← Chapters

နောက်ထပ်နည်းနည်း‌လောက်ဆို သူ့ကောင်မလေး‌ဖြစ်ပြီ

Vol. 11 Ch. 165

နောက်ထပ်နည်းနည်း‌လောက်ဆို သူ့ကောင်မလေး‌ဖြစ်ပြီ

Vol. 11 Ch. 165

သူ့ရှေ့က ကောင်မလေးကို ကြည့်ရင်း လင်းဖန် မက်မောသွားမိသည်။

သူသဘောကျသည့် ကောင်မလေးက သူ့ကိုဦးဆောင်ပြီး နမ်းသွားသည်။

ဘယ်ယောက်ျားမဆို ဘာလုပ်ရမလဲဆိုတာ သိလောက်ပါသည်။

သူ သဘောကျသည့် ကောင်မလေးကို ပိုးပန်းချင်ပါက သူ့ဘက်လည်း ပိုပြီး တက်ကြွရမည်ဖြစ်သည်။

ကောင်မလေးဘက်က ဦးဆောင်တာကိုသာ စောင့်နေပါက ငှက်ပျောတုံး ဖက်ပြီး သေသွားနိုင်ပါသည်။

လင်းဖန်က ရှားဝမ်ချွေ့ကို ရိုမက်တစ်ဆန်သည့် နေရာတစ်ခုမှာ ဖွင့်ပြောချင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း အခြေအနေတွေက ဒီအဆင့်ထိတောင် ရောက်နေပါပြီ။ လင်းဖန် တကယ် ခံနိုင်ရည် မရှိတော့ပါ။

သူ့နှလုံးသားထဲ ဆန္ဒများ ပေါက်ဖွားလာသည်။ လင်းဖန် ရှားဝမ်ချွေ့ကို ရင်ခွင်ထဲထည့်ကာ ဖက်ထားပြီး သူ့ကောင်မလေးဖြစ်ကြောင်း ဝေ့ပေါ် ပေါ်မှာ အားလုံးကို ကြေညာလိုက်ချင်မိပါသည်။

ထိုအချိန်ကျလျှင် သူနဲ့ ရှားဝမ်ချွေ့တို့၏ သတင်းဆိုးများ ရှိလာမှာ မဟုတ်တော့ပါ။

"လင်းဖန် နင်ငါ့ကို ဘာပြောချင်လို့လဲ" ရှားဝမ်ချွေ့က လင်းဖန်ကို သူမ၏ လှပသော မျက်လုံးလေးများဖြင့် ကြည့်လိုက်သည်။ သူမ လက်ကို ခါးနောက်ပစ်ထာားပြီး ခေါင်းကို အနည်းငယ်ငုံ့ထားပါသည်။

"ငါနားထောင်နေတယ်လေ" ရှားဝမ်ချွေ့က နူးညံ့စွာ ပြောလိုက်ပါသည်။ သူမ ပါးပြင်များ ပိုနီလာ၏။

"ငါ..." လင်းဖန်က ရှားဝမ်ချွေ့၏ မျှော်လင့်စောင့်စားနေသော မျက်လုံးများကိုကြည့်လိုက်သည်။

ဒီလိုအချိန်မျိုးမှာ ယောက်ျားတစ်ယောက်အနေနဲ့ ဘာကို ကြောက်ဖို့ လိုဦးမှာလဲ။

ထိုစကားလုံးများကို သူ့မအား တိုက်ရိုက်ဖွင့်ပြောရမည်။

ထို့နောက် သူမက သူ့ကောင်မလေး ဖြစ်လာပါတော့မည်။

အငြင်းခံရနိုင်သည့် အန္တရာယ်ရှိရင်တောင် အရေးမကြီးပါ။

သူ့စိတ်ကို ဆုံးဖြတ်ချက်ချလိုက်ပြီး လင်းဖန် ပြောလိုက်ပါသည်။

"ငါနင့်..." လင်းဖန်ပြောလို့မဆုံးခင် တစ်ယောက်ယောက်က တံခါးလာခေါက်လိုက်ပါသည်။

ရှားဝမ်ချွေ့၏ မျက်နှာပေါ်မှ ရှက်ရွံ့မှုများ ပိုနက်ရှိုင်းသွားပါသည်။ သူမ တံခါးကို အမြန်ဖွင့်လိုက်ပြီး လင်းချမ့်ဝေ တံခါးနားမှာ ရပ်နေတာကို မြင်လိုက်ရပါသည်။

