ဉာဏ်များသော ကျွဲမိစ္ဆာအိုကြီး
Vol. 25 Ch. 337
တောင်နက်မြို့ကို ကြည့်ရတာက စစ်တိုက်ဖို့အတွက် အဆောတလျင် ပြင်ဆင်နေပုံပါပဲ။ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် တစ်ယောက် ဦးဆောင်တဲ့ တပ်ဖွဲ့ကြီးတွေဟာ အထီးကျန် တောင်နယ်မြေရဲ့ အရှေ့မှာရှိတဲ့ တောင်ဖြူနယ်မြေထဲ သွားနေတာကို နေ့တိုင်းနီးပါး မြင်တွေ့ နေရပါတယ်။
သည်တပ်ဖွဲ့တွေကို မြင်လိုက်တိုင်းမှာ လီဖူချန်းက သူ့ကိုယ်သူ ဘာကောင်မှ မဟုတ်သေးဘူး ဆိုတဲ့ ခံစားချက်တစ်ခု ရနေတယ်လေ။
အကြီးအကဲဝမ် ဦးဆောင်တဲ့ တပ်ဖွဲ့ကလည်း အတော်လေးကို ကြီးတယ်လို့ သတ်မှတ် ရမှာပါပဲ။ အဖွဲ့ထဲမှာဆိုရင် ကောင်းကင်နယ်ပယ် ပညာရှင် အယောက်ငါးဆယ် နဲ့ မြေကမ္ဘာပညာရှင် တစ်ထောင်နီးပါး ရှိပါတယ်။
လီဖူချန်း သိရသလောက် ဆိုရင်တော့ တောင်နက် မြို့ထဲမှာတောင် ဒီလိုတပ်ဖွဲ့မျိုး တော်တော်များများ ရှိနေပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဂိုဏ်းပေါင်း တစ်ရာက ကောင်းကင်နယ်ပယ် ပညာရှင် ၅သောင်းနဲ့ မြေကမ္ဘာပညာရှင် တစ်သန်းကျော်ကို စစ်ပွဲထဲသို့ စေလွှတ်မှာပါ။ ဒီတစ်ခေါက် တိုက်ပွဲကတော့ လူသားတွေ မဟာမိတ်ဖွဲ့ထားတဲ့ ဂိုဏ်းပေါင်း တစ်ရာနဲ့ နတ်ဆိုး၁၀ပါး နယ်မြေရဲ့ အဆုံးသတ် တိုက်ပွဲကြီးတောင် ဖြစ်လာ နိုင်လောက်ပါတယ်။
တစ်မနက်ခင်းမှာတော့ ... ...
လီဖူချန်းရဲ့ ခါးမှာ ချိတ်ဆွဲထားတဲ့ တံဆိပ်တော်က အဆက်မပြတ် တုန်ခါလာခဲ့ပါပြီ။
' ငါတို့ စစ်မြေပြင်ကို သွားတော့မှာလား ... '
လီဖူချန်းက ထိုင်နေရာကနေ ထလိုက်ပြီး တောင်နက် မြို့လယ်ခေါင်မှာရှိတဲ့ မြေကွက်လပ်ကြီး တစ်ခုဆီသို့ ပျံသန်း သွားလိုက်ပါတယ်။
မြို့လယ်ခေါင် မြေကွက်လပ်သို့ လီဖူချန်း ရောက်သွားချိန်မှာတော့ လူခြောက်ထောင် နီးပါးတောင် စုရုံး ရောက်ရှိနေပါပြီ။
' စုစုပေါင်း အဖွဲ့ငါးဖွဲ့ ...။ အဖွဲ့တစ်ဖွဲ့ချင်းစီမှာ ကောင်းကင်နယ်ပယ် အဆင့်၉ အထွတ်အထိပ် ပညာရှင်တွေ ဦးဆောင်ထားတာပဲ '
လီဖူချန်းက အခြေအနေကို တစ်ချက်အကဲခတ်လိုက်ပြီး စိတ်ထဲကနေ တွေးနေမိပါတယ်။
လီဖူချန်းတစ်ယောက် ရောက်လာပြီး သိပ်မကြာခင်မှာပဲ ကြီးကျယ် ခမ်းနားလှတဲ့ ချီအရှိန်အဝါကြီး တစ်ခုက မြို့လယ်ခေါင် မြေကွက်လပ်ကို လွှမ်းခြုံ သွားခဲ့ပါတယ်။
ကောင်းကင်ပေါ်မှာတော့ ဝတ်စုံနက် ဝတ်ဆင်ထားတဲ့ အကြီးအကဲ တစ်ယောက် ပေါ်လာခဲ့ပါပြီ။
" အဲဒါက အလင်းတမာန် ဂိုဏ်းက အထွဋ်ခေါင်ချုပ် အကြီးအကဲ ကောဟိုင် မဟုတ်ဘူးလား ... "
လူအချို့ကတော့ ဝတ်စုံနက် အကြီးအကဲကို မှတ်မိနေကြပုံပင်။
အလင်းတမာန် ဂိုဏ်းက ပထမတန်းစား ဂိုဏ်းကြီး တစ်ခုပါ။ ဂိုဏ်းထဲမှာတော့ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် အယောက်၂၀နီးပါး ရှိပါတယ်။ အလင်းတမာန် ဂိုဏ်းမှာ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၅ကို ရောက်နေတဲ့ ပညာရှင် နှစ်ယောက်ရှိပြီး ကောဟိုင်က အဲဒီ နှစ်ယောက်ထဲက တစ်ယောက် ဖြစ်ပါတယ်။
" သွားကြမယ် "
ကောဟိုင်က ဘာမှမပြောဘဲ ဦးဆောင် ပျံသန်းသွားခဲ့ပါပြီ။
" လိုက်ကြ "
အကြီးအကဲဝမ်နဲ့ အခြားသော အဖွဲ့ခေါင်းဆောင် တွေကလည်း သူတို့ရဲ့ အဖွဲ့ဝင်တွေကို အချက်ပြကာ ပျံသန်း သွားကြပါတယ်။
ဟူး ... ဟူး ... ဟူး ... ...
