← Chapters

ဘုံခုနစ်ဆင့်ကောင်းကင်ဓားရဲ့ အစွမ်း

Vol. 25 Ch. 333

ဘုံခုနစ်ဆင့်ကောင်းကင်ဓားရဲ့ အစွမ်း

Vol. 25 Ch. 333

- ယုံဝူးမြို့စွန်ရှိ ခြံဝင်းတစ်ခု -

ခြံဝင်းထဲမှာတော့ လီဖူချန်းဟာ သူ့ရဲ့ ဘုံခုနစ်ဆင့် ကောင်းကင်ဓား အစွမ်းကို စမ်းသပ်ဖို့ အတွက် အလုပ်များနေပုံပင်။

" ကဲ ... မင်းရဲ့ အစွမ်းကို ငါ့ကို ပြလိုက်စမ်းပါ”

လီဖူချန်းက ဘုံခုနစ်ဆင့် ကောင်းကင်ဓားထဲကို သူ့ရဲ့ အစစ်အမှန် ငရဲမီး ချီအတွင်းအားတွေ ဖြည့်လိုက်ပါတယ်။

၅ရာခိုင်နှုန်း ...   ၁၀ရာခိုင်နှုန်း ...  ...

တကယ့်ကို အံ့အားသင့်စရာပါပဲ။ လီဖူချန်းအနေနဲ့ သည်ဘုံခုနစ်ဆင့် ကောင်းကင်ဓားထဲကို ချီအတွင်းအား ဖြည့်သွင်းရာမှာ သူ့ရဲ့  အစစ်အမှန် ငရဲမီးတောက်ချီ အတွင်းအားရဲ့ ၁၀ရာခိုင်နှုန်း တောင် ကုန်ခန်း သွားခဲ့တယ်လေ။ ဒီအတိုင်းဆိုရင်တော့ သူက ဒီဓားနဲ့ ဓားကွက် ၁၀ကွက်သာ ထုတ်သုံးနိုင်မှာပါ။ ဓားကွက်၁၀ကွက် ကျော်ပြီဆိုတာနဲ့ သူ့ရဲ့ ချီအတွင်းအား တွေလည်း ကုန်ပါပြီ။

"လာစမ်းကွာ ... "

ရွှမ်း ...

လီဖူချန်းကို အသက်ကို တစ်ဝကြီး ရှူလိုက်ပြီး ဓားချက်တစ်ချက် ထုတ်လိုက်ပါတယ်။

ဒီဓားချက်က ကြားခံနယ်တွေ အကုန်လုံးကို ဖောက်ထွက် သွားသလိုပါပဲ။  လီဖူချန်းက ဓားကို ကိုင်ထားသူ ဖြစ်ပေမယ့်လည်း ဓားကသာ သူ့ကို ဦးဆောင် သွားသလိုတောင် ထင်နေရတယ်လေ။

ဓားချက်က လုံးဝကို အရိုင်းဆန်လွန်းပြီး အထိန်းအကွပ် မဲ့နေတယ် ဆိုတာကိုတော့ ဘယ်လိုမှ ငြင်းမရပါဘူး။

ဝုန်း ...

မဟာပထဝီ ကမ္ဘာမြေကြီးကတော့ သည်ဓားချက်ရဲ့ အရိုင်းဆန်မှုကို တောင့်ခံနိုင်ခြင်း မရှိခဲ့ပုံပင်။ ဓားချက်က မီတာ၁၀၀ ကျော် ရှည်ပြီး မီတာ၂၀မျှ ကျယ်တဲ့ အက်ကွဲကြောင်းကြီး တစ်ခုကို ဖြစ်ပေါ် စေခဲ့ပါတယ်။ မြေပြင်ပေါ်မှာ ကပ်ပြီး ပေါက်နေတဲ့ မြက်ပင်တွေ၊ ပေါင်းပင် တွေကတော့ အမှုန့် ဖြစ်သွားခဲ့ပါပြီ။

' ကြောက်ဖို့ ကောင်းလိုက်တဲ့ ဓား ...။ သည်ဓားက ငါ့ရဲ့ ဓားနက်ထက် အနည်းဆုံး သုံးဆ ပိုကောင်းတယ်။  သာမန် ဆန်းကြယ် အထွတ်အထိပ်အဆင့် လက်နက်တွေကတော့  ဒီလို ကြောက်စရာ ကောင်းမှုကို  ပေးစွမ်းနိုင်မှာ မဟုတ်ဘူး။'

လီဖူချန်းက စိတ်ထဲကနေပြီး ဓားကို ချီးကျူး လိုက်ပါတယ်။

သူက ဒီဓားချက်ကို သာမန်အတိုင်းသာ ဝှေ့ယမ်း လိုက်တာပါ။ တက်လို့သာ သူ့အနေနဲ့ အားကုန် ထုတ်ပြီး ခုတ်လိုက်မယ် ဆိုရင်ဖြင့် သည်ဓားချက်ရဲ့ ပြင်းအားဟာ အနည်းဆုံးတော့ နောက်ထပ် ၁၀ဆမျှ  အားကောင်းသွားနိုင်ပါတယ်။

