← Chapters

ကြယ်တာရာလမ်းမ အမွေခံ

Vol. 24 Ch. 332

ကြယ်တာရာလမ်းမ အမွေခံ

Vol. 24 Ch. 332

ဒီဓားကွက်ကတော့ ကောင်းကင် ပျက်သုဉ်းခြင်း ဓားကွက်ပါပဲ။

ဒါပေမဲ့ ဓားကွက်မှာ ပါလာတဲ့ ပြင်းအားနဲ့ အရှိန်အဝါကတော့ အရင်ကနဲ့ လားလားမျှ မဆိုင်တော့ပါဘူး။

ဒီဓားချက် တစ်ခုကနေပဲ သိုင်းစက်ကွင်း၂ခု ခွဲထွက် လာခဲ့ပါတယ်။ ပထမ သိုင်းစက်ကွင်းကတော့  ပြောင်းလဲခြင်း ကိုးပါး ခရမ်းရောင် ချီစက်ကွင်း ဖြစ်ပြီး ဒုတိယ တစ်ခုကတော့ ကောင်းကင် ပျက်သုဉ်း ဓားစက်ကွင်းပါပဲ။

ဒီသိုင်းစက်ကွင်း ၂ခုရဲ့ ဖိအားပေးမှု အောက်မှာတော့ ကောင်းကင်နယ်ပယ် ပညာရှင် ဝတ်စုံနက် တစ်စုဟာ အသက်ရှူဖို့တောင် ခက်ခဲတဲ့ အခြေအနေ တစ်ခုအထိ ရောက်ရှိ နေခဲ့ပါပြီ။ သူတို့ရဲ့  စွမ်းရည်တွေကိုလည်း ၅၀ရာခိုင်နှုန်းကိုသာ ထုတ်နိုင်ပါတော့တယ်။

တစ်ချိန်တည်း လိုလိုမှာပင် မရေမတွက်နိုင်တဲ့ ဓားအလင်းတန်း တွေကလည်း သူတို့ရဲ့ အပေါ်ကို ကောင်းကင်ကနေ မိုးစက်တွေ ကျဆင်းလာတဲ့ အလား ကျရောက် လာခဲ့ပါတယ်။

ဝုန်း ... ဝုန်း ... ဝုန်း ...။

မရေမတွက်နိုင်တဲ့  ဓားအလင်းတန်းတွေက ဆုံမှတ်တစ်ခုကို ရောက်သွားတဲ့ အခါမှာတော့ ပေါက်ကွဲမှုကြီးတွေ ဆက်တိုက် ဖြစ်ပေါ်စေခဲ့ပါပြီ။ ခွေးမျက်နှာဖုံးရှင်နဲ့  ဝတ်စုံနက် တစ်သိုက်ကိုတော့ အစအနကို ရှာမရတော့ပါဘူး။

" မင်းက  ဘယ်သွားချင်တာလဲ...။ လာခဲ့စမ်း ..."

လီဖူချန်းက  ပေါက်ကွဲမှုတွေ ကြားကနေ လွင့်ထွက်လာတဲ့ သိုလှောင်အိတ် တစ်ခုကို လှမ်းမြင်လိုက်တဲ့ အတွက် လေဟာနယ် လက်ဝါးဖြင့် ဆွဲယူလိုက်ပါတယ်။

လီဖူချန်း ထင်တာ မမှားဘူးဆိုရင်တော့ သည်သိုလှောင်အိတ်က  ခွေးမျက်နှာဖုံးရှင်ရဲ့ သိုလှောင်အိတ်ပါပဲ။ သည်အိတ်မှာက ပြင်ပ ထိခိုက်မှုတွေကို ခံနိုင်တဲ့ အင်းကွက် တစ်ခု ရေးဆွဲ ထားပါသေးတယ်။ အဲဒီအတွက်ကြောင့်ပဲ ဒီသိုလှောင်အိတ်က အခြားသော သိုလှောင်အိတ်တွေလို ပျက်စီးသွားခြင်း မရှိခဲ့တာပါ။

လီဖူချန်းက ထိုသိုလှောင်အိတ်ကို စစ်ဆေး ကြည့်ရှုခြင်းတောင် မလုပ်တော့ဘဲ တစ်ခါတည်း တန်းသိမ်း လိုက်ပါတယ်။

ထို့နောက်မှာတော့  သူက အတွေးတစ်ခု တွေးမိ လိုက်ပါသေးတယ်။

'ပဟေဠိ သိုင်းသမားတွေကို အရှေ့ယူနီကွန်း တိုက်ကြီးမှာရှိတဲ့  ဂိုဏ်းတွေနဲ့ နတ်ဆိုး ၁၀ပါးနယ်မြေက မိစ္ဆာတွေ ကြောက်တာကလည်း အပြစ်တော့ မဟုတ်ဘူး။ ဒီမြေကမ္ဘာအဆင့် အတွင်းအား ကျင့်စဉ်ရယ်၊ မြေကမ္ဘာအဆင့် ဓားသိုင်းနဲ့တင် အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးကို စိုးမိုးနိုင်စွမ်း ရှိနေပြီပဲ ...'

