← Chapters

ပြောင်းလဲခြင်း၉ပါး ခရမ်းရောင်ချီ နတ်ဘုရား အတွင်းအားကျင့်စဉ်

Vol. 24 Ch. 331

ပြောင်းလဲခြင်း၉ပါး ခရမ်းရောင်ချီ နတ်ဘုရား အတွင်းအားကျင့်စဉ်

Vol. 24 Ch. 331

' မိစ္ဆာတွေက လူတွေရဲ့ နယ်မြေ၆ခုကို သိမ်းပိုက်သွားတာလား ...'

အဲဒီသတင်းကို ကြားလိုက်ရတဲ့ အချိန်မှာတော့ လီဖူချန်းဟာ အတော်လေး တုန်လှုပ် သွားခဲ့ပါတယ်။

နတ်ဆိုး၁၀ပါး နယ်မြေဟာ နယ်မြေ ၁၀ခုသာ ဖြစ်ပေမယ့် နယ်မြေ တစ်ခုချင်းစီ တောင်မှ အတော်လေးကို ကြီးမားကျယ်ပြန့် လွန်းတယ်လို့ ဆိုရမှာပါ။ ထိပ်တန်းဂိုဏ်းကြီး ၁၀ဂိုဏ်း ပိုင်ဆိုင်ထားတဲ့ နယ်မြေတွေ တောင်မှ မိစ္ဆာနယ်မြေတွေလောက် ကြီးမား ကျယ်ပြန့်ခြင်း မရှိပါဘူး။

ပြီးတော့ နတ်ဆိုး၁၀ပါးနယ်မြေထဲမှာ ပါဝင်တဲ့ နယ်မြေ တစ်ခုချင်းစီကို အုပ်စိုးနေတဲ့ သူတွေဟာ ကြောက်စရာ ကောင်းတဲ့ သက်ရှိတွေပါပဲ။ သူတို့ တစ်ယောက်ချင်းရဲ့ စွမ်းရည်တွေဟာ အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးကိုတောင်မှ သိမ်းပိုက်နိုင်စွမ်း ရှိပါတယ်။ ထိပ်တန်းဂိုဏ်းကြီး ၁၀ဂိုဏ်းကိုပဲ အားကိုး နေရင်တော့ ဒီမိစ္ဆာတစ်ကောင်တွေကို ဘယ်လိုမှ တွန်းလှန်နိုင်မှာ မဟုတ်ပါဘူး။

" သည်မိစ္ဆာတွေ လက်ထဲကို ကျရောက်သွားတဲ့ နယ်မြေတွေ ထဲမှာရှိတဲ့ လူတွေကတော့ အတော်လေး ကြောက်စရာ ကောင်းတဲ့ အခြေအနေနဲ့  ရင်ဆိုင်နေရလောက်ပြီ"

လီဖူချန်းက စိတ်မကောင်းဖြစ်နေရုံက လွဲပြီး ဘာမှ မတတ်နိုင်ပါဘူး။

' ဟူး ...  ငါ့ရဲ့ စွမ်းရည်က အတော်လေး အားနည်းနေသေးတာပဲ။ ငါက ငါ့ကိုယ်ငါတောင် ကာကွယ်နိုင်စွမ်း မရှိသေးဘူး'

လီဖူချန်းက ခေါင်းကို ခါယမ်းနေရင်းနဲ့ သူ့ရဲ့လက်ရှိ စွမ်းရည် အကြောင်းကို တွေးနေ မိပါတယ်။

သူသတိ ထားမိလိုက်တာ တစ်ခုကတော့ ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက်နယ်မြေ ပိတ်သွားပြီး ကတည်းက ပြသနာတွေ တစ်ခုပြီး တစ်ခု ပေါ်နေတယ် ဆိုတာပါပဲ။ နောက်ထပ် ဘယ်လို ပြဿနာတွေ ထပ်ဖြစ်လာဦးမလည်း ဆိုတာကိုတော့  စောင့်ကြည့်ရုံကလွဲပြီး ဘယ်သူမှ ကြိပြောနိုင်မှာ မဟုတ်ပါဘူး။

သူမထင်မှတ်ထားတဲ့ အချိန်တစ်ခုမှာပဲ စစ်ပွဲကြီးတစ်ခုက အစပြုနေခဲ့ပါပြီ။

ဂိုဏ်းပေါင်း၁၀၀ အစည်းအဝေးပွဲရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ ဆုံးရှုံးပြီးသွားပြီ ဖြစ်တဲ့ နယ်မြေ၆ခုကို ပြန်လည် မတိုက်ယူတော့ဘဲ အဲဒီနယ်မြေတွေ အတွင်းမှာရှိတဲ့  သန်းပေါင်း ထောင်ချီတဲ့ လူတွေကို ပြန်ကယ်တင်ဖို့ပါပဲ။  ဒါပေမဲ့လည်း နတ်ဆိုး၁၀ပါး နယ်မြေဟာ စစ်ပွဲကို အလွန် ဆာလောင်နေပါပြီ။ ဒီမိစ္ဆာတွေက ဘယ်လူသား တစ်ယောက်ကိုမှ သူတို့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေထဲကနေ ဖြတ်သန်းခွင့်  မပြုတဲ့အပြင် နောက်ထပ် နယ်မြေ ၁၄ခုကိုပါ ပေးအပ်ဖို့အတွင် တောင်းဆို လာခဲ့ပါသေးတယ်။

