ကျေးဇူးပြုပြီး အခုချက်ချင်း လက်ထပ်ပေးပါ လင်းဖန်နဲ့ ရှားဝမ်ချွေ့ရေ
Vol. 14 Ch. 210
သူတို့ လင်းဖန်၏ စကားကို ကြားသောအခါ Bugatti ကော်ပိုရေးရှင်းရဲ့ လုံခြုံရေး အစောင့်တွေ အကုန်လုံးက Pittman ကို တားဆီးလိုက်ကြသည်။
Pittman ၏ အဖေက မကျေမနပ် ဖြစ်သွားပြီး လင်းဖန်ကို ကြည့်ခဲ့သည်။ " ထိခိုက်ဒဏ်ရာ ရထားတာ ကျွန်တော့်သားပါ ဘော့စ်လင်း။ ကျွန်တော့်သားက ထိခိုက်နစ်နာသူပါ။ သူ့ကို ဒီမှာ ထားခဲ့ရမယ် ဆိုတာ ဘာအဓိပ္ပာယ်လဲ။ "
Pittman သည် ဘော့စ်လင်း၏ သရုပ်မှန်ကို သိသွားပြီးနောက် သူ့အရှိန်အဝါက အားလျော့သွားခဲ့သည်။
လင်းဖန် ပြုံးကာ Pittman ၏ အဖေကို ကြည့်လိုက်သည်။ " ပထမဆုံးအနေနဲ့ ကုန်ပစ္စည်းသစ် မိတ်ဆက်ဖြန့်ချီပွဲမှာ Pittman က တရုတ်နိုင်ငံရဲ့ နာမည်ကျော် ကြယ်ပွင့် တစ်ယောက်ကို အနှောင့်အယှက် ပေးခဲ့တယ်။ "
" ဒုတိယအနေနဲ့ ကုန်ပစ္စည်းသစ် မိတ်ဆက်ဖြန့်ချီပွဲ ပြီးသွားတော့ Pittman က သူ့ရဲ့ လုံခြုံရေးအစောင့်တွေကို ကျွန်တော့်ကို တိုက်ခိုက်ဖို့နဲ့ ကျွန်တော်ရဲ့ ခေါင်းကို ဘီယာပုလင်းနဲ့ ရိုက်ဖို့ အမိန့်ပေးခဲ့တယ်။ ကျွန်တော့်အတွက် ကိုယ့်ကိုယ့်ကိုယ် ခုခံကာကွယ်မှုအနေနဲ့ သူ့ကို ပြန်ထိုးတယ် ဆိုတာ ကျိုးကြောင်းဆီလျော်ပါတယ်။ ဒါပေမဲ့လည်း Pittman က ကျွန်တော့်ကို အနောက်ကနေ တိုက်ခိုက်ချင်နေခဲ့တာ ဆိုတော့ သူ့မှာ ကျွန်တော့်ကို သတ်ဖို့ ရည်ရွယ်ချက် ရှိလိမ့်မယ်လို့ သံသယရှိမိတယ်။ "
" တတိယကတော့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီးတဲ့နောက်ပိုင်း သူ့အဖေအနေနဲ့ ခင်ဗျား ပထမဆုံး လုပ်တဲ့ အရာက ကျွန်တော့်ကို ခြိမ်းခြောက်ပြီး တောင်းပန်ခိုင်းတာပဲ။ "
" ခင်ဗျားတို့ လုပ်ချင်တာတွေ လုပ် ၊ ပြောချင်တာတွေ ပြောပြီးသွားတော့ ဘာမှ မတောင်းပန်ဘဲနဲ့ ဒီနေရာကနေ ဒီတိုင်း ထွက်သွားချင်တယ်ပေါ့။ "
" ဒီနေ့ ခင်ဗျားတို့ ကျွန်တော့်ကို အခုလို လာလုပ်လို့ ခင်ဗျားတို့မှာ ရွေးချယ်စရာ မရှိတော့တာ။ တကယ်လို့ ကျွန်တော့်နေရာမှာ သာမန်လူ တစ်ယောက်သာ ဖြစ်နေရင် သူ ဘာဖြစ်သွားမှာလဲ။ "
" ဒါက ခင်ဗျား ကျွန်တော့်ကို တရားစွဲမှာလား ၊ တရားမစွဲဘူးလား ဆိုတဲ့ ပြဿနာ မဟုတ်တော့ဘူး။ ကျွန်တော်က ခင်ဗျားရဲ့ သားကို … လူသိရှင်ကြား တရားစွဲတော့မှာပါ။ "
လင်းဖန်သည် Pittman ၏ အဖေကို ကြည့်ပြီး ပြောလိုက်သည်။
