← Chapters

ငရဲမီးဓားဆန္ဒ

Vol. 25 Ch. 335

ငရဲမီးဓားဆန္ဒ

Vol. 25 Ch. 335

မရေမတွက်နိုင်တဲ့ ကြက်သွေးရောင် မီးလျှံစီးကြောင်းတွေက  လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲကို စီးဝင်လျက် ရှိနေပါတယ်။ သူ့ရဲ့ ကျင့်ကြံမှုကလည်း ကောင်းကင်နယ်ပယ် အဆင့်၁မှာ အခြေကျ သွားခဲ့ပြီလေ။

ဒါပေမဲ့လည်း သူ့ရဲ့ အဆင့်တက်မှုက ပြီးမြောက်သွားပုံ မရသေးပါဘူး။ လီဖူချန်းက အဆင့်တက်မှုက ဆက်ပြီး ဖြစ်ပေါ် နေပါသေးတယ်။ သူ့ရဲ့ မျက်ခုံး နှစ်ခုကြားက နဖူးပြင်မှာလည်း အစစ်အမှန် နဂါးအမှတ်အသား တစ်ခု ဖြစ်တည်လာခဲ့ပါပြီ။ အဲဒီနဂါး အမှတ်အသားက  ထူးဆန်းတဲ့ အလင်းရောင်တွေကို ဖြာထွက်စေပြီး လီဖူချန်းရဲ့ အဆင့်တက်မှုကို အဓိက အထောက်အပံ့ ပေးနေပုံပင်။

ရှဲ ... ရှဲ ... ရှဲ ...

အပူချိန်တွေကတော့ လုံးဝကို ယုတ်လျော့မသွားဘဲ  ပိုပိုပြီးတော့သာ  မြင့်တက် လာနေပါတယ်။

လီဖူချန်းနဲ့ ၁၀မိုင် ပတ်လည် အတွင်းမှာတော့ ကြက်သွေးရောင် ကမ္ဘာကြီးကို ဖြစ်လို့နေပါပြီ။ ကောင်းကင်နဲ့ မြေကြီးကြားမှာ ရှိသမျှ စွမ်းအင်တွေက လီဖူချန်းထံသို့သာ တိုးဝင်နေပါတယ်။ လီဖူချန်းရဲ့ ခန္ဓာကိုယ်ကလည်း တိုးဝင်လာသမျှ စွမ်းအင်တွေကို  အားပါးတရကို စုပ်ယူနေဆဲပါပဲ။

ဒါပေမဲ့လည်း  လီဖူချန်းကတော့ အတော်လေးကို စိတ်အလိုမကျ ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သည်နေရာမှာရှိနေတဲ့ ကောင်းကင်နဲ့ မြေကြီး စွမ်းအင်တွေက အတော်လေးကို ပါးလျနေလို့ပါပဲ။ သည်နေရာက စွမ်းအင်တွေဟာ ကြယ်ကံကြမ္မာ တောင်ထိပ်က စွမ်းအင်တွေကို ယှဉ်လို့ မရပါဘူး။

လီဖူချန်းက အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးတွေကို ထုတ်ယူပြီး ဝိညာဉ်ချီတွေကို စတင် စုပ်ယူလိုက်ပါတယ်။

ကောင်းကင်နယ်ပယ် အဆင့်၁ နောက်ပိုင်းအဆင့် ...  ...

ကောင်းကင်နယ်ပယ် အဆင့်၁ အထွတ်အထိပ်အဆင့် ...  ...

ကောင်းကင်နယ်ပယ် အဆင့်၂ ...

ကောင်းကင်နယ်ပယ် အဆင့်၂ အထွတ်အထိပ်အဆင့် ...  ...

ကောင်းကင်နယ်ပယ် အဆင့်၃  ...  ...