လင်းချမ့်ဝေ သူတို့နှစ်ယောက်ကို အတူတူ မြင်လိုက်ရသောအခါ အမြန်ဦးညွှတ်လိုက်ပြီး ပြောလိုက်ပါသည်။ "အစ်ကိုဖန်၊ အစ်မဝမ်ချွေ့ ကျွန်မတောင်းပန်ပါတယ်။ တံခါးလာမခေါက်သင့်ဘူး။"

ရှားဝမ်ချွေ့က ချိုမြိန်စွာ ပြုံးလိုက်ပါသည်။ "ရပါတယ်။ ဘာကိစ္စရှိလို့လဲ။"

လင်းချမ့်ဝေက ပြောလိုက်သည်။ "အရင်တုန်းက အစ်ကိုဖန်နဲ့ စာချုပ်ချုပ်ချင်တာ ကုမ္ပဏီထောက်ခံချက် ကုမ္ပဏီတွေချည်းပဲလေ။ အစ်ကိုဖန်ကလည်း အားလုံးကို ငြင်းခိုင်းခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ခေါက်က ဂိမ်းကုမ္ပဏီတစ်ခု ဆက်သွယ်လာပြီး ဓားနှင့်နတ်သမီးဒဏ္ဍာရီကို ဂိမ်းအဖြစ် ကူးပြောင်းဖန်တီးခွင့်ဝယ်ချင်တယ်လို့ ပြောလာလို့ပါ။ သူတို့ ကမ်းလှမ်းချက်က တော်တော်မြင့်လို့ အစ်ကိုဖန်ရဲ့ သဘောကိုလာမေးတာပါ။"

ရှားဝမ်ချွေ့က ပြုံးလိုက်ပြီး ပြောလိုက်ပါသည်၊။ "ဒါဆို ခဏစောင့်ဦးနော်။ သူ့ကို လွှတ်လိုက်မယ်။"

ရှားဝမ်ချွေ့က သူမ အခန်းထဲ ပြန်ဝင်သွားပြီး လင်းဖန်ကိုကြည့်လိုက်ပါသည်။ သူမ ချစ်ဖို့ကောင်းသော အမူအယာလေး လုပ်ပြလိုက်ပါသည်။ "နင်ဘာပဲ ပြောချင်ပြောချင် နောက်မှပြောကြတာပေါ့~ အလုပ်ကိစ္စ အရင်လုပ်ကြရအောင်။"

ထို့နောက် ရှားဝမ်ချွေ့ ထွက်သွားပါသည်။

လင်းဖန်က ရှားဝမ်ချွေ့၏ နောက်ကျောကိုကြည့်ရင်း ကိုယ့်ကိုယ်ကို ပါးရိုက်ချင်သွားပါသည်။

သူသာ မတွန့်ဆုတ်ခဲ့ပါက ဒီကိစ္စ ပြီးနေလောက်ပြီ။

သူ မြန်မြန်လေး ပြောခဲ့သင့်သည်။ သို့သော်လည်း လင်းချမ့်ဝေကိုလည်း ဒီ့အတွက် အပြစ်တင်လို့မရပေ။ ဘာပဲဖြစ်ဖြစ် လင်းချမ့်ဝေက သူ့မန်နေဂျာ ဖြစ်သည်။ ဒီလိုအချိန်တောအတွင်း လင်းချမ့်ဝေ အလွန် အလုပ်များရပါသည်။

လင်းဖန်က အသက်ဝဝရှူလိုက်ပြီး အိပ်မက်မှ နိုးထလိုက်ပါသည်။

သူခုနက စိတ်အပြောင်းအလဲများကာ သူ့မိန်းမကို ဖွင့်ပြောလုနီးပါး ဖြစ်ခဲ့ပါသည်။

သူမအောင်မြင်လိုက်သဖြင့် သူမမွေးနေ့ကျမှ ရိုမတ်တစ်ဆန်သော နေရာလေးတွင် သူမကို ဖွင့်ပြောမည်ဖြစ်သည်။

