ၁၅မြို့ထဲက တစ်မြို့ အပါအဝင်ပါပဲ။
" အခုချိန်အထိတော့ တစ်ယောက်မှ မတွေ့သေးဘူး”
စုချန်းက ပြန်ဖြေလိုက်ပါတယ်။
လီဖူချန်းက အခုမှ နည်းနည်း နေသာထိုင်သာ ရှိသွားသလိုပါပဲ။ ယုံဝူးမြို့ရဲ့ မြို့သူ၊ မြို့သားတွေကို တစ်ညအတွင်း သတ်ဖြတ် သွားတာမျိုးကိုတော့ သူ့အနေနဲ့ ဘယ်လိုမှ မြင်ယောင် ကြည့်လို့ မရသေးပါဘူး။
ဖျက်ဆီးခြင်း တံစဉ်ငှက်ရဲ့ အမြန်နှုန်းကြောင့် လီဖူချန်းတို့ဟာ ရက်အနည်းငယ် အတွင်းမှာပင် ရွှေရောင် တိမ်တိုက်မြို့ကြီးကို ရောက်လာခဲ့ပါတယ်။
ရွှေရောင်တိမ်တိုက် မြို့ကြီးဟာ တတိယမြောက် အဓိကနယ်မြေရဲ့ လက်အောက်မှာရှိနေတဲ့ မြို့တွေထဲက အကြီးဆုံး မြို့တစ်ခုပါပဲ။ မားချီဟိုင် စတည်းချနေတဲ့ မြို့ဆိုရင်လည်း မမှားပါဘူး။
- မြို့စားမင်း ဂေဟာရဲ့ ပင်မခန်းဆောင် -
မားချီဟိုင်က လီဖူချန်းကို ကိုယ်တိုင်ကိုယ်ကျ လာရောက် ကြိုဆိုနေပါတယ်။
လီဖူချန်းက သာမန် တိုက်ရိုက်တပည့် မဟုတ်ပါဘူး။ အဆင့်အတန်းချင်း ယှဉ်မယ် ဆိုရင်တောင် မားချီဟိုင်ရဲ့ အဆင့်အတန်းက လီဖူချန်းနဲ့ အတူတူ လောက်ပါပဲ။
မားချီဟိုင်နဲ့ အနည်းငယ် စကားစမြည် ပြောအပြီးမှာတော့ လီဖူချန်းဟာ အချိန်မဆိုင်းတော့ဘဲ ယုံဝူးမြို့ကို ခရီးနှင်ပါတော့တယ်။
နောက်ထပ်၂နာရီ အကြာမှာတေ့ာ လီဖူချန်းနဲ့ အတွင်းစည်း အကြီးအကဲ နှစ်ယောက်ဟာ ယုံဝူးမြို့ကို ရောက်ရှိလာခဲ့ပါပြီ။
လက်ရှိ ယုံဝူးမြို့ရဲ့ အခြေအနေက အရင်တုန်းကနဲ့ မတူတော့ပါဘူး။
ယုံဝူးမြို့ရဲ့ အဓိက ကလန်ကြီး လေးခုဟာ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်တဲ့အတွက် လက်ရှိ ယုံဝူးမြို့မှာတော့ ဒုတိယတန်းစား ကလန်သုံးခုသာ ရှိနေပါတော့တယ်။
ထိုကလန် သုံးခုကတော့ ဟီကလန်၊ စီကလန်နဲ့ စွန်းကလန်တို့ပါပဲ။
လီဖူချန်း ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ယုံဝူးမြို့ရဲ့ ပါရမီရှင် ပြိုင်ပွဲမှာတုန်းက ဟီပင်းဟာ စတုတ္ထ ရခဲ့သလို စီဖေးနဲ့ စွန်းတိကလည်း မိုးပြာရောင် ဂိုဏ်းဝင်ခွင့် တစ်နေရာစီ ရခဲ့တယ်လေ။ အဲဒီလူငယ် သုံးယောက်ဟာ ဟီကလန်၊ စီကလန်နဲ့ စွန်းကလန်တို့ရဲ့ မျိုးဆက်တွေပါပဲ။