လီဖူချန်းက အဆင့်တက်မှုကတော့ လုံးဝကို ရပ်တန့်သွားခြင်း မရှိပါဘူး။ သူ့ရဲ့ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးတွေကလည်း တစ်တုံးပြီးတစ်တုံး စုပ်ယူ ခံနေရပါတယ်။

အကယ်၍ သာမန် အဆင့်နိမ့် ကောင်းကင်နယ်ပယ် ပညာရှင်တစ်ယောက် ဆိုရင်တော့ ဒီအဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးကို သုံးလနီးပါး စုပ်ယူရမှာပါ။  ဒါပေမဲ့လည်း အဆင့်တက် နေတဲ့ လီဖူချန်းကတော့ တစ်ခဏ အတွင်းမှာပင်  အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးကို ကုန်စင်အောင် စုပ်ယူ နေနိုင်ပါတယ်။

အဲဒီအချင်းအရာကို ကြည့်ချင်းအားဖြင့် လီဖူချန်းရဲ့ စွမ်းအင်ပင်လယ် ဗဟိုချက်မထဲမှာ  လိုအပ်နေတဲ့ စွမ်းအင်ပမာဏကို ခန့်မှန်းနိုင်ပါတယ်။

ဒါက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံး၊ နှစ်တုံးနဲ့ ပြီးသွားမယ့် အရာမျိုး မဟုတ်ပါဘူး။

အစောပိုင်း တုန်းကတော့ အိုးရန်ဝမ်းထင်က အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး အချို့ကို လီဖူချန်းထံသို့ ပစ်ပေးဖို့ စဉ်းစား လိုက်ပါသေးတယ်။ ဒါပေမဲ့လည်း လီဖူချန်းတစ်ယောက်  သူ့ရဲ့ သိုလှောင်အိတ် ထဲကနေ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးတွေ ထုတ်ယူနေတာကို  မြင်လိုက်ရတဲ့ အချိန်မှာတော့  အိုးရန်ဝမ်းထင်က ဝင်ပြီး  မနှောင့်ယှက်တော့ပါဘူး။

သူက လီဖူချန်း အဆင့်တက်တဲ့ ဖြစ်စဉ် ပြီးမှသာ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးတွေ ချီးမြှင့်ဖို့ စဉ်းစားလိုက်ပါတယ်။

ကောင်းကင်နယ်ပယ် အဆင့်၃ အထွတ်အထိပ် ...

ကောင်းကင်နယ်ပယ်  အဆင့်၄  ...  ...

ဝုန်း ...

လီဖူချန်းရဲ့ ခန္ဓာကိုယ်ပေါ်မှာတော့ ကြက်သွေးရောင် နေတစ်စင်း ဖြစ်တည် လာခဲ့ပါပြီ။  တောက်ပပြီး ပူပြင်းတဲ့ ရောင်ခြည်တွေက  ကောင်းကင်ဘုံသို့ တိုင်အောင် လောင်ကျွမ်း သွားတော့မည့် ပုံပင်။

" ကောင်းကင်နယ်ပယ် အဆင့်၄ကို တိုက်ရိုက် အဆင့်တက် သွားတာလား ...။ ဒီကောင်လေးက  ဒီဘက်ရာစုနှစ်ပိုင်းမှာ အစွမ်းအထက်ဆုံး ကြယ်ဘုရင် ဆိုတဲ့ဘွဲ့နဲ့ ထိုက်ထန် ပါပေတယ် ... "

အိုးရန်ဝမ်းထင်က ခပ်တိုးတိုး ရေရွတ် လိုက်ပါတယ်။

အဆင့်တွေ ပိုပြီး တက်လာလေလေ  လီဖူချန်းရဲ့ ပြန်လည် ဝင်စားခြင်း နယ်ပယ်သို့ ချိုးဖောက် ဝင်ရောက်နိုင်တဲ့  အခွင့်အရေးက ပိုများ လာလေလေပါပဲ။ ဒီအတိုင်းဆိုရင်တော့ လီဖူချန်းဟာ သမိုင်းတစ်လျှောက်မှာ  ကြယ်၁ပွင့် အရိုး တည်ဆောက်ပုံနဲ့  ပြန်လည်ဝင်စားခြင်း နယ်ပယ်သို့ ချိုးဖောက်ဝင်ရောက်နိုင်တဲ့ ပထမဦးဆုံးသော လူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။

လီဖူချန်းရဲ့ ကျင့်ကြံခြင်းက ကောင်းကင်နယ်ပယ် အဆင့်၄ကို ရောက်အပြီးမှာတော့ သူ့ရဲ့ ခန္ဓာကိုယ်ဟာ လေထဲကို တဖြည်းဖြည်း မြှောက်တက် လာခဲ့ပါပြီ။  မိုးပြာရောင်ဂိုဏ်းရဲ့ ကောင်းကင် ထက်မှာတော့ နောက်ထပ် နေတစ်စင်း ထွက်ပေါ်လာခဲ့သလိုပါပဲ။