ကျန်ရှိနေသေးတဲ့ ဝတ်စုံနက် ၁၀၀၀ ကျော်ကတော့ သွေးရူးသွေးတန်းဖြင့် ခြေဦးတည့်ရာကို  ပြေးနေကြပါပြီ။ လီဖူချန်းက သူတို့ရဲ့ ခေါင်းဆောင်တွေကိုတောင် ဓားချက် တစ်ချက်တည်းဖြင့် သတ်ဖြတ် ပစ်လိုက်တာ  မဟုတ်ပါလား။

"မင်းတို့ကောင်တွေကို ငါက အလွတ်ပေးမယ်လို့ ထင်နေတာလား ...။ ခွေးမသား အယုတ်တမာ ကောင်တွေ ... "

ဒီလို ပမွှားလေးတွေကို သတ်ပစ်ဖို့ အတွက်ကတော့ လီဖူချန်းအနေနဲ့  သူ့ရဲ့ ဝှက်ဖဲတွေကိုတောင် ထုတ်သုံးဖို့ မလိုပါဘူး။ သူက သူ့ရဲ့ ကိုယ်ပိုင် စွမ်းရည်နဲ့တင် သတ်ဖြတ် ပစ်နိုင်ပါတယ်။

ရွှပ် ... ရွှပ် ... ရွှပ် ... …

မျက်စိတစ်မှိတ် အတွင်းမှာပဲ  လီဖူချန်းက ဝတ်စုံနက် ၂၀၀ လောက်ကို သတ်ဖြတ် ပစ်လိုက်ပါပြီ။

နှမြောစရာ ကောင်းတာကတော့ ကျောက်စိမ်းမြို့ကို ဝိုင်းထားတဲ့ ဝတ်စုံနက် အရေအတွက်ဟာ အရမ်း များနေတာပါပဲ။ လီဖူချန်း တစ်ယောက်တည်းနဲ့တော့  ဒီဝတ်စုံနက် အကုန်လုံးကို ဘယ်လိုမှ သတ်ဖြတ်နိုင်ခြင်း မရှိခဲ့ပါဘူး။  ဝတ်စုံနက် တော်တော်များများကတော့ သူ့လက်ထဲကနေ  လွတ်မြောက် သွားခဲ့ပါတယ်။

မိစ္ဆာတာအို ကျင့်ကြံသူတွေကို သုတ်သင် ရှင်းလင်းပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ကျောက်စိမ်း မြို့ကနေ ထွက်သွား ခဲ့ပါပြီ။

အစောပိုင်း တုန်းကတော့  ကျောက်စိမ်းမြို့ထဲမှာ ရှိနေတဲ့ မြို့စားမင်းက အတော်လေး ကြောက်လန့် နေခဲ့ ပေမယ့်လည်း  ဝတ်စုံနက်တွေ ထွက်ပြေး သွားမှန်းကို သိလိုက်ပြီး နောက်မှာတော့ စိတ်အေးလက်အေး   ပြန်ဖြစ် သွားခဲ့ပါတယ်။

" အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၇၈တုံးပဲလား ...။ နည်းလိုက်တာကွာ"

အပြန်လမ်းမှာတော့ လီဖူချန်းက ခွေးမျက်နှာဖုံးပိုင်ရှင်ရဲ့ သိုလှောင်အိတ်ကို စစ်ဆေးနေရင်းနဲ့  အတော်လေး မကျေမနပ် ဖြစ်နေပုံပါပဲ။

ခွေးမျက်နှာဖုံးရှင်ရဲ့ အိတ်ထဲမှာရှိတဲ့ ဝိညာဉ် ကျောက်တုံးတွေက  ကြောင်မျက်နှာဖုံးရှင်ရဲ့ သိုလှောင်အိတ်ထဲက  ဝိညာဉ် ကျောက်တုံးတွေ လောက်တောင် ရှိမနေဘူးလေ။

ပြီးတော့ ဒီသိုလှောင်အိတ် ထဲမှာက သွေးပုလဲ အချို့ ရှိနေပါသေးတယ်။ ဒီသွေးပုလဲလုံးတွေကို ကိုင်ကြည့်လိုက်တာနဲ့  ဒီသွေးပုလဲတွေထဲက စက်ဆုပ်စရာ စွမ်းအင် အငွေ့အသက်တွေကို လီဖူချန်း တစ်ယောက် ခံစားမိနေပါတယ်။

' တောက်  ...  သည်မိစ္ဆာတာအို ကျင့်ကြံသူတွေကတော့ကွာ'

ဒီသွေးပုလဲတွေထဲမှာ အပြစ်မဲ့တဲ့ လူတွေရဲ့ အသက်တွေ ဘယ်လောက်တောင် ပါနေမလဲဆိုတာကို  မသိနိုင်ပါဘူး။