မှန်သည်။ သူ ပြောခဲ့တဲ့ စကား အနည်းငယ်က Pittman ကို ပြစ်ဒဏ်ချမှတ်ရန် မလုံလောက်ဘူး ဆိုတာ လင်းဖန် သိပါသည်။
ဒါပေမဲ့ စုံစမ်းမေးမြန်းရေးကို Pittman ကျော်ဖြတ်နိုင်မှာတဲ့လား။
လင်းဖန်က သူ့ကိုယ်ပိုင်ဘဝနှင့် ပတ်သက်သမျှ အကြောင်းအရာ အားလုံးကို ဖော်ထုတ်ပြီး သူ့ကို လွတ်လမ်း မရှိအောင် ပြစ်ဒဏ်ချမှတ်မှာ ဖြစ်သည်။
ဒီလို လူမျိုးနှင့် လင်းဖန် အရင်တုန်းက တစ်ခါမှ မတွေ့ခဲ့ဖူးသောကြောင့် သူ့မှာ သဘာဝကျစွာပင် ရွေးချယ်စရာ မရှိပေ။
အခု သူ Pittman နှင့် တွေ့ဆုံခဲ့ပြီမို့ လင်းဖန်သည် Pittman အား တခြား လူတွေကို နောက်တစ်ကြိမ် ထပ်အနိုင်ကျင်ခွင့် သေချာပေါက် မပေးနိုင်ပါ။
တစ်ဖက်လူက အရင်ဆုံး တိုက်ခိုက်ချင်တာ ဖြစ်၍ လင်းဖန်ကလည်း ဒီတိုင်း ငြိမ်နေမှာ မဟုတ်။
Pittman ကို တရားစွဲဖို့ ထင်သလောက် မလွယ်ဘူး ဆိုလျှင် လင်းဖန်သည် Pitt မိသားစုကို တိုက်ခိုက်ရန် ကုမ္ပဏီ ၃ ခုနှင့် အင်အား ပူးပေါင်းမှာ ဖြစ်သည်။
လင်းဖန် ဒီလို လုပ်ဖို့ ဆုံးဖြတ်လိုက်တာက Pittman ရဲ့ အဖေ ပြောခဲ့သော စကားကြောင့်ပင်။
အကယ်၍ Pittman ရဲ့အဖေသာ ရောက်,ရောက်ချင်း လင်းဖန်ကို တောင်းပန်ခဲ့လျှင် လင်းဖန် ဒီလောက်ထိ မရက်စက်နိုင်လောက်ပါ။
သူ Pitt ကုမ္ပဏီကို အပြီးအပိုင် ဒေဝါလီခံသွားစေချင်သည်။
စီးပွားရေးယှဉ်ပြိုင်မှုအရ ကုမ္ပဏီ တစ်ခုကို တိုက်ခိုက်ရန် ထိပ်တန်း ကုမ္ပဏီကြီးတွေ အင်အားပူးပေါင်းလိုက်မည် ဆိုလျှင် ထိုကုမ္ပဏီ ပြိုလဲမသွားနိုင်စရာ အကြောင်း မရှိပေ။
Pitt ကုမ္ပဏီဟာ စီးပွားရေးလောကထဲမှာ များသောအားဖြင့် ဘယ်သူ့ကိုမှ တူသလို တန်သလို မဆက်ဆံဘဲ စိတ်ကြီးဝင်နေသော ကုမ္ပဏီ တစ်ခုပါ။ ဒီကုမ္ပဏီ တခြား ဘာတွေ လုပ်ထားသေးလဲ ဆိုတာ ဘယ်သူ သိမှာလဲ။
ထို့ကြောင့် … လင်းဖန်က သူတို့ကို တစ်ချက်တည်းနှင့် အလဲထိုးပစ်မှာ ဖြစ်သည်။
လင်းဖန်ရဲ့ စကားတွေကို ကြားပြီးနောက် Pittman ထိတ်လန့်သွားသည်။
Pittman ရဲ့ အဖေက မျက်နှာတင်းမာသွားသည်။
လင်းဖန် ဆိုလိုတဲ့ အဓိပ္ပါယ်ကို သူ သိပါသည်။
Pitt ကုမ္ပဏီကို ထိုကုမ္ပဏီ ၃ ခုက တစ်ချိန်တည်းမှာ တိုက်ခိုက်လာရင် ဘယ်လို ကံကြမ္မာမျိုးကို သူတို့ ရင်ဆိုင်ရမှာလဲ။
ထိုအတွေးကြောင့် Pittman ၏ အဖေက လင်းဖန်အရှေ့သို့ လျှောက်သွားကာ အနည်းငယ် ဦးညွှတ်ပြီး ပြောလိုက်သည်။ " ခုနတုန်းက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မှားသွားပါတယ် ဘော့စ်လင်း။ "
