ဒီခွေးစာရဲ့သေစေနိုင်စွမ်းက နည်းနည်းတော့ များလွန်းတယ်
Vol. 13 Ch. 188
လင်းဖန်၏ Bugatti ကြီး စုတ်ပြတ်သွားခဲ့သည်။
ဤ Bugatti ကြီးက အကန့်အသတ်နဲ့ ထုတ်ထားသော ပြိုင်ကား တစ်စီး ဖြစ်သည်။ ထိုကားကြီး စုတ်ပြတ်သွားပြီးနောက် သူ ရင်နာသွားရသော်လည်း လင်းဖန် ထိုအကြောင်းကို ဆက်မတွေးမိအောင် ခေါင်းခါရမ်းပစ်ဖို့ပဲ တတ်နိုင်သည်။
ကံကောင်းစွာဖြင့် လတ်တလောတွင် သူ့မှာ ငွေ အများကြီး ပြတ်လပ်မနေပေ။
လင်းဖန်ရဲ့ ကားဂိုဒေါင်ထဲမှာ သန်းရာချီ တန်ဖိုးရှိသည့် ပြိုင်ကားတွေ ဖြစ်သော Koenigsegg တစ်စီးနဲ့ Rolls-Royce Cullinan တစ်စီး ရှိနေတုန်းပါပဲ။
လင်းဖန်သည် ရှားဝမ်ချွေ့၏ လက်ကို ကိုင်ကာ လှိုင်းပြာပင်လယ်အော် ဝင်ပေါက်သို့ လျှောက်လာခဲ့လိုက်သည်။
လမ်း တစ်လျှောက် လူများစွာက သူတို့ကို ဓာတ်ပုံတွေ ရိုက်နေကြသည်။
သို့သော် လင်းဖန်က ထိုအရာကို ဆက်ဖုံးကွယ်မနေချင်တော့ပေ။
သူနဲ့ ရှားဝမ်ချွေ့အတွက် သူတို့ အကြောင်း လူမသိစေရန် နေ့စဉ်နေ့တိုင်း သတိထားနေစရာ မလိုပါ။
အခုအချိန်မှာ သူမက သူ့ကောင်မလေး ဖြစ်သည်။
တရားဝင် ကြေညာချက်ကို တင်ပြီးနောက်ပိုင်း ကောလဟာလတွေ ထပ်ထွက်လာတော့မှာ မဟုတ်ပေ။
သူမက သူ့ချစ်သူပဲ။ အဲ့ဒါဆို လုံလောက်ပြီ။
လှိုင်းပြာပင်လယ်အော်အိမ်ရာ ဝင်ပေါက်သို့ သူတို့ ရောက်လာသောအခါ လုံခြုံရေးအစောင့် အနည်းငယ်က လင်းဖန်ကို တလေးတစား ကြည့်လိုက်ကြသည်။
" မင်္ဂလာ နေ့လယ်ခင်းပါ အစ်ကိုဖန်။ " လုံခြုံရေးအစောင့် တစ်ယောက်က ပြုံးပြနေသည်။
" အင်း ၊ မင်္ဂလာ နေ့လယ်ခင်းပါ။ " လင်းဖန်က အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။
အတိတ်တုန်းက သူ ရှားဝမ်ချွေ့ကို နှလုံးသားရေကန်ဗီလာသို့ ခေါ်လာတိုင်း တခြား လူတွေ သူ့ကို မှတ်မိသွားမည်ကို စိုးရိမ်၍ အမြဲတမ်း ကားထဲမှာပဲ ထိုင်နေခဲ့သည်။
ဒါပေမဲ့ အခုတော့ သူ မစိုးရိမ်တော့ပါဘူး။
လူတိုင်းရှေ့မှာ သူ ချစ်ရသော ကောင်မလေးရဲ့ လက်ကို ဆုပ်ကိုင်ကာ လှိုင်းပြာပင်လယ်အော် ဝင်ပေါက်ကနေ ဖြတ်သန်းဝင်ရောက်လာခဲ့သည်။
" မင်းရဲ့ ကောင်မလေးက အရမ်း လှတာပဲ အစ်ကိုဖန်။ သူမက လူပြည်ကို ဆင်းသက်လာတဲ့ တကယ့် နတ်သမီးလေးပဲ။ " လုံခြုံရေးအစောင့်သည် မချီးမွမ်းဘဲ မနေနိုင်ပေ။
