ဂိုဏ်းပေါင်း၁၀၀ အစည်းအဝေး
Vol. 24 Ch. 330
ဝုန်း ...
လီဖူချန်း အဆင့်တက်ပြီးလို့ ရက်အနည်းငယ် အကြာမှာတော့ သူအဆင့် တက်တုန်းကထက် ပိုအားကောင်းတဲ့ ချီအရှိန်အဝါ တစ်ခုဟာ ခြံဝင်းကို ဗဟိုပြုပြီး ၂မိုင် ပတ်လည်ကို လွှမ်းခြုံ သွားခဲ့ပါတယ်။
" အဲဒါက အကြီးအကဲ စုချန်းရဲ့ ချီအရှိန်အဝါတွေပဲ"
လီဖူချန်းက အဆင့်တက် သွားတဲ့သူရဲ့ ချီအရှိန်အဝါတွေကို ရင်းနှီးနေတယ်လေ။
အကြီးအကဲ စုချန်းက အခုဆိုရင် ကောင်းကင်နယ်ပယ် အဆင့်၆ပ ဘာရှင် ဖြစ်သွားခဲ့ပါပြီ။
" စုချန်း ... ဂုဏ်ယူတယ်ဟေ့ ... "
အကြီးအကဲ ကျင်းမင်က လေ့ကျင့်တာကို ရပ်ပြီး စုချန်းကို ဂုဏ်ပြုစကား လာပြောပါတယ်။
စုချန်းက အားရပါးရ ရယ်မောပြီး
"လွယ်တော့မလွယ်ဘူး ကျင်းမင်ရေ ...။ ငါက ကောင်းကင်နယ်ပယ် အဆင့်၅မှာ ၅နှစ်လောက် နေခဲ့ရတာဟေ့ ...…"ဟု ပြန်ပြောလိုက်ပါတယ်။
ကျင်းမင်က " အခုဆိုရင် မင်းနဲ့ငါ နှစ်ယောက်စလုံးက ကောင်းကင်နယ်ပယ် အဆင့်၆ကို ရောက်သွားပြီဆိုတော့ ငါတို့ရဲ့ ရေဝဲဂယက် နှစ်ယောက်တွဲ ဓားသိုင်းကလည်း ပိုပြီး အစွမ်းထက် လာတော့မှာကွ"
နှစ်ယောက်တွဲ ဓားသိုင်းပဲဖြစ်ဖြစ် ပူးပေါင်း ဓားကွက်ပဲ ဖြစ်ဖြစ်ပါလေ။ အသုံးပြုသူတွေရဲ့ ကျင့်ကြံခြင်း အဆင့် တူညီနေပါက ပိုပြီး ကြောက်စရာကောင်းတာ အမှန်ပါပဲ။
*******
အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ နေရာ တော်တော် များများကိုတော့ ဂိုဏ်းတွေက ထိန်းချုပ် ထားပြီးပါပြီ။ ဒါပေမဲ့လည်း ဂိုဏ်းတွေရဲ့ အာဏာစက် မရောက်နိုင်သေးတဲ့ ဖုန်းဆိုးနယ်မြေတွေလည်း ရှိနေဆဲပါပဲ။
ဥပမာ ပြောရမယ် ဆိုရင်တော့ နတ်ဆိုး၁၀ပါး နယ်မြေပေါ့။
သွေးနတ်ဆိုး နယ်မြေကတော့ နတ်ဆိုး၁၀ပါး နယ်မြေထဲက ပါဝင်ပါတယ်။
ဒီနယ်မြေက အရှေ့စွန်း ကျလွန်းသလို လူသူ အရောက်အပေါက်လည်း မရှိပါဘူး။ ဒီနယ်မြေကြီးက ဖုန်တွေ၊ သဲတွေနဲ့သာ ပြည့်နှက်နေတဲ့ မြေပြင်ကြီး သက်သက်ပါပဲ။
မြေပြင်ရဲ့ အောက်ဘက် ပေတစ်သောင်းမှာတော့ ကြီးမားလှတဲ့ လိုဏ်ဂူကြီး တစ်ခု ရှိနေပါတယ်။
ဒီလိုဏ်ဂူကြီးရဲ့ အလယ်မှာတော့ သွေးရေကန်တစ်ခု ရှိနေပြီး အဲဒီထဲမှာတော့ လူတစ်ယောက် ရှိနေပါတယ်။ အဲသည်လူရဲ့ ခန္ဓာကိုယ်ပေါ်မှာတော့ သိပ်သည်းလှတဲ့ သွေးချီစွမ်းအင်တွေ လွှမ်းခြုံနေတာကို တွေ့မြင်ရမှာပါ။
"အရှင် သွေးဘိုးဘိုးကြီး ...။ ဒါက ဒီတစ်သုတ်ရလာတဲ့ သွေးပုလဲ တွေပါ"
ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို ရောက်နေတဲ့ သက်လတ်ပိုင်း လူကြီးက သွေးရေကန်ထဲမှာ ရှိတဲ့ လူကို ရိုသေမှု အပြည့်နဲ့ ပြောလိုက်ပါတယ်။
" ဘယ်လောက်ရလာလဲ…"
သွေးရေကန်ထဲက လူကတော့ မျက်လုံးတောင် မဖွင့်ဘဲ ပြန်မေးလိုက်ပါတယ်။
