ယွမ် သန်း ၂၀၀ တန်ဖိုးရှိ ပြိုင်ကား မိတ်ဆက်ဖြန့်ချီပွဲ တစ်ဖြစ်လဲ လင်းဖန်၏ ကိုယ်ပိုင်နယ်မြေ
Vol. 14 Ch. 201
" မင်္ဂလာပါ ဘော့စ်လင်း။ ကျွန်မက Bugatti ကော်ပိုရေးရှင်းရဲ့ မန်နေဂျာ ရှယ်လီပါ။ ကျွန်မ ရှင့်ကို လာကြိုတာပါရှင့်။ " ရှယ်လီက လေးလေးစားစား ပြုံးပြလိုက်သည်။
သူမ လင်းဖန်ရဲ့ ဓာတ်ပုံကို မြင်ခဲ့ရတုန်းက Bugatti ကော်ပိုရေးရှင်စရဲ့ တတိယ အများဆုံး ရှယ်ယာရှင်က အလွန် ငယ်ရွယ်ချောမောနေသောကြောင့် အရင်ဆုံး အံ့ဩသွားခဲ့ရသည်။
ရှယ်လီသည် လင်းဖန်ကို အပြင်မှာ လူ ကိုယ်တိုင် တွေ့လိုက်ရသောအခါ သူမရဲ့ မျက်လုံးထဲမှ အံ့ဩမှုဟာ မဖော်ပြနိုင်လောက်အောင် ဖြစ်သွားမိသည်။
လင်းဖန်က အလွန် ချောမောလွန်းသည်။
ထို့ပြင် လင်းဖန်နံဘေးမှာ ရပ်နေကြသော အမျိုးသမီးအဖော် နှစ်ယောက်ကလည်း ယုံနိုင်ဖွယ်မရှိ လှပကြသည်။
" မင်္ဂလာပါ ၊ ဒါ ကျွန်တော့်ရဲ့ မန်နေဂျာ လင်းချမ့်ဝေပါ။ ဒါကတော့ ကျွန်တော့်ရဲ့ သူငယ်ချင်း စုရှောင်းယွီပါ။ " လင်းဖန်က သူ့နံဘေးရှိ ကောင်မလေး နှစ်ယောက်ကို မိတ်ဆက်ပေးလိုက်သည်။
" မင်္ဂလာပါ မစ်စ်လင်းနဲ့ မစ်စ်စု။ " ရှယ်လီက မိန်းကလေး နှစ်ယောက်နဲ့ နွေးထွေးပျူငှာစွာ လက်ဆွဲနှုတ်ဆက်ကာ သူတို့ အားလုံးကို အနက်ရောင် ဇိမ်ခံကားကြီးဆီသို့ ဦးဆောင် ခေါ်လာခဲ့သည်။
သူတို့ ကားထဲ ရောက်တော့ စုရှောင်းယွီက လင်းဖန်ကို လှပသော မျက်လုံးလေးများဖြင့် ကြည့်လိုက်သည်။
လင်းဖန်ကို ဒီလောက် အံ့ဩစရာကောင်းလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။
လင်းဖန်က သူ ဘာ့ကြောင့် Bugatti ပြိုင်ကား မိတ်ဆက်ဖြန့်ချီပွဲကို လာတာလဲ ဆိုတဲ့ အကြောင်းအရင်းကို မပြောသော်လည်း စုရှောင်းယွီ မမေးခဲ့ပါ။ ဒီကို ရောက်လာတော့မှ အရာ အားလုံးကို သူမ နားလည်သွားသည်။
Bugatti ကော်ပိုရေးရှင်းရဲ့ မန်နေဂျာက လင်းဖန်ကို ဘော့စ်လင်းဟု ခေါ်နေသည်လေ။
တစ်နည်းအားဖြင့် ပြောရလျှင် လင်းဖန်က Bugatti ကော်ပိုရေးရှင်းမှာ ခပ်မြင့်မြင့် ရာထူး တစ်ခုကို ပိုင်ဆိုင်ထားတာ ဖြစ်သည်။