" ခင်ဗျားရဲ့ ဆုံးရှုံးနစ်နာမှု အတွက် ကျွန်တော်တို့ ဒေါ်လာ သန်း ၃၀၀ လျော်ကြေး ပေးချင်ပါတယ်။ ကျွန်တော့်သားကိုလည်း အခုက စပြီး ရှေ့လျှောက် ဆုံးမသွားပါ့မယ် ၊ ပြီးတော့ သူ့ကို မစ်စ်စုကိုလည်း တောင်းပန်ခိုင်းပါ့မယ်။ တစ်ချိန်တည်းမှာပဲ လူမှုအဖွဲ့အစည်းတွေ အတွက် ကျွန်တော်တို့ ကုမ္ပဏီကနေ ငွေကြေးထောက်ပံ့ပေးသွားပါ့မယ်။ "
Pittman ၏ အဖေက အလွန် ပွင့်လင်းနေခဲ့ပါပြီ။
သူက လင်းဖန်ကို လျော်ကြေးပေးရန် အတွက် သန်း ၃၀၀ ကို သုံးသွားမှာ ဖြစ်သည်။
သန်း ၃၀၀ ဆိုတာ မိုးထိလုမတတ် မြင့်မားသော ငွေကြေးပမာဏပင်။
သန်း ၃၀၀ ဟူသော စကားကို ကြားပြီးနောက် ပတ်ဝန်းကျင်ရှိ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေဟာ အနည်းငယ် မနာလိုဖြစ်သွားခဲ့ကြသည်။
လင်းဖန်က သန်း ၃၀၀ ထပ်ရတော့မှာပဲ။
သူ သေချာပေါက် အကျိုးအမြတ်တွေ အများကြီး ရတော့မှာ မဟုတ်လား။
သူ ခေါင်းလေး ညိတ်ရုံနဲ့ သန်း ၃၀၀ ရနိုင်မှာလေ။ ဘယ်သူက သဘောမတူဘဲ နေမှာလဲ။
လင်းဖန်က ပြုံးရုံသာ ပြုံးပြီး စုရှောင်းယွီ၏ လက်မောင်းကို ကိုင်လိုက်သည်။ " ကျွန်တော်က အဲ့ဒီ သန်း ၃၀၀ ကို လိုအပ်နေတဲ့ လူလို့ ခင်ဗျား ထင်နေတာလား။ "
" ခင်ဗျားလည်း ကိုယ့်ကုမ္ပဏီကို အနေအထား တစ်ခုထိ ရောက်အောင် ဦးဆောင်လာခဲ့တာပဲ။ တချို့ ကိစ္စတွေကို လုပ်လို့ ရပေမဲ့ တချို့ ကိစ္စကတော့ အမှားမခံဘူး ဆိုတာ သိသင့်တယ်။ "
" Pittman က ကိစ္စ တချို့ကို ကျွန်တော့်မျက်စိရှေ့မှာ လုပ်ခဲ့တာ ဆိုတော့ ဘယ်လို အခွင့်အရေးမှ ထပ်မရှိတော့ပါဘူး။ " လင်းဖန်သည် ထိုစကားကို ပြောပြီးနောက် စုရှောင်းယွီ၏ လက်ကို ကိုင်ကာ ထွက်ခွာသွားခဲ့သည်။
Pittman ရဲ့ အဖေက လင်းဖန် ပြောသော စကားတွေကို ကြားပြီးချိန်မှာ သက်ပြင်းချပြီး Pittman ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
အမှားမကျူးလွန်သင့်သော တစ်စုံတစ်ယောက်ကို သွားရှုပ်မိ၍ Pitt ကုမ္ပဏီဟာ စီးပွားပျက်ကိန်းနှင့် ရင်ဆိုင်ရဖို့ သေချာသလောက်ပင်။
လင်းချမ့်ဝေက လင်းဖန်နံဘေးမှ လိုက်ပါလာခဲ့ကာ သူမရဲ့ မျက်လုံးထဲမှာ အထင်ကြီး လေးစားမှုတွေ ပြည့်နှက်နေသည်။
ဒါမှ သူမရဲ့ ဘော့စ် လင်းဖန်။
သူ ယနေ့ လုပ်ခဲ့သမျှ အရာရာတိုင်းသည် လင်းချမ့်ဝေအား အထင်ကြီး လေးစားစိတ် အနည်းငယ်ကို ဖြစ်ပေါ်စေခဲ့လေသည်။
