← Chapters

ကောင်းကင် နယ်ပယ်သို့ ချိုးဖောက် ဝင်ရောက်ခြင်း

Vol. 25 Ch. 334

ကောင်းကင် နယ်ပယ်သို့ ချိုးဖောက် ဝင်ရောက်ခြင်း

Vol. 25 Ch. 334

မျက်နှာဖုံးရှင် ၃ယောက်ကို သတ်ပြီးသွားတဲ့ အခါမှာတော့ လီဖူချန်းဟာ  ကျန်နေတဲ့  ကောင်းကင်နယ်ပယ် ဝတ်စုံနက်တွေကို စတင် သတ်ဖြတ်ပါတော့တယ်။

သူ့ရဲ့ ဓားချက်ကိုတော့ ဝတ်စုံနက်တွေဟာ ဘယ်လိုမှ တောင့်ခံနိုင်ခြင်း မရှိခဲ့ပါဘူး။ မိုင်အနည်းငယ် အဝေးအထိ ထွက်ပြေးနိုင်တဲ့လူ အနည်းငယ် ရှိပေမယ့်လည်း လီဖူချန်းရဲ့ ဓားချီတွေက သူတို့ကို မိုက်ဇာတ် သိမ်းပေး လိုက်နိုင်ဆဲပါပဲ။

လီဖူချန်းက ကောင်းကယ်နယ်ပယ် အဆင့်အောက်က လူတွေကိုလည်း သနားညှာတာခြင်း အလျဉ်းမရှိပါဘူး။ ဒီမိစ္ဆာ တာအို ကျင့်ကြံသူတွေက သနားစရာ လူတွေမှ မဟုတ်တာလေ။ လူတစ်ထောင်ကျော် ရှိတဲ့ ဝတ်စုံနက်တွေဟာ လီဖူချန်းရဲ့ လက်အောက် ကနေတော့ လူတစ်ရာ၊ နှစ်ရာလောက်သာ အသက်ရှင်လျက် ထွက်ပြေးနိုင်ခဲ့ပါတယ်။

မျက်နှာဖုံးရှင် ၃ယောက်ရဲ့ သိုလှောင်အိတ်တွေကို ဖွင့်ကြည့်အပြီးမှာတော့ လီဖူချန်းရဲ့ လူသတ်ချင်စိတ် တွေဟာ ပျောက်ကွယ် သွားခဲ့ပါပြီ။

ဒီသိုလှောင်အိတ် ၃အိတ်ထဲမှာတော့  အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးတွေ အများကြီး ရှိနေပါတယ်။ တိတိကျကျ ဆိုရမယ် ဆိုရင်တော့ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးပေါင်း ၃၃၀ ရှိနေတာပါ။

' နေစမ်းပါဦး ...။ ဒီမိစ္ဆာတာအို ပညာရှင်တွေက ဘယ်လိုလုပ်ပြီး ဒီလောက်များတဲ့  အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးတွေကို ပိုင်ဆိုင် ထားကြတာလဲ ...'

လီဖူချန်းက အနည်းငယ် မသိုးမသန့် ခံစားလိုက်ရပါတယ်။

အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးတွေ ဆိုတာက ကောင်းကင် နယ်ပယ်အဆင့် ပညာရှင်တွေ အတွက် အရမ်းကို တန်ဖိုးကြီးလွန်းတဲ့ အရာပါ။ သာမန် ကောင်းကင် နယ်ပယ်အဆင့် ပညာရှင် တစ်ယောက်ဟာ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးအချို့ကို ပိုင်ဆိုင်ထားရင်တောင်မှ အတော်လေး ဂုဏ်ယူဖို့ ကောင်းနေပါပြီ။ အဆင့်မြင့် ကောင်းကင်နယ်ပယ် ပညာရှင်တွေတောင်မှ  သည်မိစ္ဆာတာအို ကျင်ကြံသူတွေလောက် များပြားတဲ့ ဝိညာဉ် ကျောက်တုံးတွေကို ပိုင်ဆိုင်ထားခြင်း မရှိပါဘူး။ ဒါက အတော်လေး စဉ်းစားစရာ ကိစ္စတစ်ခုပါပဲ။

ဒီတစ်ခါ ရလာတဲ့ ဝိညာဉ် ကျောက်တုံးတွေကိုသာ ပေါင်းထည့် လိုက်မယ် ဆိုရင်ဖြင့်  လီဖူချန်း ရလာတဲ့ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးတွေဟာ  အရေအတွက် ၅၀၀နီးပါးကို ရှိလာပါပြီ။

********

" ဘာ ...။  ဝံပုလွေ ခန်းမသခင်၊ မျောက်ခန်းမ သခင်နဲ့ ကြွက်ခန်းမ သခင်တွေ အားလုံး သေသွားကြပြီ ...။ ဟုတ်လား ... “

