မြေကမ္ဘာအဆင့် သိုင်းအင်းကွက် အစွမ်း
Vol. 24 Ch. 326
ကောင်းကင် နယ်ပယ်မှာတော့ အဆင့်တစ်ဆင့် ကွာခြားမှုဟာ တစ်ကမ္ဘာလောက်ကြီး ကွာခြားနေတာ မဟုတ်ပေမယ့် ကွာခြားမှုက အလွန်ကြီးမား နေဆဲပါပဲ။
ကျားနဂါး ပြိုင်ပွဲတုန်းက စီးတုလေ့ ပြသခဲ့တဲ့ စွမ်းရည်ဟာ ကောင်းကင်နယ်ပယ် အဆင့်၂ ပညာရှင် တစ်ယောက်နဲ့ ညီမျှပါတယ်။ အဲဒီအတွက် လီဖူချန်းရဲ့ စွမ်းရည်ကလည်း ကောင်းကင် နယ်ပယ် အဆင့်၂နဲ့ ညီမျှတယ်လို့ အကြမ်းဖျင်း သတ်မှတ်ရမှာပါ။
ဒါပေမဲ့ အခုအချိန်မှာတော့ လီဖူချန်းဟာ အစစ်အမှန် ငရဲမီးတောက် အတွင်းအား ကျင့်စဉ်ရဲ့ အဆင့်၁၈ကို ရောက်ခဲ့ပြီး ဖြစ်သလို သူ့ရဲ့ ငရဲမီး ဓားသိုင်းကလည်း အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်နေပါပြီ။ အဲဒီအတွက် လက်ရှိ လီဖူချန်းရဲ့ စွမ်းရည်ဟာ ကောင်းကင်နယ်ပယ် အဆင့်၃ ပညာရှင် ထက်တောင် ပိုကောင်းနေပြီလို့ ယူဆရမှာ ဖြစ်ပါတယ်။ ဒါတောင်မှ ကြေးဝါ ဓားအဆီအနှစ်ကို ထည့်မတွက် ရသေးပါဘူး။
လီဖူချန်းရဲ့ အနောက်ကို လိုက်လာတဲ့ ဝတ်စုံနက်ကတော့ ကောင်းကင်နယ်ပယ် အဆင့်၅ ပညာရှင် ဖြစ်ပါတယ်။ သည်အတိုင်း အပေါ်ယံ စဉ်းစားကြည့်မယ် ဆိုရင်တော့ သူ့ရဲ့ စွမ်းရည်က လီဖူချန်းကို အသာလေး သတ်ပစ် နိုင်တယ်လို့ ထင်စရာပါပဲ။
တစ်ယောက်ကပြေး၊ တစ်ယောက်ကလိုက်နဲ့ သူတို့ နှစ်ယောက်ဟာ တိုက်ပွဲ ဖြစ်နေရာကနေ မိုင်ပေါင်း၁၀၀ ကျော် ကွာဝေး လာခဲ့ပါပြီ။
ဝတ်စုံကတော့ စိတ်ရှည်ပုံ မရတော့ပါဘူး။
"သောက်ကလေး ... သေလိုက်တော့ ... ။ မိစ္ဆာနက် ဓားချက် ...
ဝတ်စုံနက်က သူ့ရဲ့ အနက်ရောင် ချီအတွင်းအားတွေကို ဖော်ထုတ်လိုက်တဲ့ အခါမှာတော့ အနက်ရောင် ဓားတိုလေးတွေ အများကြီး ဖြစ်ပေါ်လာပြီး လီဖူချန်းကို တိုက်ခိုက် လိုက်ပါတယ်။
" ကောင်းကင်ဘုံ အထိ လောင်ကျွမ်းခြင်း "
လီဖူချန်းကလည်း အနောက်ကို ဖျတ်ခနဲ လှည့်လိုက်ကာ ဝတ်စုံနက်ရဲ့ တိုက်ခိုက်မှုကို ခုခံလိုက်ပါတယ်။
ရှဲ ...
အရှေ့အရပ်က ထွက်လာတဲ့ နေမင်းကြီး တစ်စင်းလို တောက်ပတဲ့ ဓားအလင်းတန်း တစ်ခုဟာ လီဖူချန်းရဲ့ လက်ထဲကနေ ထွက်ပေါ်လာပြီး အနက်ရောင် ဓားတိုလေးတွေကို လောင်ကျွမ်း ပြာကျသွား စေခဲ့ပါပြီ။
ဒါပေမဲ့လည်း လီဖူချန်းက သည်အနက်ရောင် ဓားတိုလေးတွေနဲ့ အတူ ပါလာတဲ့ ချီအတွင်းအား တချို့ကိုတော့ ချေဖျက်နိုင်ခြင်း မရှိခဲ့ပါဘူး။
ဖန်း ...