လင်းဖန်ဟာ လင်းချမ်ဝေ့ရဲ့ စိတ်ထဲမှာ ရုတ်တရက်ပဲ ပိုအရေးပါလာခဲ့သည်။
သူမရဲ့ ဘော့စ် လင်းဖန်က အလွန် ထူးခြားသည်။
ကုမ္ပဏီ တစ်ခုရဲ့ အဓိက ရှယ်ယာရှင်ကဲ့သို့ ရာထူးမျိုးကို ပိုင်ဆိုင်ထားခြင်းသည် တခြား ကုမ္ပဏီတွေကို အားနည်းသော သာမန်လူတွေအား အနိုင်ကျင့်ခွင့် မပြုဖို့ ဖြစ်သည်။
သူက ကုမ္ပဏီတွေအား လူ့အဖွဲ့အစည်း အတွက် ကောင်းမွန်သော အရာတွေနှင့် ချမ်းသာကြွယ်ဝမှုတွေကို အမှန်တကယ် ဖန်တီးပေးစေချင်သည်။
ကုမ္ပဏီ တစ်ခုက လူတွေကို ဘယ်လို ဖိနှိပ် အမြတ်ထုတ်ရမလဲ ၊ ဘယ်လို အနိုင်ကျင့်ရမလဲ ဆိုတာပဲ သိရင် အဲ့ကုမ္ပဏီက ဘာအတွက် တည်ရှိနေတာလဲ။
Pitt ကုမ္ပဏီသည် လင်းဖန်ကို သန်း ၃၀၀ လာဘ်ထိုးပြီး ပွင့်လင်းသော သဘောထားကိုပင် ပြချင်ခဲ့သော်လည်း လင်းဖန်ကတော့ သူတို့ကို ငြင်းပယ်ခဲ့သည်။
ပြီးတော့ ခုနတုန်းက ထိုလုံခြုံရေးအစောင့်တွေကို လင်းဖန် ထိုးနေချိန်မှာ လင်းချမ့်ဝေသည် သူ့ရဲ့ ဘော့စ် လင်းဖန်က တကယ့်ကို အလွန် ရုပ်ချောကြောင်း နားလည်သွားသည်။
အထူးသဖြင့် Pittman ရဲ့ ခေါင်းကို ဘီယာပုလင်းဖြင့် ရိုက်လိုက်ချိန်မှာ လင်းဖန်က အရောင်တွေ ဖြာထွက်တောက်ပနေခဲ့သည်။
စုရှောင်းယွီသည် လင်းဖန်ကို သူမရဲ့ လှပသော မျက်လုံးလေးများဖြင့် ကြည့်လိုက်ပြီး နှုတ်ခမ်းရဲရဲလေးတွေကို ခပ်တင်းတင်း စေ့ပိတ်လိုက်သည်။ လင်းဖန်က သူမရဲ့ လက်မောင်းကို ဆုပ်ကိုင်ထားသောကြောင့် မျက်နှာလေး အနည်းငယ် ရဲနေမိသည်။
သူမ လင်းဖန်နှင့်အတူ ရှိနေချိန်တွင် ဘာကိုမှ စိုးရိမ်စရာမလိုဘဲ လုံခြုံမှုရှိနေသလို ခံစားရ၏။
ဒီခံစားချက်က တကယ် ကောင်းလိုက်တာ …
သူမက သူ့အတွက် အသင့်တော်ဆုံး လူ တစ်ယောက် မဟုတ်နေရုံလေးပါ။
သူမ သူနှင့်အတူ ကြာကြာ ရှိနေလေ ၊ စိတ်ထဲမှာ မသက်မသာ ခံစားရလေ ဖြစ်သည်။
ဒါပေမဲ့ သူမ ဘာတတ်နိုင်မှာလဲ။
ဒီလို လှပတဲ့ မှတ်ဉာဏ်လေးက သူမရဲ့ နှလုံးသားထဲမှာ ထာဝရ စွဲမြဲနေဖို့ သေချာသည်။
အခြေအနေတွေသာ ဒီအတိုင်းလေး ဆက်သွားရင် ဘယ်လောက် ကောင်းလိုက်မလဲ… ။
…
လင်းဖန်က စုရှောင်းယွီ နောက်တစ်ကြိမ် အနိုင်ကျင့်ခံရမှာကို စိုးရိမ်၍ သူမရဲ့ လက်မောင်းကို ဆုပ်ကိုင်ထားခဲ့သည်။
သူသာ အနက်ရောက် ဝတ်စုံနှင့် လူကို အချိန်မီ သတိမထားမိလျှင် စုရှောင်းယွီဟာ အန္တာရာယ်ထဲ ကျရောက်နေလိမ့်မည်ဟု ထင်မိသည်။
