ဝိညာဉ်ကျောက်တုံး
Vol. 24 Ch. 327
ကောင်းကင်နယ်ပယ် အဆင့်၅ ပညာရှင်တစ်ယောက်နဲ့ ကောင်းကင်နယ်ပယ် အဆင့်၄ ပညာရှင် နှစ်ယောက်။ အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ ဒါက လီဖူချန်း အတွက် သိပ်မလွယ်လှပါဘူး။
အစောပိုင်းတုန်းက သေသွားတဲ့ ဝတ်စုံနက်တွေဟာ လီဖူချန်းဆီမှာ မြေကမ္ဘာ သိုင်းအင်းကွက် ရှိလိမ့်မယ်လို့ ထင်မထားတဲ့ အတွက် အလစ် အငိုက်မိပြီး ခံလိုက်ရတာ ဖြစ်ပါတယ်။
"ဒီကလေးရဲ့ မြေကမ္ဘာအဆင့် သိုင်းအင်းကွက်က အရမ်း အစွမ်းထက်တာတော့ အမှန်ပဲ။ ဒါပေမဲ့ သူက ဒီသိုင်းအင်းကွက်ကို အတိုင်းအဆ မရှိ သုံးနိုင်မှာ မဟုတ်ဘူး။ အချိန်ဆွဲပြီး တိုက်ကြ”
ကောင်းကင်နယ်ပယ် အဆင့်၅ ပညာရှင်ဖြစ်တဲ့ ဝတ်စုံနက်က အခြား ဝတ်စုံနက် နှစ်ယောက်ကို လျှို့ဝှက်ပြီး သတင်း ပေးပို့လိုက်ပါတယ်။
" သွား "
လီဖူချန်းက ဘယ်သူမှ မထင်မှတ်ထားတဲ့ အပြုအမူ တစ်ခုကို ပြုလုပ်လိုက်ပါတယ်။ အဲဒါကတော့ ဖျက်ဆီးခြင်း တံစဉ်ငှက်ကြီးပေါ်ကို ခုန်တက်ပြီး တိုက်ပွဲထဲက ထွက်ပြေးသွားတာပါပဲ။
လီဖူချန်းက သူ့ကို သတိထားနေတဲ့ သည်ဝတ်စုံနက် သုံးယောက်နဲ့ ထိပ်တိုက် ရင်ဆိုင်ရလောက်တဲ့ အထိတော့ မရူးမိုက်သေးပါဘူး။ သူ့အနေနဲ့ အခွင့်ကောင်းကို စောင့်ဖို့ လိုအပ်ပါတယ်။
" သည်ကောင် ထွက်ပြေးဖို့ ကြံနေတာဟေ့။ အဲဒီ ခွေးမသားကို မလွှတ်စေနဲ့ ... ။ လိုက်ကြ။ "
လီဖူချန်းတစ်ယောက် တိုက်ပွဲထဲကနေ ထွက်ပြေးသွားတာကို တွေ့လိုက်ရတဲ့ အခါမှာတော့ ဝတ်စုံနက် သုံးယောက်က လီဖူချန်းဟာ မြေကမ္ဘာ သိုင်းအင်းကွက်ကို အကြိမ်ရေ အနည်းငယ်ပဲ အသုံးပြုနိုင်တာဟု ယူဆလိုက်ကြပါပြီ။
သူတို့သုံးယောက်ဟာ လီဖူချန်းနဲ့ သိပ်လည်းမနီး၊ သိပ်လည်းမဝေးတဲ့ အကွာအဝေး တစ်ခုကနေ ကပ်လိုက် သွားခဲ့ပါတယ်။ သူတို့က လီဖူချန်းကို အဝေးကနေ တရစပ် တိုက်ခိုက်နေပါသေးတယ်။
စိတ်မကောင်းစရာ တစ်ခုကတော့ လီဖူချန်းဟာ မြေကမ္ဘာသိုင်းအင်းကွက်ကို အကြိမ်ရေ အနည်းငယ်သာ ထုတ်သုံးနိုင်တော့လို့ ထွက်ပြေးနေတာ မဟုတ်ပါဘူး။
သံနက်ဓားချီတွေနဲ့ တွဲသုံးလိုက်တဲ့ မြေကမ္ဘာ သိုင်းအင်းကွက်ရဲ့ အစွမ်းကတောင်မှ ကြောက်လန့်စရာ အခြေအနေ အထိ အစွမ်းထက်နေပါပြီ။ ကြေးဝါဓားချီတွေနဲ့သာ မြေကမ္ဘာ သိုင်းအင်းကွက်ကို ပူးတွဲ အသုံးပြုလိုက်မယ် ဆိုရင်ဖြင့် ဘယ်လောက်ထိ အစွမ်းထက်လိုက်မလည်း ဆိုတာကို စဉ်းစားသာ ကြည့်ပါတော့။
ဒါပေမဲ့လည်း မြေကမ္ဘာ သိုင်းအင်းကွက်ဟာ တစ်ကြိမ်သုံးပြီးတာနဲ့ နောက်ထပ် တစ်ကြိမ်မှာ ပိုအားနည်းသွားမှာပါ။ အဲဒီအတွက် လီဖူချန်းက မြေကမ္ဘာ သိုင်းအင်းကွက်ကို အရမ်း ထုတ်မသုံးချင်ပါဘူး။