သက်လတ်ပိုင်း အရွယ် လူကြီးက ရိုသေစွာဖြင့်
" အကောင်းစား သွေးပုလဲတစ်လုံး၊ အလယ်အလတ် တန်းစား သွေးပုလဲ ၁၈၀ နဲ့ အညံ့စား သွေးပုလဲ ၁၂၀၀ ပါ အရှင် ... "
အကယ်၍ ဂိုဏ်းတစ်ခုရဲ့ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် တစ်ယောက်ကသာ ဒီစကားကို ကြားလိုက်ရမယ် ဆိုရင်တော့ဖြင့် အလွန်အမင်း ဒေါသထွက်လာမှာ အသေအချာပါပဲ။
အကောင်းစား သွေးပုလဲ တစ်လုံးဟာ လူအယောက်ပေါင်း တစ်သန်းရဲ့ သွေးအဆီအနှစ်တွေကို စုပ်ယူပြီးမှသာ ဖြစ်တည်နိုင်တာပါ။ အလယ်အလတ် တန်းစား သွေးပုလဲ တစ်လုံး ဖြစ်လာဖို့တော့ လူအယောက်ပေါင်း တစ်သိန်းလောက်ရဲ့ သွေးအဆီအနှစ်တွေကို လိုအပ်ပြီး အညံ့စား သွေးပုလဲတစ်လုံး ဖြစ်တည် လာဖို့ကတော့ လူပေါင်း တစ်သောင်းရဲ့ သွေးအဆီ အနှစ်တွေကို လိုအပ်ပါတယ်။
သက်လတ်ပိုင်း အရွယ် လူကြီးပြောတဲ့ အတိုင်း ဆိုရင်တော့ဖြင့် ဒီတစ်ခေါက် သွေးပုလဲတွေကို ရရှိဖို့အတွက် မိစ္ဆာတာအို ကျင့်ကြံသူတွေဟာ အနည်းဆုံး လူသန်း၃၀ကို သတ်ပစ်ခဲ့တာ မဟုတ်ပါလား။
အရှေ့ယူနီကွန်း တိုက်ကြီးဟာ လူဦးရေ အတော်လေး ထူထပ်တဲ့ တိုက်ကြီး တစ်ခု ဆိုတာတော့ ငြင်းစရာ မရှိပါဘူး။ မိုးပြာရောင် ဂိုဏ်းရဲ့ နယ်နိမိတ် အတွင်းမှာတောင်မှ လူဦးရေဟာ သန်းတစ်ထောင် နီးပါး ရှိပါတယ်။ အချို့ဂိုဏ်းတွေရဲ့ နယ်နိမိတ်တွေ ထဲမှာဆိုရင် လူဦးရေ သန်းထောင်နဲ့ ချီပြီး ရှိပါသေးတယ်။ ဒါပေမဲ့လည်း အသက်ပေါင်း သန်း၃၀ဆိုတာက ထိတ်လန့်စရာ ကောင်းတဲ့ အရေအတွက် တစ်ခုပါပဲ။
ဒီအသက်ပေါင်း သန်း၃၀ဆိုတဲ့ ဂဏန်းအရေအတွက်ဟာ ကြားလိုက်ရတဲ့ လူတိုင်းကို စိတ်နှလုံး နောက်ကျိ စေနိုင်ပါတယ်။
( note - ၂၀၁၈ စစ်တမ်းတွေ အရဆိုရင် မြန်မာနိုင်ငံရဲ့ လူဦးရေတောင်မှ ၅၃သန်းကျော်ပဲ ရှိတာပါ။ )
ပြီးတော့ ဒါက တစ်သုတ်စာပဲ ရှိပါသေးတယ်။ ဒီမိစ္ဆာတာအို ကျင့်ကြံသူတွေဟာ လူဘယ်လောက် အထိ သတ်ဖြတ် ပြီးသွားပြီလည်း ဆိုတာကိုတော့ ဘယ်သူမှ အတိအကျ ပြောနိုင်မှာ မဟုတ်ပါဘူး။ ခန့်မှန်းခြေအရ ပြောရမယ် ဆိုရင်တော့ သူတို့တွေဟာ လူပေါင်း သန်းနှစ်ရာ လောက်ကို သတ်ဖြတ်ပြီးလောက်ပါပြီ။ ပြီးတော့ သတ်ဖြတ်မှုတွေ ဆက်ဖြစ်နေဦးမယ် ဆိုရင်တော့ဖြင့် ဒီအရေအတွက်ဟာ ဆက်ပြီး တိုးနေဦးမှာ အသေအချာပါပဲ။
" သည်တစ်ခေါက် ရလာတာ အရမ်းနည်းနေပါလား ... "
သွေးရေကန်ထဲမှာ ရှိနေတဲ့ လူကတော့ ကျေနပ်နေပုံ မရပါဘူး။
အဲဒီစကားကို ကြားလိုက်ရတဲ့ သတ်လတ်ပိုင်း အရွယ် လူကြီးရဲ့ ခန္ဓာကိုယ်ကတော့ တဆတ်ဆတ် တုန်ယင်နေပါပြီ။
သည်သွေးဘိုးဘိုးကြီးဟာ ပြန်လည် ဝင်စားခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်နေတဲ့ လူတစ်ယောက် ဖြစ်ပါတယ်။ သူဟာ တိုက်ပွဲဝိညာဉ် နယ်ပယ်ကို ရောက်ဖို့တောင်မှ ခြေတစ်လှမ်း လောက်သာ လိုတော့တာပါ။