အဲဒီအကျိုးဆက်ကတော့ သူ့ကို လွင့်ထွက် သွားစေခဲ့တာပါပဲ။
" အား ... ပါး ... ပါး ... ။ ကောင်းကင်နယ်ပယ် အဆင့်၅ ပညာရှင် တစ်ယောက်ရဲ့ ချီအတွင်းအားတွေက ငါထင်ထားတာထက် အများကြီး ပိုကောင်းနေပါရောလား ... "
လီဖူချန်းက ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။ သူက အိုးရန်ဝမ်းထင် ပေးထားတဲ့ အဆင့်၅ မိစ္ဆာသားရဲ သားရေ ကိုယ်ကျပ်အင်္ကျီကို ဝတ်ထားတဲ့အတွက် ဒဏ်ရာတော့ မရခဲ့ပါဘူး။
" ဒီကောင်စုတ်လေး အစွမ်းထက်လှချည်လား။ သူ့ရဲ့ အစွမ်းက ကောင်းကင်နယ်ပယ် အဆင့်၃ အထွတ်အထိပ် ပညာရှင်နဲ့တောင် ယှဉ်လို့ ရနေပြီ။ "
ဝတ်စုံနက်က လီဖူချန်းကို မရရအောင် သတ်ရမယ် ဆိုတာကို သဘောပေါက် သွားခဲ့ပါပြီ။ ရန်သူရဲ့ ပါရမီ အလားအလာက အရမ်းကို ကောင်းနေပါတယ်။ ထိုကဲ့သို့သော ရန်သူမျိုးကိုသာ အသက်ရှင်ခွင့် ပေးလိုက်မယ် ဆိုရင်တော့ နောင်တစ်ချိန်မှာ သည်ရန်သူဟာ မိစ္ဆာတာအို ကျင့်ကြံသူတွေ အတွက် ကြီးမားတဲ့ ဆူးငြောင့် ခလုတ်တစ်ခု ဖြစ်လာတော့မှာပါ။
" ဝိညာဉ်ပျက်ဆီး ခုတ်ချက် "
ဝတ်စုံနက်ဟာ သူ့ရဲ့ ညာဘက်လက်ကို ဆေဘာတစ်ချောင်းပမာ ဆန့်တန်းလိုက်ပြီး အနက်ရောင် ချီအတွင်းအားတွေကို စုစည်းလိုက်ပါတယ်။ သူ့ရဲ့ ညာဘက် လက်ပေါ်မှာတော့ မိစ္ဆာအင်းကွက် တစ်ခု အသက်ဝင်လာခဲ့ပါပြီ။ အဲဒီ မိစ္ဆာအင်းကွက် ဝတ်စုံနက်ရဲ့ ညာဘက်လက်ကို ဓားသွားတစ်ခုပမာ ထက်မြ သွားစေခဲ့ပါတယ်။
ရွှမ်း ...
ဝတ်စုံနက်က သူ့ရဲ့ ညာဘက်လက်ကို ခုတ်ချလိုက်တဲ့ အချိန်မှာတော့ အနက်ရောင် ဓားချီ တစ်ခုဟာ လေဟာနယ်ကို ဖြတ်သန်းသွားပြီး လီဖူချန်းထံသို့ တိုးဝင် သွားခဲ့ပါတယ်။
သည်ခုတ်ချက်မှာ ပါဝင်နေတဲ့ စွမ်းအားတွေက ကောင်းကင်နယ်ပယ် အဆင့်၅ ပညာရှင်တွေကို တောင်မှ ရှောင်ခွင့်ပေးမှာ မဟုတ်ပါဘူး။ အဲဒီအတွက် ဝတ်စုံနက်ဟာ သူ့ရဲ့ ခုတ်ချက်ကို အလွန်အမင်း ယုံကြည်မှု ရှိနေပါတယ်။
' ကြည့်ရတာတော့ ကြေးဝါ ဓားအဆီအနှစ်ကို ထုတ်သုံးမှ ဖြစ်တော့မယ်။ '
လီဖူချန်းရဲ့ ကျောရိုးထဲမှာ ရှိတဲ့ သံနက်ဓား အဆီအနှစ် ၆၀ ရာခိုင်နှုန်းက ကြေးဝါ ဓားအဆီအနှစ် အဖြစ် ပြောင်းလဲနေပါပြီ။ အဲဒီအတွက် လီဖူချန်းက ဝတ်စုံနက်ကို သည်အထိ မျှားခေါ် လာခဲ့တာပါ။
" ကြေးဝါ ဓားအဆီအနှစ် လာစမ်း "
လီဖူချန်းရဲ့ ကျောရိုးပေါ်မှာ ရေးထိုးထားတဲ့ ကြေးဝါ ဓားအင်းကွက်က အရောင်တွေ တောက်လာခဲ့ပြီး သန့်စင်သော ယန်အဖိုဓာတ် ချီအတွင်းအားတွေကို ကြေးဝါ ဓားချီတွေ အဖြစ် ပြောင်းလဲ စေပါတယ်။ ထို့နောက်မှာတော့ အဲဒီ ကြေးဝါ ဓားချီတွေဟာ လီဖူချန်းရဲ့ ဓားနက်ကြီးထဲကို စီးဝင်သွားခဲ့ပါပြီ။
လီဖူချန်းရဲ့ ဓားနက်ကြီးကတော့ ကြေးဝါရောင် အလင်းတန်းတွေ တဖျတ်ဖျတ် တောက်ပလာခဲ့ပြီး ကြေးဝါရောင် ဓားတစ်လက် အဖြစ် ပြောင်းသွားခဲ့ပါတယ်။
ယခုအချိန်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ စွမ်းရည်တွေကို ဖုံးကွယ် ထားစရာ မလိုတော့ပါဘူး။ အဲဒီအတွက် သူ့အနေနဲ့ ကြေးဝါ ဓားအဆီအနှစ်တွေနဲ့ သံနက် ဓားအဆီအနှစ်တွေကို ရောပြီး သုံးစရာ မလိုတော့ပါဘူး။