လီဖူချန်းက ဒီဝတ်စုံနက်သုံးယောက်ကို ကြေးဝါ ဓားအဆီအနှစ်နဲ့သာ အပြတ်ရှင်းဖို့ စဉ်းစားထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အနေနဲ့ ကြေးဝါ ဓားအဆီအနှစ်တွေကို ပြန်လည် လေ့ကျင့်ရယူ နိုင်လို့ပါပဲ။
တိုက်ပွဲဖြစ်ရာ နေရာနဲ့ မိုင်၁၀၀ အကွာအဝေးကို ရောက်တဲ့ အခါမှာတော့ လီဖူချန်းဟာ ပြေးနေတာကို ရပ်တန့်လိုက်ပါပြီ။
" သောက်ကလေး ... ဆက်ပြီး မပြေးတော့ဘူးလား ... ။ ပြေးဦးလေ ... "
ဝတ်စုံနက် ၃ယောက်ထဲက တစ်ယောက်က လီဖူချန်းကို လှောင်ပြောင်နေပါတယ်။
" ငါက ဘာဖြစ်လို့ ဆက်ပြေးနေရမှာလဲ ... ။ ဒီနေရာလောက်ဆိုရင် မင်းတို့ရဲ့ အော်သံတွေကို ဘယ်သူမှ ကြားရတော့မှာမှ မဟုတ်တာ"
လီဖူချန်းက မထီတရီ ပြုံးလိုက်ပြီး ပြန်မေးလိုက်ပါတယ်။
" သတ် "
ဝတ်စုံနက် သုံးယောက်ကတော့ စကား ဆက်မပြောတော့ဘဲ လီဖူချန်းကို စတင် တိုက်ခိုက် လိုက်ပါတော့တယ်။ သူတို့က လီဖူချန်းအနားကို လုံးဝ ကပ်မလာပါဘူး။
သူတို့သုံးယောက်ကလည်း သူတို့ အကြံနဲ့ သူတို့ပါပဲ။ လီဖူချန်းက မြေကမ္ဘာနယ်ပယ် အဆင့်၈ ပညာရှင်ပဲ ရှိသေးတာလေ။ လီဖူချန်းရဲ့ ချီအတွင်းအားတွေက သူတို့ သုံးယောက်လောက် နက်ရှိုင်းခြင်း မရှိသေးပါဘူး။ လီဖူချန်းရဲ့ တိုက်ခိုက်မှု စွမ်းရည်တွေက အခြား အထောက်အပံ့ တွေကြောင့်သာ အစွမ်းထက်နေတာပါ။ အချိန်ကြာလာတာနဲ့ အမျှ လီဖူချန်းက တဖြည်းဖြည်း အတွင်းအား ကုန်ခန်းပြီး အရှုံးပေးသွားရမှာပါ။
သူတို့သုံးယောက်ရဲ့ အကြံကလည်း မဆိုးပါဘူး။ ဒါပေမဲ့လည်း လီဖူချန်းက လူအ တစ်ယောက်မှ မဟုတ်တာလေ။
" သူတို့အနားကို ရအောင်ကပ် "
လီဖူချန်းက ဖျက်ဆီးခြင်း တံစဉ်ငှက်ကို အမိန့်ပေးလိုက်ပါတယ်။
သူတို့ကြားမှာ မိုင်အနည်းငယ် ဝေးနေတဲ့အတွက် လီဖူချန်းဟာ ကြေးဝါဓား အဆီအနှစ်ကို ထုတ်သုံးရင်တောင်မှ သူ့အနေနဲ့ ဝတ်စုံနက်၃ယောက်ကို ဒဏ်ရာရစေရုံသာ တတ်နိုင်ပါလိ့မ်မယ်။ သတ်နိုင်ဖို့ ဆိုတာကတော့ လုံးဝ မဖြစ်နိုင်ပါဘူး။
ဖျက်ဆီးခြင်း တံစဉ်ငှက်ကြီးရဲ့ ပျံသန်းနှုန်းကတော့ သိတဲ့အတိုင်းပါပဲ။ ကောင်းကင်နယ်ပယ် အလယ်အလတ် ပညာရှင်တွေရဲ့ ပျံသန်းနှုန်း ထက်တောင် မြန်နေသေးတာလေ။ ဖျက်ဆီးခြင်း တံစဉ်ငှက်ကြီးဟာ တောင်ပံ တစ်ချက်လိုက်တာနဲ့ ဝတ်စုံနက် ၃ယောက်နားကို အတော်လေး ကပ်လာနိုင်ခဲ့ပါတယ်။
ဝတ်စုံနက် သုံးယောက်ရဲ့ ရင်ထဲမှာတော့ အကြောက်တရားတွေ ဝင်လာခဲ့ပါပြီ။ သူတို့က သွေးရူးသွေးတန်းဖြင့် အနောက်ကို ဆုတ်ခွာပြီး အတွင်းအားချီတွေကို ပစ်လွှတ် လိုက်ပါတယ်။ ဒီတစ်ကြိမ်သူတို့ရဲ့ ပစ်မှတ်ကတော့ လီဖူချန်း မဟုတ်တော့ဘဲ ဖျက်ဆီးခြင်း တံစဉ်ငှက်ကြီး ဖြစ်သွားခဲ့ပါပြီ။
ရွှမ်း ...
