← Chapters

သူကငါ့မင်းသားလေးပဲ ငါ့အိုင်ဒေါဆိုရင်လည်း မမှားဘူး

Vol. 13 Ch. 184

သူကငါ့မင်းသားလေးပဲ ငါ့အိုင်ဒေါဆိုရင်လည်း မမှားဘူး

Vol. 13 Ch. 184

လင်းဖန် ထိုစကားများကို ပြောလိုက်ချိန်မှာ တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခုလုံး အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့သည်။

ပရိသတ်များ၏ ကွန်းမန့်များက ဒီတစ်ခေါက်မှာတော့ တကယ့်ကို ကွန်းမန့်ဆက်ရှင် တစ်ခုလုံး ပေါက်ကွဲထွက်သွားတော့မည့်အလား တစ်ခုပြီး တစ်ခု ပြည့်လျှံတက်နေခဲ့လေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ ပရိသတ်တွေ အကုန်လုံး ရင်ခုန်လွန်းလို့ ရူးချင်သွားကြသည်။

ပရိသတ်တွေတင် မဟုတ်ပါ။ ဒါရိုက်တာ အဖွဲ့နှင့် ဝန်ထမ်းတွေ အားလုံးပင်လျှင် ဆွံ့အသွားခဲ့ကြသည်။

ယနေ့ ဖြစ်ခဲ့သော အဖြစ်အပျက်က အကြီးအကျယ် အံ့ဩဆွံ့အသွားစေဖို့ လုံလောက်သည်။

လင်းဖန်က ရှားဝမ်ချွေ့ကို ဖွင့်ပြောခဲ့ပါပြီ။

ထို့ပြင် သူက ရှားဝမ်ချွေ့ကို လက်ထပ်ခွင့်ပင် တောင်းနေသေးသည်။

လင်းဖန်သည် ဒူး တစ်ဖက် ထောက်ကာ သူ့ရဲ့ စိန်လက်စွပ်ကို ထုတ်ယူပြီး လက်ထပ်ခွင့် တောင်းခဲ့သည်။

သူတို့ ပတ်ဝန်းကျင်မှာ ရှိနေကြသူတိုင်း အဲ့ဒီ မြင်ကွင်းကြောင့် မျက်လုံးတွေ ပြူးကျယ်ကုန်ကြသည်။

တချို့ မိန်းကလေးတွေဆို ငိုပါ ငိုနေကြပြီ ဖြစ်သည်။

ထိုအရာက အလွန် နင့်နင့်သည်းသည်း ခံစားရစေ၏။

လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အတူတူ ရှိနိုင်မယ် ဆိုရင် အဲ့ဒါက ဘယ်လောက်တောင် ပျော်ရွှင်ရင်ခုန်စရာကောင်းလိုက်မလဲ။

" ဝိုး ဝိုး ဝိုး ဝိုး။ ဒါက ချစ်ရေးဆိုတဲ့ ဇာတ်ဝင်ခန်း အပြင် လက်ထပ်ခွင့်တောင်းတဲ့ ဇာတ်ဝင်ခန်းပါ ဖြစ်နေတာပဲ။ "

" လက်ခံတယ်လို့ ပြောလိုက်ပါ ၊ လက်ခံတယ်လို့ ပြောလိုက်ပါ ၊ လက်ခံတယ်လို့ ပြောလိုက်ပါ။ "

" လင်းဖန်က အရမ်း ချောတာပဲ။ ငါ သူ့ကို ချစ်တယ်။ "

" ဒီအကြောင်းက ဝေ့ပေါ်ရဲ့ ထိပ်တန်း ရေပန်းစားမှု စာရင်းထဲ သေချာပေါက် ဝင်သွားတော့မှာ။ "

" တွဲလိုက်ကြပါတော့ ၊ တွဲလိုက်ကြပါတော့။ မင်းတို့ တွဲကို တွဲရမယ်။ ငါ မင်းတို့ နှစ်ယောက်ကို အခု ချက်ချင်း လက်ထပ်စေချင်တယ်။ "