" မီးပင်လယ် "
ကြေးဝါရောင် ဓားအလင်းတန်းတွေကတော့ မီးတောက်တွေနဲ့ အတူ ထွက်ပါ်လာခဲ့ပါပြီ။ အဲဒီ ဓားအလင်းတန်းတွေက အနက်ရောင် ဓားချီကို တစ်စစီ ဖျက်ဆီးလိုက်သလို ဝတ်စုံနက်ဆီကို တိုးဝင် သွားပါသေးတယ်။
သည်ဓားချက်က အရမ်း မြန်လွန်းနေပါတယ်။ ဒါက မနက်ခင်း အာရုဏ်ဦးမှာ ထွက်လာတဲ့ နေမင်းရဲ့ အလင်းတန်းတွေလိုပါပဲ။ ဘယ်လိုမှကို ရှောင်လွဲလို့ရမှာ မဟုတ်ပါဘူး။
" အန္တရာယ် "
ဝတ်စုံနက်က ဆံပင်တွေပါ ထောင်သွားခဲ့ပါပြီ။ ဒါက သေမိန့်ချလိုက် သလိုပါပဲ။ သူက ဒီဓားချက်ကြောင့် သေတော့မယ်လို့ ခံစားနေရပါတယ်။
ကြေးဝါ ဓားအဆီအနှစ် ... ... ။
ဒါက နှယ်နှယ်ရရ လျှို့ဝှက်နည်းစနစ် မဟုတ်ပါဘူး။ ပြီးပြည့်စုံစွာ ဖြစ်တည်ပြီးသွားတဲ့ ကြေးဝါ ဓားအဆီအနှစ်ဟာ ထိပ်တန်း ကြယ်၆ပွင့် လ့ဝှက်နည်းစနစ်နဲ့ ညီမျှပါတယ်။ သန့်စင်သော ယန်အဖိုဓာတ် ချီအတွင်းအားနဲ့ပါ တွဲသုံးလိုက်မယ် ဆိုရင်တော့ ဒီကြေးဝါဓား အဆီအနှစ်ရဲ့ အဆင့်အတန်းဟာ ကြယ်၇ပွင့် လျှို့ဝှက်နည်းစနစ် အဆင့်ကိုတောင် သေချာပေါက် ရောက်သွားမှာပါ။
လီဖူချန်းရဲ့ ကြေးဝါး ဓားအဆီအနှစ်ကတော့ ၆၀ရာခိုင်နှုန်းသာ ဖြစ်တည် နေပါသေးတယ်။ ဒါပေမဲ့လည်း ဒါက ကြယ်၅ပွင့် လျှို့ဝှက်နည်းစနစ် တစ်ခုရဲ့ အဆင့်ကို ရောက်နေပါပြီ။ သန့်စင်သော ယန်အဖိုဓာတ် ချီအတွင်းအားနဲ့ပါ တွဲသုံးလိုက်မယ် ဆိုရင်တော့ ကြယ်၆ပွင့် လျှို့ဝှက်နည်းစနစ်နဲ့ အဆင့်ချင်း အတူတူ လောက်ပါပဲ။
ကြယ်၆ပွင့် လျှို့ဝှက် နည်းစနစ်ဆိုတာ ဘာလဲ ... ... ။
ဒါက မိုးပြာရောင် ဂိုဏ်းရဲ့ မူလဘူတဓား လျှို့ဝှက် နည်းစနစ်ထက် အများကြီး အစွမ်းထက်တဲ့ အရာတစ်ခုပါ။
ဒီဓားချက်ကိုတော့ ဝတ်စုံနက်ဟာ ဘယ်လိုမှ ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ပါဘူး။ ရှောင်ချိန်ကို မရလိုက်တာ ဆိုရင်တော့ ပိုမှန်ပါလိမ့်မယ်။ လီဖူချန်းရဲ့ ဓားချီတွေက ချီအကာအကွယ်ကို ကျော်ဖြတ်ကာ သူ့ရဲ့ ရင်ဘတ်ကို ဖောက်ထွင်း သွားခဲ့ပါပြီ။
ထို့နောက်မှာတော့ မီးတောက်ကြီးတွေ ဖြစ်ပေါ်လာပြီး ဝတ်စုံနက်ကို ပြာကျတဲ့ အထိ လောင်ကျွမ်း သွားပါတော့တယ်။
ထိုဝတ်စုံနက်ကို သတ်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ တိုက်ပွဲ ရှိရာကို ပြန်လာ ခဲ့ပါတယ်။
တိုက်ပွဲကတော့ အခြေအနေ တော်တော်လေး ဆိုးနေပါပြီ။ လင်ခွန်းရဲ့ ရင်ဘတ်ပေါ်မှာတော့ လက်သည်းရာကြီး တစ်ခု ရှိနေပါတယ်။ အဲဒီ လက်သည်းရာက ချက်ကောင်းကို ထိသွားခဲ့ပုံပါပဲ။
မိစ္ဆာတာအို ပညာရှင်တွေ ဆက်တိုက် သေဆုံးသွားမှုက ကြောင်မျက်နှာဖုံးရှင်ကို အလွန်အမင်း ဒေါသ ထွက်စေခဲ့ပုံ ရပါတယ်။