တိုက်ရိုက်တပည့် နယ်မြေ၊ အတွင်းစည်း တပည့်နယ်မြေနဲ့  အပြင်စည်းဂိုဏ်းက အပြင်စည်း နယ်မြေထဲမှာ ရှိနေတဲ့  တပည့်တွေ အားလုံးဟာ ကောင်းကင်ပေါ်ကိုသာ မော့ကြည့် နေကြပါပြီ။

" အား ... ပါး ... ပါး ... "

သူတို့ရဲ့ ပါးစပ်ထဲက ထွက်လာတဲ့ အာမေဍိတ်သံတွေကတော့ ထပ်တူညီလွန်း နေပါတယ်။ သူတို့ရဲ့ မျက်နှာတွေ ပေါ်မှာတော့ မနာလိုခြင်း၊ လေးစား အားကျခြင်း၊ အံ့သြတုန်လှုပ်ခြင်း စတဲ့ စိတ်ခံစားမှု အမျိုးမျိုး ဖြစ်ပေါ်နေတယ်လေ။

နောက်ဆုံးမှာတော့ ကြက်သွေးရောင် နေကြီးဟာ တဖြည်းဖြည်းနဲ့ လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲကို ဝင်သွားခဲ့ပါပြီ။ လီဖူချန်းရဲ့ အဆင့်တက်ခြင်း ဖြစ်စဉ်ကလည်း ပြီးဆုံးသွားပုံပါပဲ။

လီဖူချန်းရဲ့ ကျင့်ကြံခြင်းဟာ ကောင်းကင်နယ်ပယ် အဆင့်၄ ကနဦးအဆင့်မှာတောင် မဟုတ်ပါဘူး။ သူ့ရဲ့ ကျင့်ကြံခြင်းက ကောင်းကင်နယ်ပယ် အဆင့်၄ရဲ့ အလယ်အလတ်ကိုတောင် ရောက်ရှိ သွားခဲ့တာပါ။

အခုချိန်မှာတော့ ဂိုဏ်းတော်ရဲ့ တပည့် အမြောက်အများဟာ လီဖူချန်းရဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်း  မြင်လိုက်ရပါပြီ။

" အိုး ... အဲဒါက  အစ်ကိုလီကွ  ...  "

" အသက်၂၁နှစ် အရွယ် ကောင်းကင်နယ်ပယ် ပညာရှင်။ သည်စံချိန်ကို ချိူးဖျက်နိုင်ဖို့က မဖြစ်နိုင်သလောက်ပဲ "

တိုက်ရိုက်တပည့် နယ်မြေအတွင်းမှာ ရှိနေတဲ့ တိုက်ရိုက် တပည့်တွေကတော့  စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေး နေကြပါပြီ။

လီဖူချန်းကို သိတဲ့ တိုက်ရိုက် တပည့်တွေကတော့ စိတ်ခံစားချက် အမျိုးမျိုးကို ခံစားနေရပါတယ်။ အချို့ကတော့ ပျော်ရွှင်နေပြီး အချို့ကတော့ စိတ်ဓာတ် ကျနေကြပါတယ်။ လီဖူချန်းကို လေးစားအားကျတဲ့ တိုက်ရိုက် တပည့်တွေလည်း  ပေါ်လာကြပါပြီ။

လီဖူချန်းကတော့ အဲဒီအသံတွေကို ကြားပုံမရပါဘူး။ သူက မျက်လုံးတွေ မှိတ်ပြီးသာ ရှိနေပါသေးတယ်။ သူ့ကို ကြည့်ရတာက သူ့ရဲ့ ခန္ဓာကိုယ် အတွင်းမှာရှိတဲ့ စွမ်းအားတွေနဲ့ အသားကျအောင် ကြိုးစားနေပုံပါပဲ။

အခုဆိုရင် လီဖူချန်းဟာ  ကောင်းကင်နယ်ပယ် အဆင့်၄ကို ရောက်သွားပြီ ဖြစ်တဲ့အတွက်  သူ့ရဲ့ ချီအတွင်းအား ပမာဏတွေက ဆယ်ဆမက တိုးပွားလာခဲ့ပါပြီ။ သူ့ရဲ့ ချီအတွင်းအား အရည်အသွေးကလည်း အဆပေါင်း များစွာ သန့်စင်လာခဲ့ပါတယ်။