" ဟုတ်တယ်။ မင်းတို့ နှစ်ယောက်က လီရှောင်ယောင်နဲ့ ကျောက်မင်အာလိုမျိုး သရုပ်ဆောင်နေတာပဲ။ ပြီးတော့ ဖန်ရှန်းနဲ့ လင်းဝမ်အာလိုမျိုးလည်း သရုပ်ဆောင်နေတယ်။ မင်းတို့ နှစ်ယောက်က အကောင်းဆုံး စုံတွဲပဲ။ "

" တွဲလိုက်ကြပါတော့ လင်းဖန်နဲ့ ရှားဝမ်ချွေ့ရေ ~ "

" ငါ အပျော်လွန်ပြီး ပေါက်ကွဲထွက်သွားတော့မလို ခံစားနေရတယ်။ လင်းဖန်က ရှားဝမ်ချွေ့ကို ဖွင့်ပြောလိုက်ပြီ ဆိုတာ ငါ့သူငယ်ချင်းတွေကို ငါ သွားပြောလိုက်ဦးမယ်။ "

" ငါ အရမ်း ခံစားနေရပြီ။ တကယ် ပြောတာပါ ၊ ငါ အရင်တုန်းက တစ်ခါမှ မငိုဖူးပေမဲ့ ဒီနေ့တော့ ငါ တကယ် ငိုနေမိတယ်။ "

" ရင်ခုန်စရာကောင်းလိုက်တဲ့ အချစ်။ သူ့ကို မြန်မြန် လက်ခံလိုက်ပါတော့ ရှားဝမ်ချွေ့ ၊ အနာဂတ်ကျရင်သာ ငါတို့ရှေ့မှာ မင်းတို့ တစ်ယောက်ကို တစ်ယောက် ကြင်နာယုယမှုတွေကို ထုတ်ပြပေးပါ။ "

တစ်ချိန်တည်းမှာပဲ လင်းဖန်၏ ရှားဝမ်ချွေ့အား ချစ်ရေးဆိုခြင်းသည် ဝေ့ပေါ်မှာ ရေပန်းစားနေပြီ ဖြစ်သည်။

မရေမတွက်နိုင်တဲ့ ပရိသတ်တွေ အတွက် ဒီနေ့ဟာ အိပ်ပျက်ည ဖြစ်ဖို့ ကံကြမ္မာ သတ်မှတ်ထားပြီးသားပါ။

ချိန်းတွေ့တာက အနုပညာရှင် တစ်ယောက်ရဲ့ အနာဂတ် တက်လမ်းကို ထိခိုက်စေနိုင်တယ် ဆိုရင်လည်း ဘာဖြစ်သေးလဲ။

ထိုအကြောင်းကို လင်းဖန် ထပ်ဂရုမစိုက်တော့သလို ရှားဝမ်ချွေ့လည်း ထိုနည်းတူစွာပင်။

အခြား လူတွေရဲ့ ထင်မြင်ချက်များကို ဂရုစိုက်နေရမည့်အစား ဘဝကို ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားတာက အကောင်းဆုံး ဖြစ်သည်။

" အရမ်း ချစ်စရာကောင်းလိုက်ကြတာနော်။ " လင်းကျင်းကျင်းက ရှုယန်ကို ကြည့်ကာ ပြောလိုက်သည်။

" တကယ့်ကို အရမ်း ချစ်စရာကောင်းတယ်။ " ရှုယန် ပြုံးလိုက်သည်။

နောက်ဆုံးတော့ သူ့နှလုံးသားက အနည်းငယ် အနည်ထိုင်လာပါပြီ။

ရှုယန်သည် ကိုယ့်ကိုယ်ကိုယ် လုံလုံလောက်လောက် မထူးချွန်မှန်း သိပေမဲ့ သူ ရောက်လာတဲ့ အချိန်ကလည်း မှားယွင်းနေခဲ့သည်။

အကယ်၍ သူသာ သူမနှင့် မတွေ့သင့်တဲ့ အချိန်မှာ တွေ့ဆုံခဲ့မိပါက သူမရဲ့ အချစ်ကို ရအောင် ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် ကြိုးစားပါစေ ၊ အောင်မြင်ဖို့ အလှမ်ဝေးနေလိမ့်ဦးမည်။

