ဟာကွက်
Vol. 34 Ch. 471
ချင်မူက လိပ်နက်ပုတီးစေ့ကို လက်ထဲ အတင်းထည့်ပေးလိုက်၍ အစစ်အမှန်ကောင်းကင်မယ်တော်ကြီးမှာ ခေါင်းကိုက်လာတော့သည်။ လူတစ်ယောက်ကို ရှာရန်အတွက် ဤရတနာအား သုံးစရာ လိုပါ၏လော။
စမ်းသပ်နေသည်မှာ သိသာပေသည်။။
‘အဲဒီသူတောင်းစားလေးက မြေခွေးများလား။ ငါ့ကို ငါးကြိမ်ခြောက်ကြိမ်လောက် စမ်းသပ်ပြီးတောင် မကျေနပ်နိုင်သေးဘူး”
အစစ်အမှန်ကောင်းကင်မယ်တော်ကြီးက လိပ်နက်ပုတီးစေ့ကို ချင်မူ့လက်ထဲ ပြန်ထည့်ပြီး နူးညံ့ချိုသာစွာ ပြုံးလိုက်သည်။ “လူတစ်ယောက် ရှာတာလေးအတွက်နဲ့ ဒီရတနာကို သုံးစရာမလိုပါဘူး။ ဂိုဏ်းသခင်ချင်မှာ မှော်ဆရာသခင်ရဲ့ ပန်းချီမရှိဘူးလား”
ချင်မူက သူမ၏ကလူမြူဆွယ်နေသော အပြုံးကို မျက်ကန်းတစ်ယောက်ကဲ့သို့ အဖက်မလုပ်ဘဲ ပန်ကုန်းစုန်၏ပုံတူ ဆွဲကာ လှမ်းပေးသည်။
အစစ်အမှန်ကောင်းကင်မယ်တော်ကြီးသည် အလွန်စိတ်ရှည်၏။ ဝိညာဉ်နိုးထအစီအရင်များဖြင့် အဖြူရောင်တိမ်တိုက်များ၊ တောင်များ၊ သစ်ပင်များကို ဝိညာဉ်ထည့်သွင်းပြီးနောက် ပန်ကုန်းစုန်ကို လိုက်ရှာခိုင်းလိုက်သည်။
“အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ အစီအရင်တွေက မဆိုးဘူးပဲ။ စစ်သည်တော်တစ်ယောက်သာ အဲဒီအစီအရင်တွေကို တတ်မြောက်သွားရင် သေချာပေါက် ထိပ်တန်းသိုင်းပညာရှင် ဖြစ်သွားလိမ့်မယ်”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ စဉ်းစားသွားသည်။ “အစစ်အမှန်ကောင်းကင်နန်းတော်က ဂိုဏ်းသူတွေကို ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ စစ်သည်တော်တွေအဖြစ် ခန့်အပ်သင့်တယ်ထင်တယ်”
“ဧကရာဇ်အတိုင်ပင်ခံက သိပ်မြင်တတ်တာပဲ” အစစ်အမှန်ကောင်းကင်မယ်တော်ကြီးက နူးညံ့ညင်သာစွာ ချီးကျူးလိုက်သည်။
ဧကရာဇ်အတိုင်ပင်ခံက အပြုံးအရယ်မရှိပေ။ “ဒီတိုင်း တွေးမိတာလေးပါ။ သိပ်မကြီးကျယ်ပါဘူး”
လမ်းတွင် အစစ်အမှန်ကောင်းကင်မယ်တော်ကြီးက ဧကရာဇ်အတိုင်ပင်ခံနှင့် ချင်မူအတွက် စားစရာများ၊ နေရာထိုင်ခင်းများ ချက်ပြုတ်စီစဉ်ပေးသည်။ သူတို့နှစ်ယောက်အတွက် လက်ဖက်ရည်ကြမ်း ငှဲ့ပေးရသလို၊ အိုးတိုက်ပန်းကန်ဆေး၊ အဝတ်လျှော်ချက်ပြုတ်ခြင်းလည်း လုပ်ရ၏။ သူမမျက်နှာတွင် အပြုံး ပျက်သည်ဟူ၍ မရှိရာ အလွန်ဖော်ရွေရည်မွန်ပြီး စဉ်းစားပေးတတ်ပုံပေါ်လေသည်။