ကျင်းမင်နဲ့ စုချန်းတို့ရဲ့ မျက်နှာကလည်း မကောင်းလှပါဘူး။ သူတို့က တိုက်ပွဲကိုတောင် စိတ်အေးလက်အေး မတိုက်နိုင်ဘဲ လီဖူချန်းအတွက် စိုးရိမ်ပူပန် နေပါသေးတယ်။ ကင်းခြေများ မျက်နှာဖုံးရှင်ရဲ့ လက်ချက်ကြောင့် သေမလို ဖြစ်နေတဲ့ အထိကို သူတို့ နှစ်ယောက်ရဲ့ အခြေအနေက ဆိုးဝါးနေပါပြီ။
" တစ်ယောက်ယောက် ပြန်လာနေပြီ "
ကောင်းကင်ယံ ထက်မှာတော့ လူရိပ်တစ်ရိပ်ဟာ အမှောင်ထုကို ဖြတ်သန်းပြီး တိုက်ပွဲ ဖြစ်ရာနေရာကို ပျံသန်း လာနေပါတယ်။ လူတွေအားလုံးကလည်း ထိုလူရိပ်ကို လှမ်းကြည့် လိုက်မိပါတယ်။
" အဲဒါ ... လီဖူချန်း မဟုတ်ဘူးလား ... “
ကျင်းမင်နဲ့ စုချန်းကတော့ သူတို့ရဲ့ မျက်လုံးကိုတောင်မှ မယုံတော့သလို ဖြစ်သွားပါတယ်။ ကောင်းကင်ယံမှာ ပျံသန်းလာတဲ့ လူရိပ်ကတော့ လီဖူချန်းမှ လီဖူချန်း အစစ်ပါပဲ။
လီဖူချန်း သည်ကို ပြန်ရောက်လာမှတော့ သူ့နောက်ကို လိုက်သွားတဲ့ ဝတ်စုံနက်ရဲ့ အခြေအနေကို မေးနေစရာ မလိုတော့ပါဘူး။ ထိုဝတ်စုံနက်က သေချာပေါက် သေသွားပါပြီ။
' ကြည့်ရတာ သည်ကောင်လေးကို နံပါတ်၁ ပဟေဠိ သိုင်းသမားကြီးက အသက်ကယ် ပစ္စည်းအချို့ ပေးထားတာပဲ ဖြစ်ရမယ်။ '
အတွင်းစည်း အကြီးအကဲ တော်တော်များများရဲ့ ရင်ထဲမှာတော့ တူညီတဲ့ အတွေးတစ်ခု ဝင်လာခဲ့ပါတယ်။
နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးက လီဖူချန်းကို လက်ရင်း တပည့်အဖြစ် လက်ခံလိုက်မှတော့ အသက်ကယ် ပစ္စည်းတစ်ခုခုတော့ သေချာပေါက် ပေးထားမှာပါပဲ။ လီဖူချန်း အနေနဲ့ သူ့ဆရာထံကနေ ဘာမှ မရခဲ့တာတော့ မဖြစ်နိုင်ပါဘူး။
" ဟားဟားဟား ... ဒီကလေးကတော့ ... ။ သူ့ဆီမှာ အစွမ်းထက်တဲ့ အသက်ကယ် ပစ္စည်း ရှိတယ် ဆိုရင်လည်း အရိပ်အမြွက်တော့ ပြောသွားပါလား ... ။ အခုတော့ ငါတို့က အလကားနေရင်း စိတ်ပူနေရတယ်”
ကျင်းမင်က ရယ်ရယ်မောမောနဲ့ ပြောလိုက်ပါတယ်။
" အသက်ကယ် ပစ္စည်းတွေက အသက်သွင်းဖို့ အတွက် အချိန်အတော်လေး ပေးရတယ်ကွ။ ဒါကြောင့် သူက ထွက်ပြေးရင်းနဲ့ အချိန်ဆွဲနေတာ နေမှာ ... "
စုချန်းကလည်း မှတ်ချက် ပေးလိုက်ပါတယ်။
" မင်းတို့နှစ်ယောက်က ငါမရှိတော့ဘူးလို့ ထင်နေတာလား ... "
ကင်းခြေများ မျက်နှာဖုံးရှင်က သူ့ကို မရှိသလို သဘောထားပြီး လီဖူချန်း အကြောင်း ပြောနေတဲ့ ကျင်းမင်နဲ့ စုချန်းတို့ကို ဒေါသတကြီးဖြင့် တရစပ် တိုက်ခိုက် ပါတော့တယ်။
သူ့အနေနဲ့ ဒေါသထွက်မယ်ဆိုရင်လည်း ဒေါသထွက်စရာပါပဲ။ ကျင်းမင်နဲ့ စုချန်းတို့က သူနဲ့ တိုက်လက်စ တန်းလန်းကြီးမှာတောင် သူ့ကို အရေးမလုပ်ဘဲ လီဖူချန်းကိုသာ အရေးလုပ်နေတာ မဟုတ်ပါလား။
ကျင်းမင်နဲ့ စုချန်းတို့ကတော့ ကင်းခြေများ မျက်နှာဖုံးရှင်၏ တရစပ် တိုက်ခိုက်မှုကြောင့် အသက်ရှူချိန်တောင် မရတော့ဘဲ သွေးရူးသွေးတန်း ခုခံနေရပါတယ်။
အံ့သြစရာ ကောင်းတာကတော့ ကင်းခြေများ မျက်နှာဖုံးရှင်ရဲ့ တရစပ် တိုက်ခိုက်မှုတွေက သူတို့ နှစ်ယောက်ကို ဒဏ်ရာ တစ်ချက် ကလေးတောင်မှ မရစေခဲ့တာပါပဲ။
ဒါကလည်း အကြောင်းတော့ ရှိပါတယ်။ အဲဒါကတော့ စုမင်းနဲ့ ကျင်းမင်တို့ နှစ်ယောက်ဟာ ပူးပေါင်း တိုက်ခိုက်ရာမှာ အလွန်အတွဲညီတဲ့ လူနှစ်ယောက် ဖြစ်နေလို့ပါပဲ။