စုရှောင်းယွီရဲ့ ပုံစံလေးက ခါတိုင်းလို ချစ်စရာကောင်းမနေတော့ပေ။

သူမ သဘောကျနေသူက သူမ အချစ်ဆုံး သူငယ်ချင်းနဲ့ အတူတကွ ရှိနေခဲ့သည်။ အဲ့ဒါ ဘယ်လောက်တောင် ဝမ်းသာစရာကောင်းလိုက်သလဲ။

ဒီလိုနဲ့ သူတို့ နှစ်ယောက် အလွန် ပျော်ရွှင်စွာ လက်တွဲသွားကြလိမ့်မည်။

သူမ သဘောကျတဲ့ လူ ပျော်ရွှင်နေတာကို မြင်ရရုံဖြင့် သူမ ကျေနပ်နိုင်နေပါပြီ။

စိတ်ငြိမ်သွားတော့ စုရှောင်းယွီက အော်ပြောလိုက်သည်။ " လက်ခံလိုက်ပါ အစ်မဝမ်ချွေ့။ "

သူတို့ အားလုံး ‌ရှားဝမ်ချွေ့ရဲ့ တုံ့ပြန်စကားကို မျှော်လင့်စောင့်စားနေကြတာ ဖြစ်သည်။

လင်းဖန်ကလည်း ရှားဝမ်ချွေ့၏ တုံ့ပြန်စကားကို စောင့်နေခဲ့သည်။

လက်ရှိ မြင်ကွင်းကို ဖော်ပြဖို့ စကား များစွာကို အသုံးပြုခဲ့သော်လည်း အချိန်ကတော့ အလွန် နှေးကွေးစွာ ကုန်ဆုံးနေပါသည်။

ရှားဝမ်ချွေ့ကို ဖွင့်ပြောရန် လင်းဖန် ဒူးထောက်လိုက်ချိန်ကတည်းကနေ လက်ရှိ အချိန်ထိ ကွန်းမန့်များ တရစပ် တက်နေခဲ့သည်။ သို့သော် လက်တွေ့တွင် စက္ကန့် အနည်းငယ်သာ ကုန်ဆုံးသေးသည်။

ရှားဝမ်ချွေ့က နောက်တစ်ကြိမ် ထပ်ငိုရှိုက်နေခဲ့သည်။

သူမ လင်းဖန်ကို ကြည့်ရင်း လှပစွာ ပြုံးပြလိုက်သည်။

ဒီနေ့ အတွက် သူမ ဘယ်လောက် ကြာအောင် စောင့်ခဲ့ရလဲ ဆိုတာ ဒီအရူးကောင် သိရဲ့လား။

အထက်တန်းကျောင်သူဘဝကတည်းက သူမ စောင့်ဆိုင်းနေခဲ့ရသည်။

တက္ကသိုလ် အထိပါပဲ …

တက္ကသိုလ်ကနေ ဘွဲ့ရပြီးနောက်ပိုင်း လင်းဖန်၏ စားသောက်ဆိုင်သို့ သူမဘက်ကနေ မကြာခဏ အရင် သွားခဲ့သည်။

ထိုအချိန်မှာ သူမက နာမည်ကြီး ကြယ်ပွင့် တစ်ယောက် ဖြစ်ကာ သူကတော့ စားသောက်ဆိုင် တစ်ဆိုင်ရဲ့ ဘော့စ်လေး တစ်ယောက်မို့ လင်းဖန်ဟာ သူမနဲ့ ခပ်ဝေးဝေးမှာ ရှိနေသလို ခံစားခဲ့ရလိမ့်မည်။

သူမဘက်က သူ့ကို စောင့်ဆိုင်းပေးနေခဲ့သည်။

ယနေ့ အထိ သူမ မျှော်လင့်စောင့်ဆိုင်းနေခဲ့ရတဲ့ အခိုက်အတန့်လေး ရောက်လာခဲ့ပြီ ဖြစ်သည်။

ဒီနေ့ သူမကိုယ်သူမ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး အမျိုးသမီး တစ်ယောက်လို ခံစားနေရသည်။