မိုးပြာရောင်ဂိုဏ်းနဲ့  ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ နယ်စပ် တစ်နေရာမှာ ကျင်းပနေတဲ့  ညီလာခံ ခန်းမ အတွင်းမှာတော့ ကျွဲရိုင်းခန်းမသခင်ဟာ အတော်လေး ဒေါသ ထွက်နေပါတယ်။

ဒီကိစ္စက သူ့အပေါ်မှာ အတော်လေး ရိုက်ခတ်မှု ရှိနေတယ်ဆိုတာကိုတော့ ဝန်မခံချင်လည်း ဝန်ခံရမှာပါပဲ။

ဝံပုလွေ ခန်းမသခင်ဟာ  သူ့ရဲ့  လက်ထောက် ဖြစ်သလို စွမ်းရည်ပိုင်းမှာ ဆိုရင်လည်း သူ့ထက် အနည်းငယ်လေးသာ နိမ့်ကျနေတာပါ။ အဲဒီလို လူတစ်ယောက်ကို မျောက်မျက်နှာဖုံးရှင်နဲ့ ကြွက်မျက်နှာဖုံးရှင်တို့ အကူအညီ ပေးထားတာတောင်မှ တစ်ဖက်ရန်သူရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတာ မဟုတ်ပါလား။ ဒီအတိုင်းဆိုရင်တော့ ဒီလျှို့ဝှက်မျက်နှာဖုံးရှင်ကို လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်ဖို့  မဖြစ်နိုင်တော့ပါဘူး။

"ကျွန်တော်တို့ အနေနဲ့ သွေးသူငယ်တော် တစ်ယောက်ကို ဖိတ်ကြားပြီး ဒီမျက်နှာဖုံးရှင်ကို သတ်ပေးဖို့ အကူအညီ တောင်းတာက ပိုကောင်းမယ် ထင်တယ်"

ယုန်မျက်နှာဖုံးရှင်က အဆိုတစ်ခု တင်ပြလိုက်ပါတယ်။

လမ်းမှန်တာအို ဂိုဏ်းတွေမှာ လက်ရွေးစင် ပါရမီရှင်တွေ ရှိသလို သူတို့ မိစ္ဆာတာအို ဂိုဏ်းတွေမှာလည်း လက်ရွေးစင် ပါရမီရှင်တွေ ရှိတာပါပဲ။

လက်ရွေးစင် ပါရမီရှင် တစ်ယောက်ရဲ့ အစွမ်းကို  ကျင့်ကြံခြင်း နယ်ပယ်တွေ ဒါမှမဟုတ် ကျင့်ကြံခြင်း အဆင့်တွေနဲ့ ခန့်မှန်းလို့ မရပါဘူး။

သွေးဂိုဏ်းရဲ့ သွေးသူငယ်တော်တွေဟာ  ကောင်းကင်နယ်ပယ် အဆင့်မှာသာ  ဖြစ်နေ သေးပေမယ့်လည်း  သူတို့အားလုံးဟာ ပျမ်းမျှအားဖြင့် သွေးမိစ္ဆာ အတွင်းအား ကျင့်စဉ်ရဲ့  အဆင့်၁၇ကို ရောက်နေကြပါပြီ။ ပြီးတော့ သူတို့တွေက ကြယ်၅ပွင့် လျှို့ဝှက်နည်း စနစ်တွေကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက် ထားပါသေးတယ်။

ယုန်မျက်နှာဖုံးရှင်ရဲ့ အမြင်မှာတော့ ကောင်းကင်နယ်ပယ် အဆင့်၈မှာ ရှိနေတဲ့ သွေးသူငယ်တော် တစ်ယောက်ဟာ  လျှို့ဝှက် မျက်နှာဖုံးရှင်ကို သတ်ဖြတ်နိုင်ဖို့ အတွက်  ကောင်းကောင်းကြီး လုံလောက်နေပါပြီ။

" သွေးသူငယ်တော် တစ်ယောက်ကို အကူအညီ တောင်းရမှာလား ... "

ကျွဲရိုင်းမျက်နှာဖုံးရှင်က အနည်းငယ် တွေဝေနေပါတယ်။

သွေးသူငယ်တော်တွေဟာ ကျင့်ကြံခြင်း ကိစ္စတွေနဲ့ အလုပ်များနေမှာတော့ အသေအချာပါပဲ။ သူတို့ရဲ့ စိတ်တွေက အတော်လေး ထူးဆန်းပါတယ်။ သွေးဂိုဏ်းရဲ့ စစ်ဆင်ရေး တွေမှာတောင်မှ သူတို့တွေ ဝင်ပါကြတာ မဟုတ်ပါဘူး။ သူတို့က သူတို့ရဲ့ စိတ်အခြေအနေကို လိုက်ပြီး လုပ်ချင်ရာ လုပ်နေကြတဲ့ လူတွေပါ။

