← Chapters

ခြေလှမ်းတစ်ထောင် ထုံယု

Vol. 24 Ch. 328

ခြေလှမ်းတစ်ထောင် ထုံယု

Vol. 24 Ch. 328

" မိုးပြာရောင် ရေဓား ပူပေါင်းတိုက်ကွက်   ... ။  မိုးပြာရောင်ရေဓား ခုတ်ချက်"

လက်ရှိ အချိန်မှာတော့ မိုးပြာရောင်ဂိုဏ်း အတွင်းစည်း အကြီးအကဲတွေဟာ  ဂိုဏ်းတော်ရဲ့ ပူးပေါင်း ဓားကွက် အပေါ်မှာသာ မှီခို ရပါတော့မယ်။

ဓားတာအိုဂိုဏ်းတွေ ဖြစ်တဲ့ အလျောက် မိုးပြာရောင် ဂိုဏ်းမှာလည်း အစွမ်းထက်တဲ့ ပူးပေါင်း ဓားကွက် ရှိနေတာပါပဲ။

မိုးပြာရောင်ဂိုဏ်းရဲ့  မိုးပြာရောင်ရေဓား ပူးပေါင်း သိုင်းကွက်ကို အသုံးပြုဖို့ဆိုရင် ကျင့်ကြံခြင်း နယ်ပယ် တူညီတဲ့ လူ၅ယောက် ရှိရပါမယ်။  ပြီးတော့ အဲဒီ လူငါးယောက်ကလည်း မိုးပြာရောင်ရေ ဓားသိုင်းကို လေ့ကျင့် ထားရပါဦးမယ်။

အကယ်၍သာ လူ၅ယောက်က ဒီပူးပေါင်းဓားကွက်ကို ဟာကွက် မရှိအောင် ချိတ်ဆက် အသုံးပြုနိုင်မယ်ဆိုရင် သူတို့ထက် အဆင့်လေးဆင့် ဒါမှမဟုတ် အဆင့်၅ဆင့်သာတဲ့ ကောင်းကင် ပညာရှင်ကိုတောင် ယှဉ်နိုင်စွမ်း  ရှိတယ်ဆိုတဲ့ အချက်အလက် မှတ်တမ်း တွေတောင် ရှိပါသေးတယ်။

ဒါပေမဲ့လည်း ဒီပူးပေါင်း ဓားကွက်ကို ဟာကွက်မရှိအောင် အသုံးပြုဖို့ဆိုတာ လွယ်တဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး။ မိုးပြာရောင်ဂိုဏ်းရဲ့ အတွင်းစည်း အကြီးအကဲတွေထဲမှာတောင်မှ  မိုးပြာရောင် ဓား၅လက်ဟု အမည်ရတဲ့ အကြီးအကဲ ၅ယောက်သာ ဒီပူးပေါင်းဓားကွက်ကို ဟာကွက်မရှိအောင် ချိတ်ဆက်ပြီး အသုံးပြုနိုင်စွမ်း ရှိပါတယ်။  ကျန်တဲ့သူတွေကတော့ မိုးပြာရောင် ဓား၅လက်လောက် အတွဲညီချင်း မရှိခဲ့ပါဘူး။

မိုးပြာရောင်ရေဓား ပူးပေါင်းတိုက်ကွက်ကို လက်ရှိအသုံးချနေတဲ့ အတွင်းစည်း အကြီးအကဲ ၅ယောက်ကတော့  ကျင့်ကြံခြင်း အဆင့်ကစပြီး လွဲနေတာပါ။  သူတို့ ၅ယောက်ထဲမှာ ကျင့်ကြံခြင်း အဆင့် အမြင့်ဆုံး လူကတော့ ကောင်းကင်နယ်ပယ် အဆင့်၆မှာ ရှိပြီး အနိမ့်ဆုံး လူကတော့ ကောင်းကင် နယ်ပယ် အဆင့်၄မှာ ရှိနေပါတယ်။ သူတို့ရဲ့ ဓားချက်တွေက  လိုအပ်ချက်တွေ ရှိနေသလို အချိတ်အဆက် ပိုင်းမှာလည်း လုံးဝကို အပေးအယူ မျှတခြင်း မရှိပါဘူး။

အဲဒီအတွက် ဒီအတွင်းစည်း အကြီးအကဲ၅ယောက်ရဲ့ ပူးပေါင်း ဓားကွက်ဟာ ကြောင်မျက်နှာဖုံးရှင်ရဲ့ တိုက်ခိုက်မှုကို ထိန်းထားနိုင်ရုံမျှသာ အစွမ်းရှိပါတော့တယ်။

မျက်စိကျိန်း လောက်အောင် တောက်ပနေသော ဓားရောင်စဉ်တန်းကြီး ကတော့ ကောင်းကင် ပေါ်ကနေ ကျလာပြီး  ကြောင်မျက်နှာဖုံးရှင်ကို ခုတ်ချလိုက်ပါပြီ။