သို့သော် ချင်မူနှင့် ဧကရာဇ်အတိုင်ပင်ခံက သာမန်ဟုသာ မြင်သည့်အပြင် ချင်မူက သူမအား ဖက်တီးကြီးနဂါးချီလင်ကိုပင် အစာကျွေးခိုင်းသည်။
အစစ်အမှန်ကောင်းကင်မယ်တော်ကြီးသည် တစ်ချက်မျှ မညည်းညူဘဲ နူးညံ့ကြင်နာတတ်သောပုံစံကို ထိန်းထား၏။ သို့သော် သူမ ဇဝေဇဝါ ဖြစ်နေမိသည်။
ချင်မူက ပျားသကာလို ချိုသော အပြောလေးဖြင့် တွေ့သမျှ အမျိုးသီးတိုင်းကို ‘မမကြီး’ ဟု ခေါ်တတ်သော်လည်း သစ်သားတုံးလို တုံးအလွန်းသည်။ သူမ သူ့ကို မည်မျှ ညှို့ငယ်ဖျားယောင်းပါစေ၊ မသိနားမလည်သည့်အလား တုံ့ပြန်ခြင်းမရှိပေ။
ဧကရာဇ်အတိုင်ပင်ခံကတော့ ပို၍ပင် အံ့ဩစရာကောင်းသည်။ မည်သည့်ခံစားချက်မှ မရှိသည့်အလား လုပ်စရာရှိသည်ကိုသာ လုပ်ပြီး သူမအလှကို စိတ်ဝင်စားခြင်းမရှိပေ။
အံ့ဩစရာအကောင်းဆုံးမှာတော့ နဂါးချီလင် ဖြစ်သည်။ အစာကျွေးတိုင်း ဇလုံကို စိုက်ကြည့်ပြီး စွမ်းအင်ဆေးလုံးများကို တစ်လုံးချင်း အတိအကျ ရေတတ်လေသည်။ တစ်လုံးလေးမျှပင် လျှော့၍မရ။
သူက အစာကောင်းကောင်းမစားရလျှင် သူ့အမွှေးများ၊ အရေပြားများ ပြန်ပေါက်မလာမည်ကို စိုးရိမ်နေသည်။ လျှပ်စီးမိုးကြိုးများကြောင့် အနက်ရောင်အပေါက်များ ပြည့်နေသည့် သူ့အကြေးခွံများလည်း ပုံမှန်ပြန်မဖြစ်မည်ကို ကြောက်နေ၏။ ယခင်လို မခံ့ညားတော့ကြောင်း အမြဲတစေ ညည်းညူနေတတ်သည့်အပြင် အစစ်အမှန်ကောင်းကင်မယ်တော်ကြီးဆီမှ အစာပိုတောင်းရန်သာ တွေးတတ်သည်။ သူ၏ အဆက်မပြတ် ပူဆာမှုများကြောင့် အစစ်အမှန်ကောင်းကင်မယ်တော်ကြီးမှာ ရူးချင်စိတ်ပင် ပေါက်လာမိ၏။
‘ဒင်းတို့ကို သေချာပေါက် သတ်ပစ်မယ်’
အစစ်အမှန်ကောင်းကင်မယ်တော်ကြီးမှာ လှုပ်ရှားချင်သော်လည်း အခွင့်အရေးမရပေ။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံတွင် ဟာကွက်ဟူ၍ မရှိ။ ညရောက်လျှင်လည်း မအိပ်ဘဲ မျက်လုံးဖွင့်လျက် ထိုင်နေသည်။
အချိန်အနည်းငယ်ကြာသော် အစစ်အမှန်ကောင်းကင်မယ်တော်ကြီးမှာ ပို၍ပင် ကြောက်စရာကောင်းသည့်အရာတစ်ခုကို သတိထားမိသွား၏။ ဧကရာဇ်အတိုင်ပင်ခံ ထမင်းစားသည့်အချိန် ဟင်းခပ်နေသော သူ၏တူများတွင်ပင် ဓားသိုင်းများ ကိန်းဝပ်နေ၏။ လက်ဆန့်ထုတ်လိုက်သောဟန်၊ ပြန်ရုတ်လိုက်သောဟန်များ၌ ဓားကွက်ပေါင်းရာချီ ပါဝင်နေချေသည်။