Pittman က စုရှောင်းယွီကို အရမ်း လိုချင်နေခဲ့တာ ဖြစ်သည်။ သူ ဘာလုပ်မလဲ ဆိုတာ ဘယ်သူ သိမှာလဲ။
အဲ့ဒီလိုနဲ့ မိန်းကလေး တစ်ယောက်ရဲ့ စင်ကြယ်မှုကို ဖျက်ဆီးခံလိုက်ရလိမ့်မည်။
လင်းဖန်က စုရှောင်းယွီကို အသားယူမှာ မဟုတ်ပေ။ သူမရဲ့ လက်ကို သူ ကိုင်ထားခဲ့သည် ဆိုသော်လည်း လက်မောင်းကိုသာ ကိုင်ထားခဲ့တာ ဖြစ်သည်။
စုရှောင်းယွီက လင်းဖန်ကို ကြည့်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။ " နင် ငါ့လက်ကို အခု လွှတ်ပေးလို့ ရပြီနော် ဆရာ။ "
လင်းဖန်သည် စုရှောင်းယွီရဲ့ လက်ကို လွှတ်ပေးလိုက်၏။ " မင်း အဆင်ပြေနေလို့ တော်သေးတာပေါ့ ရှောင်းယွီ။ ဒါမျိုး နောက်ထပ် မဖြစ်စေရဘူးလို့ ငါ ကတိပေးပါတယ်။ "
စုရှောင်းယွီက ချစ်စရာကောင်းစွာ ပြုံးလိုက်သည်။ " နင့်နောက်ကို လိုက်ရတာ တော်တော်လေး လုံခြုံပါတယ် ဆရာ။ ငါ သက်တော်စောင့်တွေ အများကြီး မလိုချင်ဘူး။ "
လင်းဖန် ပြုံးမိသည်။ " မရဘူး ၊ ငါ စိုးရိမ်တယ်။ "
" စုရှောင်းယွီရဲ့ အလုပ် အခြေအနေ ဘယ်လို ရှိလဲ ဆိုတာ ငါ သိချင်လိုက်တာ။ လာမယ့် သုံးရက်ကို ဟိုတယ်မှာပဲ နေကြရအောင်။ သုံးရက် အတွင်း ငါတို့ တရုတ်ကို ပြန်ဖို့ စီစဉ်ကြမယ်။ " ဟု လင်းဖန်က အပြုံးလေးဖြင့် ပြောလိုက်သည်။
" Pitt ကုမ္ပဏီ တစ်ခုလုံးကို ငါတို့ သုံးရက် အတွင်း ဖျက်ဆီးပစ်နိုင်ပါ့မလား ဆရာ။ " ဟု စုရှောင်းယွီက မေးလိုက်သည်။
" ဘယ်ရမလဲ။ "
" ဒါပေမဲ့ သုံးရက် ဆိုတာ Pittman ရဲ့ လုပ်ရပ်တွေ အကုန်လုံးကို စုံစမ်းဖော်ထုတ်ဖို့တော့ လုံလောက်တယ်။ ငါတို့ အဲ့ဒါတွေကို ဖော်ထုတ်ပြီးတာနဲ့ ထိခိုက်မယ့် လူက Pittman တစ်ယောက်တည်းတင် မဟုတ်ဘူး ၊ သူ့အဖေနဲ့ ကုမ္ပဏီလည်း ထိခိုက်သွားမှာ။ "
" Pittman အကြောင်း မကောင်းသတင်းတွေ ထွက်လာနဲ့ ကုမ္ပဏီရဲ့ ရှယ်ယာဈေးနှုန်းတွေလည်း ဟိုးအောက်ကို ထိုးကျသွားလိမ့်မယ်။ အဲ့ဒါက ကုမ္ပဏီ တစ်ခုလုံးကို ထိခိုက်သွားစေမှာလေ။ တစ်လတောင် မပြည့်သေးခင်မှာပဲ အဲ့ဒီ ကုမ္ပဏီက ဒေဝါလီခံလိုက်ရလိမ့်မယ်။ " ဟု လင်းဖန်က ပြောခဲ့သည်။
သူ ပဲရစ်ကို ကုန်ပစ္စည်းသစ် မိတ်ဆက်ဖြန့်ချီပွဲ တက်ရောက်ရန် လာခဲ့ချိန်တုန်းကတော့ ကိစ္စတွေ အများကြီး ဖြစ်ပျက်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
သို့သော်လည်း ဒီအတောအတွင်း လင်းဖန် ရှားဝမ်ချွေ့နဲ့ မတွေ့နိုင်ခဲ့ပါ။