လီဖူချန်းက ကြေးဝါ ဓားချီတွေကို သူ့ရဲ့ ဓားနက်ကြီးဆီ ပို့ဆောင်ပြီး အားရပါရ ပိုင်းချလိုက်ပါတယ်။
မျက်စိကျိန်း လောက်အောင် တောက်ပနေတဲ့ ကြေးဝါရောင် ဓားအလင်းတန်းကြီး တစ်ခုက ဝတ်စုံနက် သုံးယောက်ဆီသို့ ပြေးဝင်သွားခဲ့ပါပြီ။
သူတို့နဲ့ လီဖူချန်းရဲ့ကြားက အကွာအဝေးကလည်း နှစ်မိုင်လောက်တောင် မရှိတော့ပါဘူး။
" ရနိုင်သလောက် ဆုတ်ကြ "
ဝတ်စုံနက် သုံးယောက်ကတော့ လီဖူချန်းရဲ့ ဓားချက်ကို ခုခံဖို့တောင် မစဉ်းစားတော့ဘဲ လှည့်ပြီး ပြေးပါတော့တယ်။
သူတို့က လီဖူချန်းနဲ့ ထိပ်တိုက် ရင်ဆိုင်လိုခြင်း မရှိပါဘူူး။ သူတို့က လီဖူချန်းရဲ့ ချီအတွင်းအားတွေ ကုန်သွားတဲ့အချိန်ကိုသာ စောင့်ဆိုင်း လိုကြတာပါ။
ဒါပေမဲ့ သူတို့က ဖျက်ဆီးခြင်း တံစဉ်ငှက်ကြီးကို ထည့်တွက်ဖို့ မေ့သွားပုံပါပဲ။
ဖျက်ဆီးခြင်း တံစဉ်ငှက်ကြီးရဲ့ ပျံသန်းနှုန်းက သူတို့ ထင်ထားတာထက် ပိုမြန်နေပါတယ်။
" သေစမ်း "
ဝတ်စုံနက်သုံးယောက်နဲ့ သူ့ကြားမှာ မီတာ ၈၀၀ ကျော်ကျော်သာ ကွာဝေးတာ့တဲ့ အချိန်မှာတော့ လီဖူချန်းဟာ ဖျက်စီးခြင်း တံစဉ်ငှက်ကို ခြေကုပ်ရယူပြီး အရှေ့ကို အားကုန် ခုန်ထွက်ကာ ဓားဖြင့် ပိုင်းလိုက်ပါတော့တယ်။
( note - ၁မိုင် = ၁၆၀၉.၃၄၄ မီတာ )
" ငရဲမီးတောက် အမြစ်ပြတ် သုတ်သင်ခြင်း "
ရှဲ ... ရှဲ ... ရှဲ ...
အစိမ်းရောင် မီးခိုးတွေ ဟုန်းခနဲ ထွက်ပေါ်လာအပြီးမှာတော့ ဝတ်စုံနက် ၃ယောက်ဟာ လူသားဘဝကနေ ပြာအဖြစ် ဘဝ ပြောင်းသွားခဲ့ပါပြီ။
" အားပါးပါး ... ငါ့ရဲ့ ငရဲမီးဓားသိုင်း ကြောက်စရာ ကောင်းတဲ့ အဆင့်တစ်ခု အထိ ရောက်သွားတာပဲ”
လီဖူချန်းက သူ့ရဲ့ ဓားသိုင်းကိုတောင် သူမယုံနိုင်တော့ပါဘူး။
ကြေးဝါဓားအဆီအနှစ်၊ သန့်စင်သော ယန်အဖိုဓာတ် လျှို့ဝှက်နည်းစနစ် နဲ့ ငရဲမီးဓားသိုင်း တို့ကို ပေါင်းစပ်လိုက်တဲ့ အခါမှာ ထွက်ပေါ်လာတဲ့ ရလဒ်ကတော့ တကယ်ကို ကြောက်စရာပါပဲ။
" အိုး ... ဒါက သိုလှောင်အိတ် တစ်ခု မဟုတ်ဘူးလား"
လီဖူချန်းရဲ့ မျက်လုံးက အောက်ကို ပြုတ်ကျနေဆဲ ဖြစ်တဲ့ အရာတစ်ခုကို လှမ်းမြင် လိုက်တယ်လေ။
" လာခဲ့စမ်း "
သူက သိုလှောင်အိတ်ကို လေဟာနယ် လက်ဝါးဖြင့် ဆွဲယူလိုက်ပါတယ်။
သည်သိုလှောင်အိတ်ပေါ်မှာ ရေးဆွဲထားတဲ့ အင်းကွက်တွေကို မြင်လိုက်တာနဲ့ ဒါက အကောင်းစား သိုလှောင်အိတ် တစ်ခုဆိုတာ သိနိုငိပါတယ်။ ဒီသိုလှောင်အိတ်ကို ပြုလုပ်ထားတဲ့ ပစ္စည်းတွေကလည်း အလွန် ရှားပါးပါလိမ့်မယ်။