' သည်သွေးပုလဲတွေကိုတော့ ဂိုဏ်းတော်ကို ပြန်အပ်လိုက်တာပဲ ကောင်းပါတယ်လေ'

လီဖူချန်းက ဒီသွေးပုလဲတွေကို ဘယ်လို ဖြေရှင်းရမလည်း ဆိုတာ မသိပါဘူး။ တကယ်လို့ သူ့အနေနဲ့ သည်သွေးပုလဲတွေကို တိုက်ရိုက် ဖျက်ဆီးလိုက်မယ် ဆိုရင်လည်း  ဖြစ်ပေါ်လာတဲ့ ပေါက်ကွဲမှုကြောင့် သူသေရင်တောင် သေသွား နိုင်ပါတယ်။

အတန်ကြာ စဉ်းစားပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ဒီသွေးပုလဲတွေကို သိုလှောင်အိတ် တစ်ခုထဲမှာ သီးသန့်ထားပြီး သိမ်းထား လိုက်ပါတော့တယ်။

နောက်လတွေမှာတော့ လီဖူချန်းဟာ သူ့ရဲ့ ပတ္တရောင် ကင်းလှည့်တဲ့ နယ်မြေ အပိုင်းအခြားကို တိုးချဲ့လိုက်ပါပြီ။ သူက အလျင်းသင့်ရင် သင့်သလို အသေးစား နယ်မြေအပိုင်း၆နဲ့  အပိုင်း၈ထဲကို ဝင်ပြီး မိစ္ဆာတာအို ကျင့်ကြံသူတွေကို နှိမ်နင်းဖို့ ချောင်းနေပါသေးတယ်။

သိပ်မကြာခင်မှာဘဲ  နယ်မြေ အပိုင်းအခြား ၃ခုမှာ လျှောက်သွားပြီး  မိစ္ဆာတာအို ကျင့်ကြံသူတွေကို လိုက်လံ သတ်ဖြတ်နေတဲ့ မျက်နှာဖုံးတပ် တစ်ကိုယ်တော် သူရဲကောင်း တစ်ယောက်ရဲ့ နာမည်ဂုဏ်သတင်းဟာ  မိုးပြာရောင် ဂိုဏ်း နယ်နိမိတ် တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပါပြီ။

ဒီမျက်နှာဖုံးတပ် သူရဲကောင်းကိုလည်း မိုးပြာရောင် ဂိုဏ်းက အရမ်းကျေးဇူး တင်နေပါတယ်။ သည်မျက်နှာဖုံးတပ် သူရဲကောင်းဟာ ဘယ်သူလဲဆိုတာကိုတော့ သူတို့လည်း မသိပါဘူး။ ဒါပေမဲ့ သူတို့သိတာ တစ်ခုကတော့ ဒီမျက်နှာဖုံးတပ် သူရဲကောင်းဟာ မိစ္ဆာတာအို ကျင့်ကြံသူတွေကို တွေ့ရာသင်းချိုင်း ဓားမဆိုင်းဘဲ လိုက်လံ သတ်ဖြတ်နေတယ် ဆိုတာပါပဲ။ မိုးပြာရောင်ဂိုဏ်းက အကြီးအကဲ တချို့ဆိုရင် ဒီမျက်နှာဖုံးတပ် သူရဲကောင်းကို ဆုပေးဖို့အတွက် ဂိုဏ်းတော်ကို တင်ပြနေကြပါပြီ။

" ဟူး ...။ ဝိညာဉ်သားရဲ မပါဘဲနဲ့ ခရီးသွားရတာက ပင်ပန်းလိုက်တာကွာ ..."

တောတွင်း တစ်နေရာမှာတော့ လီဖူချန်းက ခေါင်းတခါခါဖြင့် ညည်းညူ နေပါတယ်။ သူက ကောင်းကင်နယ်ပယ် ပညာရှင် မဟုတ်သေးပါဘူး။ အဲဒီအတွက် မနားမနေ ပျံသန်းပြီး ခရီးသွားရတာက သူ့ကို အတော်လေး ပင်ပန်းစေပါတယ်။

လီဖူချန်းမှ မဟုတ်ပါဘူး။ ကောင်းကင်နယ်ပယ် ပညာရှင် တစ်ယောက်တောင်မှ သူ့လို ရက်ပေါင်းများစွာ အနားမယူဘဲ  ပတ္တရောင် လှည့်နေရရင်  ပင်ပန်းခြင်းကို ခံစားရမှာ အမှန်ပါပဲ။

ပျံသန်းနိုင်တဲ့  ဝိညာဉ် သားရဲတွေက သည်အပိုင်းမှာတော့ လူသားတွေထက်  အများကြီး သာပါတယ်။ ပျံသန်းနိုင်တဲ့ အဆင့်၄ဝိညာဉ်သားရဲတွေက နေ့ရောညပါ မနားမနေ ပျံနေရရင်တောင်မှ မောပန်း နွမ်းနယ်ခြင်း မရှိပါဘူး။ ပြီးတော့ ပျံသန်းနိုင်တဲ့ ဝိညာဉ် သားရဲတွေက ပျံသန်းနေရင်းနဲ့ လေဟုန်စီးပြီး စွမ်းအင်ကို ချွေတာနိုင်ပါသေးတယ်။

" ဟင် ...  ဒါက ကြယ်ကျောက်တုံး မဟုတ်ဘူးလား ..."