သူတို့ကို အကူအညီ တောင်းမယ့်အစား  ပြန်လည်ဝင်စားခြင်း နယ်ပယ်မှာ ရှိနေတဲ့ အကြီးအကဲတွေကို အကူအညီ တောင်းတာကမှ အနည်းငယ် မျှော်လင့်လို့ ရပါဦးမယ်။

" ဟူး ...  ထားလိုက်ပါတော့ကွာ ...။ သွေးသူငယ်တော်တွေကို အကူအညီ တောင်းဖို့ ကိစ္စကိုတော့ နောက်မှ ပြောကြတာပေါ့။ အခု လောလောဆယ် လုပ်ရမှာက မိုးပြာရောင် ဂိုဏ်းရဲ့ တတိယမြောက် အဓိက နယ်မြေထဲမှာ ရှိနေတဲ့ ငါတို့ရဲ့ အင်အားစုတွေကို ပြန်ရုတ်သိမ်း ထားဖို့ပဲ။ သည်နေ့ကစပြီး ငါ့ရဲ့ အမိန့်မရမချင်း  အဲသည်နယ်မြေထဲမှာ လှုပ်ရှားမှု မလုပ်နဲ့တော့ ... “

နောက်ဆုံးမှာတော့ ကျွဲရိုင်းခန်းမသခင်ဟာ ဆုံးဖြတ်ချက် တစ်ခုကို အခိုင်အမာ ချလိုက်ပါပြီ။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ မိုးပြာရောင်ဂိုဏ်းဟာ သွေးဂိုဏ်းရဲ့ လှုပ်ရှားမှုတွေကို မျက်လုံး ဒေါက်ထောက်ပြီး ကြည့်မနေ နိုင်တော့ပါဘူး။ အခုဆိုရင် မိုးပြာရောင် ဂိုဏ်းမှာ ပြန်လည် ဝင်စားခြင်း နယ်ပယ်ပညာရှင်က သုံးယောက် ကျန်နေတော့တာပါ။ ဒါပေမဲ့လည်း ရုတ်တရက် လျှို့ဝှက် မျက်နှာဖုံးရှင် ပေါ်လာတာက မိုးပြာရောင် ဂိုဏ်းအတွက် တစ်တပ်တအား ဖြစ်စေခဲ့ပါတယ်။

***

" ဟူး ...  နောက်ဆုံးမှာတော့ ငါ့ရဲ့ လျှို့ဝှက် ကောင်းကင်ဘုံ ဓားသိုင်းက အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်ခဲ့ပြီပဲ။ "

လီဖူချန်း တစ်ယောက်ကတော့  အတော်လေးကို ပျော်နေတယ်လို့ ဆိုရမှာပါပဲ။ အခုဆိုရင်  သူ့ရဲ့ လျှို့ဝှက်ကောင်းကင်ဘုံ ဓားသိုင်းက အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်ရှိ သွားခဲ့ပါပြီ။ သူ့အနေနဲ့ လိုအပ်တာဆိုလို့ ကောင်းကင် နယ်ပယ်ထဲကို ချိုးဖောက် ဝင်ရောက်နိုင်ဖို့သာ လိုပါတော့တယ်။ ကောင်းကင်ပညာရှင် ဖြစ်သွားပြီ ဆိုရင်တော့ဖြင့် သူ့အနေနဲ့ သိုင်းအင်းကွက် တွေကို အားကိုးနေစရာ မလိုတော့ပါဘူး။

သိုင်းအင်းကွက်တွေကို တကယ့် သေရေးရှင်ရေးမှာ ထုတ်သုံးဖို့အတွက် ချန်ထားလို့ ရနေပါပြီ။

ထို့နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ ပစ္စည်း ပစ္စယတွေကို သိမ်းဆည်းကာ မိုးပြာရောင် ဂိုဏ်းသို့ ပြန်လာခဲ့ပါတော့တယ်။ သူ့အနေနဲ့ မိုးပြာရောင် ဂိုဏ်းကို မရောက်သည်မှာလည်း ကြာလှပြီ မဟုတ်ပါလော။

ဖျက်ဆီးခြင်း တံစဉ်ငှက်ကြီးရဲ့ ပျံသန်းနှုန်းကြောင့် ရက်အနည်းငယ် အကြာမှာပဲ လီဖူချန်းဟာ မိုးပြာရောင် ဂိုဏ်းကို ပြန်ရောက်လာခဲ့ပါပြီ။

မိုးပြာရောင်ဂိုဏ်းကို ရောက်ပြီး သိပ်မကြာခင်မှာဘဲ လီဖူချန်းဟာ စစ်ပွဲရဲ့ နောက်ဆုံး သတင်း အချက်အလက်တွေကို သိလာခဲ့ရပါတယ်။