ကြောင်မျက်နှာဖုံးရှင်က အဲဒီ ဓားချက်ကို မမှုဘဲ သူ့ရဲ့ သံမဏိလက်သည်းဖြင့် ကုတ်ဆွဲကာ ဓားရောင်စဉ် တန်းကြီးကို ဖျက်ဆီး ပစ်လိုက်ပါတယ်။

" သေစမ်း "

ကြောင်မျက်နှာဖုံးရှင်ရဲ့ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာတဲ့ သွေးတာအို စွမ်းအင် တစ်ခုက မိုးပြာရောင် ရေဓား ပူပေါင်း တိုက်ကွက်ကို ဖျက်ဆီးရန် အလို့ငှာ တိုးဝင် လာခဲ့ပါတယ်။

" မိုးပြာရောင် ရေဓား အကာအကွယ် "

အတွင်းစည်း အကြီးအကဲ ငါးယောက်ရဲ့ ဓားငါးလက်က ပူးပေါင်း သွားပြီး အရောင်အသွေး စုံလင်လှတဲ့ ဓားအကာအကွယ် တစ်ခုကို ဖန်တီးလိုက်ပါတယ်။

ဝုန်း ...

ဓားအကာအကွယ်ကြီး ပျက်စီးသွားပြီး  အကြီးအကဲ ငါးယောက်ဟာ လွင့်ထွက် သွားခဲ့ပါပြီ။  ကံကောင်းတာ တစ်ခုကတော့ သူတို့ရဲ့ ပူးပေါင်း ဓားကွက်က ပျက်မသွားခဲ့တာပါပဲ။

' ထူးဆန်းလိုက်တဲ့  ပူးပေါင်း ဓားကွက် ပါလား'

လီဖူချန်းက ပူးပေါင်း ဓားကွက်ကို ကြည့်ပြီး စိတ်ထဲကနေ အတော်လေး ချီးကျူးနေမိပါတယ်။

ပူးပေါင်း ဓားကွက် ဆိုတာက  လူအများကြီးရဲ့ စွမ်းအင်ကို တစ်ခုတည်း အဖြစ် ပေါင်းစည်း လိုက်တာပါပဲ။ ဒါက တကယ်ကို အဆင့်အတန်း မြင့်တဲ့ ပညာရပ် တစ်ခု ဖြစ်ပါတယ်။

" သွေးနတ်ဘုရား လှုံ့ဆော်ခြင်း "

ကြောင်မျက်နှာဖုံးရှင်က  သွေးနတ်ဘုရား လှုံ့ဆော်ခြင်းကို နောက်ထပ် တစ်ဖန် အသုံးပြု လာပြန်ပါပြီ။  သည်တစ်ခါ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ပူးပေါင်းဓားကွက်ကို ဖျက်ဆီးပစ်ဖို့ပါပဲ။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူဟာ သွေးနတ်ဘုရား လှုံ့ဆော်ခြင်းကို အပြည့်အဝ ထုတ်သုံးနိုင်ပုံ မရတော့ပါဘူး။  သူ့ထံက ထွက်လာတဲ့ သွေးတာအို အလင်းတန်းကြီးဟာ အရင်လို သိပ်သည်း မနေတော့သလို  သွေးတာအို အင်အားကလည်း  အားလျော့ လာခဲ့ပါပြီ။

အဲဒီအတွက်  သွေးအလင်းတန်းကြီးဟာ ပူးပေါင်း ဓားကွက်ကို ဖျက်ဆီးနိုင်ခြင်း မရှိခဲ့ပါဘူး။

" သူ့ရဲ့ သွေးတာအို စွမ်းအားတွေက ထိန်းချုပ်မှု လွတ်နေပြီ။ "

အကြီးအကဲ လင်ခွန်းက ရန်သူရဲ့ အားနည်းချက်ကို ချက်ချင်း သတိပြုမိ လိုက်ပါတယ်။

ကြောင်မျက်နှာဖုံးရှင်ရဲ့ နဂိုမူလ စွမ်းအားက သူ့ထက် အနည်းငယ်သာ အစွမ်းထက်တာပါ။  သွေးပုလဲရဲ့ အကူအညီသာ မပါရင်တော့ မိုးပြာရောင် ဂိုဏ်းအနေနဲ့ ဒီလောက်အထိ အကျပ်အတည်း တွေ့နေမှာ မဟုတ်ပါဘူး။

အခြားသော အကြီးအကဲတွေကလည်း  အဲဒီအချက်ကို သတိပြုမိ လိုက်ကြပါတယ်။

" မိုးပြာရောင်ရေဓား ခုတ်ချက် "

အရောင်အသွေး စုံလင်လှတဲ့ ဓားအလင်းတန်းကြီး တစ်ခုက ထွက်ပေါ် လာခဲ့ပြန်ပါပြီ။  ဒီတစ်ကြိမ်မှာတော့ ဓားအလင်းတန်းကြီးက ကြောင်မျက်နှာဖုံးရှင်ရဲ့ လက်သည်း ကုတ်ချက်နဲ့ တူညီတဲ့ စွမ်းရည်ကို ပြသနိုင်ခဲ့ပါတယ်။