သူတို့နှစ်ယောက်သာ ပူးပေါင်း တိုက်ခိုက်လိုက်မယ် ဆိုရင်ဖြင့် သာမန် ကောင်းကင်နယ်ပယ် အဆင့်၇ နဲ့ ကောင်းကင်နယ်ပယ် အဆင့်၈က ပညာရှင်တွေကိုတောင် ယှဉ်ပြီး တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်။ အဲဒီ အတွက်ကြောင့်လည်း အကြီးအကဲ ခေါင်ချူပ် ဇောင်ဝူကျင်းက သူတို့ နှစ်ယောက်ကို လီဖူချန်းကို ကာကွယ် စောင့်ရှောက်ရန် အတွက် ထည့်ပေးလိုက်ခြင်း ဖြစ်ပါတယ်။
လီဖူချန်းက တိုက်ပွဲထဲကို ပြန်ရောက် လာလာချင်းမှာပဲ ဝတ်စုံနက် တစ်ယောက်ကို လျင်မြန်စွာ သတ်ပစ် လိုက်ပါတယ်။ ထို ဝတ်စုံနက်ကတော့ ကောင်းကင်နယ်ပယ် အဆင့်နိမ့် ပညာရှင် တစ်ယောက် ဖြစ်နေတဲ့အတွက် သွေးဆာနေတဲ့ လီဖူချန်းရဲ့ တစ်ဇွတ်ထိုး ဝင်ရောက် တိုက်ခိုက်မှုကို ဘယ်လိုမှ ခုခံနိုင်ခြင်း မရှိတော့ပါဘူး။
လီဖူချန်း တိုက်ပွဲထဲကို ဝင်လာတာ မြင်လိုက်တဲ့ မိုးပြာရောင်ဂိုဏ်း အတွင်းစည်း အကြီးအကဲ တစ်ယောက်ဟာ သူနဲ့ တိုက်လက်စ ဖြစ်နေတဲ့ ဝတ်စုံနက်ကို လီဖူချန်းအား လွှဲပေးလိုက်ပြီး အခြေအနေ ဆိုးနေတဲ့ အခြားသော အတွင်းစည်း အကြီးအကဲ တစ်ယောက်ကို သွားကူညီပါတော့တယ်။
ထိုဝတ်စုံနက်က ကောင်းကင်နယ်ပယ် အဆင့်၂သာ ရှိတဲ့အတွက် အတွင်းစည်း အကြီးအကဲက လီဖူချန်းကို စိတ်ချလက်ချ လွှဲပေးပြီး အခြားအတွင်းစည်း အကြီးအကဲ တစ်ယောက်ကို သွားကူညီခြင်း ဖြစ်ပါတယ်။
လီဖူချန်းကလည်း ထိုအကြီးအကဲကို စိတ်မပျက်စေခဲ့ပါဘူး။ သူက ဓားကွက်၁၀ကွက် အတွင်းမှာတင် တစ်ဖက်ရန်သူ ဝတ်စုံနက်ကို သတ်ဖြတ် ပစ်လိုက်ပါတယ်။
နဂိုမူလက ကောင်းကင် နယ်ပယ်ပညာရှင် ၁၅ယောက်ရှိတဲ့ ကောင်းကင်နယ်ပယ် ပညာရှင်တွေဟာ ၉ယောက်သာ ကျန်ရှိ နေပါတော့တယ်။ အရေအတွက် ပိုင်းမှာတော့ မိုးပြာရောင် ဂိုဏ်းက အသာစီး ရနေပြီလို့တောင် သတ်မှတ်နေနိုင်ပါပြီ။
( note - ၁၅ ယောက်ထဲက တစ်ယောက်ကတော့ တိုက်ပွဲအစလေးမှာတင် ဖျက်ဆီးခြင်း တံစဉ်ငှက်၊ ကျင်းမင်နဲ့ စုချန်းရဲ့ လက်ချက်ကြောင့် သေဆုံး သွားခဲ့ပါတယ်။ )
" အကြီးအကဲလင် ... ကျွန်တော်တို့ လာကူပြီ”
ကောင်းကင်နယ်ပယ် အဆင့်၆မှာ ရှိနေတဲ့ အတွင်းစည်း အကြီးအကဲ နှစ်ယောက်ဟာ အခြေအနေ ဆိုးနေတဲ့ အကြီးအကဲ လင်ခွန်းကို ကူညီဖို့အတွက် ကြောင်မျက်နှာဖုံးရှင်ကို ခုန်ဝင် တိုက်ခိုက် လိုက်ပါတယ်။
သူတို့ သုံးယောက်ပေါင်းပြီး တိုက်ခိုက်လိုက်တဲ့ အခါမှာတော့ ကြောင်မျက်နှာဖုံးရှင်ဟာ အောက်စည်းကို ရောက်ရှိ သွားခဲ့ပါပြီ။
" မင်းတို့အားလုံးက ဒီလောက်တောင် သေချင်နေမှတော့ ငါ့ကို အပြစ်မတင်နဲ့တော့ ... "
ကြောင်မျက်နှာဖုံးရှင်ဟာ သွေးရောင်တွေ တောက်ပနေတဲ့ သွေးပုလဲ တစ်လုံးကို ထုတ်လိုက် ပါတော့တယ်။ သွေးစွမ်းအင်စီးကြောင်းကြီး တစ်ခုဟာ ကြောင်မျက်နှာဖုံးရှင်ရဲ့ ခန္ဓာကိုယ်ထဲကို စီးဝင်သွားခဲ့ပါပြီ။
" သွေးနတ်ဘုရား ရဲ့ လှုံ့ဆော်မှု "
ရွှီး ...