ဒုတိယအကြိမ်မြောက် တိုက်ပွဲမှာလည်း လူသားတွေ ပါဝင်တဲ့ ဂိုဏ်းပေါင်း တစ်ရာဘက်က ရှုံးနိမ့် နေဆဲပါပဲ။ နတ်ဆိုး ၁၀ပါးနယ်မြေက မိစ္ဆာတွေရဲ့အစွမ်းဟာ လူသားတွေ ထင်ထားတာထက်ကို အများကြီး ပိုကောင်းနေပါတယ်။ ပြီးတော့ လူသားတွေရဲ့ သတင်း အချက်အလက်ထဲမှာ မရှိတဲ့ အဆင့်၅ မိစ္ဆာသားရဲတွေလည်း အများကြီးပါပဲ။

ဂိုဏ်းပေါင်း တစ်ရာဘက်က အစွမ်းထက်တဲ့ လက်ရွေးစင် တိုက်ခိုက်သူ ၇ယောက်၊ ၈ယောက်လောက် ကတော့ တိုက်ပွဲထဲမှာ သေသွားကြပါပြီ။

ဂိုဏ်းပေါင်း တစ်ရာဘက်ကသာ စစ်ကူ အမြောက်အများ မပို့ခဲ့ဘူး ဆိုရင်တော့ဖြင့်   စစ်ပွဲဟာ အစောကြီး ကတည်းက  ပြီးသွားလောက်ပါပြီ။ လူသားတွေ စုစည်းထားတဲ့ ဂိုဏ်းပေါင်း တစ်ရာဟာ  စစ်မြေပြင်ကို ပညာရှင် အမြောက်အများ ပို့ဆောင်ကာ စစ်ပွဲကို တတ်နိုင် သလောက် ဆွဲဆန့်ထားပါတယ်။ မိုးပြာရောင် ဂိုဏ်းရဲ့ အထွဋ်ခေါင်ချုပ် အကြီးအကဲ လျှံဟာလည်း တိုက်ပွဲထဲမှာ ကျဆုံးသွားခဲ့ပါပြီ။

အကြီးအကဲလျှံကို သတ်လိုက်သူကတော့ ချိုတစ်ချောင်း နတ်ဆိုးနယ်မြေရဲ့ ဦးစီး ခေါင်းဆောင်ဖြစ်တဲ့ ချိုတစ်ချောင်း နတ်ဆိုးဘုရင်ပါပဲ။

အကြီးအကဲလျှံ သေဆုံး သွားတာက မိုးပြာရောင် ဂိုဏ်းအဖို့တော့ လုံးဝကို ပြန်ဖြည့်ဆည်းလို့ မရတဲ့ ကွက်လပ်ကြီး တစ်ခုကို ဖြစ်သွား စေခဲ့ပါပြီ။ မိုးပြာရောင် ဂိုဏ်းအနေနဲ့ ဒီကွက်လပ်ကြီးကို ဖြည့်ဆည်းနိုင်ဖို့ အတွက် အနည်းဆုံးတော့ နှစ်ပေါင်း ၁၀၀နီးပါး စောင့်ရဦးမှာပါ။

အကြီးအကဲခေါင်ချုပ် ဇောင်ဝူကျင်းလည်း စစ်မြေပြင်ကို ရောက်ရှိနေခဲ့ပါပြီ။ သူကတော့ သူ့ရဲ့ ကြယ်၄ပွင့် အရိုးတည်ဆောက်ပုံ ကန့်သတ်ချက်ကို ကျော်လွန်ပြီး နောက်ထပ် နယ်ပယ်တစ်ခုကို ချိုးဖောက် ဝင်ရောက်လိုတဲ့ ရည်ရွယ်ချက်နဲ့ စစ်မြေပြင်ကို သွားလိုက်တာပါ။ စစ်မြေပြင်က သေရေးရှင်ရေး အခိုက်အတန့်တွေက သူ့ရဲ့ ကန့်သတ်ချက်တွေကို ချိုးဖောက် ပေးနိုင်မလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ့လေ။

တစ်ချိန်တည်းမှာပဲ အခြားသော ဂိုဏ်းတွေရဲ့ လက်ရွေးစင် ပါရမီရှင် တော်တော်များများဟာ စစ်မြေပြင်ကို ရောက်ရှိ သွားကြပြီဆိုတဲ့ သတင်းကိုလည်း လီဖူချန်းတစ်ယောက် သိလိုက်ရပါတယ်။

ကောင်းကင်နယ်ပယ် အဆင့်၃ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ ဖြစ်တဲ့ စီးတုလေ့ဟာ စစ်ပွဲထဲမှာ ဝင်ရောက် တိုက်ခိုက်နေသလို ကောင်းကင်နယ်ပယ် အဆင့်၃ကို ရောက်နေတဲ့ ချီဟန်နဲ့ ကျင်ရုတုံတို့ကလည်း စစ်ပွဲထဲမှာ ဝင်ရောက် တိုက်ခိုက် နေကြပါပြီ။ သူတို့ သုံးယောက်ဟာ စစ်ပွဲအတွင်းမှာတော့ ကောင်းကင်နယ်ပယ် အဆင့်၆ သို့မဟုတ် အဆင့်၇ ပညာရှင်တွေ နီးပါးကို တိုက်ခိုက် နိုင်ပါတယ်။