ဒီသက်လတ်ပိုင်း အရွယ် လူကြီးဟာ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် ဖြစ်ပေမယ့်လည်း သွေးဘိုးဘိုးကြီးရဲ့ လက်ညှိုး တစ်ချက်ကတင် သူ့ကို လူ့လောကကြီးထဲကနေ အပြီးတိုင် ထွက်သွားစေနိုင်စွမ်း ရှိပါတယ်။
"အရှင် သွေးဘိုးဘိုးကြီးခင်ဗျား ...။ အခုဆိုရင် ဂိုဏ်းပေါင်းစုံက ပိုက်စိပ်တိုက်ပြီး ကျွန်တော်တို့ကို ရှာဖွေနေကြတာပါ။ အဲဒီအတွက် ကျွန်တော်တို့ရဲ့ သွေးပုလဲ ထုတ်လုပ်မှုနှုန်းက အတော်လေး နှေးသွားတာ ဖြစ်ပါတယ်။ "သက်လတ်ပိုင်းအရွယ် လူကြီးက အလျင်အမြန် ရှင်းပြလိုက်ပါတယ်။
" သြော် ... ဟုတ်လား"
သွေးဘိုးဘိုးကြီးက မျက်လုံး ဖွင့်ပြီး သက်လတ်ပိုင်းအရွယ် လူကြီးကို စိုက်ကြည့်လိုက်ပါပြီ။
သက်လတ်ပိုင်း အရွယ် လူကြီးဟာ အလောင်းကောင်တွေ ပြည့်နှက်နေတဲ့ သွေးပင်လယ်ထဲကို နှစ်မြုပ် သွားတဲ့အလား ခံစားလိုက်ရပါတယ်။ သွေးအလောင်း ကောင်တွေက သူ့ကို ကုတ်ဆွဲပြီး သွေးပင်လယ် အောက်ခြေအထိ ဆွဲချနေပါသေးတယ်။
" အရှင် ... ဒီတစ်ခေါက်တော့ သည်းခံတော်မူပါ။ ကျွန်တော်မျိုးက ကျွန်တော့်ရဲ့ အပြစ်တွေကို သိပါပြီ"
သက်လတ်ပိုင်းအရွယ် လူကြီးက အလျင်အမြန် ဒူးထောက် လိုက်ပါပြီ။ သူ့ရဲ့ တစ်ကိုယ်လုံးမှာလည်း ချွေးတွေနဲ့ပါပဲ။
အချိန်အနည်းငယ် အကြာမှာတော့ သွေးဘိုးဘိုးကြီးက သူ့ရဲ့ မျက်လုံးကို ပြန်မှိတ်လိုက်ပြီး အနိမ့်အမြင့် အတက်အကျ မရှိသော လေသံဖြင့်
"အရင်ကထက် ၂ဆ အားစိုက်ပြီး လှုပ်ရှား ...။ မဟုတ်ရင်တော့ မင်းက ငါ့ရဲ့ သွေးအလောင်း ကောင်တွေထဲက တစ်ကောင် ဖြစ်သွားလိမ့်မယ်"
" ဟုတ်ကဲ့ပါ အရှင် ...။ ကျွန်တော်မျိုး နားလည်ပါပြီ"
ထို့နောက်မှာတော့ သက်လတ်ပိုင်း အရွယ် လူကြီးဟာ မတ်တတ် ထရပ်လိုက်ပြီး လိုဏ်ဂူထဲကနေ အလျင်အမြန် ထွက်သွား ပါတော့တယ်။
သက်လတ်ပိုင်းအရွယ် လူကြီး ထွက်သွားပြီးတဲ့ နောက်မှာတော့ သွေးရေကန်ကြီးဟာ တစ်ပွက်ပွက် ဆူပွက် လာခဲ့ပါပြီ။ သွေးရေကန်ကြီးရဲ့ အောက်ခြေကနေလည်း သွေးအလောင်း ကောင်တွေ အများကြီး တက်လာခဲ့ပါတယ်။ သည်သွေးအလောင်း ကောင်တွေရဲ့ အရေအတွက်က အနည်းဆုံးတော့ ၁၀၀၀ ကျော်ပါပဲ။ အဲဒီ သွေးအလောင်း ကောင်တွေထဲမှာ တောင်မှ အခြားသူတွေနဲ့ မတူဘဲ သွေးအလင်းတန်းတွေ ဖြာထွက်နေတဲ့ သွေးအလောင်းကောင်အချို့ ပါရှိနေပါသေးတယ်။ အဲသည် သွေးအလောင်း ကောင်တွေကတော့ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်မှာ ရှိနေတာကို အံ့အားသ့င်ဖွယ် တွေ့မြင်ရမှာပါ။
သွေးဘိုးဘိုးကြီးဟာ သူ့ရဲ သိုလှောင် အိတ်ထဲမှာရှိတဲ့ သွေးပုလဲတွေကို ထုတ်ယူကာ သွေးရေကန်ထဲသို့ ပစ်ထည့် လိုက်ပါတယ်။
ဗွမ်း ... ဗွမ်း ... ဗွမ်း ...