ဘုံခုနစ်ဆင့် ကောင်းကင်ဓားက ချိပ်ပိတ်ခြင်း ခံထားရတဲ့ ဓားတစ်လက်လေ။ အဲဒီအတွက် ဒီဓားရဲ့ အစွမ်းက သာမန် ဆန်းကြယ် အထွတ်အထိပ်အဆင့် ရတနာ ဓားတွေထက်ကို ပိုပြီး အစွမ်းထက်မှာတော့ အသေအချာပါပဲ။

ပြီးတော့ ချီအတွင်းအား တွေကို ပိုပြီး စုပ်ယူမှာကိုလည်း ယုံမှား သံသယ ဝင်စရာ မလိုပါဘူး။

ယေဘူယျကျကျ ပြောရမယ် ဆိုရင်တော့ ကောင်းကင် ပညာရှင်တွေ  အသုံးပြုသင့်တဲ့ ဓားဟာ ဆန်းကြယ် အဆင့်မြင့် ဓားသာ ဖြစ်ပါတယ်။ ဆန်းကြယ် အထွတ်အထိပ် ဓားကိုတော့ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေသာ အသုံးပြုသင့်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေသာလျှင် ဆန်းကြယ် အထွတ်အထိပ်အဆင့် ဓားတွေရဲ့ အစွမ်းကို အင်ပြည့် အားပြည့် ထုတ်သုံးနိုင်လို့ပါပဲ။

လီဖူချန်းရဲ့ နဂိုမူလ ချီစွမ်းအင် အရည်အသွေးကတော့ ကောင်းကင် နယ်ပယ် အဆင့်၁က ပညာရှင်တွေနဲ့သာ ယှဉ်နိုင်ပါသေးတယ်။ အဲသည်အတွက် လီဖူချန်းဟာ သည်ဘုံခုနစ်ဆင့် ကောင်းကင် ဓားရဲ့ အစွမ်းအပြည့်ကို ထုတ်သုံးနိုင်မှာ မဟုတ်ပါဘူး။

ချွင် ...  ...

ရုတ်တရက် ဆိုသလို အချက်အလက်တစ်ချို့က လီဖူချန်းရဲ့ စိတ်ထဲကို ဝင်လာခဲ့ပါတယ်။

ဒီအချက်အလက် တွေက အစောပိုင်းမှာတော့ ကစဉ့်ကလျား ဖြစ်နေပေမယ့်လည်း သိပ်မကြာခင်မှာတော့ အစီအစဉ် တကျ ဖြစ်သွားခဲ့ပါပြီ။

' ဆန်းကြယ် အထွတ်အထိပ် အဆင့် လျှို့ဝှက် ကောင်းကင်ဘုံ ဓားသိုင်း'

လီဖူချန်းက သူ့စိတ်ထဲကို ဝင်လာတဲ့ အချက်အလက်တွေနဲ့ ပက်သက် ပြီးတော့ သိပ်စိတ်လှုပ်ရှားပုံ မရပါဘူး။

' ကြည့်ရတာတော့ ဓားရဲ့  ချိပ်ပိတ်ထားတဲ့ အလွှာတစ်ခုကို  ချေဖျက်ဖို့ဆိုရင်  ဒီဓားသိုင်းကို အရင်ကျင့်ရမှာပဲ။ ဆိုးတော့ မဆိုးပါဘူးလေ။ ဒီလျှို့ဝှက် ကောင်းကင်ဘုံ ဓားသိုင်းက ငါလေ့ကျင့်နေတဲ့ ငရဲမီးဓားသိုင်းထက် အများကြီး ပိုအစွမ်းထက် နေတာပဲ။ ပြီးတော့ ဒီဓားသိုင်းက ဘုံခုနစ်ဆင့် ကောင်းကင်ဓားနဲ့ တစ်နည်းတစ်ဖုံ ပက်သက်နေပုံ ရတယ်။ ဒီလျှို့ဝှက် ကောင်းကင်ဘုံ ဓားသိုင်းနဲ့ ဘုံခုနစ်ဆင့်ဓားကို တွဲသုံးနိုင်ရင်တော့ အကောင်းဆုံးပဲ။  သည်ဓားသိုင်းက အရှေ့ယူနီကွန်း တိုက်ကြီးမှာ ရှိနေတဲ့ အခြားဆန်းကြယ် အထွတ်အထိပ် အဆင့် ဓားသိုင်းတွေထက်ကို အများကြီး အစွမ်းထက်တယ်”

