← Chapters

အစစ်အမှန်ကောင်းကင်မယ်တော်ကြီး

Vol. 34 Ch. 470

အစစ်အမှန်ကောင်းကင်မယ်တော်ကြီး

Vol. 34 Ch. 470

ပန်းချီထဲမှ ထွက်လာသည့် နတ်ဘုရားမက ချင်မူ‌ ဆောင့်ကန်ခဲ့သော နတ်ဘုရားမအပြင် တခြားမဟုတ်ပေ။ သူမက နံရံထောင့်တစ်ထောင့်ရှိ လိုက်ကာစနောက်သို့ ပြေးဝင်သွားပြီး အပြင်ပြန်ထွက်လာသည့်အခါ ယခင်နှင့် လုံးဝမတူတော့သော မိန်းမတစ်ယောက်ဖြစ်နေသည်။

နတ်ဘုရားမက သင်္ကေတများဖြင့် အလှဆင်ထား‌သော ငွေရောင်သံကွင်းတစ်ကွင်းကို ခေါင်းတွင် စွပ်ထားပြီး အနက်ရောင်ဂါဝန်တိုတိုအား ဝတ်ထား၏။ ခြေထောက်တွင်မူ ခပ်မြင့်မြင့် ဒေါက်ဖိနပ်ချွန်ကို စီးထားသည်။ သူမ၏အသွင်အပြင်က သာမန်အနောက်ကမ္ဘာမြေသူတစ်ယောက်ပမာ ရှိနေသည်။

‘တော်သေးတယ်၊ အဲဒီစွန့်ပစ်ခံကောင်လေး ငါ့ကိုယ်အစစ်ကို ကန်ထုတ်လိုက်လို့ အသတ်ခံရတဲ့ထဲ မပါတာ။ ဒါပေမဲ့ ငါ အမှားလုပ်ခဲ့မိတယ်။ နတ်ဘုရားအားလုံးက ရိုးရိုးရှင်းရှင်း စကားလုံးတွေကိုပဲ ပြောနိုင်ခဲ့ပေမယ့် ငါက စကားတစ်ခွန်းလုံး ပြောခဲ့မိတယ်’

နတ်ဘုရားမက အစစ်အမှန်ကောင်းကင်နန်းတော်၏ ပင်မခန်းမထဲမှ ခပ်သုတ်သုတ် ထွက်လိုက်သည်။ နေရောင်ခြည်တို့က သူမ၏လှပကြော့ရှင်းသော မျက်နှာအပေါ် ဖြာကျလာ၍ ခေါင်းငုံ့ပြီး တွေးလိုက်မိသည်။ ‘သူတို့နှစ်ယောက် သတိမထားမိသေးပေမယ့် ပြန်စဉ်းစားကြည့်တာနဲ့ သေချာပေါက် သိမှာပဲ။ အခုချက်ချင်း ထွက်သွားရမလား... ဝိညာဉ်ပုတီးစေ့လေးလုံးကို အရင်ယူသင့်လား...’

သူမ၏ခြေလှမ်းများက ပေါ့ပါးသွက်လက်နေသည်။ ထိုစဉ် ချင်မူနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို လှမ်းမြင်လိုက်ရ၍ သူမက အရှိန်လျှော့လိုက်ကာ အစစ်အမှန်ကောင်းကင်နန်းတော်၏ သာမန်အမျိုးသမီးတစ်ယောက်သဖွယ် သူတို့ကို ပုံမှန်အတိုင်း ပြုံးပြလိုက်သည်။

“သေစမ်း” ရုတ်တရက် ချင်မူ့မျက်နှာ မဆိုစလောက် ပြောင်းလဲသွားပြီး သူက လက်ဝါးချင်းရိုက်ကာ အော်လိုက်၏။ “အစစ်အမှန်ကောင်းကင်မယ်တော်ကြီး ဘယ်မှာ ပုန်းနေလဲ ကျွန်တော်သိပြီ”

ဧကရာဇ်အတိုင်ပင်ခံကလည်း ထက်မြက်သူပီပီ ဒက်ခနဲ သဘောပေါက်သွားသည်။ “အရက်အိုး သယ်ထားတဲ့ နတ်ဘုရားမ”