လင်းဖန် တောက်တောက်ပပ ပြုံးလိုက်ပါသည်။ သူမကို စပရိုက် တိုက်ချင်သည်။

သူမကို ဘယ်တော့ ဖွင့်ပြောမလဲဆိုတာတော့ လင်းဖန် အလျှင် မလိုသေးပါ။

သူမအတွက် ပိုပြီး အမှတ်ရစရာ ဖြစ်စေချင်ပါသည်။ သူမက ရိုးမန့်စ်များကိ သဘောကျသည်။ ထို့ကြောင့် သူမကို ရိုမတ်တစ်ဆန်သော ကောင်းကင်ဘုံလေးတစ်ခု ဖန်ဆင်းပေးမည်။

သူမ မွေးနေ့ရောက်ဖို့ ၁ ပတ်တောင် မလိုတော့ပါ။

လင်းဖန် နောက်တစ်ပတ်လောက်တော့ စောင့်နိုင်ပါသည်။

"ဘာကုမ္ပဏီလဲ။ ဘယ်လောက်နဲ့ ကမ်းလှမ်းလဲ။" လင်းဖန်က အပြင်ထွက်လာပြီး လင်းချမ့်ဝေကို မေးလိုက်ပါသည်။

ကုမ္ပဏီထောက်ခံချက်ကုမ္ပဏီများနှင့် သူ စာချုပ်မချုပ်ဆိုရခြင်းမှာ စာချုပ်ချုပ်ပြီးနောက် အချိန်ဇယားများကို ပြည့်မှီအောင် အလွန်ပင်ပင်ပန်းပန်းလုပ်ရမှာကို သိသောကြောင့် ဖြစ်သည်။ ဓာတ်ပုံများရိုက်ကာ လှုပ်ရှားမှု တချို့လည်း လုပ်ရဦးမည်။

သို့သော်လည်း လင်းဖန်က ငွေများများဝင်လာလည်း မမှုပေ။ ထို့ကြောင့် ဂိမ်းကုမ္ပဏီတစ်ခုက မူပိုင်ခွင့်ကို ဝယ်ချင်သည်ဟု ဆိုသောအခါ စျေးမှန်ပါက သူရောင်းချပါမည်။

လမ်းချမ့်ဝေက ပြောလိုက်သည်။ "နာမည်အပြည့်အစုံက မဟာစကြဝဠာသတင်းအချက်အလက်ကုမ္ပဏီတဲ့။ ဒီကုမ္ပဏီရဲ့ တာဝန်ရှိသူက ဓားနှင့်နတ်သမီးဒဏ္ဍာရီကို ဂိမ်းအဖြစ် ပြောင်းလဲဖန်တီးဖို့အတွက် မူပိုင်ခွင့်ကို ဝယ်ယူဖို့ ၁၈ သန်း ကမ်းလှမ်းပါတယ်။ အဲ့ဒီလူနဲ့ လူကိုယ်တိုင် အသေးစိတ်ဆွေးနွေးဖို့တော့ လိုအပ်မယ်ရှင့်။"

လင်းဖန် ခေါင်းငြိမ့်လိုက်ပါသည်။ ၁၈ သန်းက မဆိုးပါ။

ဂိမ်းကို ဖန်တီးနိုင်ပါက ဓားနှင့်နတ်သမီးဒဏ္ဍာရီ၏ ရေပန်းစားမှုကို အများကြီးပိုပြီး တိုးတက်စေပါလိမ့်မည်။ အဆုံးသတ်တွင် ဓားနှင့်နတ်သမီးဒဏ္ဍာရီက ပိုပိုပြီးရေပန်းစားလာလိမ့်မည်။

"ဟုတ်ပြီလေ။ ငါ့ကို ကူဆက်သွယ်ပေးပါဦး။" လင်းဖန်က ပြောလိုက်ပြီး ရုံးခန်းကို ပြန်သွားခဲ့ပါသည်။

"ဟုတ်ကဲ့ပါ" လင်းချမ့်ဝေက သဘောတူလိုက်ပါသည်။

နေ့လည်ခင်းတွင် ဖုန်းတစ်ကော ဝင်လာသည်။

"မစ္စတာလင်း ဟယ်လို ကျွန်တော်က မဟာစကြဝဠာသတင်းအချက်အလက် ကုမ္ပဏီရဲ့ တာဝန်ရှိပုဂ္ဂိုလ် ဝမ်လို့ ခေါ်ပါတယ်။ ဓားနှင့်နတ်သမီးဒဏ္ဍာရီကို ဂိမ်းအဖြစ် ပြောင်းလဲဖန်တီးဖို့ မူပိုင်ခွင့်ကို ဝယ်ချင်လို့ပါ။ အဲ့ဒီကိစ္စပြောဖို့ အချိန်ရှိမလား သိချင်ပါတယ်" ဝမ်လေးက ပြောလိုက်ပါသည်။

