အပိုင်း ၃၄၀
Vol. 25 Ch. 340
ရွှမ်း ...
ဘန်း ... ...
အပြာနုရောင် မိစ္ဆာရဲ့ လက်သည်းချက်ကို ခုခံလိုက်တဲ့ အနက်ရောင် သံနက်ဓားကတော့ အောင်မြင်စွာ ခုခံနိုင်လိုက်ပါတယ်။
ဒါပေမဲ့ အပြာနုရောင် မိစ္ဆာရဲ့ ဦးခေါင်းကို ခုတ်လိုက်တဲ့ သံနက်ဓားကတော့ ဘာမှ ထူးထူးခြားခြား စွမ်းဆောင် ပြနိုင်ခြင်း မရှိခဲ့ပါဘူး။ အဲဒါက လုံးဝ မပြတ်နိုင်တဲ့ သားရေပြားကြီးကို ခုတ်လိုက် ရသလိုပါပဲ။အဲသည်ဓားချက်က အပြာနုရောင် မိစ္ဆာကို ဘာမှ မတတ်နိုင်ခဲ့သလို မူလဘူတ ဓားချီတွေတောင်မှ ဖျက်ဆီး ခံလိုက်ရပါသေးတယ်။
" ဟမ့် ... ... ဒါက အဆင့်၄ မိစ္ဆာတစ်ကောင်ရဲ့ ခံနိုင်ရည်လား ... ... "
သူ့ရဲ့ သံနက်ဓားချီတွေ ပါဝင်တဲ့ မူလဘူတဓားကတော့ ဒီအပြာနုရောင် မိစ္ဆာအပေါ်မှာ အလုပ်မလုပ်ပါဘူး။ သူ့အနေနဲ့ ဒီမိစ္ဆာကို ဒဏ်ရာရစေချင်ရင်တော့ ကြေးဝါးဓားချီ နဲ့ မူလဘူတဓားချီ ရောနှောနေတဲ့ ဓားချီ သုံးထောင်လောက်ကို သုံးရပါလိမ့်မယ်။
လီဖူချန်းက သူ့နဲ့ အပြာနုရောင် မိစ္ဆာ ကြားမှာရှိတဲ့ အကွာအဝေးကို ဝေးသထက် ဝေးသွားအောင် ဆုတ်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကောင်းကင် နယ်ပယ် အထွတ်အထိပ် ပညာရှင်တွေ အများကြီးပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ဟာ အပြာနုရောင် မိစ္ဆာကို ဝိုင်းလိုက်ပြီး တိုက်ခိုက် နေကြပါပြီ။ အဲဒီအဖွဲ့မှာတော့ ပညာရှင် အယောက်၂၀ကျော် ပါဝင်ပါတယ်။ ဒီအပြာနုရောင် မိစ္ဆာက အဆင့်၄ မိစ္ဆာပင် ဖြစ်လင့်ကစား သည်လောက်များတဲ့ ပညာရှင်တွေရဲ့ တိုက်ခိုက်မှုကိုတော့ မခုခံနိုင်ပါဘူး။ သူ့ရဲ့ ခန္ဓာကိုယ်က သွေးအနည်းငယ်တောင် စို့လာပါတယ်။
အဆင့်၄ မိစ္ဆာတွေရဲ့ ခန္ဓာကိုယ်က အလွန်အမင်း မာကျောတာတေ့ာ အမှန်ပါပဲ။ ဒါပေမဲ့ အဲဒါက သူတို့ရဲ့ ခန္ဓာကိုယ်ဟာ ဒဏ်ရာ မရနိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ တကယ် အစွမ်းထင်တဲ့ တိုက်ခိုက်မှုမျိုး ဆိုရင်တော့ သူတို့ကို ဒဏ်ရာ ရစေနိုင်ပါသေးတယ်။
ယခုအချိန်မှာတော့ အပြာနုရောင် မိစ္ဆာဟာ သူ့ရဲ့ခန္ဓာကိုယ်ကို ကာကွယ်ဖို့ အတွက် မိစ္ဆာချီ အကာအကွယ်ကို ဖန်တီးထားခဲ့ပါပြီ။ သူ့ရဲ့ခန္ဓာကိုယ် မာကျောမှုမှာ မိစ္ဆာချီ အကာအကွယ်ပါ ထပ်ပေါင်းလိုက်တဲ့ အခါမှာတော့ သူ့ရဲ့ ခံနိုင်ရည်ဟာ ၂ဆကျော်လောက်ကို ပိုကောင်းမွန်သွားခဲ့တာ အမှန်ပါပဲ။ ကောင်းကင်နယ်ပယ် ပညာရှင်တွေဟာ အချိန်တို အတွင်းမှာတော့ အပြာနုရောင် မိစ္ဆာကို ဒဏ်ရာရစေဖို့ မဖြစ်နိုင်တော့ပါဘူး။
ဒါပေမဲ့ အချိန်ကြာလာလို့ မိစ္ဆာချီတွေ ကုန်သွားရင်တော့ သူတို့အတွက် မျှော်လင့်ချက် ရှိပါတယ်။ မိစ္ဆာတွေဟာ လူသားစားပြီး သူတို့ရဲ့ မိစ္ဆာချီတွေကို ပြန်ဖြည့်နိုင်ပေမယ့်လည်း အခုလို တိုက်ပွဲ အလယ်မှာတော့ အဆင့်၄မိစ္ဆာကောင်ဟာ သူ့ရဲ့ မိစ္ဆာချီတွေကို ပြန်ဖြည့်နိုင်တဲ့ အခွင့်အရေး ရမှာမဟုတ်ပါဘူး။ သူ့ရဲ့ မိစ္ဆာချီတွေ အားလျော့ သွားရင်ပဲ ဖြစ်ဖြစ် ဒါမှမဟုတ် မိစ္ဆာချီတွေ ကုန်သွားရင်ပဲ ဖြစ်ဖြစ် ပါလေ။ အဲသည်လို ဖြစ်သွားခဲ့ရင်တော့ သူ့ရဲ့ ခံနိုင်ရည်က လူသား ပညာရှင်တွေရဲ့ တိုက်ခိုက်မှုကို တောင့်ခံနိုင်တော့မှာ မဟုတ်ပါဘူး။