အကြီးအကဲ ကောဟိုင်ရဲ့ ဦးဆောင်မှုနဲ့ အတူ ပညာရှင် အယောက် ၅ထောင်ဟာ တောင်ဖြူနယ်မြေသို့ ချီတက်လာကြပါပြီ။ ကောင်းကင် ပညာရှင်တွေက ကောင်းကင်ထက်မှာ ပျံသန်းနေကြပြီး မြေကမ္ဘာ ပညာရှင်တွေကတော့ မြေပြင်ပေါ်မှာ ပြေးလွှား နေကြပါတယ်။
၁၀ရက် အကြာမှာတော့ သည်အုပ်စုကြီးဟာ တောင်ဖြူနယ်မြေရဲ့ နယ်စပ်ကို ရောက်ရှိ လာကြပါပြီ။
တောင်ဖြူနယ်မြေ တစ်ခုလုံးကိုတော့ သေခြင်း တရားတွေ ကြီးစိုးနေပုံပါပဲ။
လမ်းတစ်လျှောက်မှာလည်း ပြိုကျပျက်စီးနေတဲ့ တောင်တန်းကြီးတွေ၊ ခန်းခြောက်နေတဲ့ ရေကန်တွေ၊ နီရဲနေတဲ့ သွေးအိုင်ကြီးတွေကို မကြာခဏ ဆိုသလို တွေ့မြင်နေရပါတယ်။
ကောဟိုင်ကတော့ ရှေ့ဆုံးကနေ သွားနေပြီး တိုက်ပွဲ အခြေအနေတွေကို စုံစမ်းစစ်ဆေး နေပါတယ်။
တစ်နေ့မှာတော့ ကောင်းဟန်က တစ်စုံတစ်ခုကို ခြေရာခံမိ သွားပုံပါပဲ။ သူက ကျယ်လောင်စွာ အော်ဟစ်ပြီး အမိန့်ပေး လိုက်ပါတယ်။
" အားလုံး ... အရှေ့အရပ်ကို အမြန်ဆုံး သွားကြ "
နေ့တစ်ဝက်အကြာမှာတော့ လီဖူချန်းတို့ အဖွဲ့ကြီးဟာ မြက်ခင်း ပြင်ကျယ်ကြီး တစ်ခုဆီသို့ ရောက်ရှိ လာကြပါပြီ။
ဒီမြက်ခင်းပြင်ကျယ်ကြီး တစ်ခုလုံးကတော့ ရစရာမရှိအောင်ကို စုတ်ပြတ် သတ်နေပြီး သွေးညှီနံ့တွေကလည်း ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုံးလွှမ်းနေပါတယ်။ ဒီနေရာမှာ တိုက်ပွဲ အကြီးအကျယ် ဖြစ်ခဲ့တယ် ဆိုတာကိုတော့ ရှင်းပြနေစရာတောင် မလိုတော့ပါဘူး။
မြက်ခင်းပြင် ကျယ်ကြီးရဲ့ အလယ်မှာတော့ ခြေလက်အင်္ဂါ အစုံအလင် မရှိတော့တဲ့ အလောင်း တစ်လောင်း ... ...။
ဒီအလောင်းက အသက်မရှိတော့ ပေမယ့်လည်း သူ့ထံကနေ ထွက်နေတဲ့ ချီအရှိန်အဝါ ကတော့ လူတိုင်းကို ဖိအား ပေးနေဆဲပါပဲ။
ဒီအလောင်းဟာ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် တစ်ယောက်ရဲ့ အလောင်းဆိုတာ သေချာလွန်းမက သေချာ သွားခဲ့ပါပြီ။
သူ့ရဲ့ အရှေ့မှာတော့ မိစ္ဆာကောင်ကြီး တစ်ကောင်က မတ်တတ် ရပ်လျက်သား ရှိနေပါတယ်။
အဲဒီ မိစ္ဆာကောင်ကြီးက ကျွဲဦးခေါင်းနဲ့ လူသားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့ ချီအရှိန်အဝါတွေကတော့ မုန်တိုင်းတစ်ခု အလားပါပဲ။
ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေကတော့ ဒီမိစ္ဆာကြီးကို ကောင်းကောင်းကြီး သိပါတယ်။ ဒါက အဆင့်၅ အလယ်အလတ်အဆင့် မိစ္ဆာသားရဲဖြစ်တဲ့ ကျွဲမိစ္ဆာအိုကြီးပါပဲ။ ဒီကျွဲမိစ္ဆာအိုကြီးက မိစ္ဆာကျား နယ်မြေမှာ ကျင်လည် ကျက်စားတဲ့ မိစ္ဆာ သားရဲကြီးတစ်ကောင် ဖြစ်ပါတယ်။
အဆင့်၅ မိစ္ဆာသားရဲ တစ်ကောင်ဟာ သူတို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လူသား ခန္ဓာကိုယ်နဲ့ ဆင်တူအောင် ဖန်တီးနိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အစွမ်းဆုံး ပုံစံကတော့ မိစ္ဆာသားရဲ ပုံစံပါပဲ။
ကျွဲမိစ္ဆာအိုကြီးရဲ့ အနောက်မှာတော့ မိစ္ဆာသားရဲ အုပ်လိုက်ကြီး ရှိနေပါတယ်။ အဲသည် မိစ္ဆာသားရဲတွေက လူသား အလောင်းတွေကို အားပါးတရ စားသောက်နေကြပါတယ်။
"ကျွဲမိစ္ဆာကောင် ... သေစမ်း ... "
အနက်ရောင် လူရိပ်တစ်ရိပ်က ကျွဲမိစ္ဆာကြီးထံ တစ်ဟုန်ထိုး ပျံသန်းသွားခဲ့ပါပြီ။
အဲဒီလူရိပ်ကတော့ ကောဟိုင်ပါပဲ။ ကောဟိုင်က ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၅ပညာရှင် ဖြစ်တဲ့အတွက် ဒီကျွဲမိစ္ဆာကို ကြောက်ရွံ့နေခြင်း မရှိပါဘူး။
သူက သူ့ရဲ့ ဆေဘာကို ဆွဲထုတ်လိုက်ပြီး ကျွဲမိစ္ဆာကို ခုတ်ချ လိုက်ပါတယ်။ သူ့ရဲ့ ဆေဘာ ဓားချက်ရဲ့ အမြန်နှုန်းက အလင်းရဲ့ အလျင်လိုပါပဲ။
ဆေဘာဓားချီတွေ ထွက်ပေါ် မလာသေးခင်မှာပင် မြေပြင်ကတော့ နှစ်ခြမ်းကွဲလို့ နေပါပြီ။ သူ့ရဲ့ ဆေဘာဓားချက် အဖျားခတ်တာကို ခံလိုက်ရတဲ့ အဆင့်၃ မိစ္ဆာတွေကတော့ နှစ်ပိုင်း ပြတ်ထွက် သွားကြပါတယ်။
" လူသား ...။ အမှန်တကယ် သေမယ့်လူက မင်းပဲ "
ကျွဲမိစ္ဆာကြီးက မြေပြင်ကို ခွာဖြင့် တစ်ချက် ပေါက်လိုက်ပြီး ကောင်းကင်ပေါ်ကို ခုန်တက်ကာ ဆေဘာဓားချီတွေကို သူ့ရဲ့ ခွာပုံသဏ္ဍာန် လက်သီးဖြင့် ထိုးချလိုက်ပါတယ်။
ဝုန်း ... ...
ကောဟိုင်နဲ့ ကျွဲမိစ္ဆာတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ အရေးနိမ့် သွားသူကတော့ ကျွဲမိစ္ဆာပါပဲ။ ကျွဲမိစ္ဆာကြီးက မြေပြင်ပေါ်ကို ခြေပစ်လက်ပစ်ကို ပြုတ်ကျလာခဲ့ပါတယ်။ ပြုတ်ကျတဲ့ အရှိန်က ဘယ်လောက်အထိ ပြင်းသလဲဆိုတော့ မြေပြင်ပေါ်မှာတောင် တွင်းနက်ကြီး တစ်ခု ဖြစ်သွားစေတဲ့ အထိပါပဲ။ တိုက်ပွဲစက်ကွင်း အနီးအနားမှာရှိတဲ့ အဆင့်နိမ့် မိစ္ဆာသားရဲတွေဟာလည်း သေဆုံးကုန်ပါတယ်။
ဘူး ... ...