ထပ်ပြီးတော့ ရတဲ့ သတင်းတွေအရ ဆိုရင်တော့  စုလင်းနဲ့ ကျင်းရိုလုတို့ ကလည်း စစ်ပွဲထဲကို ဝင်ပါလာပါပြီတဲ့။ သူမတို့ နှစ်ယောက်ကတော့   ကောင်းကင် နယ်ပယ် အဆင့်၂ အထွတ်အထိပ်မှာသာ ရှိပါသေးတယ်။

ကျင်းရိုလုရဲ့ စိတ်လှည့်စားခြင်း အတတ်ပညာက  မိစ္ဆာသားရဲတွေနဲ့ မိစ္ဆာတွေ အတွက် ကတော့ တကယ့်ကို အိပ်မက်ဆိုးပါပဲ။ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခြင်း ပညာရပ်တွေကို မိစ္ဆာသားရဲတွေနဲ့ မိစ္ဆာတွေက ဘယ်လိုမှ တောင့်ခံနိုင်ခြင်း မရှိပါဘူး။ မိစ္ဆာသားရဲတွေနဲ့ မိစ္ဆာတွေရဲ့ စိတ်ဝိညာဉ်အားက လူသားတွေနဲ့ ယှဉ်လိုက်ရင်တော့ အတော်လေး နိမ့်ကျနေတာ အမှန်ပါပဲ။ ကျင်းရိုလုရဲ့ စိတ်လှည့်စားခြင်း အတတ်ပညာတွေက မိစ္ဆာ သားရဲတွေနဲ့ မိစ္ဆာတွေကို ရူးသွပ် သွားစေပြီး အချင်းချင်း ပြန်တိုက်ခိုက် စေပါတယ်။

ဒီလက်ရွေးစင် လူငယ်၅ယောက်ဟာ တိုက်ပွဲ အပေါ်ကိုတော့ အများကြီး သက်ရောက်မှု မရှိခဲ့ပါဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ လူတွေကို စိတ်အားတက်ကြွ စေခဲ့ပါတယ်။ လက်ရွေးစင် ပါရမီရှင်တွေနဲ့  စစ်မြေပြင် တစ်ခုထဲမှာ တိုက်ခိုက်နေရမှတော့  သူတို့အနေနဲ့  ဘာကို ကြောက်လန့် နေရမည်နည်း။

ရွှေအလင်းနယ်မြေ ...  ...

စီးတုလေ့ တစ်ယောက်ကတော့  အဆင့်၄ အဆင့်မြင့် မိစ္ဆာသားရဲ တစ်ကောင် လိုက်နေတဲ့အတွက် သေပြေးရှင်ပြေး ပြေးနေရပါတယ်။

စီးတုလေ့ရဲ့ ကျင့်ကြံခြင်းဟာ ကောင်းကင်နယ်ပယ် အဆင့်၃ရဲ့ အထွတ်အထိပ် အဆင့်ကို ရောက်နေပြီ ဖြစ်သလို  သူ့ရဲ့ မိုးကြိုးလျှပ်စီး နတ်ဘုရား အတွင်းအား ကျင့်စဉ်ကလည်း အဆင့်၁၈ကို ရောက်နေပါပြီ။

အဲဒီအချက်၂ခုက စီးတုလေ့ရဲ့ မရဏ မိုးကြိုးသိုင်းကို ပိုပြီး အစွမ်းထက် စေခဲ့ပါသေးတယ်။ ပြီးတော့ သူက မိုးကြိုး နတ်ဘုရားဂိုဏ်းရဲ့ ကြယ်၅ပွင့် လျှို့ဝှက်နည်းစနစ်ဖြစ်တဲ့  မိုးကြိုးနှလုံးသား လျှို့ဝှက်နည်း စနစ်ကိုလည်း အောင်မြင်လုနီးပါး ဖြစ်နေပါပြီ။  စီးတုလေ့ရဲ့ လက်ရှိ စွမ်းရည်က မိုးကြိုး နတ်ဘုရား ဂိုဏ်းမှာရှိတဲ့ အဆင့်၇ ကောင်းကင် ပညာရှင်နဲ့တောင် ယှဉ်လို့ ရနေပါတယ်။

ဒါပေမဲ့လည်း စီးတုလေ့နောက်ကို အခုလိုက်နေတဲ့ မိစ္ဆာသားရဲက အဆင့်၄ အဆင့်မြင့် မိစ္ဆာသားရဲပါ။ ဒီမိစ္ဆာသားရဲတွေက ကောင်းကင်နယ်ပယ် အဆင့်၈ ပညာရှင်တွေကိုတောင် ယှဉ်တိုက် နိုင်တဲ့ သားရတွေ ဖြစ်ပါတယ်။ စီးတုလေ့ကတော့ ကံမကောင်းဘူးလို့ ဆိုရမှာပါပဲ။