' ငါ့ရဲ့ လက်ရှိ သာမန်တိုက်ခိုက်မှုက  လွန်ခဲ့တဲ့ တစ်လတုန်းက ငါ့ရဲ့ အားကုန် တိုက်ခိုက်မှု ထက်တောင်မှ  အများကြီး အားကောင်း လာလောက်တယ်။ ဝှက်ဖဲတွေကို မသုံးဘဲနဲ့ ငါ့ရဲ့ နဂိုမူလ စွမ်းရည်ကို စမ်းသပ်ဖို့ အချိန်ကျပြီ။ '

ထို့နောက်မှာတော့ လီဖူချန်းက သူ့ရဲ့ မျက်လုံးတွေကို ဖွင့်လိုက် ပါတော့တယ်။ သူမျက်လုံး ဖွင့်လိုက်တာနဲ့ ပထမဆုံး မြင်လိုက်ရသူကတော့ အိုးရန်ဝမ်းထင်ပါပဲ။

" ဂိုဏ်းချုပ် "

လီဖူချန်းက လက်နှစ်ဖက်ဆုပ်ကာ အရိုအသေ ပေးလိုက်ပါတယ်။

အိုးရန်ဝမ်းထင်က ပြုံးလိုက်ပြီး

" လီဖူချန်း ...။ မင်းက ငါထင်ထားတာထက်တောင်  အများကြီး ပိုထူးချွန်တာပဲ။ ရော့ ...  ဒီဝိညာဉ်ကျောက်တုံးတွေက မင်းကို ဂိုဏ်းတော်က ချီးမြှင့်တာ ... "

အိုးရန်ဝမ်းထင်က အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀ပါဝင်တဲ့ သိုလှောင်အိတ် တစ်ခုကို လီဖူချန်းထံ ပစ်ပေး လိုက်ပါတယ်။ အိုးရန်ဝမ်းထင်က ကောင်းကင် နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်နိုင်တဲ့ အခြားမည်သူ့ကိုမှ  ဒီလောက်များတဲ့ ဝိညာဉ် ကျောက်တုံးတွေ မချီးမြှင့်ခဲ့ ဖူးပါဘူး။

" ကျေးဇူးတင်ပါတယ်  ဂိုဏ်းချုပ်ကြီး ... "

လီဖူချန်းကလည်း ငြင်းဆန်ခြင်း မရှိဘဲ သိုလှောင်အိတ်ကို လက်ခံလိုက်ပါတယ်။

အဆင့်တက်တဲ့ ဖြစ်စဉ်တုန်းက ကုန်ဆုံးသွားခဲ့တဲ့ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး အရေအတွက်ဟာ ၁၀၀နီးပါးပင် ရှိနေခဲ့တာ မဟုတ်ပါလား။ အဲဒီတုန်းကတော့ လီဖူချန်းဟာ အဆင့်တက်ဖို့ လိုနေတဲ့အတွက် ရင်နာနာနဲ့ ဝိညာဉ် ကျောက်တုံးတွေကို စုပ်ယူခဲ့ရတာပါ။

" မင်းက ကောင်းကင် နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်နိုင်ခဲ့ပြီ ဆိုတော့ ငါ့ဘက်ကလည်း ငါပေးထားတဲ့ ကတိကို တည်ရတော့မှာပေါ့။ ငါကမင်းကို မူလဘူတဓား လျှို့ဝှက်နည်းစနစ်ကို လေ့ကျင့်ခွင့် ပေးမယ်"

လီဖူချန်းတစ်ယောက် နံပါတ်တစ် ကြယ်ဘုရင် ဖြစ်လာတုန်းက အိုးရန်ဝမ်းထင်ဟာ လီဖူချန်းကို ကတိတစ်ခု ပေးဖူးပါတယ်။ အဲဒါကတော့ အကယ်၍ လီဖူချန်းသာ ကောင်းကင် နယ်ပယ်ကို ချိုးဖောက် ဝင်ရောက် နိုင်ခဲ့မယ်ဆိုရင် ဂိုဏ်းတော်က ဆုကြီးကြီးတစ်ခု ပေးမယ် ဆိုပြီးတော့ပေါ့။ အဲဒီ အချိန်ကတည်းက အိုးရန်ဝမ်းထင်ဟာ လီဖူချန်းကို မူလဘူတဓား လျှို့ဝှက် နည်းစနစ်ကို  လေ့ကျင့်ခွင့် ပေးဖို့ စဉ်းစားထားပြီးသားပါပဲ။

လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှုနဲ့ ဆိုရင်တော့ သူဟာ အချိန်တို အတွင်းမှာပဲ မူလဘူတဓား လျှို့ဝှက် နည်းစနစ်ကို အောင်မြင်သွားမှာ ဖြစ်ပါတယ်။ အဲဒီလို ဆိုရင်တော့ လီဖူချန်းဟာ သူ့ကိုယ်သူ ပိုပြီးတော့ ကာကွယ်နိုင်စွမ်း ရှိလာမှာ အမှန်ပါပဲ။

အိုးရန်ဝမ်းထင်ရဲ့ စကားကို ကြားအပြီးမှာတော့ လီဖူချန်းဟာ သွားအဖြီးသား ဖြစ်သွားခဲ့ပါပြီ။

သူက ဒီမူလဘူတဓား လျှို့ဝှက်နည်းစနစ်ကို လိုချင်နေတာ အတော်ကြာနေပြီ မဟုတ်ပါလား။

ဒါပေမဲ့ သည်ကြယ်၅ပွင့် လျှို့ဝှက်နည်းစနစ်ဟာ အခြားသော လျှို့ဝှက်နည်း စနစ်တွေနဲ့ မတူပါဘူး။ မူလဘူတဓားကို ထုတ်သုံးဖို့ ဆိုရင် များပြားလှတဲ့  ချီအတွင်းအား ပမာဏနဲ့  သန့်စင်တဲ့ ချီအတွင်းအား အရည်အသွေးတွေကို လိုအပ်ပါတယ်။

အဲဒီအတွက် လီဖူချန်းဟာ ကောင်းကင် နယ်ပယ်ကို မရောက်သေးဘဲနဲ့တော့  ဒီနည်းစနစ်ကို  လေ့ကျင့်ခွင့် ရဖို့အတွက် သိပ်ပြီး အသည်းအသန် ဖြစ်မနေတာပါ။

" နောက်ထပ် နှစ်ပတ်ကြာရင် ငါ့ကို လာရှာလိုက် ... "

အိုးရန်ဝမ်းထင်က လီဖူချန်းကို အလောတကြီး မဖြစ်စေချင်ပါဘူး။ လီဖူချန်းက အခုမှ ကောင်းကင် နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်ထားတာလေ။ လီဖူချန်းအနေနဲ့ ကောင်းကင် နယ်ပယ်မှာ အသားကျသွားပြီးမှ  မူလဘူတဓား လျှို့ဝှက်နည်း စနစ်ကို လေ့ကျင့်တာ ပိုကောင်း လိမ့်မယ်လို့ အိုးရန်ဝမ်းထင်က ယူဆထားပါတယ်။

" နားလည်ပါပြီ ဂိုဏ်းချုပ်ကြီး "

လီဖူချန်းကလည်း  ချက်ဆိုရင် နားခွက်ကနေ မီးထတောက်တဲ့ လူအမျိုးအစား ထဲကပါပဲ။ သူက အိုးရန်ဝမ်းထင်ရဲ့ သဘောထားကို ကောင်းကောင်းကြီး နားလည်ပါတယ်။

********

ကောင်းကင်နယ်ပယ် ပညာရှင် ဖြစ်သွားတဲ့ လီဖူချန်းဟာ ကိုယ်ပိုင် တောင်တစ်လုံးကို ပိုင်ဆိုင် သွားခဲ့ပါပြီ။ သိပ်မကြာခင်မှာပဲ ဂိုဏ်းတော်ဟာ လီဖူချန်းအတွက် အထူးကောင်းမွန်တဲ့ အိမ်တော် တစ်ခုကို တောက်ထိပ်ပေါ်မှာ ဆောက်ပေး လိုက်ပါသေးတယ်။