သူက ချာခနဲ လှည့်၍ ပင်မခန်းမဆီသို့ တရှိန်ထိုး ပြေးကာ အလျင်အမြန် ပြောလိုက်၏။ “ငါတို့ ကောင်းကင်နတ်ဧကရာဇ်ကို သတ်ခဲ့ပေမယ့် သူက စကားတစ်ခွန်းတောင် ပြည့်အောင် မပြောခဲ့ဘူး။ အဲဒီနတ်ဘုရားမတစ်ယောက်တည်းထဲ ပြောနိုင်ခဲ့တာ” သို့သော် များစွာမကြာလိုက်ဘဲ သူ ပင်မခန်းမထဲမှ ပြန်ထွက်လာပြီး ခေါင်းယမ်းလိုက်သည်။ “အဲဒီနတ်ဘုရားမ ပန်းချီကားထဲက ထွက်သွားပြီ”

ချင်မူက နတ်ဘုရားမ၏ လေသံကို တုပကာ ပြောလိုက်၏။ “ဒီသူတောင်းစားက ဘယ်က ရောက်လာတာလဲ။ ဒါက အထက်နတ်ဘုရားတွေအတွက် နတ်သေရည်ဟဲ့။ နင်ကများ သောက်ရတယ်လို့။ ဒီစကားက ပန်းချီကားထဲက လူတွေအတွက် ရှုပ်ထွေးရှည်လျားလွန်းတယ်။ ပန်းချီဆရာက အဲဒီအဆင့်ထိ မရောက်သေးတော့ အစစ်အမှန်ကောင်းကင်မယ်တော်ကြီးဖြစ်တဲ့ နတ်ဘုရားမပဲ စကားပြောနိုင်တာ။ တော်တော်ဉာဏ်များတာပဲ၊ ပန်းချီကားထဲ ပုန်းနေဖို့ သူမလို့ တွေးတတ်တယ်။ ကျွန်တော် သူ့ကို အထင်သေးခဲ့မိပြီ”

အမျိုးသမီးတစ်ယောက်က သူတို့နှစ်ယောက်ဘေးသို့ ရောက်လာကာ ချင်မူ့ကို နှုတ်ဆက်သည်။ “ဂိုဏ်းသခင်ချင်”

ချင်မူ့အကြည့်များ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသော်လည်း သူမအား ပြုံးပြလိုက်၏။ “မမကြီးက ဧကရာဇ်အတိုင်ပင်ခံကို ဘာလို့ နှုတ်မဆက်တာလဲ”

“ဒါ ဧကရာဇ်အတိုင်ပင်ခံလား။ တစ်ခါမှ မမြင်ခဲ့ဖူးဘူး။ ပါ့ကော်ကို သတ်ခဲ့တာ သူပေါ့”

အမျိုးသမီးမှာ စိတ်လှုပ်ရှားလာပြီး ဧကရာဇ်အတိုင်ပင်ခံကို ကပျာကယာ အရိုအသေပေးလိုက်သည်။ သူမက နူးညံ့ကြင်နာသောမျက်ဝန်းများဖြင့် ဧကရာဇ်အတိုင်ပင်ခံ၏ မျက်လုံးများအား ကြည့်နေ၏။ ဧကရာဇ်အတိုင်ပင်ခံက ခေါင်းယမ်းလိုက်သည်။ “သူ မဟုတ်ဘူး။ ငါ အနောက်ကမ္ဘာမြေကို ရောက်လာတဲ့နောက်ပိုင်း အပြင်မထွက်တော့ အနောက်ကမ္ဘာမြေသူတွေ ငါ့ကို မသိကြဘူး။ ဒါပေမဲ့ အစစ်အမှန်ကောင်းကင်မယ်တော်ကြီးကတော့ သူ့ ကိုယ်အတုကို ငါ သတ်ခဲ့တာဆို‌တော့ ငါ့ကို သိလိမ့်မယ်”

ချင်မူက ခေါင်းညိတ်လိုက်ပြီး အမျိုးသမီးအား ပြောလိုက်သည်။ “ဒီခန်းမထဲက ထွက်လာတဲ့ လူတစ်ယောက်ယောက်များ တွေ့မိသေးလား”

အမျိုးသမီးက ခေါင်းယမ်းလိုက်၏။ “ကျွန်မက ခေါင်းဆောင်နဲ့အတူ မီးငှက်ပုတီးစေ့ကို ယူဖို့ သွားရင်း ဒီကနေ ဖြတ်သွားရုံပါ။ ဘယ်သူ့မှ မမြင်မိဘူး”