ကျူးကလန်သာ ပျောက်ကွယ် မသွားခဲ့ရင်တော့ ကျူးကလန်ဟာလည်း ယုံဝူးမြို့ရဲ့ အဓိက ကလန်ကြီးတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။ နှမြေစရာ ကောင်းတာကတော့ ကျူးဟောင်ရှုနဲ့ ကျူးကလန်ဟာ ကမ္ဘာမြေပေါ်မှာ တစ်ခါမှ မရှိခဲ့ဖူးတဲ့အလား အစအန ရှာမရအောင် ပျောက်ကွယ် သွားခဲ့တာပါပဲ။ လီဖူချန်းက ကျူးဟောင်ရှု သူ့ထံလာပြီး နှုတ်ဆက်သွားတဲ့ နေ့ကိုတောင် မှတ်မိနေပါသေးတယ်။
သူ့ရဲ့ စိတ်ထဲမှာတော့ ကျူးဟောင်ရှုရဲ့ ရုတ်တရက် ပျောက်ကွယ် သွားမှုဟာ ယနေ့ချိန်အထိ ဒွိဟ ဖြစ်နေဆဲပါပဲ။
လီဖူချန်းက လူတွေကြားထဲမှာ ထင်ထင်ပေါ်ပေါ် နေရတာကို မကြိုက်နှစ်သက်တဲ့ အတွက် ယုံဝူးမြို့စွန်မှာရှိတဲ့ ခြံဝင်းတစ်ခုကို ငှားလိုက်ပြီး တိတ်တဆိတ် နေထိုင်ခဲ့ပါတယ်။
ကျင်းမင်နဲ့ စုချန်းကလည်း လီဖူချန်းနဲ့ တစ်ဖဝါးမကွာ ရှိနေဆဲပါပဲ။
သူတို့သုံးယောက်ဟာ နေ့ခင်းဘက်တွေမှာ ဆိုရင် ခြံဝင်းအပြင်ကို လုံးဝမထွက်ဘဲ ညအချိန် ရောက်မှသာ ဖျက်ဆီးခြင်း တံစဉ်ငှက်ကို စီးပြီး ယုံဝူးမြို့နဲ့ အနီးတဝိုက်မှာရှိတဲ့ မြို့တွေကို ပတ္တရောင် လှည့်ကြပါတယ်။
မိစ္ဆာတာအို ကျင့်ကြံသူတွေကလည်း ငြိမ်ချက်သား ကောင်းနေဆဲပါပဲ။
လီဖူချန်းနဲ့ အကြီးအကဲနှစ်ယောက်ဟာ တစ်ပတ်လုံးလုံး ပတ္တရောင် လှည့်တာတောင်မှ မသင်္ကာ ဖြစ်စရာ တစ်စုံတစ်ခုမျှ ရှာမတွေ့ခဲ့ပါဘူး။ ကြည့်ရတာတော့ ဒီနယ်မြေ အပိုင်းအခြားက အေးချမ်းနေသေးတဲ့ ပုံပင်။
' ငါသတိလက်လွှတ် နေလို့တော့ မရသေးဘူး”
လီဖူချန်းက သူ့ကိုယ်သူ သတိပေးလိုက်ပါတယ်။
ယနေ့ညမှာတော့ လီဖူချန်းနဲ့ အကြီးအကဲ နှစ်ယောက်ဟာ ထုံးစံအတိုင်း ပတ္တရောင်လှည့် ထွက်ခဲ့ကြပြန်ပါပြီ။
ဖျက်ဆီးခြင်း တံစဉ်ငှက်ရဲ့ ကျောပေါ်မှာ ရှိနေတဲ့ ကျင်းမင်ကတော့ အရက်သောက်ဖို့ အလုပ်ရှုပ်နေတဲ့ ပုံပါပဲ။ ။ သူက လီဖူချန်းနဲ့ စုချန်းကိုတောင် အရက်တစ်ခွက်စီ လှမ်းပေး လိုက်ပါသေးတယ်။
" ဟိုဘက်မှာ တစ်ခုခု ထူးခြားတာ ဖြစ်နေပြီ။ "
လီဖူချန်းက အရက်ခွက်ကို မယူလိုက်ပါဘူး။ သူက မသင်္ကာစရာ တစ်ခုကို မြင်လိုက်တဲ့ အတွက် ဖျက်ဆီးခြင်း တံစဉ်ငှက်ကို မြေပြင်ပေါ် ဆင်းသက်ဖို့ အမိန့်ပေးလိုက်ပါတယ်။
ယုံဝူးမြို့ရဲ့ အနောက်ဘက် ခြမ်းမှာရှိတဲ့ မြို့ဆင်ခြေဖုံး အရပ်မှာတော့ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ လူတစ်စုဟာ တစ်ခုခုကို ကျိတ်ပြီး လုပ်နေပုံပါပဲ။
" မိစ္ဆာတာအို ကျင့်ကြံသူတွေ "