သူ ရှားဝမ်ချွေ့ကို သိပါသည်။ သူမကို အပြင်မှာ လူ ကိုယ်တိုင် မြင်ရတော့မှ သူမက တီဗီထဲမှာထက် ပိုလှပြီး ပိုအချိုးအစားကျတဲ့ ခန္ဓာကိုယ်ဟန်ကိုလည်း ပိုင်ဆိုင်ထားကြောင်း သူ နားလည်လိုက်သည်။
ဒီလို ကောင်မလေး လှလှလေးကို ချစ်သူတော်ထားသော လင်းဖန်ကို လုံခြုံရေးအစောင့် များစွာက အားကျသွားခဲ့သည်။
သူတို့သာ ဒီလောက် လှတဲ့ ကောင်မလေးကို ပိုင်ဆိုင်ထားရင် အနာဂတ်မှာ ဘယ်သူက အိမ်ထဲကနေ အိမ်ပြင် ထွက်မှာတဲ့လဲ။
လှပသော ဇနီးလေးကြောင့် ဧကရာဇ် တစ်ပါးပင်လျှင် မနက်ပိုင်း တရားစီရင်ရေး အစည်းအဝေးကို တက်ရောက်ချင်မှာ မဟုတ်ပေ။
" ကျေးဇူးပါဗျာ။ " လင်းဖန်သည် ပြုံးရင်း ရှားဝမ်ချွေ့ကို ကြည့်မိသည်။
" သွားရအောင်။ " ရှားဝမ်ချွေ့က လင်းဖန်ကို ကြည့်လိုက်သည်။
" အင်း ၊ အိမ်ပြန်ကြမယ်။ " ရှားဝမ်ချွေ့၏ လက်ကို လင်းဖန် ဆုပ်ကိုင်လိုက်သည်။ သူ့စိတ်ထဲမှာ အလွန် ပျော်ရွှင်ကြည်နူးနေသည်။
သူတို့ အိမ်ပြန်ရောက်တော့ လင်းဖန်နဲ့ ရှားဝမ်ချွေ့သည် ဆိုဖာပေါ်မှာ ထိုင်လိုက်ကြသည်။
သူတို့ နှစ်ယောက် ချစ်သူတွေ ဖြစ်သွားကြပြီ ဖြစ်သောကြောင့် ထူးထူးဆန်းဆန်း ကိစ္စတွေကို သူတို့ အတူတကွ လုပ်နိုင်ပါသည်။
သူ့ဇနီးလေးက အလွန် လှပလွန်းသဖြင့် လင်းဖန် ထိုအလှကို သည်းခံနိုင်စွမ်း မရှိပေ။
နှစ်ယောက်သား အတူ ထိုင်ကာ ရုပ်သံဒရာမာတွေ ၊ ဇာတ်ကားတွေကို ကြည့်နေခဲ့ကြသည်။ မသိလိုက် မသိဘာသာပဲ ညဘက် ရောက်သွားပြီ ဖြစ်သည်။
" ဝမ်ချွေ့ ၊ ကိုယ်တို့ ဘာလို့ … သွားမအိပ်ကြသေးတာလဲဟင်။ " လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်ပြီး တောက်ပစွာ ပြုံးနေခဲ့သည်။
ရှားဝမ်ချွေ့၏ မျက်နှာလေး အနည်းငယ် ရဲသွားသည်။ " မအိပ်ဘူး။ အကျင့်မကောင်းတဲ့ လင်းဖန် ၊ နင်က ငါ့ကို ဘယ်လို အနိုင်ကျင့်ရမလဲ ဆိုတာပဲ သိတယ်။ အဲ့လို အရာမျိုး ဆိုတာ … ငါတို့ လက်ထပ်ပြီးမှသာ လုပ်လို့ ရတာမျိုး။ "
လင်းဖန် ရယ်မောရင်း ပြောလိုက်သည်။ " ကိုယ်တို့ အဲ့ဒါ လုပ်မယ်လို့ ကိုယ် မပြောမိပါဘူး။ ကိုယ်က မင်းကို အိပ်စေချင်ရုံပါ။ ညနက်နေပြီလေ။ "