ချင်မူ တစ်ယောက်တည်း ရေရွတ်နေပြီးနောက် သူမက လက်ယမ်းပြလိုက်သည်။ အမျိုးသမီးက ဧကရာဇ်အတိုင်ပင်ခံကို တစ်ချက်ကြည့်၍ ‌ခေါင်းငုံ့ကာ သူတို့ဘေးမှ လျှောက်သွား၏။ သို့သော် ချင်မူက သူမအင်္ကျီလက်အိုးကို ရုတ်တရက် လှမ်းဆွဲလိုက်ရာ အစစ်အမှန်ကောင်းကင်မယ်တော်ကြီး ရင်ထဲ ထိတ်သွားပြီး တိုက်ခိုက်မိလုနီးနီး ဖြစ်သွားသည်။

ချင်မူက သူမအား ပြုံးပြသည်။ “မမကြီးကို ဘယ်လိုခေါ်ရမလဲ မသိဘူး။ ဘယ်မိသားစုက လာတာလဲ။ ‌ခေါင်းဆောင်က ဘယ်သူလဲ”

အစစ်အမှန်ကောင်းကင်မယ်တော်ကြီး မျက်နှာပျက်သွားပြီး ကြမ်းပြင်ပေါ် ဒူးထောက်ကာ တုန်ရီနေသည်။ သူမက ဦးကုန်းချကာ ပြောလိုက်၏။ “ကျွန်မက အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ ဂိုဏ်းသူတစ်ဦးပါရှင်။။ ဂိုဏ်းသခင်၊ ကျေးဇူးပြုပြီး ကျွန်မကို မသတ်ပါနဲ့။ ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ”

ချင်မူ စိတ်ချလက်ချ ဖြစ်သွားကာ ဧကရာဇ်အတိုင်ပင်ခံကို ပြောလိုက်သည်။ “သူ့ကို အစစ်အမှန်ကောင်းကင်မယ်‌တော်ကြီးလို့ ထင်နေတာ။ မယ်တော်ကြီးက နတ်ဘုရားမ မဟုတ်လား။ သေမျိုးတစ်ယောက်ကို ဒူးထောက်ပြီး ဦးကုန်းချပါ့မလား။ သေရမှာစိုးလို့ ထွက်ပြေးနေတဲ့ အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ ဂိုဏ်းသူတစ်ယောက် ဖြစ်နေတာကိုး”

ဧကရာဇ်အတိုင်ပင်ခံက လက်ခါကာ ပြော၏။ “သူ့ကိစ္စ မင်းပဲ ရှင်းလိုက်တော့”

ချင်မူက အစစ်အမှန်‌ကောင်းကင်မယ်တော်ကြီးကို ထူပြီး ဖော်ရွေစွာ ပြောလိုက်သည်။ “မမကြီး၊ မကြောက်ပါနဲ့။ သူများတွေပြောတာ နားယောင်မနေနဲ့။ သူတို့က ကျွန်တော့်ကို ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်လို့ ‌ခေါ်ကြပေမယ့် အဲ့ဒါက စကားသက်သက်ရယ်။ ကျွန်တော် ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိလို့သာ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်နာမည်နဲ့ ဖြဲခြောက်နေတာ။ တကယ်တော့ ကျွန်တော်က ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင်ပါ။ ကျွန်တော်တို့ဂိုဏ်းက အကြင်နာတတ်ဆုံးဗျ၊ လူတွေကို ဘယ်တော့မှ ရန်မပြုဘူး။ ကျွန်‌တော်ကလည်း သိပ်ကြင်နာတတ်ပါတယ်။ ကြည့်၊ ဧကရာဇ်အတိုင်ပင်ခံတောင်မှ ကျွန်တော်တို့ကောင်းကင်နတ်ဂိုဏ်းရဲ့ ကောင်းကင်နတ်မင်းတစ်ပါးလေ။ ဟုတ်သား ၊ မမကြီးရဲ့ နာမည်က ဘာလဲ”