ကျင်းမင်နဲ့ စုချန်းတို့ရဲ့ မျက်လုံးတွေကလည်း အရောင်တောက် သွားခဲ့ပါပြီ။ သူတို့ နှစ်ယောက်ကလည်း သည်မိစ္ဆာတာအို ကျင့်ကြံသူတွေကို သတ်ချင်နေတာမှ တစ်ပိုင်းကို သေနေပြီ မဟုတ်ပါလား။
" အရင် လေ့လာရအောင် "
ဖျက်ဆီးခြင်းတံစဉ်ငှက်ကို မီတာတစ်ထောင် အမြင့်မှာသာ ပျံနေဖို့ လီဖူချန်းက အမိန့်ပေး လိုက်ပါတယ်။
ညဉ့်က အတော်လေး နက်နေပြီ ဖြစ်ပေမယ့်လည်း ကျင်းမင်နဲ့ စုချန်းတို့က ကောင်းကင်နယ်ပယ် ပညာရှင်တွေ ဖြစ်တဲ့အလျောက် မြေပြင်ပေါ်က အဖြစ်အပျက်တွေကို ကောင်းကောင်းကြီး မြင်နေရပါတယ်။
လီဖူချန်းရဲ့ အမြင်အာရုံကတော့ သူတို့ နှစ်ယောက်ထက်ကို ပိုကောင်းတယ်လို့ ဆိုရမှာပါပဲ။ သူ့ရဲ့ ထက်မြက်လွန်းတဲ့ အသိစိတ်အာရုံက လီဖူချန်းရဲ့ အမြင်အာရုံကို ကြောက်စရာ ကောင်းတဲ့ အဆင့်တစ်ခုအထိ ရောက်အောင် ထောက်ပံ့ ပေးနေတယ်လေ။
မြေပြင်ပေါ်မှာတော့ လူတစ်ရာ လောက်ဟာ အတော်လေး အလုပ်များ နေပုံပါပဲ။ သူတို့တွေထဲက အချို့ဟာ အင်းကွက်ကြီးတစ်ခုကို ရေးဆွဲနေပြီး အချို့တွေကတော့ ဘာမှန်းမသိတဲ့ အရာတွေကို မြှုပ်နှံနေကြပါတယ်။
လီဖူချန်းက သူ့ရဲ့ မျက်လုံးကို အာရုံစိုက်ပြီး ကြည့်လိုက်တဲ့ အခါမှာတော့ ထိုအရာတွေကနေ မကောင်းတဲ့ အငွေ့အသက်တွေနဲ့ မိစ္ဆာချီတွေ ထွက်ပေါ်နေတာကို တွေ့လိုက်ရပါတယ်။ သည်အရာတွေဟာ ယုတ်ညံ့တဲ့ ဝင်္ကပါကို တည်ဆောက်ဖို့ လိုအပ်တဲ့ အခြေခံ ပစ္စည်းတွေဆိုတာ သိသာ လွန်းနေပါပြီ။
လီဖူချန်းတို့ မသိလိုက်တာကတော့ ယုံဝူးမြို့နဲ့ မိုင်၂၀၀လောက်မှာ တည်ရှိတဲ့ ငြိမ်းချမ်းရေး မြို့မှာလည်း ဝတ်စုံနက်တစ်စု လှုပ်ရှားနေတယ် ဆိုတာပါပဲ။ ထိုလူစုကိုတော့ အကြီးအကဲ မားချီဟိုင် စေလွှတ်ထားတဲ့ ထောက်လှမ်းရေးသမားက ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။
" ဒါက အတုဖြစ်ဖြစ်၊ အစစ်ဖြစ်ဖြစ်ကွာ ... ။ အကြီးအကဲမားကို အရင်ဆုံး သတင်းပို့ရမယ်”
ထောက်လှမ်းရေး သမားက သတင်းပို့ တံဆိပ်တော်ကို ချေမွလိုက်ပါတယ်။
သတင်းပို့ တံဆိပ်တော်တွေကို မိခင်တံဆိပ်တော်နဲ့ သားသမီးတံဆိပ်တော်များ ဆိုပြီး ၂မျိုး ခွဲထားပါတယ်။ မိခင် တံဆိပ်တော်က မားချီဟိုင်ရဲ့ လက်ထဲမှာ ရှိနေပြီး သားသမီး တံဆိပ်တော်တွေကိုတော့ အဖွဲ့ဝင်တွေကို ခွဲဝေထားပေးတာပါ။