ကျွဲမိစ္ဆာကြီးဟာ သူ့ရဲ့ မူလအသွင်ကို ပြန်ပြောင်းလိုက်ပုံပါပဲ။ ပေပေါင်းရာချီ မြင့်တဲ့ ကျွဲရိုင်းကြီး တစ်ကောင်က တွင်းနက်ကြီးထဲကနေ ပြန်တက်လာခဲ့ပါတယ်။
ကျွဲရိုင်းကြီးရဲ့ နှာမှုတ်သံဟာ ပတ်ဝန်းကျင် လေဟာနယ်တစ်ခုလုံးကို တုန်ခါသွားစေခဲ့ပါပြီ။
ဒီမိစ္ဆာကျွဲရိုင်းကြီးရဲ့ ဦးချိုနှစ်ချောင်းဟာ ပိန်းတိတ်နေအောင် နက်မှောင်နေပြီး ခွာလေးဖက် အောက်မှာတော့ အနက်ရောင် မိစ္ဆာချီတွေ ထွက်ပေါ်နေပါတယ်။ မိစ္ဆာကျွဲရိုင်းကြီးက အနက်ရောင် တိမ်တိုက်တွေပေါ်မှာ ရှိနေသလိုပါပဲ။ ကျွဲရိုင်းကြီးရဲ့ နီရဲတောက်ပနေတဲ့ မျက်လုံး အစုံဟာ လူတွေ အားလုံးကို အကူအညီမဲ့တဲ့ ခံစားချက်မျိုးကို ပေးစွမ်း နေပါတယ်။
မီတာရာနဲ့ ချီအောင် ကြီးမားတဲ့ ကျွဲရိုင်းမိစ္ဆာကြီးဟာ သူ့ရဲ့ခွာတွေကို မြေပေါ်ကို ပေါက်ချလိုက်ပြီး ချိုတစ်ဝှေ့ဝှေ့ဖြင့် ကောဟိုင်ရှိရာ ကောင်းကင်ယံသို့ ပြေးဝင်သွားခဲ့ပါပြီ။
ကောဟိုင်ကလည်း ကျွဲရိုင်းကြီးကို ကြောက်ရွံ့နေခြင်း မရှိဘဲ ထိပ်တိုက် ရင်ဆိုင်လိုက်ပါတယ်။
" ယုတ်ညံ့တဲ့ မိစ္ဆာသားရဲ ...။ သေစမ်း ... "
လူတစ်ယောက်နဲ့ မိစ္ဆာသားရဲ တစ်ကောင်ကတော့ အနီးကပ် သူသေကိုယ်သေ တိုက်ခိုက် နေကြပါပြီ။
ကျန်တဲ့ မိစ္ဆာ သားရဲတွေကတော့ တိုက်ပွဲ စက်ကွင်းထဲကနေ ရှောင်ထွက် သွားကြ ပါတော့တယ်။ သူတို့အနေနဲ့ ဒီတိုက်ပွဲထဲမှာ ပါဝင် တိုက်ခိုက်နိုင်စွမ်း မရှိပါဘူး။
သူတို့ တတ်နိုင်တာကတော့ အခြားသော လူသားတွေကို သတ်ဖြတ်တာပါပဲ။ ကောဟိုင်ရဲ့ အနောက် အတော်ဝေးဝေးမှာ လိုက်ပါလာတဲ့ လူသား အုပ်စုကြီးကသာ သူတို့ရဲ့ အစစ်အမှန် ရန်သူ ဖြစ်ပါတယ်။
ကောဟိုင်နဲ့ ကျွဲရိုင်းမိစ္ဆာကြီးတို့ တိုက်ခိုက်နေတဲ့ နေရာနဲ့ မိုင်ပေါင်း တော်တော် ဝေးဝေးမှာတော့ လူသားတွေနဲ့ မိစ္ဆာသားရဲတွေဟာ မျက်နှာချင်း ဆိုင်မိသွားကြပါပြီ။
" လူသားတွေ အကုန်လုံးကို သတ် ... "
ပေတစ်ရာကျော် ရှိတဲ့ အဆင့်၄ အဆင့်မြင့် သားရဲကြီး တစ်ကောင် လူသား ဘာသာစကားနဲ့ အော်ဟစ်ပြီး တိုက်ပွဲကို စတင်လိုက်ပါတယ်။
ဝုန်း ... ဝုန်း ... ဝုန်း ... ...
တော်လဲသံကြီးတွေ မြည်ဟည်း လာခဲ့ပါပြီ။ မိစ္ဆာသားရဲအုပ်ကြီးရဲ့ ပြေးလာသံတွေနဲ့တင် သာမန်ကျင့်ကြံသူ တစ်ယောက်ဟာ နှလုံးလေဟပ်ပြီး သေသွားနိုင်ပါတယ်။ ဒီမိစ္ဆာသားရဲတွေက တစ်ကောင် နှစ်ကောင်မှ မဟုတ်တာလေ။ ဒီကောင်တွေက ထောင်နဲ့ချီပြီး ရှိနေတာပါ။ ဒီမိစ္ဆာသားရဲအုပ်ကြီးက တိုက်ပွဲ တော်တော်များများကို တိုက်ခိုက်ပြီးခဲ့ပုံလည်း ရပါတယ်။ သူတို့ထဲက မိစ္ဆာ သားရဲ တော်တော်များများဟာ ဒဏ်ရာတွေနဲ့ပါပဲ။
" မိစ္ဆာကောင်တွေကို သတ်ကြဟေ့ ... "
အကြီးအကဲ ဝမ်ကလည်း ရှေ့ဆုံးကနေ ပြေးထွက်သွားခဲ့ပါပြီ။
အကြီးအကဲဝမ်ဟာ ငွေလှံဂိုဏ်းရဲ့ အကြီးအကဲခေါင်ချုပ် တစ်ယောက် ဖြစ်ပါတယ်။ သူ့လက်ထဲက ငွေရောင်လှံရဲ့ အစွမ်းကတော့ တကယ့်ကို လက်ဖျားခါစရာပါပဲ။
တိုက်ပွဲစပြီဆိုတာနဲ့ အကြီးအကဲဝမ်ရဲ့ ငွေရောင်လှံက အဆင့်၄ အဆင့်မြင့် မိစ္ဆာသားရဲကြီး တစ်ကောင်ရဲ့ လည်ပင်းကို ထုတ်ချင်းဖောက် ပေါက်ထွက် သွားစေခဲ့ပါတယ်။
စွပ် ...