‌ရှားဝမ်ချွေ့၏ လှပသော မျက်နှာသည် ခပ်ရဲရဲလေး ဖြစ်လာခဲ့သည်။

လင်းဖန် ဆိုတဲ့ အရူးကောင်က ဆန္ဒစောလွန်းပါသည်။

သူမတို့ နှစ်ယောက်က ချစ်သူရည်းစား ဆိုတဲ့ ဆက်ဆံရေး တစ်ခုထဲမှာ အမှန်တကယ်လည်း ရှိမနေပါဘဲ လင်းဖန်က သူမကို လက်ထပ်ခွင့်တောင်းချင်နေသည်။

သူမကရော လင်းဖန်ကို လက်ထပ်ချင်လား။

ထိုအဖြေနှင့် ပတ်သက်ပြီး သံသယ ဖြစ်စရာ မလိုပေ။

ရှားဝမ်ချွေ့က ချိုမြိန်စွာ ပြုံးလိုက်မိသည်။ လင်းဖန်ရဲ့ စိန်လက်စွပ်နဲ့ လည်ဆွဲကို ယူကာ ' လက်ခံပါတယ် ' ဟု သူမ ပြောချင်သည်။

သို့သော် …

ရုတ်တရက်ပဲ …

လင်းဖန်ရဲ့ လက်ထဲက ဘူးလေးက ကြမ်းပြင်ပေါ် လွတ်ကျသွားသည်။ သူ့ခေါင်းပေါ်မှာ ပတ်ထားသော ပတ်တီးစတွင် သွေးများ ရွဲနစ်နေခဲ့သည်။

သူက ရှားဝမ်ချွေ့၏ အဖြေကို မစောင့်တော့ဘဲ ထိုပုံစံအတိုင်း သတိလစ်သွားခဲ့လေသည်။

" လင်းဖန် … " ရှားဝမ်ချွေ့သည် လင်းဖန်ကို အမြန် ပွေ့ဖက်လိုက်သည်။ သူမရဲ့ မျက်လုံးတွေထဲမှာ စိုးရိမ်ထိတ်လန့်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှုတို့ ရောထွေးနေခဲ့သည်။

လင်းဖန် ဒဏ်ရာရနေတာကို သူမ သိပါရက်နဲ့ ဘာ့ကြောင့် သူ့ကို အကြာကြီး စောင့်နေရအောင် လုပ်ခဲ့မိတာပါလိမ့်။

လင်းဖန် ဖွင့်ပြောနေချိန်ကတည်းက သူမ သူ့ကို လက်ခံကြောင်း ပြောခဲ့သင့်သည်။

ထိုစက္ကန့် အနည်းငယ် အတွင်းမှာပဲ ဘဝ တစ်ခုကို သူမ ဆုံးရှုံးသွားပုံ ပေါ်သည်။

လှပနေသင့်သော မြင်ကွင်းသည် ကျိုးပဲ့ပျက်ဆီးသွားခဲ့ရသည်။

ရှားဝမ်ချွေ့ ငိုကြွေးမိနေ၏။ သူမကို လင်းဖန် ပေးထားသော ဘူးလေးကို ကောက်ယူပြီး သူ့ကို ပွေ့ဖက်လိုက်သည်။

ဝန်ထမ်း တစ်ယောက်က လူနာတင်ယာဉ်ကို အမြန် ဖုန်းဆက်ခေါ်လိုက်သည်။ စုရှောင်းယွီ ၊ လင်းကျင်းကျင်း ၊ ရှုယန်နဲ့ ထျန့်ရှင်းရန်တို့ အားလုံး ရေးကြီးသုတ်ပျာ ဖြစ်သွားကြသည်။

တိုက်ရိုက် ထုတ်လွှင့်မှု တစ်ခုလုံးထဲမှာ ကွန်းမန့်တွေ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ထိုမြင်ကွင်းကို မရေမတွက်နိုင်သော ပရိသတ်များ မြင်သောအခါ သူတို့ရဲ့ နှလုံးသားတွေ ချက်ချင်း အစိတ်စိတ် အမွှာမွှာ ကွဲကြေသွားခဲ့ရသည်။