လူသားတွေ ဘက်ကလည်း မိစ္ဆာတွေရဲ့ အလွန်အကျူး တောင်းဆိုမှုကို ဘယ်လိုမှ လက်မခံနိုင်တဲ့ အတွက် စစ်ပွဲစဖို့ကိုသာ ဆုံးဖြတ်လိုက်ပါတော့တယ်။

အဲသည်အတွက် မိစ္ဆာတွေ သိမ်းပိုက်ထားတဲ့  လူသားနယ်မြေ၆ခုဟာ  မိစ္ဆာတွေနဲ့ လူသားတွေ ကြားက စစ်မြေပြင်ကြီး ဖြစ်လာခဲ့ပါပြီ။

လူသားတွေဘက်မှာတော့ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် ရာနဲ့ချီပြီး စစ်ပွဲထဲ ပါဝင်လာခဲ့သလို မိစ္ဆာတွေ ဘက်ကလည်း ရာနဲ့ချီတဲ့ အဆင့်၅ မိစ္ဆာသားရဲတွေနဲ့ အဆင့်၅ မိစ္ဆာတွေ ပါဝင် လာခဲ့ပါတယ်။

တတိယတန်းစား  ဂိုဏ်းတစ်ခု ဖြစ်တဲ့ မိုးပြာရောင် ဂိုဏ်းဟာလည်း  ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်၃ယောက်ကို စစ်ပွဲဖြစ်ပွားရာ နယ်မြေ၆ခုသို့ စေလွှတ်လိုက်ပါပြီ။

ဒါပေမဲ့လည်း စစ်မြေပြင်ဟာ အတော်ကြီးကို ကျယ်ပြန့်တဲ့ အတွက် ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေနဲ့ချည်းတော့ စစ်မြေပြင်တစ်ခုလုံးကို ထိန်းချုပ်ဖို့ မဖြစ်နိုင်ပါဘူး။

အဲဒီအတွက် ဂိုဏ်းအသီးသီးဟာ များပြားလှတဲ့  ကောင်းကင်နယ်ပယ် ပညာရှင်တွေနဲ့   မြေကမ္ဘာ ပညာရှင်တွေကို  စစ်မြေပြင်သို့ ပို့ဆောင် ရပါတော့တယ်။

မိုးပြာရောင်ဂိုဏ်းဟာ  ကောင်းကင်နယ်ပယ် ပညာရှင် ၂၀၀ကျော်နဲ့ မြေကမ္ဘာနယ်ပယ် ပညာရှင် ၃၀၀၀ ကျော်ကို စစ်ပွဲထဲသို့ စေလွှတ်လိုက်ပါတယ်။  အခြားဂိုဏ်းတွေက စေလွှတ်လိုက်တဲ့ ပညာရှင် အရေအတွင်ကလည်း  မိုးပြာရောင် ဂိုဏ်းထက် မနည်းပါဘူး။

ကောင်းကင် နတ်ဆိုးဂိုဏ်းဆိုရင် ကောင်းကင်နယ်ပယ် ပညာရှင် ၃၀၀ကျော်နဲ့  မြေကမ္ဘာ ပညာရှင်၅၀၀၀ နီးပါးကို စစ်မြေပြင်သို့ စေလွှတ် လိုက်တယ်လို့ သတင်းကြားရပါသေးတယ်။

ဂိုဏ်းပေါင်း တစ်ရာက  လူသား ပညာရှင်တွေနဲ့ မိစ္ဆာတွေရဲ့ ပထမဆုံး တိုက်ပွဲကတော့ တစ်လ တိတိကို ကြာမြင့်ပြီး  ဂိုဏ်းပေါင်း တစ်ရာဘက်က သိသိသာသာကြီးကို ရှုံးနိမ့် သွားခဲ့ပါတယ်။

နှစ်ပေါင်းများစွာ ပြင်ဆင်လာခဲ့တဲ့ မိစ္ဆာတပ်တွေကို လူသားတွေ အနေနဲ့  ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။  အထူးသဖြင့် နတ်ဆိုး ၁၀ပါးနယ်မြေရဲ့ ခေါင်းဆောင်တွေကိုပေါ့။ နတ်ဆိုး ၁၀ပါးနယ်မြေရဲ့ ခေါင်းဆောင်တွေ အကုန်လုံးဟာ ကောင်းကင်ဘုံတောင် ဆန့်ကျင်နိုင်တဲ့ အထိ အစွမ်းထက် နေကြပါပြီ။

တောင်ကို တုန်လှုပ်စေသူ ဆင်ကြီးဟာ သူ့ရဲ့ နဂိုမူလ အသွင်ကို ပြန်ပြောင်းလိုက်တဲ့ အခါမှာဆိုရင် ပေ၁၀၀၀ နီးပါးရှိတဲ့ ဆင်ကြီး ဖြစ်သွားတာပါ။ အဲဒီဆင်ကြီးက လူတွေကို မပြောနဲ့။ တောင်တွေကိုတောင် တစ်ချက်တည်းနဲ့ ဖြိုပစ်နိုင်ပါတယ်။ ပြန်လည် ဝင်စားခြင်း နယ်ပယ် အဆင့်မြင့်ပိုင်းက ပညာရှင် တစ်ယောက်ဆိုရင် ဒီဆင်ကြီးရဲ့ နှာမောင်းရိုက်ချက်ကြောင့် ဒဏ်ရာ ပြင်းပြင်းထန်ထန်တောင် ရသွားပါသေးတယ်။