အစ်အမှန်ကောင်းကင်မယ်တော်ကြီးမှာ မယုံသင်္ကာဖြစ်နေသည်။ “ကျွန်မနာမည်က ထျန်းစစ်ယုပါ။ ဂိုဏ်းသခင် ကျွန်မကို တကယ် အန္တရာယ်မပြုပါဘူးနော်”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက တစ်စုံတစ်ခုကို မှတ်မိသွားဟန်တူ၏။ “ငါ အမိန့်ကြေညာရဦးမယ်။ ဒီမှာနေဖို့ အချိန်မရှိဘူး”

ချင်မူက အစစ်အမှန်ကောင်းကင်မယ်တော်ကြီး၏ လက်ကို ဆွဲလျက် ဧကရာဇ်အတိုင်ပင်ခံနောက် လိုက်သွားသည်။ “ကျွန်တော် ပန်ကုန်းစုန်လို့ခေါ်တဲ့ လူတစ်ယောက်ကို ရှာချင်နေတာ ကြာပြီ။ သူက လိုလန်ရွှေနန်းတော်ရဲ့ ခေါင်းဆောင်လေ၊ မမကြီးတို့ အစစ်အမှန်ကောင်းကင်နန်းတော်ကို လာခဲ့ဖူးတယ်တဲ့။ သူ့ကို မမစစ်ယု မြင်ခဲ့ဖူးလား”

အစစ်အမှန်ကောင်းကင်မယ်တော်ကြီးမှာ ချင်မူ့နောက်သို့ ယက်ကန်ယက်ကန် ပါသွားသည်။ ဧကရာဇ်အတိုင်ပင်ခံကို ကြည့်လိုက်မိတိုင်း သူမ မရုန်းရဲပေ။ “မြင်ခဲ့ဖူးတယ်။ သူက မှော်ဆရာသခင်လို့ ခေါ်ပြီး အကြီးအကဲယွီချင်းချန်ရဲ့ မိတ်ဆွေလို့ပဲ သိထားတာ။ ဒါပေမဲ့ သူ နန်းတော်ထဲမှာ မရှိတော့ဘူး။ ဂိုဏ်းသခင်ချင် အစစ်အမှန်ကောင်းကင်နန်းတော်ကို တိုက်ခိုက်ကတည်းက ထွက်ပြေးသွားပြီ”

“ထင်ထားတဲ့အတိုင်းပဲ” ချင်မူက သက်ပြင်းချပြီးနောက် ပြုံးလိုက်ပြန်သည်။ “မမစစ်ယု၊ အနိုင်ကျင့်မခံရအောင် ကျွန်တော်နဲ့ လိုက်ခဲ့။ ‌ဪ ဟုတ်သားပဲ မမတို့ အနောက်ကမ္ဘာမြေရဲ့ ခြေရာခံအတတ်က တစ်လောကလုံးမှာ ပြိုင်ဘက်ကင်းတယ်နော်။ မမစစ်ယုရဲ့ ကောင်းကင်နတ်သိုင်းတွေကလည်း ထူးခြားလောက်ပါတယ်။ ပန်ကုန်းစုန်ကို ခြေရာခံနိုင်မယ့် နည်းလမ်းတစ်နည်းတော့ မမမှာ ရှိတယ်မလား။ ကျွန်တော် မမစစ်ယုကို ကာကွယ်ပေးမယ်၊ မမစစ်ယုက ပန်ကုန်းစုန်ကို ရှာပေး၊ ဘယ်လိုလဲ”

အစစ်အမှန်ကောင်းကင်မယ်တော်ကြီး ဝမ်းသာသွားသည်။ “သဘောတူတယ်”

ချင်မူက တဟားဟား ရယ်ကာ ပြောလိုက်၏။ “ကျွန်တော် မမကြီးကို မလိမ်ပါဘူး။ ဧကရာဇ်အတိုင်ပင်ခံ၊ ဧကရာဇ်အမိန့်တော်ကို ဖတ်ပြီးရင် ကျွန်တော်နဲ့အတူ ပန်ကုန်းစုန်ကို လိုက်ဖမ်းပေးပါဦး”

“ငါလည်း မှော်ဆရာသခင်ရဲ့ နောက်ကွယ်က နတ်ဘုရားကို သိချင်နေတာ” ဧကရာဇ်အတိုင်ပင်ခံက မှင်သေသေ ပြောလိုက်သည်။