ရှယ်လီ ဆိုတဲ့ အမျိုးသမီးက လင်းဖန်ကို ဘော့စ်လင်းလို့ ခေါ်လျှင် အဲ့ဒါက လင်းဖန်ဟာ Bugatti ကော်ပိုရေးရှင်းမှာ ရာထူးကြီးပုဂ္ဂိုလ် တစ်ယောက် ဖြစ်သည်ဟု ဆိုလိုသည်။
အနည်းဆုံးတော့ … သူက သူဌေးကြီး တစ်ယောက်ရဲ့ လယ်ဗယ်မှာ ရှိနေပါသည်။
သူက အဓိက ရှယ်ယာရှင် တစ်ယောက်များလား။
Bugatti ကော်ပိုရေးရှင်းရဲ့ အမြင့်ဆုံး ရှယ်ယာရှင် သုံးယောက်သာ ဒီလို ဆက်ဆံခံရနိုင်မှာပင်။
စုရှောင်းယွီ လေ့လာထားပြီးသား ဖြစ်သည်။ Bugatti ကော်ပိုရေးရှင်းရဲ့ ၅၁ % ကို ကားကုမ္ပဏီဘက်က ပိုင်ဆိုင်ထားကာ ၁၆ % ကဝောာ့ နိုင်ငံခြားသား တစ်ယောက်ရဲ့ လက်ထဲမှာ ရှိသည်။ ထိုနိုင်ငံခြားသားကပဲ ကုမ္ပဏီကို များသောအားဖြင့် စီမံခန့်ခွဲလေ့ရှိသည်။
လင်းဖန်က Bugatti ကော်ပိုရေးရှင်းရဲ့ တတိယ အများဆုံး ရှယ်ယာရှင် ဖြစ်ဖို့ များသည်။
သူမရဲ့ ဆရာက ဘယ်အချိန်တုန်းက ဒီလို အနေအထားထိ အံ့ဩဖွယ်ရာ ရောက်သွားရတာလဲ။
သူက လက်ရှိအချိန်မှာ Bugatti ကော်ပိုရေးရှင်းရဲ့ အဓိက ရှယ်ယာရှင် တစ်ယောက်ပင် ဖြစ်နေခဲ့ပြီ။
စုရှောင်းယွီသည် မျက်လုံးပြူးချင်စရာ အချက် တစ်ချက်ကို တွေးမိသွားသည်။ လင်းဖန်က LV နဲ့ Chanel ရဲ့ ရှယ်ယာရှင် တစ်ယောက်တောင် ဖြစ်ရင် ဖြစ်နေနိုင်သည်။ မဟုတ်ရင် အဲ့ဒီ ကုမ္ပဏီ နှစ်ခုက တစ်ချိန်တည်းမှာပဲ ရှားဝမ်ချွေ့နဲ့ ထောက်ခံချက် စာချုပ်ကို ဘာလို့ ချုပ်မှာလဲ။
စုရှောင်းယွီဟာ စူပါစတား တစ်ယောက် ဖြစ်နေရုံသာမက ပုံမှန်အားဖြင့် အလွန် ချစ်စရာကောင်းတာ ဉာဏ်လည်း ပြေးသည်။
ထိုအတွေးကြောင့် စုရှောင်းယွီက လင်းဖန်ကို ကြည့်ပြီး ပြောလိုက်သည်။ " နင် ဘယ်လိုလုပ် အရမ်း မိုက်နေရတာလဲ ဆရာ။ နင်က Bugatti ကော်ပိုရေးရှင်းရဲ့ တတိယ အများဆုံး ရှယ်ယာရှင် တစ်ယောက်တင် မဟုတ်ဘူး ၊ Lv နဲ့ Chanel ရဲ့ အဓိက ရှယ်ယာရှင် တစ်ယောက်ပါ ဖြစ်နေသေးတယ်။ ဆရာက သိပ်ချမ်းသာတာပဲ။ "
လင်းဖန်သည် စုရှောင်းယွီကို အံ့ဩစွာ ကြည့်ကာ ပြုံးမိသွားသည်။ " နင် ဘယ်လို သိသွားတာလဲ။ "