သွေးအလင်းတန်းကြီး တစ်ခုဟာ လင်ခွန်းရဲ့ ပုခုံးကို ဖောက်ထွက် သွားခဲ့ပြီး သွေးစိမ်းရှင်ရှင် ပန်းထွက် စေခဲ့ပါတယ်။
" သတိထားကျ ... အဲဒါက သွေးတာအို စွမ်းအင်တွေပဲ။ "
ဒဏ်ရာရသွားတဲ့ လင်ခွန်းက အခြားသော အတွင်းစည်း အကြီးအကဲ နှစ်ယောက်ကို သတိပေး လိုက်ပါတယ်။
သွေးတာအို စွမ်းအင်တွေက ကြောက်စရာ ကောင်းလောက်အောင် အစွမ်းထက်ပါတယ်။ ဒီစွမ်းအင်တွေက သွေးတွေရဲ့ အဆီအနှစ်ကနေ ထုတ်ယူရရှိတာပါ။
သွေးစုပ်တဲ့ ပညာရပ်တိုင်းဟာ သွေးတာအိုကို အခြေခံတာပါပဲ။
" ဟားဟားဟား ... အရမ်းနောက်ကျသွားပြီကွ”
ကြောင်မျက်နှာဖုံးရှင်ရဲ့ လက်ချောင်းကနေ ထွက်လာတဲ့ သွေးအလင်းတန်းကြီးဟာ လင်ခွန်းနဲ့ အခြားသော အတွင်းစည်း အကြီးအကဲ နှစ်ေ
ယာက်ကို လွင့်ထွက် သွားစေခဲ့ပါပြီ။
ကြောင်မျက်နှာဖုံး ရှင်ဟာ မလိုအပ်ဘဲနဲ့ သည်သွေးပုလဲကို ထုတ်မသုံးချင်ပါဘူး။ ဒီသွေးပုလဲဟာ တစ်ကြိမ် အသုံးပြုလိုက်တိုင်းမှာ အသုံးပြုသူကို ဒဏ်ဖြစ်စေတဲ့ ဘေးထွက်ဆိုးကျိုး ရှိပါတယ်။
ပြီးတော့ သည်သွေးပုလဲ တစ်လုံးရဲ့ တန်ဖိုးကလည်း မနည်းလှပါဘူး။ အရည်အသွေး အနိမ့်ဆုံး ဖြစ်တဲ့ သွေးပုလဲတစ်လုံး ဖြစ်တည်လာဖို့ အတွက် သိုင်းပညာရှင် အယောက် တစ်သောင်းရဲ့ သွေးတွေကို စုပ်ယူရပါတယ်။ အဲဒီအတွက် ဝတ်စုံနက်တွေဟာ ဂိုဏ်းတော်တွေရဲ့ နယ်မြေထဲကို ဝင်ပြီး အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်မှုတွေ လုပ်နေရတာပါ။
လီဖူချန်းကတော့ သူ့ရဲ့ အသိစိတ် အာရုံကို တိုက်ပွဲတစ်ခုလုံးအနှံ့ ဖြန့်ကြက်ထားပါတယ်။ အကြီးအကဲ လင်ခွန်းတို့ရဲ့ အခြေအနေကလည်း သူ့ရဲ့ မျက်လုံးအောက်ကနေ ပြေးမလွတ်ပါဘူး။
" အခုလို အချိန်မှာတော့ ငါ့ရဲ့ ကြေးဝါ ဓားအဆီအနှစ်ကို ထုတ်သုံးလို့ မရဘူး။ ဒါပေမဲ့ ငါက မြေကမ္ဘာ သိုင်းအင်းကွက်ကို ထုတ်သုံးလို့ ရတာပဲ”
နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးက လီဖူချန်းရဲ့ လက်ကောက်ဝတ်ပေါ်မှာ မြေကမ္ဘာ အဆင့် သိုင်းအင်းကွက် တစ်ခု ရေးဆွဲ ပေးခဲ့ပါတယ်။ လီဖူချန်းက အဲဒီ မြေကမ္ဘာ သိုင်းအင်းကွက်ရဲ့ အစွမ်းကို တစ်ခုမှ ထုတ်သုံးခွင့် မကြုံခဲ့သေးပါဘူး။ ဒီတစ်ခေါက်ကတော့ မြေကမ္ဘာ သိုင်းအင်းကွက် ထုတ်သုံးရမယ့် အချိန် ကျရောက်လာခဲ့ပါပြီ။
လီဖူချန်းက အချိန်ဆိုင်းမနေဘဲ သူ့ရဲ့ သံနက်ဓားချီတွေကို ညာဘက် လက်ကောက်ဝတ်ရှိ သိုင်းအင်းကွက်ဆီသို့ ပို့ဆောင် လိုက်ပါတယ်။
ဒီသိုင်းအင်းကွက်က ဓားတစ်လက် ပုံသဏ္ဌာန်ရှိတဲ့ အင်းကွက်ဖြစ်ပြီး အနားသတ် မျဉ်းတွေကတော့ နဂါးတစ်ကောင်နဲ့ ဆင်တူနေပါတယ်။
သိုင်းအင်းကွက်ဟာ အရောင် တဖျတ်ဖျတ် တောက်ပလာပြီးတဲ့ နောက်မှာတော့ ဓားဆန္ဒ တစ်ခုဟာ လီဖူချန်းရဲ့ စိတ်ဝိညာဉ် နယ်ပယ်ထဲကို ဝင်ရောက် လာခဲ့ပါပြီ။
" ကောင်းကင်ပျက်သုဉ်း ဓားသိုင်း "
ရွှီး ... ရွှီး ... ရွှီး ... ရွှီး ... ရွှီး ... ရွှီး ... ...