သွေးရေကန်ကြီး ထဲမှာရှိတဲ့ သွေးအလောင်း ကောင်တွေကတော့ သွေးပုလဲလုံးတွေကို လုနေကြပါပြီ။ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်မှာရှိတဲ့ သွေးအလောင်း ကောင်တွေကတော့ အနိမ့်စား သွေးပုလဲတွေကို လုယူခြင်း မရှိဘဲ အလယ်အလတ်တန်းစား သွေးပုလဲတွေကိုသာ ပစ်မှတ်ထားပြီး လုယူနေကြပါတယ်။
မျက်စိတစ်မှိတ် အတွင်းမှာဘဲ တစ်ထောင်ကျော်ရှိတဲ့ သွေးပုလဲတွေဟာ ပျောက်ခြင်းမလှ ပျောက်သွား ကြပါပြီ။ ထို့နောက်မှာတော့ သွေးအလောင်း ကောင်တွေဟာ သွေးပုလဲတွေကို သန့်စင်ရန် အလို့ငှာ သွေးရေကန် အောက်ခြေကို ပြန်ဆင်းသွားကြပါတယ်။
" မင်းတို့ထဲက ဘယ်ကောင်တွေက အဆင့်၅ အဆင့်မြင့် သွေးအလောင်းကောင်တွေ ဖြစ်လာကြမှာလဲ…။"
သွေးဘိုးဘိုးကြီးက ခပ်တိုးတိုး ရေရွတ်လိုက်ရင်းနဲ့ နောက်ထပ် သွေးပုလဲ တစ်လုံးကို ထုတ်ယူ လိုက်ပါတယ်။
ဒီသွေးပုလဲကတော့ အကောင်းစား သွေးပုလဲ တစ်လုံးပါပဲ။ အဲသည်အတွက် သူက ဒီသွေးပုလဲကို သိမ်းထားခဲ့တာပါ။ သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က အရမ်းမြင့်နေပြီ ဖြစ်တဲ့အတွက် အကောင်းစား သွေးပုလဲတွေကသာ သူ့ရဲ့ သွေးတာအို စွမ်းအားကို အဆင်မြင့်ပေးနိုင်ပါတယ်။ အညံ့စား သွေးပုလဲတွေနဲ့ အလယ်အလတ်တန်းစား သွေးပုလဲတွေကတော့ သူ့အပေါ်မှာ အကျိုးသက်ရောက်မှု မရှိတော့ပါဘူး။
***
သွေးနတ်ဆိုး နယ်မြေရဲ့ အလယ်ခေါင် တည့်တည့်မှာတော့ သွေးရဲတိုက်ကြီး တစ်ခု ... …
သွေးရဲတိုက်ကြီးရဲ့ အတွင်း တစ်နေရာရှိ ပုလ္လင်ပေါ်မှာတော့ အရပ်ရှည်ရှည်နဲ့ ကြီးမား တောင့်တင်းလှတဲ့ သွေးမိစ္ဆာကြီး တစ်ကောင် ထိုင်လျက်သား ရှိနေပါတယ်။
သည်သွေးမိစ္ဆာကောင်ရဲ့ ချီအရှိန်အဝါက အလွန်အမင်း သိပ်သည်းနေပြီး သွေးဘိုးဘိုးကြီး ထက်တောင်မှ အားကောင်း နေပုံပင်။ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာတော့ သွေးရောင် ဆူးချွန်တွေ ရှိနေပြီး သူ့ရဲ့ မျက်လုံးတွေကနေလည်း ကြက်သွေးရောင် အလင်းတန်းတွေ ထွက်နေပါသေးတယ်။
" င့ါသား ... ။ သွေးဘိုးဘိုး ဆိုတဲ့ အဘိုးကြီးက ငါတို့ကို သွေးပုလဲတွေ ဆက်သလာပြီလား ..."