"ခင်ဗျားတို့ ယွမ် ၁၈ သန်း ကမ်းလှမ်းထားတယ်လို့ ကျွန်တော့်မန်နေဂျာက ပြောပါတယ်။ကျွန်တော် ဂိမ်းအဖြစ် ကူးပြောင်းခွင့်ကို ရောင်းချပေးလို့ရပေမယ့် ကမ်းလှမ်းချက်ကိုတော့ မြှင့်ပေးရလိမ့်မယ်နော်။" လင်းဖန်က ဖုန်းထဲမှ ပြောလိုက်ပါသသည်။

"ဒါပေါ့ မစ္စတာလင်း။ ဓားနှင့်နတ်သမီးဒဏ္ဍာရီ ရုပ်သံဒရာမာက အရမ်းရေပန်းစားတာကိုး။ ကျွန်တော်တို့ လူချင်းတွေ့ပြီး စျေးအတိအကျကို ညှိနှိုင်းလို့ရမလား။" ဝမ်လေးက ဆက််ပြောပါသည်။

"လူချင်းတွေ့ဖို့ မလိုပါဘူး။ ကျွန်တော့်အချိန်က အကန့်အသတ်ရှိတယ်။ ခင်ဗျားတို့သဘောတူရင် ကျွန်တော်ချက်ချင်း စာချုပ်ကို လက်မှတ်ထိုးပေးလိုက်မယ်။"

"ကျွန်တော့် တောင်းဆိုချက်ကတော့ ဓားနှင့်နတ်သမီးဒဏ္ဍာရီကို ဂိမ်းအဖြစ် ပြောင်းလဲခွင့် ကမ်းလှမ်းချက်ကို သန်း ၃၀ အထိ တိုးပေးဖို့ပဲ။ ပြီးတော့ ဓားနှင့်နတ်သမီးဒဏ္ဍာရီကို ဂိမ်းအဖြစ် ပြောင်းလဲပြီး နောက်ပိုင်း ခင်ဗျားတို့ကုမ္ပဏီက ရလာတဲ့ အကျိုးအမြတ်ထဲက ၁၀ ရာခိုင်နှုန်းကို အစုပေါ်အမြတ်အဖြစ် လိုချင်တယ်" လင်းဖန်က ပြောလိုက်သည်။

ဓားနှင့်နတ်သမီးဒဏ္ဍာရီက အလွန်ရေပန်းစားတာကို လင်းဖန်သိသည်။ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်က နိုင်ငံတော်ထဲက နှစ်၃၀ကြာ စံချိန်ကို ချိုးကာ ရာဇဝင်တွင် ခဲ့ပါသည်။ လူကြီးဖြစ်ဖြစ်၊ ကလေးဖြစ်ဖြစ်ဒီရုပ်သံဒရာမာ အကြောင်း အားလုံး သိကြသည်။

ဒီရုပ်သံဒရာမာကိုသာ ဂိမ်းအဖြစ် ပြောင်းလဲလိုက်ပါက သေချာပေါက် ပိုပြီး ရေပန်းစားလာပါလိမ့်မည်။ ကုမ္ပဏီ၏ အမြတ် ၁၀ ရာခိုင်နှုန်းကို တောင်းဆိုတာ ကျိုးကြောင်းသင့်ပါသည်။

သူတို့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ မူပိုင်ခွင့်ကို ယွမ် ၁၈ သန်းလောက်နဲ့ ဝယ်ပြီး ဂိမ်းအဖြစ် ပြောင်းလဲလိုက်ပါက လင်းဖန်ရှုံးလိမ့်မည်။

ယွမ် ၁၈ သန်းက များသော်လည်း ဂိမ်းတစ်ခုသာာ ဝင်ငွေကောင်းလာပြီဆို အမြတ်က စိတ်ကူးဖြင့် တွေးမကြည့်နိုင်အောင် များလှသည်။

ဥပမာအားဖြင့် Honor of Kings ၏ နှစ်စဥ်အမြတ်ငွေများက ကြောက်ဖို့ ကောင်းလောက်အောင် မြင့်မားပါသည်။