အစစ်အမှန်ကောင်းကင်မယ်တော်ကြီး၏အမူအရာ မသိမသာ ပြောင်းလဲသွားသည်။ ချင်မူတစ်ယောက်တည်း ပန်ကုန်းစုန်နောက် လိုက်မည်ထင်ခဲ့၍ သူမ သဘောတူမိခဲ့ခြင်းဖြစ်၏။ သူနှင့်သူမနှစ်ယောက်တည်း ရှိနေသည့်အချိန်တွင် အစွန့်ပစ်ခံလူသားအား အလွယ်တကူ သတ်နိုင်လိမ့်မည်။ သို့သော် သူတောင်းစားလေးက ဧကရာဇ်အတိုင်ပင်ခံကို ခေါ်နေသည်။

ဧကရာဇ်အတိုင်ပင်ခံ ရှိနေလျှင် အစစ်အမှန်ကောင်းကင်မယ်တော်ကြီးအနေဖြင့် မလူးသာ မလွန့်သာ ဖြစ်ရလိမ့်မည်။ တစ်ချက်လေး မှားသွားသည်နှင့် နှလုံးသားမရှိသော ထိုလူကြောင့် အသက်ထွက်သွားနိုင်သည်။ ဧကရာဇ်အတိုင်ပင်ခံ တိုက်ခိုက်ပါက သူမ သေချာပေါက် ခုခံနိုင်မည်မဟုတ်ပေ။

‘ဒါပေမဲ့ ဧကရာဇ်အတိုင်ပင်ခံ လိုက်လာတာလည်း ကောင်းပါတယ်။ သူ့ကို ဖယ်ရှားဖို့ အခွင့်အရေး ရတာပေါ့။ ဒါပေမဲ့ ဝိညာဉ်ပုတီးစေ့လေးလုံး လိုတယ်။ ပုတီးစေ့တွေနဲ့ဆို ဧကရာဇ်အတိုင်ပင်ခံကို ကြောက်စရာမလိုတော့ဘူး...”

နောက်ဆုံးတွင် အနောက်ကမ္ဘာမြေ၏ အာဏာပိုင်မိသားစုများသည် အစစ်အမှန်ကောင်းကင်နန်းတော်တစ်ခုလုံးကို စီးနင်း၍ ယွီမိသားစု၏ သိုင်းပညာရှင်များအား သတ်ဖြတ်ဖမ်းဆီးပြီးသွား၏။ မိသားစုများက ရှုန်းရှီယွီကို နိုင်းခွေအဖြစ် ပြန်လည်တင်မြှောက်ကြသည်။ ရှုန်းရှီယွီက ရှုန်းချီအာ၏ လက်ကို ဆွဲကာ အားလုံး၏အရိုအသေပြုမှုကို လက်ခံနေသည်။

ဧကရာဇ်အတိုင်ပင်ခံ ဧကရာဇ်ယန်ဖုန်း၏ အမိန့်တော်ကို ထုတ်ဖတ်သည့်အခါ ရှုန်းရှီယွီက ရိုရိုကျိုးကျိုး နာကြားသည်။ ထိုအချိန်တွင် ချင်မူက ရှုန်းချီအာကို ဆွဲခေါ်လာပြီး နဂါးစိမ်းပုတီးစေ့နှင့် လိပ်နက်ပုတီးစေ့အား ထုတ်ခိုင်းကာ ဆော့ကြလေသည်။

အစစ်အမှန်ကောင်းကင်မယ်တော်ကြီးမှာ ချင်မူ့လက်ထဲရှိ ဝိညာဉ်ရတနာနှစ်ပါးအား ကြည့်ကာ လုယူလိုစိတ်များ တဖွားဖွား ဖြစ်ပေါ်နေ၏။

ကလေးနှစ်ယောက်က အမိန့်တော်ကို နားမထောင်ဘဲ ပုတီးစေ့များကို ဇယ်တောက်သကဲ့သို့ ဆော့နေကြကာ ရှုန်းချီအာလေးမှာ သဘောကျစွာ တခစ်ခစ် ရယ်နေသည်။

အစစ်အမှန်ကောင်းကင်မယ်တော်ကြီးမှာ အမျက်တချောင်းချောင်း ထွက်လာသော်လည်း တစ်ဖက်လှည့်ကာ မမြင်ချင်‌ယောင်သာ ဆောင်လိုက်သည်။