အစောပိုင်းကတည်းက ဒဏ်ရာရနေဟန်တူတဲ့ အဆင့်၄ မိစ္ဆာသားရဲကြီးကတော့ အကြီးအကဲဝမ်ရဲ့ ငွေရောင်လှံချက်ကို ဘယ်လိုမှ တောင့်ခံနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒီလှံချက် တစ်ချက်နဲ့တင် မိစ္ဆာသားရဲကြီးဟာ သေဆုံးသွားခဲ့ပါပြီ။
ငွေလှံဂိုဏ်းရဲ့ အကြီးအကဲခေါင်ချုပ် တစ်ယောက်ဖြစ်တဲ့ အကြီးအကဲဝမ်ရဲ့ အစွမ်းက ကောင်းကင်နယ်ပယ် အဆင့်မှာတော့ ပြိုင်ဘက်ကင်းဟုတောင် သတ်မှတ်နိုင်ပါတယ်။ ဒဏ်ရာရနေတဲ့ အဆင့်၄ အဆင့်မြင့် သားရဲတစ်ကောင်ကို သတ်ရတာက အကြီးအကဲ ဝမ်အတွက်တော့ သိပ်ပြီး ခက်ခဲလှခြင်း မရှိပါဘူး။
" ခရမ်းရောင်ချီ နတ်ဘုရားအပ် "
တန်ကျင်းယွန်ရဲ့ ခရမ်းရောင်ချီ နတ်ဘုရားအပ်ကလည်း ကျားနဂါး ပြိုင်ပွဲမှာတုန်း ကထက်ကို ပိုပြီး အစွမ်းထက် လာပါတယ်။ ကြည့်ရတာတော့ အလုံးစုံ တတ်သိ နားလည်ခြင်း အဆင့်ကို ရောက်နေပုံပါပဲ။
သူ့ရဲ့ လက်ထဲမှာရှိတဲ့ ဝါးစိမ်းတုတ်ကနေ ထွက်လာတဲ့ မရေမတွက်နိုင်တဲ့ ခရမ်းရောင် ချီတွေဟာ အဆင့်၄ အဆင့်နိမ့် မိစ္ဆာသားရဲ တစ်ကောင်ကို ဇကာပေါက်သဖွယ် ဖြစ်သွား စေခဲ့တယ်လေ။
' သူက လက်ရွေးစင် ပါရမီရှင် တစ်ယောက် ဖြစ်ထိုက်ပါပေတယ်။ သူ့ရဲ့ တိုက်ခိုက်မှုက ကောင်းကင်နယ်ပယ် အဆင့်၄ ပညာရှင်နဲ့တောင် ယှဉ်နိုင်စွမ်း ရှိတာပဲ '
တန်ကျင်းယွန်ရဲ့ တိုက်ခိုက်မှုကို မြင်လိုက်ရတဲ့ ကောင်းကင်နယ်ပယ် ပညာရှင် အချို့ကတော့ စိတ်ထဲကနေ ကျိတ်ပြီး ချီးကျူး လိုက်ကြပါတယ်။
ဖတ် ... ဖတ် ... ဖတ် ...
လီဖူချန်းကလည်း သူ့ရဲ့ ဓားကို ဆွဲထုတ်ပြီး တိုက်ပွဲထဲကို ဝင်သွားခဲ့ပါပြီ။
ရွှမ်း ... ...