လင်းဖန်က ဆက်ပြောလိုက်သည်။ "ခင်ဗျားတို့ သဘောမတူလည်း ကိစ္စမရှိပါဘူး။ ဒီရုပ်သံစီးရီးရဲ့ မူပိုင်ခွင့်ကို ဝယ်ချင်တဲ့ တခြား NetEase၊ Tencent စတဲ့ ဂိမ်းကုမ္ပဏီတွေ အများကြီးရှိတယ်လို့ ထင်တယ်။"

လင်းဖန်က ဂိမ်းဖန်တီးခွင့်ကို မရောင်းချနိုင်မှာကို မစိုးရိမ်ပေ။ ရုပ်သံဒရာမာတစ်ခု ရေပန်းစားလာပြီးသောအခါ ချိတ်ဆက်နိုင်သည့် လုပ်ငန်းများစွာ ရှိသည်။

ဥပမာအားဖြင့် အလှထားအရုပ်များ၊ ကုန်ပစ္စည်းများ၊ ပိုစတာများ၊ ရုပ်သံဒရာမာများ၊ ရုပ်ရှင်များ၊ ဇာတ်ကားများ၊ ကာတွန်းများနဲ့ IP မျိုးစုံတို့ဖြစ်သည်။

အနုပညာလောကတစ်ခုလုံးက ကွင်းဆက်ကြီးတစ်ခု ဖြစ်ပါသည်။ ဓားနှင့်နတ်သမီးဒဏ္ဍာရီ၏ ရေပန်းစားမှုက လုပ်ငန်းတစ်ခုလုံးကို တွန်းအားပေးဖို့ အကြောင်းဖန်လာသည်။

ထင်ထားသည့်အတိုင်း လင်းဖန်ဒီလိုပြောလိုက်သောအခါ မဟာစကြဝဠာသတင်းအချက်အလက် ကုမ္ပဏီ၏ တာဝန်ရှိသူ ဝမ်လေးက ပြောလိုက်ပါသည်။ "မစ္စတာလင်း ဒီကိစ္စကို ကျွန်တော်တို့ကုမ္ပဏီအတွင်း လူတွေ အချင်းချင်း ဆွေးနွေးဖို့ လိုသေးလို့ အချိန်နည်းနည်းလောက် ပေးလို့ ရမလားဗျ။ ဒီနေ့ည အဖြေပြန်ပေးပါ့မယ်။"

လင်းဖန်က ခေါင်းငြိမ့်လိုက်ပါသည်။ "ကောင်းပါပြီ။ ဒီနေ့ည ပြန်ဆက်သွယ်ကြတာပေါ့။"

ညဘက်တွင် လင်းဖန် အိမ်မှာ အနားယူနေပါသည်။

မဟာစကြဝဠာသတင်းအချက်အလက် ကုမ္ပဏီက ဖုန်းထပ်ခေါ်သည်။

လင်းဖန်က ဖုန်းကိုကိုင်လိုက်တာနဲ့ ဝမ်လေးက စိတ်လှုပ်ရှားစွာ ပြောလိုက်ပါသည်။ "မစ္စတာလင်း ကျွန်တော်တို့ကုမ္ပဏီက ဂိမ်းပြောင်းလဲခွင့် သန်း ၃၀ နဲ့ အစုပေါ်အမြတ် ၁၀ ရာခိုင်နှုန်းကို ပေးဖို့ သဘောတူလိုက်ပါတယ်။ ဒါပေမယ့် တောင်းဆိုစရာလေးတော့ ရှိတယ်။"

"ဂိမ်းအဖြစ် ပြောင်းလဲပြီးတဲ့အခါ ကုမ္ပဏီက ခင်ဗျားကို ဂိမ်းအတွက် ကြော်ငြာသူအဖြစ် ဖိတ်ကြားချင်ပါတယ်။ ဟုတ်ပါတယ်။ ခင်ဗျားကို ကုမ္ပဏီထောက်ခံချက်ကြေး မြင့်မြင့်လည်း ပေးသွားမှာပါ။" ဝမ်လေးက ပြောလိုက်ပါသည်။

