လက်ကိုင်ခြင်း
Vol. 11 Ch. 157
အားလုံး၏ မျှော်လင့်တကြီး အကြည့်များကို ကြည့်လိုက်ပြီး လင်းဖန် ပြုံးသာ ပြုံးလိုက်ပါသည်။
"အားလုံးပဲ အခု လောလောဆယ်တော့ အဲ့လိုလုပ်ဖို့ လိုဦးမယ် မထင်ဘူး။"
"ဓားနှင့်နတ်သမီးဒဏ္ဍာရီရဲ့ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်က ကြယ်ဥယျာဥ်နဲ့ တကယ်ပဲ မယှဥ်နိုင်သေးဘူး။"
"ဒါပေမယ့် ဒါက အစပဲ ရှိသေးတယ်ဆိုတာကို မမေ့ကြပါနဲ့။"
"ဓားနှင့်နတ်သမီးဒဏ္ဍာရီရဲ့ ဇာတ်လမ်းက ဘယ်လောက် စိတ်ဝင်စားဖို့ ကောင်းသလဲဆိုတာ အားလုံး သိကြမယ်လို့ ယုံကြည်ပါတယ်။ အားလုံးလည်း ကျန်ဇာတ်လမ်းဇာတ်ကွက်တွေကို သိပြီးကြပြီ။"
"ကြယ်ဥယျာဥ်နဲ့ ကျွန်တော်တို့ တိုက်ရိုက် မယှဥ်ပြိုင်ချင်ဘူး။ သူတို့ကို ကြောက်လို့ မဟုတ်ဘူးနော်။"
"ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်တွေကို ထုတ်ပြန်ရမယ်ဆိုတော့ ကျွန်တော်တို့ တစ်ခုခု လုပ်ဖို့ လိုအပ်လို့ပါ..."
"ကျွန်တော်တို့ ကမ္ဘာကြီးကို အလုံးအရင်းနဲ့ သိမ်းပိုက်ကြမယ်။"
လင်းဖန် စကားပြောပြီးသွားသောအခါ အားလုံးကို ကြည့်လိုက်ပါသည်။
လင်းဖန်၏ လေးနက်သော စကားလုံးများကို ကြားလိုက်ရသောအခါ အားလုံး သူ့အရှိန်အဝါကို ခံစားလိုက်ရပါသည်။
ကြည့်ပါဦး။ ဒါကမှ ယွဲ့ဟွာရဲ့ ပါရီရှင် ဒါရိုက်တာတစ်ယောက်ရဲ့ ယုံကြည်ချက်ပဲ။
ဒါက လင်းဖန်ရဲ့ ယုံကြည်ချက် ဖြစ်သည်။
လင်းဖန်၏ စကားလုံးများက အလွန် အားတက်ဖို့ ကောင်းပါသည်။
ဝန်ထမ်းအားလုံး အတော်လေး တက်ကြွသွားကြ၏။
သူတို့က အောင်မြင်ပြီးသား ဖြစ်သည်။ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်က ကြယ်ဥယျာဥ်ကို မယှဥ်နိုင်သေးသဖြင့် ထုတ်ပြန်လျှင် ဘာအဓိပ္ပာယ်ရှိမှာလဲ။
လင်းဖန် ပြောတာ မှန်ပါသည်။ ဒါက ပထမဆုံးနေ့၏ ကိန်းဂဏန်းများသာ ရှိသေးသည်။
ပထမနေ့၏ ကိန်းဂဏန်းများလောက်နှင့် ရုပ်သံဒရာမာတစ်ခု၏ အနာဂတ်ကို မဆုံးဖြတ်နိုင်ပါ။
ရုပ်သံဒရာမာတစ်ခုက ရေပန်းစားလာချင်ပြီး ပရိတ်သတ်၏ ရင်ထဲတွင် ဂန္တဝင်လက်ရာတစ်ခု ဖြစ်လာချင်ပါက ရုပ်သံဒရာမာ၏ ပထမ ၃ ပိုင်းလောက်နဲ့ ဆုံးဖြတ်လို့ရမှာ မဟုတ်ပါ။
ရုပ်သံဒရာမာ တစ်ခုလုံးပြီးမှ ဆုံးဖြတ်ရမည်ဖြစ်သည်။
