ရွှေလင်းယုန် ဆုပေးပွဲရဲ့ တစ်နှစ်တာ အတွင်း အကောင်းဆုံး ရုပ်သံဒရာမာကတော့ " ဓားနှင့်နတ်သမီး ဒဏ္ဍာရီ " ပဲ ဖြစ်ပါတယ်။
Vol. 13 Ch. 191
လင်းဖန်သည် စုရှောင်းယွီကို ကြည့်ကာ ပြုံးလိုက်သည်။ " မင်း ဒီနေ့ ရခဲ့တဲ့ အောင်မြင်မှု အတွက် မင်းကိုယ်တိုင် ကြိုးစားခဲ့ရတာပါ ရှောင်းယွီ။ ငါလည်း မင်း အတွက် ဂုဏ်ယူတယ်။ မင်း လုပ်နိုင်ခဲ့ပြီ။ "
စုရှောင်းယွီက တခစ်ခစ် ရယ်မောလိုက်သည်။ " မသိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာက အတော်ဆုံးပဲ။ ဆရာ မရှိဘူး ဆိုရင် ဒီနေ့ဒီအချိန်မှာ ငါ ဆိုတာ ဖြစ်လာခဲ့မှာ မဟုတ်ဘူး။ ဆရာကြောင့်သာ ဒီဆုကို ငါ ရခဲ့တာပါ။ "
ပထမဆုံး ဆုကို ကြေညာပြီးနောက် ဒုတိယမြောက် နောက်ထပ် ဆု တစ်ဆုကို ကြေညာခဲ့သည်။ အကောင်းဆုံး အနုပညာဖျော်ဖြေမှု အမျိုးသားသရုပ်ဆောင် ဆုရရှိသူက ရှုယန် ဖြစ်၏။
အဲ့ဒီနောက် တတိယမြောက် ဆု အတွက် အချိန် ကျရောက်လို့ လာသည်။
ထိုဆုက လူတိုင်း စိတ်ဝင်စားကြသော ဆု တစ်ဆုလည်း ဖြစ်သည်။
အကျော်ကြားဆုံး အမျိုးသမီးသရုပ်ဆောင် ဆု … ။
ကင်မရာများက ရှားဝမ်ချွေ့နဲ့ လင်းခယ့်ရှင်းထံတွင် ရပ်တန့်သွားခဲ့သည်။
သူတို့ နှစ်ယောက်လုံးသည် အလွန် လှပကျော်ကြားသည်။
" အားလုံးပဲ ၊ ယခုနှစ် ရွှေလင်းယုန် ဆုပေးပွဲရဲ့ အကျော်ကြားဆုံး အမျိုးသမီးသရုပ်ဆောင်ကတော့ … ရှားဝမ်ချွေ့ပဲ ဖြစ်ပါတယ်ဗျာ။ "
" သူမရဲ့ ပထမဆုံး ရိုမန့်စ်ဒရာမာ ဘဝရဲ့ပျော်ရွှင်မှုက ပရိသတ်တိုင်းရဲ့ စိတ်ထဲမှာ သူမကို မှတ်မှတ်ထင်ထင် ရှိနေအောင် ပြုလုပ်ခဲ့ပါတယ်။ "
" ပြီးတော့ သူမရဲ့ ဒုတိယ ရိုမန့်စ်ဒရာမာ ဖြစ်တဲ့ ဓားနှင့်နတ်သမီး ဒဏ္ဍာရီက သူမကို ကျော်ကြားမှု အထွဋ်အထိပ်သို့ ရောက်စေခဲ့ပါတယ်။ "
" ကျောက်လင်အာ ဇာတ်ကောင်နေရာဟာ လူငယ်တွေ အများကြီးရဲ့ နှလုံးသားထဲမှာ နတ်ဘုရားမလေး တစ်ပါး ဖြစ်နေခဲ့ပါပြီ။ ဒါ့ကြောင့် အကျော်ကြားဆုံး အမျိုးသမီးသရုပ်ဆောင်ဟာ သေချာပေါက် ရှားဝမ်ချွေ့ပဲ ဖြစ်ပါတယ်။ "
အစီအစဉ် တင်ဆက်သူ၏ အသံက ပီသပြတ်သားစွာ ထွက်ပေါ်နေခဲ့သည်။