" ဥုံဖွ ... ရတနာ ပစ္စည်းတွေ လာစမ်း။ "
လီဖူချန်းက သူ့ရဲ့ချီအတွင်းအားတွေကို သိုလှောင်အိတ်ထံသို့ ပို့ဆောင်ပြီး သိုလှောင်အိတ်ကို ဖွင့်ကြည့် လိုက်ပါတယ်။
သိုလှောင်အိတ်ထဲမှာတော့ များပြားလှတဲ့ ဆေးပင် ဆေးမြစ်တွေ၊ ရွေဒင်္ဂါးတွေနဲ့ အမျိုးအမည် မသိတဲ့ ပစ္စည်းတွေ အများကြီး ရှိနေပါတယ်။ သေချာတာ တစ်ခုကတော့ ဒီပစ္စည်းတွေက သေချာပေါက် တန်ဖိုးကြီး ပစ္စည်းတွေပါပဲ။
( ရွှေပြားတွေအစား ရွှေဒင်္ဂါးလို့ ပြောင်းသုံးပါရစေ။ )
ပြီးတော့ ဝိညာဉ်ချီစွမ်းအင်တွေ ပြည့်ဝနေတဲ့ ကျောက်တုံး တော်တော်မျာများလည်း ရှိနေပါသေးတယ်။
" ဒါက ဝိညာဉ် ကျောက်တုံး ဆိုတာလား ... "
လီဖူချန်းက အကြီးအကျယ် အံ့အားသင့် သွားမိပါတယ်။
ဝိညာဉ် ကျောက်တုံးတွေ ဆိုတာက ကောင်းကင်နဲ့ မြေကြီးကနေ ဖြစ်တည် လာခဲ့တာပါ။ ဒီဝိညာဉ် ကျောက်တုံးတွေ ထဲမှာဆိုရင် ကောင်းကင်နဲ့ မြေကြီးရဲ့ သန့်စင်တဲ့ ချီစွမ်းအင်တွေ ခိုဝင် ကိန်းအောင်း နေပါတယ်။
လူတစ်ယောက်ဟာ ကောင်းကင်နယ်ပယ်ကို ရောက်သွားပြီဆိုရင် သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ ချီစွမ်းအားတွေ အပေါ်မှာဘဲ မှီခိုနေလို့ မရတော့ပါဘူး။ သူတို့ရဲ့ ချီစွမ်းအင် လိုအပ်မှုက အရမ်း များလာခဲ့ပါပြီ။ သူတို့ဟာ လုံလောက် ချီစွမ်းအင်တွေကို စုပ်ယူနိုင်ခြင်း မရှိဘူးဆိုရင်တော့ ကျင့်ကြံခြင်းမှာ အဆင့်ထပ်တက် တော့မှာ မဟုတ်ပါဘူး။
အဲဒီအတွက် ကောင်းကင် နယ်ပယ်နဲ့ အထက်က ပညာရှင်တွေဟာ သူတို့ရဲ့ ချီစွမ်းအင် လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အတွက် ဝိညာဉ် ကျောက်တုံးတွေကို လိုအပ်လာပါတယ်။
အရှေ့ယူနီကွန်း တိုက်ကြီးမှာတော့ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး တစ်တုံးရဲ့ တန်ဖိုးကတောင်မှ မိုးလောက်အထိ မြင့်ပါတယ်။
အကယ်၍သင်က အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး တစ်ခုကို လေလံပွဲတွေမှာ တွေ့လို့ ဝယ်ချင်ရင်တောင်မှ အနည်းဆုံးတော့ ရွှေဒင်္ဂါး ၁၀သန်းကျော် ပေးရပါလိမ့်မယ်။ ဒါတောင်မှ အဲဒါက ကြမ်းခင်ဈေးပဲ ရှိပါသေးတယ်။ သင်နဲ့အပြိုင် ဈေးယှဉ် ပေးမယ့်လူတွေ ရှိနေမယ် ဆိုရင်တော့ဖြင့် သင့်အနေနဲ့ ရွှေဒင်္ဂါး သန်းပေါင်း တစ်ထောက်လောက် အထိကို ပေးလိုက်ရ နိုင်ပါတယ်။