ရုတ်တရက် ချင်မူက နဂါးစိမ်းပုတီးစေ့ကို သူလက်ထဲ ထည့်ပေးပြီး ပြုံးလိုက်၏။ “မမစစ်ယု၊ ချီအာနဲ့ ခဏ ကစားပေးပါဦး”

အစစ်အမှန်ကောင်းကင်မယ်တော်ကြီးက နဂါးစိမ်းပုတီးစေ့အား ကိုင်ကာ ချင်မူ့ကို ကြောင်တောင်တောင် ကြည့်လိုက်မိသည်။ ထိုကောင်လေး မည်သည်ကိုတွေးနေမှန်း မသိပေ။

‘နဂါးစိမ်းပုတီးစေ့က အခု ငါ့လက်ထဲမှာ၊ အပြင်းထန်ဆုံးအင်အားကို ထုတ်လို့ရတယ်။ ငါ အခု လှုပ်ရှားလိုက်ရင် အစစ်အမှန်ကောင်းကင်နန်းတော်ထဲမှာ ရှိတဲ့ လူတိုင်း အေးခဲတောင့်တင်းသွားလိမ့်မယ်’

သူမအကြည့်များ လှုပ်ရှားသွားသော်လည်း လှုပ်ရှားရန် ပြင်လိုက်သည့်အခါ လေမတိုက်ဘဲ ဧကရာဇ်အတိုင်ပင်ခံ၏ အဝတ်စများ လှုပ်နေသည်ကို မြင်လိုက်ရသည်။ သူမ ကြောက်လန့်တုန်လှုပ်သွား၏။

“ဒီသူတောင်းစာလေးနဲ့ ဧကရာဇ်အတိုင်ပင်ခံ နှစ်ယောက်လုံး မြေခွေးတွေပဲ၊ ငါ့ကို စမ်းသပ်နေကြတယ်’

အစစ်အမှန်ကောင်းကင်မယ်တော်ကြီးမှာ ကျောချမ်းသွား၍ ထိုင်လိုက်ပြီး ရှုန်းချီအာနှင့် ကစားလိုက်သည်။

တခဏကြာသော် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ဧကရာဇ်၏အမိန့်တော်ကို ဖတ်ကြားပြီးသွားသဖြင့် ချင်မူက နဂါးစိမ်းပုတီးစေ့ ပြန်တောင်းပြီး ရှုန်းချီအာ၏လက်ထဲ ပြန်ထည့်ပေးလိုက်သည်။ ရှုန်းရှီယွီက ရှုန်းချီအာကို လာခေါ်ပြီး ဝိညာဉ်ပုတီးစေ့နှစ်လုံးကို ယူကာ အရိုအသေပေး၏။ “ဒီပုတီးစေ့နှစ်လုံးကို အရှင်မင်းကြီးဆီ ဆက်သဖို့ ဆန္ဒရှိပါတယ်။ ကျွန်မ အရှင်မင်းကြီးကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူး”

ဟယ့်ရီရီ၊ မုယင်ရွှယ်နှင့် ကျန်ရှိသူများ၏ အမူအရာများ အတန်ငယ် ပြောင်းလဲသွားသည်။ ရှုန်းရှီယွီသည် အနောက်ကမ္ဘာမြေကို သူမတစ်ယောက်တည်း အုပ်ချုပ်ရန် ခက်ခဲမည်မှန်း သိ၍ ဝိညာဉ်ပုတီးစေ့လေးလုံးအနက်မှ နှစ်လုံးအား ဧကရာဇ်ယန်ဖုန်းဆီသို့ ဆက်သရန်သာ ဆုံးဖြတ်လိုက်၏။ ဤနည်းဖြင့် မိသားစုကြီးအားလုံးကို ထိန်းချုပ်ထားနိုင်မည်။

ဧကရာဇ်အတိုင်ပင်ခံက လိပ်နက်ပုတီးစေ့ကိုသာ ယူသည်။ “သခင်မလည်း အနောက်ကမ္ဘာမြေကို စောင့်ရှောက်ဖို့ ရတနာတွေ လိုပါတယ်။ ဒါကြောင့် နဂါးစိမ်းပုတီးစေ့ကို သိမ်းထားပါ”