ရှားဝမ်ချွေ့က အပြင်မှာ အလုပ် လုပ်နေဆဲ ဖြစ်သည်။ သူမ ဘယ်အချိန် ပြန်လာမှာလဲ ဆိုတာ သူ မသိပေ။
သူ့အနားမှာ သူ့ဇနီးလေး ရှိနေရင် ပိုကောင်းမည်။
လွန်ခဲ့တဲ့ သုံးရက်အတွင်း Pittman သည် ဖမ်းဆီးခံရကာ ထောင်ထဲ ရောက်သွားခဲ့သည်။ သူ အရင်တုန်းက လုပ်ခဲ့တဲ့ လုပ်ရပ်ဆိုးများကိုလည်း စုံစမ်းစစ်ဆေးနေပြီ ဖြစ်သည်။
Pittman ဟာ မိန်းကလေး ၆ ယောက်ကို အဓမ္မပြုကျင့်ခဲ့ကာ တရားမဝင် လုပ်ရပ်တွေ အများကြီးကိုလည်း လုပ်ထားခဲ့သည်။ ထိုလုပ်ရပ်တွေ အကုန်လုံး တစ်ခုပြီး တစ်ခု ထွက်ပေါ်လာခဲ့လေသည်။
သိပ်မကြာလိုက်ဘဲ Pitt ကုမ္ပဏီရဲ့ ရှယ်ယာဈေးနှုန်းတွေ ဟိုးအောက်ဆုံးထိ ထိုးကျသွားကာ ကုမ္ပဏီ တစ်ခုလုံး အန္တာရာယ်အခြေအနေထဲ ကျရောက်သွားခဲ့၏။
ဤကုမ္ပဏီရဲ့ ကံကြမ္မာကို သတ်မှတ်ထားပြီးသား ဖြစ်နေပါပြီ။
ကုမ္ပဏီလေး တစ်ခုရဲ့ ဒေဝါလီခံခြင်းက လူတွေကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေမှာ မဟုတ်ပါဘူး။
အင်တာနက်ပေါ်မှာ သတင်း တစ်ပိုဒ်သည် ကမ္ဘာတစ်ဝန်းသို့ ပြန့်နှံ့သွားခဲ့သည်။
Bugatti ကုမ္ပဏီကနေ ဒေါ်လာ ၂၂၃ သန်း တန်ကြေးရှိသော Bugatti Veyron Ettore Bugatti အသစ်စက်စက် ပြိုင်ကားကြီးကို တရားဝင် မိတ်ဆက်ပေးခဲ့သည်။
ထို့အပြင် အဲ့ဒီ ပြိုင်ကားကို လင်းဖန် တစ်ယောက်တည်း အတွက် သူ့စိတ်တိုင်းကျ အထူးတလည် ဖန်တီးပေးထားတာ ဖြစ်သည်။
ပြိုင်ကားရဲ့ ဓာတ်ပုံ တစ်ပုံလည်း ရှိနေတာကြောင့် ထိုသတင်းရဲ့ ကျော်ကြားမှုဟာ အင်တာနက်ပေါ်မှာ အထွဋ်အထိပ်သို့ ရောက်သွားခဲ့သည်။
" ဟယ် … Bugatti ကော်ပိုရေးရှင်းက ယွမ် ၂၂၃ သန်း တန်ကြေးရှိတဲ့ ပြိုင်ကားကို တကယ်ကြီး ကြေညာလိုက်တာပဲ ၊ ပြီးတော့ အဲ့ဒါက အကန့်အသတ်နဲ့ ထုတ်ထားတဲ့ ကား ဆိုပါလား။ ဘုရားရေ … "
" ဒီပြိုင်ကားက တစ်စီးတည်းပဲ ထုတ်ထားတာ မဟုတ်လား။ ၂၂၃ သန်းတဲ့။ စစ်မှန်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ယောက်ကပဲ ဒီပြိုင်ကားကို ဝယ်နိုင်လိမ့်မယ်။ လင်းဖန်က တရုတ်လူမျိုးပဲ ဖြစ်ရမယ်နော်။ ဟုတ်တယ်မို့လား။ "
" Bugatti Veyron Ettore Bugatti … ဒီပြိုင်ကားက တအား မိုက်တာပဲ။ ငါသာ တစ်စီးလောက် ပိုင်ဆိုင်နိုင်ရင် ဘယ်လောက် ကောင်းလိုက်မလဲ။ ငါ အရမ်း အားကျနေမိပြီ။ "
" လင်းဖန်က ဘယ်သူလဲ ဆိုတာ တစ်ယောက်ယောက် ငါ့ကို ပြောပြနိုင်မလား။ သူက ဘယ်လို ပုံစံမျိုးလဲ။ "