သူ့ရဲ့ ဓားချက်တစ်ချက် ထွက်လာတာနဲ့ တစ်ပြိုင်နက် အဆင့်၄ အလယ်အလတ်အဆင့် မိစ္ဆာသားရဲ တစ်ကောင်ဟာ နှစ်ပိုင်း ပြတ်ထွက်သွားခဲ့ပါတယ်။ အသားကို မီးကျွမ်းတဲ့ အနံ့တွေလည်း စူးရှစွာ ထွက်ပေါ် လာခဲ့ပါသေးတယ်။
" ဒီ ... ဒီဓားချက် ... "
လီဖူချန်းရဲ့ ဓားချက်ကို မြင်လိုက်ရတဲ့ ကောင်းကင်နယ်ပယ် အလယ်အလတ်အဆင့် ပညာရှင် တစ်ယောက်ကတော့ ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့ပါပြီ။
သူ့အနေနဲ့ ဆိုရင်တော့ သည်အဆင့်၄ အလယ်အလတ် အဆင့် မိစ္ဆာသားရဲကြီးကို သတ်ဖြတ်ပစ်ဖို့ ဆိုရင် သိုင်းကွက်ပေါင်း ၁၀၀နီးပါး အသုံးပြုရမှာပါ။ ဒါပေမဲ့ ဒီလူငယ်လေးကတော့ ဓားချက် တစ်ချက်တည်းနဲ့ မိစ္ဆာသားရဲကြီးကို သတ်ဖြတ် ပစ်လိုက်ပါတယ်။
" ဒီ ... ဒီကောင် ... "
တန်ကျင်းယွန်က လီဖူချန်းကို ကြည့်ပြီး ဘာပြောလို့ ပြောရမှန်းတောင် မသိတော့ပါဘူး။
ကျားနဂါးပြိုင်ပွဲ ပြီးသွားတာက တစ်နှစ်နီးပါးသာ ရှိပါတော့တယ်။ ဒါပေမဲ့ ဒီသကောင့်သားက သူ့ကို အများကြီး သာသွားခဲ့ပါပြီ။
" လူသားကောင်စုတ်လေး ... သေစမ်း ... "
ကောင်းကင်ယံထက်မှာ ရှိနေတဲ့ အဆင့်၄ အဆင့်မြင့် မိစ္ဆာသားရဲ တစ်ကောင်ဟာ လီဖူချန်းဆီကို ဇောက်ထိုး ဆင်းချလာပါတယ်။ ဒီမိစ္ဆာသားရဲကတော့ တောင်ပံပြာသားရဲ ပါပဲ။
တောင်ပံပြာ မိစ္ဆာသားရဲတွေက လေထဲမှာ စိတ်ကြိုက် ပျံသန်းသွားလာနိုင်တဲ့ သားရဲ အမျိုးအစားထဲက ဖြစ်ပါတယ်။ သူ့ရဲ့တောင်ပံတစ်စုံက ဓားလှံတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိသလို ရေဒဏ်၊ မီးဒဏ်တွေကိုလည်း အတော်အသင့် ခံနိုင်ရည် ရှိပါတယ်။ ဒီမိစ္ဆာသားရဲကြီးရဲ့ တောင်ပံ တစ်စုံကို အထင်သေးလို့တော့ မရပါဘူး။
ဖြန်း ...
တောင်ပံပြာ မိစ္ဆာသားရဲကြီးက လီဖူချန်းထံကို မျက်စိတစ်မှိတ် အတွင်းမှာပဲ ရောက်ရှိ လာခဲ့ပြီး တောင်ပံဖြင့် ရိုက်ချလိုက်ပါတယ်။
သူ့ရဲ့ တောင်ပံ တစ်စုံကတော့ အပြာရောင် ဓားသွားတွေ စီချယ်ထားတဲ့ အတိုင်းပါပဲ။
ထန်. ...
လီဖူချန်းရဲ့ ဓားကလည်း နှောင့်နှေးနေခြင်း မရှိပါဘူး။ သူ့ရဲ့ ဓားက အပြာရောင် တောင်ပံတစ်စုံကို မိမိရရ ရိုက်ထုတ် ပစ်လိုက်နိုင်ပါတယ်။
' ဒီတောင်ပံပြာ မိစ္ဆာသားရဲကြီးက အတော်လေး အစွမ်းထက်တာပဲ။ ဒီကောင်ကြီးက ကောင်းကင်နယ်ပယ် အဆင့်၈ ပညာရှင်နဲ့တောင် ယှဉ်လို့ရတယ် '
လီဖူချန်းက တောင်ပံပြာ မိစ္ဆာသားရဲကြီးကို နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ဖို့ အတွက် အခွင့်အရေး မပေးချင်ပါဘူး။ အဲဒီအတွက် သူက တောင်ပံပြာ မိစ္ဆာသားရဲကြီး ဆီသို့ ခုန်တက်သွားပြီး အဆက်မပြတ် တိုက်ခိုက်လိုက်ပါတယ်။
ရွှမ်း ... ရွှမ်း ... ရွှမ်း ... ရွှမ်း ...
လီဖူချန်းရဲ့ ဓားချက်တွေက လျှပ်ပြက်နေတဲ့ အလားပါပဲ။
တောင်ပံပြာ မိစ္ဆာသားရဲကြီးရဲ့ ခန္ဓာကိုယ်ပေါ်မှာတော့ ဓားဒဏ်ရာတွေ ပြည့်နှက် သွားခဲ့ပါပြီ။
" သေစမ်း "
တောင်ပံပြာ မိစ္ဆာသားရဲကြီးက သူ့ရဲ့ ခန္ဓာကိုယ်ကို မွတ်နေအောင် လှည့်လိုက်ပြီး မုန်တိုင်း တစ်စင်းကို ဖြစ်တည် စေခဲ့ပါတယ်။ သူ့ရဲ့ အတောင်ပံတွေကတော့ ဓားစကြာကြီး ၂ခုလိုပါပဲ။ ဒီတောင်ပံပြာ မိစ္ဆာကြီးက လီဖူချန်းကို သူသေကိုယ်သေ တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပုံ ရပါတယ်။
" လာစမ်းပါ ... "
လီဖူချန်းကလည်း ကြောက်တယ်ဆိုတာ ချိုနဲ့လားဟု မေးမယ့် လူအတန်းအစားထဲကပါပဲ။ သူက သူ့ရဲ့ ဓားဆန္ဒကို ထုတ်သုံး လိုက်ပါတယ်။
ပူပြင်းတောက်ပလှတဲ့ ဓားဆန္ဒကြီး တစ်ခုကတော့ ကောင်းကင်ယံ တစ်ခုလုံးကို လွှမ်းခြုံ သွားခဲ့ပါပြီ။
ရွှမ်း ... ရွှမ်း ...