လီဖူချန်းက စိတ်ထဲကနေ တွေးနေမိပါတယ်။

ကောင်းကင် ပျက်သုဉ်း ဓားအင်းကွက်နဲ့ ပြောင်းလဲခြင်းကိုးပါး ခရမ်းရောင်ချီ နတ်ဘုရား အတွင်းအား အင်းကွက်ဟာ ပြင်ပ အကူအညီတွေ ဖြစ်ပါတယ်။ လီဖူချန်းအနေနဲ့ ဒီအင်းကွက် နှစ်ခုကို ဘဝ တစ်လျှောက်လုံး မှီခို နေလို့တော့ မဖြစ်သေးပါဘူး။

ကြယ်တာရာ လမ်းမရဲ့ နဝမအဆင့်ကို ကျော်ဖြတ်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းက နောက်ထပ် ကြယ်တာရာ စွမ်းအင်ပုလင်း ၂၅၆ပုလင်းကို ရရှိခဲ့ပါတယ်။ အဲသည် ကြယ်တာရာ စွမ်းအင်တွေက သူ့ကို မြေကမ္ဘာ နယ်ပယ်ရဲ့ အဆုံးစွန်သော ကန့်သတ်ချက် အထိ ရောက်ရှိ စေခဲ့တယ်လေ။ ယခုဆိုရင် လီဖူချန်းအနေနဲ့ ကောင်းကင် နယ်ပယ်ကို ရောက်ဖို့အတွက် ခြေလှမ်း တစ်လှမ်းသာ လိုပါတော့တယ်။

ဒါပေမဲ့လည်း  မြေကမ္ဘာပညာရှင်တွေ အဖို့တော့ အဲဒီ ခြေလှမ်တစ်လှမ်းဟာ အခက်ခဲဆုံးပါပဲ။

ဒီအတော အတွင်းမှာတော့ လီဖူချန်းက သူ့ရဲ့ နေ့စဉ်ဘဝကို သမားရိုးကျ ဆန်ဆန်သာ ဖြတ်သန်း နေပါတယ်။ နေ့ပိုင်းကျရင်တော့ လျှို့ဝှက် ကောင်းကင်ဘုံ ဓားသိုင်းကို လေ့လာ ဆည်းပူးနေပြီး  ညပိုင်းကျရင်တော့ မျက်နှာဖုံးရှင်ဘဝနဲ့  ပတ္တရောင်  လှည့်နေတယ်လေ။

အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးလာတာနဲ့ အမျှ သူ့ရဲ့ လျှို့ဝှက် ကောင်းကင်ဘုံ ဓားသိုင်းကလည်း တစ်စထက်တစ်စ ပိုထက်မြက် လာခဲ့တာ အမှန်ပါပဲ။ အခုဆိုရင် လီဖူချန်းက  လျှို့ဝှက် ကောင်းကင်ဘုံ ဓားသိုင်းကို တတ်သိ နားလည်ခြင်း အဆင့်အထိတောင် လေ့ကျင့် ထားနိုင်ခဲ့ပါပြီ။

လီဖူချန်းအနေနဲ့ သည်ဓားသိုင်းကို အခုလို လျင်လျင်မြန်မြန် ကျွမ်းကျင် လာခဲ့တာက အကြောင်းအရင်း ၂ခု ကြောင့် ဖြစ်ပါတယ်။

ပထမ အကြောင်းအရင်း ကတော့ လီဖူချန်းဟာ ဆန်းကြယ် အထွတ်အထိပ်အဆင့် ဓားသိုင်း တစ်ခုဖြစ်တဲ့ ငရဲမီးဓားသိုင်းကို အလုံးစုံ တတ်သိ နားလည်ခြင်း အဆင့်အထိ လေ့ကျင့် ထားနိုင်ခဲ့လို့ပါပဲ။

ဒုတိယ အချက်ကတော့ သူ့ဆီမှာ  ရှိနေတဲ့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားကြောင့် ဖြစ်ပါတယ်။ ဘုံခုနစ်ဆင့် ကောင်းကင်ဓားနဲ့ လျှို့ဝှက် ကောင်းကင်ဘုံ ဓားသိုင်းကို လေ့ကျင့်ရတာက သာမန်ထက် ၂ဆနီးပါး မြန်နေတယ်လေ။ ပြီးတော့ လီဖူချန်းက ဓားရဲ့ အတွင်းပိုင်းမှာ ရှိနေတဲ့ ဓားဆန္ဒကိုလည်း တစ်ချက်တစ်ချက်မှာ  ခံစား နေရပါသေးတယ်။

မိုးပြာရောင်ဂိုဏ်းနဲ့ ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နေရာ တစ်နေရာမှာတော့ လူအနည်းငယ် ပါဝင်တဲ့ ညီလာခံတစ်ခု ကျင်းပနေပါတယ်။

အဲဒီ ညီလာခံကို တက်ရောက်တဲ့ လူတွေကတော့ မျက်နှာဖုံး ကိုယ်စီ ဝတ်ထားကြတဲ့  ဝတ်စုံနက်တွေပါပဲ။