အခြားတစ်ဖက်မှာရှိတဲ့ ကင်းခြေများ မျက်နှာဖုံးရှင်ရဲ့ သွေးအလင်းတန်းတွေကလည်း အရောင်မှိန်ဖျော့ လာခဲ့ပါပြီ။

ကြောင်မျက်နှာဖုံးရှင်နဲ့ မတူတဲ့ အချက်တစ်ခုကတော့ ကင်းခြေများ မျက်နှာဖုံးရှင်ဟာ သွေးတာအို လမ်းစဉ်ကို လျှောက်လမ်းတဲ့သူ မဟုတ်တာပါပဲ။  အဲဒီ အတွက် သွေးပုလဲကို ထိန်းချုပ်ရတာက သူ့အတွက်တော့ မလွယ်ကူလှပါဘူး။  ပြီးတော့ သူ့ရဲ့ စွမ်းရည်က ကြောင်မျက်နှာဖုံး ရှင်ထက် နိမ့်ကျနေပါသေးတယ်။

"ဟဟဟ ...  ဟာကွက် ပေါ်လာပြီ  "

ကင်းခြေများ မျက်နှာဖုံးရှင်ရဲ့ မတည်မငြိမ် ဖြစ်နေတဲ့ သွေးအလင်းအတန်း အကာအကွယ်ကို လီဖူချန်းတစ်ယောက် သတိပြုမိလိုက်ပါပြီ။

"ရော့ ... သည်တစ်ကြိမ်ကော  ... ကာကွယ်စမ်း။ "

လီဖူချန်းက သူ့ရဲ့ မြေကမ္ဘာလက်နက် အကျိုးအပဲ့ကို ထုတ်ပြီး ပစ်လိုက်ပြန်ပါတယ်။

ရွှပ်

သည်တစ်ကြိမ်မှာတော့ လီဖူချန်းရဲ့ မြေကမ္ဘာလက်နက် အကျိုးအပဲ့ဟာ  သွေးအကာအကွယ်ရဲ့ အားအနည်းဆုံး နေရာကို ဖောက်ဝင်သွားပြီး  ကင်းခြေများ မျက်နှာဖုံးရှင်ကို ဒဏ်ရာ ရသွားစေခဲ့ပါတယ်။

သည်ဒဏ်ရာက သိပ်အနက်ကြီးတော့ မဟုတ်ပါဘူး။  ဒါပေမဲ့ နောက်ဆုံးမှာတော့ လီဖူချန်းက ကင်းခြေများ မျက်နှာဖုံးရှင်ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ပါပြီ။

" ခွေးမသားလေး ... "

ကင်းခြေများ မျက်နှာဖုံးရှင်က သူ့ကို ဒဏ်ရာရစေတဲ့သူက  လီဖူချန်းဆိုတာကို သိပါတယ်။  သူက လီဖူချန်းကို  အငြိုးတကြီးနဲ့ လိုက်လံ တိုက်ခိုက်ပါတော့တယ်။

" လာစမ်းပါ "

လီဖူချန်းကလည်း သူ့အခြေအနေကို သူသိတဲ့ လူတစ်ယောက်ပါပဲ။  သူက မြေကမ္ဘာ လက်နက် အကျိုးအပဲ့ကို ပစ်ပြီးတာနဲ့ မိုးပြာရောင် အတွင်းစည်း အကြီးအကဲတွေရဲ့ အကာအကွယ် ထဲကို ပြေးဝင်ပြီးသား ဖြစ်နေပါပြီ။

" သေစမ်းကွာ "

ကင်းခြေများ မျက်နှာဖုံးရှင်က သွေးတာအိုစွမ်းအင်တွေကို  ဖောက်ခွဲ ပစ်လိုက်ပါတယ်။

အား ...

လီဖူချန်း အပါအဝင် မိုးပြာဂိုဏ်း အကြီးအကဲတွေဟာ အဝေးကို လွင့်စဉ်ထွက်ကုန်ပါတယ်။

အဆင့်၅ မိစ္ဆာသားရဲအရေခွံ ကိုယ်ကျပ်အင်္ကျီကြောင့် လီဖူချန်းဟာ သွေးတာအို စွမ်းအင်ကို သိပ်ပြီး ခံစားလိုက်ရခြင်း မရှိပါဘူူး။

" လာစမ်း "

လီဖူချန်းက သူ့ရဲ့ မြေကမ္ဘာလက်နက် အကျိုးအပဲ့ကို လေဟာနယ် လင်ဝါးဖြင့် ပြန်ဆွဲယူလိုက်ပြီး ဖျက်ဆီးခြင်း တံစဉ်ငှက်အပေါ်  ခုန်တက် လိုက်ပါတယ်။

ယခုအချိန်မှာတော့ သူ့အနေနဲ့ လုပ်နိုင်တာ တစ်ခုပဲ ရှိပါတော့တယ်။ အဲဒါကတော့ ကင်းခြေများ မျက်နှာဖုံးရှင်ရဲ့ ဟာကွက်ကို ရှာပြီး မြေကမ္ဘာနယ်ပယ် လက်နက် အကျိုးအပဲ့နဲ့ ပစ်ဖို့ပါပဲ။