မိစ္ဆာကျားရဲ့   အစွမ်းကလည်း  တောင်ကို တုန်လှုပ်စေသူ ဆင်ကြီးထက် မလျော့ခဲ့ပါဘူး။ ဒီမိစ္ဆာကျားက  မိစ္ဆာသားရဲ အစွမ်းကော၊ မိစ္ဆာအစွမ်းတွေပါ ရထားတာပါ။  တိုက်ပွဲစတာနဲ့ တစ်ပြိုင်နက် မိစ္ဆာကျားက ပြန်လည် ဝင်စားခြင်း နယ်ပယ် အဆင့်မြင့်ပိုင်း ပညာရှင် တစ်ယောက်ကို  အလစ်အငိုက် ဖမ်းပြီး သတ်ပစ် လိုက်ပါတယ်။ ဒါပေမဲ့လည်း နောက်ပိုင်းမှာတော့ လူသားတွေက သူ့ရဲ့အစွမ်းကို သဘောပေါက် သွားတဲ့အတွက်  မိစ္ဆာကျားကို ဒုတိယအကြိမ် အခွင့်အရေး မပေးတော့ပါဘူး။

မိစ္ဆာတွေ ဆိုရင်တော့ ပြောမနေပါနဲ့တော့။

သက်တမ်းချင်း ယှဉ်ကြည့်လိုက်မယ်ဆိုရင် သက်တမ်းအရှည်ဆုံးက မိစ္ဆာတွေဖြစ်ပြီး လူသားတွေက သက်တမ်း အတိုဆုံးပါပဲ။ မိစ္ဆာသားရဲတွေရဲ့ သက်တမ်းတွေကတော့ ကြားထဲမှာ ရှိနေပါတယ်။ အဲဒီအတွက် မိစ္ဆာတွေဟာ ဘယ်လောက်အထိ အစွမ်းထက်နေပြီလည်း ဆိုတာကို ဘယ်သူမှ အတိအကျ မသိပါဘူး။

ဂိုဏ်းပေါင်း တစ်ရာဟာ ပထမဆုံး တိုက်ပွဲမှာ ရှုံးနိမ့်ခဲ့တာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့လည်း သူတို့တွေဟာ လုံးဝ နောက်မဆုတ်ဘဲ စစ်မြေပြင်သို့  စစ်ကူတွေ ပို့ပေးနေဆဲပါပဲ။

ဒီတစ်ကြိမ်မှာတော့ မိုးပြာရောင်ဂိုဏ်းဟာ ကောင်းကင် နယ်ပယ်ပညာရှင် ၁၀၀နဲ့ မြေကမ္ဘာပညာရှင် ၁၀၀၀ကျော် ပါဝင်တဲ့ တပ်ဖွဲ့တစ်ဖွဲ့ ရယ်၊  ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင် တစ်ယောက်ရယ်ကို စစ်မြေပြင်သို့ ပို့ဆောင် လိုက်ပါတယ်။

မိုးပြာရောင်ဂိုဏ်း နယ်နိမိတ်ထဲမှာ ထကြွ သောင်းကျန်းနေတဲ့ မိစ္ဆာတာအို ကျင့်ကြံသူတွေကိုတော့ မိုးပြာရောင်ဂိုဏ်းက သိပ်ပြီး အလေးမထား နိုင်တော့ပါဘူး။ မိစ္ဆာတာအို ကျင့်ကြံသူတွေဟာ  နတ်ဆိုး၁၀ပါးနယ်မြေက မိစ္ဆာတွေနဲ့ ယှဉ်လိုက်ရင်တော့ အသေးအဖွဲပါပဲ။  ဂိုဏ်းပေါင်း တစ်ရာပါဝင်တဲ့ လူသားတွေ ဘက်ကသာ စစ်ပွဲမှာ ရှုံးသွားပြီဆိုတာနဲ့ သန်းပေါင်း ထောင်သောင်းချီတဲ့ အပြစ်မဲ့ လူတွေရဲ့ အသက်ဟာ  ဆုံးရှုံးရတော့မှာပါ။

လီဖူချန်းကတော့ သိတဲ့အတိုင်း စစ်သွေးတွေ ကြွနေပါပြီ။ ဒါပေမဲ့လည်း မိုးပြာရောင်ဂိုဏ်းရဲ့ ထိပ်ပိုင်း အကြီးအကဲတွေက သူ့ကို စစ်မြေပြင်သို့ မသွားဖို့အတွက်   ရှိခိုးလုမတတ် ကြိုတောင်းပန် ထားကြပါတယ်။

လီဖူချန်းရဲ့ မြေကမ္ဘာနယ်ပယ် အဆင့်၉နဲ့ စစ်မြေပြင်ကို သွားလို့ကတော့ သေချာပေါက် သေမှာပါပဲ။  မိုးပြာရောင် ဂိုဏ်းအနေနဲ့ လီဖူချန်းကိုတော့ လုံးဝအသေခံမှာ မဟုတ်ပါဘူး။