ပရိသတ်တွေထံမှ လက်ခုပ်ဩဘာသံများ နောက်တစ်ကြိမ် ဝေါခနဲ ထွက်လာပြန်သည်။
ရှားဝမ်ချွေ့သည် စင်မြင်ပေါ်သို့ လျှောက်သွားပြီး တောက်ပစွာ ပြုံးပြလိုက်သည်။
" ကျွန်မ ဒီဆုကို ရနိုင်ခဲ့တာ ကျွန်မ တစ်ယောက်တည်းရဲ့ ကြိုးစားအားထုတ်မှု တစ်ခုတည်းကြောင့် မဟုတ်ပါဘူး ၊ ကျွန်မတို့ ရိုက်ကူးရေးအဖွဲ့ထဲက လူတိုင်းရဲ့ ကြိုးစားမှုကြောင့်လည်း ပါ,ပါတယ်။ ဒါက လူတိုင်းရဲ့ ကြိုးစားအားထုတ်မှုကြောင့် ဖြစ်ထွန်းလာတဲ့ ရလဒ် တစ်ခုပါပဲ။ "
" ဒီနေရာမှာ ကျွန်မ လူ တစ်ယောက်ကိုလည်း အထူးတလည် ကျေးဇူးတင်ချင်ပါတယ်။ "
" ကျွန်မ သဘောကျတဲ့ လူလည်း ဖြစ်ပြီး ကျွန်မရဲ့ ချစ်သူလည်း ဖြစ်တဲ့ လင်းဖန်ကိုပါ။ "
ရှားဝမ်ချွေ့က ထိုကဲ့သို့ ပြောလိုက်သောအခါ တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခုလုံး ပွက်လောရိုက်သွားကြသည်။
စင်မြင့်အောက်မှ ပရိသတ်တွေ အကုန်လုံးနဲ့ အနုပညာရှင် တချို့ဆိုလျှင် အော်ပင် အော်ဟစ်ခဲ့ကြသည်။
ရှုယန်က ထိုမြင်ကွင်းကို တိတ်တဆိတ် ကြည့်နေခဲ့ကာ လက်ခုပ်တီးရင်း ပျော်ရွှင်စွာ ပြုံးလိုက်ပါသည်။
စုရှောင်းယွီလည်း ထပ်တူပင်။ သူမ ချိုမြိန်စွာ ပြုံးလိုက်သည်။
ရှားဝမ်ချွေ့သည် သူမ သဘောကျသူဟာ လင်းဖန် ဖြစ်ကြောင်းနဲ့ သူမရဲ့ ချစ်သူကလည်း ဖြစ်ကြောင်း တစ်ကမ္ဘာလုံးကို ပြောပြနေခဲ့သည်။
" ငါ ငိုနေမိပြီ ၊ ငါ ငိုနေမိပြီ။ ချွေ့ချွေ့က ဒီအကြောင်းကို သူမကိုယ်တိုင် ဝန်ခံသွားတာပဲ။ ငါ အားကျလိုက်တာ။ "
" မင်းတို့တွေ ငါတို့ကို ဘယ်လိုတောင် ခွေးစာတွေကို ဒီလိုမျိုး ဗုံးပေါလအော ကျွေးနိုင်ရတာလဲ။ ငါ ဒီနေ့ နောက်တစ်ကြိမ် ထပ်ဗိုက်ပြည့်သွားပြီ။ "
" သေစမ်း ၊ ငါ ဆုပေးပွဲ အခမ်းအနားကို ကြည့်ဖို့ ဒီကို ရောက်လာတာလေ။ ဘယ်လိုလုပ် ငါ့ကို ခွေးစာတွေ အပြည့်အသိပ် ကျွေးနိုင်ရတာလဲ။ ဒါ အဓိပ္ပာယ် မရှိဘူး။ "
" ငါ လင်းဖန်ကို မနာလိုလိုက်တာ။ ရှားဝမ်ချွေ့က သိပ်လှတာပဲ။ ငါသာ လင်းဖန် ဆိုရင် ငါ့ဇနီးလေးပို တစ်သက်လုံး ဖက်ထားပြီး အိမ်ထဲက အိမ်ပြင် ထွက်မှာ မဟုတ်ဘူး ၊ ဟဟ။ "