လီဖူချန်းက သူ့ရဲ့ ဓားနက်ကြီးကို ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ မရေမတွက်နိုင်တဲ့ ဓားအလင်းတန်းတွေဟာ ခမ်းနား ကြီးကျယ်စွာ ဖြစ်တည် လာခဲ့ပါပြီ။
လေထုထဲမှာတော့ မမြင်ရတဲ့ ဓားစက်ကွင်း တစ်ခု ဖြစ်တည် လာခဲ့ပါတယ်။
အဲဒီ ဓားစက်ကွင်းကြီးက ကောင်းကယ်နယ်ပယ် အဆင့်၃နဲ့ အဆင့်၄မှာ ရှိတဲ့ ဝတ်စုံနက် နှစ်ယောက်ကို စုပ်ယူသွားခဲ့ပါတယ်။
ရွှမ်း ... ရွှမ်း ... ရွှမ်း ...
ခမ်းနားထည်ဝါလှတဲ့ ဓားအလင်းတန်းတွေဟာ ဓားစက်ကွင်းကြီး စုပ်ယူလိုက်တဲ့ ဝတ်စုံနက်ကို အသားကြိတ်စက် တစ်ခုပမာ အပိုင်းပိုင်းအစစ ကြိတ်ချေ ပစ်လိုက်ပါပြီ။
" ဒါက မြေကမ္ဘာအဆင့် ဓားသိုင်းရဲ့ အစွမ်းလား”
သိုင်းအင်းကွက်ကို အသုံးပြုထားတဲ့ လီဖူချန်း ကိုယ်တိုင်တောင်မှ ပါးစပ် အဟောင်းသား ဖြစ်နေပါတယ်။
သည်မြေကမ္ဘာ သိုင်းအင်းကွက်က သူ့ရဲ့ ကြေးဝါဓား အဆီအနှစ်ကို မယှဉ်နိုင်ပေမယ့်လည်း သိပ်ပြီးတော့ မကွာလှပါဘူး။ ဒီသိုင်းအင်းကွက်ဟာ ကောင်းကင်နယ်ပယ် အဆင့်၅ အောက်က ပညာရှင်တွေကို တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်စွမ်း ရှိပါတယ်။
အံ့သြနေတာက လီဖူချန်း တစ်ယောက်ထဲတော့ မဟုတ်ပါဘူး။ ကျန်တဲ့လူတွေ အားလုံးကလည်း ပါးစပ် အဟောင်းသား ဖြစ်နေဆဲပါပဲ။
အစောပိုင်းတုန်းက လီဖူချန်းနောက်ကို လိုက်သွားတဲ့ ဝတ်စုံနက်ဟာ ဘယ်လို ဖြစ်သွားသလည်း ဆိုတာကို လူတွေအားလုံး သဘောပေါက် သွားခဲ့ပါပြီ။ သည်လို သိုင်းအင်းကွက်နဲ့ ကြုံရမှတော့ ထိုဝတ်စုံနက် အနေနဲ့ မသေစရာ အကြောင်းမရှိပါဘူး။
မြေကမ္ဘာ သိုင်းအင်းကွက်ဟာ မြေကမ္ဘာသိုင်းပညာနဲ့ အတူတူပါပဲ။ လီဖူချန်းက မြေကမ္ဘာ သိုင်းအင်းကွက်ကို အပြည့်အဝ ထုတ်သုံးနိုင်ခြင်း မရှိသေးပေမယ့်လည်း တိုက်ပွဲ အခြေအနေကိုတော့ ပြောင်းလဲနိုင်စေ ခဲ့ပါတယ်။
အတွင်းစည်း အကြီးအကဲတွေ အားလုံးက လီဖူချန်း အသုံးပြုလိုက်တဲ့ သိုင်းအင်းကွက်ကို မြေကမ္ဘာသိုင်း အင်းကွက်လို့ အကြောင်းမဲ့ သတ်မှတ် လိုက်တာတော့ မဟုတ်ပါဘူး။ အစောပိုင်းတုန်းက လီဖူချန်းရဲ့ ဓားချက်အရှိန်အဝါဟာ ဆန်းကြယ် အထွတ်အထိပ်အဆင့် ဓားသိုင်းကို ကျော်လွန်နေလို့ ဖြစ်ပါတယ်။
ပြီးတော့ ဓားစက်ကွင်း ... ... ။
မိုးပြာရောင်ဂိုဏ်းမှာ အဲဒီလို အားကောင်းတဲ့ ဓားစက်ကွင်းမျိုးကို ဖန်တီးနိုင်တဲ့ ဓားသိုင်းမျိုး မရှိသေးပါဘူး။
"သည်ကောင်လေးက ကောင်းကင်ဘုံက ကောင်းချီး ပေးသနားထားတဲ့ ပါရမီရှင် အစစ်အမှန်ပဲ"