ပူပြင်းလှတဲ့ ဓားချီတွေက တောင်ပံပြာ မိစ္ဆာသားရဲကြီးရဲ့ တောင်ပံတွေကို အရင်းကနေ ဖြတ်တောက် ပစ်လိုက်ပါတယ်။ လီဖူချန်းရဲ့ တိုက်ခိုက်မှုက မပြီးသေးပါဘူး။
" သေလိုက်စမ်း "
လီဖူချန်းက တောင်ပံပြာ မိစ္ဆာသားရဲကြီးရဲ့ လည်ပင်းနားကို ခုန်ဝင်သွားပြီး ဓားချက်တစ်ချက် ထုတ်လိုက်ပါသေးတယ်။
ဂါး ... ဂရား ...
လီဖူချန်းရဲ့ သည်ဓားချက်ကတော့ ချက်ကောင်းကို ထိသွားပုံပါပဲ။ တောင်ပံပြာ သားရဲကြီးက စူးရှစွာ အော်ဟစ် မြည်ကြွေးလိုက်ပြီး မြေပြင်ပေါ်ကို ပြုတ်ကျသွားခဲ့ပါပြီ။ ထို့နောက်မှာတော့ တစ်ချက်နှစ်ချက် လူးလွန့်ပြီး ငြိမ်သက် သွားပါတော့တယ်။
" ဒါက ဆန်းကြယ် အထွတ်အထိပ် အဆင့် ဓားဆန္ဒ မဟုတ်ဘူးလား ... "
အဆင့်၄ အထွတ်အထိပ်အဆင့် မိစ္ဆာသားရဲနဲ့ အသည်းအသန် တိုက်ခိုက်နေတဲ့ အကြီးအကဲ ဝမ်တောင်မှ လီဖူချန်းရဲ့ ဓားဆန္ဒကို ခံစားမိလိုက်ပါတယ်။
သူ့လိုမျိုး ကောင်းကင်နယ်ပယ် အထွတ်အထိပ် ပညာရှင်တောင်မှ ဆန်းကြယ် အထွတ်အထိပ် အဆင့် လှံဆန္ဒကို နားလည် အသုံးပြုနိုင်ဖို့ အတွက် နှစ်ပေါင်းများစွာ အချိန်ယူ ခဲ့ရတာပါ။ သည်လို အသက်၂၀ကျော် ကောင်လေး တစ်ယောက်က ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒကို နားလည် အသုံးပြု နိုင်လိမ့်မယ်လို့ အကြီးအကဲဝမ် အနေနဲ့ အိပ်မက်ထဲမှာတောင် ထည့်ပြီး မမက်ခဲ့ဖူးပါဘူး။ဒါက တကယ့်ကို ရူးသွပ်ချင်စရာပါပဲ။
ပြီးတော့ လီဖူချန်းရဲ့ တိုက်ခိုက် နိုင်စွမ်းကလည်း အရမ်းကို အစွမ်းထက်လွန်း နေပါသေးတယ်။ သူက ကောင်းကင်နယ်ပယ် အဆင့်၄နဲ့တင် အဆင့်၄ အဆင့်မြင့် မိစ္ဆာသားရဲ တစ်ကောင်ကို သတ်ဖြတ်နိုင်စွမ်း ရှိနေပါပြီ။
အကြီးအကဲဝမ်က လီဖူချန်း အပေါ်မှာ အထင်သေးခဲ့မိတယ် ဆိုတာကိုတော့ ဝန်မခံချင်လည်း ဝန်ခံရမှာပါပဲ။ လီဖူချန်းက အတွေ့အကြုံ ရင့်နေပြီဖြစ်တဲ့ ကောင်းကင်နယ်ပယ် အဆင့်မြင့် ပညာရှင် တစ်ယောက်နဲ့တောင် ယှဉ်နိုင်ပါတယ်။
တောင်ပံပြာ မိစ္ဆာသားရဲကြီးကို သတ်ဖြတ်ပြီးသွားတဲ့ အခါမှာတော့ လီဖူချန်းဟာ သတ်ဖြတ်ရတာကို အရသာ တွေ့သွားခဲ့ပါပြီ။ သူက အရူးတစ်ယောက်လို အော်ဟစ်ပြီး တိုက်ပွဲထဲကို ပြေးဝင် သွားပါတော့တယ်။ သူ့နဲ့ ထိပ်တိုက်တွေ့ဆုံမိတဲ့ မိစ္ဆာသားရဲတွေကတော့ အတော်လေးကို ကံဆိုးတယ်လို့ သတ်မှတ်ရမှာပါပဲ။ လီဖူချန်းရဲ့ ဓားနက်ကြီးက သူနဲ့ ထိပ်တိုက် ရင်ဆိုင်မိတဲ့ ဘယ်မိစ္ဆာသားရဲကိုမှ အသက်ရှင်ခွင့် မပေးခဲ့ပါဘူး။