မိစ္ဆာတွေက မျိုးနွယ်သုံးခုထဲမှာ အားအကောင်းဆုံး ဆိုပေမယ့်လည်း သေအောင် သတ်နိုင်ရင်တော့ သေတာပါပဲ။
'ဟင် ... ... ငါ့ရဲ့ အစစ်အမှန် ငရဲမီးတောက် အတွင်းအား ကျင့်စဉ်က အဆင့်၁၉ကို တက်တော့မှာတော့လား ... ... '
တိုက်ပွဲအလယ်မှာပဲ လီဖူချန်းရဲ့ အစစ်အမှန် ငရဲမီးတောက် အတွင်းအား ကျင့်စဉ်က အဆင့် တက်တော့မယ့် အရိပ်အယောင်တွေ ပြလာခဲ့ပါတယ်။
အစစ်အမှန် ငရဲမီးတောက် အတွင်းအားကျင့်စဉ် အဆင့်၁၈နဲ့ အစစ်အမှန် ငရဲမီးတောက် အတွင်းအား ကျင့်စဉ် အဆင့်၁၉ကြားမှာ လိုအပ်တဲ့ အတွင်းအား ပမာဏက မနည်းလှပါဘူး။ လီဖူချန်းက ကောင်းကင်နယ်ပယ် အဆင့်၄ကို ချိုးဖောက်ဝင်ရောက် သွားခဲ့ပေမယ့်လည်း အစစ်အမှန် ငရဲမီးတောက် အတွင်းအား ကျင့်စဉ်ကတော့ အဆင့်မတက်ဘဲ ကျန်နေခဲ့ပါတယ်။ ပြင်းထန်လှတဲ့ တိုက်ပွဲ အချို့ကို တိုက်ခိုက်ပြီးတဲ့ အခါမှာတော့ လီဖူချန်းရဲ့ အစစ်အမှန် ငရဲမီးတောက် အတွင်းအားဟာ ငုပ်လျှိုး မနေတော့ဘဲ နောက်ထပ်တစ်ဆင့်ကို ချိုးဖောက် ဝင်ရောက်ဖို့ အချက်ပြနေပါပြီ။
အစစ်အမှန် ငရဲမီးတောက် အတွင်းအားကျင့်စဉ် အဆင့်၁၉ကို ရောက်သွားခဲ့ရင်တော့ လီဖူချန်းရဲ့ အပေါ်ယံခွန်အားဟာ ကောင်းကင်နယ်ပယ် အထွတ်အထိပ် ပညာရှင် တစ်ယောက်နဲ့ တူညီ လာတော့မှာပါ။
ကောင်းကင်နယ်ပယ် အထွတ်အထိပ် ပညာရှင်တွေဟာ သူတို့ရဲ့ ကျင့်ကြံခြင်းတွေ အပေါ်မှာ မှီခိုနေတာ မဟုတ်ပါဘူး။ သူတို့တွေရဲ့ အတွင်းအား ကျင့်စဉ်ကလည်း အနည်းဆုံးတော့ အဆင့်၁၈ကို ရောက်နေပါပြီ။ ပြီးတော့ သူတို့ရဲ့ ဆန်းကြယ် အထွတ်အထိပ်အဆင့် သိုင်းပညာတွေကိုလည်း အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်အထိ လေ့ကျင့်ပြီးသားပါပဲ။
ဒါက သာမန် ကောင်းကင်နယ်ပယ် အထွတ်အထိပ် ပညာရှင်တွေရဲ့ အခြေအနေပဲ ရှိပါသေးတယ်။
ဇောင်ဝူကျင်းလို အစစ်အမှန် မိုးပြာရောင်ရေစက် အတွင်းအား ကျင့်စဉ် အဆင့်၁၉အထိ ရောက်အောင် လေ့ကျင့် ထားနိုင် သူတွေကတော့ ကောင်းကင်နယ်ပယ် အထွတ်အထိပ် အဆင့် ပညာရှင်တွေ ကြားထဲမှာတောင်မှ ပထမတန်းစား အဆင့်မှာ ရပ်တည်နေမှာပါ။ ပြီးတော့ ဇောင်ဝူကျင်းက မိုးပြာရောင်ရေ ဓားဆန္ဒနဲ့ မူလ ဘူတဓားကိုလည်း အသုံးပြု နိုင်ပါသေးတယ်။ ဇောင်ဝူကျင်းရဲ့ အစစ်အမှန် စွမ်းရည်တွေက အဆင့်၄ အထွတ်အထိပ် အဆင့် မိစ္ဆာသားရဲတွေ ထက်ကို အများကြီး သာလွန်နေပါပြီ။ ဒီစစ်မြေပြင်မှာတော့ ဇောင်ဝူကျင်းဟာ အဆင့်၄ မိစ္ဆာတွေက လွဲပြီး အခြားသူတွေကို ဂရုစိုက်စရာ မလိုတော့ပါဘူး။
******
အချိန်ကြာလာတာနဲ့အမျှ အပြာနုရောင် မိစ္ဆာရဲ့ မိစ္ဆာချီတွေက အားနည်း လာခဲ့ပါပြီ။ သူ့ရဲ့ ခန္ဓာကိုယ် ပေါ်မှာလည်း ဓားဒဏ်ရာတွေ တစ်ချက်ပြီး တစ်ချက် ပိုများလာခဲ့ပါတယ်။
ရွှမ်း ... ...