ကြွက်မျက်နှာဖုံး၊ ကြက်မျက်နှာဖုံး၊ ယုန်မျက်နှာဖုံး၊ မျောက်မျက်နှာဖုံး၊ ဆိတ်မျက်နှာဖုံး စသည်ဖြင့် မျက်နှာဖုံးပိုင်ရှင် အမျိုးမျိုး ရှိနေပါတယ်။

"ကြောင်ခန်းမ သခင်နဲ့ ခွေးခန်းမသခင်တို့ နှစ်ယောက်စလုံးက မိုးပြာရောင် ဂိုဏ်းရဲ့ တတိယမြောက် အဓိက နယ်မြေမှာ ကျဆုံးသွားတာ ဟုတ်လား ...။ ငါ့ကို တိတိကျကျ ပြောကြစမ်း  ... ”

ညီလာခံရဲ့  ဦးဆောင် ကျင်းပသူနေရာမှာ ထိုင်နေတဲ့ ကျွဲရိုင်း မျက်နှာဖုံးပိုင်ရှင်က အေးစက်စက် လေသံဖြင့် မေးလိုက်ပါတယ်။

မိုးပြာရောင်ဂိုဏ်းနဲ့ ကောင်းကင် နတ်ဆိုးဂိုဏ်းကို တာဝန်ယူ ထားရတဲ့ သူ့လို ခန်းမသခင် ခေါင်းဆောင် တစ်ယောက် အတွက်ကတော့ ခန်းမသခင် နှစ်ယောက် ဆုံးရှုံး သွားရတာက လုံးဝကို လက်မခံချင် စရာပါပဲ။ အဲသည် ကိစ္စက သူ့ကို အတော်လေး ဒေါသ ထွက်စေခဲ့တယ်လေ။

မိုးပြာရောင် ဂိုဏ်းရဲ့ နယ်နိမိတ်ထဲမှာ လှုပ်ရှား နေဟန်တူတဲ့ မျောက်မျက်နှာဖုံးရှင်က

" ကျွဲရိုင်းခန်းမ သခင် ...။ ကြောင်ခန်းမသခင်က မိုးပြာရောင် ဂိုဏ်းရဲ့ အထွဋ်ခေါင်ချုပ် အကြီးအကဲ လက်အောက်မှာ သေသွားတာ ဖြစ်ပြီး  ခွေးမျက်နှာဖုံး ပိုင်ရှင်ကတော့ လျှို့ဝှက်တဲ့ မျက်နှာဖုံးရှင် တစ်ယောက်ရဲ့ လက်ချက်ကြောင့် သေဆုံး သွားခဲ့ရတာပါ။ အခုဆိုရင် အဲဒီ မျက်နှာဖုံးရှင်က မိုးပြာရောင်ဂိုဏ်းရဲ့ တတိယမြောက် အဓိကနယ်မြေမှာ အတော်လေး ကျော်ကြား နေပါပြီ။

" မျက်နှာဖုံးရှင် ... ဟုတ်လား ... “

ကျွဲရိုင်း မျက်နှာဖုံးရှင်က ခပ်တိုးတိုးလေး ရေရွတ် လိုက်ပါတယ်။

သူတို့တွေကလည်း မျက်နှာဖုံးတွေကို ဝတ်ဆင်ကြတာပင် မဟုတ်ပါလား။

" အဲဒီ မျက်နှာဖုံးရှင်က ဘယ်လောက် အစွမ်းထက်သလဲ ..."

ကျွဲရိုင်း မျက်နှာဖုံးပိုင်ရှင်က မေးခွန်းထုတ်လိုက် ပြန်ပါတယ်။

မျောက်မျက်နှာဖုံးရှင်က  လျင်မြန်စွာဖြင့် ပြန်လည် ဖြေကြားလိုက်ပါတယ်။

" အရမ်း အစွမ်းထက်တယ်။ ခွေးခန်းမ သခင်ရဲ့ လက်အောက်ခံတွေ ပြောတာကတော့ သူက ရောက်ရောက် လာချင်းမှာပဲ ဓားတစ်ချက်နဲ့ ခွေးခန်းမ သခင်ကို ဒဏ်ရာရစေခဲ့တယ်။ ပြီးတော့ အမျိုးအမည် မသိရတဲ့ လျှို့ဝှက်နည်းစနစ် တစ်ခုကို သုံးပြီး ခွေးခန်းမသခင်နဲ့ သူ့ရဲ့ လက်ရုံးတွေကို သတ်ဖြတ်လိုက်တယ်။  ခွေးခန်းမသခင်နဲ့ သူ့ရဲ့လက်ရုံးတွေကို သတ်ဖြတ်ဖို့ အတွက်  လျှို့ဝှက်တဲ့ မျက်နှာဖုံးရှင်က ဓားချက် တစ်ချက်ပဲ သုံးခဲ့တာ “

ဟူး ...  ...