ဒါပေမဲ့ လီဖူချန်းက ဒီဝိညာဉ် ကျောက်တုံးတွေကို ရောင်းချထားဖို့ မစဉ်းစားထားပါဘူး။ သူက ဒီဝိညာဉ် ကျောက်တုံးတွေကို လေ့ကျင့်ဖို့အတွက် ရည်ရွယ်ထားပါတယ်။
သာမန်မြေ ကမ္ဘာပညာရှင်တွေ ဆိုရင်တော့ ဝိညာဉ် ကျောက်တုံးတွေကနေ ချီစွမ်းအင်တွေ စုပ်ယူပါက အကျိုး မဖြစ်တဲ့အပြင် ဆိုးကျိုးတွေတောင် ခံစားရစေနိုင်ပါတယ်။
ဒါပေမဲ့ လီဖူချန်းကတော့ အဲဒီလို ဆိုးကျိုးတွေကို ခံစားရမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လီဖူချန်းရဲ့ ချီအတွင်းအား အရည်အသွေးတွေက ကောင်းကင်နယ်ပယ် ပညာရှင် တစ်ယောက်ရဲ့ ချီအတွင်းအား အရည်အသွေးနဲ့ ညီမျှနေလို့ပါပဲ။
ဒီဝိညာဉ် ကျောက်တုံးတွေနဲ့ ဆိုရင်တော့ လီဖူချန်းအနေနဲ့ မြေကမ္ဘာ နယ်ပယ် အဆင့်၉ကိုတောင် အချိန်တို အတွင်းမှာ ချိုးဖောက် ဝင်ရောက် သွားနိုငိပါတယ်။
' နှမြောစရာ ကောင်းလိုက်တာကွာ'
လီဖူချန်းက အခြားသော သူတွေဆီက သိုလှောင်အိတ်တွေ မယူခဲ့မိတဲ့ အတွက် အကြီးအကျယ် ဝမ်းနည်း ပူဆွေးနေပါတယ်။ ဒီဝတ်စုံနက်တွေ ဆီမှာ စိတ်ဝိညာဉ် ကျောက်တုံးတွေ ရှိတယ်ဆိုတာကိုသာ စောစောကတည်းက သိခဲ့ရင်ဖြင့် သူဟာ ကြိုးကြိုးစားစားနဲ့ သိုလှောင်အိတ်တွေကို ရှာခဲ့မိမှာပါ။
ဒါပေမဲ့ လီဖူချန်း မသိတာ တစ်ခုကတော့ ကောင်းကင်နယ်ပယ် ပညာရှင်တိုင်းဟာ ဝိညာဉ် ကျောက်တုံးတွေကို ဆောင်ထားနိုင်တာ မဟုတ်ဘူး ဆိုတာပါပဲ။
မိုးပြာရောင် ဂိုဏ်းမှာတောင်မှ ဝိညာဉ် ကျောက်တုံးတွေကို အကန့်အသတ်နဲ့ ပေးတာ ဖြစ်ပါတယ်။
အဆင့်နိမ့် အတွင်းစည်း အကြီးအကဲ တစ်ယောက်ဟာ တစ်နှစ်မှာ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး တစ်တုံးသာ ရတာပါ။ အလယ်အလတ် အဆင့် အတွင်းစည်း အကြီးအကဲ တစ်ယောက် ကတော့ တစ်နှစ်မှာ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး နှစ်တုံးရပြီး အဆင့်မြင့် အတွင်းစည်း အကြီးအကဲ တစ်ယောက်ကတော့ တစ်နှစ်မှာ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး လေးတုံး ရပါတယ်။
ဝိညာဉ် ကျောက်တုံးတွေကို ရပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ အတော်လေး အူမြူး လာခဲ့ပါပြီ။ ဒါပေမဲ့လည်း အခုအချိန်က အူမြူးနေရမယ့် အချိန် မဟုတ်သေးပါဘူး။
ထို့နောက်မှာတော့ လီဖူချန်းက ဖျက်ဆီးခြင်း တံစဉ်ငှက်ကြီးကို စီးပြီး တိုက်ပွဲဖြစ်ရာကို ပြန်လာ ခဲ့ပါတော့တယ်။