ရှုန်းရှီယွီက ကျေးဇူးတင်စကားဆို၍ ရှုန်းချီအာကို ဆွဲထူလိုက်သည်။

အခမ်းအနားပြီးနောက် ဧကရာဇ်အတိုင်ပင်ခံက ချင်မူ့ကို လောဆော်သည်။ “မင်းရဲ့ အချစ်ဇာတ်လမ်းတွေက အနောက်ကမ္ဘာမြေတစ်ခွင်လုံးမှာ ဟိုးလေကျော်နေပြီ‌နော်။ သတင်းထွက်တာက ကိစ္စမရှိဘူး ၊ ဒါပေမဲ့ အလေးအနက် မပတ်သက်နဲ့။ ကျောက်စိမ်းမျက်နှာအဆိပ်ဘုရင်လို ကိုယ့်မျက်နှာကို လှီးပစ်နေရမယ်။ မြန်မြန် သံယောဇဉ်ဖြတ်စရာ ရှိတာ ဖြတ်ပြီး မှော်ဆရာသခင်ကို သွားရှာကြစို့”

“ကျွန်တော်က ပွေနေတာမဟုတ်ပါဘူးဗျာ...” ချင်မူ အမျိုးသမီးများကို သွားနှုတ်ဆက်လိုက်သည်။

ဟယ့်ရီရီက သူ့ကို မခွဲချင်သောအကြည့်ဖြင့် ကြည့်သည်။ “ဂိုဏ်းသခင် ရက်ပိုင်းလောက် မနေတော့ဘူးလားဟင်။ မပြီးပြတ်သေးတာတွေ ရှိသေးတယ်လေ”

မုယင်ရွှယ်ကတော့ ဒဲ့ပြော၏။ “ကောင်လေး၊ သွားစရာရှိတာသာ သွား။ ငါ အလယ်ကမ္ဘာမြေကို လာတဲ့အချိန်ကျရင် နင့် ပြတင်းပေါက်ဆီ တက်လာခဲ့မယ်”

ရှုန်းရှီယွီကလည်း ရှုန်းချီအာကို ခေါ်၍ ရောက်လာသည်။ “ဂိုဏ်းသခင်နဲ့သာ မတွေ့ခဲ့ရင် ကျွန်မတို့သားအမိ သေတာ ကြာပါပြီ။ တောထဲတစ်နေရာမှာ အလောင်းတွေ ဆွေးတောင် ဆွေးနေလောက်ပြီ။ ဂိုဏ်းသခင်က ကျွန်မတို့ ရှုန်းမိသားစုရဲ့ အသက်သခင်ကျေးဇူးရှင်ပါ၊ ဒါကြောင့် ဂိုဏ်းသခင် တစ်ခုခု လိုအပ်လာတဲ့နေ့ရောက်ရင် အစစ်အမှန်ကောင်းကင်နန်းတော် ဖြည့်ဆည်းပေးပါ့မယ်”

ချင်မူ သူမအား ပြုံးပြလိုက်သည်။ “သခင်မအနေနဲ့ အလေးအနက်ထား မှတ်ထားစရာမလိုပါဘူး။ ကျွန်တော်က ကျွန်တော့်ခံယူချက်၊ ကျွန်တော့်ယုံကြည်မှုကြောင့်သာ ကယ်ပေးခဲ့တာပါ။ နိုင်းခွေ၊ ချီအာ နှုတ်ဆက်ပါတယ်”

သူ အစစ်အမှန်‌ကောင်းကင်နန်းတော်ထဲမှ ထွက်သွားသည်ကို ကြည့်ရင်း ရှုန်းရှီယွီ၏ရင်ထဲတွင် ပြောပြမတတ်သော ခံစားချက်မျိုးစုံ လှိုက်တက်လာ၏။ သူမက ရုတ်တရက် ကျယ်လောင်စွာ ခေါ်လိုက်သည်။ “သူတော်ကောင်းလေး”

ချင်မူ မှင်သက်သွားပြီး သူတို့ကို လှည့်ပြုံးပြပြီးနောက် လက်ဝှေ့ယမ်းနှုတ်ဆက်လိုက်သည်။