တစ်ခေါက် ... နှစ်ခေါက်  ... သုံးခေါက် ... ။

အချိန်တို အတွင်းမှာပဲ လီဖူချန်းဟာ မြေကမ္ဘာလက်နက် အကျိုးအပဲ့အားကိုးနဲ့  ကင်းခြေများ မျက်နှာဖုံးပိုင်ရှင်ကို ဒဏ်ရာ အများအပြား ရစေခဲ့ပါတယ်။

ကင်းခြေများ မျက်နှာဖုံးရှင်ကလည်း လီဖူချန်းကိုသာ သည်းကြီးမည်းကြီး ပစ်မှတ်ထား တိုက်ခိုက်နေခဲ့ပါပြီ။

" ရွက်တစ်ထောင် မိစ္ဆာလက် "

ကင်းခြေများ မျက်နှာဖုံးရှင်က  သွေးတာအို စွမ်းအင်တွေကို အတတ်နိုင်ဆုံး  ထိန်းချုပ် လိုက်ပြီး လီဖူချန်းကို လက်ဝါးဖြင့် ရိုက်ချ လိုက်ပါတယ်။

ထိုလက်ဝါး ရိုက်ချက်က လမ်းတစ်ဝက်မှာ လက်ဝါးရိပ်တွေ အထပ်ထပ် ဖြစ်ပေါ်လာကာ  လက်ဝါးတစ်ထောင် အရိပ်တွေ ဖြစ်ပေါ်လာပြီး လီဖူချန်းကို  ထံကို တိုးဝင် သွားခဲ့ပါပြီ။  ကောင်းကင်ယံမှာတော့ လက်ဝါးရိပ်တွေ ချည်းပါပဲ။

ကောင်းကင်နယ်ပယ် အဆင့်၉ ပညာရှင်ဆိုတာက အလှပြ သက်သက်မှ မဟုတ်တာလေ။

" မကောင်းတော့ဘူး။ "

ကင်းခြေများ မျက်နှာဖုံးရှင်ထံမှ  လက်ဝါးရိုက်ချက် ထွက်မလာခင် ကတည်းက လီဖူချန်းဟာ အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရတဲ့ အတွက်  ဖျက်ဆီးခြင်း တံစဉ်ငှက်ကို အဝေးဆုံးသို့ ပျံသန်းဖို့ အမိန့်ပေးထားခဲ့ ပြီးပါပြီ။

ဒါပေမဲ့လည်း လက်ဝါးရိပ်တွေက သူထင်ထားတာထက်ကို မြန်နေပါသေးတယ်။  ဖျက်ဆီးခြင်း တံစဉ်ငှက်ဟာ သည်လက်ဝါးရိပ်တွေကို ကျော်လွန်အောင် ပျံသန်းနိုင်ခြင်း မရှိခဲ့ပါဘူး။

" ကောင်းကင်ပျက်သုဉ်း ဓားသိုင်း "

ရွေးချယ်စရာ မရှိတော့တဲ့ နောက်မှာတော့ လီဖူချန်းဟာ မြေကမ္ဘာ သိုင်းအင်းကွက်ကို နောက်ထပ်တစ်ကြိမ် အသက်သွင်း လိုက်ရပြန်ပါပြီ။ ဒီတစ်ကြိမ်မှာတော့ သူဟာ သံနက် ဓားချီတွေထဲမှာ ကြေးဝါဓားချီ အနည်းငယ်ကို ပေါင်းထည့်လိုက်ပါတယ်။

ခမ်းနားထည်ဝါလှတဲ့ ဓားအလင်းတန်းတွေဟာ လျင်မြန်စွာ ထွက်ပေါ်လာပြီး မမြင်ရတဲ့ ဓားစက်ကွင်းကြီး တစ်ခုကို ဖြစ်တည်စေခဲ့ပါပြီ။

ဖောင်း ... ဖောင်း ... ဖောင်း ... ။

လက်ဝါးရိပ်တွေနဲ့ ဓားအလင်းတန်းတွေ အတွေ့မှာတော့  ဓားအလင်းတန်းတွေဟာ ဖျက်ဆီး ခံလိုက်ရသလို ဓားစက်ကွင်းကြီးဟာလည်း ပျောက်ကွယ် သွားခဲ့ပါပြီ။

မြေကမ္ဘာသိုင်းအင်းကွက်ရဲ့ အစွမ်းကို အပြည့်အဝ ထုတ်သုံးဖို့အတွက်

လီဖူချန်းရဲ့ ကျင့်ကြံမှုအဆင့်က အရမ်းကို နိမ့်နေပါသေးတယ်လေ။

ကျန်ရှိနေသေးတဲ့ လက်ဝါးရိပ်တွေကတော့ လီဖူချန်းနဲ့ ဖျက်ဆီးခြင်း တံစဉ်ငှက်ပေါ်ကို ကျဆင်း လာခဲ့ပါပြီ။

လက်ဝါးရိုက်ချက် ထိခါနီး ဆဲဆဲမှာတော့ လီဖူချန်းဟာ အဆင့်၅ မိစ္ဆာသားရဲ အရေခွံ ကိုယ်ကျပ်အင်္ကျီရဲ့ အစွမ်းကို အသက်သွင်း လိုက်ပါတယ်။