ထိုသတင်းက နိုင်ငံခြားမှာ အလွန် နာမည်ကြီးနေခဲ့သည်။ ထိုသတင်းက တကယ့်ကို အလွန် အံ့သြစရာကောင်းသောကြောင့် မရေမတွက်နိုင်သော နိုင်ငံခြားဖိုရမ်များသည် လင်းဖန်၏ နာမည်အကြောင်း ဆွေးနွေးနေခဲ့ကြသည်။
ပရိသတ်များက ထိုသတင်း အပြင် လင်းဖန်၏ Bugatti La Voiture Noire ပြိုင်ကားကြီး အကြောင်း ရှာတွေ့သွားခဲ့ကြသည်။ ထိုပြိုင်ကားကလည်း တစ်ကမ္ဘာလုံးမှာ တစ်စီးတည်း ရှိတာ ဖြစ်လေသည်။
" အား အား အား ၊ ငါ နိုင်ငံခြားမှာ ရောက်နေတဲ့ လင်းဖန်နဲ့ စုရှောင်းယွီရဲ့ ဓာတ်ပုံကို မြင်လိုက်ရပြီ။ လင်းဖန်က ဘယ်လိုလုပ် အရမ်း ချောမောနေနိုင်ရတာလဲ။ "
" Bugatti ရဲ့ ကုန်ပစ္စည်းသစ် မိတ်ဆက်ဖြန့်ချီပွဲမှာ Pittman လို့ ခေါ်တဲ့ လူ တစ်ယောက်က စုရှောင်းယွီကို အနိုင်ကျင့်ချင်ခဲ့တယ်လို့ ငါ ကြားတယ်။ အဲ့ဒီ Pittman ဆိုတဲ့ လူက လင်းဖန်ကိုတောင် ဆွဲထိုးပြီး ပညာပေးချင်နေတာတဲ့။ ဟဟ ၊ အဲ့ကောင် အခု ဘယ်ရောက်သွားတယ် ထင်လဲ။ သူ ထောင်ထဲ ရောက်နေပြီ။ "
" သေစမ်း ၊ သူကများ ရာရာစစ လင်းဖန်ကို ထိရဲတယ်။ အဲ့ဒီ Pittman ဆိုတဲ့ လူက စည်းလွတ်ဘောင်လွတ် ဖြစ်နေပြီ။ သူ့ကို မြန်မြန် သေဒဏ် ချမှတ်လိုက်ပါတော့။ မင်းကများ ငါတို့ရဲ့ စုရှောင်းယွီကို အနိုင်ကျင့်ရဲတယ်။ ချီးပဲ။ "
" ဟိုတလောတုန်းက Bugatti ကော်ပိုရေးရှင်းက ရှယ်ယာရှင်တွေ ပြောင်းလဲခဲ့တယ်တဲ့။ ဘယ်သူတွေမှန်း မသိပေမဲ့ အစ်ကိုဖန်ကလည်း ရှယ်ယာရှင်တွေထဲမှာ ပါဝင်နေလိမ့်မယ်လို့ ငါ ထင်တယ်။ အစ်ကိုဖန်က Bugatti ကော်ပိုရေးရှင်းရဲ့ အဓိက ရှယ်ယာရှင် တစ်ယောက် ဖြစ်နေနိုင်တယ်။ "
" အဓိပ္ပာယ်မရှိတာတွေ အော်မနေနဲ့တော့။ ငါကတော့ လင်းဖန်ကို ကမ္ဘာပေါ်မှာ ရှိသမျှ အမှတ်တံဆိပ်တွေ အကုန်လုံးရဲ့ သူဌေးကြီးလို့ပဲ ပြောမယ်။ "
" ဒါပေမဲ့ အစ်ကိုဖန်က တကယ် အံ့ဩစရာကောင်းတယ်နော်။ Bugatti ကော်ပိုရေးရှင်းက အစ်ကိုဖန့်အတွက် ယွမ် သန်း ၂၀၀ ကျော် တန်ကြေးရှိတဲ့ ပြိုင်ကား တစ်စီးကို သူတို့ကိုယ်တိုင် မိတ်ဆက်ကြေညာပေးခဲ့တယ်။ အရမ်း မိုက်တာပဲ။ "
" Bugatti Veyron Ettore Bugatti ဆိုတဲ့ ဒီပြိုင်ကား အမျိုးအစားကို ငါ မှတ်ထားမယ်။ သန်း ၂၀၀ ကျော် တန်ကြေးရှိတဲ့ ပြိုင်ကား ဆိုတာ ရှားလွန်းတယ်။ "
" ဘဝရဲ့ ပျော်ရွှင်မှု ဒုတိယတွဲနဲ့ ဓားနှင့်နတ်သမီး ဒဏ္ဍာရီရဲ့ နောက်ဆက်တွဲဇာတ်လမ်းတွေကို အစ်ကိုဖန် ဘယ်တော့မှ စရိုက်ကူးမှာလဲ။ ငါ ထပ်မစောင့်နိုင်တော့ဘူး။ "