စုရှောင်းယွီက လင်းဖန်ကို ပြုံးပြလိုက်သည်။ " ခွေးတွေ ဆိုတာ နှာခေါင်း အရမ်း ပါးတယ်။ ဆရာက အရမ်း မိုက်တာပဲ။ ငါ့အဖေတောင်မှ နင့်ကို လေးစားနေလောက်တယ်။ "
လင်းဖန်က စုရှောင်းယွီကို ကြည့်ပြီး ပြောလိုက်သည်။ " တကယ်တော့ ငါက အရမ်း မချမ်းသာပါဘူး။ နင် ငါ့ကို အဲ့လောက် အထင်မကြီးပါနဲ့။ "
စုရှောင်းယွီ ခေါင်းခါရမ်းလိုက်သည်။ " ဆရာက ချမ်းသာသာ ၊ ဆင်းရဲရဲ … အတော်ဆုံး ဖြစ်နေတုန်းပဲ။ "
လင်းချမ့်ဝေ တစ်ယောက် ဆွံ့အသွားမိသည်။ ဒါက အရမ်းကို ချဲ့ကား ပြောနေတာပါ။
သူမရဲ့ ဘော့စ် လင်းဖန်က Bugatti ကော်ပိုရေးရှင်းရဲ့ အဓိက ရှယ်ယာရှင် တစ်ယောက် ဖြစ်ရုံသာမက တကယ်တမ်းမှာ LV နဲ့ Chanel ရဲ့ ရှယ်ယာရှင် တစ်ယောက်လည်း ဖြစ်နေပါသည်။
ထောက်ခံချက် ကြော်ငြာများစွာကို လင်းဖန် လက်မခံရတဲ့ အကြောင်းပြချက်ကို လင်းချမ့်ဝေ ရုတ်တရက် နားလည်သွားသည်။
အဲ့ဒါတွေကို သူ မလိုအပ်ဘူး ဆိုတဲ့ အကြောင်းပြချက် တစ်ခုတည်းသာ ရှိ၏။
သူမတို့ တရုတ်လို ပြောနေကြတာမို့ ဒရိုင်ဘာက နားမလည်ပေ။
လင်းဖန်က " ဝမ်ချွေ့ကို မပြောနဲ့ဦး။ ငါ သူမကို အများကြီး မသိစေချင်သေးဘူး။ ငါ ဒီတိုင်း နာမည်ကျော် အနုပညာရှင် တစ်ယောက်ပဲ ဖြစ်နေပြီး သူမနဲ့ အတူတူ သရုပ်ဆောင်ချင်တယ်။ "
စုရှောင်းယွီ ခေါင်းညိတ်လိုက်သည်။ " နင် ငါ့ကို မယုံဘူးလား ဆရာ။ "
လင်းချမ့်ဝေက ချက်ချင်းပဲ ပြောလိုက်သည်။ " ကျွန်မက ဘော့စ်ရဲ့ လက်အောက်ငယ်သားပါ။ ကျွန်မ သူ့ကို လုံးဝ သစ္စာဖောက်မှာ မဟုတ်ဘူး။ "
လင်းဖန်သည် ကောင်မလေး နှစ်ယောက်ကို ကြည့်ကာ ပြုံးပြီး ပြောလိုက်သည်။ " ဒီတစ်ခေါက် ပဲရစ် ( ပါရီ ) ကို လာခဲ့တဲ့ ငါ့ခရီးရဲ့ အဓိကရည်ရွယ်ချက်က ကုန်ပစ္စည်းသစ် မိတ်ဆက်ဖြန့်ချီပွဲကို တက်ရောက်ဖို့ပဲ။ ငါ့နောက်ကို နီးနီးကပ်ကပ် လိုက်လာပြီး လူစု ကွဲမသွားစေနဲ့။ ငါ နင်တို့ နှစ်ယောက်ကို ခေါ်လာခဲ့တာမို့လို့ နင်တို့ အနိုင်ကျင့်ခံရတာမျိုး မဖြစ်စေချင်ဘူး။ နင်တို့ကို တစ်ယောက်ယောက်က အနိုင်ကျင့်နေရင် မကြောက်နဲ့။ "