တိုက်ပွဲကတော့ အထွတ်အထိပ်ကို ရောက်နေပါပြီ။
ကြောင်မျက်နှာဖုံးရှင်နဲ့ ကင်းခြေများ မျက်နှာဖုံးရှင်ကတော့ ဘယ်အချိန်ထဲ ပေါင်းမိ သွားလည်း မသိပါဘူး။ သူတို့ နှစ်ယောက်ဟာ ကျောချင်းကပ်ပြီး မိုးပြာရောင်ဂိုဏ်း အတွင်းစည်း အကြီးအကဲတွေရဲ့ တိုက်ခိုက်မှုကို ခုခံနေပါတယ်။
သူတို့ နှစ်ယောက်စလုံးရဲ့ ခန္ဓာကိုယ်ကနေ ဖြာထွက်နေတဲ့ သွေးအလင်းတန်းတွေက သူတို့ နှစ်ယောက်ကို သွေးမိစ္ဆာ နတ်ဘုရား ၂ပါးအလား ယုံမှားသံသယ ဝင်စေမိပါတယ်။
မိုးပြာရောင် ဂိုဏ်းရဲ့ အတွင်းစည်း အကြီးအကဲ ၁၁ယောက်လုံးကတော့ တူညီတဲ့ ဓားသိုင်း တစ်ခုကို အသုံးပြုပြီး ပူးပေါင်း တိုက်စစ် ဆင်နေပါပြီ။ အဲဒီ ပူးပေါင်း တိုက်စစ်ဆင်မှုကတော့ အတော်လေး အလုပ်ဖြစိပုံပါပဲ။ သူတို့ ၁၁ ယောက်ဟာ အပေးအယူ မျှတစွာဖြင့် ဓားပိုက်ကွန်ကြီး တစ်ခုကို ဖြန့်ကြက်ထားပါတယ်။
ဒါပေမဲ့လည်း သည်ပူးပေါင်း တိုက်စစ်ဆင်မှုက ကြောင်မျက်နှာဖုံးရှင်နဲ့ ကင်းခြေများ မျက်နှာဖုံးရှင်တို့ကို အနိုင်ရယူ နိုင်တဲ့ အထိတော့ မစွမ်းဆောင် နိုင်သေးပါဘူး။
" ဟူး ... သည်နှစ်ကောင်က အရမ်း အစွမ်းထက် လွန်းနေတယ်"
လင်ခွန်းက အတော်လေး ခေါင်းမီးတောက်နေပါပြီ။ သူက ပခုံးကော ရင်ဘတ်မှာပါ ဒဏ်ရာ ရထားပါသေးတယ်။ ကြောင်မျက်နှာဖုံးရှင်က ဒီအတိုင်းဆက်ပြီး တိုက်ခိုက်နိုင်စွမ်း ရှိနေဦးမယ်ဆိုရင် အကြီးအကဲ မားချီဟိုင်တောင်မှ သူ့ကို အနိုင်ယူနိုင်မှာ မဟုတ်ပါဘူး။
လီဖူချန်းကလည်း တိုက်ပွဲထဲကို အလျင်အမြန် ဝင်ရောက်လာခဲ့ပါပြီ။
လီဖူချန်းက အတော်ပါးနပ်တဲ့ လူတစ်ယောက်ပါပဲ။ သူက ရန်သူတွေကို ဘယ်တော့မှ ထိပ်တိုက် ရင်ဆိုင်ခြင်း မရှိပါဘူး။ သူက တိုက်ပွဲအတွင်း လှည့်ပတ် ပြေးလွှားနေပြီး ဟာကွက် တွေ့မှသာ ဝင်ပြီး တိုက်ခိုက်တာ ဖြစ်ပါတယ်။
" ဟာ ... အခြေအနေ မကောင်းတော့ဘူး”
လီဖူချန်းက သူ့ရဲ့ လက်ကောက်ဝတ်မှာရှိတဲ့ ကောင်းကင်ပျက်သုဉ်း ဓားအင်းကွက် အရောင်မှိန် လာတာကို သတိပြုလိုက် မိပါတယ်။ ဒီဓားအင်းကွက် ပျောက်ကွယ် သွားရင် သူ့အနေနဲ့ နောက်ထပ် တစ်ခါ ထပ်ပြီး ပြန်အသက်သွင်း နိုင်ဦးမလား ဆိုတာက မသေချာပါဘူး။
" ဖျက်ဆီးစမ်း “
လီဖူချန်းက သူ့ရဲ့ သိုလှောင်အိတ်ထဲမှာရှိတဲ့ နတ်ဆိုးသတ် မြားတစ်စင်းကို ထုတ်ယူပြီး ပစ်လွှတ် လိုက်ပါတယ်။
သည်မြားကိုတော့ အကြီးအကဲ ဇောင်ဝူကျင်းက သူ့ကို ပေးထားတာ ဖြစ်ပါတယ်။
ရွှီး ...