ပို၍ကြောက်စရာကောင်းသည်က အရွက်လေးတစ်ဖတ် လှမ်းနှိုက်သည့်အခါတွင်ပင် သူ၏ခန္ဓာကိုယ်အနှံ့အပြားရှိ ကြွက်သားများ၊ အရွတ်များက ချီစွမ်းအင်ပြောင်းလဲမှုများနှင့်အတူ လှုပ်ရှားနေသည်။ သူက မည်သည့်အချိန်တွင်မဆို အားအင်ပြည့်ဝနေပြီး ပြီးပြည့်စုံလွန်းသဖြင့် ဟာကွက်တစ်ကွက်မှ မတွေ့ရပေ။
အခြားတစ်ဖက်တွင် ချင်မူက ဟာကွက်များ ပြည့်နေသည်။ သူမအနေဖြင့် သူ့ကို စိတ်တိုင်းကျ သတ်ပစ်နိုင်၏။ သို့သော် ဧကရာဇ်အတိုင်ပင်ခံကို မလုပ်ကြံဘဲ ချင်မူ့အား အရင်သတ်လိုက်ပါက သေရမည့်လူက သူမ ဖြစ်လိမ့်မည်။
အစစ်အမှန်ကောင်းကင်မယ်တော်ကြီးမှာ မဆင်မခြင် မလှုပ်ရှားဝံ့၍ အခွင့်အရေးကိုသာ စိတ်ရှည်ရှည် စောင့်နေရသည်။
‘သူ အမြဲ ဒီလောက်အထိ ပြီးပြည့်စုံနေမှာ မဟုတ်ဘူး။ သေချာပေါက် ဟာကွက်တစ်ကွက်တော့ ရှိလိမ့်မယ်။ ဒီကမ္ဘာပေါ်မှာ နတ်ဘုရားတွေတောင် ဟာကွက်မရှိဘဲ မနေဘူး’
လမ်းတစ်လျှောက်လုံး ချင်မူက ဧကရာဇ်အတိုင်ပင်ခံကို ဓားကွက်များအကြောင်း မေးမြန်းနေပြီး အစစ်အမှန်ကောင်းကင်မယ်တော်ကြီးလည်း ဧကရာဇ်အတိုင်ပင်ခံ၏ ဓားကွက်တွင် ဟာကွက်တွေ့လိုတွေ့ငြား စိတ်ဝင်တစား လိုက်နားထောင်သော်လည်း သူတို့ပြောနေသော အကြောင်းအရာကို တစ်စက်မှ နားမလည်ကြောင်း သိလိုက်ရသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ဓားသိုင်းသည် နတ်ဘုရားလို အရှိန်ဖြင့် လျင်မြန်စွာ တိုးတက်လာခဲ့ပြီး ချင်မူ၏ ဓားသိုင်းကလည်း တမူထူးခြားသည့်အတွက် နှစ်ယောက်လုံးက ဓားပညာတွင် ဆရာသခင်များ ဖြစ်ကြ၏။ အစစ်အမှန်ကောင်းကင်မယ်တော်ကြီးက ဖန်ဆင်းပညာ၌ အလွန်ထူးချွန်ကျွမ်းကျင်သော်လည်း ဓားအသိက များစွာနိမ့်ကျချေသည်။
ချင်မူနှင့် ဧကရာဇ်အတိုင်ပင်ခံက လေလယ်တွင် ဓားကွက်များ မကြာခဏ ဖလှယ်တတ်သည်။ ချင်မူက ဧကရာဇ်အတိုင်ပင်ခံကို တိုက်ခိုက်တတ်ပြီး ဧကရာဇ်အတိုင်ပင်ခံက လက်တစ်ဖက်ကို ကျောနောက်သို့ ပစ်၍ ကျန်တစ်ဖက်ဖြင့် ချင်မူ့ဓားကွက်များအား အေးဆေးလွယ်ကူစွာ ခုခံတတ်၏။