အဲသည်အတွက်  လီဖူချန်းဟာ မိုးပြာရောင် ဂိုဏ်းနယ်နိမိတ်ထဲမှာသာ ကျင့်ကြံနေပြီး  မိစ္ဆာတာအို ကျင့်ကြံသူတွေကို ခုခံနေပါတယ်။ အကြီးအကဲ ကျင်းမင်နဲ့  အကြီးအကဲ စုချန်းကတော့ မိုးပြာရောင်ဂိုဏ်းက ဆင့်ခေါ်တဲ့အတွက် ဂိုဏ်းတော်ကို ပြန်သွားကြပါပြီ။

'အကြီးအကဲ၂ယောက် ပြန်သွားတာက ငါ့အတွက် ပိုကောင်းတယ်။ အခုဆိုရင် ငါက ငါ့ရဲ့ ဝှက်ဖဲတွေကို စိတ်ကြိုက် သုံးလို့ရပြီ။'

လီဖူချန်းကတော့  ကျင်းမင်နဲ့ စုချန်း ပြန်သွားတဲ့ အတွက် အတော်လေး  ပျော်နေပုံပင်။

တတိယမြောက် အဓိက နယ်မြေရဲ့ အသေးစားနယ်မြေ အပိုင်းအခြား ၇မှာတော့ နဂိုမူလက အတွင်းစည်း အကြီးအကဲ ၁၅ယောက် ရှိရာကနေ အရေးပေါ် အခြေအနေတွေကြောင့် အတွင်းစည်း အကြီးအကဲ ၁၁သာ ကျန်ရှိနေပါတော့တယ်။

သည်လိုအခြေအနေဆိုးတွေနဲ့ ကြုံနေရတဲ့ အချိန်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ မြေကမ္ဘာအဆင့် သိုင်းအင်းကွက်နဲ့  မြေကမ္ဘာ အဆင့် အတွင်းအားကျင့်စဉ် အင်းကွက်ကို နှမြောနေခြင်း မရှိတော့ပါဘူး။ သူကသူ့ရဲ့ ဝှက်ဖဲတွေကို သိမ်းထားကာ   မိစ္ဆာတာအို ကျင့်ကြံသူတွေ လုပ်ချင်တိုင်း လုပ်ပြီး သတ်ချင်တိုင်း သတ်နေတာကို ငြိမ်ကြည့်နေမယ့် လူမျိုးမှ မဟုတ်တာလေ။

သူက ဘယ်သူသေသေ ငါမသေရင်ပြီးရော ဆိုတဲ့ လူအမျိုးအစားထဲက မဟုတ်သလို သူ့ရဲ့ ဓားတာအိုကလည်း သည်လိုမတရားမှုမျိုးကို ကြည့်နေမှာ မဟုတ်ပါဘူး။

သည်နေ့ညမှာတော့ လီဖူချန်းဟာ မျက်နှာဖုံး တစ်ခုကို ဝတ်ဆင်ထားပြီး  အသေးစားနယ်မြေ အပိုင်း၇ထဲမှာ ကင်းလှည့် နေပါတယ်။ သူက သူနဲ့အတူ ကင်းလှည့်နေကျ ဖြစ်တဲ့ ဖျက်ဆီးခြင်း တံစဉ်ငှက်ကြီးကိုတောင်မှာ ခေါ်မလာဘဲ ထွက်လာခဲ့တာပါ။

ကျောက်စိမ်းမြို့ ...  ...

သည်မြို့ကတော့ အရည်အသွေး ကောင်းလွန်းတဲ့ ကျောက်စိမ်းတွေ ထွက်လေ့ရှိတာကြောင့် အတော်လေး နာမည်ကြီးပါတယ်။

တိတ်ဆိတ်တဲ့ ညအမှောင် အောက်မှာတော့  ဝတ်စုံနက် တစ်ထောင်ကျော်ဟာ ရုတ်တရက် ပေါ်လာပြီး ကျောက်စိမ်းမြို့ကို ဝန်းရံလိုက်ပါပြီ။

သည်ဝတ်စုံနက်တွေကို ဦးဆောင်လာတဲ့ သူကတော့ ခွေးမျက်နှာဖုံးကို ဝတ်ဆင် ထားပါတယ်။ ထိုသူက  သံမဏိ တောင်တန်းမြို့မှာ လူသိန်းပေါင်း များစွာကို သတ်ပစ်ခဲ့ပြီး အကြီးအကဲ စုဝန်ဆောင်ကို ဒဏ်ရာ ရစေခဲ့သူပါပဲ။

" ဟီဟီး ...။ ဂိုဏ်းတော်တွေက  နတ်ဆိုး ၁၀ပါးနယ်မြေနဲ့ အလုပ်များနေကြတာ ...။  ငါတို့အတွက် အဲဒါက အခွင့်အရေး ကောင်းပဲ။ ငါ့အနေနဲ့ အကောင်းစား သွေးပုလဲ တစ်ခုကို ဖြစ်တည် စေနိုင်ခဲ့ရင် အရှင် သွေးဘိုးဘိုးကြီးက ငါ့ကို ဆုအကြီကြီး တစ်ခု ပေးမှာ သေချာနေပြီ"

ခွေးမျက်နှာဖုံးရှင်ကို ကြည့်ရတာက အတော်လေး အူမြူးနေပုံပါပဲ။ အစောပိုင်းတုန်းကတော့ ကြောင်မျက်နှာဖုံးရှင် သတ်ခံလိုက်ရတဲ့ အတွက် သူဟာ အတော်လေး ထိတ်လန့် ခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း အခုတော့ မိုးပြာရောင်ဂိုဏ်းရဲ့ ထိပ်သီးပညာရှင် တစ်ဝက်လောက်ဟာ စစ်မြေပြင်ကို ရောက်သွားခဲ့ပါပြီ။ အဲဒီအတွက် မိုးပြာရောင် ဂိုဏ်းအနေနဲ့ သူတို့ကို အရင်လို ပစ်မှတ်ထားပြီး စောင့်ကြည့်နိုင်တော့မှာ မဟုတ်ပါဘူး။

ရွှီး ...