အော်ဟစ်သံများ အချိန် အတော်ကြာ ဆူညံနေပြီးမှ နောက်ဆုံးမှာ လျော့ပါးသွားခဲ့သည်။
ရှားဝမ်ချွေ့က လင်းဖန်ကို သူမရဲ့ လှပသော မျက်လုံးများဖြင့် ကြည့်လိုက်ကာ သူမရဲ့ ပါးမို့လေးတွေက အနည်းငယ် ရဲနေခဲ့သည်။
" လင်းဖန်သာ မရှိဘူး ဆိုရင် ဒီနေ့ ရပ်တည်နေတဲ့ ကျွန်မ ဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး။ "
" လင်းဖန်နဲ့ ကျွန်မက ဂျူနီယာ အထက်တန်းကျောင်းတုန်းက ထိုင်ခုံဖော်တွေပါ။ ကျွန်မတို့ အတူတူ ကြီးပြင်းလာတယ် ၊ အတူတူ ကျောင်းသွားတယ် ၊ အတူတူ ရင့်ကျက်လာတယ် ၊ ပြီးတော့ ယနေ့တိုင်အောင် အတူတူ လျှောက်လှမ်းလာခဲ့ကြတယ်။ "
" ဟိုးအရင်ကတည်းက ကျွန်မ သဘောကျခဲ့ရတဲ့ လူက လင်းဖန်ပါ။ "
" အခု ကျွန်မဘေးမှာ သူ ရှိနေပြီမို့ ကောင်းမွန်တဲ့ သရုပ်ဆောင်မှုတွေကို ဖျော်ဖြေတင်ဆက်ပေးနိုင်ဖို့ ကျွန်မ အာရုံစိုက်နိုင်ပါပြီ။ "
" ကျွန်မဘေးမှာ သူ ရှိနေတာက ကျွန်မ ဘဝရဲ့ ကံအကောင်းဆုံး အရာပါပဲ။ "
ရှားဝမ်ချွေ့၏ စကားများသည် လင်းဖန်၏ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲထင်သွားလေသည်။
လင်းဖန်က နေရာမှ ထကာ စင်မြင့်ပေါ်သို့ လျှောက်သွားလိုက်သည်။ သူ ရှားဝမ်ချွေ့ကို နူးညံ့စွာ ဖက်လိုက်သည်။
ချစ်သူကောင်မလေး တစ်ယောက်က ချိုချိုသာသာ စကားလေးတွေ ပြောတဲ့ နေရာမှာ ဘယ်လိုလုပ် ဒီလောက်တောင် တော်နေရတာလဲ။
လင်းဖန် သက်ပြင်းရှိုက်လိုက်သည်။ အနာဂတ်ကျ နေ့စဉ်နေ့တိုင်း ထိုအရာကို သူ တောင့်ခံရနိုင်သည်။
ဒီလို လှပတဲ့ ကြောင်မလေးကို သူ တကယ် ကြံ့ကြံ့မခံနိုင်လောက်ပါဘူး။
သို့သော် သူတို့ လက်မထပ်ရသေးသရွေ့ ထိုကိစ္စကို မလုပ်နိုင်သေးပါ။
သူ့မှာ ချစ်သူ မရခင်တုန်းကတော့ လက်မထပ်သေးရင် အတူ နေလို့ မရခြင်းက အတော်လေး နာကျင်စရာကောင်းသည်ဟု လင်းဖန် ခံစားခဲ့ရဖူးသည်။
အခုတော့ သူ့မှာ ချစ်သူကောင်မလေး ရနေပြီ ဖြစ်၍ ထိုအရာက ပိုလို့တောင် နာကျင်စရာကောင်းလာခဲ့သည်။
ကြောင်မလေးဟာ အလွန် တော်ကာ လှပသည်။ သူမက ချိုမြိန်သော စကားများကိုလည်း သူ့ကို နေ့တိုင်း ပြောလေ့ရှိသည်။ ဘယ်သူက အဲ့ဒါကို သည်းခံနိုင်မှာလဲ။