သားသမီး တံဆိပ်တော်ကို ချေမွလိုက်တာနဲ့ မိခင်တံဆိပ်တော်က ထိုနေရာကို ခံစား သိရှိနိုင်ပါတယ်။
ရွှေရောင် တိမ်တိုက်မြို့မှာ ရှိနေတဲ့ မားချီဟိုင်ဟာ အချက်ပြမှုကို ရတဲ့အတွက် သူ့ရဲ့ မိခင် တံဆိပ်တော်ကို ထုတ်ယူလိုက်ပါပြီ။
မိခင် တံဆိပ်တော်မှာတော့ အရပ်မျက်နှာ ၈ခုကို ရေးဆွဲထားပါတယ်။ ထိုတံဆိပ်တော်ရဲ့ အနောက် တောင်ဘက် အရပ်မှာတော့ မီးအလင်းလေး တစ်ခု မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပါပြီ။
" အနောက်တောင်အရပ် ... ။ အဲဒါ ငြိမ်းချမ်းရေးမြို့ပဲ”
မားချီဟိုင်ရဲ့ မျက်လုံးတွေကတော့ အရောင်တောက်ပ သွားခဲ့ပါတယ်။
ငြိမ်းချမ်းရေးမြို့က လူဦးရေ သုံးသိန်းကျော် ရှိတဲ့ မြို့တစ်မြို့ ဖြစ်တဲ့အတွက် ရှောင်တခင် သတ်ဖြတ်မှုတွေကို ခွင့်ပြုလို့တော့ မဖြစ်ပါဘူး။
မားချီဟိုင်က သူ့ရဲ့ အဖွဲ့သားတွေကို ဦးဆောင်ပြီး ထွက်ခွာဖို့ ပြင်စဉ် နေစဉ်မှာပဲ မိခင် တံဆိပ်တော်ဟာ နောက်ထပ်အချက်ပြမှု တစ်ခုကို လက်ခံ ရရှိလိုက်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ အချက်ပြမီးလေးက အရှေ့တောင်ဘက် အရပ်မှာ လင်းနေတာပါ။
" အရှေ့တောင်အရပ် ... ။ အဲဒါက ယုံဝူးမြို့ပဲ။ "
မားချီဟိုင်က မျက်မှောင်ကြုတ် လိုက်မိပါတယ်။
မြို့နှစ်မြို့က တစ်ချိန်တည်းမှာ အချက်ပြလာခဲ့တယ်။ ဒါက မိစ္ဆာတာအို အင်အားစုရဲ့ လှည့်စားခြင်း နည်းစနစ် တစ်ခုပါပဲ။ သည်မြို့နှစ်မြို့ထဲက တစ်မြို့မှာရှိတဲ့ မိစ္ဆာတာအို ကျင့်ကြံသူတွေဟာ အယောင်ပြ လုပ်ဆောင် နေတယ်ဆိုတာ သိသာလွန်းနေပါပြီ။
မားချီဟိုင်ဟာ ဆုံးဖြတ်ချက် တစ်ခုကို ခိုင်ခိုင်မာမာ ချရပါတော့မယ်။
ယုံဝူးမြို့ဟာ လူဦးရေ ၂သိန်းသာ ရှိတဲ့အတွက် ငြိမ်းချမ်းရေး မြို့လောက်တော့ အရေးမကြီးပါဘူး။ ဒါပေမဲ့လည်း ယုံဝူးမြို့မှာ နေထိုင်နေကြတဲ့ လူတွေကလည်း အသက်ရှိတဲ့ လူတွေပါပဲ။ နောက်ဆုံးမှာတော့ မားချီဟိုင်ဟာ သူ့ရဲ့ အဖွဲ့ကို ၂ဖွဲ့ ခွဲဖို့ ဆုံးဖြတ်လိုက်ပါပြီ။ သူကိုယ်တိုင် ဦးဆောင်တဲ့ အဖွဲ့ကတော့ ငြိမ်းချမ်းရေး မြို့ကို သွားမှာပါ။ နောက်ထပ် တစ်ဖွဲ့ကိုတော့ အခြားသော ကောင်းကင်နယ်ပယ် အဆင့်မြင့် ပညာရှင်တစ်ယောက်ကို ဦးဆောင်စေပြီး ယုံဝူးမြို့ကို စေလွှတ် လိုက်ပါတယ်။