သူ နိုင်ငံခြားမှာ ရောက်နေလျှင်တောင် ကြောက်စိတ် မဝင်မိပါ။
စုရှောင်းယွီနဲ့ လင်းချမ့်ဝေတို့ နှစ်ယောက်လုံးက အလွန် လှပလွန်း၍ သူ့နောက်ကို တောက်လျှောက် လိုက်နေတာက သူမတို့ အတွက် ပိုလိုခြုံပါသည်။
သူတို့ သတိမထားမိခင်မှာပဲ ကားရပ်သွားခဲ့သည်။
ကားရပ်သွားပြီးနောက် ကြီးကျယ်ခမ်းနားသော နောက်ထပ် ကြိုဆိုပွဲ အခမ်းအနား တစ်ခု ထပ်ရှိနေသည်။
ကြမ်းပြင်ပေါ်မှာ နောက်ထပ် ကော်ဇောနီ အရှည်ကြီး တစ်ခုကို ခင်းထားသည်။
တစ်ချက်လောက် ကြည့်လိုက်ရုံနှင့်ပင် ဒါက အထပ် ( ၇၂ ) ထပ် ရှိသော ရွှေရောင် တဖိတ်ဖိတ် တောက်ပနေတဲ့ ဟိုတယ်ကြီး တစ်ခု ဖြစ်ကြောင်း သူတို့ ပြောနိုင်သည်။
အပြင်အဆင်များက ထိပ်တန်း အဆင့် ဖြစ်ပြီး ကြွရွတောက်ပနေကာ ဈေးအကြီးဆုံး ဇိမ်ခံဟိုတယ် တစ်ခု၏ ပုံရိပ်ကို ပိုင်ဆိုင်ထားသည်။ ပတ်ဝန်းကျင် မြင်ကွင်းကလည်း အကြည့်မလွှဲချင်စရာကောင်းလျက် အလှစိုက်ထားသော အပင်များဖြင့် စိမ်းစိုနေသည်။ ပန်းခြံ တစ်ခုလည်း ရှိနေသောကြောင့် ရှူရှိုက်ရတဲ့ လေသည် အတော်လေး လတ်ဆတ်နေ၏။
ဟိုတယ်ဝင်းထဲမှာ ပါကင်ထိုးထားသော ကားတွေ အကုန်လုံးဟာ ဇိမ်ခံကားတွေချည်း ဖြစ်သည်။
Bugatti ကော်ပိုရေးရှင်းက သူတို့ကို ကြိုဆိုရန် ဇိမ်ခံကားတွေ လွှတ်လိုက်ရုံသာမက သူတို့ အတွက် နာမည်ကြီး ဟိုတယ် တစ်ခုကိုလည်း စီစဉ်ပေးထားခဲ့သည်။
ဟိုတယ်ရဲ့ နာမည်က ' Hotel Rafael ' ပါ။ ဒီဟိုတယ်က ပဲရစ်မှာ ရှိတဲ့ ဈေးအကြီးဆုံး ဇိမ်ခံဟိုတယ်တွေထဲမှ တစ်ခု ဖြစ်သည်။
ထို့အပြင် ဒီဟိုတယ်ကနေ အီဖယ်လ် မျှော်စင်ကို စီးမိုး ကြည့်နိုင်သည်။
အရသာရှိသော အစားအသောက်တွေ ရသည့် ခေါင်မိုးထပ် စားသောက်ဆိုင်ကောင်း တစ်ဆိုင်လည်း ရှိသည်။
" ရှင်တို့ အတွက် ဒီဟိုတယ်မှာ အနားယူဖို့ ကျွန်မ စီစဉ်ပေးထားပါ့မယ် ဘော့စ်လင်း။ ကုန်ပစ္စည်းသစ် မိတ်ဆက်ဖြန့်ချီပွဲက မနက်ဖြန်ည စတင်မှာပါ။ ကျေးဇူးပြုပြီး အဆင်သင့် ပြင်ထားပါရှင်။ မနက်ဖြန် ည ရောက်ရင် ရှင့်ကို ကား တစ်စီးက လာခေါ်ပါလိမ့်မယ်။ "