အဝေးတစ်နေရာကနေ  လေထုကို ဖြတ်သန်းလာတဲ့ အသံတစ်ခု ထထွက်ပေါ် လာခဲ့ပါပြီ။

ခွေးမျက်နှာဖုံးရှင်က သူ့ရဲ့ အာရုံကို အသံလာရာဆီသို့ ပို့လိုက်တဲ့ အခါမှာတော့ မီးတောက် တစ်ခုဟာ မှောင်မည်းနေတဲ့ ကောင်းကင်ကို ဖြတ်ပြီး သူတို့ ပျံသန်းလာတာကို တွေ့လိုက်ရပါတယ်။

အဲဒီမီးတောက်ဟာ မြေကမ္ဘာနယ်ပယ် အဆင့်၉ကို ရောက်နေတဲ့ လူတစ်ယောက်ရဲ့ လက်ထဲက ဓားကနေ ထွက်ပေါ်နေတာပါ။

" ဟင် ... မြေကမ္ဘာနယ်ပယ် အဆင့်၉ ပညာရှင်လား ... "

ခွေးမျက်နှာဖုံးရှင်က ကြောင်အမ်းအမ်း ဖြစ်သွားပါတယ်။ ဒီမြေကမ္ဘာနယ်ပယ် အဆင့်၉ ပညာရှင်က ဘယ်လိုသတ္တိနဲ့များ ကောင်းကင်ယံမှာ ပျံသန်းပြီး သည်ကို လာခဲ့တာပါလိမ့်။

" သူ့ကို သွားသတ်လိုက်"

ခွေးမျက်နှာဖုံးရှင်က သူ့ဘေးမှာရှိတဲ့ ဝတ်စုံနက်တွေထဲက  ကောင်းကင်နယ်ပယ် အဆင့်နိမ့် ပညာရှင် တစ်ယောက်ကို အမိန့်ပေးလိုက်ပါတယ်။

" ဟုတ်ကဲ့ပါ  ... ခန်းမသခင်"

ဝတ်စုံနက်က ကောင်းကင်ပေါ်ကို တစ်ရှိန်ထိုး ပျံသန်းသွားပြီး မီးတောက်ပိုင်ရှင်ကို ဆီးကြို လိုက်ပါတယ်။

" သေစမ်း ..."

ဝတ်စုံနက်ရဲ့ လက်ထဲကနေ မရေမတွက်နိုင်တဲ့  အစိမ်း အလင်းပြောက်လေးတွေ ထွက်ပေါ်လာပြီး မီးတောက် ပိုင်ရှင်ကို တိုက်ခိုက် လိုက်ပါပြီ။

ထိုမီးတောက် ပိုင်ရှင်ကတော့ ဇာတ်လိုက်ကျော်ကြီး လီဖူချန်းပါပဲ။

" မင်းအဖေကို သွားသေ ခိုင်းလိုက်ပါလား..."

လီဖူချန်းက သူ့ရဲ့ ဓားထဲကို ကြေးဝါဓားချီတွေ ပို့ဆောင်လိုက်ပြီး ဝတ်စုံနက်ကို ခုတ်ပိုင်း ပစ်လိုက်ပါတယ်။

ရွှမ်း ...

အား...

ထို့နောက်မှာတော့ ကြေးဝါရောင် တောက်ပနေတဲ့ ဓားကြီးဟာ ဝတ်စုံနက်ကို ခါးက နေပြီး နှစ်ပိုင်း ပြတ်ထွက် သွားစေခဲ့ပါပြီ။

" သည်လူက သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားတာပဲ"

ခွေးမျက်နှာဖုံး ပိုင်ရှင်က  မြေကမ္ဘာနယ်ပယ် အဆင့်၉ ပညာရှင်တစ်ယောက်ဟာ ကောင်းကင်နယ်ပယ် အဆင့်နိမ့်ပိုင်း ပညာရှင် တစ်ယောက်ကို တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တယ် ဆိုတာကို  လုံးဝ မယုံပါဘူး။ အဲသည်အတွက် ရန်သူဟာ သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်ကို ဖုံးကွယ် ထားတယ်လို့ပဲ ယူဆလိုက်ပါတယ်။

"ခန်းမသခင် ...  ကျွန်တော်သူ့ကို တာဝန်ယူလိုက်ပါမယ်"

ကောင်းကင်နယ်ပယ် အလယ်အလတ် အဆင့်မှာရှိတဲ့ ဝတ်စုံနက် တစ်ယောက်က လီဖူချန်းဆီသို့   ပျံတက် သွားခဲ့ပါပြီ။

" သွေးဆာလောင်မှု  ဆေဘာဓားသိုင်း "