အပြာနုရောင် သွေးတွေက ပတ်ဝန်းကျင် တစ်ခုလုံးကို ပြန့်ကျဲသွားခဲ့ပါပြီ။ နောက်ဆုံးမှာတော့ ကောင်းကင်နယ်ပယ် အထွတ်အထိပ် ပညာရှင် တစ်ယောက်က အပြာနုရောင် မိစ္ဆာကို ဓားဒဏ်ရာ ကြီးကြီးတစ်ခု ပေးစွမ်းနိုင်လိုက်ပုံပင်။
" မုန်းစရာ ကောင်းလိုက်တဲ့ လူသားတွေ ... ... ။ မင်းတို့ အားလုံးကို သတ်ပစ်မယ် ... ... "
အပြာနုရောင် မိစ္ဆာကတော့ အကြီးအကျယ် ဒေါသ ထွက်သွားခဲ့ပါပြီ။ သူ့ရဲ့ ကြီးမားလှတဲ့ ခန္ဓာကိုယ်ကြီးက ဖျတ်ခနဲ ပျောက်သွားပြီး အဆင့်၈ ကောင်းကင်နယ်ပယ် ပညာရှင်တစ်ယောက်ရဲ့ အရှေ့မှာ ပြန်ပေါ်လာခဲ့တယ်။
ဗြိ ... ...
အား ... ...
အပြာနုရောင် မိစ္ဆာကြီးကတော့ ထိုပညာရှင်ကို အရှင်လတ်လတ်ပင် နှစ်ပိုင်းဆွဲဖြဲလိုက်ပါပြီ။ သူက ကောင်းကင်နယ်ပယ် အဆင့်၈ ပညာရှင်ကို နှစ်ပိုင်း ဆွဲဖြဲလိုက်ရတာတောင် ကျေနပ်နေသေးပုံ မပေါ်ပါဘူး။ မိစ္ဆာကြီးက သူ့လက်ထဲမှာ ရှိနေတဲ့ ခန္ဓာကိုယ် တစ်ပိုင်းကိုတောင် ဝါးစားဖို့ ပြင်လိုက်ပါသေးတယ်။
ရွှီး ... ...
ရုတ်တရက် ပူပြင်းလှတဲ့ အငွေ့အသက်တွေကို သယ်ဆောင်ထားတဲ့ ဓားတစ်စင်းဟာ အပြာနုရောင် မိစ္ဆာရဲ့ လည်ပင်းကို တိုးဝင် လာခဲ့ပါတယ်။ အဲဒီဓားချက်က ပစ်မှတ်ကို မိမိရရကြီး ထိသွားပုံပါပဲ။
ဂါး ... ... ဂရား ... ...
အသည်းခိုက်အောင် နာကျင် သွားပုံရတဲ့ အပြာနုရောင် မိစ္ဆာကြီးဟာ သူ့လက်ထဲက လူသားခန္ဓာကိုယ် တစ်ပိုင်းကိုတောင် ဆက်မစားတော့ဘဲ မြေကြီးပေါ်ကို ဒေါသတကြီးနဲ့ ပေါက်ချလိုက်ပါပြီ။
အဲသည်ဓားချက် ပိုင်ရှင်ကတော့ လီဖူချန်း ဖြစ်ပါတယ်။ သူ့ရဲ့ ဓားကွက်ပြင်းအားက ကောင်းကင် နယ်ပယ် အထွတ်အထိပ် ပညာရှင်တွေကို မယှဉ်နိုင်သေးတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ သူ့မှာလည်း ကိုယ်ပိုင် အားသာချက် ရှိနေတယ်လေ။ သူက အပြာနုရောင် မိစ္ဆာကြီးရဲ့ အားအနည်းဆုံး အစိတ်အပိုင်းတွေကို ကောင်းကောင်းကြီး မြင်နေရပါတယ်။
ရွှပ် ... ရွှပ် ... ရွှီး ... ... ရွှမ်း ... ... ရွှမ်း ... ...