ရှားဝမ်ချွေ့က လင်းဖန်ကို ဒိုင်းခနဲ မျက်စောင်းထိုးလိုက်သည်။ " အကျင့်မကောင်းတဲ့ လင်းဖန် ၊ သတိထားရင် ထားနော် .. မဟုတ်ရင် ငါ နင့်ကို ကိုက်ပစ်မှာ။ နင်က ငါ့ချစ်သူ ဆိုရင်တောင် ငါ့ကို ဒီလိုမျိုး အနိုင်ကျင့်လို့ မရဘူး။ ဒီနေ့ ပေးဖို့ လုပ်ထားတဲ့ ဆုကို ငါ ဖျက်သိမ်းပစ်လိုက်ပြီ။ "
လင်းဖန် : " ??? "
ဆုပေးမယ်တဲ့လား။ မင်း ဘာလို့ အဲ့အကြောင်း စောစောစီးစီး ပြောမထားတာလဲ။
ရှားဝမ်ချွေ့သည် ချိုမြိန်စွာ ပြုံးကာ လင်းဖန်၏ ရင်ခွင်ထဲမှာ နူးညံ့စွာ မှီလိုက်သည်။ သူမ လင်းဖန်ကို ကြည့်ပြီး လေးလေးနက်နက် ပြောလိုက်သည်။ " ငါ နင့်ကို သဘောကျတယ် လင်းဖန်။ "
လင်းဖန်က ရှားဝမ်ချွေ့ရဲ့ ပါးလေးကို တို့ထိလျက် ခေါင်းညိတ်ပြလိုက်သည်။ " အင်း ၊ ကိုယ် သိပါတယ်။ "
ရှားဝမ်ချွေ့ ပျော်ရွှင်စွာ ပြုံးလိုက်သည်။ " ငါတို့ ချစ်သူတွေ ဖြစ်သွားကြပြီ ဆိုတော့ အနာဂတ်မှာ အလုပ်တွေ အတူတူ ကြိုးစားပြီးတော့ ပိုပြီး ပျော်ရွှင်ရတဲ့ စုံတွဲ တစ်တွဲ ဖြစ်ကို ဖြစ်လာရမယ်နော် လင်းဖန်။ "
" အဲ့ဒါကြောင့် နင် အလုပ် ကြိုးစားရမယ် လင်းဖန်။ နင် မဟုတ်တဲ့ တခြား ဘယ်သူနဲ့မှ ငါ လက်မထပ်ချင်ဘူး။ " ဟု ရှားဝမ်ချွေ့က ပြောလိုက်သည်။
ဤကောင်မလေးကို ကြည့်ရင်း လင်းဖန်၏ နှလုံးသားသည် စည်းချက် တစ်ချက် လွတ်သွားသလို ခံစားလိုက်ရသည်။
ဒီ့ထက် ပိုချိုမြိန်တဲ့ စကားတွေကို ပြောနိုင်တဲ့ လူ ရှိပါ့ဦးမလား။
သူ အဲ့ဒါကို ဘယ်လိုလုပ် တောင့်ခံနိုင်မှာလဲ။
သူ့ရှေ့မှောက်မှ ကောင်မလေးက သူမဟာ သူက လွဲပြီး တခြား ဘယ်သူ့ကိုမှ လက်မထပ်ချင်ပါဘူးလို့ ပြောနေသည်။
လင်းဖန်သည် အပျင်းထူတဲ့ စိတ်ဓာတ်မျိုးသာ အမြဲတမ်း ရှိခဲ့သည်။ အိမ်မှာ လဲလျောင်းပြီး အိမ်လခတွေကို သိမ်းကျုံး ယူရတာ တကယ့်ကို သက်သောင့်သက်သာရှိသည်။
ရှားဝမ်ချွေ့၏ ယနေ့ စကားတွေက လင်းဖန်ကို သူ ဒီတိုင်း အနေသက်သာသလို အချောင်ခိုနေလို့ မရကြောင်း နားလည်သွားစေသည်။
သူ့မှာ အခု ကောင်မလေးလည်း ရှိနေပြီမို့ သူ အလုပ် ကြိုးစားရပါတော့မည်။
အနည်းဆုံးတော့ ရှားဝမ်ချွေ့ မိဘတွေရဲ့ ခွင့်ပြုချက်ကို သူ ရ,ရမည်။
သူ သူမနဲ့ တကယ်ကြီး ခိုးရာလိုက်ပြေးဖို့ ဆိုတာ မဖြစ်နိုင်ပါ။