သူသာ သတိကြီးကြီးမထားလျှင် သူ့ဇနီးလေးရဲ့ ဖြားယောင်းမှုအောက်ဝယ် ကျရှုံးသွားရလိမ့်မည်။
လင်းဖန်သည် ရှားဝမ်ချွေ့ကို ဖက်လိုက်ပြီးနောက် သူမကို ပြန်ခေါ်ခဲ့ကာ သူတို့ရဲ့ ထိုင်ခုံတွေဆီ အတူတူ ပြန်လာခဲ့ကြသည်။
သူတို့ နှစ်ယောက် လက်ချင်း ဆုပ်ကိုင်ထားကြလျက် တစ်ယောက်ကို တစ်ယောက် ကြည့်နေမိသည်။
" ချိုမြိန်လိုက်တာ။ ငါ မျက်ရည်မိုးတွေ ရွာနေပြီ။ ဒီလောက် ချိုမြိန်တဲ့ ချစ်ခြင်းတရားမျိုး ဘယ်လိုလုပ် ရှိနေနိုင်ရတာလဲ။ "
" လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ဘယ်အချိန်မှ လက်ထပ်ကြမှာလဲ။ ရှားဝမ်ချွေ့က လင်းဖန်ကို ဟိုးအရင်ကတည်းက သဘောကျလာခဲ့တယ် ဆိုတာ ငါ သိသားပဲ။ မဟုတ်ရင် သူမက အကြင်နာပေးခန်းတွေကို လက်မခံစရာ အကြောင်း မရှိဘူးလေ။ "
" သောက်ကျိုးနည်း ၊ ငါလည်း လင်းဖန်လို ရုပ်ချောတဲ့ ကောင်လေး လိုချင်တယ်။ လင်းဖန်ကို ကြည့်နေရုံနဲ့တင် ငါ အိမ်သာထဲ သွားချင်လာတယ်။ "
ဆုများကို ချီးမြှင့်ပြီးနောက် အစီအစဉ်တင်ဆက်သူသည် ပြုံးလိုက်သည်။
" ကျွန်တော်တို့ နောက်ထပ် လာမယ့် ဆုတွေကို လူ တစ်ယောက်ချင်းစီကို ချီးမြှင့်ပေးတော့မှာ မဟုတ်ပါဘူး။ "
" ဘာလို့ နောက်ထပ် ချီးမြှင့်မယ့် ဆုတွေ အားလုံးက လူ တစ်ယောက်တည်းနဲ့ သက်ဆိုင်တာမို့ပါ။ "
" ယခုနှစ် တစ်နှစ်တာအတွင်း အကောင်းဆုံး ဒရာမာရဲ့ နောက်ဆုံး ရလဒ်တွေက ကျွန်တော့်လက်ထဲ ရောက်နေပါပြီ။ မရေမတွက်နိုင်တဲ့ ကြည့်ရှုသူတွေ အသိအမှတ်ပြုပေးတဲ့ ရုပ်သံဒရာမာ တစ်ခုတည်းကပဲ တစ်နှစ်တာအတွင်း အကောင်းဆုံး ဒရာမာ ဖြစ်လာနိုင်မှာပါ။ "
" တစ်နှစ်တာအတွင်း အကောင်းဆုံး ရုပ်သံဒရာမာ ဆိုတာ ကျော်ကြားမှုအပေါ်မှာပဲ မူတည်နေတာမျိုး မဟုတ်ပါဘူး။ ဒီဒရာမာရဲ့ ပေးချင်တဲ့ မက်ဆေ့ခ်ျတွေနဲ့ အမှား အမှန် အခြေခံသဘောတရားတွေ ၊ လူမှုပတ်ဝန်းကျင်အပေါ် သက်ရောက်မှုနဲ့ ခေတ်စနစ် တစ်ခုလုံအပေါ်မှာ ရှိနေတဲ့ ဒီဒရာမာရဲ့ လွှမ်းမိုးမှုတွေအပေါ်မှာလည်း မူတည်ပါတယ်။ " ဟု အစီအစဉ်တင်ဆက်သူက ပြောလိုက်သည်။