ဂါး ... ဂရား ... ...
ဝုန်း ... ... ဝုန်း ... ... ဒိုင်း ... ...
အပြာနုရောင် မိစ္ဆာကြီးက ဒေါသတကြီးနဲ့ သူ့ရဲ့ ခွန်အားတွေကို ပိုထုတ်ပြီး တိုက်လိုက် လာလေလေ သူ့ရဲ့ မိစ္ဆာချီ အကာအကွယ်က ပိုပြီး ပါးလျ လာလေလေပါပဲ။ သူ့ရဲ့ မိစ္ဆာချီ အကာအကွယ်က ကောင်းကင် ပညာရှင်တွေအားလုံးရဲ့ တိုက်ခိုက်မှုကိုတော့ ဘယ်လိုမှ ကာကွယ်နိုင်စွမ်း မရှိတော့ပါဘူး။ နောက်ဆုံးမှာတော့ ကောင်းကင် နယ်ပယ် အဆင်၇နဲ့ အဆင့်၈က ပညာရှင်တွေတောင်မှ မိစ္ဆာကြီးကို ဒဏ်ရာရအောင် တိုက်ခိုက်လာနိုင် ခဲ့ပါပြီ။
" သေစမ်း "
လူတွေအားလုံးရဲ့ ရည်ရွယ်ချက် တစ်ခုတည်းနဲ့ ပူပေါင်း လုပ်ဆောင်မှုက အောင်မြင်ခြင်း ရလဒ်ကို ဆောင်ကြဉ်း ပေးနိုင်ခဲ့ပါတယ်။
အပြာနုရောင် မိစ္ဆာကြီးရဲ့ ဦးခေါင်းဟာ ခန္ဓာကိုယ်ကနေ ခွဲထွက်သွားခဲ့ပြီ ဖြစ်သလို သူ့ရဲ့ နှလုံးမှာလည်း ဓားတွေ စိုက်ဝင်နေခဲ့ပါပြီ။
အဆင့်၄ မိစ္ဆာတစ်ကောင်ကို သတ်ဖြတ်လိုက်နိုင်တာက လူသားတွေ အတွက် တကယ်ကို ဝမ်းသာစရာ ကိစ္စတစ်ခုပါပဲ။ အဲဒီ ဖြစ်ရပ်က လူတွေအားလုံးရဲ့ စိတ်ဓာတ်တွေကို အမြင့်ဆုံးအထိ ရောက်သွားစေပါတယ်။
ပြီးတော့ လူတွေအားလုံးဟာ လီဖူချန်းရဲ့ အရေးပါမှုကို သတိပြုမိ သွားခဲ့ပါပြီ။
လီဖူချန်းကြောင့် ညမုဆိုး မိစ္ဆာသားရဲကြီးကို အချိန်တိုအတွင်း သတ်နိုင်ခဲ့သလို လီဖူချန်းကြောင့်ပဲ အဆင့်၄ အထွတ်အထိပ် အဆင့် သားရဲကြီးတွေကို တစ်ကောင်ပြီး တစ်ကောင် သတ်ပစ်နိုင်ခဲ့တာပါ။
အခုလည်း လီဖူချန်းက အဆင့်၄ မိစ္ဆာကောင် လူသားစားဖို့ ပြင်နေတာကို အချိန်မီ တားဆီး ပေးနိုင်ခဲ့ပါတယ်။ အကယ်၍ လီဖူချန်းသာ အဆင့်၄မိစ္ဆာကောင် လူသားစားဖို့ ပြင်နေတာကို မတားဆီးနိုင်ခဲ့ဘူး ဆိုရင်တော့ တိုက်ပွဲဟာ ဘယ်လောက်အထိ ကြာသွားမလဲဆိုတာ မသိနိုင်ပါဘူး။
လီဖူချန်းတို့အဖွဲ့ရဲ့ အောင်မြင်မှုက သူတိုရှိနေတဲ့ စစ်မျက်နှာပြင်ရဲ့ အခြေအနေကို ပြောင်းလဲ သွားစေပါတယ်။ သူတို့ရှိနေတဲ့ စစ်မျက်နှာပြင်က လူသားတွေဟာ မိစ္ဆာတွေနဲ့ မိစ္ဆာသားရဲတွေကို ပထမဆုံးအကြိမ် အဖြစ် အသာစီး ရယူလာနိုင်ခဲ့ပါပြီ။
ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေက အဆင့်၅ အဆင့်နိမ့် မိစ္ဆာသားရဲတွေနဲ့ အဆင့်၅ အလယ်အလတ် အဆင့် မိစ္ဆာသားရဲတွေကို မမှုပါဘူး။ ဒါပေမဲ့ အဆင့်၅ အဆင့်မြင့် မိစ္ဆာသားရဲတွေက စပြီးတော့ သူတို့အတွက် ပြသနာ ဖြစ်လာပါပြီ။
ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင်မြင့်ပိုင်းက ပညာရှင်တွေ တောင်မှ အဆင့်၅ အဆင့်မြင့် မိစ္ဆာသားရဲတွေကို တစ်ယောက်ချင်း မယှဉ်နိုင်ပါဘူး။ အဆင့်၅ အထွတ်အထိပ် အဆင့် မိစ္ဆာသားရဲတွေကို ဆိုရင်တော့ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်မြင့်ပိုင်းက ပညာရှင် တော်တော်များများ ပူပေါင်းပြီး တိုက်ခိုက်မှသာ ယှဉ်နိုင်မှာပါ။
စိတ်မကောင်းစရာ တစ်ခုကတော့ ဂိုဏ်းပေါင်း တစ်ရာဘက်မှာက ပြန်လည် ဝင်စားခြင်း နယ်ပယ် အထွတ်အထိပ်ပိုင်း ပညာရှင် ၁၀ယောက်တောင် မရှိတာပါပဲ။
ပြီးတော့ တစ်ယောက်ချင်း တိုက်ခိုက်တဲ့ နေရာမှာလည်း ပြန်လည် ဝင်စားခြင်း နယ်ပယ် အထွတ်အထိပ် ပညာရှင်တွေဟာ အဆင့်၅ အထွတ်အထိပ် မိစ္ဆာသားရဲတွေကို မယှဉ်နိုင်ပါဘူး။ အဆင့်၅ မိစ္ဆာတွေကို တစ်ယောက်ချင်း ယှဉ်ဖို့ဆိုရင်တော့ ပြောမနေပါနဲ့တော့။
လူသားတွေဘက်က အခုလို အရေးနိမ့်နေရတဲ့ အဓိက အကြောင်းအရင်း ကတော့ အတွင်းအား ကျင့်စဉ်နဲ့ သိုင်းပညာကြောင့်ပါပဲ။
လူသားကျင့်ကြံသူတွေဟာ မိစ္ဆာတွေ၊ မိစ္ဆာသားရဲတွေကို ရင်ဆိုင်ဖို့အတွက် အတွင်းအား ကျင့်စဉ်တွေနဲ့ သိုင်းပညာတွေ လိုအပ်ပါတယ်။ သူတို့ရဲ့ အတွင်းအား ကျင့်စဉ် သို့မဟုတ် သိုင်းပညာက အားနည်းနေရင်တော့ ဘာမှပြောနေစရာ မလိုတော့ပါဘူး။ မိစ္ဆာတွေ၊ မိစ္ဆာသားရဲတွေရဲ့ လက်ချက်ကြောင့် သေချာပေါက် သေမှာပါပဲ။
ပြန်လည် ဝင်စားခြင်းနယ်ပယ် အစောပိုင်းအဆင့်မှာတော့ ကျင့်ကြံသူတွေဟာ သူတို့ရဲ့ ဆန်းကြယ် အထွတ်အထိပ်အဆင့် အတွင်းအား ကျင့်စဉ်တွေနဲ့ သိုင်းပညာတွေကိုသာ အားကိုးပြီး မိစ္ဆာသားရဲတွေနဲ့ ရင်ဆိုင်ရပါတယ်။
ဒါပေမဲ့ ပြန်လည် ဝင်စားခြင်းနယ်ပယ် နောက်ပိုင်းအဆင့်က ပညာရှင်တွေ အတွက်ကတော့ ဆန်းကြယ် အထွတ်အထိပ် ပညာရပ်တွေဟာ မသင့်လျော်တော့ပါဘူး။ သူတို့တွေဟာ အနည်းဆုံး မြေကမ္ဘာ အဆင့်နိမ့်အဆင့် ပညာရပ်တွေနဲ့မှသာ အစွမ်းပြနိုင်မှာပါ။
အရှေ့ယူနီကွန်းတိုက်ကြီးက ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေ ကြုံတွေ့နေရတဲ့ ပြသနာက အဲဒါပါပဲ။ သူတို့ဆီမှာ သူတို့ရဲ့ ကျင်ကြံမှုအဆင့်နဲ့ ကိုက်ညီတဲ့ ပညာရပ်တွေက အရမ်းရှားနေတာပါ။
ထိပ်တန်းဂိုဏ်းကြီး ၁၀ ဂိုဏ်းမှာတော့ မပြည့်စုံတဲ့ မြေကမ္ဘာအဆင့် ပညာရပ်တွေ ရှိနေပါသေးတယ်။ ဒါပေမဲ့ ထိပ်တန်းဂိုဏ်းကြီး ၁၀ဂိုဏ်းကလည်း သူတို့ရဲ့ သြဇာအာဏာတွေ လျော့ကျသွားမှာကို စိုးတဲ့အတွက် အဲဒီမပြည့်စုံတဲ့ မြေကမ္ဘ္တာအဆင့် ပညာရပ်တွေကို ထိပ်တန်း လျှို့ဝှက်ချက်တွေ အဖြစ် သိမ်းဆည်းထားပြီး လွယ်လွယ်ကူကူနဲ့ သင်ကြားခွင့် မပေးပါဘူး။
ဝုန်း ... ... ...