‘သူတော်ကောင်း’ ဆိုသော စကားကြောင့် သူ သူတို့သားအမိကို ကယ်တင်ခဲ့ခြင်းမဟုတ်ပေ။ အစစ်အမှန်‌ကောင်းကင်နန်းတော်၏ လက်ထဲတွင် လူမမည်ကလေးမလေး ရှုန်းချီအာ သေရမည်ကို မကြည့်ရက်၍သာ ကယ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုတွင် သူတော်ကောင်းဆိုသော နာမည်နှင့် သူ ထိုက်တန်သွားပြီဖြစ်၏။

ချင်မူက နဂါးချီလင်၏ကျောပေါ် ခုန်တက်ကာ အစစ်အမှန်ကောင်းကင်မယ်တော်ကြီးကို ဆွဲတင်ပေးလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံ၊ အနောက်ကမ္ဘာမြေက သိပ်လှတယ်နော်။ ဧကရာဇ် ဒီကမ္ဘာကို ဘယ်လိုကိုင်တွယ်မှာတဲ့လဲ”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက လေထဲတွင် အေးအေးဆေးဆေး လမ်းလျှောက်နေပြီး တည်ငြိမ်စွာ ဖြေသည်။ “မင်းတို့ကို ကိုင်တွယ်သလိုပဲ ကိုင်တွယ်မှာပါ။ ဧကရာဇ်က စိတ်သဘောထားပြည့်ဝတယ်။ အမြင်လည်း ကျယ်တယ်။ အနောက်ကမ္ဘာမြေကို အတင်းအကြပ် သိမ်းမှာမဟုတ်တဲ့အကြောင်း ငါ သူ့ကို ရှင်းရှင်းလင်းလင်း လျှောက်တင်ခဲ့ပြီးသား။ စစ်တပ်ကြီးနဲ့ ချီတက်မလာတဲ့ အကြောင်းရင်းက ဒီကမ္ဘာမြေရဲ့ ငြိမ်းချမ်းရေးကို ဖျက်စီးမိမှာစိုးလို့ပဲ

“ဒီနေရာက အမျိုးသမီးတွေကလည်း လှကြတယ်လေ။ ဒါကြောင့် အဓမ္မကျင့်ခံရတဲ့ ဖြစ်ရပ်တွေ၊ ဓားပြတိုက်ခံရတဲ့ကိစ္စတွေ ငါ မကြားချင်ဘူး။ ဒါကြောင့် ဧကရာဇ်ကို စစ်တပ်ကြီးနဲ့ ချီတက်မှာမဟုတ်တဲ့အကြောင်း လျှောက်တင်ခဲ့တာပဲ။ အဲဒီအစား အင်အားတစ်သန်းနဲ့ ညီမျှတဲ့ လူတစ်ယောက်ကိုပဲ တောင်းဆိုခဲ့တယ်။ အဲဒီလူက...” သူက ချင်မူ့ကို လှည့်ကြည့်ကာ ပြုံးပြသည်။ “မင်းပဲ။ ဂိုဏ်းသခင်ချင် မင်း တစ်ယောက်တည်းပဲ အနောက်ကမ္ဘာမြေရဲ့ အင်အားကို စုစည်းနိုင်တယ်”

ချင်မူ အတန်ငယ် မှင်သက်သွားပြီးနောက် တဟားဟား ရယ်လိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံက ကျွန်တော့်ကို ဖားနေတာပဲ။ မမစစ်ယုရော အဲဒီလိုမထင်ဘူးလား”

အစစ်အမှန်ကောင်းကင်မယ်တော်ကြီးက ပြုံးနေသော်လည်း စကားတစ်ခွန်း မပြောပေ။

ချင်မူက လိပ်နက်ပုတီးစေ့ကို သူမလက်ထဲ ထည့်ပေးလိုက်သည်။ “မမစစ်ယု၊ အစီအရင်သုံးပြီး ဟိုသူတောင်းစား ပန်ကုန်းစုန်ကို မြန်မြန် ရှာပေးပါ”

အစစ်အမှန်ကောင်းကင်မယ်တော်ကြီးမှာ လိပ်နက်ပုတီးစေ့ကို ခပ်တင်းတင်း ဆုပ်ပြီးနောက် ဧကရာဇ်အတိုင်ပင်ခံအား လှမ်းကြည့်လိုက်၏။ သက်လတ်ပိုင်းလူကား လက်တစ်ဖက်ကို ကျောနောက်ပို့၍ ဓားလျှို့ဝှက်ချက်များအား ဆုပ်ထားချေသည်။

All Chapters