အဆင့်၅ မိစ္ဆာသားရဲအရေခွံ ကိုယ်ကျပ်အင်္ကျီမှာက အဆင့်၅မိစ္ဆာသားရဲရဲ့ မျိုးဆက်သွေး စွမ်းအင်တွေ ခိုအောင်းနေဆဲပါပဲ။  ဒါကြောင့်လည်း ဒီကိုယ်ကျပ်အင်္ကျီက ကောင်းကင်နယ်ပယ် ပညာရှင်တစ်ယောက်ရဲ့ အားကုန်သုံးပြီး တိုက်ခိုက်တာကို ကာကွယ်နိုင်စွမ်း ရှိနေတာပါ။

ဝေါင်း ...

သားရဲကြီးတစ်ကောင်ရဲ့ ဟိန်းသံက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပါတယ်။

သည်ဟိန်းသံကြီးက လူတိုင်းရဲ့ စိတ်နှလုံးကိုတောင် တုန်လှုပ် သွားစေခဲ့ပါတယ်။  အဆင့်၅ မိစ္ဆာသားရဲဆိုတာက ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင် တစ်ယောက်နဲ့ ညီမျှနေသည် မဟုတ်ပါလား။

ထို့နောက်မှာတော့ အပြာရောင် မိစ္ဆာသားရဲ တစ်ကောင်ရဲ့ အရိပ်တစ်ခု ထွက်ပေါ်လာပြီး လီဖူချန်းနဲ့ ဖျက်ဆီးခြင်း တံစဉ်ငှက်ကြီးကို အကာအကွယ် ပေးလိုက်ပါတယ်။

လက်ဝါးရိပ် တွေကတော့ အဆုံးမရှိတဲ့ လှိုင်းလုံးကြီးတွေပမာ ဆင့်ကာဆင့်ကာဖြင့်  လူတစ်ယောက်နဲ့ သားရဲတစ်ကောင်ကို ရိုက်ချနေပါပြီ။

အချိန်တွေ ဘယ်လောက်တောင် ကြာသွားမှန်းတောင် မသိတော့ပါဘူး။  နောက်ဆုံးမှာတော့ လက်ဝါးရိပ်တွေက ပျက်ပြယ် သွားခဲ့ပါတယ်။  မြေပြင်ပေါ်မှာ ရှိတဲ့ တောတစ်ခုကတော့ ပြောင်တလင်း ခါသွားခဲ့သလို မြေမျက်နှာပြင်ကလည်း တစ်မီတာမျှ နိမ့်ဆင်းသွားခဲ့ပါပြီ။

အဲဒီအချင်းအရာကို ကြည့်ခြင်းအားဖြင့် ဒီလက်ဝါးရိုက်ချက်ရဲ့ ပြင်းအားကို ခန့်မှန်းသိရှိ နိုင်ပါတယ်။

အဟွတ် ... အဟွတ် ... အဟွတ် ...

လက်ဝါးရိပ်တွေ ပျက်ပြယ်သွားတဲ့ အခါမှာတော့  လီဖူချန်းနဲ့ ဖျက်ဆီးခြင်း တံစဉ်ငှက်ကြီးဟာ ပြန်ပေါ်လာခဲ့ပါတယ်။

လီဖူချန်းရဲ့ တစ်ကိုယ်လုံးဟာ စုတ်ပြတ်သတ်နေသလို နှုတ်ခမ်းထောင့်ကနေလည်း သွေးတွေ စီးကျနေဆဲပါပဲ။  ကြည့်ရတာတော့ လီဖူချန်းဟာ ဒဏ်ရာ အကြီးအကျယ် ရသွားခဲ့ပါပြီ။

ဒါပေမဲ့လည်း ဖျက်ဆီးခြင်း တံစဉ်ငှက်ကြီးနဲ့ ယှဉ်ရင်တော့ လီဖူချန်းရဲ့ အခြေအနေဟာ သိပ်မဆိုးသေးပါဘူး။  ဖျက်ဆီးခြင်း တံစဉ်ငှက်ကြီးရဲ့ တောင်ပံတစ်ဖက်ဟာ သွင်သွင် ကျိုးနေသလို  ခန္ဓာကိုယ် ပေါ်မှာလည်း လက်ဝါးရာတွေ ချည်းပါပဲ။  အဲဒီလက်ဝါးရာ တစ်ခုတိုင်းက ဖျက်ဆီးခြင်း တံစဉ်ငှက်ကြီးရဲ့ အတွင်းကလီစာတွေကို ဒဏ်ရာ ရစေခဲ့ပါတယ်။

ဒီဒဏ်ရာတွေကို အချိန်မီ ကုသနိုင်ခြင်း မရှိခဲ့ရင်တော့ ဖျက်ဆီးခြင်း တံစဉ်ငှက်ကြီးဟာ သေချာပေါက်ကို သေတော့မှာပါ။

" တိုက်ပွဲနဲ့ လွတ်ကင်းရာကို သွားပြီး မင်းရဲ့ဒဏ်ရာတွေကို အရင်ကုလိုက်။ "

လီဖူချန်းက သူ့ရဲ့ သိုလှောင်အိတ်ထဲကနေ ဆေးတစ်လုံး ထုတ်ယူပြီး ဖျက်ဆီးခြင်း တံစဉ်ငှက်ရဲ့ ပါးစပ်ထဲကို ထည့်ပေး လိုက်ပါတယ်။

ဂီး ...