ဓားကွက်အားလုံးက အင်မတန် အားကောင်းပြင်းထန်ပြီး အမြဲပြောင်းလဲနေသည်။ ဧကရာဇ်အတိုင်ပင်ခံ၏ ဓားကွက်များကမူ အလွန်ရိုးရှင်းသည့်အပြင် သူ အသုံးပြုနေသည်မှာ အခြေခံအကျဆုံးဓားချက်များသာ ဖြစ်သည်။ သို့တိုင်အောင် သူက ရှုပ်ထွေးသော ဓားကွက်အားလုံးကို ချိုးဖျက်ပစ်နိုင်လေသည်။
ချင်မူ တိုက်ခိုက်ရင်း ပင်ပန်းလာသဖြင့် အနားယူလိုက်သည်။ သူက သူ၏ဓားသိုင်း တိုးတက်အောင် မည်သို့လုပ်ရမည်လဲ တွေးရင်း နစ်မျောနေသဖြင့် ဧကရာဇ်အတိုင်ပင်ခံက မည်သည်ကိုမှ မပြောဘဲ သူ့အား တွေးခွင့်ပေးထားသည်။
အစစ်အမှန်ကောင်းကင်မယ်တော်ကြီး မသိချင်မိဘဲ မနေတော့ပေ။ “ဧကရာဇ်အတိုင်ပင်ခံရဲ့ ဓားကွက်တွေက နတ်ဘုရားအဆင့်တောင် ရောက်နေပြီပဲ။ သူ့ကို ဘာလို့အကြံမပေးတာလဲ”
“ပေးလို့မရဘူး” ဧကရာဇ်အတိုင်ပင်ခံက ခေါင်းယမ်းလိုက်သည်။ “သူက ဓားသိုင်းရဲ့ အဆုံးအထိ ရောက်နေပြီ။ အတွေးအမြင်သစ်တွေ ရအောင် သူ့ကိုယ်သူပဲ အားကိုးလို့ရမှာ”
အစစ်အမှန်ကောင်းကင်မယ်တော်ကြီး တအံ့တဩ ထခုန်လိုက်မိသည်။ ဧကရာဇ်အတိုင်ပင်ခံကတောင် ချင်မူကို အကြံပေး၍မရတော့ဘူးတဲ့လော။
“ဧကရာဇ်အတိုင်ပင်ခံ ကောင်းကင်ရတနာတွေကို ပိတ်ပြီး သူနဲ့ တိုက်ခိုက်ကြည့်ပါ့လား” အစစ်အမှန်ကောင်းကင်မယ်တော်ကြီးက မေးလိုက်သည်။
“မတိုက်ရဲဘူး” ဧကရာဇ်အတိုင်ပင်ခံက အမှန်အတိုင်း ဝန်ခံ၏။ “သူ့သိုင်းအခြေခံက ခိုင်မာလွန်းတယ်။ တစ်ဆင့်တည်းဆိုရင် ငါ့အနေနဲ့ ဓားစွမ်းအားကို အားကိုးမှ သူ့ကို သေအောင် တိုက်ခိုက်နိုင်မှာ။ သူ့မှော်စွမ်းအင်သိပ်သည်းမှုကတော့ ငါ့ကို တစ်ချက်တည်းနဲ့ အသေသတ်ပစ်နိုင်တယ်”
အစစ်အမှန်ကောင်းကင်မယ်တော်ကြီး ချင်မူ့အား လှမ်းကြည့်ကာ တွေးလိုက်မိသည်။ ‘ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ အမြင့်ကို ရောက်နေပြီဆိုတော့ ဒီကောင်လေးကို အရှင်ထားလို့ မဖြစ်တော့ဘူး။ မဟုတ်ရင် ဘယ်သူက သူ့ကို ထိန်းနိုင်တော့မလဲ’
သူမ ထိုသို့တွေးနေသည့်အချိန် ချင်မူ့ခန္ဓာကိုယ်မှ ကမ္ဘာမြေတုန်ဟည်းသွားစေသော ထစ်ချုန်းသံကြီးတစ်သံ ကြားလိုက်ရသည်။ အသံလှိုင်းကြောင့် ပတ်ဝန်းကျင်ရှိ မိုးသားတိမ်ဖြူများ လွင့်စင်ပြိုကွဲသွား၏။ အစစ်အမှန်ကောင်းကင်မယ်တော်ကြီးမှာ ရင်တဒိန်းဒိန်း ခုန်လာပြီး မယုံနိုင်ဖြစ်နေသည်။
ဘန်း ဘန်း ဘန်း