နောက်ထပ်သုံးရက် အကြာမှာတော့ လီဖူချန်းဟာ ကောင်းကင်နယ်ပယ် အဆင့်၄နဲ့ အကျွမ်းတဝင် ဖြစ်သွားခဲ့ပါပြီ။

လက်ရှိလီဖူချန်းဟာ ဝှက်ဖဲတွေ ထုတ်မသုံးဘဲနဲ့ တောင်မှ ကောင်းကင်နယ်ကယ် အဆင့်၆ ပညာရှင်ကို ယှဉ်ပြိုင် တိုက်ခိုက် နိုင်ပါတယ်။ အကယ်၍ လီဖူချန်းဟာ သန့်စင်သော ယန်အဖိုဓာတ် ချီအတွင်းအား လျှို့ဝှက် နည်းစနစ်ကို ထုတ်သုံးမယ် ဆိုရင်တော့ဖြင့် ကောင်းကင်နယ်ပယ် အဆင့်၇ ပညာရှင်ကိုတောင် လက်ရည်တူ ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။

- ဓားကျောက်စာတိုင်ချိုင့်ဝှမ်း -

ယနေ့မှာတော့ ဓားကျောက်စာတိုင် ချိုင့်ဝှမ်းမှာ  ထူးဆန်းတဲ့ အဖြစ်အပျက် တစ်ခု ဖြစ်ပေါ် လာခဲ့ပါတယ်။ အဲဒါကတော့  အလွန်အမင်းကို ပူပြင်းလှတဲ့  ဓားဆန္ဒတစ်ခုဟာ ကောင်းကင်သို့ တိုင်အောင် တစ်ဟုန်ထိုး ထိုးတက် သွားခဲ့တာပါပဲ။

အဲဒီဓားဆန္ဒ ထွက်ပေါ်လာပြီးတဲ့ နောက်မှာတော့ ဓားကျောက်စာတိုက် ချိုင့်ဝှမ်းမှာ ဓားပညာ လေ့လာ ဆည်းပူးနေကြတဲ့ တိုက်ရိုက်တပည့်တွေနဲ့ အတွင်းစည်း အကြီးအကဲတွေဟာ သူတို့ရဲ့ လေ့ကျင့်နေမှုကို ရပ်လိုက်ပါပြီ။

" အဲ ... အဲဒါက ...  ငရဲမီး ဓားဆန္ဒ မဟုတ်ဘူးလား ... "

အတွင်းစည်း အကြီးအကဲ တစ်ယောက်ကတော့ အထစ်ထစ် အငေါ့ငေါ့ဖြင့် ရေရွတ် လိုက်ပါတယ်။

ဆန်းကြယ် အထွတ်အထိပ်အဆင့် ဓားသိုင်းတွေဆိုတာက  လွယ်လွယ်နဲ့ လေ့ကျင့်လို့ရတဲ့ ဓားသိုင်းတွေ မဟုတ်ပါဘူး။ ဒီဓားသိုင်းတွေက အလွန်အမင်းကို လေ့ကျင့်ရ ခက်ခဲတဲ့ ဓားသိုင်းတွေပါ။ မိုးပြာရောင် ဂိုဏ်းရဲ့ အတွင်းစည်း အကြီးအကဲတွေ ထဲမှာတောင်မှ အများစုဟာ   တတ်သိ နားလည်ခြင်း အဆင့်အထိသာ လေ့ကျင့်နိုင်တာ ဖြစ်ပါတယ်။ ကျင့်ကြံခြင်း အဆင့်မြင့်တဲ့ အချို့သော အတွင်းစည်း အကြီးအကဲတွေသာလျှင် အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်အထိ လေ့ကျင့်နိုင်တာပါ။ ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒကို နားလည် အသုံးပြုန်ုင်တဲ့ အတွင်းစည်း အကြီးအကဲ တွေကတော့ လက်ငါးချောင်း မပြည့်ပါဘူး။ အကြီးအကဲ ခေါင်ချုပ် ဇောင်ဝူကျင်းကတော့ ဆန်းကြယ်အဆင့်မြင့် ဓားဆန္ဒကို နားလည် အသုံးပြုနိုင်တဲ့ အတွင်းစည်း အကြီးအကဲ အနည်းငယ်ထဲက တစ်ယာက်ပါပဲ။ ဒါပေမဲ့ ဇောင်ဝူကျင်းရဲ့ ဓားဆန္ဒက မိုးပြာရောင် ရေစက် ဓားဆန္ဒ ဖြစ်ပါတယ်။