ဖျက်ဆီးခြင်း တံစဉ်ငှက်က လီဖူချန်းရဲ့ စကားကို နားလည်ဟန်ဖြင့် ကျယ်လောင်စွာ အသံတစ်ချက် ပေးလိုက်ပြီး မြေပြင်ပေါ်ကို ဆင်းသက်သွားခဲ့ပါပြီ။

"သည်ကောင် မသေသေးဘူးလား"

ကင်းခြေများ မျက်နှာဖုံးရှင်ကတော့  လီဖူချန်းကိုကြည့်ပြီး အတော်လေး အံ့အားသင့် သွားပုံပင်။

သည်လက်ဝါးရိုက်ချက်က သူ့ရဲ့ အကောင်းဆုံး ရိုက်ချက် တစ်ချက်ဟုတောင် သတ်မှတ်နိုင်ပါတယ်။  ယုတ္တိရှိရှိ ပြောရမယ် ဆိုရင်တော့  ဒီလက်ဝါး ရိုက်ချက်ဟာ ကောင်းကင်နယ်ပယ် အဆင့်၇ ဒါမှမဟုတ် အဆင့်၈က ပညာရှင်ကိုတောင် သေသွားစေနိုင်စွမ်း ရှိပါတယ်။

" အဆင့်၅ မိစ္ဆာသားရဲ အရေခွံ ကိုယ်ကျပ်အင်္ကျီက အစွမ်းထက်လှချည်လား ... "

ကျင်းမင်၊စုချန်းနဲ့ အခြားသော အတွင်းစည်းအကြီးအကဲတွေကတော့ လီဖူချန်းမသေရတဲ့ အကြောင်းအရင်းကို ကောင်းကောင်းကြီး ရိပ်မိပါတယ်။ အဲဒီအတွက် သူတို့ကတော့ ဒါကို သိပ်ပြီး ထူးဆန်းတယ်လို့ မခံစားရတော့ပါဘူး။

ရွက်တစ်ထောင် မိစ္ဆာလက်ကို ထုတ်သုံးပြီးသွားတဲ့ အခါမှာတော့ ကင်းခြေများ မျက်နှာဖုံးရှင်ရဲ့ ချီအရှိန်အဝါတွေက လျော့ကျ သွားခဲ့သလို  သူ့ရဲ့ ခန္ဓာကိုယ်အတွင်းက သွေးတာအို စွမ်းအင်တွေကလည်း သူ့ကို ဆန့်ကျင်လာပုံပါပဲ။

သူ့ရဲ့ အားကောင်းလှတဲ့ ချီအရှိန်အဝါတွေ မထင်မှတ် ထားလောက်အောင်ကို အားနည်း သွားခဲ့တာပါ။  သူ့ရဲ့ စွမ်းရည်တွေက ကောင်းကင်နယ်ပယ် အဆင့်၆ ဒါမှမဟုတ် အဆင့်၇ ပညာရှင် တစ်ယောက်နီးပါးသာ ရှိနေပါတော့တယ်။

" သူ့ရဲ့ သွေးတာအို စွမ်းအင်တွေက သူ့ကိုပြန်ပြီး ဒုက္ခပေးနေပြီဟေ့။  သူ့ကို ပြန်ထိန်းချုပ်ချိန် မပေးကြနဲ့ ... ။  တိုက်ကြ ... ။ "

ကျင်းမင်နဲ့ စုချန်းတို့ဟာ  ဦးဆောင်ပြီး တိုက်ခိုက်ပါတော့တယ်။

သူတို့နှစ်ယောက်ရဲ့ စကားကို ကြားအပြီးမှာတော့ ကျန်တဲ့ အတွင်းစည်း အကြီးအကဲ တွေကလည်း ကင်းခြေများ မျက်နှာဖုံးရှင်ထံကို တစ်ယောက်ပြီး တစ်ယောက် ခုန်ဝင်ကာ တရစပ် တိုက်ခိုက် ကြပါတယ်။

ဝုန်း ... ဝုန်း ... ဝုန်း ...