ချင်မူ့ခန္ဓာကိုယ်မှ အလင်းတန်းများ ဖြာထွက်လာပြီး ကြယ်ခုနစ်စင်းအသွင် ဖွဲ့တည်ကာ သူ့ကို ဝန်းရံလှည့်ပတ်နေကြသည်။ ကြယ်ခုနစ်စင်းတွင် နေလုံးကြီးကဲ့သို့ တဟုန်းဟုန်းတောက်နေသော သန့်စင်ယန်ချီ၊ လမင်းကြီးကဲ့သို့ ကြည်လင်တောက်ပနေသော သန့်စင်ယင်ချီ၊ အလွန်ကြီးမားသော အင်္ဂါဂြိုဟ်၊ မြေဝါရောင်လင်းနေသည့် စနေဂြိုဟ်၊ အဖြူရောင်အလင်းတန်းများ ပြက်ပြက်လက်နေသော သောကြာဂြိုဟ်၊ ရေငွေ့များ ဟဲဟဲထနေသော ဗုဒ္ဓဟူးဂြိုဟ်နှင့် နဂါးစိမ်းချီကို ဖြန့်ကျက်နေသော ကြာသပတေးဂြိုဟ်တို့ ပါဝင်သည်။ ကြယ်ခုနစ်စင်းလုံးတွင် လျှပ်စီးများ ဖျတ်ဖျတ်လူးနေ၏။
ကြယ်တစ်စင်းစီ၏အပေါ်တွင် နတ်ဘုရားတစ်ပါးစီ ရပ်နေကြသည်။ နွားခေါင်းလူကိုယ်နတ်ဘုရား၊ ငှက်ခေါင်းခြေသုံးချောင်းဖြင့် နတ်ဘုရား၊ ကျားခေါင်းပုတ်သင်အမြီးဖြင့် နတ်ဘုရား အစရှိသော ကြယ်တာရာအရှင်သခင်များက ထူးဆန်းသော ရုပ်သွင်အမျိုးမျိုး ရှိနေကြသည်။
ချင်မူ၏ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် လှုပ်ခါသွားပြီး သူ့အနောက်တွင် ဆယ့်ငါးကိုက်မြင့်မားသော မူလဝိညာဉ်တစ်ခု ဖွဲ့တည်လာသည်။ မူလဝိညာဉ်က လက်နှစ်ဖက်ကို ပင့်မြှောက်ထားသော်လည်း မည်သည်ကိုမှ မကိုင်ထားပေ။ ကြယ်ခုနစ်စင်းက လက်ဝါးနှစ်ဖက်အပေါ်၌ ပျံဝဲနေသည်။
အစစ်အမှန်ကောင်းကင်မယ်တော်ကြီး တအံ့တဩ အော်လိုက်မိသည်။ “သိပ်သန်မာလိုက်တဲ့ မူလဝိညာဉ်ပဲ။ သူက ကောင်းကင်နတ်အသွင်အဆင့် မဟုတ်ဘူးလား၊ ဘယ်လိုလုပ် ခုနစ်စဉ်ကြယ်ရုပ်သွင် ပေါ်လာတာလဲ”
“သူ အဆင့်တက်သွားတဲ့ အသံတွေက ဘယ်လောက် ကြောက်စရာကောင်းလဲ ကြားလိုက်တယ်မလား” ဧကရာဇ်အတိုင်ပင်ခံမှာ ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းချလိုက်သည်။ “ငါက တိုနေတဲ့အနားတွေ မရှိတဲ့ မျဉ်းဖြောင့်တစ်ကြောင်းလို့ အမြဲထင်ခဲ့ပေမယ့် အခုမှပဲ အဲဒီလိုမဟုတ်မှန်း သိတော့တယ်။ သူက မျဉ်းဖြောင့်၊ ငါက တြိဂံပဲ။ လောကသခင်ခန္ဓာ၊ လောကသခင်ခန္ဓာ ဒီလောက်သန်မာအားကောင်းရသလား”
အစစ်အမှန်ကောင်းကင်မယ်တော်ကြီး စိတ်ရှုပ်ထွေးသွားသည်။ ရင်သပ်ရှုမောဖွယ် ခုနစ်စဉ်ကြယ်ရုပ်သွင်ကြောင့် သူမ အံ့အားသင့်မိပါသော်လည်း အအံ့ဩမိဆုံးက လောကသခင်ခန္ဓာဆိုသည့်အရာ ဖြစ်သည်။
ထိုကဲ့သို့ခန္ဓာမျိုးအား သူမ တစ်ခါမှ မကြားခဲ့ဖူးပေ။