နတ်ဆိုးသတ် မြားကတော့ အရှိန်အဟုန် ပြင်းစွာဖြင့် ကင်ခြေများ မျက်နှာဖုံး ပိုင်ရှင်ဆီကို ပြေးဝင်သွားခဲ့ပါပြီ။
ကင်းခြေများ မျက်နှာဖုံးပိုင်ရှင်က လူအများကြီးရဲ့ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံနေရတဲ့ အတွက် လီဖူချန်း ပစ်လွှတ်လိုက်တဲ့ နတ်ဆိုးသတ် မြားကို လုံးဝ သတိမပြုမိခဲ့ပါဘူး။
သူသတိပြုမိလိုက်တဲ့ အချိန်မှာတော့ နတ်ဆိုးသတ်မြားက သူ့ရဲ့ ချီအကာအကွယ်ကို ဖြတ်ကျော် လာခဲ့ပါပြီ။
" သွားစမ်း "
ကင်းခြေများ မျက်နှာဖုံးရှင်က သွေးအလင်းတန်းဖြင့် နတ်ဆိုးသတ်မြားကို ဖျက်ဆီး လိုက်ပါတယ်။
" ခိခိ ... ငါးစာကို လာဟပ်ပြီ "
လီဖူချန်းက ခပ်တိုးတိုးလေး ကျိတ်ရယ် လိုက်ပါတယ်။
လီဖူချန်းအနေနဲ့ သူ့ရဲ့ နတ်ဆိုးသတ်မြားက ကင်းခြေများ မျက်နှာဖုံးပိုင်ရှင်ကို ထိခိုက်ဒဏ်ရာ ရစေ နိုင်လိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး။ သူက ကင်းခြေများ မျက်နှာဖုံးရှင်ရဲ့ သတိ အခြေအနေကို စမ်းသပ်လိုက်တာပါ။
' ရော့ ... ငါ့ရဲ့ မြေကမ္ဘာအဆင့် လက်နက် အကျိုးအပဲ့ကို မြည်းကြည့် '
လီဖူချန်းက စိတ်ထဲကနေ ကြုံးဝါးပြီး တိုက်ပွဲတစ်ရာ နယ်မြေထဲကနေ ရခဲ့တဲ့ မြေကမ္ဘာ အဆင့် လက်နက် အပိုင်းအစကို လျှို့ဝှက်စွာ ပစ်လွှတ် လိုက်ပါတယ်။
ဒါပေမဲ့လည်း သိပ်ပြီးတော့ အကြောင်းမထူးခဲ့ပါဘူး။ သူပစ်လွှတ် လိုက်တဲ့ မြေကမ္ဘာအဆင့် လက်နက်အကျိုးအပဲ့ဟာ သွေးအလင်းတန်းတွေနဲ့ ထိပြီး အောက်ကို ပြုတ်ကျ သွားခဲ့ပါတယ်။ ကင်းခြေများ မျက်နှာဖုံး ရှင်ကတော့ အကောင်း ပကတိပါပဲ။
ဘုန်း ... ဝုန်း ... ဝုန်း ...
တိုက်ပွဲက အချိန်ကြာလာတာနဲ့အမျှ မိုးပြာရောင်ဂိုဏ်းဟာ သိသိသာသာကြီး အရေးနိမ့် လာခဲ့ပါပြီ။ အတွင်းစည်းအကြီးအကဲ တော်တော်များများဟာ ကြောင်မျက်နှာဖုံးရှင်နဲ့ ကင်းခြေများ မျက်နှာဖုံးရှင်တို့ရဲ့ တိုက်ခိုက်မှုကို မခုခံနိုင်တော့ပါဘူး။
သွေးပုလဲတွေရဲ့ အကူအညီ ရထားတဲ့ သည်နှစ်ယောက်ဟာ ပိုပိုပြီးတော့ အစွမ်းထက် လာပါတယ်။
မိုးပြာရောင်ဂိုဏ်း က ပေးထားတဲ့ အသက်ကယ် ပစ္စည်းတွေသာ မရှိရင်တော့ အတွင်းစည် အကြီးအကဲ တော်တော်များများဟာ သေနေလောက်ပါပြီ။
ကြောင်မျက်နှာဖုံးရှင်ရဲ့ အခြေအနေကလည်း သိပ်ပြီးတော့ မကောင်းလှပါဘူး။ သွေးပုလဲကနေ ရနေတဲ့ သွေးတာအို အဆီအနှစ် စွမ်းအားတွေက သူ့ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ကို စတင်ဝါးမျိုစ ပြုနေပါပြီ။ သူ့အနေနဲ့ ဒီသွေးတာအို အဆီအနှစ် စွမ်းအားတွေကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိတော့ပါဘူး။
" မင်းတို့အားလုံး သေကြစမ်း "
ကြောင်မျက်နှာဖုံး ရှင်ဟာ အသက်ကို တစ်ဝကြီး ရှူလိုက်ပြီး သူ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ သွေးတာအို စွမ်းအားတွေ အကုန်လုံးကို ထုတ်သုံးလိုက်ပါပြီ။
ကြီးမားလှတဲ့ သွေးလုံးကြီး တစ်လုံးဟာ သူ့ရဲ့ အနောက်မှာ ဖြစ်တည်လာပြီး အရပ် ၁၆မျက်နှာလုံးကို သွေးအလင်းတန်းတွေ ပစ်လွှတ် လိုက်ပါတယ်။
အား ...
အိုး ...
အမယ်လေး ...