" ကုန်ပစ္စည်းသစ် မိတ်ဆက်ဖြန့်ချီပွဲရဲ့ နောက်ဆုံး အစီအစဉ်မှာ ရှင့်ရဲ့ Bugatti Veyron Ettore Bugatti ပြိုင်ကားကြီးကို ပွဲထုတ်မှာပါ။ ပြိုင်ကားက ရှင် တစ်ယောက်တည်းနဲ့ပဲ သက်ဆိုင်တယ် ဆိုတာကိုလည်း တစ်ချိန်တည်းမှာပဲ ကြေညာသွားမှာပါ။ ကုန်ပစ္စည်းသစ် မိတ်ဆက်ဖြန့်ချီပွဲကို စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ အများကြီးလည်း သေချာပေါက် လာကြပါလိမ့်မယ်။ ရှင်တို့တွေ တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆွေဖွဲ့ပြီး စီးပွားရေးလောကမှာ အားကိုးလို့ ရမယ့် အဆက်အသွယ်တွေကို တိုးချဲ့လို့ ရပါတယ်။ " ရှယ်လီသည် ထိုစကားကို ပြောပြီးနောက် ပြန်သွားခဲ့သည်။
ထို့နောက် Rafael ဟိုတယ်၏ မန်နေဂျာက သူတို့ကို အရင်ဆုံး ခရီးဦးကြိုပြုခဲ့သည်။
ဟိုတယ်ရှိ ဝန်ထမ်းတွေ အကုန်လုံးက အလွန် ယဉ်ကျေးပျူငှာကြသည်။
ဤထိပ်တန်းဟိုတယ်ရဲ့ ဈေးအကြီးဆုံး ၊ အကောင်းဆုံး ၊ အကျယ်ဆုံး ဆိုသည့် ဟိုတယ်ခန်းကို ကုန်ပစ္စည်းသစ် မိတ်ဆက်ဖြန့်ချီပွဲ အတွက် ကြိုတင် စာရင်းသွင်းထားခဲ့သည်။
ထိုဟိုတယ်ခန်းက တစ်ခန်းတည်း ရှိတာ ဖြစ်သော်လည်း အလွန် ကြီးမားကျယ်ဝန်းသည်။
လင်းဖန်သည် အကောင်းဆုံး ဆိုသည့် ဟိုတယ်ခန်းထဲကို ဝင်လာခဲ့ချိန်မှာ ဒီဟိုတယ်ရဲ့ ဇိမ်ခံပစ္စည်းများနှင့် ပြည့်စုံနေသည့် စစ်မှန်တဲ့ ထိပ်တန်း အရည်အသွေးကို မြင်လိုက်ရသည်။
ဟိုတယ်ထဲမှာ ခေါင်မိုးထပ်ကနေ ပဲရစ်ရဲ့ ဆွဲဆောင်မှုရှိသော ရှုမျှော်ခင်းကို ကြည့်နိုင်သည်။ ပိုးသား နံရံကပ်ပန်းစက္ကူတွေ ကပ်ထားသော အံ့ဩဖွယ်ရာ အတွင်းပိုင်း အပြင်အဆင် ရှိကာ ဟိုတယ်ထဲမှာ ဂန္တဝင် ရှေးဟောင်းပစ္စည်းတွေလည်း ရှိသည်။ ဗီရိုကြီးတွေနှင့် ပြတင်းပေါက် အမြင့်ကြီးတွေကဲ့သို့ ဇိမ်ခံ ရှေးဟောင်းပစ္စည်း တချို့ကို ဟိုတယ်က ထိန်းသိမ်းထားခဲ့သည်။
ဟိုတယ် တစ်ခုလုံးရဲ့ အကောင်းဆုံး အခန်းမှာ အကောင်းတကာ့ အကောင်းတွေချည်း စုနေတယ် ဆိုတာကိုတော့ ပြောစရာပင် မလိုတော့ပါ။