"ကျွန်တော်တို့ကို ဂိမ်းအတွက် ကုမ္ပဏီထောက်ခံချက် လုပ်ခိုင်းနေတာလား" ထိုစကားကိုကြားသောအခါ လင်းဖန် ပြုံးလိုက်ကာ ပြောလိုက်ပါသည်။ "ကျွန်တော် ဘာကုမ္ပဏီထောက်ခံချက်မှ လက်မခံလို့ပါ။ ဒါပေမယ့် ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကိုတော့ ဓားနှင့်နတ်သမီးဒဏ္ဍာရီအတွက် ကြော်ငြာသူတွေဖြစ်အောင် ပြောပေးလို့ရတယ်။ ဒါပေမယ့် သူတို့က စျေးအရမ်းကြီးတယ်နော်။"

ဝမ်လေးက ထိုစကားကိုကြားသောအခါ ပို၍ပင် စိတ်လှုပ်ရှားသွားပါသည်။

ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့က အနုပညာလောက၏ ထိပ်တန်း နာမည်ကျော်များ ဖြစ်ကြသည်။

အထူးသဖြင့် ရှားဝမ်ချွေ့ဖြစ်၏။ သူမ၏ ရေပန်းစားမှုက ခုတလောအတော်လေး မြင့်တက်နေပါသည်။ ကုမ္ပဏီများစွာက သူမနဲ့ ကုမ္ပဏီထောက်ခံချက် စာချုပ် ချုပ်ဆိုချင်နေသည်။

ရှားဝမ်ချွေ့၏ ရေပန်းစားမှုက လင်းခယ့်ရှင်းထက် ကျော်လွန်သွားပါပြီ။

ဓားနှင့်နတ်သမီးဒဏ္ဍာရီက ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကို ပို၍ပင် ရေပန်းစားလာစေခဲ့သည်။

ဂိမ်းကစားမည့် လူအများစုက ယောက်ျားလေးများဖြစ်သည်။ ထို့ကြောင့် ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့က ဓားနှင့်နတ်သမီးဒဏ္ဍာရီအတွက် ကြော်ငြာသူများ လုပ်ပေးဖို့ ပိုသင့်တော်ပါသည်။

ဒိလိုဆို ယောက်ျားလေး ကစားသမားများကို ဂိမ်းကစားဖို့ ပိုဆွဲဆောင်နိုင်လိမ့်မည်။

ဝမ်လေးက ချက်ချင်း ပြောလိုက်ပါသည်။ "ကောင်းပါပြီ မစ္စတာလင်း။ ကျေးဇူးအများကြီးတင်ပါတယ်။ ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကို ကျွန်တော်တို့အတွက် ကြော်ငြာသူအဖြစ် ဖိတ်ကြားဖို့က အရမ်းခက်ခဲပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ ကျွန်တော်တို့ ဘယ်လောက်ဖြစ်ဖြစ် ပေးမှာပါ။"

လင်းဖန်က ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်ပြီ။ ဒါဆိုလည်း သဘောတူလိုက်ပြီပေါ့။ အချိန်တစ်ခုယူပြီး စာချုပ်လက်မှတ်ထိုးကြရအောင်။"

ဝမ်လေးက ခေါင်းငြိမ့်လိုက်၏။ "ကောင်းပါပြီ မစ္စတာလင်း ကျွန်တော်တို့လူတွေ ရှန်ဟိုင်းကို ညတွင်းချင်း လေယာဥ်နဲ့လာပြီး လက်မှတ်ထိုးဖို့ စာချုပ်ကို ယွဲ့ဟွာဆီ ယူလာပေးပါ့မယ်။ တစ်ချိန်တည်းမှာပဲ မစ္စရှားနဲ့ မစ္စစုတို့နဲ့ ကုမ္ပဏီထောက်ခံချက် စာချုပ်တွေလည်း လက်မှတ်ထိုးသွားပါ့မယ်။"

နောက်တစ်နေ့ လင်းဖန် ကုမ္ပဏီကို ရောက်လာတော့ သူတို့ကို ထိုအကြောင်း ပြောပြလိုက်ပါသည်။

ယွဲ့ဟွာရှိ လူများက လင်းဖန်ကို အားကျစွာ ကြည့်လိုက်ကြသည်။

ဒါက မူပိုင်ခွင့်ကြေး သန်း ၃၀ နီးပါးပင်။

ယွမ် သန်း ၃၀ ဆိုတာ လူများစွာ တစ်သက်လုံး မရနိုင်မည့် ပမာဏမျိုး ဖြစ်သည်။

"အစ်ကိုဖန် အရမ်းတော်တာပဲ။ယွမ် သန်း ၃၀ နဲ့ အစုပေါ် အမြတ် ၁၀ ရာခိုင်နှုန်းကိုပါ ရဦးမှာဆိုတော့ နောက်ပိုင်းကျရင် ဒီဂိမ်းနဲ့ ဘီလျံနာကြီးတစ်ယောက် ဖြစ်လာလောက်တယ်။"