“ဧကရာဇ်အတိုင်ပင်ခံ လောကသခင်ခန္ဓာ ဆိုတာက ဘာလဲ” အစစ်အမှန်ကောင်းကင်မယ်တော်ကြီးမှာ အမှန်တကယ် နားမလည်သဖြင့် မေးလိုက်သည်။
“လောကသခင်ခန္ဓာဆိုတာ ရှေးရှေးတုန်းက ဒဏ္ဍာရီတစ်ပုဒ်ကနေ ဆင်းသက်လာတာပဲ” ဧကရာဇ်အတိုင်ပင်ခံ၏ စိတ်အား တရှိန်ရှိန် မြင့်တက်လာသည်။ “ဒီအကြောင်းကို ငါ့နောင်တော်တစ်ယောက် ပြောပြခဲ့တာ။ ငါ မင်းကို ပြောပြမယ်။ ဒဏ္ဍာရီတွေအရ တစ်လောကလုံးမှာ လောကသခင်ခန္ဓာတစ်ခုပဲ ရှိနိုင်တယ်တဲ့...”
သူတို့ ပန်ကုန်းစုန်နောက် လိုက်နေသည်မှာ ငါးရက်ကြာပြီဖြစ်ပြီး ထိုအတောအတွင်း ချင်မူက ခုနစ်စဉ်ကြယ်အဆင့်ကို တည်ငြိမ်အောင် လုပ်နေသည်။ သူ၏ကျင့်စဉ်စွမ်းအင်သည် သိပ်သည်းသထက် သိပ်သည်းလာ၏။ တစ်ချိန်တည်းမှာပင် ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာ၊ ဓာတ်ကြီးငါးပါးကောင်းကင်ရတနာ၊ အရပ်ခြောက်မျက်နှာကောင်းကင်ရတနာနှင့် ခုနစ်စဉ်ကြယ်ကောင်းကင်ရတနာများကို ဖွင့်လိုက်ပါက သူ၏သိုင်းစွမ်းရည်က နဂါးချီလင်နီးနီး ရှိလာသည်။
ဖက်တီးကြီးမှာ အကြီးအကျယ် စိုးရိမ်ထိတ်လန့်လာတော့သည်။ ‘ဒုက္ခပဲ၊ ဂိုဏ်းသခင်ရဲ့ သိုင်းအဆင့်က ငါ့ကို လိုက်မှီလာရင် ငါ သေချာပေါက် အသုံးဝင်တော့မှာမဟုတ်ဘူး။ ဂိုဏ်းသခင်ချင်လို အစာကောင်းကောင်းကျွေးတဲ့ သခင်နောက်တစ်ယောက်ကို ငါ ဘယ်မှာ ရှာတွေ့နိုင်တော့မလဲ’
အစစ်အမှန်ကောင်းကင်မယ်တော်ကြီးက သက်ပြင်းချပြီး ပြုံးလိုက်သည်။ “ကျွန်မတို့ မှော်ဆရာသခင်နဲ့ သိပ်မဝေးတော့ဘူး”
ချင်မူ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ အရှေ့တွင် မီးကန္တာရအား မြင်လိုက်ရ၍ အံ့အားသင့်သွားသည်။ “ပန်ကုန်းစုန်က အနောက်ကမ္ဘာမြေရဲ့အပြင်တောင် ရောက်နေပြီပဲ။ မှော်ဆရာသခင် ပီသပါပေတယ်။ ဘယ်သူမှ သူ့လောက် မပြေးနိုင်ဘူး။ မမစစ်ယုကြောင့်သာ မဟုတ်ရင် သူ လွတ်သွားဦးမှာ”
မီးကန္တာရ၏ မီးတောက်မီးလျှံများက တဟုန်းဟုန်း တောက်လောင်နေသည်။ အနားရောက်သွားသည်နှင့် ချင်မူ့ခန္ဓာကိုယ်ပေါ်တွင် ထူးဆန်းသော သင်္ကေတအမှတ်အသားများ ပေါ်လာ၏။
အစစ်အမှန်ကောင်းကင်မယ်တော်ကြီး၏ မျက်လုံးထောင့်စွန်းများ တွန့်သွားပြီး စိတ်ပူနေသောလေသံဖြင့် မေးလိုက်သည်။ “ဂိုဏ်းသခင်ချင်၊ ရှင့်ကိုယ်ပေါ်က ဒီအမှတ်အသားတွေက...”