မျောက်မျက်နှာဖုံးရှင်ရဲ့ စကားကို ကြားအပြီးမှာတော့ ကျန်တဲ့ မျက်နှာဖုံးရှင်တွေဟာ သက်ပြင်းရှည်ကြီး တစ်ချက်ကို ပြိုင်တူနီးပါး ချလိုက်ကြပါပြီ။

ခွေးမျက်နှာဖုံးရှင်နဲ့ လက်ရုံးတွေကို ဓားတစ်ချက်ထဲနဲ့ သတ်ပစ်နိုင်တဲ့ အထိ အစွမ်းထက်တဲ့ လူက သေချာပေါက်ကို ကောင်းကင်နယ်ပယ် အထွတ်အထိပ် အဆင့်က လူပါပဲ။ ပြီးတော့ ထိုလူကျင့်ထားတဲ့ လျှို့ဝှက် နည်းစနစ်ကလည်း ကြယ်၅ပွင့် လျှို့ဝှက်နည်းစနစ် ဆိုတာ ယုံမှားသံသယ ဝင်နေစရာ မလိုတော့ပါဘူး။

"မင်းပြောတဲ့ အတိုင်း ဆိုရင်တော့ သည်လူရဲ့ အစွမ်းက ငါနဲ့ အတူတူ လောက်ရှိလိမ့်မယ် “

ကျွဲရိုင်း မျက်နှာဖုံးရှင်က ဖြည်းညင်းစွာ ပြောလိုက်ပါတယ်။

ဂိုဏ်း၂ခုရဲ့ နယ်မြေတွေကို တာဝန်ယူထားရတဲ့  ခန်းမသခင် ခေါင်းဆောင် ကျွဲရိုင်း မျက်နှာဖုံးရှင်ကလည်း ကောင်းကင်နယ်ပယ် အထွတ်အထိပ်က ပညာရှင် တစ်ယောက်ပါပဲ။ ပြီးတော့ သူက ကြယ်၅ပွင့် မိစ္ဆာတာအို လျှို့ဝှက်နည်းစနစ်ကို လေ့ကျင့်ထားပါသေးတယ်။

" သည်မျက်နှာဖုံးရှင်ကို သတ်ပစ်မှ ရမယ်။ မဟုတ်ရင်တော့ သူက ငါတို့ရဲ့ အစီအစဉ်တွေကို ထိလိုက်စေမှာ အမှန်ပဲ"

" ဝံပုလွေခန်းမသခင် ...။ ငါမင်းကို  ဒီတာဝန် ပေးလိုက်မယ်။ "

ကျွဲရိုင်း မျက်နှာဖုံးရှင်က သူ့ဘေးမှာရှိတဲ့ ဝံပုလွေ မျက်နှာဖုံးရှင်ကို အမိန့်ပေးလိုက်ပါတယ်။

ဝံပုလွေ မျက်နှာဖုံးရှင်ကတော့ သည်တာဝန်ကို လက်ခံဖို့ အတွက် ချီတုံချတုံ ဖြစ်နေပုံပင်။

" ကျွဲရိုင်းခန်းမသခင်  ...။ သည်တာဝန်ကို  ကျွန်တော် တစ်ယောက်တည်းနဲ့တော့ ဘယ်လိုမှ တာဝန် ယူနိုင်မယ် မထင်ဘူးနော် ...။ "

ဝံပုလွေ ခန်းမသခင်က သူတစ်ယောက်တည်းနဲ့တော့  မျက်နှာဖုံးရှင်ကို ဘယ်လိုမှ အနိုင်ယူနိုင်မှာ မဟုတ်ဘူး ဆိုတာကို ရိပ်မိပါတယ်။

" မျောက်ခန်းမ သခင်၊ ကြွက်ခန်းမသခင်   ...။ မင်းတို့နှစ်ယောက်က     ဝံပုလွေ ခန်းမသခင်ကို အကူအညီပေးလိုက် "

ကျွဲရိုင်း မျက်နှာဖုံးရှင် ကလည်း လူပါးတစ်ယောက်ပါပဲ။ သူကလည်း ဝံပုလွေ မျက်နှာဖုံးရှင် တစ်ယောက်တည်းနဲ့တော့  လျှို့ဝှက်တဲ့ မျက်နှာဖုံးရှင်ကို မနိုင်ဘူးဆိုတာကို  သဘောပေါက်ပါတယ်။

" ဟုတ်ကဲ့ပါ  ... ခန်းမသခင်ခေါင်းဆောင် ... "