ရုပ်သံဒရာမာတစ်ခုလုံးက အလွန်အမင်း ဆွဲဆောင်မှုရှိသောအခါမှ ဂန္တဝင်လက်ရာဟု သတ်မှတ်နိုင်ပြီး အားလုံး၏ ရင်ထဲတွင် ပြန့်နှံ့နိုင်မည်ဖြစ်သည်။
ဒါက လင်းဖန်၏ ခွန်အားနဲ့ သည်းခံနိုင်စွမ်း ဖြစ်ပါသည်။
ဟွာစဲရုပ်ရှင်၏ ရန်စမှုနှင့် ကြယ်ဥယျာဥ် ပေါ်ပေါက်လာမှုနှင့် ရင်ဆိုင်ရတာတောင် လင်းဖန်က လုံးဝ မကြောက်ရွံ့ဘဲ နောက်ဆုတ်ဖို့လည်း အတွေး မဝင်ပါ။
အဘယ့်ကြောင့်ဆိုသော် ဓားနှင့်နတ်သမီးဒဏ္ဍာရီ ရုပ်သံဒရာမာက ဘယ်လိုရုပ်သံဒရာမာကိုမှ ဆုံးရှုံးမှာ မဟုတ်ကြောင်း သိထားသောကြောင့် ဖြစ်ပါသည်။
လင်းဖန်သည် ဓားနှင့်နတ်သမီးဒဏ္ဍာရီကို အလွန် ယုံကြည်မှု ရှိပါသည်။
စုရှောင်းယွီက လင်းဖန်ကို သူမ၏ လှပသော မျက်လုံးလေးများဖြင့် ကြည့်ရှုလိုက်ပြီး အားပေးလိုက်သည်။ "ဆရာ အရမ်း အပြောကောင်းတာပဲ။ ဆရာက အရမ်းတော်တယ်။"
လင်းကျင်းကျင်းသည်လည်း အားပေးလိုက်သည်။
ရှုယန်က လင်းဖန်ကို ယုံကြည်စွာဖြင့် ကြည့်လိုက်ပါသည်။ ရှုယန်ကလည်း ယွဲ့ဟွာ၏ ထိပ်တန်း အမျိုးသား အနုပညာရှင် ဖြစ်သည်။
လင်းဖန်၏ သရုပ်ဆောင်စွမ်းရည်များက ပိုကောင်းသဖြင့် ရှုယန်က ဓားနှင့်နတ်သမီးဒဏ္ဍာရီတွင် အမျိုးသားဇာတ်ပို့ သရုပ်ဆောင် ဖြစ်လာပါသည်။
သို့သော်လည်း ရှုယန် အစွမ်းအစ မရှိဘူးဟု ပြောလို့ မရပါ။
ရှုယန်က အနုပညာလောကထဲတွင် အကောင်းဆုံး သရုပ်ဆောင်များထဲက တစ်ယောက် ဖြစ်ပါသည်။
အနည်းဆုံးတော့ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ ချစ်ကြည်နူးမှုများကို မြင်ပြီးနောက် လေ့ကျင့်ပြီးသားဖြစ်ကာ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အတော်လေး ပြောင်းလဲလာခဲ့သည်ဟု သတိထာားမိပါသည်။ ရှုယန်၏ စိတ်ပိုင်းဆိုင်ရာက ပို၍ပင် တည်ငြိမ်လာသည်။
အရင်တုန်းကနဲ့ ယှဥ်ရင် သူ အတော်လေးကို တိုးတက်သွားသည်ဟု ရှုယန် ခံစားမိပါသည်။
သူ လင်းဖန်နဲ့ အတူရှိနေသောအခါ ရှုယန် အများကြီး သင်ယူနိုင်ခဲ့သည်။
ဥပမာအားဖြင့်... အချစ်ကို ကြွားဝါခြင်းအား ဒီလိုလုပ်ရသည်ဆိုတာမျိုး ဖြစ်သည်။
နောက်တော့ လင်းကျင်းကျင်းနဲ့ အတူရှိသောအခါမှာလည်း တခြားသူတွေရှေ့မှာ ချစ်ကြည်နူးပြနိုင်သည်ဆိုတာကို သိလိုက်ရပါသည်။
လခွမ်း။ အမြဲတမ်း မျက်နှာပူနေရမှာလား။
တစ်နေ့တော့ သူလည်း တခြားသူတွေကို မျက်နှာပူအောင် လုပ်နိုင်ရမည်။