သွေးမိစ္ဆာကြီးက သူ့ထက်အနည်းငယ် အကောင်သေးတဲ့ သွေးမိစ္ဆာ တစ်ကောင်ကို လှမ်းမေး လိုက်ပါတယ်။
ထိုသွေးမိစ္ဆာရဲ့ ခန္ဓာကိုယ်ပေါ်မှာလည်း ဆူးချွန်တွေ ရှိနေတာပါပဲ။ ဒါပေမဲ့ အရေအတွက်တော့ သိပ်မများသေးပါဘူး။ ထိုသွေးမိစ္ဆာက
" ဖခမည်းတော် အရှင်မင်းကြီး ...။ မဆက်သလာသေးပါဘူး " ဟု ပြန်ဖြေလိုက်ပါတယ်။
" ဒီအဘိုးကြီးက နာချင်နေပြီ ထင်တယ်။ အခုချက်ချင်း သူ့ဆီ ငါ့ရဲ့ အမိန့်ကို ပို့လိုက်စမ်း ...။ ဒီနေ့က စပြီး သူရလာတဲ့ သွေးပုလဲတွေထဲက ၃၀ရာခိုင်နှုန်းကို ငါလိုချင်တယ်။ အဲဒါကို သူသဘောမတူရင် ငါ့နယ်မြေထဲက ထွက်သွားလို့ ပြောလိုက် ... "
အကောင်ကြီးကြီး ဖြစ်တဲ့ သွေးမိစ္ဆာက ကွဲအက်နေတဲ့ အသံကြီးနဲ့ ပြောလိုက်ပါတယ်။
" အမိန့်တော်အတိုင်းပါ ဖခမည်းတော်အရှင်မင်းကြီး…။"
ထို့နောက်မှာတော့ အရွယ်သေးတဲ့ သွေးမိစ္ဆာကောင်က ခန်းမထဲကနေ ထွက်သွားခဲ့ပါပြီ။
" လူတွေရဲ့ အသားက တကယ် နူးညံ့လွန်းတာပဲ။ ငါတို့ မိစ္ဆာတွေအနေနဲ့ ဒီအရှေ့ယူနီကွန်း တိုက်ကြီးကို မြန်မြန် သိမ်းပိုက်ရမယ်။ ဒါမှ ငါစားချင်တဲ့ လူသားတွေကို စိတ်ကြိုက် စားလို့ရမှာ ... "
သွေးမိစ္ဆာကြီးရဲ့ ညာဘက် အောက်ထောင့်မှာတော့ လှောင်ချိုင့်ကြီး တစ်ခု ရှိနေပါတယ်။ အဲဒီ လှောင်ချိုင့်ထဲမှာ ရှိနေတာတွေကတော့ မြေကမ္ဘာ နယ်ပယ်အဆင့် လူသားတွေပါပဲ။
" တစ်ကောင် လာခဲ့စမ်း။ ငါဗိုက်ဆာနေပြီ"
ဂျွတ် ... ဂျွတ် ... ဂျလိ ...
သွေးမိစ္ဆာကြီးက လှောင်ချိုင့်ထဲမှာရှိတဲ့ မြေကမ္ဘာ ပညာရှင် တစ်ယောက်ကို ဆွဲထုတ်လိုက်ပြီး ခေါင်းကနေ စိမ်ပြေနပြေ ကိုက်စား လိုက်ပါတော့တယ်။ ထိုမြေကမ္ဘာ ပညာရှင်ရဲ့ သွေးတွေကတော့ ပတ်ဝန်းကျင် တစ်ခုလုံးကို ရဲတွတ် သွားစေခဲ့ပါပြီ။
***
မြေကမ္ဘာနယ်ပယ် အဆင့်၉ကို ရောက်ပြီးသွားတဲ့ အခါမှာတော့ လီဖူချန်းဟာ သူရဲ့ ငရဲမီး ဓားသိုင်းဆန္ဒကို စတင်ခံစားမိ လာပါတယ်။
' ငရဲမီး ဓားဆန္ဒ အစေ့ကလေးကတော့ ဖြစ်လာပြီ။ အပင်ပေါက်လာပြီး ကောင်းကင်အထိ တက်သွားဖို့ကိုတော့ ဘယ်လောက်အထိ စောင့်ရဦးမလဲ မသိဘူး '
လီဖူချန်း တစ်ယောက်ကတော့ သူ့ရဲ့ ခြံဝင်းထဲက သစ်ပင်တစ်ပင် အောက်မှာ လဲလျောင်း နေရင်းနဲ့ အတွေးကမ္ဘာ နယ်ချဲ့နေပါတယ်။
လီဖူချန်း ယုံဝူးမြို့မှာ ရှိနေစဉ်မှာပဲ ကြီးမားလှတဲ့ အဖြစ်အပျက်ကြီး တစ်ခုဟာ အရှေ့ယူနီကွန်း တိုက်ကြီးမှာ ဖြစ်ပွားသွားခဲ့ပါပြီ။