အစီအစဉ်တင်ဆက်သူ၏ စကား ဆုံးသွားသည်နှင့် လူ များစွာက စတင် ဆွေးနွေးခဲ့ကြသည်။
ပြောရရင် " ဘဝရဲ့ ပျော်ရွှင်မှု " နဲ့ " ဓားနှင့်နတ်သမီး ဒဏ္ဍာရီ " တို့သည် ကျော်ကြားနေပြီးသားပင်။
သို့သော်လည်း အင်တာနက် တစ်ခုလုံးရဲ့ ကြည့်ရှုသူစံချိန်ကို ချိုးသွားခဲ့တဲ့ " ကြယ်ဥယျာဉ် " ကိုလည်း မေ့ထားလို့ မရပေ။ လင်းခယ့်ရှင်း သရုပ်ဆောင်ထားသော ထိုဒရာမာကလည်း အလွန် ကျော်ကြားနေဆဲ ဖြစ်သည်။
ထို့ပြင် ရွှေလင်းယုန် ဆုပေးပွဲသည် ဘယ်သူ့ကို တစ်နှစ်တာအတွင်း အကောင်းဆုံး ရုပ်သံဒရာမာ ဆု ချီးမြှင့်ရမလဲ ဆိုတာ မဆုံးဖြတ်မီ တစ်နှစ်လုံး ထွက်ရှိခဲ့သော ရုပ်သံဒရာမာများကို အကဲဖြတ်လေ့ရှိသည်။
ယခုနှစ်တွင် အပြုသဘောဆောင်သော သဘောထားနှင့် တရုတ်ရိုးရာယဉ်ကျေးမှုကို အားပေးမြှင့်တင်ခဲ့သော လက်ရာမြောက် ဒရာမာများစွာလည်း ရှိနေသည်။ ထိုဒရာမာတွေမှာလည်း လွှမ်းမိုးမှု အများကြီး ရှိနေပါသည်။ ကြည့်ရှုနှုန်း Rating တွေက ' ဓားနှင့်နတ်သမီး ဒဏ္ဍာရီ ' လောက် မကောင်းသော်လည်း ရွှေလင်းယုန် နှစ်ပတ်လည် ဆုပေးပွဲသည် အကျော်ကြားဆုံး ရုပ်သံဒရာမာကို ရွေးချယ်တာ အလွန် ရှားသည်။
ထို့ကြောင့် မည်သည့် ရုပ်သံဒရာမာမဆို တစ်နှစ်တာအတွင်း အကောင်းဆုံး ဒရာမာ ဖြစ်လာနိုင်သည်။
ထိုဆုက ဆုရရှိသည့် ရုပ်သံဒရာမာ အတွက် တရားဝင် အသိအမှတ်ပြုခံရခြင်း ဖြစ်လိမ့်မည်။
ထိုဆုက ရုပ်သံဒရာမာ တစ်ခု ရနိုင်သော အမြင့်မားဆုံး ဂုဏ်ကျက်သရေလည်း ဖြစ်လိမ့်သည်။
" ငါတော့ ကြယ်ဥယျာဉ်မှာ အခွင့်အရေး ရှိတယ်လို့ ထင်တယ်။ "
" ဟင့်အင်း။ ငါကတော့ ဒီနှစ် အစပိုင်းတုန်းက ရိုက်ကူးခဲ့တဲ့ ရုပ်သံဒရာမာကို ဆုရမယ်လို့ ထင်နေတယ်။ အဲ့ဒရာမာ နာမည်က ' နှင်းကျားသစ် ကွန်မန်ဒိုတပ်ဖွဲ့ ' တဲ့။ အဲ့ဒါက တကယ့်ကို အပြုသဘောဆောင်ပြီးတော့ ရိုက်ကူးရေးက ငါတို့ နိုင်ငံနဲ့လည်း တော်တော်လေး ဆက်စပ်နေတယ်။ ဒရာမာ ထွက်ခါစတုန်းက သူလည်း အရမ်း နာမည်ကြီးခဲ့တာ။ "