“ကျိန်စာတစ်မျိုးပဲ ထင်ပါတယ်” ချင်မူက အရေးမစိုက်ပေ။ “ကျွန်တော် အနောက်ကမ္ဘာမြေကို ဝင်လာတုန်းက တစ်ကိုယ်လုံး ဒီသင်္ကေတအမှတ်အသားတွေ ပေါ်လာတာပဲ။ ခြေဖဝါးအထိတောင် ပျံ့နှံ့သွားတယ်လေ။ ဘယ်လိုပဲလုပ်လုပ် ဖယ်ရှားလို့မရဘူး။ မီးကန္တာရအပြင်ကို ထွက်မှ အလိုလိုပျောက်ကွယ်သွားတာ”
“ခြေဖဝါးအထိတောင်လား”
အစစ်အမှန်ကောင်းကင်မယ်တော်ကြီး စိတ်ထဲတွင် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားပြီး စိတ်လှုပ်တရှား အော်မိလုနီးပါး ဖြစ်သွားသည်။ ‘တော်ဝင်သွေး၊ သူက တော်ဝင်သွေးပဲ’
အနောက်ကမ္ဘာမြေ၏ ဆွေကြီးမျိုးကြီးမျိုးဆက်များစွာကို သူမ သတ်ခဲ့ဖူးသော်လည်း တော်ဝင်သွေးကမူ ခိုင်ဧကရာဇ်၏ မျိုးဆက်ဖြစ်၏။ သူမ တော်ဝင်သွေးတစ်ယောက်မှ မသတ်ခဲ့ရသေးပေ။
‘သူက မဟာမြို့ပျက်ရဲ့ ဆွေကြီးမျိုးကြီး မဟုတ်ဘဲ တော်ဝင်သွေး ဖြစ်နေတာကိုး’
အစစ်အမှန်ကောင်းကင်မယ်တော်ကြီး ဝမ်းသာသွားပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အောက်ကျနောက်ကျခံခဲ့ရသဖြင့် ခံစားခဲ့ရသော အရှက်ကွဲမှုအားလုံး ပိန်းကြာရွက်တွင် ရေမတင်သကဲ့သို့ ပျောက်ကွယ်သွားသည်။ သူမ ဝေးလံခေါင်ဖျားသည့် အရပ်ဒေသများသို့ သွားပြီး တော်ဝင်သွေးများကို မြေလှန်ရှာခဲ့သော်လည်း ယခုတော့ တစ်ယောက်က သူမဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ချေပြီ။ သူ့ကိုသာ ရှင်းနိုင်လျှင် ဤအောက်ဘုံကို စွန့်ခွာကာ အထက်ဘုံ၌ စည်းစိမ်ချမ်းသာ ခံစားရလိမ့်မည်။
သူမအကြည့်များ လှုပ်လှုပ်ခတ်ခတ် ဖြစ်နေသည်။ ‘ဒီသူတောင်းစားလေးက ရှင်းရလွယ်သလို အရေးပါဆုံးလည်း ဖြစ်နေတာပဲ။ သူ့အသက်က ဧကရာဇ်အတိုင်ပင်ခံရဲ့ အသက်ထက် အဆများစွာ တန်တယ်။ ဒါပေမဲ့ သူ့ကို မရှင်းခင် ဧကရာဇ်အတိုင်ပင်ခံကို အရင်ရှင်းရမယ်။ ပုံမှန်ဆို မလွယ်ပေမယ့် မီးကန္တာရကို ရောက်လာပြီဆိုတော့ ငါ့အတွက် အပန်းမကြီးတော့ဘူး။ မှော်ဆရာသခင်၊ ရှင့်ကိုတော့ ကျွန်မ ဒုက္ခပေးရတော့မယ်’