တစ်ရက်မှာတော့ လီဖူချန်းဟာ မြို့တစ်မြို့ကို ဖြတ်သွားရင်းနဲ့  မိစ္ဘာတာအို ကျင့်ကြံသူ အချို့ကို ခြေရာခံလိုက် မိတယ်လေ။ ထိုအဖွဲ့ကတော့ အဖွဲ့သေးသေးလေး တစ်ခု ဖြစ်တဲ့အတွက် လီဖူချန်းအနေနဲ့ ဘယ်လောက်မှတောင် မပင်ပန်းလိုက်ပါဘူး။ ဒါပေမဲ့ ထိုအဖွဲ့ ခေါင်းဆောင်ရဲ့ သိုလှောင်အိတ် ထဲမှာတော့ လီဖူချန်းတောင့်တနေတဲ့ အရာတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ ကြယ်ကျောက်တုံးပါပဲ။

ကြယ်ကျောက်တုံးက စီးတုလေ့လို ကောင်းကင်နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်နိုင်ပြီးသား လူအတွက်တော့ ဘာမှ အသုံးမဝင် တော့ပါဘူး။ ဒါပေမဲ့ လီဖူချန်းလို မြေကမ္ဘာ အဆင့်မှာသာ ရှိနေသေးတဲ့ လူအတွက်ကတော့ ကြယ်ကျောက်တုံးဟာ  အတော်လေး အသုံးဝင် နေဆဲပါပဲ။

အနည်းဆုံးတော့ သူ့အနေနဲ့ ကြယ်တာရာ လမ်းမပေါ်ကို နောက်ထပ် တစ်ကြိမ် သွားရောက်ပြီး ကံစမ်း နိုင်သေးသည် မဟုတ်ပါလား။

ပြီးတော့ ကြယ်တာရာလမ်းမက ပေးတဲ့ ကြယ်တာရာ စွမ်းအင်တွေက သူ့ကို မြေကမ္ဘာနယ်ပယ် အဆင့်၉ရဲ့ အထွတ်အထိပ်ကို ရောက်ရှိ စေနိုင်သလို ကောင်းကင်နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်ဖို့ အတွက်လည်း အထောက်အကူ ပေးနိုင်ပါသေးတယ်။

ကြယ်တာရာလမ်းမကို အဆုံးအထိ လျှောက်နိုင်မယ်ဆိုရင်  မယုံနိုင်အောင်ကောင်းမွန်တဲ့ အမွေအနှစ်တစ်ခုကို လက်ခံရရှိမယ်ဆိုတဲ့ ကောလဟာလကိုလည်း မေ့ထားလို့တော့ မရပါဘူူး။

အဲဒီ အမွေအနှစ်က ဘာလဲ ...။ အဲဒါကိုတော့ လီဖူချန်း ကိုယ်တိုင်လည်း မသိပါဘူး။ ဒါပေမဲ့ သူသာ ကြယ်တာရာ လမ်းမရဲ့ အဆုံးအထိ လျှောက်လမ်းသွားနိုင်မယ် ဆိုရင်တော့ဖြင့် အဲဒီ အမွေအနှစ်ကို သိလာမှာ အသေအချာပါပဲ။

ကြယ်ကျောက်တုံးကို  ရပြီးတဲ့နောက်မှာတော့ လီဖူချန်းဟာ အလျင်အမြန်ပဲ  ယုံဝူးမြို့က သူ့ခြံဝင်းဆီ ပြန်ခဲ့ပါတော့တယ်။

သူ့ရဲ့ ခြံဝင်းထဲကို အရောက်မှာတော့ လီဖူချန်းဟာ အချိန်ဆိုင်း မနေတာ့ဘဲ ကြယ်ကျောက်တုံးကို ချေမွလိုက်ပြီး ကြယ်တာရာလမ်းမ လျှို့ဝှက်နယ်မြေထဲကို ဝင်သွားခဲ့ပါပြီ။

ပထမ အဆင့် ...

ဒုတိယ အဆင့် ...

တတိယ အဆင့် ...  ...