အုံ့ဆိုင်းနေတဲ့ ကောင်းကင်ယံမှာတော့ အနက်ရောင် စွမ်းအင်လှိုင်းကြီး တစ်ခု ထွက်ပေါ် လာခဲ့ပါပြီ။ အဲဒီ စွမ်းအင်လှိုင်းက စစ်မြေပြင် အလယ်ဗဟိုကနေ စတင် ပေါက်ဖွားလာတာ ဖြစ်ပါတယ်။
မျက်စိတစ်မှိတ် အတွင်းမှာပဲ အဲသည် အနက်ရောင် စွမ်းအင် လှိုင်းကြီးဟာ အနီးအနားမှာ ရှိတဲ့ အရာအားလုံးကို ဝါးမျို သွားခဲ့ပါပြီ။
အဲဒီ စွမ်းအင်လှိုင်းရဲ့ ဝါးမျိုခြင်းကို ခံလိုက်ရတဲ့ အရာအားလုံးဟာ ပေါက်ကွဲ ပျက်စီး ကုန်ပါတယ်။
ဖောင်း ... ... ဖောင်း ... ... ဖောင်း ... ...
အသံခပ်အုပ်အုပ်နဲ့အတူ အနက်ရောင် စွမ်းအင် လှိုင်းထဲကနေပြီး လူရိပ်လေးရိပ် လွင့်ထွက် လာခဲ့ပါပြီ။ သူတို့ရဲ့ နှုတ်ခမ်းထောင့်မှာတော့ သွေးတွေ စီးကျလျက် ရှိနေဆဲပါပဲ။ သူတို့ လေးယောက်စလုံးဟာ ဖုန်းရွှယ်ဂိုဏ်းရဲ့ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်မြင့် ပညာရှင်တွေ ဖြစ်ပါတယ်။
အနက်ရောင် စွမ်းအင်လှိုင်းကြီး ပျောက်ကွယ် သွားတဲ့ အချိန်မှာတော့ မကောင်းတဲ့ အငွေ့အသက်တွေ ထုတ်လွှတ်နေတဲ့ မိစ္ဆာကြီး တစ်ကောင်ဟာ လူတိုင်းရဲ့ မြင်ကွင်းထဲကို ဝင်လာခဲ့ပါပြီ။
ဒီမိစ္ဆာရဲ့ တစ်ကိုယ်လုံးကိုတော့ အနက်ရောက် အကြေးခွံတွေ ကာကွယ်ပေးထားပြီး ဦးခေါင်းကိုတော့ ထူထပ်တဲ့ အခွံတစ်ခု ဖုံးအုပ် ထားပါတယ်။ အခြားသော မိစ္ဆာတွေနဲ့ မတူတာ ကတော့ ဒီမိစ္ဆာမှာ ဦးချိုတွေ မပါတာပါပဲ။
" ဖုန်းရွှယ်ဂိုဏ်းရဲ့ လေနှင်း ဝင်္ကပါတောင်မှ သည်မိစ္ဆာကြီးကို မထိန်းချုပ်နိုင်ပါလား "
မီးခိုးရောင် ဆံပင်တွေနဲ့ အဘိုးအို တစ်ယောက်က စိတ်ပျက်လက်ပျက်ဖြင့် ညည်းတွား လိုက်ပါတယ်။
သူတို့ လေးယောက်ဟာ ဖုန်းရွှယ်ဂိုဏ်းရဲ့ အထွဋ်ခေါင်ချုပ် အကြီးအကဲတွေ ဖြစ်ပါတယ်။ သူတို့လေးယောက် စလုံးဟာ မပြည့်စုံတဲ့ မြေကမ္ဘာအဆင့် အတွင်းအား ကျင့်စဉ်ကိုလည်း အဆင့်၂၃အထိ လေ့ကျင့်ထားပြီးပါပြီ။
သူတို့ရဲ့ မူလအကြံအစည်ကတော့ သူတို့လေးယောက် စုပေါင်းပြီး လေနှင်းဝင်္ကပါနဲ့ အဆင့်၅ မိစ္ဆာကို ထိန်းထားဖို့ပါပဲ။ ဒါပေမဲ့လည်း တကယ့် လက်တွေ့မှာတော့ သူတို့ရဲ့ အကြံအစည်တွေဟာ အလုပ်မဖြစ်ခဲ့ပါဘူး။
အဆင့်၅ မိစ္ဆာတစ်ကောင်ရဲ့ ခွန်အားဟာ သူတို့ထင်ထားတာထက် အများကြီး ပိုအားကောင်း နေပါတယ်။
" ဟား ... ဟား ... ဟား ... မဆိုးဘူး ... မဆိုးဘူး ... ။ မင်းတို့ လေးယောက်တည်းနဲ့ ငါ့ကို အချိန်အကြာကြီး ဆွဲထားနိုင်တာပဲ။ ဒါပေမဲ့ ငါက မင်းတို့နဲ့ ဆော့နေရတာ ပျင်းသွားပြီ "
အနက်ရောင် အကြေးခွံတွေနဲ့ မိစ္ဆာကြီးက သူ့ရဲ့ နှုတ်ခမ်းကို သပ်ရင်းနဲ့ ပြောလိုက်ပါတယ်။
ဒီမိစ္ဆာကြီးက ချိုတစ်ချောင်း နတ်ဆိုးဘုရင်ရဲ့ ညာလက်ရုံးပါပဲ။ နတ်ဆိုး ၁၀ပါးနယ်မြေရဲ့ ဦးဆောင်သူ ၁၀ယောက်ကလွဲပြီး အခြားမိစ္ဆာတွေက သူ့ရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး။
" မင်းတို့အားလုံး ... ... သေလိုက်စမ်း ... ... "
အနက်ရောင် ကြေးခွံမိစ္ဆာကြီးက အနက်ရောင် စွမ်းအင်လှိုင်းတွေ ဖြာထွက်နေတဲ့ သူ့ရဲ့ လက်သီးကြီးကို မြှောက်လိုက်ပါတယ်။
ဘုန်း ... ...