သူမက အစီအရင်တစ်ခုဖြင့် သဲများစုဝေး၍ သဲဘီလူးကြီးများအား နှိုးကာ ပန်ကုန်းစုန်၏ တည်နေရာကို မေးကြည့်လိုက်သည်။
နဂါးချီလင်က အရှိန်တင်၍ အားကုန်ပြေးနေသည်။
နောက်တစ်နေ့မနက်တွင် နဂါးချီလင်သည် ကန္တာရထဲတွင် ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားသည့်နေရာတစ်ခုသို့ ရောက်သွား၏။ ထိုနေရာက ဧရာမနေသင်္ဘောကြီးတစ်စင်း ဖြစ်ပြီး နေလုံးကြီးတစ်လုံးက သင်္ဘောဘေးရှိ သဲများထဲတွင် တစ်ဝက်ကျော် နစ်မြုပ်နေသည်။
အစစ်အမှန်ကောင်းကင်မယ်တော်ကြီး ပြုံးလိုက်သည်။ “ဒီနေသင်္ဘောနဲ့ဆို ပန်ကုန်းစုန် ထွက်ပြေးချင်ရင်တောင် ထွက်ပြေးဖို့ ခက်လိမ့်မယ်”
ချင်မူ အားတက်သွားပြီး ပြုံးလိုက်၏။ “ဧကရာဇ်အတိုင်ပင်ခံ၊ မမစစ်ယု၊ ဒီမှာ နေပြီး စောင့်နေကြပါ။ သူ့ကို မလွတ်စေနဲ့။ ကျွန်တော် အဲဒီခွေးသူတောင်းစား ပန်ကုန်းစုန်ကို သွားရှာမယ်”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သူ့ကို ကြည့်လိုက်၏။ “ငါ့အကူအညီ လိုသေးလား”
“မလိုဘူး ရတယ်” ချင်မူက အရှိန်တင်၍ ပြေးလိုက်ပြီး ပြိုကျပျက်စီးနေသော ခန်းမတစ်ခုထဲတွင် ဆင်းသက်လိုက်သည်။ သူက ကျယ်လောင်စွာ ရယ်လိုက်၏။ “ပန်ကုန်းစုန်၊ မင်းရဲ့ မိတ်ဆွေကြီး အဝေးက လာတွေ့တယ် ထွက်လာပါဦး”
“ခွေးသူတောင်းစားချင်၊ မင်း တကယ် ငါ့ကို စွဲလမ်းနေတာပဲ” လူရိပ်တစ်ခုက သဲထဲမှ ခုန်ထွက်လာပြီး ခန်းမ၏ အခြားတစ်ဖက်တွင် ဘုန်းခနဲ ဆင်းသက်လိုက်သည်။ သူကား ပန်ကုန်းစုန်အပြင် တခြားလူမဟုတ်ပေ။ ပန်ကုန်းစုန်သည် သတ္တိအပြည့်ဖြင့် ကျယ်လောင်စွာ ရယ်လိုက်၏။ “မင်း ရောက်လာတာ အတော်ပဲ။ ငါ့သိုင်းအဆင့်က ဒီရက်ပိုင်း တရှိန်ထိုး တိုးတက်သွားပြီ။ နောက်ဆုံးတော့ မင်းကို အပိုင်းပိုင်း လှီးဖြတ်ပြီး ငါ့ကို ဒူးထောက်ခိုင်းစေချင်တဲ့ ဆန္ဒပြည့်တော့မယ်ကွ”
အစစ်အမှန်ကောင်းကင်မယ်တော်ကြီးက ဧကရာဇ်အတိုင်ပင်ခံ၏ ကျောပြင်ကို စိုက်ကြည့်နေပြီး ရုတ်တရက် ဟာကွက်တစ်ကွက် တွေ့သွားချေပြီ။