ဒီနေရာမှာ လူ့ဘဝကို နှစ်သက်ခံစားရတာ မဆိုးပါဘူး။ လင်းဖန် ပိုက်ဆံအကုန်ခံစရာ မလိုပေ။
သူတို့ ဟိုတယ်ကို ရောက်တော့ စုရှောင်းယွီက အကြောဆန့်ရင်း ပြောလိုက်သည်။ " ရှုခင်းက တကယ် လှတယ်နော် ဆရာ။ အီဖယ်လ် မျှော်စင်ကိုတောင်မှ ငါ မြင်နိုင်နေပြီ။ "
လင်းဖန် ခေါင်းညိတ်လိုက်သည်။ " ကောင်းကောင်း အနားယူလိုက်ဦး။ မနက်ဖြန်ညကျ ငါတို့တွေ ကုန်ပစ္စည်းသစ် မိတ်ဆက်ဖြန့်ချီပွဲကို သွားရမယ်။ ငါ မင်းတို့ကို ဘာလို့ ဒီကို ခေါ်လာခဲ့တာလဲ ဆိုတဲ့ အကြောင်းပြချက်ကို ရုတ်တရက် နားလည်သွားတယ်။ မင်းတို့ ပါလာရင် သိပ်ပျင်းရမှာ မဟုတ်ဘူးလေ။ "
စုရှောင်းယွီက လျှာလေး တစ်လစ် ထုတ်ပြခဲ့၏။ " ဆရာ … ငါတို့က နင် အပျင်းပြေအောင်လို့ ဒီနေရာ အထိ လိုက်လာခဲ့ရတာလား။ "
လင်းဖန်က ပြုံးပြီး ပြောလိုက်သည်။ " ငါတော့ အဲ့လို ထင်တာပဲ။ မင်းတို့တွေ ငါ့အနားမှာ ရှိနေရင် အပြင်သွားရတာ အရမ်း ပျင်းစရာကောင်းမှာ မဟုတ်ဘူး။ "
စုရှောင်းယွီ စိတ်ဆိုးသွားမိသည်။ " အာဝူး ၊ ဒီခွေးလေး နင့်ကို ကိုက်ချင်နေပြီနော် ဆရာ။ "
နောက်ဆုံး၌ မျှော်လင့်နေတဲ့ နေ့ ရောက်လာခဲ့သည်။
စုရှောင်းယွီနှင့် လင်းချမ့်ဝေကို မြင်သောအခါ လင်းဖန် အံ့ဩသွားရသည်။
ဒီနေ့ည စုရှောင်းယွီ သိပ်ကို လှနေသည်။
လင်းချမ့်ဝေလည်း လှပစွာ ဝတ်ဆင်ထားသည်။
မိန်းကလေး နှစ်ယောက်သည် သူ့ဘယ်ညာ တစ်ဖက်စီကနေ ယှဉ်တွဲ လိုက်ပါလာခဲ့ကြသည်။ လင်းဖန် ပြုံးမိသွားသည်။
ကြည့်ရတာ စုရှောင်းယွီနှင့် လင်းချမ့်ဝေက သူ့ကို တခြား လူတွေထက် မနိမ့်ကျစေပုံ ရသည်။
ဘာပဲပြောပြော ဤကုန်ပစ္စည်းသစ် မိတ်ဆက်ဖြန့်ချီပွဲ ဆိုတာ ဧည့်ခံပွဲကြီး တစ်ခုနှင့် ဘာမှ မကွာပါ။ အခြား လူချမ်းသာတွေ ခေါ်လာသော အမျိုးသမီးအဖော်တွေရဲ့ အလှအောက်မှာ သူမတို့ နှစ်ယောက်က မှေးမှိန်နေလျှင် ရှက်စရာကောင်းလိမ့်မည်။
တမေ့တမော ငေးကြည့်နေချင်စရာကောင်းအောင် လှပစွာ ဝတ်ဆင်ထားသော ကောင်မလေး နှစ်ယောက်ကို ကြည့်ကာ လင်းဖန် ပြုံးနေမိသည်။