ရှုယန်တစ်ယောက် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ အရိပ်ထဲက လွတ်မြောက်ပြီးကတည်းက ပြောင်းလဲမှု အကြီးစားကြီး ကြုံတွေ့ခဲ့ရသည်။
ဒီရုပ်သံဒရာမာတွင် ရှုယန်၏ သရုပ်ဆောင် စွမ်းရည်များက အတော်လေး ပြောင်မြောက်ပါသည်။ သူ လင်းဖန်နဲ့ သရုပ်ဆောင်သည့်အခါ ဝန်ထမ်းအားလုံးကို မှင်သက်သွားစေသည်။
နောက်ဆက်တွဲ ဇာတ်လမ်းက တကယ်ပဲ စိတ်ဝင်စားဖို့ အကောင်းဆုံး ဖြစ်ပါသည်။
စုရှောင်းယွီနဲ့ ရှုယန်တို့က ပထမ ၃ပိုင်းမှာ ပေါ်မလာသေးပါ။
စုရှောင်းယွီ၏ သရုပ်ဆောင်စွမ်းရည်များကလည်း တကယ်ပဲ ကောင်းမွန်ပါသည်။
သူမက လင်းယွဲ့ရုအဖြစ် သရုပ်ဆောင်ရသည်။ ဒရာမာထဲမှာ လီရှောင်းယောင်နဲ့ အများကြီး ဆက်နွယ်မှုရှိသူ ဖြစ်ပါသည်။
လင်းယွဲ့ရုက လီရှောင်းယောင်ကို သဘောကျကာ လီရှောင်းယောင်ကလည်း လင်းယွဲ့ရုကို သဘောကျပါသည်။ နောက်ပိုင်းတော့ လီရှောင်းယောင်၏ မှတ်ဉာဏ်များ ပြန်ရသောအခါ သူ တကယ် ချစ်တာ ဘယ်သူလဲ သိလိုက်ရပါသည်။ ထို့နောက် လီရှောင်းယောင်သည် ရောနှောနေသော ခံစားချက်များ ခံစားလိုက်ရသည်။
လင်းယွဲ့ရုလည်း သူမကိုယ်သူမ စတေးသွားခဲ့ပါသည်။
သူတို့ ရိုက်ကူးရေး လုပ်နေစဥ် လင်းဖန်နဲ့ စုရှောင်းယွီတို့၏ ဇာတ်ဝင်ခန်းများက ရှားဝမ်ချွေ့ကို ရက်ပိုင်းလောက်အထိ သဝန်တိုစေခဲ့သည်။
စုရှောင်းယွီက ချစ်ဖို့ကောင်းသည့် ခွေးမလေးလို၊ သခွားသီးနဲ့ ငှက်ပျောသီးများ ကိုင်ထားတတ်သည့် ချိုမြိုသည့် ကောင်မလေးတစ်ယောက် ဖြစ်ပါသည်။
သူမက အစားသောင်းကျန်းသူ ဖြစ်သော်လည်း သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကို ထိန်းသိမ်းရသည်။ သခွားသီးနဲ့ ငှက်ပျောသီးများမှာ သယ်ရလွယ်သဖြင့် စုရှောင်းယွီ ကြိုက်နှစ်သက်ခြင်း ဖြစ်ပါသည်။ အထူးသဖြင့် သခွားသီးများ ဖြစ်သည်။ တစ်ကိုက်လောက် ကိုက်ပြီးနောက် နောက်မှ ထပ်စားလည်း ရပါသည်။
ပန်းသီးသာဆို တစ်ကိုက် ကိုက်ပြီးနောက် အရသာရှိမှာ မဟုတ်တော့ပါ။
စုရှောင်းယွီ တကယ်သရုပ်ဆောင်သည့်အခါ သူမ၏ သရုပ်ဆောင်စွမ်းရည်များနဲ့ ဇာတ်ကောင်အပေါ် လေ့လာမှုတို့က အတော်လေး ထူးချွန်သည်ဟုပြောနိုင်ပြီး ရှုယန်အောက် မနိမ့်ကျပါ။
သူမက အတော်လေး ဉာဏ်ကောင်းပါသည်။ သို့သော်လည်း ပုံမှန်ဆို ခွေးတစ်ကောင်လို ပျင်းရိနေတတ်သည်။