လင်းဖန် လေးနက်စွာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။ " ကိုယ် အလုပ် ကြိုးစားပြီး မင်း မိဘတွေရဲ့ ခွင့်ပြုချက်ကို ရအောင် ယူပါ့မယ် ဇနီး။ မင်း မိဘတွေ ဆိုတာလည်း အနာဂတ်မှာ ကိုယ့်မိဘတွေ ဖြစ်လာမှာ မဟုတ်လား။ "
ရှားဝမ်ချွေ့က ချစ်စရာကောင်းစွာ ပြုံးလိုက်သည်။ " မြောင် မြောင် ~ "
" ပြီးတော့ ငါ အခုထိ နင့်ဇနီး မဟုတ်သေးဘူးနော် ~ "
" ကိစ္စမရှိပါဘူး။ အနာဂတ်ကျ ဖြစ်လာမှာပဲကို။ "
" ဟမ့် ၊ အဲ့ဒါ လက်ရှိမှာ မဖြစ်သေးဘူးလေ။ "
" ကိုယ် မင်းကို ပေးထားတဲ့ လက်စွပ်ကို မင်း ဝတ်ထားပြီးပြီပဲ။ အဲ့လက်စွပ်ကို မချွတ်ဘူး ဆိုရင် မင်းက ကိုယ့်အနာဂတ် ဇနီးလောင်းလေးပဲ။ "
" အကျင့်မကောင်းတဲ့ ကောင် ၊ ငါ ဒါကို မချွတ်ပါဘူး ~ "
….
ထိုသို့ဖြင့် ရှားဝမ်ချွေ့သည် လင်းဖန်၏ အိမ်မှာ အိပ်ပျော်သွားခဲ့သည်။
ထည့်ပြောသင့်တဲ့ အရာ တစ်ခုကတော့ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အတူတူ မအိပ်ရသေးဘူး ဆိုတာပါ။
သူတို့ နှစ်ယောက်လုံး လက်မထပ်ရသေးဘဲ အတူတူ နေမှာ မဟုတ်ပေ။
သူတို့ ဘယ်လောက်ပဲ နီးစပ်နေပါစေ ၊ လက်ထပ်တဲ့ နေ့အထိ စည်းစောင့်ကြမှာ ဖြစ်သည်။
တစ်ယောက်ကို တစ်ယောက် သူတို့ တန်ဖိုးအထားဆုံး အရာတွေကို ပေးခဲ့ပြီး ပေါင်းစပ်ခဲ့ဖူးကြသည်။ အဲ့ဒါက ကြည်နူးစရာအကောင်းဆုံး အရာပင်။
ရှားဝမ်ချွေ့က လင်းဖန်ရဲ့ ချစ်သူ ဆိုလျှင်တောင် သူတို့ နှစ်ယောက်ကို လက်ကိုင်တဲ့ အဆင့်ထိပဲ ကန့်သတ်တားမြစ်ထားသည်။ တစ်ခါတရံ ပွေ့ဖက်ကြပြီး အများဆုံးမှ တစ်ယောက် နဖူးကို တစ်ယောက် နမ်းကြတာပဲ ရှိသည်။ အရင်တုန်းက သူတို့ တစ်ခါမှ နှုတ်ခမ်းချင်း မနမ်းခဲ့ဖူးကြပေ။
နောက်တစ်နေ့ ရောက်တော့ ယန်ချင်းက ရှားဝမ်ချွေ့ကို အလုပ် သွားရန် လာခေါ်ခဲ့သည်။ " ဓားနှင့်နတ်သမီး ဒဏ္ဍာရီ " အတွက် ဂိမ်း ထောက်ခံကြေညာခြင်းရဲ့ အသံသွင်းတာကို စတင်တော့မှာ ဖြစ်သည်။
" ငါ အရင် သွားတော့မယ် လင်းဖန်။ " ရှားဝမ်ချွေ့သည် လင်းဖန်ကို မသွားချင်သလို တွန့်ဆုတ်ဆုတ် ပုံစံဖြင့် ကြည့်လိုက်သည်။