လင်းဖန်သည် သတိလစ်နေဆဲ ဖြစ်ကာ ရှားဝမ်ချွေ့၏ အဖြေကို မကြားနိုင်တော့ပေ။

ခဏ အကြာမှာပဲ တိုက်ရိုက် ထုတ်လွှင့်မှုကို ပိတ်ပစ်လိုက်သည်။

Keep Running ရဲ့ ထုတ်လုပ်ရေးအဖွဲ့ကလည်း ဝေ့ပေါ်မှာ လင်းဖန်ကို ဆေးရုံ ပို့လိုက်ပြီ ဖြစ်ကြောင်း Post တင်ခဲ့သည်။

အဲ့ဒီနောက်ပိုင်းမှာ လင်းဖန်က ကမ္ဘာကြီးနဲ့ အဆက်အသွယ် ပြတ်သွားခဲ့သည်။

အက်တာနက်ပေါ်မှာ ရေပန်းစားနေသော အကြောင်းအရာတွေ အများကြီး ရှိသည်။

[ လင်းဖန်က ရှားဝမ်ချွေ့ကို ဖွင့်ပြောထားတယ်။ ]

[ ရှားဝမ်ချွေ့ရဲ့ မွေးနေ့ပွဲကို လင်းဖန်က သူမနဲ့အတူ ကျင်းပပေးနေတယ်။ ]

[ လင်းဖန်ရဲ့ ကားအက်ဆီးဒင့်က အသက် နှစ်ချောင်းကို ကယ်တင်ပေးခဲ့ပါတယ်။ ]

[ လင်းဖန်က စန္ဒရားကို အထင်ကြီးစရာကောင်းလောက်အောင် ကျွမ်းကျွမ်းကျင်ကျင် တီးတတ်တယ်။ ]

[ ချစ်ရေးဆိုနေတဲ့ နေရာမှာ လင်းဖန် သတိလစ် မေ့မျောသွားခဲ့ပါတယ်။ ]

ဝေ့ပေါ်၌ ရေပန်းစားနေသော အကြောင်းအရာ စုစုပေါင်း ၅ ခု ရှိသည်။

အကြောင်းအရာ တစ်ခုချင်းစီအလိုက် အွန်လိုင်းပေါ်မှာ သန်းချီသော ကျော်ကြားမှုများကို ရရှိနေခဲ့သည်။

လင်းဖန်၏ သတင်းများကြောင့် ဝေ့ပေါ်သည် သူတို့ ဆာဗာများကို ထပ်မံ အဆင့်မြှင့်ထားခဲ့သည်။ ထို့ကြောင့်သာ သူတို့ ဆာဗာတွေ ဒီတစ်ခေါက် ကျမသွားတာ ဖြစ်သည်။

" လင်းဖန် အဆင်ပြေရဲ့လား။ ငါ့မင်းသားလေး သတိလစ်သွားလို့ ငါ ငိုနေမိပြီ။ "

" ဒါက ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ ဇာတ်ဝင်ခန်းလေး တစ်ခန်း ဖြစ်နေသင့်တာလေ။ လင်းဖန်ရဲ့ လက်ရှိ အခြေအနေက ဘယ်လိုလဲ။ "

" လင်းဖန်က အနာဂတ်မှာ သေချာပေါက် ငါ့အိုင်ဒေါ ဖြစ်နေမှာပါ။ ဒီနေ့က သူ အချစ်ရဆုံး လူ တစ်ယောက် အတွက် သူ ကျင်းပပေးတဲ့ မွေးနေ့ပွဲ‌ရက်လေး ဖြစ်နေရမှာ ၊ ဒါပေမဲ့ လမ်းမှာ လူ နှစ်ယောက်ရဲ့ အသက်ကို အရင်ဆုံး ကယ်တင်ပေးရင်းနဲ့ သန်းရာချီ တန်ဖိုး ရှိတဲ့ ပြိုင်ကား တစ်စီးတောင်မှ စုတ်ပြတ်သွားခဲ့တယ်။ အနာဂတ်ကျ ငါ ဂရုမစိုက်တော့ဘူး။ လင်းဖန် ဖန်တီးတဲ့ ဘယ်ရုပ်သံဒရာမာကိုမဆို ငါ ကြည့်မယ်။ Box Office ရောင်းချခြင်းတွေမှာလည်း ငါ သေချာပေါက် ငွေကြေး ပံ့ပိုးပေးမယ်။ လင်းဖန် သီချင်းအယ်လ်ဘမ် ထုတ်ရင်လည်း ငါ အဲ့ဒါကို သေချာပေါက် ဝယ်မယ်။ "