" အား ၊ အစ်ကိုဖန်က ချိုမြိန်လိုက်တာ။ သူက စုရှောင်းယွီနဲ့အတူ အပြင်ထွက်သွားပြီး ငါတို့ရဲ့ ရှောင်းယွီလေးကို အကောင်းဆုံး ကာကွယ်ပေးခဲ့တယ်။ အစ်ကိုဖန်ရဲ့ စိတ်နေစိတ်ထားက ပြိုင်ဘက်ကင်းတယ် ဆိုတာ ငါ သိသားပဲ။ "
" ရှားဝမ်ချွေ့ကလည်း သူမရဲ့ ထောက်ခံချက် ကြေညာကို ရိုက်ကူးဖို့ နိုင်ငံခြားမှာ ရောက်နေတာ။ သူမ ဘယ်တော့မှ ပြန်လာမှာလဲ။ လင်းဖန်နဲ့ ရှားဝမ်ချွေ့ရဲ့ ရုပ်သံဒရာမာ အသစ်ကို ငါ ကြည့်ချင်တယ်။ ငါ သူတို့ နှစ်ယောက် အခုချက်ချင်း လက်ထပ်သွားတာကို မြင်ချင်တယ်။ "
" ဟုတ်တယ်။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ဘယ်အချိန်မှ လက်ထပ်ကြမှာလဲ။ "
အွန်လိုင်းပေါ်မှာ သတင်းတွေ အများကြီး ရှိနေခဲ့သည်။
လင်းဖန်နှင့် ရှားဝမ်ချွေ့တို့ နှစ်ယောက်လုံး နိုင်ငံခြားမှာ ကိုယ်စီ ရောက်နေကြသော်လည်း ဖျော်ဖြေရေးလောကထဲမှာ လင်းဖန်ရဲ့ စရိုက်က ကောင်းမွန်လွန်း၍ လင်းဖန်နှင့် ပတ်သက်ပြီး အတင်းအဖျင်း ၊ ကောလဟာလတွေ ထွက်လာမှာ မဟုတ်ပေ။
လူတိုင်းက လင်းဖန်နှင့် ရှားဝမ်ချွေ့မှာ ကောလဟာလတွေ ရှိလာမှာ မဟုတ်ဘူးလို့ ယုံကြည်ကြသည်။ ထို့အပြင် သူတို့ရဲ့ ဆက်ဆံရေးကလည်း အစကတည်းက အလွန် ခိုင်မာနေပြီးသား ဖြစ်သည်။
သူတို့ နှစ်ယောက်လုံး နိုင်ငံခြားမှာ အလုပ် လုပ်ရန် ရောက်နေခဲ့ကြသည်။
ကောလဟာလတွေကို ဘယ်သူမှ ယုံကြည်မှာ မဟုတ်ပါ။
လင်းဖန်နှင့် ရှားဝမ်ချွေ့ရဲ့ ဆက်ဆံရေးက အရမ်း အဆင်ပြေနေတယ် ဆိုတာ အသိအသာကြီးပါ။
လင်းဖန်နှင့် ရှားဝမ်ချွေ့သည် ဂျူနီယာအထက်တန်းကျောင်းကနေ စီနီယာအထက်တန်းကျောင်း အထိ ထိုင်ခုံဖော်တွေ ဖြစ်ခဲ့ဖူးသည်။ အဲ့ဒီ အချိန်တွေဟာ အမြဲတမ်း အလွန် ချိုမြိန်ခဲ့၏။
ရှားဝမ်ချွေ့က သူမ အထက်တန်းကျောင်းသူ ဘဝကတည်းက လင်းဖန်ကို သဘောကျလာခဲ့တာပါ ဟူ၍ပင် ကိုယ်တိုင် ဝန်ခံထားခဲ့သည်။
ပရိသတ်တွေရဲ့ နှလုံးသားထဲမှာ သူတို့ နှစ်ယောက်ရဲ့ချိုမြိန်သော ဆက်ဆံရေးကို စွဲမြဲနက်ရှိုင်းစွာ မှတ်ကျောက်တင်ထားခဲ့ပါသည်။
ပရိသတ်များက နိုင်ငံခြားကနေ လင်းဖန်နှင့် ရှားဝမ်ချွေ့တို့ မြန်မြန် ပြန်လာပြီး ရုပ်သံဒရာမာ အသစ် တစ်ခု ရိုက်ကူးဖို့ကိုသာ စောင့်မျှော်နေခဲ့ကြသည်။
လင်းဖန်နှင့် ရှားဝမ်ချွေ့သာ အခုချက်ချင်း လက်ထပ်နိုင်ရင် သူတို့ အပျော်လုံးဆို့သွားကြမှာ ဖြစ်သည်။