လက်သီးချက် ထွက်ပေါ် လာတဲ့ အခါမှာတော့ အနက်ရောင် စွမ်းအင်လှိုင်းတွေဟာ ဖုန်းရွှယ်ဂိုဏ်းရဲ့ အထွဋ်ခေါင်ချုပ် အကြီးအကဲ လေးယောက်စလုံးကို တွန်းထုတ် ပစ်လိုက်ပါပြီ။
ဝေါ့ ... ဝေါ့ ... ...
အဟွတ် ... ... အဟွတ် ... ... အဟွတ် ... ...
ဖုန်းရွှယ်ဂိုဏ်းရဲ့ အထွဋ်ခေါင်ချုပ် အကြီးအကဲ လေးယောက်ဟာ သွေးစိမ်းရှင်ရှင် တစ်လုတ်စီ အန်လိုက်ကြပြီး လွင့်ထွက် သွားကြပါတယ်။
အနက်ရောငိကြေးခွံ မိစ္ဆာကြီးကတော့ စိတ်ကျေနပ်သေးဟန် မရပါဘူး။ သူက အနီးအနားမှာရှိတဲ့ ကောင်းကင်နယ်ပယ် ပညာရှင်တွေကိုပါ သူ့ရဲ့ လက်ချောင်းတွေနဲ့ တိုက်ခိုက် လိုက်ပါသေးတယ်။
ရွှီး ... ... ရွှီး ... ... ရွှီး ... ... ရွှီး ... ...
သူ့ရဲ့ လက်ချောင်းတွေကနေ မရေမတွက်နိုင်တဲ့ အနက်ရောင် အလင်းတန်းတွေ ထွက်ပေါ် လာခဲ့ပါပြီ။
အဲဒီ အနက်ရောင် အလင်းတန်းတွေကို မြည်းစမ်း ကြည့်လိုက်ရတဲ့ ကောင်းကင် နယ်ပယ်ပညာရှင် အဖွဲ့တွေကတော့ ကံမကောင်းလှပါဘူး။ အဲဒီ အနက်ရောင် အလင်းတန်းကို မြည်းစမ်း လိုက်ရတဲ့ ကောင်းပင်နယ်ပယ် ပညာရှင်တွေကတော့ အရိုး၊ အသားတောင် ရှာမရတော့ဘဲ ပေါက်ကွဲကုန်တာပါပဲ။
" ဆုတ်ကြ "
ဖုန်းရွှယ်ဂိုဏ်းရဲ့ အထွဋ်ခေါင်ချုပ် အကြီးအကဲ လေးယောက် ရှုံးနိမ့်သွားတာကို မြင်လိုက်တဲ့ အခါမှာတော့ နတ်စမ်းရေဂိုဏ်းက အထွဋ်ခေါင်ချုပ် အကြီးအကဲ တစ်ယောက်ဟာ တိုက်ပွဲကနေ ဆုတ်ခွာဖို့ အမိန့် ပေးလိုက်ပါတယ်။ တိုက်ပွဲက အဖြေ ပေါ်သွားခဲ့ပါပြီ။ သူ့အနေနဲ့ အခြားရွေးစရာ မရှိတော့ပါဘူး။ လက်ရှိ အခြေအနေမှာတော့ တိုက်ပွဲကနေ ယာယီ ဆုတ်ခွာတာက အကောင်းဆုံးပါပဲ။
လူသားတွေအနေနဲ့ အထီးကျန်တောင် နယ်မြေထဲအထိ ဆုတ်ခွာနိုင်ဖို့ လိုပါတယ်။ အထီးကျန်တောင် နယ်မြေထဲကို ရောက်သွားရင်တော့ မိစ္ဆာတွေနဲ့ မိစ္ဆာသားရဲတွေဟာ သူတို့ကို လိုက်လံပြီး တိုက်ခိုက်တော့မှာ မဟုတ်ပါဘူး။
" ငါတို့ ရှုံးသွားတာလား ... ... "
လှိုင်းလုံးတွေ တစ်လိမ့်လိမ့် တက်လာတဲ့ မိစ္ဆာတွေ၊ မိစ္ဆာသားရဲတွေကို ကြည့်ရင်းနဲ့ လီဖူချန်း တစ်ယောက် သက်ပြင်းတွေ ချနေမိပါတယ်။
သူက ခြေလှမ်း တစ်လှမ်းတောင် အနောက်ကို မဆုတ်သေးဘဲ ကျောက်ရုပ်ကြီးလို ရပ်နေတာပါ။
သူ့အတွက်ကတော့ အရှုံးဆိုတဲ့ ဒီရလဒ်က ဘယ်လိုမှ ယုံနိုင်စရာ မရှိပါဘူး။ အစောလေးတင် တုန်းကမှ သူတို့တွေဟာ မိစ္ဆာတွေ၊ မိစ္ဆာသားရဲတွေကို အသာစီး ရယူပြီး သတ်ဖြတ်နေတာလေ။
ဒါပေမဲ့ အဆင့်၅ မိစ္ဆာတစ်ကောင်တည်းကပဲ တိုက်ပွဲရဲ့ အဖြေကို ပြောင်းလဲပေးသွား စေခဲ့ပါပြီ။
နောက်ဆုတ်ဖို့ အမိန့် ... ...