" လူသားကောင်လေး ...  မင်းပြေးနေလည်း အလကားပဲ။ ဒီကို အမြန်လာပြီး အသေခံလိုက်စမ်း ... "

စီးတုလေ့ နောက်ကို လိုက်နေတဲ့ အဆင့်၄ အဆင့်မြင့် သားရဲကတော့ ဒေါသငရဲ မိစ္ဆ္တာသားရဲ ဖြစ်ပါတယ်။ အဲဒီမိစ္ဆာသားရဲကြီးရဲ့ ခန္ဓာကိုယ်က တောင်ပူစာ တစ်လုံးမျှရှိပြီး  ပါးစပ်ကနေ မီးတောက် မီးလျှံတွေ ထွက်ပေါ်နေတာပါ။

ဝုန်း ...

မိစ္ဆာသားရဲကြီးကတော့  ပူပြင်းလှတဲ့ မီးတောက်တွေ မှုတ်ထုတ် လိုက်ပါပြီ။

" ကြည့်ရတာတော့ ငါ့အနေနဲ့ သိုင်းအင်းကွက် အစွမ်းကို ထုတ်သုံးမှ ရတော့မှာပဲ"

စီးတုလေ့ရဲ့ ကိုယ်နေဟန်ထားတွေက အလွန်လျင်မြန်စွာ ပြောင်းလဲ သွားခဲ့ပါပြီ။ သူ့ရဲ့ လှုပ်ရှားပုံတွေက  မိုးကြိုးတစ်စင်း ပစ်ခတ် လိုက်သလိုပါပဲ။

ရုတ်တရက် ဆိုသလို ပြင်းထန်တဲ့ ချီအရှိန်အဝါ တစ်ခုက စီးတုလေ့ထံကနေ ထွက်ပေါ်လာပြီး  မီးတောက် မီးလျှံတွေကို ငြိမ်းသက် သွားစေပါတယ်။

" အညှာအတာမဲ့ ဗလာလက်သီး "

စီးတုလေ့က ဒေါသငရဲ မိစ္ဆာသားရဲဆီကို ခုန်ဝင်သွားပြီး လက်သီးဖြင့် အားရပါးရ ထိုးချ လိုက်ပါပြီ။

တစ်ချိန်တည်းလိုလိုမှာပင် မမြင်ရတဲ့ အားစက်ကွင်းကြီး တစ်ခုက မိစ္ဆာ သားရဲကြီးရဲ့ လှုပ်ရှားမှုတွေကို နှေးကွေးသွားအောင် လုပ်ဆောင် လိုက်ပါသေးတယ်။

ဒီအားစက်ကွင်းကြီးရဲ့ ဖိအားအောက်မှာ ရောက်နေတဲ့ ဒေါသငရဲ မိစ္ဆာသားရဲကြီးကတော့ အခြေအနေ မဟန်တော့ပါဘူး။ သူက သူ့အစွမ်းရဲ့  ၄၀ရာခိုင်နှုန်းကိုသာ အသုံးပြု နိုင်တော့ပါတယ်။

" မကောင်းတော့ဘူး "

ဒေါသငရဲ မိစ္ဆာသားရဲကြီးက အန္တရာယ် အနံ့ကို ရလိုက်ပါပြီ။ သူက ဒီလူသား ထံကနေ ဒီလောက် အစွမ်းထက်တဲ့ စွမ်းအားမျိုး ပေါ်ထွက် လာလိမ့်မယ်လို့ လုံးဝကို တွေးထင် မထားခဲ့တာပါ။

" သေစမ်း  ...  မိစ္ဆာကောင် "

စီးတုလေ့ကတော့ ဒေါသငရဲ မိစ္ဆာသားရဲကြီးကို တုံ့ပြန်ဖို့ အချိန်လေးတောင် မပေးလိုက်ပါဘူး။ သူ့ရဲ့ လက်သီးက မိစ္ဆာသားရဲကြီးရဲ့ ခန္ဓာကိုယ်ပေါ်ကို တိတိကျကျ ရောက်သွား ခဲ့ပါပြီ။

ဂါး ... ဂရား ...  ...

ဝုန်း ...

ဒေါသငရဲ သားရဲကြီးကတော့ အစအနတောင် ရှာမရတော့ပါဘူး။

အညှာအတာမဲ့ ဗလာလက်သီးဟာ မြေကမ္ဘာအဆင့် လက်သီးသိုင်း ဖြစ်ပါတယ်။ အဲဒီအတွက် ဒေါသငရဲ မိစ္ဆာသားရဲကြီးက တောင့်မခံ နိုင်တာလည်း သိပ်မထူးဆန်း လှပါဘူး။

ချွင် ...