လင်းဖန်က Keep Running ၏ နောက်ဆုံးပိုင်းတွင် ရှားဝမ်ချွေ့၏ မွေးနေ့ပွဲကို ကျင်းပပေးပြီး စပရိုက် တိုက်ရဦးမည်။
ရှားဝမ်ချွေ့၏ မွေးနေ့တွင် သူမ လင်းဖန်နဲ့ အတူတူ မဖြတ်သန်းနိုင်ပါ။
လင်းဖန်သည် ရှားဝမ်ချွေ့နဲ့ အတူတူ မွေးနေ့ပွဲ မကျင်းပခဲ့ရတာ ၁၀ နှစ်လောက် ကြာပါပြီ။
ကံမကောင်းစွာဖြင့် လင်းဖန်တစ်ယောက် စူပါစတား ဖြစ်လာတာတောင် ရှားဝမ်ချွေ့၏ မွေးနေ့ကို အတူတူ ဖြတ်သန်းနိုင်ခြင်း မရှိသေးပေ။
အလုပ်ကြောင့် ရှားဝမ်ချွေ့၏ မွေးနေ့ကို ရှိုးမှာသာ အချိန်ကုန်ဆုံးရမည်။
ထို့ကြောင့် စုရှောင်းယွီက ဒါတွေအားလုံးကို ကြိုတင်ခန့်မှန်းထားခြင်း ဖြစ်သည်။ ထိုနေ့ရောက်လျှင် ရှားဝမ်ချွေ့ကို စပရိုက် တိုက်ဖို့ လင်းဖန်ကို အကြံပေးထားပါသည်။
စုရှောင်းယွီ သိတာတွေ များလွန်းပါသည်။
သူမ လင်းဖန်နဲ့ သရုပ်ဆောင်နေတုန်း သူ့အပေါ် သူမ၏ အချစ်နဲ့ လေးစားသော ခံစားချက်တို့ကို အလွန်ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သည်။
တကယ်တော့ ဒါက စုရှောင်းယွီ၏ ခံစားချက် အစစ်အမှန်များ ဖြစ်ပါသည်။
သူမက လှပပြီး ဆွဲဆောင်မှု ရှိသည်။ လင်းဖန် ဘယ်လောက် ချောမောသလဲ ဆိုတာကို ကြည့်ခြင်းအားဖြင့် ဘယ်သူက သူ့ကို မကြိုက်ဘဲ နေမည်နည်း။
စုရှောင်းယွီလည်း သူ့ကို သဘောကျပါသည်။ သို့သော်လည်း သူမ လင်းဖန်ရဲ့ တပည့် လုပ်ရတာနဲ့ လုံလောက်ပါပြီ။
အချစ်ရေး ဆက်ဆံရေးများအတွက်တော့ စုရှောင်းယွီ ဂရုမစိုက်ပါ။
ရိုက်ကူးရေးလုပ်နေစဥ် လင်းဖန်နဲ့ စုရှောင်းယွီတို့၏ သရုပ်ဆောင်စွမ်ရည်များ၊ ပတ်သတ်မှုများနဲ့ ဆက်ဆံရေးများကို မြင်သောအခါ ရှားဝမ်ချွေ့ အလွန် စိတ်ဆိုးနေပါသည်။
သူမ အလွန် ဒေါသထွက်သည်။
သို့သော်လည်း ဘာမှ ပြောလို့ မရခဲ့ပါ။
ဘာပဲဖြစ်ဖြစ် သူတို့က ရိုက်ကူးရေး လုပ်နေတာ မဟုတ်လား။
ကံကောင်းစွာဖြင့် လင်းဖန်နဲ့ စုရှောင်းယွီတို့အကြား အကြင်နာပေးခန်းများ မပါပေ။
စီအီးအိုလီက ပြုံးလိုက်ပြီး လင်းဖန်ကို ကြည့်လိုက်ပါသည်။ "အံ့သြဖို့ကောင်းလိုက်တာ။ မင်းက ကမ္ဘာကြီးကို တကယ်ပဲ အလုံးအရင်းနဲ့ သိမ်းပိုက်လိုက်တာပဲ။"
"လင်းဖန် အပြောကောင်းလိုက်တာ။ အရင်တစ်ခေါက် ဟွာစဲရုပ်ရှင်က ယွဲ့ဟွာကို ပြင်းပြင်းထန်ထန် အလဲထိုးသွားနိုင်ခဲ့တယ်။"
"ကုမ္ပဏီထောက်ခံချက်တွေ အကုန်လုံးတောင် ဖျက်သိမ်းသွားကြတယ်။"