မျောက်မျက်နှာဖုံးရှင်နဲ့ ကြွက်မျက်နှာဖုံး ရှင်တို့က ခေါင်းညိတ် လိုက်ပါတယ်။

သူတို့သုံးယောက် ပေါင်းလိုက်မယ် ဆိုရင်တော့ဖြင့် လျှို့ဝှက် မျက်နှာဖုံးရှင်ကို သတ်ပစ်နိုင်ဖို့ အတွက် သေချာ သလောက် ရှိသွားခဲ့ပါပြီ။

******

ထုံးစံ အတိုင်းပါပဲ။ လီဖူချန်း တစ်ယောက်ကတော့ အသေးစား နယ်မြေ အပိုင်းအခြား၇ကို ဗဟိုပြုပြီး ပတ္တရောင် လှည့်နေပါတယ်။ အခုဆိုရင်  လီဖူချန်းက သူ့ရဲ့ ပတ္တရောင်လှည့်တဲ့ နယ်မြေ အပိုင်းအခြားကို တိုးချဲ့လိုက်ပါပြီ။

သူ့ရဲ့ ပျံသန်းနှုန်းကြောင့်သာ မဟုတ်ရင်တော့ လီဖူချန်းဟာ  တတိယမြောက် အဓိက နယ်မြေကြီး တစ်ခုလုံးကိုတောင် ပတ္တရောင် လှည့်နေ ချင်ပါသေးတယ်။

လီဖူချန်းက  နေ့စဉ် ရက်ဆက်ဆိုသလို   ပတ္တရောင် လှည့်နေပေမယ့် သူ့ရဲ့ လျှို့ဝှက် ကောင်းကင်ဘုံ ဓားသိုင်းနဲ့ ပတ်သက်ပြီးတော့လည်း မမေ့လျော့ ခဲ့ပါဘူး။

ဒီလိုနဲ့ တစ်ညမှာတော့ ...  ...

လီဖူချန်းတစ်ယောက် ကျင့်ကြံနေရာကနေ နိုးထ လာခဲ့ပါပြီ။

" ငါ့ရဲ့ လျှို့ဝှက်ကောင်းကင်ဘုံ ဓားသိုင်းက အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်တော့မှာပဲ။ ပြီးတော့ ငါ့ရဲ့ ကြေးဝါဓားအဆီအနှစ် တွေကလည်း အရိုးထဲမှာ ၈၀ရာခိုင်နှုန်း အထိ ဖြစ်တည်လာခဲ့ပြီ”

ကြေးဝါဓား အဆီအနှစ်  ၈၀ ရာခိုင်နှုန်း  ...  ...။

အဲဒါက ကြေးဝါဓား ချီတွေကို အရင်ကထက်ပိုပြီး အစွမ်းထက်စေမှာ အမှန်ပါပဲ။

လီဖူချန်းအနေနဲ့ ပြန်လည် ဝင်စားခြင်း နယ်ပယ်အောက်မှာ ပြိုင်ဘက် ကင်းပြီလို့တော့ မကြွေးကြော် ရဲသေးပါဘူး။ ဒါပေမဲ့ သူက သူ့ကိုယ်သူ ကာကွယ်ဖို့ အစွမ်းရှိပြီလို့  ယုံကြည် နေပါတယ်။

ထို့နောက်မှာတော့ လီဖူချန်းက သူ့ရဲ့မျက်နှာဖုံးကို ဝတ်လိုက်ကာ ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့ပါပြီ။

လီဖူချန်းဟာ လေညင်း မြို့ပေါ်ကနေ ဖြတ်ပြီး အပျံမှာတော့ မိစ္ဆာတာအို အင်အားစု တစ်စုက  မြို့ကို တိုက်ခိုက်နေတာကို တွေ့လိုက်ရပါတယ်။

" တောက် ... သည်ခွေးမသားတွေ ... "

လီဖူချန်းရဲ့ လူသတ်ချင် စိတ်တွေကတော့ တဖွားဖွား ဖြစ်ပေါ်လာခဲ့ပါပြီ။  ဒီမိစ္ဆာတာအို ကျင့်ကြံသူတွေဟာ  တတိယ အကြိမ်မြောက် အနေနဲ့  အသေးစားနယ်မြေ အပိုင်းအခြား ၇ကို တိုက်ခိုက် လာရဲမယ်လို့  လီဖူချန်းက လုံးဝ မထင်ထားခဲ့တာပါ။

ဒီတစ်ခါ လာတဲ့ မိစ္ဆာတာအို ကျင့်ကြံသူတွေကတော့ အတော်လေး အားကောင်းပုံပါပဲ။ ဒီကျင့်ကြံ သူတွေထဲမှာ မျက်နှာဖုံးရှင် ၃ယောက်တောင် ပါနေတယ်လေ။

" ဝံပုလွေ  ခန်းမသခင် ...။ သူရောက်လာပြီ"