အချိန်တွေ ကြာလာတာနဲ့အမျှ  ကင်းခြေများ မျက်နှာဖုံးရှင်ရဲ့ ခန္ဓာကိုယ်ပေါ်မှာတော့ ဒဏ်ရာတွေ များသထက် များလာခဲ့ပါပြီ။

" ကောင်းကင်ပျက်သုဉ်း ဓားသိုင်း "

အခွင့်ကောင်းကို ကျားချောင်းသလို ချောင်းနေတဲ့ လီဖူချန်းကတော့ ကောင်းကင် ပျက်သုဉ်း ဓားသိုင်းကို နောက်ထပ်တစ်ကြိမ် ထုတ်သုံး လိုက်ပြန်ပါတယ်။

မမြင်ရတဲ့ ဓားစက်ကွင်းကြီးက ကင်းခြေများ မျက်နှာဖုံးရှင်ကို စုပ်ယူလိုက်ပါပြီ။  အဲဒါက ကင်းခြေများ မျက်နှာဖုံးရှင်ရဲ့ လှုပ်ရှားမှုတွေကို တောင့်တင်း သွားစေခဲ့ပါတယ်။

ကျင်းမင်၊ စုချန်းနဲ့ အခြားသော အတွင်းစည်း အကြီးအကဲတွေကလည်း လက်နှေးမနေပါဘူး။  သူတို့ကလည်း အဲဒီအချက်ကို အခွင့်ကောင်းယူပြီး ကင်းခြေများ မျက်နှာဖုံးရှင်ကို ဝိုင်းဝန်း တိုက်ခိုက် လိုက်ကြပါတယ်။

ရွှပ် ... ရွှပ် ... ရွှပ် ...

မိုးပြာရောင်ဂိုဏ်း အကြီးအကဲတွေရဲ့ ဓားချက်တွေက ကင်းခြေများ မျက်နှာဖုံးရှင်ကို သွေးစိမ်းရှင်ရှင် ပန်းထွက် သွားစေခဲ့ပါတယ်။

" ခန်းမသခင်  ...  နှုတ်ဆက်ပါတယ်။  ကံကောင်းပါစေ  ... "

ကင်းခြေများ မျက်နှာဖုံးရှင်ကတော့ ကြောင်မျက်နှာဖုံးရှင်ကိုတောင် ဂရုမစိုက်တော့ဘဲ  မြေကြီးထဲကို တိုးဝင်ကာ ကိုယ်လွတ်ရုန်း ထွက်ပြေး သွားခဲ့ပါပြီ။

" ငါသိပြီ။  သည်ကောင်က အဆိပ်ငါးပါးဂိုဏ်းရဲ့ ခြေလှမ်းတစ်ထောင် ထုံယုပဲ”

အဆိပ်ငါးပါးဂိုဏ်းနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးတဲ့ အတွင်းစည်း အကြီးအကဲ တစ်ယောက်က ကင်းခြေများ မျက်နှာဖုံး ပိုင်ရှင်ကို မှတ်မိသွားခဲ့ပါပြီ။

အဆိပ်၅ပါးဂိုဏ်းဆိုတာက  မိုးပြာရောင်ဂိုဏ်း နယ်နိမိတ်ထဲမှာရှိတဲ့ အင်အား အကောင်းဆုံး မိစ္ဆာတာအို အဖွဲ့အစည်း ၃ခုထဲက တစ်ခုပါပဲ။  အဆိပ်၅ပါးဂိုဏ်းမှာက ဦးဆောင်သူ ၅ယောက် ရှိပါတယ်။  လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက မိုးပြာရောင်ဂိုဏ်းဟာ အဆိပ်ငါးပါး ဂိုဏ်းအပါအဝင် အခြားသော မိစ္ဆာတာအို အဖွဲ့အစည်းတွေကို ရှင်းလင်းခဲ့ပါတယ်။

ဒါပေမဲ့လည်း ခြေလှမ်းတစ်ထောင် ထုံယုကိုတော့ ဘယ်နေရမှာမှ

ရှာမတွေ့ခဲ့ပါဘူး။  အခုတော့ ခြေလှမ်းတစ်ထောင် ထုံယုက ပြန်ပေါ်လာခဲ့ပါပြီ။

" ခြေလှမ်းတစ်ထောင် ထုံယုက မြေအောက်ထဲမှာ သွားနိုင်တယ်ဟ။ ဒီကောင့်ကို အမြန် လိုက်သတ်ကြဟေ့။  သည်တစ်ကြိမ်မှာ သူ့ကို မသတ်နိုင်ရင် နောက်တစ်ကြိမ် အခွင့်အရေး ရှိမှာ မဟုတ်ဘူး။ "

" ခြေလှမ်း တစ်ထောင်ကို အသာ ထားစမ်းပါကွာ။  ငါတို့ရဲ့ အဓိက ပြဿနာက ကြောင်မျက်နှာဖုံးရှင်ဘဲ။  သူ့ကို အရင်သတ်တာ ပိုကောင်းမယ်"

အကြီးအကဲတွေ အားလုံးရဲ့ အကြည့်တွေက ကြောင်မျက်နှာဖုံး ရှင်ထံကို ကျရောက် သွားခဲ့ပါပြီ။  အခုချိန်မှာတော့ ကြောင်မျက်နှာဖုံးရှင်က သူတို့အားလုံးရဲ့ နံပါတ်တစ် ရန်သူပါပဲ။