" ငါထင်ထားခဲ့သလိုပဲ။ ကောင်းကင် နယ်ပယ်ပညာရှင် ဖြစ်သွားတာနဲ့ ငါ့ရဲ့ ဓားပညာက အလျင်အမြန်ကို  တိုးတက် သွားတာပါလား။ ငါက ဒီငရဲမီး ဓားဆန္ဒကို နားလည် အသုံးပြုနိုင်ဖို့ အတွက် သိပ်ပြီးတော့တောင် အားမစိုက်လိုက်ရဘူး ... "

ဓားကျောက်စာတိုင် ချိုင့်ဝှမ်းရဲ့ အတွင်းပိုင်း တစ်နေရာမှာ ပြုံးဖြီးဖြီးနဲ့ ရှိနေသူကတော့  လီဖူချန်းပါပဲ။

ငရဲမီး ဓားဆန္ဒနဲ့ ဆိုရင်တော့ သူ့ရဲ့ စွမ်းရည်က နောက်ထပ် တစ်ဆင့်ကို တက်သွားပြီလို့တောင် ဆိုနိုင်နေပါပြီ။

နောက်ထက်သုံးရက် အကြာမှာတော့ လီဖူချန်းဟာ လျှို့ဝှက် ကောင်းကင်ဘုံ ဓားဆန္ဒကိုတောင် နားလည် အသုံးပြုသွား နိုင်ပြန်ပါတယ်။

ကောင်းကင် နယ်ပယ်ကို ရောက်သွားတဲ့ လီဖူချန်းရဲ့ ထိုးထွင်း သိမြင်မှုကတော့ တကယ့်ကို ကြောက်စရာပါပဲ။ လီဖူချန်းက သူ့ရဲ့ ထိုးထွင်း သိမြင်မှုကိုတော့  သူကိုယ်တိုင်တောင် ပြန်ကြောက်နေ မိပါပြီ။

"လုပ်စရာလည်း မရှိတော့ဘူးကွာ ...။ ဂိုဏ်းချုပ်ကြီးကို သွားတွေ့တာပဲ ကောင်းမယ် ထင်တယ် "

လီဖူချန်းက ဂိုဏ်းတော်ရဲ့ မူလဘူတဓား လျှို့ဝှက်နည်း စနစ်ကိုတော့ အတော်ကြီး မျှော်လင့် ထားပါတယ်။

မပြည့်စုံတဲ့ ဓားအဆီအနှစ်ကျမ်းက ပိုပြီး အစွမ်းထက်တယ် ဆိုတာကိုတော့ ငြင်းစရာ မရှိပါဘူး။ ဒါပေမဲ့ လီဖူချန်းရဲ့ အမြင်မှာတော့  မူလဘူတဓား လျှို့ဝှက်နည်း စနစ်က ပိုပြီးတော့ ဟိတ်ဟန် ရှိပါတယ်။ ပြီးတော့ သူက ဓားအဆီအနှစ် တွေနဲ့ မူလဘူတဓားကို ပေါင်းပြီး အသုံးပြုလို့ ရမရ  စမ်းသပ် ကြည့်ချင်ပါသေးတယ်။ အကယ်၍သာ သည်လျှို့ဝှက်နည်းနစ် နှစ်ခုကို ပူးတွဲ အသုံးပြုလို့ ရလို့ကတော့ လီဖူချန်းရဲ့ အစွမ်းဟာ မှန်းဆလို့ မရတဲ့ အနေအထား တစ်ခုအထိကို ရောက်ရှိ သွားမှာပါ။

အခြားသော သူတွေက မူလဘူတ ဓားချီတစ်ခုတည်းကိုသာ အသုံးပြုနေတဲ့ အချိန်မှာ လီဖူချန်းကတော့  ကြေးဝါး ဓားချီတွေနဲ့ မူလဘူတ ဓားချီတွေကို ရောနှောပြီး အသုံးပြုနေမှာ ဖြစ်ပါတယ်။ ဒါက ကျားကို အတောင်ပံ  တပ်ပေး လိုက်တာနဲ့  ဘာမှ မကွာခြားလှပါဘူး။

***

All Chapters