သည်ဝတ်စုံနက်ကတော့ ဆေဘာကို အသုံးပြုသူ တစ်ယောက်ပါပဲ။ သူ့ရဲ့ ဆေဘာ ဝှေ့ယမ်း လိုက်တိုင်းမှာ  သွေးရောင်တွေ ဖြာထွက် နေပါသေးတယ်။ ဆေဘာ အနားနီးကပ် လာတာနဲ့အမျှ   သူ့ရဲ့ သွေးတွေ အနည်းငယ် ဆူပွက် လာတာကို လီဖူချန်းတစ်ယောက် ခံစားလိုက်မိပါတယ်။

" သွေးတာအို ကျင့်ကြံသူတွေက သွေးတွေကို ထိန်းချုပ်နိုင်တာပဲ။ ငါ့အနေနဲ့ ဒဏ်ရာရသွားလို့ မဖြစ်ဘူး။ "

လီဖူချန်းက မျက်မှောင်ကြုတ် လိုက်မိပါတယ်။ သူက သူ့ရဲ့ ရန်သူကို ကြောက်လို့တော့ မဟုတ်ပါဘူး။  ဒါပေမဲ့ သွေးတာအို ပညာရှင်တွေနဲ့ ရင်ဆိုင်တဲ့ နေရာမှာတော့ ဒဏ်ရာ မရစေဘို့ လိုအပ်ပါတယ်။ သွေးတာအို ပညာရှင်တွေက ဒဏ်ရာက ထွက်နေတဲ့ သွေးတွေကို ထိန်းချုပ်ပြီး တိုက်ခိုက်နိုင်သည် မဟုတ်ပါလား။

" သေစမ်း... "

လီဖူချန်းက ဓားကွက် တစ်ကွက်တည်းနဲ့ တစ်ဖက်ရန်သူရဲ့ သွေးဆေဘာ အလင်းတန်းတွေကို ဖျက်ဆီး ပစ်လိုက်ပါပြီ။  သူ့ရဲ့ ကြေးဝါရောင် ဓားအလင်းတန်းက အဲဒီဆင့်မှာတင်  ရပ်တန့်မသွားဘဲ  အရှိန်အဟုန် ပြင်းစွာဖြင့်   တစ်ဖက်ရန်သူရဲ့ ရင်ဘတ်ထဲကို တိုးဝင် သွားခဲ့ပါသေးတယ်။

ဘန်း...

ဝတ်စုံနက်ရဲ့ ခန္ဓာကိုယ်ကတော့ ပေါက်ကွဲ ထွက်သွားပြီး ပြာအဖြစ် ပြောင်းသွားခဲ့ပါပြီ။

ဒီအတောအတွင်းမှာ လီဖူချန်းရဲ့ ကျောရိုးထဲမှာရှိတဲ့ သံနက် ဓားအဆီအနှစ်တွေက ကြေးဝါဓား အဆီအနှစ် အဖြစ်ကို ၇၀ ရာခိုင်နှုန်းနီးပါးတောင် ပြောင်းသွားခဲ့ပြီလေ။ သာမန် ကောင်းကင်နယ်ပယ် အလယ်အလတ် အဆင့် ပညာရှင်တစ်ယောက် ကိုတော့ လီဖူချန်းက ပြိုင်ဘက်လို့တောင် မသတ်မှတ်တော့ပါဘူး။

" မကောင်းတော့ဘူး ...။ သည်လူရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်အဆင့်အထိ ရောက်နေတာလဲ"

ခွေးမျက်နှာဖုံးရှင်က အတော်လေး ထိတ်လန့် သွားခဲ့ပါပြီ။ သူ့ရဲ့ လကိအောက်ခံတွေက သူကိုယ်တိုင် စနစ်တကျ ရွေးချယ်ထားခဲ့တဲ့ လက်ရွေးစင်တွေပါ။ အဲဒီလူတွေကိုတောင် တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်တဲ့ လူကတော့ သေချာပေါက် အစွမ်းထက်တဲ့ လူပါပဲ။

"ခွေးမသား ...  မင်းရဲ့ အသက်ကို ပေးစမ်း …"

ခွေးမျက်နှာဖုံးရှင်ဟာ အခြားသူတွေကို မလွှတ်တော့ဘဲ လီဖူချန်းဆီသို့  သူကိုယ်တိုင် ခုန်ဝင် လာခဲ့ပါပြီ။

" ကောင်းကင်နယ်ပယ် အဆင့်၈ ပညာရှင်ပါလား ... "

လီဖူချန်းက  တစ်ဖက်လူကို အထင်မသေးဘဲ သူ့ရဲ့ ကောင်းကင် ပျက်သုဉ်း သိုင်းအင်းကွက်ကို အသက်သွင်း လိုက်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ လီဖူချန်းက သူ့ရဲ့ ကြေးဝါဓားချီတွေနဲ့ ကောင်းကင် ပျက်သုဉ်း သိုင်းအင်းကွက်ကို ပထမဆုံးအကြိမ် တွဲဖက် အသုံးပြုလိုက်တာပါ။

ရွှီး ... ရွှီး ... ရွှီး ... ရွှီး ...