ဒါက စစ်မြေပြင်ကနေ ဆုတ်ခွာဖို့ ပေးတဲ့ အမိန့်ပါ ... ... ။
ဆုတ်ခွာမိန့်ကို ကြားလိုက်ရတဲ့ နောက်မှာတော့ လူတိုင်းဟာ စစ်မြေပြင်ကနေ သွေးရူးသွေးတန်း ဆုတ်ခွာ သွားကြပါတော့တယ်။ မရေမတွက်နိုင်တဲ့ မြေကမ္ဘာ ပညာရှင်တွေနဲ့ မြောက်များလှတဲ့ ကောင်းကင်နယ်ပယ် ပညာရှင်တွေကတော့ အသတ်ခံနေရပါပြီ။ ဒါက စစ်မြေပြင်မှာ စစ်ရှုံးသွားတဲ့ ဘက်က ပေးရတဲ့ အဖိုးအခ ဆိုရင်လည်း မမှားပါဘူး။
" မဟုတ်ဘူး ... ... ။ ငါဒီအတိုင်း ဆုတ်သွားလို့ မရသေးဘူး။ ငါ့ရဲ့ လက်တွေက ဒီကောင်တွေကို သတ်ဖြတ် ချင်နေသေးတယ်။ "
လီဖူချန်းကတော့ စစ်မြေပြင်ပေါ်မှာ ငိုင်တိုင်တိုင်နဲ့ ရပ်နေဆဲပါပဲ။
"ဟား ... ... ဟား ... ... ဟား ... ... သေစမ်း "
အဆင့်၄ မိစ္ဆာတစ်ကောင်က လီဖူချန်းကို သတ်ဖို့အတွက် ပြေးဝင်လာခဲ့ပါတယ်။
" ငါ့ရဲ့ သတ်ဖြတ်ချင်တဲ့ ဆန္ဒကို ဖြည့်ပေးဖို့ လာခဲ့တာလား ... ... "
လီဖူချန်းရဲ့ လက်ထဲက ဓားကတော့ လက်ခနဲ တောက်ပ သွားခဲ့ပါပြီ။
ရွှမ်း ... ... ...
ဘုတ် ... ...
ဦးခေါင်းကြီး တစ်လုံးကတော့ မြေပြင်ပေါ်ကို ပြုတ်ကျ လာခဲ့ပါတယ်။ သေချာတာ တစ်ခုကတော့ အဲဒီဦးခေါင်းက လီဖူချန်းရဲ့ ဦးခေါင်း မဟုတ်တာပါပဲ။
ဟုတ်ပါတယ်။
လီဖူချန်းက ဓားချက် တစ်ချက်တည်းနဲ့ အဆင့်၄မိစ္ဆာကို သတ်ဖြတ် ပစ်လိုက်တာပါ။
လီဖူချန်းရဲ့ အပေါ်ယံ စွမ်းရည်တောင်မှ ကောင်းကင်နယ်ပယ် အဆင့်၉ ပညာရှင် တစ်ယောက်နီးပါး အစွမ်းထက် နေတာလေ။ ကြေးဝါဓား အဆီအနှစ်နဲ့ သန့်စင်သော ယန်အဖိုဓာတ် အတွင်းအားကို ရောနှောသုံးထားတဲ့ လီဖူချန်းရဲ့ ဓားချက်က ဟာသ မဟုတ်တာတော့ အသေအချာပါပဲ။
စစ်မြေပြင်ထဲကနေ ဆုတ်ခွာဖို့ကိုသာ အာရုံစိုက်နေကြတဲ့ ကျင့်ကြံသူတွေကတော့ လီဖူချန်းရဲ့ ဓားချက်ကို မမြင်လိုက်ကြပါဘူး။ သူတို့ အတွက်ကတော့ လီဖူချန်းရဲ့ ဓားချက်ကို မမြင်လိုက်တာဘဲ ပိုကောင်းပါတယ်လေ။ အကယ်၍သာ သူတို့က လီဖူချန်းရဲ့ ဓားချက်ကို မြင်လိုက်ရင်ဖြင့် ပါးစပ် အဟောင်းသား ဖြစ်ပြီး စစ်မြေပြင်ကနေ ဆုတ်ခွာဖို့ကို မေ့ရင် မေ့နေပါဦးမယ်။
စစ်မြေပြင်ကနေ ဆုတ်ခွာဖို့ မေ့သွားတဲ့ ကျင့်ကြံသူတွေကတော့ မိစ္ဆာတွေရဲ့ လက်ချက်ကြောင့် ခေါင်းနဲ့ကိုယ် အိုးစားကွဲမှာ အသေအချာပါပဲ။
***