မြစ်ဖျားဧရာ နယ်မြေ၊ တောင်ဖြူနယ်မြေ၊ ရွှေအလင်းနယ်မြေ အပါအဝင် ဖြစ်တဲ့ နယ်မြေ ၆ခုဟာ မိစ္ဆာတာအို ကျင့်ကြံသူတွေရဲ့ လက်ထဲကို ကျရောက် သွားခဲ့ပါတယ်။ မိစ္ဆာတာအို ကျင့်ကြံသူတွေဟာ အဲဒီနယ်မြေ ၆ခုကို တစ်လ အတွင်းမှာပဲ သိမ်းယူသွားခဲ့တာပါ။
အဲဒီနယ်မြေတွေထဲကနေ လွတ်မြောက်လာတဲ့ အဆင့်မြင့်ပိုင်းက အကြီးအကဲတွေကတော့ အခြားဂိုဏ်းတွေနဲ့ ပူးပေါင်း နေရပါတယ်။
တူညီနေတာ တစ်ခုကတော့ အဲသည်နယ်မြေ ၆ခုစလုံးဟာ နတ်ဆိုး ၁၀ပါးနယ်မြေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နယ်မြေတွေပါပဲ။
အဲသည်နယ်မြေ ၆ခုကို သိမ်းပိုက်သွားတဲ့ သူတွေကတော့ မိစ္ဆာတစ်ထောင် နယ်မြေ၊ ကျားမိစ္ဆာ နယ်မြေနဲ့ ချိုတစ်ချောင်း မိစ္ဆာနယ်မြေက မိစ္ဆာတွေ ဖြစ်ပါတယ်။
မိစ္ဆာတစ်ထောင် နယ်မြေကို အုပ်စိုးသူကတော့ အဆင့်၅ အထွတ်အထိပ် မိစ္ဆာသားရဲကြီး တစ်ကောင်ပါပဲ။ အဲဒီ မိစ္ဆာသားရဲကြီးကိုတော့ တောင်တွေကို တုန်လှုပ်စေသူ ဆင်ကြီးဟု ခေါ်ပါတယ်။ ကောလာဟလတွေ အရ ဆိုရင်တော့ ဒီဆင်ကြီးက သားရဲဘုရင်ဖြစ်တဲ့ ရှေးဟိုင်း ဆင်ကြီးရဲ့ မျိုးဆက်သွေးကို ဆက်ခံထားပါတယ်တဲ့။
ကျားမိစ္ဆာနယ်မြေကို အုပ်စိုးသူကလည်း အဆင့်၅ အထွတ်အထိပ် အဆင့် မိစ္ဆာသားရဲကြီး တစ်ကောင်ပါပဲ။ အဲဒီကျားမိစ္ဆာက မွေးလာကတည်းက ထူးဆန်းတဲ့ အင်းကွက်တစ်ခုနဲ့ မွေးဖွား လာခဲ့တာပါ။ အဲဒီအင်းကွက်က ကျားမိစ္ဆာစားလိုက်တဲ့ မိစ္ဆာသားရဲတိုင်းရဲ့ စွမ်းအားတွေကို သန့်စင် ပေးပါတယ်။ အဲဒီကျားမိစ္ဆာဟာ အရင်တုန်းက ဂိုဏ်း၂ဂိုဏ်းကိုတောင် ပြုတ်ပြုတ်ပြုန်းသွားတဲ့အထိ စားခဲ့ပြီးပါပြီ။
အဲသည်နယ်မြေ ၂ခုနဲ့ မတူတာကတော့ ချိုတစ်ချောင်း မိစ္ဆာနယ်မြေကို အုပ်ချုပ်သူက တကယ့် မိစ္ဆာစစ်စစ် တစ်ကောင်ပါပဲ။ မိစ္ဆာတွေဟာ မွေးကတည်းက စွမ်းရည် အပြည့်နဲ့ မွေးဖွား လာကြတာပါ။
အမျိုးအစားချင်း တူနေရင်တောင်မှ စွမ်းရည်ချင်း မတူပါဘူး။ အဆင့်၅ မိစ္ဆာတွေထဲက အားအနည်းဆုံး မိစ္ဆာတောင်မှ အဆင့်၅ အထွတ်အထိပ် အဆင့်က မိစ္ဆာသားရဲတွေကို အနိုင်ယူနိုင်ပါတယ်။
သားရဲဘုရင် မျိူးဆက်သွေးကို ဆက်ခံထားတဲ့ တောင်ကို တုန်လှုပ်စေသူ ဆင်ကြီးနဲ့ မွေးရာပါ အင်းကွက် ပါလာတဲ့ ကျားမိစ္ဆာတို့သာလျှင် အဆင့်၅ မိစ္ဆာတွေနဲ့ ယှဉ်နိုင်စွမ်းရှိတာပါ။
ဒါပေမဲ့လည်း အရာရာတိုင်းမှာတော့ လိုအပ်ချက်တွေ ရှိနေတာပါပဲ။ မိစ္ဆာတွေဟာ အင်မတန် အစွမ်းထက် ပေမယ့်လည်း အဆင့်တစ်ဆင့် တက်ဖို့အတွက် ဆိုရင်တော့ မဖြစ်နိုင်သလောက်ကို ခဲယဉ်းလွန်းပါတယ်။