သန့်စင်ပြီး မြင့်မြတ်တဲ့ ဓားအလင်းတန်း တွေကတော့ ကောင်းကင်ကို လွှမ်းခြုံ သွားခဲ့ပါပြီ။ မမြင်ရတဲ့ ဓားစက်ကွင်း တစ်ခုကလည်း ခွေးမျက်နှာဖုံးပိုင်ရှင်ကို ချောင်ပိတ် ဖမ်းထား လိုက်ပါတယ်။

" အခြေအနေ မဟန်တော့ဘူး။ ဒါက ဒဏ္ဍာရီတွေထဲက ဓားစက်ကွင်း မဟုတ်ဘူးလား ... ။ ဒါ ...  ဒါက မြေကမ္ဘာအဆင့် ဓားသိုင်းပဲ"

ခွေးမျက်နှာဖုံးရှင်က သူ့ရဲ့ ပျံသန်းနှုန်းကို လျော့ချလိုက်ပြီး  သွေးပုလဲကို  အလျင်အမြန် ထုတ်ယူ လိုက်ပါတယ်။ သူ့ရဲ့ သွေးပုလဲကတော့ အညံ့စား သွေးပုလဲ တစ်ခုပါပဲ။

" သေစမ်းကွာ ..."

အားကောင်းလှတဲ့ သွေးတာအို စွမ်းအင်တွေကို လက်ခံရယူပြီးတဲ့ နောက်မှာတော့ ခွေးမျက်နှာဖုံး ရှင်ဟာ သူ့ရဲ့ သံမဏိလက်သည်းနဲ့ ဓားအလင်းတန်းကြီးတွေကို ကုတ်ချ လိုက်ပါတယ်။

ဝုန်း ...

ပေါက်ကွဲမှုကြီး တစ်ခုနဲ့အတူ လူရိပ်တစ်ရိပ်ဟာ အနောက်ကို လွင့်ထွက် သွားခဲ့ပါတယ်။ အဲဒီ လူရိပ်ကတော့ ခွေးမျက်နှာဖုံးရှင်ပါပဲ။ သူ့ရဲ့ နှုတ်ခမ်းထောင့်ကနေတော့  သွေးတွေ စီးကျလျက် ရှိပါတယ်။

( note -မျက်နှာဖုံးတွေက  မျက်နှာအပြည့်ဖုံးတဲ့ မျက်နှာဖုံး မဟုတ်ပါဘူး။ နဖူးကနေ  နှာခေါင်း အထိသာ ဖုံးပေးတဲ့ မျက်နှာဖုံးတွေ ဖြစ်ပါတယ်။)

လီဖူချန်းကလည်း သိပ်ပြီးတော့ မသက်သာလှပါဘူး။ သူ့ရဲ့ သွေးလည်ပတ်မှုတွေနဲ့ ချီအတွင်းအား လည်ပတ်မှုတွေက  ပရမ်းပတာ ဖြစ်ကုန်တဲ့ အတွက်  မနည်းပြန်ပြီး ထိန်းလိုက် ရတာပါ။

အကယ်၍သာ သူ့အနေနဲ့ အဆင့်၅ မိစ္ဆာသားရဲအရေခွံ ကိုယ်ကျပ်အင်္ကျီကိုသာ မဝတ်ထားလို့ကတော့  သေနေလောက်ပါပြီ။

"သူက ငါသွေးပုလဲကနေ  စုပ်ယူထားတဲ့ သွေးတာအို စွမ်းအင်တွေကိုတောင် ခုခံနိုင်တာလား ..."

ခွေးမျက်နှာဖုံးရှင်ကတော့ အတော်လေး ကြောက်လန့်နေပုံပါပဲ။ သူက အခုချိန်အထိ တစ်ဖက် ရန်သူရဲ့ ကျင့်ကြံခြင်း အဆင့်ကို မြင်အောင် မကြည့်နိုင်သေးဘူးလေ။

" အားလုံးပေါင်းပြီး တိုက်ခိုက်ကြ ..."

ခွေးမျက်နှာဖုံးရှင်က  သူ့ကိုယ်သူ ယုံကြည်မှု မရှိတော့တဲ့အတွက်  အခြားသော ကောင်းကင် နယ်ပယ် အဆင့်က ဝတ်စုံနက်တွေ အကုန်လုံးကို စစ်ကူ ခေါ်လိုက်ပါတယ်။

" အင်း ...။ ဒီအချိန်က ငါ့ရဲ့ မြေကမ္ဘာအဆင့် အတွင်းအား သိုင်းအင်းကွက်ကို စမ်းသပ်ရမယ့် အချိန်ပဲ"

လီဖူချန်းက မဆိုင်းမတွပင် သူ့ရဲ့ ငရဲမီးတောက် အတွင်းအားတွေကို စုစည်းလိုက်ပြီး သူ့ရဲ့ နောက်ကျောမှာရှိတဲ့ ခရမ်းရောင် အင်းကွက်ထဲသို့ ပို့ဆောင် လိုက်ပါတယ်။

ဝုန်း ...