မိုးပြာရောင်ဂိုဏ်းရဲ့ အတွင်းစည်း အကြီးအကဲတွေတောင်မှ လီဖူချန်းကို အနည်းငယ် မနာလို ဖြစ်လာမိပါတယ်။
သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာသာ လီဖူချန်းလိုမျိုး မြေကမ္ဘာ သိုင်းအင်းကွက် တစ်ခု ရှိနေလို့ကတော့ သူတို့အနေနဲ့ ကောင်းကင် နယ်ပယ်မှာ ဘယ်သူ့ကိုမှ ကြောက်စရာ မလိုတော့ပါဘူး။
အခုဆိုရင် မိစ္ဆာတာအို ကျင့်ကြံသူတွေ ဘက်မှာတော့ ကောင်းကယ် နယ်ပယ်ပညာရှင် ၇ယောက်သာ ကျန်ရှိနေပါတော့တယ်။
ဒါပေမဲ့လည်း လီဖူချန်းက ကျေနပ်နေခြင်း မရှိသေးပါဘူး။ သူက နောက်ထပ် ဝတ်စုံနက် ၂ယောက်ကို အလျငိအမြန် သတ်ဖြတ် ပစ်လိုက်ပါသေးတယ်။
လီဖူချန်းကတော့ တကယ့်ကို ထိန်းမနိုင်၊ သိမ်းမရ ပတ်ကြမ်းနေပါပြီ။
မိုးပြာရောင်ဂိုဏ်းက သူ့ရဲ့ ဘွဲ့ထူးကို ဓားနတ်ဆိုးလို့ အမည်ပေးခဲ့ရမှာ မဟုတ်ပါဘူး။ သူ့ကို သတ်ဖြတ်ခြင်း နတ်ဆိုးလို့ အမည်ပေးခဲ့ရမှာပါ။
" အကြီးအကဲတွေအားလုံး ... အကြီးအကဲလင်ခွန်းကို သွားကူညီ ပေးကြပါဦး။ ကျန်တဲ့ သူတွေကိုတော့ ကျွန်တော် တာဝန်ယူလိုက်ပါမယ်။ "
" အေး "
" ရတယ်လေ "
" ဟုတ်ပြီ "
အတွင်းစည်း အကြီးအကဲတွေ အားလုံးဟာ သူတို့နဲ့ တိုက်လက်စ ဝတ်စုံနက်တွေကို ချန်ထားခဲ့ပြီး ကြောင်မျက်နှာဖုံး ရှင်ဆီကို ခုန်ဝင် သွားခဲ့ပါပြီ။
ရန်သူဘက်မှာက ကြောင်မျက်နှာဖုံးရှင်နဲ့ ကင်းခြေများ မျက်နှာဖုံးရှင်က လွဲပြီး သိပ်ကြောက်စရာ မရှိပါဘူး။ အဲဒီအတွက် အတွင်းစည်း အကြီးအကဲတွေဟာ လီဖူချန်းကို ယုံပြီး သူတို့ နဲ့ တိုက်လက်စ ဝတ်စုံနက်တွေကို ချန်ထားခဲ့တာပါ။
ကြောင်မျက်နှာဖုံး ရှင်ကတော့ အကြီးအကျယ် ဒေါသ ထွက်နေခဲ့ပါပြီ။
သူ့ရဲ့ အစီအစဉ်ဟာ မြေကမ္ဘာနယ်ပယ် အဆင့်၈က ကောင်လေး တစ်ယောက်ကြောင့် ပျက်စီး သွားခဲ့ရတာ မဟုတ်ပါလား။
" မင်းတို့အားလုံးက သည်လောက်တောင် သေချင်နေမှတော့ လာစမ်းကွာ ... ။ မင်းတို့ အားလုံးကို သတ်ပစ်မယ်"
ကြောင်မျက်နှာဖုံးရှင်က နောက်ဆံတင်းနေပုံ မရှိတော့ပါဘူး။ သူက သွေးတာအို စွမ်းအင်တွေကို အကုန်အစင် စုပ်ယူလိုက်ပြီး သူ့ဆီခုန်ဝင်လာတဲ့ မိုးပြာရောင်ဂိုဏ်း အတွင်းစည်း အကြီးအကဲ အကုန်လုံးကို ရင်ဆိုင် လိုက်ပါတော့တယ်။
" သူက တကယ် အစွမ်းထက်တယ်။ သတိထားကြ "
လီဖူချန်းနဲ့ ရင်ဆိုင်ရမယ့် ဝတ်စုံနက် သုံးယောက်ကတော့ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် သတိပေး နေကြပါတယ်။
သူတို့တွေက သုံးယောက် တစ်ယောက် တိုက်ခိုက်ရမှာ ဖြစ်ပေမယ့်လည်း လီဖူချန်းကို လုံးဝ အထင် မသေးရဲပါဘူး။
***