အဲဒီအတွက် မိစ္ဆာတစ်ထောင် နယ်မြေနဲ့ ကျားမိစ္ဆာနယ်မြေမှာ အဆင့်၅ မိစ္ဆာသားရဲတွေ အများကြီး ရှိနေပေမယ့်လည်း ချိုတစ်ချောင်း မိစ္ဆာနယ်မြေမှာတော့ စုစုပေါင်းမှ အဆင့်၅ မိစ္ဆာ၃ကောင်သာ ရှိပါတယ်။
သည်မိစ္ဆာနယ်မြေ သုံးခုရဲ့ လှုပ်ရှားမှု သတင်းတွေက အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးကို တုန်လှုပ် ချောက်ချားသွား စေခဲ့ပါပြီ။ ထိပ်တန်းဂိုဏ်းကြီး ၁၀ဂိုဏ်းတောင်မှ သူတို့ရဲ့ လက်ရွေးစင် အင်အားစုတွေကို တပ်လှန့် လိုက်ပါတယ်။
ဒီကမ္ဘာပေါ်မှာတော့ ပထမတစ်ကြိမ် ဖြစ်ပြီးရင် ဒုတိယ တစ်ကြိမ်လည်း ထပ်ဖြစ် လာဦးမှာပါပဲ။ အကယ်၍သာ သူတို့အနေနဲ့ သည်မိစ္ဆာတွေကို ပြန်လည် မတွန်းလှန်ခဲ့ပါက မိစ္ဆာတွေဟာ အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးကိုတောင် သိမ်းယူ သွားနိုင်သည် မဟုတ်ပါလား။
တိုက်ပွဲတစ်ရာ နယ်မြေထဲမှာတော့ ဂိုဏ်းပေါင်းတစ်ရာ တောင်လို့ခေါ်တဲ့ တောင်တစ်တောင် ရှိနေပြီး အဲဒီတောင်ပေါ်မှာတော့ ဂိုဏ်းအသီးသီးက ဂိုဏ်းချုပ်ကြီးတွေ အစည်းအဝေး လုပ်လေ့ရှိတဲ့ ခန်းမကြီး တစ်ခု ရှိပါတယ်။
လွန်ခဲ့တဲ့ ရာစုနှစ်တုန်းကတော့ ဂိုဏ်းအသီးသီးက ဂိုဏ်းချုပ်ကြီးတွေဟာ သည်နေရာကို အရောက်လာပြီး အစည်းအဝေး လုပ်ခဲ့ဖူးပါသေးတယ်။ သည်တစ်ကြိမ်ကတော့ ဒုတိယမြောက် အစည်းအဝေး ပါပဲ။
ဂိုဏ်းပေါင်းတစ်ရာ ခန်းမထဲမှာတော့ ကျောက်စားပွဲရှည်ကြီး တစ်ခု ရှိပြီး ဘေးတစ်ဖက် တစ်ချက်မှာတော့ ကျောက်ထိုင်ခုံတွေ အများကြီးကို စီတန်းထားပါတယ်။ ဂိုဏ်းချုပ်ကြီးတွေဟာ သူတို့ဂိုဏ်းရဲ့ အဆင့် အနေအထားအလိုက် ထိုင်ရမှာ ဖြစ်ပါတယ်။
ကျောက်စားပွဲရဲ့ အတွင်းပိုင်းမှာတော့ ရွှေရောင်ထိုင်ခုံ ၁၀လုံး ရှိနေပြီး အဲဒီ ရွှေရောင်ထိုင်ခုံ ၁၀လုံးပေါ်မှာတော့ ထိပ်တန်း ဂိုဏ်းကြီး ၁၀ဂိုဏ်းရဲ့ အကြီးအကဲတွေ ရောက်နေကြပါပြီ။
မိုးပြာရောင်ဂိုဏ်းချုပ် အိုးရန်ဝမ်းထင်ကလည်း ဒီအစည်းအဝေးပွဲကို ရောက်နေပါတယ်။ မိုးပြာရောင် ဂိုဏ်းက တတိယတန်းစား ဂိုဏ်းသာ ဖြစ်တဲ့အတွက် အိုးရန်ဝမ်းထင်ရဲ့ နေရာဟာ အပြင်ဘက်စွန်းကို တော်တော်လေး ရောက်နေတယ်လို့ ဆိုရမှာပါပဲ။
ကောင်းကင် နတ်ဆိုးဂိုဏ်းကတော့ ဒုတိယတန်းစား ဂိုဏ်းတစ်ခု ဖြစ်တဲ့အတွက် အတွင်းပိုင်းထဲကို အနည်းငယ် ရောက်နေပါတယ်။