ခြေလှမ်းတစ်ထောင် ထုံယုက ကြောင်မျက်နှာဖုံးရှင်ကို ခန်းမသခင်ဟု ခေါ်သွားပုံ ထောက်ရင်တော့ ဒီကြောင်မျက်နှာဖုံး ရှင်ဟာ အကောင်ကြီးကြီး ထဲကပါပဲ။  သူ့ရဲ့ နောက်မှာ အင်မတန် အားကောင်းတဲ့ မိစ္ဆာတာအို အဖွဲ့အစည်း တစ်ခု ရှိနေပါလိမ့်မယ်။  အဲဒီ အဖွဲ့အစည်း ကလည်း မိုးပြာရောင်ဂိုဏ်း နယ်နိမိတ် အတွင်းမှာရှိခဲ့တဲ့ နံပါတ်တစ် မိစ္ဆာတာအို အဖွဲ့အစည်း ထက်တောင်မှ အများကြီး အားကောင်း နေမယ်ဆိုတာ သိသာနေပါပြီ။

" ခွေးမသား ...  သစ္စာ မရှိတဲ့ကောင် "

ကြောင်မျက်နှာဖုံးရှင်က အားရပါးရ အော်ဆဲ လိုက်ပါတယ်။  ခြေလှမ်းတစ်ထောင် ထုံ့ယုက အခုလို သေရေးရှင်ရေး ကြုံနေရတဲ့ အချိန်မှာမှ  ကိုယ်လွတ်ရုန်းပြီး ထွက်ပြေး သွားခဲ့တယ်လေ။  ဒီလိုအဖြစ်မျိုးကို သူလုံးဝ မမျှော်လင့်ထား ခဲ့ပါဘူး။

" မင်းတို့လို ပမွှားလေးတွေက ငါ့လို ခန်းမသခင် တစ်ယောက်ကို သတ်နိုင်လိမ့်မယ်လို့ ထင်နေတာလား ... "

ကြောင်မျက်နှာဖုံးရှင်ရဲ့ သွေးပုလဲက သွေးရောင်တွေ အစွမ်းကုန် တောက်ပလာခဲ့ပါပြီ။

ကြည့်ရတာတော့ ကြောင်မျက်နှာဖုံးရှင်က သူ့ရဲ့ အသက်ကို ရင်းပြီး အားလုံးကို သတ်ဖို့ စဉ်းစားထားပုံပါပဲ။

သူ့ရဲ့ အရှေ့မှာတော့ သွေးလုံးကြီး တစ်ခု ဖြစ်တည်လာခဲ့ပါပြီ။

" မင်းတို့အားလုံး  ...  သေကြစမ်း  ... "

ကြောင်မျက်နှာဖုံးရှင်က သူ့ရဲ့ သွေးလုံးကြီးကို ဖောက်ခွဲ ပစ်လိုက်ပါတော့တယ်။

ဒီသွေးလုံးကြီးရဲ့ ပေါက်ကွဲအားက  လူအားလုံးကို လွင့်ထွက် သွားစေခဲ့သလို  မိုးပြာရောင်ဂိုဏ်း အကြီးအကဲ ၅ယောက်ရဲ့  ပူးပေါင်း ဓားကွက်ကိုလည်း ပျက်စီးစေခဲ့ပါပြီ။

" မတတ်နိုင်တော့ဘူး ... ။  ငါတို့လည်း အစွမ်းကုန် တိုက်ခိုက်ခဲ့ပြီးပြီ။ "

မိုးပြာရောင်ဂိုဏ်းသားတွေ အကုန်လုံးရဲ့ မျက်လုံးတွေကတော့ မှိန်ဖျော့ သွားခဲ့ပါတယ်။  အစောပိုင်း တုန်းကတော့ သူတို့အားလုံးဟာ ကြောင်မျက်နှာဖုံးရှင်ကို သတ်ပစ်နိုင်မယ်လို့ မျှော်လင့် နေခဲ့ကြတာပါ။  ဒါပေမဲ့ အခုတော့ အခြေအနေတွေ အားလုံးက ပြောင်းပြန် ဖြစ်ကုန်ပါပြီ။

သူတို့အားလုံးက ကြောင်မျက်နှာဖုံးရှင်ရဲ့ သတ်ဖြတ်မှုကိုတောင် ခံရတော့မှာ ဖြစ်ပါတယ်။

" မင်းလို အသိဉာဏ် ကင်းမဲ့တဲ့ တိရစ္ဆာန်တစ်ကောင်က ငါတို့ မိုးပြာရောင် ဂိုဏ်းသားတွေကို သတ်ချင် နေတယ်ပေါ့လေ ... ။  အခုချက်ချင်း လည်စင်းပြီး ငါသတ်တာကို ခံစမ်း ... ။ "

မိုးကြိုးပစ်သံတမျှ ကျယ်လောင်လှတဲ့ အသံဝါကြီးတစ်ခုက ကောင်းကင်ကို ဖြတ်သန်း လာပြီး လူတိုင်းရဲ့ နားထဲကို ဝင်ရောက် လာခဲ့ပါတယ်။

" အဲဒါက အထွဋ်ခေါင်ချုပ် အကြီးအကဲပဲ ... "

မိုးပြာရောင် ဂိုဏ်းသားတွေ အားလုံးရဲ့ မျက်လုံးထဲမှာတော့ မျှော်လင့်ခြင်း အလင်းရောင်တွေ ယှက်သန်း လာခဲ့ပါပြီ။

***

All Chapters