သည်မိစ္ဆာသားရဲအုပ်ကြီးက စစ်ပန်းနေတဲ့ အတွက် လီဖူချန်းတို့ဘက်က တဖြည်းဖြည်းနဲ့ အရေးသာ လာခဲ့ပါပြီ။ အချိန်၂နာရီ ကြာပြီးသွားတဲ့ အခါမှာတော့ မူလက အရေအတွက် လေးထောင် နီးပါးရှိတဲ့ မိစ္ဆာသားရဲ အုပ်ကြီးဟာ အရေအတွက် တစ်ထောင်တောင် မကျန်တော့ပါဘူး။ လီဖူချန်းတို့ဘက်က ကျဆုံးတဲ့ အရေအတွက်ကတော့ ရာပိုင်းမျှသာ ရှိပါသေးတယ်။
မိစ္ဆာသားရဲ အရေအတွက်က မဖြစ်စလောက်သာ ကျန်တော့တာမို့ လီဖူချန်းဟာ တိုက်ပွဲထဲကို သိပ်အာရုံ မထားတော့ဘဲ မိုင်ပေါင်းတစ်ရာ အကွာက တိုက်ပွဲကိုသာ အာရုံစိုက် လိုက်ပါတယ်။
ကောင်းကင်နယ်ပယ် ပညာရှင် ဖြစ်လာတဲ့ လီဖူချန်းရဲ့ အသိစိတ်အာရုံဟာ ဟိုးအဝေးမှာ တိုက်ခိုက်နေတဲ့ လူသားနဲ့ မိစ္ဆာသားရဲကြီးတို့ရဲ့ တိုက်ပွဲကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်စွမ်း ရှိနေပြီ မဟုတ်ပါလား။
' အဲဒါက အကြီးအကဲ ကောဟိုင်နဲ့ အဆင့်၅ ကျွဲရိုင်းမိစ္ဆာကြီး တစ်ကောင်ပဲ '
လီဖူချန်းက ခပ်တိုးတိုး ရေရွတ် လိုက်ပါတယ်။
လီဖူချန်းတို့ တိုက်ပွဲဖြစ်ရာနေရာနဲ့ မိုင်ပေါင်းတစ်ရာ အကွာမှာတော့ အနက်ရောင် တိမ်တိုက်တွေနဲ့ ဆင်တူတဲ့ မိစ္ဆာချီတွေကို ထုတ်လွှတ်နေတဲ့ ကျွဲရိုင်းကြီး တစ်ကောင်နဲ့ ဆေဘာ တစ်လက် ကိုင်ထားတဲ့ လူသားတစ်ယောက်ဟာ အကြီးအကျယ် တိုက်ခိုက် နေကြပါတယ်။
" လူသား ... ငါက မင်းရဲ့ လက်အောက်က လူတွေကို အရင်သတ်ပစ်မယ်။ "
ကျွဲရိုင်းမိစ္ဆာကြီးဟာ ကောဟိုင်ကို ဘယ်လို မယှဉ်နိုင်တော့ဘူး ဆိုတာကို သဘောပေါက် သွားခဲ့ပါပြီ။ အဲသည်အတွက် ကျွဲရိုင်းကြီးက ကောဟိုင်နဲ့ ဆက်လက် တိုက်ခိုက်ခြင်း မရှိတော့ဘဲ လီဖူချန်းသို့ ရှိရာဆီကို တဟုန်ထိုး ပြေးထွက် သွားပါတော့တယ်။
ကောင်းဟိုင်က သည်ကျွဲမိစ္ဆာကြီး အခုလို ထွက်ပြေး သွားလိမ့်မယ်လို့ မမျှော်လင့် ထားခဲ့ပါဘူး။ အဲသည်အတွက် သူက အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားပါတယ်။
" မိစ္ဆာကောင် ...။ ရပ်စမ်း "
ကောင်းဟိုင်ကလည်း ဒီကျွဲမိစ္ဆာကို သူ့လူတွေဆီ သွားခွင့်ပြုလို့ မဖြစ်ဘူးဆိုတာကို သိပါတယ်။ ဒီကျွဲရိုင်းမိစ္ဆာကြီးသာ သူ့လူတွေဆီကို ရောက်သွားလို့ကတော့ ဖြစ်ပေါ်လာမယ့် ရလဒ်က ကောင်းတော့မှာ မဟုတ်ပါဘူး။ အနည်းဆုံးတော့ လူနှစ်ထောင်နီးပါး သေသွားနိုင်ပါတယ်။
***