သည်လိုလုပ်လိုက်တာက တပ်ဖွဲ့ရဲ့ အင်အား လျော့ပါးသွားစေတာ မှန်ပေမယ့်လည်း မားချီဟိုင်က အချက်ပြမှုကို မလေးမစား မလုပ်ချင်ပါဘူး။
မားချီဟိုင်ဟာ လူအင်အား မလောက်မှာကို စိုးရိမ်တဲ့အတွက် အထူးတံဆိပ်တော် တစ်ခုကို ထုတ်ယူပြီး ချေမွလိုက်ပါသေးတယ်။
တတိယမြောက် အဓိက နယ်မြေကို တာဝန်ယူထားတဲ့ အထဋ်ခေါင်ချူပ် အကြီးအကဲလျံဟာ သူနဲ့ သက်ဆိုင်တဲ့ တံဆိပ်တော်တစ်ခု တုန်ခါလာတာကို ခံစားလိုက်ရပါပြီ။
" အဲဒါ အငယ်စားနယ်မြေ အပိုင်းအခြား ၇ကပဲ "
အချက်ပြမှုကို ရလိုက်တဲ့ အထွဋ်ခေါင်ချုပ် အကြီးအကဲလျံဟာ အချိန်ဆိုင်းမနေတော့ဘဲ အငယ်စား နယ်မြေ အပိုင်းအခြား ၇ဆီသို့ ပျံသန်း သွားပါတော့တယ်။ သူ့ရဲ့ ပျံသန်းနှုန်းဟာ ဖျက်ဆီးခြင်း တံစဉ်ငှက်ရဲ့ ပျံသန်းနှုန်းထက် အဆပေါင်းများစွာ မြန်ပါတယ်။ ဒါက အလင်းတန်းတစ်ခု လေဟာနယ်ကို ဖြတ်သန်း သွားသလိုပါပဲ။
*****
-ယုံဝူးမြို့ရဲ့ အနောက်ဘက် ဆင်ခြေဖုံးအရပ်-
ဒီဝတ်စုံနက်တွေဟာ ယုတ်ညံ့တဲ့ ဝင်္ကပါ အစစ်တစ်ခု တည်ဆောက်နေတယ် ဆိုတာကို လီဖူချန်း သိလိုက်ပါပြီ။ ဒါက လုံးဝကို အယောင်ပြ တည်ဆောက်နေတာ မဟုတ်ပါဘူး။ သူ့ရဲ့ အသိစိတ်အာရုံက ဒီဝင်္ကပါကနေ ထွက်ပေါ်နေတဲ့ မိစ္ဆာဓာတ် အငွေ့အသက်တွေကို ခံစား နေရပါတယ်။
အဲဒီ အတွက်ကြောင့်သာ လီဖူချန်းဟာ အချိန်ဆိုင်းမနေဘဲ သူ့ရဲ့ တံဆိပ်တော်ကို ချေမွ လိုက်တာ ဖြစ်ပါတယ်။
တံဆိပ်တော်ကို ချေမွပြီးလို့ တစ်နာရီလောက် အကြာမှာတော့ ဝတ်စုံနက်တွေ တည်ဆောက် နေတဲ့ ဝင်္ကပါဟာ ပြီးသွားခဲ့ပါပြီ။ ဝင်္ကပါဟာ မိစ္ဆာ အငွေ့အသက်တွေကို လုံးဝ ဖုံးကွယ် ထားပေမယ့်လည်း လီဖူချန်းကတော့ ခံစားနေနိုင်ဆဲပါပဲ။
" လူတစ်စု သည်ဘက်ကို လာနေပြီ။ "
ကျင်းမင်က စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်ပါတယ်။
" အမြင့်ကို ပျံလိုက် "
လီဖူချန်းက ဖျက်ဆီးခြင်း တံစဉ်ငှက်ကို အပေါ်ဘက် ခပ်မြင့်မြင့်ကို ပျံတက် စေလိုက်ပါတယ်။
သူတို့သုံးယောက်တည်းနဲ့ ဒီမိစ္ဆာတာအို ကျင့်ကြံသူတွေကို ဝင်တိုက် ရလောက်တဲ့ အထိတော့ လီဖူချန်း တစ်ယောက် မရူးမိုက်သေးပါဘူး။ သူက အခြေအနေကို ကောင်းကောင်းကြီး နားလည်ပါတယ်။
ဖျက်ဆီးခြင်း တံစဉ်ငှက်က တောင်ပံတစ်ချက် ခတ်လိုက်တဲ့ အခါမှာတော့ မီတာ၅ထောင် အမြင့်ကို ရောက်သွားခဲ့ပါပြီ။
***