လီဖူချန်းက  အလွန်လျင်မြန်တဲ့ အမြန်နှုန်းနဲ့ ကြယ်တာရာ လမ်းမရဲ့ အတားအဆီးတွေကို ဖြတ်ကျော်လာပြီး အဋ္ဌမ အဆင့် နယ်မြေအပိုင်းအခြားကို ပြန်ရောက်လာခဲ့ပါတယ်။

အရင်တစ်ခေါက် တုန်းကတော့ လီဖူချန်းဟာ ခြေလှမ်း၁၀၀ကျော်သာ လှမ်းနိုင်ပြီး အဋ္ဌမအဆင့် နယ်မြေ အပိုင်းအခြား ကနေ ထွက်သွားခဲ့ရတာပါ။

သည်တစ်ကြိမ်မှာတော့ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က မြေကမ္ဘာနယ်ပယ် အဆင့်၉ကို ရောက်နေပြီ ဖြစ်တဲ့အတွက် သူ့အနေနဲ့  အဋ္ဌမအဆင့်ကို လွယ်လွယ်ကူကူ ကျော်ဖြတ် သွားနိုင် လောက်ပါပြီ။

လီဖူချန်း ထင်ထားခဲ့သလိုပါပဲ။ သူက အခက်အခဲ မရှိဘဲနဲ့ ကြယ်တာရာ လမ်းမရဲ့ အဋ္ဌမ အဆင့်ကို ဖြတ်သန်း သွားနိုင်ခဲ့ပါတယ်။

အဋ္ဌမအဆင့်ကို ကျော်ဖြတ်ပြီးတဲ့ အခါမှာတော့  ကြယ်တာရာ စွမ်းအင်ပုလင် ၁၂၈ပုလင်းဟာ လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက် သွားခဲ့ပါပြီ။

လီဖူချန်းက ကြယ်တာရာလမ်းမရဲ့ နဝမ နယ်မြေ အပိုင်းအခြားကို မသွားသေးဘဲနဲ့ လမ်းတစ်ဝက်မှာ ထိုင်ပြီး ကျင့်ကြံလိုက်ပါသေးတယ်။

ကြယ်တာရာ စွမ်းအင်တွေနဲ့ အဆင့်နိမ့်ဝိညာဉ် ကျောက်တုံးရဲ့ အထောက်အပံ့ကို ရထားတဲ့ လီဖူချန်းရဲ့ ကျင့်ကြံမှုနှုန်းဟာ ကြောက်စရာ အတိပါပဲ။

မြေကမ္ဘာနယ်ပယ် အဆင့်၉ အလယ်အလတ်အဆင့် ...

မြေကမ္ဘာနယ်ပယ် အဆင့်၉  နောက်ပိုင်းအဆင့် ...  ...  ...

အချိန်တိုလေး အတွင်းမှာပဲ လီဖူချန်းရဲ့ ကျင့်ကြံမှု အဆင့်ဟာ မြေကမ္ဘာနယ်ပယ် အဆင့်၉ ကနဦး အဆင့်ကနေပြီး မြေကမ္ဘာနယ်ပယ် အဆင့်၉  နောက်ပိုင်း အဆင့်အထိကို ရောက်ရှိ သွားခဲ့ပါပြီ။

လီဖူချန်းရဲ့ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ကြယ်တာရာ စွမ်းအင်တွေကလည်း တစ်စက် ကလေးမျှ  ကျန်မနေတော့ပါဘူး။

" ကဲ ... ဆက်သွားမယ်"

လီဖူချန်းက ယုံကြည်မှုအပြည့်နဲ့  ကြယ်တာရာ လမ်းမ ရဲ့ နဝမနယ်မြေ အပိုင်းအခြားပေါ်ကို ခြေချလိုက်ပါပြီ။

ကြယ်တာရာ လမ်းမရဲ့ နဝမ နယ်မြေ အပိုင်းအခြားမှာရှိတဲ့ ချီစက်ကွင်းကတော့ အလွန်အမင်းကို ကြောက်စရာ ကောင်းလှပါတယ်။

ကံကောင်းတယ်လို့ ပြောရမှာပါပဲ။ လီဖူချန်းရဲ့ ကျင့်ကြံခြင်းက မြေကမ္ဘာနယ်ပယ် အဆင့်၉ နောက်ပိုင်း အဆင့်ကို ရောက်နေပြီ ဖြစ်သလို သူ့ရဲ့ စိတ်ဝိညာဉ် စွမ်းအားကလည်း အရမ်းကြံ့ခိုင် နေတယ်လေ။ မဟုတ်လို့ကတော့ ကြယ်တာရာ လမ်းမပေါ်က ချီစက်ကွင်း အားနဲ့တင် လီဖူချန်း တစ်ယောက် အပြင်ဘက်ကမ္ဘာကို ပြန်ရောက် နေလောက်ပါပြီ။

နာကျင်မှုတွေကို  သည်းခံပြီး လီဖူချန်းတစ်ယောက်  ခြေလှမ်း တစ်လှမ်းပြီးတစ်လှမ်း  အရှေ့ကို လှမ်းခဲ့ပါတယ်။

ခြေလှမ်း ၁၀၀ ...

ခြေလှမ်း ၁၀၀၀ ... .…

ခြေလှမ်း ၁၀၀၀၀ ...  ...  ...  ...