မျောက်မျက်နှာဖုံးရှင်က အစီရင် ခံလိုက်ပါတယ်။

" ငါက သူ့ကို အယောင်ပြပြီး တိုက်ခိုက် ထားလိုက်မယ်။ မင်းတို့ နှစ်ယောက်က သွေးပုလဲတွေကို အသုံးပြုပြီး သူ့ကို သတ်ဖို့  အခွင့်အရေး ရှာထား ... “

ဝံပုလွေ မျက်နှာဖုံးရှင် ခြောက်ကပ်ကပ် လေသံဖြင့် အမိန့်ပေး လိုက်ပါတယ်။

" ဟုတ်ကဲ့ "

မျောက်မျက်နှာဖုံးရှင်နဲ့  ကြွက်မျက်နှာဖုံး ရှင်တို့ကတော့ သူတို့ရဲ့ သွေးပုလဲတွေကို ထုတ်ယူ ထားလိုက်ပါပြီ။

ဝံပုလွေ မျက်နှာဖုံးရှင်ကတော့ လီဖူချန်းဆီကို ပျံသန်း လာခဲ့ပါတယ်။ ထို့နောက်မှာတော့ ရေခဲတမျှ အေးစက်သော  လေသံဖြင့်

" မင်းက ခွေးခန်းမသခင်ကို သတ်လိုက်တဲ့သူလား ... "

လီဖူချန်းကလည်း တစ်ဖက်လူရဲ့ အမေးကို  မဆိုင်းမတွပင် ပြန်ဖြေလိုက်ပါတယ်။

" ငါသတ်လိုက်တဲ့ လူတွေက အရမ်းများနေပြီ။ မင်းပြောတဲ့ ခွေးခန်းမ သခင်ဆိုလား ဘာလား ဆိုတာကိုတေ့ာ ငါမမှတ်မိတော့ဘူး။ ဒါပေမဲ့ မိုးပြာရောင်ဂိုဏ်းရဲ့ နယ်နိမိတ်ထဲမှာ သောင်းကျန်းနေတဲ့ သူတွေကိုတော့ ငါသတ်ပစ်လိုက်တာ အမှန်ပဲ။ "

" လေကြီးလေကျယ် ပြောတဲ့ကောင်။ သေစမ်း ... "

ဝံပုလွေ မျက်နှာဖုံးရှင်က သူ့ရဲ့ ကြယ်၅ပွင့် မိစ္ဆာတာအို လျှို့ဝှက်နည်း စနစ်ကို ထုတ်သုံး လိုက်ပါပြီ။ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာတော့ သွေးအင်းကွင်တွေ ပေါ်လာခဲ့ပါတယ်။ ဒီသွေးအင်းကွက် တွေက သူ့ရဲ့ စွမ်းရည်တွကို နောက်ထပ် တစ်ဆင့်သို့ တက်သွား စေပုံပါပဲ။

သူ့ရဲ့ သွေးရောင် တောက်ပနေတဲ့ ခက်ရင်းခွ လက်နက်ကြီးက သွေးအလွှာအရိပ် အထပ်ထပ်ကို ဖြစ်ပေါ်စေကာ လီဖူချန်းကို လွှမ်းခြုံသွားခဲ့ပါပြီ။

လီဖူချန်းက ဝံပုလွေ မျက်နှာဖုံးရှင်ကို ပေါ့ပေါ့ဆဆ ရင်မဆိုင်ဝံ့ပါဘူး။

သူက ပြောင်းလဲခြင်း ကိုးပါး ခရမ်းရောင်ချီ နတ်ဘုရား အတွင်းအားတွေကို ငရဲမီးတောက် ချီအတွင်းအား နေရာမှာ အစားထိုးလိုက်ပြီး ကြေးဝါဓား ချီတွေအဖြစ် ပြောင်းလဲ စေလိုက်ပါတယ်။

ဟူး ... ဟူး ...

လီဖူချန်းရဲ့ ဓားနက်ကြီးက နေပြီး အားစက်ကွင်း၂ခု ဖြစ်တည်လာခဲ့ပါပြီ။

ဒီစက်ကွင်း၂ခုက ဝံပုလွေ မျက်နှာဖုံးရှင်ရဲ့ သိုင်းအားတွေကို တစ်ဝက်နီးပါးမျှ လျော့ကျ သွားစေပါတယ်။

" အခြေအနေ မကောင်းဘူး ...။ မမြင်ရတဲ့ အားနှစ်ခုက ငါ့ကို ဒုက္ခပေးနေပြီ။ "

ဝံပုလွေ မျက်နှာဖုံးရှင်က ခွေးခန်းမသခင် ဘယ်လို ဖြစ်သွားသလည်း ဆိုတာကို နားလည် သွားခဲ့ပါပြီ။

မမြင်ရတဲ့ ဒီစက်ကွင်း၂ခုရဲ့ ဖိအားအောက်မှာ စွမ်းရည်ရဲ့ ၆၀ရာခိုင်နှုန်း အထိ ထုတ်သုံးနိုင်တဲ့ သူက အတော်လေး အစွမ်းထက်လို့ပါပဲ။

ဝံပုလွေ မျက်နှာဖုံးရှင်က သည်စက်ကွင်း၂ခုရဲ့  ဖိအားအောက်ကနေ ရုန်းထွက်ဖို့ အတွက် သူ့ရဲ့ သွေးပုလဲကို ထုတ်သုံး လိုက်ပါတယ်။

ဒါပေမဲ့လည်း လီဖူချန်းက သူ့ကို  ကျောက်ရုပ်ကြီး တစ်ခုလို ငြိမ်ကြည့်နေခြင်း မရှိပါဘူး။

" ရော့ ... သွားစမ်း ... "

ရွှမ်း ...