ကံမကောင်းစွာဖြင့် ရှားဝမ်ချွေ့ကတော့ ဒီနေရာကို မလာနိုင်ခဲ့ပေ။
အကယ်၍ ရှားဝမ်ချွေ့သာ သူနှင့်အတူ ဧည့်ခံပွဲသို့ လိုက်လာမည် ဆိုပါက သူ့ဇနီးလေးဟာ အကုန်လုံးထက် ပိုလို့တောင် လှပနေဖို့ သေချာသလောက်ပင်။
လင်းဖန်သည် နိုင်ငံခြားတိုင်းပြည်ရှိ ဧည့်ခံပွဲကြီးကို တက်ရောက်ပြီးသောအခါ ရှားဝမ်ချွေ့ကို နည်းနည်းလေး လွမ်းလာမိသည်။
အရေးကြီးဆုံး အရာကတော့ သူ ရှားဝမ်ချွေ့နှင့် အတူ ရှိနေချိန်မှာ သူမရဲ့ လက်ကို ဆုပ်ကိုင်ပြီး သူမအပေါ် ထားတဲ့ သူ့အချစ်တွေကို ဂုဏ်ယူစွာ ပြသနိုင်လိမ့်မည်။
ကုန်ပစ္စည်းသစ် မိတ်ဆက်ဖြန့်ချီပွဲ အတွက် အချိန်ကျလာသောအခါ ဘလိတ်ခ်ဟု ခေါ်သော Bugatti ကော်ပိုရေးရှင်းမှ အမျိုးသား မန်နေဂျာ တစ်ယောက်သည် လင်းဖန်ကို သူ ကိုယ်တိုင် ဖော်ရွေပျူငှာစွာ လာကြိုဆိုခဲ့သည်။
ဘလိတ်ခ်က စုရှောင်းယွီနှင့် လင်းချမ့်ဝေကို မြင်တော့ လေးလေးစားစား ပြုံးပြလိုက်သည်။
" ခင်ဗျားရဲ့ အမျိုးသမီးအဖော်က တကယ် လှတာပဲ ဘော့စ်လင်း။ သူမက ခင်ဗျားရဲ့ ချစ်သူလား။ " ဘလိတ်ခ်က အနည်းငယ် ဦးညွှတ်ကာ လင်းဖန်ကို ကြည့်နေသည်။
" မဟုတ်ရပါဘူးဗျာ ၊ သူတို့က ကျွန်တော့်ရဲ့ သူငယ်ချင်းကောင်းတွေပါ။ ကျွန်တော့်ချစ်သူက အလုပ်နဲ့ မအားလပ်သေးဘူး။ " လင်းဖန်သည် ပွဲကျင်းပရာ နေရာဆီသို့ ဘလိတ်ခ်နောက်မှ လိုက်သွားရင်း အပြုံးလေးဖြင့် ပြောလိုက်သည်။
" ဒါဆို ခင်ဗျားရဲ့ ချစ်သူကလည်း သေချာပေါက် မိန်းမလှလေးပဲ ဖြစ်ရမယ်။ " ဘလိတ်ခ်က ပြုံးပြီး ပြောခဲ့သည်။
" ဒီနေ့ည ကျင်းပမယ့် ကုန်ပစ္စည်းသစ် မိတ်ဆက်ဖြန့်ချီပွဲက တစ်နာရီခွဲလောက် အချိန် ပိုကြာရင် ပိုကြာနိုင်တယ် ဘော့စ်လင်း။ "
" ပြီးတော့ ဒီကုန်ပစ္စည်း မိတ်ဆက်ဖြန့်ချီပွဲရဲ့ အဓိက ရည်ရွယ်ချက်က ခင်ဗျားရဲ့ ယွမ် သန်း ၂၀၀ ကျော် တန်ဖိုးရှိတဲ့ Bugatti Veyron Ettore Bugatti ပြိုင်ကားကြီးကို လူထုနဲ့ မိတ်ဆက်ပေးဖို့ပါ။ "
" ဒါဆို … "
" ဒီနေ့ ကုန်ပစ္စည်းသစ် မိတ်ဆက်ဖြန့်ချီပွဲ အခမ်းအနားက တကယ်ဝောာ့ ခင်ဗျားရဲ့ ကိုယ်ပိုင်နယ်မြေပါပဲ။ "