" ဝါရင့်သမ္ဘာရင့် သရုပ်ဆောင်တွေ သရုပ်ဆောင်ထားတဲ့ ' တိုင်းပြည်ကောင်း ၁၉၄၉ ' ဆိုတဲ့ ဒရာမာ တစ်ခုလည်း ရှိတယ်။ အဲ့ဒရာမာလည်း တော်တော် ကောင်းတယ်။ "
" မင်းတို့ အားလုံး မေ့နေကြပြီလား။ ဒီနှစ် အရမ်း နာမည်ကြီးတဲ့ တခြား ရုပ်သံဒရာမာ တစ်ခုလည်း ရှိတယ်လေ။ နာမည်ကြီး ဝတ္ထု ၄ ပိုဒ်ထဲက တစ်ပိုဒ် ဖြစ်တဲ့ ' သုံးနိုင်ငံ၏ ချစ်ပုံပြင် ' ဆိုတဲ့ ဝတ္ထုကို လူ တစ်ယောက်က ပြန်လည် ဖန်တီးခဲ့တာ ၊ ပြီးတော့ ချီးကျူးမှုတွေလည်း တစ်ခဲနက် ရရှိခဲ့တယ်။ နှစ်အစပိုင်းလောက်တုန်းက အဲ့ဒရာမာက ဆုတွေ အများကြီး ရခဲ့တာကို ငါ မှတ်မိနေတယ်။ "
" ဒီလိုသာ ဆိုရင် ' ဓားနှင့်နတ်သမီး ဒဏ္ဍာရီ ' အတွက် ရွေးချယ်ခံရဖို့ တော်တော် လွယ်မှာ မဟုတ်ဘူးနော်။ ကြည့်ရှုနှုန်း မြင့်ပေမဲ့ တာဝန်ရှိသူတွေ ဘယ်လို အကဲဖြတ်မလဲ ဆိုတာ ဘယ်သူ သိမှာလဲ။ "
လူတိုင်း စဉ်းစားရခက်လျက် ခန့်မှန်းနေစဉ်မှာပဲ အစီအစဉ်တင်ဆက်သယ၏ စကားသံ ထွက်ပေါ်လာသည်။
" ၂၀၂၀ ခုနှစ်မှာ လက်ရောမြောက်တဲ့ ရုပ်သံဒရာမာတွေ အများကြီး ပေါ်ပေါက်ခဲ့ပါတယ်။ ရုပ်သံဒရာမာတိုင်းဟာလည်း ပရိသတ်တွေဆီက သုံးသပ်ချက်ကောင်းတွေ အများကြီးကို လက်ခံရရှိခဲ့ပါတယ်။ "
" ဒါပေမဲ့ … တရုတ်နိုင်ငံရဲ့ နှစ် ၃၀ နီးပါး တည်မြဲနေခဲ့တဲ့ သမိုင်းဝင် ကြည့်ရှုနှုန်း Rating ကို ချိုးခဲ့တဲ့ ရုပ်သံဒရာမာ တစ်ခု ရှိပါတယ်။ "
" မတူညီတဲ့ ဘာသာစကား တစ်မျိုးနဲ့ ပြောင်းလဲ အသံသွင်းတာ ၊ ဒါရိုက်တာ စီမံညွှန်ကြားတာ ၊ ထုတ်လုပ်ရေး ၊ ဇာတ်လမ်း ၊ ပရိသတ်တွေကို ပေးချင်တဲ့ မက်ဆေ့ခ်ျ ၊ ပြီးတော့ ဒီရုပ်သံဇာတ်လမ်းထဲမှာ ထင်ဟပ်နေတဲ့ ဘဝဒဿနတွေ အားလုံးဟာ ထိပ်တန်းအဆင့်ပါ။ "
" ဒီရုပ်သံဒရာမာရဲ့ သရုပ်ဆောင်တွေကလည်း အလွန် အရည်အချင်းရှိကြပါတယ်။ အကုန်လုံးရဲ့ ကြိုးစားအားထုတ်မှုကြောင့် ဒီလို ရုပ်သံဒရာမာ တစ်ခု ထွက်ပေါ်လာနိုင်တာပါ။ "
" ရွှေလင်းယုန် ဆုပေးပွဲရဲ့ ရလဒ်တွေ အရ အဲ့ဒီဒရာမာကို ကျွန်တော် တရားဝင် ကြေညာပေးပါ့မယ်။ ၂၀၂၀ ခုနှစ် အတွက် တစ်နှစ်တာ အတွင်း အကောင်းဆုံး ရုပ်သံဒရာမာကတော့ … "
" ဓားနှင့်နတ်သမီး ဒဏ္ဍာရီပဲ ဖြစ်ပါတယ်။ "