"အဲ့ကုမ္ပဏီထောက်ခံချက်တွေ နောင်တရနေတော့မှာ သေချာတယ်။"
"ဓားနှင့်နတ်သမီးဒဏ္ဍာရီက သေချာပေါက် နောက်ပိုင်းကျရင် ရေပန်းစားလာမှာ။ ကြယ်ဥယျာဥ်ကို ကဏ္ဍတိုင်းမှာ ကျော်လွန်သွားလိမ့်မယ်။ အချိန််တစ်ခုပဲလိုတယ်။ အားလုံးကို ငါယုံကြတယ်။"
"အခု ကြေညာစရာတစ်ခုလည်း ရှိတယ်။ အခုချိန်ကစပြီး ရှားဝမ်ချွေ့ရဲ့ ကုမ္ပဏီထောက်ခံချက်တွေအတွက် ယွဲ့ဟွာဖျော်ဖြေရေးမှာ တာဝန် မရှိတော့ဘူး။ လင်းဖန်က သူ့ရဲ့ ကုမ္ပဏီထောက်ခံချက်တွေ အားလုံးအတွက် တာဝန်ယူလိမ့်မယ်။"
"လခွမ်းပဲ။ ငါတို့ကုမ္ပဏီရဲ့ အနုပညာရှင်တွေကို နောက်ကို အနိုင်ကျင့်ရဲတဲ့လူရှိရင် ငါ အရင်ဆုံး ကန့်ကွက်မယ်။ ရှားဝမ်ချွေ့ကို လင်းဖန်က ကာကွယ်ပေးနေတော့ ငါလည်း စိတ်အေးရမယ်။" စီအီးအိုလီက ပြုံးကာ ပြောလိုက်ပါသည်။
ထောက်ခံချက် ကုမ္ပဏီအားလုံးက ရှားဝမ်ချွေ့နဲ့ ၎င်းတို့၏ စာချုပ်များကို ဖျက်သိမ်းခဲ့ကြသည်။
လင်းဖန် အလွန် မပျော်တာကို စီအီးအိုလီ သိပါသည်။
ယခု လင်းဖန်က ရှားဝမ်ချွေ့၏ ကုမ္ပဏီထောက်ခံချက်များအတွက် တာဝန်ရှိသူ ဖြစ်သွားပါပြီ။
ရှားဝမ်ချွေ့ တကယ် ရေပန်းစားလာသည့်အခါ ထိုကုမ္ပဏီထောက်ခံချက်များ ပြန်လာချင်ရင်တောင် စိတ်ကူးယဥ်ဖို့ပဲ ရှိပါသည်။
ရှားဝမ်ချွေ့လို ကြယ်ပွင့်တစ်ယောက်မျိုးမှာ ကုမ္ပဏီထောက်ခံချက် ရှားပါးတော့မှာ မဟုတ်ပေ။
"မြောင်မြောင်~" ရှားဝမ်ချွေ့က လင်းဖန်ကို ကြည့်လိုက်သည်။ သူမ၏ မျက်နှာက အနည်းငယ် နီရဲနေပြီး ခေါင်းငြိမ့်လိုက်ပါသည်။
လင်းဖန်က တောက်တောက်ပပ ပြုံးလိုက်ပြီး ရှားဝမ်ချွေ့ဘေးသို့ လျှောက်သွားလိုက်ပါသည်။ ဘယ်သူမှ မသိအေင် သူမ၏ လက်ကို နူးညံ့စွာ ကိုင်လိုက်ပြီး လက်ချောင်းလေးများဖြင့် ဆုပ်ကိုင်ထားသည်။
သူမ အနိုင်ကျင့်ခံနေရာ ဘယ်နှခါတောင် ရှိပြီလဲ။
အခုက ပြန်ပေးဆပ်ဖို့ အချိန် ရောက်ပါပြီ။
ဓားနှင့်နတ်သမီးဒဏ္ဍာရီမှ ၎င်း၏ လွှမ်းမိုးမှုကို တစ်ဆင့်ချင်း ချဲ့ထွင်ကာ ကြယ်ဥယျာဥ်ကို ရှုထောင့်တိုင်းမှ ကျော်လွန်ဖို့ အချိန်ကျပါပြီ။ နောက်ဆက်တွဲဇာတ်လမ်းများက ပို၍ပင် စိတ်ဝင်စားဖို့ ကောင်းလာတော့မည်ဖြစ်သောကြောင့်ပင်။
ဒီနေ့ကစပြီး သူသာအနားမှာရှိလျှင်.... ရှားဝမ်ချွေ့ကို ဘယ်သူမှ အနိုင်ထပ်မကျင့်နိုင်စေရပါ။