လီဖူချန်းကတော့  တဖြည်းဖြည်းနဲ့ နဝမမြောက် နယ်မြေ အပိုင်းအခြားရဲ့ အတွင်းပိုင်းထဲကို ဝင်သွားခဲ့ပါပြီ။

လီဖူချန်း မသိတာ တစ်ခုကတော့ ဟိုရှေးခေတ် ကတည်းကနေ စပြီး ယခု မျက်မှောက် အချိန်အထိ တစ်စုံတစ်ဦးကမှ  နဝမမြောက် နယ်မြေအပိုင်းအခြားထဲကို ခြေတစ်လှမ်း မချခဲ့ဖူးဘူး ဆိုတာပါပဲ။ လီဖူချန်းက ကြယ်တာရာလမ်းမရဲ့ နဝမမြောက် နယ်မြေ အပိုင်းအခြားထဲကို ပထမဦးဆုံး ခြေချဖူးသူပါ။

သူ့အနေနဲ့ အခုလို ခြေချနိုင်တာရဲ့ နောက်ကွယ်မှာ အကြောင်းအရင်း အများကြီး ရှိပါသေးတယ်။ ဒါပေမဲ့ အရေးအကြီးဆုံး အကြောင်းအရင်းကတော့ နှစ်ချက်ပဲ ရှိပါတယ်။

ပထမ တစ်ချက်ကတော့ လီဖူချန်းရဲ့ အတွင်းအား ကျင့်စဉ်ဟာ အရမ်းမြင့်နေတာပါပဲ။ သူက အစစ်အမှန် ငရဲမီးတောက် အတွင်းအားကျင့်စဉ်ရဲ့ အဆင့်၁၈အထိ လေ့ကျင့်ထားနိုင်ခဲ့တာလေ။

ဒုတိယ တစ်ချက်ကတော့  သူ့ရဲ့ စိတ်ဝိညာဉ် ဆင့်ကဲပြောင်းလဲပြီး အပြာရောင် ဖြစ်သွားတာပါပဲ။ အဲဒီအချက်က လီဖူချန်းရဲ့ စိတ်ဝိညာဉ် စွမ်းအားကို အရင်ကထက် ပိုကောင်းစေရုံ သာမက လုံးဝ နောက်ထပ်အဆင့်တစ်ဆင့်ကို ရောက်ရှိသွားစေတာပါ။

အချိန်တွေ ဘယ်လောက်အထိ ကြာသွားမှန်းတောင် မသိတော့ပါဘူး။ နောက်ဆုံးမှာတော့ လီဖူချန်းဟာ ဟိုအဝေးမှာ မှုန်ပြပြ တည်ရှိနေတဲ့ ကျွန်းကြီးတစ်ခုကို လှမ်းမြင်လိုက်ရပါပြီ။

ကောင်းကင်ပေါ်မှာတော့ ရွှေရောင် ကျွန်းကြီးတစ်ကျွန်း ရှိနေပါတယ်။ အဲဒီကျွန်းကြီးရဲ့  အပေါ်မှာတော့ သဘာဝ မကျတဲ့ ဖြစ်ရပ်တွေ ဖြစ်ပေါ်နေပုံပါပဲ။ တစ်ခါတစ်ခါ ကြည့်လိုက်ရင်တော့ အဆုံးမရှိတဲ့ လေမုန်တိုင်းကြီးတွေ ဖြစ်ပေါ်နေသလို  တစ်ခါတစ်ခါ ကြည့်လိုက်ရင်တော့ ကြီးမားတဲ့ တောင်တန်းကြီးတွေ မျောလွင့်နေတာကို တွေ့နေရပါတယ်။

လီဖူချန်းက ပိုပြီးနီးကပ်တဲ့ အကွာအဝေး တစ်ခုကို ရောက်သွားတဲ့ အခါမှာတော့ ကျွန်းကြီးရဲ့ အလယ်မှာ ရွှေရောင် စက်လုံးကြီးတစ်ခု ရှိနေတာကို သတိပြုမိ လိုက်ပါတယ်။ ဒီရွှေရောင် စက်လုံးကြီးက  အလင်းရောင်တွေ ဖြာထွက်နေပြီး ကျွန်းကြီးရဲ့ အပေါ်မှာရှိတဲ့ တံလျှပ်တွေကို  ဖြစ်ပေါ် နေစေတာပါ။

" ရွှေရောင်စက်လုံးကြီး ... ငါ့ကို စောင့်နေ။ ငါမင်းဆီကို လာနေပြီ"

လီဖူချန်းက အံကို တင်းတင်းစေ့လိုက်ပြီး သူ့ရဲ့ သွားနှုန်းကို မြှင့်လိုက်ပါတော့တယ်။

အပြာရောင် စိတ်ဝိညာဉ် ကလည်း သူ့ရဲ့ စိတ်ဓာတ်ကို ပိုမိုအားကောင်း လာစေဖို့အတွက် အထောက်အကူ ပြနေတာပါ။

ခက်ခဲမှုတွေနဲ့ ပိုရင်ဆိုင်ရလေလေ သူ့ရဲ့ စိတ်ဝိညာဉ်က ပိုအားကောင်း လာလေလေပါပဲ။

ဒီကြယ်တာရာ လမ်းမရဲ့ ချီစက်ကွင်း ဖိအားတွေက သူ့စိတ်ဝိညာဉ်ရဲ့ ကန့်သတ်ချက်ကို သိအောင်  အကူအညီ ပေးနေတယ်လေ။