ဒေါသငရဲ မိစ္ဆာသားရဲကြီးကို သတ်ပြီးသွားတဲ့ အခါမှာတော့ စီးတုလေ့ရဲ့ လက်သီးပေါ်မှာ ရှိနေတဲ့ မြေကမ္ဘာ အဆင့် သိုင်းအင်းကွက်ဟာ မှေးမှိန် ပျောက်ကွယ် သွားခဲ့ပါပြီ။

ဖြစ်နိုင်မယ် ဆိုရင်တော့ စီးတုလေ့ အနေနဲ့ စစ်ပွဲထဲမှာ သည်မြေကမ္ဘာ သိုင်းအင်းကွက်ကို  မသုံးချင်ပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ သည်အင်းကွက်တွေက တစ်ခါ သုံးပြီးသွားပြီ ဆိုတာနဲ့ အားနည်း သွားတော့မှာပါ။

ဒါပေမဲ့လည်း ဒီတစ်ကြိမ်မှာတော့ သူ့အနေနဲ့ ဘယ်လိုမှ ရှောင်လွဲလို့ မရတော့တဲ့ အခြေအနေကို ရောက်နေခဲ့ပါပြီ။

စီးတုလေ့လိုပါပဲ။ ချီဟန်၊ ကျင်ရုတုံ၊ ကျင်းရိုလုနဲ့ စုလင်းတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာလည်း မြေကမ္ဘာသိုင်း အင်းကွက်တွေ ရှိနေပါတယ်။ သူတို့တွေကလည်း ပဟေဠိ သိုင်းသမားတွေရဲ့ လက်ရင်း တပည့်တွေပင် မဟုတ်ပါလား။

ဒါပေမဲ့လည်း ပဟေဠိ သိုင်းသမားတွေဟာ သူတို့ရဲ့ လက်ရင်း တပည့်တိုင်းကို မြေကမ္ဘာ သိုင်းအင်းကွက်တွေ ရေးဆွဲ ပေးခဲ့ကြတာတော့ မဟုတ်ပါဘူး။ သူတို့ရဲ့ မျက်လုံးထဲမှာ အရမ်း ထူးချွန်နေတဲ့ လက်ရင်း တပည့်တွေကိုသာ ပဟေဠိ သိုင်းသမားတွေက စတေးခံပြီး မြေကမ္ဘာ အင်းကွက်တွေ ရေးဆွဲ ပေးခဲ့ကြတာ ဖြစ်ပါတယ်။

***

မိုးပြာရောင် ဂိုဏ်းမှာရှိနေတဲ့ လီဖူချန်းကတော့ အတော်လေးကို စစ်သွေးကြွနေပါပြီ။

ဒါပေမဲ့လည်း အိုးရန်ဝမ်းထင်က သူ့ကို စစ်မြေပြင်ကို ပေးသွားမှာ မဟုတ်ပါဘူး။ လီဖူချန်း အနေနဲ့ စစ်မြေပြင်ကို သွားချင်ရင်တော့ ကောင်းကင် နယ်ပယ်ကို အရင်ဆုံး ချိုးဖောက်ဝင်ရောက် နိုင်ရပါမယ်။

' ကောင်းကင် နယ်ပယ်ကို အမြန်ဆုံး ချိုးဖောက် ဝင်ရောက်နိုင်ဖို့ လိုအပ်နေပြီ “

လီဖူချန်းကလည်း  အိုးရန်ဝမ်ထင်ရဲ့ သဘောထားကို နားလည်ပါတယ်။ သူက စစ်မြေပြင်ကို သွားရောက်ဖို့ အတွက် ခွင့်မတောင်းသေးဘဲ သူ့ရဲ့ ကျင့်ကြံမှုကိုသာ အားသွန်ခွန်စိုက် ကျင့်ကြံ နေပါတယ်။

သူ့ရဲ့ နဖူးထဲမှာ မြုပ်ဝင်နေတဲ့ အစစ်အမှန် နဂါးပုံ အမှတ်အသား ကလည်း သူ့ရဲ့ကျင့်ကြံမှုကို အတော်လေး အထောက်အပံ့ ပေးနေပုံပါပဲ။ လီဖူချန်းရဲ့  ကျင့်ကြံမှုက တစ်စထက်တစ်စ ပိုမြန်လာခဲ့ပါတယ်။

တစ်လမျှ အကြာမှာတော့ ...  ...

ဝုန်း ...