လီဖူချန်းက သူ့ရဲ့ ကောင်းကင် ပျက်သုဉ်း ဓားကွက်ကို ထုတ်သုံးလိုက်ပါပြီ။

အား ...

ဝံပုလွေ မျက်နှာဖုံးရှင်ကတော့ အသံနက်ကြီးဖြင့် အော်ဟစ်က လွင့်ထွက် သွားခဲ့ပါတယ်။

" ဘ ... ဘယ်လိုဖြစ်တာလဲ ...။ ဝံပုလွေခန်းမ သခင်တောင်မှ သည်လူရဲ့ ဓားချက်တစ်ချက်ကို မခံနိုင်ဘူးလား ... "

မျောက်မျက်နှာဖုံးရှင်နဲ့ ကြွက်မျက်နှာဖုံး ရှင်တို့ကလည်း သူတို့ မြင်လိုက်ရတာကို လုံးဝ မယုံကြည်နိုင်တဲ့ ပုံပင်။ သူတို့နှစ်ယောက်ရဲ့ မျက်လုံးတွေက  မီးပုံထဲ ပစ်ထည့် ခံလိုက်ရတဲ့ ပုစွန်မျက်လုံးတွေ အလား ပြူးထွက် လာခဲ့ပါပြီ။ သူတို့ နှစ်ယောက်က လီဖူချန်းကို အတင်းကာရော ဝင်တိုက်ဖို့ မစဉ်းစား တော့ပါဘူး။

" ဒီဝံပုလွေမျက်နှာဖုံးရှင်က ခွေးမျက်နှာဖုံး ရှင်ထက် အများကြီး အစွမ်းထက်နေတာပဲ။ ဒီကောင့်ကိုတော့ ဓားချက်တစ်ချက်ထဲနဲ့ သတ်နိုင်ဖို့ရာ မရှိဘူး။ "

လီဖူချန်းကလည်း သူ့ရဲ့စွမ်းရည်ကို သဘောပေါက်ပါတယ်။

"ဒီကောင်တွေနဲ့ အချိန်ဖြုန်းနေလို့မဖြစ်ဘူး "

လီဖူချန်းက ဓားနက်ကို သိမ်းလိုက်ပြီး ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို ဆွဲထုတ် လိုက်ပါတယ်။

ထို့နောက်မှာတော့ သူက ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို ဝှေ့ယမ်းကာ မျက်နှာဖုံးရှင် ၃ယောက်ကို တိုက်ခိုက်လိုက်ပါပြီ။

ဒီတစ်ကြိမ် ထွက်လာတဲ့ ဓားအလင်းတန်းတွေကတော့ ပထမ တစ်ကြိမ်ကထက် ၃ဆနီးပါးမျှ ပိုအားကောင်း ပါတယ်။ ဒီဓား အလင်းတန်းတွေက သူတို့ရဲ့ လမ်းမှာ ရှိနေသမျှ အရာအားလုံးကို  ဖြတ်ပိုင်း သွားတော့မည့်ပုံပင်။

ရွှပ် ... ရွှပ် ...

မျက်စိတစ်မှိတ် အတွင်းမှာပဲ  မျောက်မျက်နှာဖုံး ရှင်နဲ့ ကြွက်မျက်နှာဖုံး ရှင်တို့ကတော့ ဓားအလင်းတန်းတွေရဲ့ အောက်မှာ ဖုန်မှုန့် ဘဝကို ပြောင်းသွား ခဲ့ပါပြီ။ ဝံပုလွေ မျက်နှာဖုံး ရှင်ကတော့ ဓားအလင်းတန်းတွေကို ခုခံဖို့ ကြိုးစား လိုက်ပါသေးတယ်။ ဒါပေမဲ့လည်း သေခြင်းတရား ကိုတော့ ရှောင်လွှဲနိုင်ခဲ့ခြင်း မရှိပါဘူး။

သိပ်သည်းလှတဲ့ ဓားအလင်းတန်းတွေက ဝံပုလွေ မျက်နှာဖုံးရှင်ကို အစအနပင် ရှာမရအောင် ခုတ်ပိုင်း ပစ်လိုက်ပါပြီ။

***

All Chapters