" လင်းဖန်နဲ့ ရှားဝမ်ချွေ့က တကယ် လိုက်ဖက်တယ်။ နောက်ဆုံး ဇာတ်ဝင်ခန်းကို ငါ မမြင်လိုက်ရတာ နှမြောစရာပဲ။ ရှားဝမ်ချွေ့က လက်ခံတယ်လို့ ပြောမှာလား ဆိုတာ ငါ သိချင်တယ်။ "

" သူမ အဲ့လို ပြောမှာ သေချာတာပေါ့။ ရှားဝမ်ချွေ့က လင်းဖန်ကြောင့် အကြင်နာပေးခန်းတွေ မရိုက်ခဲ့ဘူးလေ။ ဒီ‌လောက် ရိုးရှင်းတဲ့ အချက်အလက်ကို မင်း မပြောနိုင်ဘူးလား။ သူတို့ရဲ့ ချိုမြန်တဲ့ အချစ်က ငါ့နှလုံးသားလေးကို တအား လှုပ်ခတ်စေတယ်။ "

" ဘာပဲဖြစ်ဖြစ် ငါကတော့ အစကတည်းက လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ကို ချစ်သူတွေလို့ တိတ်တိတ်လေး သတ်မှတ်ထားပြီးသားပါ။ အခု သူတို့ အဲ့ဒါကို ကြေညာတာကိုပဲ ငါတို့ စောင့်ကြတာပေါ့။ "

" ငါ့မင်းသားလေး ဘာမှ မထိခိုက်ဖို့ ငါ မျှော်လင့်တယ်။ ငါ့ရဲ့ မင်းသားလေး ရိုက်ကူးမယ့် ဓားနှင့်နတ်သမီး ဒဏ္ဍာရီရဲ့ ဒုတိယတွဲနဲ့ တတိယတွဲကို ငါ စောင့်နေတုန်းပဲ။ ဘဝရဲ့ ပျော်ရွှင်မှု ဒုတိယတွဲလည်း ရှိသေးတယ်။ အဲ့ဇာတ်လမ်းတွဲကလည်း သိပ်ကောင်းတာ။ "

ကိစ္စတွေ အများကြီး ယနေ့ ဖြစ်ပျက်သွားခဲ့ပြီးနောက် ဝေ့ပေါ်ရှိ လင်းဖန့်၏ ပရိသတ် အရေအတွက်သည် ‌ထပ်မံ များပြားလာခဲ့သည်။

အနုပညာရှင် တစ်ယောက် အတွက် အရေးကြီးဆုံး အရာက သူတို့ရဲ့ စရိုက် ဖြစ်သည်။ ပရိသတ်တွေက သူတို့ရဲ့ သရုပ်ဆောင်စွမ်းရည်ထက် သူတို့ရဲ့ စရိုက်ကို ပိုတန်ဖိုးထားသည်။

အရင်တုန်းက ပရိသတ်တွေရဲ့ နှလုံးသားထဲမှာ လင်းဖန့်က သရုပ်ဆောင်‌စွမ်းရည် ကောင်းမွန်သော သရုပ်ဆောင်မင်းသား တစ်ယောက် ဖြစ်ခဲ့သည်။

အခုတော့ သူတို့ နှလုံးသားထဲမှာ လင်းဖန်ဟာ သူတို့ရဲ့ မင်းသားလေး တစ်ပါး ဆိုရင် မမှားသလို အိုင်ဒေါ တစ်ယောက် ဆိုရင်လည်း မမှားတော့ပါဘူး။

All Chapters