"မဟုတ်တာ အစ်ကိုဖန်က အစကတည်းက ဘီလျံနာပဲကို။"

အားလုံးကိုကြည့်ကာ လင်းဖန် ပြုံးသာ ပြုံးလိုက်ပြီး စုရှောင်းယွီနဲ့ ရှားဝမ်ချွေ့တို့၏ ရုံးတံခါးများကို တံခါးသွားခေါက်ခဲ့ပါသည်။

"မြောင်မြောင်" ရှားဝမ်ချွေ့က ဒီနေ့ အလွန်အမင်းလှပသည့် ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားသည်။ ပြောစရာမလိုအောင် စုရှောင်းယွီကလည်း သူမ၏ ခေါင်းကိုပြူကာ လင်းဖန်ကို ကြည့်လိုက်ပါသည်။

"ဝမ်ချွေ့ နင့်မှာ အခု ကုမ္ပဏီထောက်ခံချက် မရှိဘူးဆိုတော့ နင့်အတွက် တစ်ခု ဆက်သွယ်ပေးထားတယ်။"

"ဓားနှင့်နတ်သမီးဒဏ္ဍာရီဂိမ်းကို ဖန်တီးပြီးတဲ့အခါ နင်တို့နှစ်ယောက်ကို ဂိမ်းကြော်ငြာပေးဖို့ ဖိတ်ကြားလိမ့်မယ်။ သူတို့ သေသေချာချာလည်း ပေးကြမှာပါ" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။

"ဆရာဆရာ ဒီလိုမျိုးလား။ ဟယ်လိုအဲဗရီးဝမ်း ကျွန်မက ကျားကျားဟွေ့ပါ။ အဲဗရီးဝမ်းအတွက် စူပါ ပျော်ဖို့ကောင်းတဲ့ ဂိမ်းတစ်ခုကို မိတ်ဆက်ပေးပါ့မယ်။ ပလေးဖူး ဘလူးမွန်းလို့ခေါ်ပါတယ်" စုရှောင်းယွီက ရယ်မောလိုက်ပါသည်။ သူမ သိပ်မကြာသေးခင်က ဂိမ်းကြော်ငြာတစ်ခုအကြောင်းကို တွေးမိကာ ဒီလိုပဲ ဖြစ်သည်။ ထိုနာမည်ကျော်၏ မန်ဒရင်းအသံထွက်များက ပုံမှန် မဟုတ်သဖြင့် အင်တာနက်ပေါ်မှာ Meme တစ်ခု ဖြစ်လာခဲ့ပါသည်။

လင်းဖန်က စုရှောင်းယွီ၏ ခေါင်းကိုခေါက်လိုက်ပြီး ပြောလိုက်ပါသည်။ "နင်နေ့တိုင်း ဘာတွေ စဥ်းစားနေတာလဲ။ အဲ့တာက တရားဝင် ကျယ်ပြန့်တဲ့ ဂိမ်းအကြီးစားတစ်ခုပဲ။ နင်ပြောတဲ့ ဝက်ဘ်ဆိုက်ဂိမ်းလေးတွေ မဟုတ်ဘူး။ သူတို့အကုန်လုံးက တရားဝင်တယ်။ ပိုလှတဲ့ အဝတ်အစားလေးတွေ ဝတ်သွားဖို့ မမေ့နဲ့ဦး။"

စုရှောင်းယွီက လျှာထုတ်ကာ ရင်ဘတ်ကော့လိုက်သည်။ "ဆရာ ငါမလှဘူးလား။ ရင်ဘတ်ကြီးကြီးတွေလည်း ရှိတယ်။"

ရှားဝမ်ချွေ့လည်း စုရှောင်းယွီကို ကြည့်ကာ ရင်ကော့လိုက်ပါသည်။

ထို့နောက် စုရှောင်းယွီ ချက်ချင်း ရှုံးနိမ့်သွားတော့သည်။

All Chapters