ဒါပေမဲ့ နောက်ဆုံးမှာတော့ လီဖူချန်းရဲ့ သွားနှုန်းက လျော့ကျ လာခဲ့ပါတယ်။

သို့သော်လည်း သူ့ စိတ်ဝိညာဉ်ရဲ့ ကန့်သတ်ချက်ကို ရောက်ဖို့ အတွက်ကတော့ အများကြီး လိုနေဆဲပါပဲ။ လီဖူချန်းက သည်နဝမ အဆင့်ကို ကျော်ကို ကျော်ဖြတ်နိုင်ရမယ်လို့ သန္နိဋ္ဌာန် ချထားလိုက်ပါပြီ။

အချိန်တွေအများကြီး ကုန်ဆုံးသွားပြီး နောက်ဆုံးမှာတော့ လီဖူချန်းဟာ သူ့ရဲ့ နောက်ဆုံး ခြေလှမ်းကို လှမ်းလိုက်နိုင်ပါတော့တယ်။

ဟူး ... ဟူး ...။

သူ့ကိုယ်ပေါ်ကို ဖိနှိပ်ထားတဲ့ ချီစက်ကွင်း  အရှိန်အဝါတွေလည်း ပျောက်ကွယ် သွားခဲ့ပါပြီ။

နဝမအဆင့်မှာလည်း ဘာစမ်းသပ်မှုမှ မရှိပါဘူး။ အဲဒီအတွက် လီဖူချန်းဟာ ရွှေရောင် စက်လုံးကြီး ဆီသို့သာ တန်းပြီး သွားလိုက်ပါတယ်။

ရွှေရောင် စက်လုံးကြီး ထဲမှာတော့  လည်ပတ်သွားလာနေတဲ့ လက်နက်တွေ  ရှိနေပါတယ်။ အဲဒါတွေကတော့ အင်မတန် ရှေးကျပုံထင်ရတဲ့ စစ်သုံးဓားကြီး တစ်လက်၊ ပိန်းတိတ်အောင် နက်မှောင်နေတဲ့ တူကြီးတစ်လက်၊ တောက်ပနေတဲ့ လက်အိတ်တစ်စုံ၊ ကြီးမားလှတဲ့ စစ်သုံး လှံပုဆိန်ကြီး တစ်ချောင်းနဲ့  ရိုရှင်းလှတဲ့ တိုက်ပွဲဝင် ချပ်ဝတ် တန်ဆာတစ်ခု ပါပဲ။

"ဒီလက်နက်တွေနဲ့ ချပ်ဝတ်တန်ဆာတွေက  ရှေးဟောင်း အမွေအနှစ်တွေလား ..."

လီဖူချန်းက ခေါင်းအနည်းငယ် ကုတ်ပြီး လေ့လာနေပါတယ်။

ရှေးပညာရှင်တွေ ထားခဲ့တဲ့ အမွေအနှစ် အမျိုးအစားတွေကတော့ အများကြီးပါပဲ။ ဒီကြယ်တာရာ လမ်းမရဲ့ အမွေအနှစ်တွေကတော့ လက်နက် ပစ္စည်းတွေ ဖြစ်ပုံရပါတယ်။

လက်နက် ပစ္စည်းအမွေတွေကို လက်ခံရယူတာကတော့ သိပ်မခက်လှပါဘူး။ မင်းအနေနဲ့ မင်းလိုချင်တဲ့ လက်နက်ကို ကိုင်ပြီး စိတ်ဝိညာဉ်နဲ့ ဆက်သွယ် လိုက်ရုံပါပဲ။ လက်နက်က မင်းကို အသိအမှတ် ပြုရင်တော့ မင်းက အဲသည် လက်နက်ရဲ့ သခင်ဖြစ်ပါပြီ။

လီဖူချန်းက ဘာမှ စဉ်းစား မနေတော့ဘဲ သူ့ရဲ့လက်ကို ရွှေစက်လုံးကြီးပေါ် တင်လိုက် ပါတယ်။

ချက်ချင်း ဆိုသလိုပဲ ရှေးဟောင်း စစ်သုံးဓားကြီးက ရွှေရောင် စက်လုံးထဲကနေ ပျံသန်းလာပြီး လီဖူချန်းရဲ့ လက်ထဲကို ကျလာခဲ့ပါပြီ။

ဂျိမ်း ... ဂျလိန်းလိန်း ...