" အင်း ၊ သွားနှင့်လေ။ လမ်းမှာ ဂရုစိုက်နော်။ " ဟု လင်းဖန်က အပြုံးလေးဖြင့် ပြောလိုက်သည်။ သူမ အအေးမိသွားမည်ကို စိုးရိမ်၍ သူမကို သူ ဦးထုပ် ကူဆောင်းပေးနေမိသည်။
" ဒါပေမဲ့ … " ရှားဝမ်ချွေ့သည် နှုတ်ခမ်းစူကာ လင်းဖန်ကို ကြည့်လိုက်သည်။
" ဘာဖြစ်လို့လဲ။ " လင်းဖန်က နူးညံ့စွာ ပြုံးမိသည်။
" ကျွန်မကို ဖက်ပေးတာ လိုချင်တယ်။ " ရှားဝမ်ချွေ့က မျက်နှာရဲရဲလေးဖြင့် ရှက်ရွံ့လျက် ပြောခဲ့သည်။
လင်းဖန်သည် ရှေ့တိုးပြီး ရှားဝမ်ချွေ့ကို ဖက်လိုက်သည်။
သူမရဲ့ ခန္ဓာကိုယ်က အလွန် အချိုးအစား ကျနသည်။ သူ ဖက်ရန် အတွက် သူမရဲ့ လက် နှစ်ဖက်ကို ဆန့်တန်းပေးမထားလျှက်တောင် လင်းဖန်က သူမကို အပြည့်အဝ ပွေ့ဖက်နိုင်ဆဲ ဖြစ်သည်။
ရှားဝမ်ချွေ့၏ နဖူးကို သူ ခပ်ဖွဖွ နမ်းလိုက်သည်။ " ကိုယ် မင်းကို ညကျ လာကြိုမယ်။ "
ရှားဝမ်ချွေ့ ရှက်သွားမိသည်။ " ဟင့်အင်း ၊ အဲ့လို လုပ်ရင် တခြား လူတွေက ကျွန်မတို့ အတူတူ နေ,နေကြတာလို့ ထင်သွားလိမ့်မယ်။ "
လင်းဖန်က ပြုံးပြီး ပြောလိုက်သည်။ " အင်း ၊ ကိုယ် နားလည်ပြီ။ ဒါဆို မင်း ဘယ်အချိန် လာချင်လဲ ဆိုတာ ကိုယ့်ကို ပြောနော်။ "
ရှားဝမ်ချွေ့သည် ခေါင်းညိတ်ကာ နောက်ဆုံး၌ စိတ်မပါလက်မပါ ထွက်သွားလေတော့သည်။
ရှားဝမ်ချွေ့နံဘေးရှိ သူမရဲ့ မန်နေဂျာ ယန်ချင်းသည် ငါ့ဘဝမှာ အချစ် ဆိုတာ မရှိပါလားဟု ခံစားလိုက်ရသည်။
သေစမ်း။ သူမက အသက် ၃၀ အပိုင်းအခြားထဲ ရောက်နေတာတောင်မှ ချစ်သူ မရှိသေးပေ။ ချစ်ကြည်နူး တစ်တီးတူးနေတဲ့ လင်းဖန်နဲ့ ရှားဝမ်ချွေ့ကိုပဲ သူမ နေ့စဉ်နေ့တိုင်း ထိုင်ကြည့်နေရလေ့ရှိသည်။
သူတို့ နှစ်ယောက် ချစ်သူတွေ မဖြစ်သေးခင် အတိတ်တုန်းကတော့ ယန်ချင်းသည် လင်းဖန်နဲ့ ရှားဝမ်ချွေ့ကို သူတို့ကိုယ်သူတို့ ထိန်းထိန်းသိမ်းသိမ်း နေရန် စကား တချို့ ပြောနိုင်ခဲ့သေးသည်။
အခုအချိန်မှာ သူတို့ နှစ်ယောက် တွဲနေကြပြီ ဖြစ်ကြောင်း တရားဝင် ကြေညာလိုက်ပြီမို့ ယန်ချင်းဟာ ဘာစကားမှ ထပ်မပြောနိုင်တော့ပေ။
ဘာပဲပြောပြော လင်းဖန်နဲ့ ရှားဝမ်ချွေ့က စစ်မှန်တဲ့ စုံတွဲ တစ်တွဲပါပဲ။
ကောဟဟာလတွေ ထွက်လာရင်တောင် သူတို့ ကြောက်ရွံ့မှာ မဟုတ်ပါဘူး။
ပြောရရင် ဒီခွေးစာရဲ့ သေစေနိုင်စွမ်းက နည်းနည်းတော့ များလွန်းပါသည်။