မိုးပြာရောင်ဂိုဏ်းရဲ့ တိုက်ရိုက် တပည့် နယ်မြေကနေပြီး  စူးရှတောက်ပတဲ့ အလင်းတန်းကြီး တစ်ခုဟာ  ကောင်းကင်သို့တိုင်အောင် ထိုးတက် သွားခဲ့ပါပြီ။ ထိုအလင်းတန်းကြီးရဲ့ သုံးမိုင်ပတ်လည် အကွာအဝေးမှာလည်း လုံးဝ နေလို့ မရတဲ့အထိ ပူလောင် လာခဲ့ပါတယ်။ ဒီအပူချိန်က လုံးဝကို  လျော့ကျမသွားဘဲ တစ်စထက်တစ်ထ ပိုတိုးလာနေဆဲပါပဲ။ အချို့သော ပန်းပင်တွေနဲ့ ပေါင်းပင်တွေကတော့ အပူဒဏ်ကို မခံနိုင်တော့တဲ့အတွက် လောင်ကျွမ်း ပြာကျ သွားခဲ့ပါပြီ။

တိုက်ရိုက် တပည့်တွေဟာလည်း သူတို့ရဲ့ ခြံဝင်းအတွင်းမှာ မနေနိုင်တော့တဲ့ အတွက် အပြင်ကို ထွက်လာကြပါတယ်။

သူတို့နဲ့ သိပ်မဝေးလှတဲ့ နေရာတစ်ခုမှာတော့ နေမင်းကြီး တစ်စင်း ထွက်ပေါ်လာသည့် အလား ပူပြင်း တောက်ပနေတဲ့ အလင်းလုံးကြီးတစ်ခု ရှိနေတာကို တွေ့လိုက်ရပါပြီ။

တစ်စုံတစ်ယောက် အဆင့် တက်သွားတာတော့ သေချာနေပါတယ်။ ဒါပေမဲ့ ဒီအဆင့် တက်သွားတဲ့ ဖြစ်စဉ်က သာမန်တော့ လုံးဝ မဟုတ်ပါဘူး။

" ဘယ် ... ဘယ်သူ အဆင့် တက်သွားတာလဲ ...။ ဒီလောက်ကြောက်ဖို့ ကောင်းတဲ့ ဖြစ်စဉ်ကို ဘယ်သူ ဖန်တီးနေတာလဲ ... "

မေးခွန်းတွေက တသီတတန်းကြီး ဖြစ်ပေါ်လာပါပြီ။

" ဒါ ... ဒါက ...  အစ်ကိုလီများလား ...။ ငါကြားထားတာကတော့ အစ်ကိုလီက မြေကမ္ဘာနယ်ပယ် အထွတ်အထိပ်ကို ရောက်နေပြီတဲ့။ ကျားနဂါး ပြိုင်ပွဲတုန်းက ရခဲ့တဲ့ ကောင်းကင်ငှက် တိုက်ပွဲဝင် ချီတွေနဲ့ ဆိုရင်တော့ အစ်ကိုလီ တစ်ယောက် အချိန်တိုအတွင်းမှာ ကောင်းကင် နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်နိုင်မှာပဲ "

လူတွေ အားလုံးကလည်း အမျိုးမျိုး ထင်မြင်ချက် ပေးနေပါတယ်။

အဲဒီအချိန်မှာပဲ လူရိပ်တစ်ရိပ်ဟာ ကောင်းကင်ပေါ်မှာ ပေါ်လာခဲ့ပါပြီ။

အဲဒီလူရိပ်ကတော့ အိုးရန်ဝမ်းထင်ပါပဲ။

သူက ပုံမှန်မဟုတ်တဲ့  ကစဉ့်ကလျား ဖြစ်စဉ်ကို အာရုံခံမိ လိုက်တယ် ဆိုတာနဲ့ တစ်ပြိုင်နက် ဒီနေရာကို အမြန်ဆုံး ပျံသန်းလာခဲ့တာပါ။

အဆင့်တက် သွားတာက လီဖူချန်းဆိုတာ သေချာသွားတဲ့ နောက်မှာတော့ အိုးရန်ဝမ်းထင်ဟာ အတော်လေး အံ့အားသင့် သွားခဲ့ရပါတယ်။

လီဖူချန်းက အသက်၂၁နှစ်သာ ရှိနေသေးတာလေ။ အသက်၂၁နှစ်မှာ  ကောင်းကင်နယ်ပယ် ပညာရှင် ဖြစ်လာတယ် ဆိုတာကြီးက ဘယ်လိုမှကို  မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ လီဖူချန်းကတော့ လုပ်ပြခဲ့ပါပြီ။

အဆင့်တက်နေတဲ့ ဖြစ်စဉ်က အခုမှ အစသာ ရှိနေသေးပုံပါပဲ။ လီဖူချန်းရဲ့ ငရဲမီးတောက် ချီတွေဟာ တစ်စထက်တစ်စ သိပ်သည်း လာခဲ့သလို ချီအရှိန်အဝါတွေကလည်း ကောင်းကင်နဲ့ ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။ ပတ်ဝန်းကျင် တစ်ခုလုံးကတော့  ကြက်သွေးရောင် အလင်းတန်းတွေနဲ့ ပြည့်နှက် နေခဲ့ပါပြီ။

" သည်ဖြစ်စဉ်က စီးတုလေ့ အဆင့်တက် တုန်းကထက် အများကြီး ပိုထူးခြား နေတာပါလား ... "

အိုးရန်ဝမ်းထင်က စိတ်ထဲကနေ တွေးလိုက်မိပါတယ်။

***

All Chapters