မိုးပြာရောင် ဂိုဏ်းသားတွေ အကုန်လုံးဟာ သွေးပွက်ပွက် အန်ပြီး လွင့်ထွက် ကုန်ကြပါတယ်။ ကောင်းကင်နယ်ပယ် အဆင့်နိမ့် ပညာရှင်တွေကတော့ သွေးအလင်းတန်းရဲ့ ဒဏ်ကို သေလုမြောပါး ခံလိုက်ရပါတယ်။
" ငါတို့က သည်လိုနဲ့ ရှုံးနိမ့်သွားတော့မှာလား ... "
မိုးပြာရောင်ဂိုဏ်းသားတွေ အားလုံးကတော့ သူတို့ရဲ့ ကံကြမ္မာကို ဘယ်လိုမှ လက်ခံလိုခြင်း မရှိသေးပါဘူး။ ဒါပေမဲ့လည်း သူတို့ဟာ ဘာမှ မတတ်နိုင်တော့တဲ့ အခြေအနေကို ရောက်နေပါပြီ။
သူတို့အားလုံးဟာ သူတို့ တတ်စွမ်းသလောက် အကောင်းဆုံး လုပ်ဆောင်ခဲ့ပြီးပြီ ဖြစ်ပါတယ်။ မြေကမ္ဘာ အဆင့်၈ ပညာရှင်ဖြစ်တဲ့ လီဖူချန်းကလည်း သူတို့ကို အံ့သြစရာ ကောင်းလောက်အောင်ကို အကူအညီ ပေးခဲ့ပါသေးတယ်။
ဒါပေမဲ့ အဆုံးသတ်မှာတော့ သူတို့ဟာ ရှုံးနိမ့်ခဲ့ရပါပြီ။
" သွေးနတ်ဘုရား လှုံ့ဆော်ခြင်း "
ကြောင်မျက်နှာဖုံးရှင်က သူ့ရဲ့ စိတ်ဝိညာဉ်ကို စုစည်းလိုက်ပြီး သွေးအလင်းတန်း တစ်ခုကို ပစ်လွှတ် လိုက်ပြန်ပါတယ်။ ထိုအလင်းတန်းရဲ့ လားရာကတော့ အတွင်းစည်း အကြီးအကဲ တစ်ယောက်ထံပါပဲ။
"အား ... "
သွေးအလင်းတန်း ထိမှန်ခြင်း ခံလိုက်ရတဲ့ အတွင်းစည်း အကြီးအကဲကတော့ ပွဲချင်းပြီးကို သေသွားခဲ့ပါပြီ။ ထိုအကြီးအကဲကတော့ မိုးပြာရောင် ဂိုဏ်းဘက်က ပထမဆုံး ကျဆုံးတဲ့ အကြီးအကဲပါပဲ။
" လာစမ်း ... သူသေကိုယ်သေပေါ့"
အတွင်းစည်း အကြီးအကဲ တစ်ယောက်က အနက်ရောင် သတ္တုလုံး တစ်ခုကို ထုတ်ယူလိုက်ပြီး ကြောင်မျက်နှာဖုံး ရှင်ထံ ပစ်ပေါက်လိုက်ပါပြီ။
ဝုန်း
ထိုအနက်ရောင် သတ္တုလုံးရဲ့ ပေါက်ကွဲအားက ကောင်းကင်နယ်ပယ် အဆင့်မြင့်ပိုင်းက ပညာရှင် တစ်ယောက် အားကုန်သုံးပြီး တိုက်ခိုက် လိုက်တာနဲ့တောင် ညီမျှနေပါတယ်။
ဒါက မိုးကြိုးဂိုဏ်းရဲ့ ကောင်းကင် မိုးကြိုးဗုံး ဖြစ်ပါတယ်။ ထိုအတွင်းစည်း အကြီးအကဲက သေရေးရှင်ရေး ကိစ္စတွေမှာ အသုံးပြုဖို့ သိမ်းထားတဲ့ တစ်လုံးတည်းသော ကောင်းကင် မိုးကြိုးဗုံး ဆိုရင်လည်း မမှားပါဘူး။
ကောင်းကင်မိုးကြိုးဗုံးက ကြောင်မျက်နှာဖုံး ရှင်ကို ဒဏ်ရာ ရစေခြင်း မရှိခဲ့ပေမယ့်လည်း အနောက်ကို ဆုတ်သွား စေခဲ့ပါတယ်။ ကြောင်မျက်နှာဖုံးရှင်ရဲ့ သွေးအလင်းတန်း ချီတွေကတော့ ယိမ်းယိုင် သွားခဲ့ပါပြီ။
( note -မိုးကြိုးဂိုဏ်းက ၂ခု ဖြစ်နေပါတယ်။ လက်နက်ပုန်းတွေ ထုတ်လုပ်တဲ့ မိုးကြိုးဂိုဏ်း နဲ့ စီးတုလေ့တို့ရဲ့ မိုးကြိုးဂိုဏ်းဆိုပြီး ၂ဂိုဏ်းရှိနေတာပါ။ အဲဒီအတွက် နောက်ပိုင်းကျရင် စီးတုလေ့တို့ရဲ့ ဂိုဏ်းကို မိုးကြိုး နတ်ဘုရားဂိုဏ်းလို့ သုံးပါမယ်။ )
***