ကြယ်တာရာ လမ်းမရဲ့ ကောင်းကင်ပြင်မှာတော့ အဆုံးမရှိတဲ့ မိုးကြိုးတွေ စတင် ဖြစ်တည် လာခဲ့ပါပြီ။

" ဘုံခုနစ်ဆင့် ကောင်းကင်ဓား "

လီဖူချန်းရဲ့ လက်နဲ့ ဓားကို ထိလိုက်မိတာနဲ့ တစ်ပြိုင်နက် အသိဆန္ဒတစ်ခုက လီဖူချန်းရဲ့ စိတ်ဝိညာဉ် နယ်ပယ်ထဲကို ဝင်ရောက် လာခဲ့ပါတယ်။

နာမည်ကို ကြည့်လိုက်တာနဲ့ သည်ဓားဟာ ဘယ်လောက် အဖိုးတန်တဲ့ ဓားလည်းဆိုတာကို သိနိုင်တယ် မဟုတ်ပါလား။

ဒါပေမဲ့ လီဖူချန်းဟာ ဓားကို စစ်ဆေးလိုက်တဲ့ အခါမှာတော့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားဟာ ဆန်းကြယ် အထွတ်အထိပ် အဆင့်မှာသာ ရှိနေတာကို သိလိုက်ရပါတယ်။ လီဖူချန်းရဲ့ ဓားနက်ကြီးတောင်မှ  ဆန်းကြယ် အဆင့်မြင့်ဓား ဖြစ်ပါတယ်။

" အား...မဟုတ်သေးပါဘူး။ ဒီဓားကို ကြာည့်ရတာက ချိတ်ပိတ်ခံထားရတာပဲ"

လီဖူချန်းက သူ့ရဲ့ အသိစိတ် အာရုံကို အသုံးပြုပြီး စစ်ဆေးလိုက်တဲ့ အခါမှာတော့ ချိတ်ပိတ်ထားတဲ့ ခြေရာလက်ရာ တချို့ကို ခြေရာခံလိုက် မိပါပြီ။

ဘုံခုနစ်ဆင့် ကောင်းကင်ဓားရဲ့ အတွင်းပိုင်း ထဲမှာတော့ ထူဆန်းတဲ့ စာလုံးတွေ အများကြီး ရှိနေပါတယ်။ အဲဒီစာလုံးတွေက ဓားရဲ့ နဂိုမူလ ဓားအင်းကွက်ကို အထပ်ထပ် ပိတ်ဆို့ ထားပါတယ်။

ထူးဆန်းသော စာလုံးတွေနဲ့ အထပ်ထပ် ချိတ်ပိတ်ခြင်း ခံထားရတာတောင်မှ  ဒီဓားဟာ ဆန်းကြယ် အထွတ်အထိပ်အဆင့် ဓားတစ်လက် ဖြစ်နေတုန်းဆိုတော့ သည်ဓားသာ ချိတ်ပိတ်ထားခြင်း မခံရပါက ဘယ်အဆင့်အထိ ရှိနေမလည်း မသိတော့ပါဘူး။

သေချာတာကတော့ ဒီဓားက တန်ဘိုးမဖြတ်နိုင်တဲ့ ရတနာ ဓားတစ်လက်ပါပဲ။

" နောက်ပိုင်းကျမှ သည်ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို ချိတ်ပိတ် ထားတာတွေကို ဖျက်ပစ်ဖို့ အတွက် နည်းလမ်းရှာရမယ်။ မဟုတ်ရင်တော့ သည်ဓားက နှမြေစရာကြီး ဖြစ်သွားတော့မှာပဲ"

လီဖူချန်းက စိတ်ထဲမှာ တွေးလိုက်မိပါတယ်။

ထို့နောက်မှာတော့ လီဖူချန်းဟာ ကြယ်တာရာလမ်းမ လျှို့ဝှက်နယ်မြေ ထဲကနေ တွန်းထုတ်ခြင်းကို ခံလိုက်ရပါပြီ။

လီဖူချန်းက ယုံဝူးမြို့စွန်က သူ့ခြံထဲကို ပြန်ရောက် လာတာနဲ့ တစ်ပြိုင်နက် အငြိမ်မနေဘဲ သူ့ရဲ့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို စမ်းသပ် ကြည့်ပါတော့တယ်။

ဘုံခုနစ်ဆင့် ကောင်းကင်ဓားဟာ ချိတ်ပိတ်ထားခြင်းကို ခံထားရပေမယ့်လည်း ဆန်းကြယ် အထွတ်အထိပ် ဓားတစ်လက် ဖြစ်နေတုန်းပါပဲ။ မိုးပြာရောင် ဂိုဏ်းတစ်ခုလုံးမှာ တောင်မှ ဆန်းကြယ် အထွတ်အထိပ် ဆင့်ဓားကို ကိုင်ဆောင်နိုင်သူတွေက ၅ယောက်ပဲ ရှိတာပါ။ အဲဒီ သူတွေကတော့ မိုးပြာရောင် ဂိုဏ်းချုပ်ကြီး အိုးရန်ဝမ်းထင်နဲ့ အထွဋ်ခေါင်ချုပ် အကြီးအကဲ ၄ယောက်ပါပဲ။ ဂိုဏ်းထိန်းကြီး ၂ယောက်မှာတောင်မှ ဆန်းကြယ် အထွတ်အထိပ် အဆင့် ရတနာဓားတွေ မရှိပါဘူး။

***

All Chapters