ကြောက်စရာကောင်းတဲ့  ချီအရှိန်အဝါ တစ်ခုက ရုတ်ခြည်း ထွက်ပေါ်လာခဲ့သလို  လီဖူချန်းရဲ့ ပတ်ဝန်းကျင် တစ်ခုလုံးကိုလည်း ခရမ်းရောင်ချီ အလွှာတစ်ခုက ဖုံးအုပ်သွားခဲ့ပါပြီ။

သည်ခရမ်းရောင် ချီစွမ်းအင်တွေကြောင့် လီဖူချန်းရဲ့ မျက်လုံး၊ မျက်ခုံး၊ ဆံပင်နဲ့ အသားအရေတွေဟာ ခရမ်းရောင်ဘက်ကို ကူးပြောင်း သွားခဲ့ပါတယ်။ လီဖူချန်းကို ကြည့်ရတာက ခရမ်းရောင် စစ်နတ်ဘုရား တစ်ပါးလိုပါပဲ။

" ပြောင်းလဲခြင်းကိုးပါး ခရမ်းရောင်ချီ နတ်ဘုရားကျင့်စဉ် "

အသိဆန္ဒတစ်ခုက လီဖူချန်းရဲ့ စိတ်ဝိညာဉ် နယ်ပယ်ထဲကို ချည်းနင်း ဝင်ရောက် လာခဲ့ပါပြီ။

" ကြောက်ဖို့ ကောင်းလိုက်တဲ့ အတွင်းအားကျင့်စဉ်ပဲ"

လီဖူချန်းက ခပ်တိုးတိုး ရေရွတ် လိုက်ပါတယ်။

ထို့နောက်မှာတော့ လီဖူချန်းက သန့်စင်သော ယန်အဖိုဓာတ် ချီအတွင်းအား လျှို့ဝှက်နည်း စနစ်ကို အသက်သွင်းပြီး သူ့ရဲ့ ခရမ်းရောင် ချီအတွင်းအားတွေကို သန့်စင်သော ယန်အဖိုဓာတ် ချီအတွင်းအားတွေ အဖြစ် ပြောင်းလဲ စေလိုက်ပါတယ်။  ဒါပေမဲ့ အံ့သြစရာ ကောင်းတာကတော့ သူ့ရဲ့ သန့်စင်သော ယန်အဖိုဓာတ် ချီအတွင်းအား လျှို့ဝှက်နည်းစစ်ဟာ ခရမ်းရောင်ချီတွေနဲ့ အလုပ် မဖြစ်တာပါပဲ။

'ဘာတွေဖြစ်နေတာလဲ ...။ ပြောင်းလဲခြင်းကိုးပါး ခရမ်းရောင်ချီ နတ်ဘုရား အတွင်းအား ကျင့်စဉ်နဲ့တောင် ငါ့ရဲ့ ချီအတွင်းအား အရည်အသွေးက ကောင်းကင် နယ်ပယ်မှာပဲ ရှိနေသေးတာလား ...။ ကြယ်၄ပွင့် လျှို့ဝှက်နည်းစနစ်က အလုပ် မဖြစ်တော့ဘူးလား ...'

လီဖူချန်းက အံ့အားသင့်နေမိပါတယ်။

လီဖူချန်းမသိတာကတော့ ပြောင်းလဲခြင်းကိုးပါး ခရမ်းရောင်ချီ နတ်ဘုရား အတွင်းအား ကျင့်စဉ်ရဲ့ အဆင့်ဟာ သန့်စင်သော ယန်အဖိုဓာတ် ချီအတွင်းအားတွေထက် အများကြီး အဆင့်မြင့် နေတယ် ဆိုတာပါပဲ။

အကယ်၍ လီဖူချန်းသာ ပြောင်းလဲခြင်း ကိုးပါး ခရမ်းရောင်ချီ နတ်ဘုရား အတွင်းအား ကျင့်စဉ်ကို လေ့ကျင့်ထားနိုင်ရင်တော့ သန့်စင်သော ယန်အဖိုဓာတ် ချီအတွင်းအားတွေ အဖြစ်  ပြောင်းလဲကောင်း ပြောင်းလဲနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ စိတ်မကောင်းစရာကတော့ လီဖူချန်းဟာ ခရမ်းရောင် ချီအတွင်းအားတွေကို သူ့နောက်ကျောက အင်းကွက်ကြောင့်သာ အသုံးပြု နေနိုင်တာပါပဲ။

ခရမ်းရောင်ချီတွေက ကြေးဝါ ဓားချီတွေအဖြစ် ပြောင်းလဲနိုင်လို့ တော်ပါသေးတယ်။ မဟုတ်လို့ကတော့ လီဖူချန်းရဲ့ စွမ်းရည်တွေဟာ တိုးတက်လာရမယ့် အစား ဆုတ်လျော့ သွားတော့မှာပါ။

ခရမ်းရောင် ချီတွေကို ကြေးဝါဓားချီတွေအဖြစ် ပြောင်းလဲအပြီးမှာတော့  လီဖူချန်းရဲ့ ကြေးဝါ ဓားချီတွေဟာ  ကြေးဝါရောင် မဟုတ်တော့ဘဲ ခရမ်းရောင်ဆန်တဲ့ အရောင်ဘက်ကို ပြောင်းသွားခဲ့ပါပြီ။

" ဟား...ဟား...ဟား ... ဟား ...။ မင်းတို့ကောင်တွေက အတော်လေး သေချင်နေကြတာပဲ"

လီဖူချန်းက သူ့ဆီကို ပျံသန်းလာနေတဲ့  ကောင်းကင်နယ်ပယ် ပညာရှင် တစ်အုပ်ကို ကြည့်ကာ  အေးစက်စက် ရယ်မောလိုက်ပြီး  သူ့ရဲ့ ဓားကို ဝှေ့ယမ်း လိုက်ပါတော့တယ်။

***

All Chapters