ဂိုဏ်းပေါင်းတစ်ရာ အစည်းအဝေးခန်းမရဲ့ တိတ်ဆိတ်မှုကတော့ အပ်ကျသံတောင် ကြားရလောက်ပါတယ်။ လူတွေအားလုံးဟာ ထိပ်တန်း ဂိုဏ်းကြီး ၁၀ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးတွေ စကား စပြောတာကို စောင့်နေကြပုံပါပဲ။
ပထမဆုံး စကားစပြောတဲ့ သူကတော့ မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီး ဖြစ်တဲ့ စီးတုရှုဟို ပါပဲ။ သူကတော့ စီးတုလေ့ရဲ့ ဝမ်းကွဲအဘိုး တော်ပါတယ်။
" ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက်နယ်မြေ ပိတ်သွားတာက ကောင်းလည်း ကောင်းသလို ဆိုးလည်း ဆိုးသွားတယ်လို့ သတ်မှတ်ရမယ်။ အရင်တုန်းက အဆင့်၅ မိစ္ဆာသားရဲ တစ်ကောင်ဟာ နံပါတ်၇ ပဟေဠိ သိုင်းသမားရဲ့ လက်ရင်းတပည့်ကို သတ်လိုက်တယ်။ အဲသည်အတွက် နံပါတ်၇ ပဟေဠိ သိုင်းသမားဟာ နတ်ဆိုး၁၀ပါး နယ်မြေထဲအထိ ဝင်ပြီး သောင်းကျန်းရုံမက မိစ္ဆာသားရဲ တွေကိုလည်း ဝင်သတ် ပစ်လိုက်တယ်။ အဲဒါကြောင့် သည်နှစ်ပိုင်းတွေမှာ မိစ္ဆာတွေဟာ မသောင်းကျန်းရဲဘဲ ငြိမ်နေတာပဲ။ ရှင်းရှင်း ပြောရမယ် ဆိုရင်တော့ သူတို့တွေဟာ ပဟေဠိ သိုင်းသမားတွေကို ကြောက်နေကြတာ။ အခုတော့ ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက်နယ်မြေက ပိတ်သွားခဲ့ပြီ ဖြစ်သလို ပဟေဠိသိုင်းသမားတွေလည်း ထွက်သွားကြပြီ။ မိစ္ဆာတွေက သူတို့ ကြောက်တဲ့လူတွေ မရှိတော့တဲ့အတွက် ငြိမ်းငြိမ်းချမ်းချမ်း နေချင်ပုံ မရတော့ဘူး။ ဒီမိစ္ဆာကောင်တွေက ငါတို့ရဲ့ နယ်မြေ၆ခုကိုတောင် စတင် သိမ်းယူသွားကြပြီ။ သူတို့တွေက ဒီလောက်နဲ့ ရောင့်ရဲ တင်းတိမ်နေမှာ မဟုတ်ဘူး။ အဲဒီအတွက် ငါတို့တွေဟာ သူတို့ကို ပြန်တိုက်ထုတ် ရမယ်"
"ဂိုဏ်းချုပ်စီးတု ပြောတာ မှန်တယ်။ ငါတို့ လူသားတွေအနေနဲ့ ဒီမိစ္ဆာတွေကို ပြန်တိုက်ထုတ် ရမယ်"
ပရမတ်သုံးပါး ဘုရားကျောင်းမှ ကျောင်းထိုင် ဆရာမကလည်း စီးတုရှုဟိုရဲ့ စကားကို ထောက်ခံ လိုက်ပါတယ်။
" ငါလည်း သဘောတူတယ်"
" ငါကောပဲ"
ထိပ်တန်းဂိုဏ်းကြီး ၁၀ဂိုဏ်းမှ ခေါင်းဆောင်တွေတောင်မှ သဘောတူနေမှတော့ ကျန်တဲ့ ဂိုဏ်းခေါင်းဆောင် တွေကလည်း သဘောမတူဘဲ မနေတော့ပါဘူး။
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ ဒီဂိုဏ်းပေါင်း တစ်ရာ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်သူတွေကတော့ ထိပ်တန်းဂိုဏ်းကြီး ၁၀ဂိုဏ်းရဲ့ ခေါင်းဆောင်တွေပါပဲ။ ကျန်တဲ့ ဂိုဏ်းခေါင်းဆောင် တွေကတော့ ထိုသူတွေရဲ့ အမိန့်အတိုင်း လိုက်လံ ဆောင်ရွက်ကြရုံပဲ ရှိပါတယ်။
***